🦋အခန်း ၁၀ မှ အခန်း ၁၂ 🦋

  



အခန်း၁၀

🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


လေယာဉ်ပေါ်မှာ ဘေးချင်းကပ်လျှက်ထိုင်နေရပေမဲ့ စကားတစ်ခွန်းတောင်မပြောဖြစ်တာကြောင့် ရာသီဥတုကတော့ ရေခဲတိုက်ထဲသို့ရောက်နေသလိုပင်။

လိပ်ပြာသူ့ဘက်သို့ ခိုးကြည့်နေစဉ်မှာပဲ သူကဖတ်နေတဲ့စာအုပ်ကို ပိတ်ပြီး လိပ်ပြာကိုပြန်ကြည့်လာသည်။

"ကိုယ်က အဲ့လောက်တောင်ပဲချောနေတာလား.."

"အဟင်း..သေချာတာပေါ့..ရှင်ကသိပ်ချောပါတယ်.."

လိပ်ပြာအခြားဘက်ကို မျက်နှာလွှဲပြီးမဲ့ပစ်လိုက်သည်။
မေးစရာကရှိသေးသည်မို့ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြန်ပြုံးလိုက်သည်။

"ဟိုလေ..ညတုန်းက ကျွန်မရှင့်ကို တစ်ခုခုအမှားပြောမိသေးလားဟင်..တစ်ခါမှအဲ့လိုမသောက်ဖူးတော့ အမှားလုပ်မိမယ်ထင်လို့.."

"ကိုယ်သိပ်မမှတ်မိတော့ဘူး..မင်းဖာသာပြန်စဉ်းစားကြည့်ပေါ့.."

မမှတ်မိလို့မေးပါတယ်ဆိုနေမှ ဈေးကကိုင်နေပြန်ပြီ။
ဆက်မေးရင် ထိပ်ကိုပိတ်ထုမိမှာ ဧကန်ဖြစ်တာကြောင့် ကိုယ့်စိတ်ကိုလျှော့ပြီးပဲ နေလိုက်ရသည်။

လေယာဉ်ပေါ်ကဆင်းပြီး ခရီးဆောင်အိတ်တွေယူပြီးနောက်မှာတော့ သူကလိပ်ပြာပြန်ဖို့ ကားသပ်သပ်စီစဥ်ပေးထားမှန်းသိလိုက်ရသည်။

"လိပ်ပြာအတွက် ကားစီစဥ်ပေးထားလို့ သူဌေးကိုကျေးဇူးတင်ပါတယ်.."

"အော်..မင်းညကမူးပြီး ပြောတဲ့စကားတစ်ခွန်းတော့ ကိုယ်မှတ်မိပြီ.."

ရုတ်တရက်ထပြောလိုက်တဲ့စကားကြောင့် လိပ်ပြာ ကြောင်ပြီးသူ့ကိုပြန်ကြည့်နေမိသည်။
ဘာစကားမို့လို့ သူကမှတ်မိနေရတာလဲပေါ့။

"ဘာစကားလဲဟင်.."

"..ရည်း..စား..စာအကြောင်း"

"ဘာ!!!!"

"အဲ့ ရည်းစားစာက ဘယ်သူ့ကိုပေးချင်တာလဲ.."

သူကတစ်ချက်ပြုံးပြီး မေးလာလေသည်။
လိပ်ပြာ သေသာပစ်လိုက်ချင်သည်။
မူးပြီးဘာတွေ လျှောက်ပြောမိလိုက်တာပါလိမ့်။
ငယ်ငယ်တုန်းက ကလေးစိတ်နဲ့ လျှောက်လုပ်မိခဲ့တာတွေက ၉နှစ်အကြာမှာ ကိုယ်တိုင်ပဲပြန်အစဖော်မိမယ်လို့ ထင်ကိုမထားမိတာပါ။

"အဟမ်း..သေချာတာတော့ အဲ့စာကရှင့်ကိုရေးတာမဟုတ်ဘူး.."

ခုဏလိုရယ်မနေတော့ပေမဲ့ ခပ်ရွှင်ရွှင်ဖြစ်နေတဲ့သူ့မျက်နှာဟာ ရုတ်ချည်းဆိုသလို တည်ကျသွားပြီး လိပ်ပြာကိုကျောခိုင်းကာ ထွက်သွားတော့သည်။

လိပ်ပြာလည်း ဟန်ကိုယ့်ဖို့လုပ်ပြီးပြောလိုက်ရပေမဲ့ စိတ်ထဲမှာလိမ်လိုက်ရတဲ့အတွက် တစ်မျိုးကြီးခံစားနေရသည်။

ကားပေါ်တက်ခါနီးမှ ဖြတ်ကနဲအတွေးတစ်ခုက၀င်လာသည်။

"နေပါအုံး..ခုဏကသူငါ့ကိုပြုံးပြလိုက်တာလား..
သူပြုံးပြတာကို မြင်ဖူးတာဒါပထမဆုံးပဲ "

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"တင်းတောင်..."

တိုက်ခန်း‌ဘဲလ်ကိုနှိပ်လိုက်တော့ သဲနုကတံခါးလာဖွင့်ပေးလေသည်။

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"အေး..နင်တို့အတွက် လက်ဆောင်တွေ အများကြီး၀ယ်လာတယ်.."

"လိပ်ပြာရယ်..လက်ဆောင်တွေပါလာလို့လည်း မပျော်နိုင်ပါဘူးဟယ်.."

"ဟင်..ဘာဖြစ်လို့လဲ.."

"ဧည့်ခန်းကိုရောက်ရင်သိလိမ့်မယ်..စိတ်တော့မကောင်းပေမဲ့ နင်တော့ခရီးရောက်မဆိုက် စိတ်ဆင်းရဲရအုံးမယ်.."

သဲနုစကားကြောင့် နဂိုကမှစိတ်ထဲမှာသိပ်မကောင်းတဲ့လိပ်ပြာ စိတ်ပိုရှုတ်သွားရသည်။
ဧည့်ခန်းထဲကိုရောက်တော့ ကြည်ပြာနှင့်သူဇာက အေးအေးရဲ့ ဘေးမှာဝိုင်းထိုင်နေလေသည်။
ကျောဘက်မှကြည့်ရုံနဲ့ အေးအေးငိုနေမယ်ဆိုတာကိုလိပ်ပြာသိလိုက်ပါပြီ။

"အီဟီး..ယောက်ျားတွေတစ်ယောက်မှမကောင်းဘူး..အကုန်ဒီပုတ်ထဲက ဒီပဲတွေချည်းပဲ..အဟင့်..
ငါ့မှာတော့သူ့ကိုချစ်လိုက်ရတာ..အဟင့်..သူကတော့...ငါကျွေးသမျှထိုင်စားပြီး..နောက်ဆုံးကျ သူ့ဟာမနောက်ပဲကောက်ကောက်ပါအောင်လိုက်သွားတယ်..အီဟီး..သစ္စာဖောက်..လူယုတ်မာကြီး"

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"ဟင်..လိပ်ပြာ..အီဟီး..‌"

အေးအေးက လိပ်ပြာကိုမြင်သည်နှင့် အတင်းလာပြေးဖက်ပြီး ငိုယိုနေလေတော့သည်။

"ထိုင်ပါအေးအေးရယ်..ကဲပြောပါအုံး..နင့်ကောင်လေးနဲ့ဘာဖြစ်ပြန်ပြီလဲ.."

"ဟင်..လိပ်ပြာ..နင်..နင်သိနေတယ်.."

"ခန့်မှန်းကြည့်တာပါ..နင်တို့နှစ်ယောက်က ခဏခဏ ရန်ဖြစ်နေကြတာကို..ဒီတစ်ခါရော နင်သွားရန်တွေ့လိုက်လို့ ဟိုကစိတ်ဆိုးသွားတာလား.."

"အီဟီး..ဒီတစ်ခါစိတ်ဆိုးရုံတင်မကဘူး..အခြားတစ်ယောက်နဲ့..မင်္ဂလာတောင်ဆောင်တော့မှာ..လိပ်ပြာရဲ့...အဟင့်"

"ဘာ!!!"

ငိုသံပါကြီးနဲ့ပြောနေတဲ့ အေးအေးကြောင့် သဲနုကပဲစကားဆက်လိုက်သည်။

"ဒီလိုလိပ်ပြာရေ..ဒီနေ့မနက်ပဲ..အေးဆီကိုဖိတ်စာတစ်ဆောင်ရောက်လာတယ်..ကြည့်လိုက်တော့ သူ့အကောင် ဝေမြင့်တဲ့..အစက အေးအေးရော ငါပါ သူ့ကိုဂျပန်မှာကျောင်းတက်ပြီး အလုပ်ဆက်လုပ်နေလို့ ပြန်မလာနိုင်ဘူးလို့ထင်ထားတာ.."

"အခုရော..ဒီကောင်ကဘယ်လိုက ဘယ်လိုမင်္ဂလာတောင်တန်းဆောင်လိုက်တာလဲ.."

"ငါ့စကားကို ဆုံးအောင်နားထောင်ပါအုံးလိပ်ပြာရယ်"

"အေးပါ..ဆက်ပြော..ဆက်ပြော.."

"စုံစမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့၁လလောက်တည်းက ဒီကောင်ရန်ကုန်ကိုပြန်ရောက်နေတာတဲ့....အခုမင်္ဂလာဆောင်မဲ့ကောင်မလေးကလည်းငါတို့နဲ့အသိဂျပန်ဆရာမပဲ..အေးအေးနဲ့ဆိုပိုတောင်ခင်‌ခဲ့သေးတယ် သက်‌နှင်း‌မေတဲ့..လွန်ခဲ့တဲ့၁နှစ်လောက်ကပဲ သူလည်းဂျပန်မှာအလုပ်သွားလုပ်တာလေ..အဲ့နိုင်ငံမှာတွေ့တော့ငြိကြတယ်ထင်ပါရဲ့.."

"တောက်!!!လူပါး၀လိုက်တဲ့အကောင်..
သူဟိုမှာကျောင်းတက်ဖို့ကိုလည်း..အေးအေးမှာခြစ်ခြုတ်စုပြီး ထောက်ပံ့ခဲ့ရသေးတယ်..
လူမွှေး၊လူယောင်ပြောင်တော့..ခြေစုံကန်သွားတာပေါ့..မိုက်ရိုင်းလိုက်တာ.."

"ဟုတ်တယ်လိပ်ပြာရေ..ငါတို့လည်းအဲ့ဒါကို
မကျေမနပ်ဖြစ်နေတာ..မရှိတုန်းကတော့ မျက်နှာငယ်နဲ့ မခုတ်တတ်တဲ့ကြောင်လိုလုပ်ပြပြီး..အခုပြည့်စုံတဲ့အချိန်ကျတော့..မြေခွေးမှန်းသိအောင် အစွယ်ထုတ်ပြပြီး..ဖောက်ပြန်သွားတာ.."

"အီဟီး..ငါကိုကသူ့ကိုယုံခဲ့မိတာ..ငါ့အပစ်တွေပါ..တကယ်ဆိုရင်..သူ မူပျက်နေတာကို ငါသတိထားမိခဲ့ရမှာ..အဟင့်.."

"အေးအေး..ဒီ‌လိုသစ္စာမရှိတဲ့ ကောင်မျိုးအတွက်ဘာမှထူးပြီးခံစားမနေနဲ့..နင်ဟာသူ့ထက်ဘုန်းကံမြင့်မားနေလို့..အဆင့်နိမ့်တဲ့လူကိုရွေးချယ်သွားတာ..အေး..ဒါပေမဲ့..ဒီလိုကောင်မျိုးကို ပညာပြရမှကိုကျေနပ်မယ်.."

"ဟင်လိပ်ပြာ..နင်က ဘာလုပ်ချင်လို့လဲ.."

"လာ..နင်တို့အကုန်လုံးလာကြ.."

ဧည့်ခန်းထဲမှာ သူငယ်ချင်းငါးယောက် ခေါင်းချင်းဆိုင်ပြီး သစ္စာဖောက်ကောင်ကိုပညာပြဖို့အရေးဆွေးနွေး ကုန်ကြလေသည်။
ခေါင်းဆောင်ကတော့ အကောင်သေးသလောက် အဆိပ်ပြင်းတဲ့ လိပ်ပြာဖြူပေါ့။

"ဘယ်လိုလဲ..သဘောတူလား.."
"တူတယ်.."
"တူတယ်ဟာ..ချမှာသာချ.."

"အေးအေး..နင်ကရော.."

"ငါ.."

"ဘာမှငါမနေနဲ့..ဟိုကနင့်မျက်နှာကိုမထှောက်လို့ ပါသွားတာကပါသွားပြီ..ဘာမှသနားစရာမလိုဘူး..ကြားလား.."

"အေး..အေးပါ.."

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"တီ..တီ..တီ.."
 
ဖုန်းလာနေ၍ ကြည့်လိုက်တော့ လိပ်ပြာဖြူဖြစ်နေသည်။

"ဟယ်လို.."

"သူဌေးလား..လိပ်ပြာပါ..ဟိုလေ ဒီနေ့အရမ်းအရေးကြီးတဲ့ကိစ္စရှိနေလို့ ခွင့်တိုင်ချင်လို့ပါ.."

"နေပါအုံး မင်းအလုပ်ဆင်းတာဘယ်နှစ်ရက်ရှိသေးလို့လဲ.."

"တစ်လ.."

"ဘာ!!!..."

"မပြည့်သေးဘူးလို့ တကယ်ကိုသေရေးရှင်ရေးမို့လို့ပါ..ဒီနေ့တစ်ရက်ထဲပါနော်.."

"တူ...တူ..."

အလုပ်ရှင်ကဘာမှတောင် မပြောရသေးဘူး သူမကအရင်ဖုန်းချသွားတယ်။
အလုပ်တစ်ခုကို ကစားနေသလိုသဘောထားတာလောက် သူစိတ်တိုတာမရှိဘူး။

ဒီလိုအလုပ်သမားမျိုးကို ပုံမှန်ဆိုတစ်သတ်လုံးလာစရာမလိုဘူးလို့ ပြန်ပြောလိုက်မည်ဆိုပါက အဲ့ဒါဘုန်းမြတ်သူရ၏ ပုံစံအမှန်ပင်ဖြစ်မည်။

"ကျွီ.."

"သူဌေးမင်းက ဘာတွေစိတ်ညစ်နေတာလဲကွ.."

မျက်မှောင်ကြုံ့ပြီး အသံလာရာဆီသို့ကြည့်လိုက်ရာ ဘုန်းမြတ်အံ့ဩသွားရသည်။

"ထွန်းဝေ..မင်းမြန်မာပြည်ကိုပြန်လာမွှေတာလား..ငါမျက်စိမနောက်ချင်ဘူးနော်.."

ထွန်းဝေ ခမျာသူငယ်ချင်းကြီးရဲ့ ကြိုဆိုလိုက်ပုံကြောင့် အောင့်သက်သက်ကြီးဖြစ်သွားရသည်။
သူရရဲ့ အလုပ်စားပွဲပေါ်မှာ တင်ပါးလွှဲထိုင်လိုက်ပြီး ရယ်ကျဲကျဲလုပ်ပြလိုက်သည်။

"မင်းကကွာ..၃နှစ်ကြာမှ ပြန်တွေ့ရတဲ့သူငယ်ချင်းကို ဒီလိုပဲပြောရက်သလား.."

"ဟာ..ထွန်းဝေ..ငါ့စားပွဲမှာလာမထိုင်နဲ့ ဟိုမှာဆိုဖာရှိတယ်..သွားထိုင်. "

"အေး..အေးပါကွာ.."

မျက်မှောင်ကြုံ့ပြနေတဲ့ ရေခဲတုံးကြီးရဲ့ပုံစံက လုံး၀မပြောင်းလဲသွားတဲ့အတွက် ထွန်းဝေသက်ပြင်းချနေမိသည်။
ဒီကောင်ကြီးကို ဘယ်တော့များမှ အပြုံးပန်းတွေဝေဆာတဲ့ အခြေအနေနဲ့တွေ့ရမှာလဲ ဆိုတာသူတို့သူငယ်ချင်းတွေအားလုံး သိချင်နေတဲ့ကိစ္စတစ်ခုပဲ။

"ဒါနဲ့..ဒေလီယာလည်း ပြန်လာပြီနော်.."

"အင်း.."

"အဟား..မင်းဟာက အင်း တစ်လုံးထဲလား..
တကယ်ကွာနည်းနည်းပါးပါး..ဟန်ဆောင်ပြီး ၀မ်းသာတဲ့အမူအရာလေးတစ်ခုလောက်တော့ လုပ်ပြစမ်းပါ ဘုန်းမြတ်ရယ်..ငါမြင်ဖူးချင်လို့.."

"ထွန်းဝေ..မင်းကလေးစိတ်မကုန်သေးဘူးပဲ.."

"ဘာဖြစ်လဲ..ဒီမှာ..မိန်းမ မရမချင်း..ငါ့ကိုငါတော့ ကလေးလို့သတ်မှတ်တယ်..မင်းလိုအမြဲရုပ်တည်ကြီးနဲ့ သက်ကျားအိုဘိုးတော်ပုံတော့ မဖမ်းနိုင်ဘူး ဟေ့ကောင်.."

သာလိကာမရဲ့သားထွန်းဝေကြောင့် နဂိုကမှစိတ်မကြည်ရတဲ့ကြားထဲ နားကိုလေ‌ပြွေလာတိုက်နေသလို ပူထူနေတော့သည်။

"‌ထွန်းဝေ..မင်းသိပ်စကားများတယ်ကွာ..ငါနားညီးလာပြီ..ပြန်တော့.."

"ဟ..ဒဲ့ကြီးပါလားဟေ့..ငါလည်းလာချင်လွန်းလို့တော့မဟုတ်ဘူးနော်..ဒီကအပြန်မင်္ဂလာဆောင်တစ်ခုကို၀င်ရအုံးမှာ..
မင်းကိုလူပျိုဘ၀က အမြန်ကျွတ်အောင်..ဒေလီယာ့အကြောင်းလာပြောတာ..
ဒေလီယာကအခုထိ လုံး၀ စင်ဂနယ်နော်..ဟိုကမင်းကို အခုထိမျှော်လင့်နေတုံးပဲ..အဲ့ဒါ ဒေလီယာလာရင်သာ မင်းအချိုးပြေပြေဆက်ဆံလိုက်..
ငါသာဆိုရင် မင်းလိုကောင်ဘေးမှာ တစ်နေ့နေမှစကားတစ်လုံးကြားရဖို့ လေအဖြတ်ခံပြီးမစောင့်ဘူး ငါ့ကောင်..
ဒေလီယာ့လိုရုပ်ရည်မျိုးနဲ့ဆို ၀င်လုံးချင်တဲ့ကျားတွေမှ ဘိုကင်ယူပြီးစောင့်နေကြတာနော်..မင်းသိဖို့.."

"ဘုန်း!!!"

"အာ့.."

စိတ်မရှည်တဲ့အဆုံး မိကျောင်းမသားထွန်းဝေကို အရှေ့မှစာအုပ်နဲ့ ကောက်‌ပေါက်လိုက်သည်။

"ဘုန်းမြတ်..ငါ့ကိုဘာလို့ စာအုပ်နဲ့ပေါက်ရတာလဲ..
ငါကအမှန်တွေပြောနေတာလေ..မင်းက တရားပေါက်နေတဲ့ရဟန္တာကြီးလိုဖြစ်နေလို့ ငါကအကောင်းနဲ့ ကျွတ်အောင်ချွတ်ပေးနေတာ.."

"ဟာ..ဒီကောင်.."

"သွားပြီ..သွားပြီ.."

ငပြောင်ထွန်းဝေအား စားပွဲပေါ်မှ ပန်းအိုးကိုကိုင်မြှောက်ပြလိုက်မှပဲ အခန်းထဲမှထွက်သွားတော့သည်။

သူမိန်းမတွေကို မယုံရဲဘူး အထူးသဖြင့်အချစ်ကြီးပါတယ်၊သစ္စာရှိလွန်းပါတယ်လို့ ပတ်၀န်းကျင်မှာလိုက်ကြွေးကြော်နေတဲ့ မိန်းမတွေကိုဆို ပိုလို့တောင်မယုံကြည်ဘူး။

သူ့နှလုံးသားရဲ့သော့ခလောက်က အခုထိတော့သော့ဖွင့်နိုင်တဲ့မိန်းမ မရှိသေးတာသေချာတယ်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

update နောက်ကျသွားတယ်ကွယ်

Typing အမှားပါရင် ဝေဖန်ပေးနိုင်ပါတယ်

=========================================================================

🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                            အခန်း၁၁


မင်္လာပွဲကြီးက ခမ်းနားစွာပုံဖော်ထားပြီး ရွှေပွဲလာတွေဟာလည်း အရောင်းအသွေးစုံညီစွာ ပြုံးပျော်နေကြလေသည်။
သတို့သား၊သတို့သမီး မိဘများကတော့ ခန်းမအ၀င်အ၀မှာ ရွှင်ပြစွာဧည့်ပုရိတ်သတ်များကို ဆီးကြိုနေကြလေသည်။

သတို့သားရဲ့မိဘတွေက လိပ်ပြာတို့ကိုမြင်တာနှင့် ဟန်တောင်မဆောင်နိုင်ပဲ မျက်နှာလွှဲသွားကြလေသည်။

"အန်တီ..သတင်းကြားကြားချင်းကျွန်မတို့ အရမ်း၀မ်းသာသွားတာ အန်တီရဲ့ ..အဟင်း.."

လိပ်ပြာနှင့် အေးအေးက ရယ်မောသရုပ်ဆောင်ပြလိုက်ရာ သတို့သား မိဘတွေကလည်း မချိသွားဖြဲလေး ပြန်လုပ်ပြလေသည်။

"သမီးတို့က မောင်ဝေမြင့်နဲ့သိကြတာလား.."

"အန်တီတို့က သက်နှင်းမေရဲ့မိဘ‌တွေလား.."

"ဟုတ်တယ်..ဒါနဲ့သမီးလေးသက်နှင်းကိုလည်း သိကြတာလား.."

"အဟင်း..သိရုံတင်ဘယ်ကမလဲ အန်တီရဲ့အေးအေးနဲ့ဆိုရင် ခင်ပါခင်တာ ဝေမြင့်နဲ့
သက်နှင်းတို့နှစ်ယောက်လုံးက ကျွန်မတို့နဲ့ဘော်ဒါ‌တွေလေ..အော်..ဒါနဲ့..ကျွန်မတို့သက်နှင်းကို ကိုယ်တိုင်သွားဂုဏ်ပြုချင်လို့..အဲ့ဒါသက်နှင်း
ဘယ်အခန်းမှာများလည်း.."

"အော်..ဒုတိယထပ်မှာလေ..လာအန်တီကိုယ်တိုင်လိုက်ပြမယ်..လာ.."

"ဟုတ်ကဲ့..အန်တီ.."

သက်နှင်းမေ၏အမေခေါ်ရာနောက်မှ လိုက်ရင်းဒုတိယထပ်ကိုရောက်လာကြသည်။
ထိုအန်တီကတော့ ဧည့်သည်တွေကို သွား၍ဧည့်ခံရအုံးမည်ဆိုကာ ထွက်သွားလေသည်။

အေးအေးကတော့ ငိုတော့မလိုမျက်နှာကြီးနှင့် လိပ်ပြာကိုကြည့်လာရာ အေးရဲ့ပုခုံးကိုပုတ်‌ပေးပြီး စိတ်အေးအေးထားရန် နှစ်သိမ့်လိုက်သည်။

"ဂျောက်!!!"

တံခါးကိုဆွဲ ဖွင့်လိုက်ချိန်မှာတော့အချိန်ကိုက်
ဖြစ်နေသလားမသိ သတို့သားနှင့် သတို့သမီးက အတူရှိနေကြလေသည်။

"ငါ့ကို သစ္စာဖောက်ပြီး သိပ်ပျော်နေကြတယ်ပေါ့လေ.."

"ဟင်..မင်း..အေးအေးအောင်.."

တိုင်ပင်တွေတော့လွဲကုန်ပါပြီ။ လိပ်ပြာ မတားလိုက်နိုင်ခင်မှာပဲ အေးအေးကပေါက်ကွဲနေလေပြီ။
မတတ်နိုင်ဘူး လိပ်ပြာလည်းမီးစင်ကြည့်ကရမှာပဲ။

"အေး..မင်းဒီအခန်းထဲကို ဘာလာလုပ်တာလဲ..မင်းနဲ့ ငါ့ဇာတ်လမ်းကပြတ်သွားပြီနော်..
မကောင်းတတ်လို့ မင်းဆီကိုဖိတ်စာအရောက်ပို့လိုက်တာ.."

"ဘာ!!!မကောင်းတတ်လို့..ပြတ်ပြီ..ဟုတ်လား..
ငါရင်ထုပြီးပဲရယ်လိုက်ချင်တယ်..ငါ့မှာတော့..သူအလုပ်တွေပင်ပန်းနေလို့ပါ..သူ့စာနဲ့သူလုံးပန်းနေလို့ပါနဲ့..အမျိုးမျိုးဖြည့်တွေးပေးခဲ့တာ..နောက်ဆုံးတော့..
သစ္စာဖောက်ခံလိုက်ရတာပဲအဖက်တင်တယ်..
ပြောစမ်းပါအုံး ငါနင့်အပေါ်မှာဘာတွေများအမှားလုပ်လို့..ငါ့ကိုပစ်ပြီး..ဒီကောင်မနောက် ကောက်ကောက်ပါအောင် လိုက်သွားရတာလဲ..ဟမ်.."

"ဟဲ့..နင်ဘယ်သူ့ကိုကောင်မလို့ပြောတာလဲ.."

"ဟဲ့..နင် ငါ့သူငယ်ချင်းကိုထိရဲရင်ထိကြည့်နော်..
တိုက်ကွမ်ဒိုခါးပတ်အနက်ကို အလကား အားယားပြီး ယူထားတာမဟုတ်ဘူး..သိဖို့.."

လိပ်ပြာက လူကောင်သေးပေမဲ့ အရပ်က ငါးပေ လေးလက်မဖြစ်တာကြောင့် ထိုမိန်းကလေး၏အရှေ့မှ ခပ်မိုက်မိုက်ပိတ်ရပ်လိုက်ရာ သူနဲနဲတော့လန့်သွားပုံရသည်။

"မင်းတို့နှစ်ယောက်နှင်းကို ဘာမှမလုပ်ကြနဲ့နော်..
ဒီမှာအေးအေး..အနေဝေးရင် သွေးအေးသွားတယ်ဆိုတဲ့စကားကို မင်းကြားဖူးမှာပါ..
မင်းနဲ့ငါက အွန်လိုင်းမှာပဲဆုံတာများတော့ မင်းမှာအခြားတစ်‌ ယောက်ရှိ‌နေရင်လည်းငါမသိနိုင်ဘူးလေ..
စကားမပြောရတဲ့ရက်တွေများပြီး ကြာလာတော့
ငါတို့ပြတ်သွားပြီလို့ထင်ခဲ့တာ မင်းဘက်ကမပြတ်နိုင်တာတော့..ငါမတတ်နိုင်ဘူး..အခုငါလည်းဘ၀အသစ်စတော့မှာမို့..
မင်းလည်းမုဒိတာပွားနိုင်အောင်ကြိုးစားပါ..
ငါ့ကိုထပ်မမျှော်ကိုးပါနဲ့တော့.."

"အမယ်လေး..ပြောတတ်လိုက်တဲ့ ပါးစပ်လေး...
ရွှေချထားဖို့တောင် ကောင်းသေးတယ်.."

ငိုသံပါကြီးနှင့် ပြောနေတဲ့အေးကိုကြည့်ရင်းလိပ်ပြာတောင် ငိုချင်လာသည်။

"နင့်ဟာမလို..၂၄နာရီ နင့်အနားမှာပတ်ချွဲနှပ်ချွဲပြောမနေနိုင်တာ ဘာကြောင့်လဲ..နင်ဟိုမှာကျောင်းအေးအေး ဆေးဆေးတတ်နိုင်ဖို့..
အခြားကျောင်းသားတွေကြားမှာ
နင်မျက်နှာငယ်မှာဆိုးလို့..နင့်အဆောင်စရိတ်၊စားဖို့သောက်ဖို့၊နင်၀တ်ဖို့အတွင်းခံဖိုးကအစ ငါ့မှာကုန်းရုန်းရှာနေရတာ..နင်သိရဲ့လား"

စကားပြောရင်း အေးအေးငိုချလာရာ လိပ်ပြာအေးအေးရဲ့ပုခုံးကို ထိန်းကိုင်ပေးထားလိုက်သည်။

"နင်...အီဟီး..နင်ကဟိုမှာကျောင်းအေးဆေးတတ်နေတဲ့အချိန်..ငါ့မှာတော့ ဂျပန်သင်တန်းကျောင်းတစ်ခုပြီးတစ်ခုကို တစ်နေ့တစ်နေ့ ချွေးဒီးဒီးကျအောင်..ကူးကလန်ခတ်နေရတာ..
အဟင့်..အိပ်ချိန်လေးပဲ..ငါ့မှာနားရတယ်..
အဲ့တော့ဘယ်မှာလည်း ငါနင်နဲ့စကားပြောဖို့အချိန်..
အချိန်ရပြန်တော့လည်း..ဟိုအလုပ်
ရှုပ်တယ်..ဒီအလှုပ်ရှုပ်တယ်အကြောင်းပြပြီး..ငါနဲ့စကားပြောဖို့တောင် နင်အခွင့်အရေးပေးခဲ့လို့လား..
ဒါတွေကို ငါကမသိပဲ အရူးမကြီးလို ငါတို့အနာဂတ်ရှေ့ရေးအတွက်တွေးပြီး..ကြိုးစားနေခဲ့တာ..
နောက်ဆုံးတော့..ငါရှာပေးသမျှကိုအခြေတည်ပြီး နင့်ဟာမနဲ့မင်္ဂလာအကြီးအကျယ်တောင် ဆောင်လိုက်သေးတယ်ပေါ့ ..
လူယုတ်မာ..တစ်ကိုယ်ကောင်းသမား..
အောက်တန်းစား..အီဟီး..နင်ကဒါနဲ့ပဲထိုက်တန်တယ်.."

"ဖြန်း!!!"

"နင်လက်မပါနဲ့..အေးအေး..ပြီးခဲ့တာတွေကိုလည်း ဂုဏ်ယူပြီးလာရွတ်ပြမနေနဲ့..နင်သာသူ့ကိုတစ်ကယ်ချစ်ရင် သူအခုပျော်နေတာ နင်ကျေနပ်ရမှာပေါ့..
ကိုယ်မရနိုင်တဲ့အရာကို..လိုက်ဖြတ်စီးနေတာ..နင်သူ့ကိုတကယ်မချစ်လို့ပဲ.."

သက်နှင်းမေဆိုတဲ့မိန်းမက အရိုက်ခံလိုက်ရတဲ့သူ့လင်အရှေ့မှ လက်တကားကားနှင့် ပြောနေလေရာ လိပ်ပြာလည်း ငိုနေတဲ့ အေးရဲ့အရှေ့မှ ခါးထောက်ပြီးရပ်ပစ်လိုက်သည်။

"အဟက်..ဘာတဲ့..တကယ်ချစ်ရင် သူပျော်နေတာမြင်ရင်ကျေနပ်ဟုတ်လား..ဟဲ့ကောင်မ..အဲ့စကားကို နင်ကလေးတစ်ဒါဇင်လောက်မွေးပြီးရင်..
နင့်လင် နောက်မီးလင်းတော့မှ ပြောဟဲ့..
အဲ့အချိန်ကျရင်..ပြောရဲလား..
ရှင်ကြိုက်သလောက်မယားငယ်နေပါ..
ကျွန်မပျော်ပျော်ကြီးထိုင်ကြည့်နေပါ့မယ်ဆိုပြီး..ဟမ်..ပြောရဲလား.."

"ဟဲ့..အခြေအနေကမတူဘူးလေ..နင်စကားကိုကပ်ပြီးမပြောနဲ့.."

"ဘာလို့မတူရမှာလဲ အတူတူပဲ မိဘတွေတောင် သားသမီးအပေါ်မှာပေးဆပ်ရသလောက် မမျှော်မှန်းပါဘူးပဲဘယ်‌လောက်ပြောပြော အသက်အရွယ်ရလာရင် သားသမီးရဲ့သိတတ်မှုလေးတစ်ခုကတောင် သူတို့ကိုပီတိဖြစ်စေတယ်..
အခုကယူတောင်မယူရသေးတဲ့ သူစိမ်းတစ်ယောက်အပေါ်ကို ချစ်လွန်းလို့အရာခပ်သိမ်းမြှုပ်နှံထားခဲ့တာ နောက်ဆုံးမျှော်မှန်းချက်ကတစ်ခုတည်းရယ် အဲ့ဒါငွေကြေးလည်းမဟုတ်ဘူး၊ရမ္မက်ကိစ္စလည်းမဟုတ်ဘူး ..
သူကကိုယ့်ကို အမြတ်တနိုးပြန်ချစ်တာကို ခံချင်ကြလို့..ကိုယ်သူ့ကိုချစ်သလောက် ပြန်အချစ်ခံရချင်လို့ဟဲ့..ပြီးခဲ့တာတွေကို လာရွတ်ပြမနေနဲ့လို့ဆိုရအောင်..သူကိုယ်တိုင်အနစ်နာခံခဲ့တာတွေလေ..သူ့မှာပြောပြပိုင်ခွင့်အပြည့်ရှိတယ်..ဒီမှာသက်နှင်းမေ..
နင်မြဲမြဲမှတ်ထား..နှစ်တွေအများကြီးပေးဆပ်ခဲ့တဲ့အေးအေးကို ရည်းစားဘ၀မှာ ပစ်ချထားခဲ့နိုင်ရင်..
အခုတွေ့ အခုကြိုက်ခဲ့တဲ့နင့်ကို လင်မယားဘ၀မှာပစ်ချမထားခဲ့ပါဘူးလို့ သူကြိမ်ပြောရဲသလား မေးကြည့်လိုက်ပါအုံး.."

"လိပ်ပြာဖြူ..မင်း..."

"ဝေမြင့်..နင်ငါ့သူငယ်ချင်းကို ဘာမှလာပြောစရာမလိုဘူး..သစ္စာဖောက်ကောင်ရဲ့.."

"အောင်မာ..ရှေ့တိုးရဲတိုးလာစမ်းပါ..
လိပ်ပြာဖြူအကြောင်း ကောင်းကောင်းသိသွားစေရမယ်..မကြောက်တတ်လို့ နှစ်ယောက်ထဲလာတာနော်.."

မိတ်ကပ်အခန်းလေးထဲမှာတော့ စကားအခြေ
အတင်ဖြစ်နေကြသည်မှာ ကြားနေရသူမိတ်ကပ်လိမ်း‌ပေးမဲ့ မာမီတွေတောင် သတို့သားနှင့် သတို့သမီးကို နှာခေါင်းရှုံ့ကုန်ကြသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋

"အားလုံးပဲ..ခဏလောက်အာရုံဆိုက်ပေးကြပါရှင်.."

မင်္ဂလာစင်မြင့်ပေါ်သို့ မျက်နှာဖုံးတပ်ပြီး
လော်စပီကာနှင့်အော်လိုက်သည့် သဲနုကြောင့် သတို့သား၊သတို့သမီး၏မိဘများတင်မကပဲ ဧည့်သည်တွေအကုန်လုံးကပါ စင်မြင့်ပေါ်သို့ ဝိုင်းကြည့်ကုန်ကြလေသည်။

လူတွေအားလုံး၏အာရုံဟာ သူမဆီမှာစုပြုံးလာတာသေချာတော့မှ သူမကစကားဆက်လေသည်။

"အားလုံးပဲ..ကျွန်မပုံပြင်လေးတစ်ပုဒ်လောက်ပြောပြချင်ပါတယ်..ဒီပုံပြင်လေးဟာ လွန်ခဲ့တဲ့‌ ခြောက်နှစ်လောက်ကနေ စတင်ခဲ့တာပါ အဓိကဇာတ်လိုက်ကတော့ ဟောဒီ့မင်္ဂလာပွဲရဲ့သတို့သားဝေမြင့်ဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်ကတော့ ကျွန်မရဲ့သူငယ်ချင်းပါ..သူတို့အတွဲဟာ တက္ကသိုလ်ပထမနှစ်ကတည်းက တွဲခဲ့ကြတာပါ အသက်၁၉နှစ်အရွယ်မှာ ဝေမြင့်ကဂျပန်မှာကျောင်းသွာတက်ဖို့ထွက်သွားခဲ့ပါတယ်..သူ့ရဲ့မိဘတွေကမတတ်နိုင်တော့လို့ ပြန်ခေါ်နေတဲ့အချိန်မှာ ကျွန်မသူငယ်ချင်းက သူကိုယ်တိုင်တော့ပင်ပန်းဆင်းရဲစွာ နေ့မနား၊ညမနားအလုပ်‌တွေလုပ်ပြီး သူ့ချစ်သူကိုအလုံးစုံထောက်ပံ့ပေးခဲ့တဲ့အထိ အချစ်ကြီးခဲ့တာပါ..လမ်းခွဲပြတ်ဆဲခဲ့ခြင်းမရှိပဲ ဝေမြင့်က အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထက်တော့မဲ့ကိစ္စကို လက်ထက်ခါနီးတစ်ရက်အလိုမှ ကျွန်မရဲ့သူငယ်ချင်းခမျာ သိခွင့်ရခဲ့တာပါ..ကျွန်မသူငယ်ချင်းနေရာမှာ ရှင်တို့သားသမီး၊ရှင်တို့သူငယ်ချင်း၊ညီအစ်ကို မောင်နှမသာဆို ဘယ်လိုခံစားကြရမလဲရှင် ကျွန်မဒီစင်ပေါ်ကိုတက်လာရတဲ့ရည်ရွယ်ချက်ကလည်း ကျွန်မရဲ့ညီမတစ်ယောက်လိုချစ်ရတဲ့ သူငယ်ချင်းအတွက် ခံပြင်းလွန်းလို့ပါ.."

ထိုအချိန်မှာသဲနုက သူဇာ့ကိုမျက်ရိပ်လှမ်းပြလိုက်သည်။
သူဇာက လက်ပ်တော့ခလုတ်ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ပဲ လူရှုပ်နေချိန်မှာ ဆင်ထားသည့်ပရိုဂျက်တာမှတစ်ဆင့် စင်နောက်က ပိတ်ကားထက်မှာ ဝေမြင့်နှင့်မိန်းကလေးတစ်ယောက်အတူတွဲရိုက်ထားသည့် ပုံပေါ်လာလေသည်။
ထိုမိန်းကလေးရဲ့မျက်နှာကိုတော့ မမြင်နိုင်အောင်ဝါးထားလေသည်။

"ဒါကကျွန်မသူငယ်ချင်းနဲ့ ဝေမြင့်ချစ်ကြိုက်တုန်းကအတူရိုက်ထားခဲ့တဲ့အမှတ်တရပုံတွေပါ.."

ထို့နောက် ပိတ်ကားထက်မှာ ဝေမြင့်နှင့်အေးအေးတို့စကားပြောထားခဲ့တဲ့ စခရင်ရှော့တ်တွေရယ် အေးအေးမှ ဝေမြင့်ဆီသို့ နှစ်စဥ်၊နှစ်တိုင်း‌ငွေလွှဲခဲ့သောအထောက်အထားတွေကို တစ်ပုံပြီး တစ်ပုံချပြလာလေသည်။

ထိုအချင်းအရာကို တစ်ချို့ကလည်းဖုန်းများဖြင့် အမိအရ မှတ်တမ်းယူနေကြသည်။

"ဒီလိုချပြရချင်းရည်ရွယ်ချက်က ..
ဒီငွေတွေကိုပြန်လိုချင်လို့မဟုတ်သလို..
ကျွန်မသူငယ်ချင်းနဲ့သူ့ကိုလည်းပြန်ပေါင်း‌စည်းစေချင်လို့မဟုတ်ပါဘူး..
မိန်းမတစ်ယောက်ကို အဆုံးထိချစ်မပေးနိုင်ပဲ ၊ကတိတွေတည်မပေးနိုင်ပဲ နှစ်နဲ့ချီပြီး ခြူစားခဲ့သမျှအတွက် လျှော်ကြေးအနေနဲ့ ဒီလူယုတ်မာရဲ့အကြောင်းကို လူတွေကိုသိစေချင်တာပါ..
နောက်တစ်ခုက သတို့သမီးရဲ့မိဘတွေကိုသတိပေးချင်တာပါ ကိုယ့်သမီးကိုလက်ထပ်ပြီးမှနောင်တမရစေချင်ပါနဲ့လို့..သတို့သမီးကိုအများကြီးမပြောချင်ပေမဲ့ ကိုယ့်သူငယ်ချင်းရဲ့ချစ်သူကိုမှ ဘာလို့လက်ထက်ချင်ရတာလဲလို့မေးချင်ပါတယ်..အားလုံးပဲ ကျွန်မကိုခွင့်ပြုကြပါအုံး.."

တစ်ဖက်မှာတော့ လိပ်ပြာထံသို့ သဲနုဆီမှ ဖုန်း၀င်လာ၍ကိုင်လိုက်သည်။

"ဟယ်လိုသဲနု အခြေအနေဘယ်လိုလဲ.."

"သတို့သားနဲ့ သတို့သမီးရဲ့ မိသားစုဘက်ကတော့ ကြည်ပြာစီစဉ်ပေးထားတဲ့ လူတွေကြောင့် ငါတို့ကိုပါးလာချလို့မရဘူး နင်နဲ့အေးအေးသာထွက်လာခဲ့လိုက်တော့..ဟိုတယ်ရှေ့မှာ ကြည်ပြာ့ကားစောင့်နေတယ်.."

"တူ..တူ.."

ဖုန်းကျသွားသည်နှင့် လိပ်ပြာအေးအေးကိုအတင်းလက်ဆွဲပြီး အခန်းထဲမှထွက်လာလိုက်သည်။

"အာ့..တောင်းပန်ပါတယ်.."

ထွန်းဝေမှာ မိမိကို၀င်တိုက်သွားသည့်ကောင်မလေး၏အသံကြောင့် သေချာကြည့်လိုက်မိရာ လိပ်ပြာဖြူ‌ဖြစ်နေလေသည်။

သူ့ရဲ့အချစ်ဦးဖြစ်သလို သူနိုင်ငံခြားကိုထွက်သွားရတဲ့ကြောင်းအရင်းက သူမကြောင့်ဆိုရင် မှားနိုင်မည်မထင်ပါ။

နှုတ်ဆက်ရန်ပြင်လိုက်ပေမဲ့ သူမကလှစ်ခနဲဆို ပျောက်သွားလေသည်။

"လိပ်ပြာဖြူ..မင်းအခုဘာတွေလုပ်နေလဲ ငါ့ကိုငြင်းခဲ့တဲ့မင်းက အခုအိမ်ထောင်တွေဘာတွေကျနေပြီလား.."

လိပ်ပြာဖြူတို့အဖွဲ့ကတော့ တိုက်ခန်းကိုပြန်ရောက်ကြသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျေနပ်နေကြလေသည်။

"လိပ်ပြာ အကယ်၍ သူတို့ကမကျေနပ်လို့ပြဿနာရှာလာရင်ရော.."

"ကိုယ်လုပ်ရင် ကိုယ်ခံရဲရမယ်သဲနု ..ငါကတော့လုံး၀မကြောက်ဘူး နင်တို့အားလုံးက ငါ့အတွက်အရေးပါတဲ့လူတွေပဲ နင်တို့အတွက် ငါ့ဘ၀တစ်ခုလုံးကိုလဲပေးနိုင်တယ်.."

လိပ်ပြာရဲ့စကားကြောင့် ကျန်တဲ့လေးယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားတက်သွားကြသည်။
ပြီးနောက် လိပ်ပြာကိုအကုန်စုပြုံလာဖက်ကြလေသည်။

"ဒါနဲ့ လိပ်ပြာ နင်တကယ်ပဲတိုက်ကွမ်ဒိုတက်တာလား.."

"ဟဲ..ဟဲ ကြောက်မလားလို့ ခြောက်ကြည့်တာပါ..
တိုက်ကွမ်ဒိုမပြောနဲ့ လက်သီးတောင်ဖြောင့်အောင်မထိုးတတ်ဘူး..."

"ဟား..ဟား..လိပ်ပြာကတော့ဟေ့..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

အဲ့လိုပဲ ခြောက်တတ်ရတယ်😀😀😀

ထွန်းဝေနဲ့ လိပ်ပြာနဲ့တော့ တွေ့ပြီနော်


========================================================================

🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                             အခန်း၁၂


"အင်း...."

လက်ပ်တော့အရှေ့မှာ အလုပ်ထိုင်လုပ်ရတာကြာလာတော့ ခန္ဓာတစ်ခုလုံးညောင်းလာ၍ လိပ်ပြာအကြောအခြင်ဆန့်ထုတ်လိုက်သည်။

ရုံးခန်းထဲသို့ မျက်လုံး ဝေ့ကြည့်လိုက်တော့ မျက်နှာတည်ကြီးနှင့်အလုပ်လုပ်နေတဲ့သူ့ကိုမြင်ရလေသည်။

ဒီလောက်ချောမောတဲ့မင်းသားလေးက IQရောEQပါမြင့်လွန်းနေတာတော့ အံ့ဩစရာကောင်းလွန်းသည်။
စဉ်းစားနေမိတာက သူ့လိုအသက်၂၄နှစ်အရွယ်ရောက်ရင် လိပ်ပြာဘာတွေများလုပ်မိမှာပါလိမ့်။သေချာတာကတော့ သူ့ရုံးခန်းအရှေ့မှာ တဝဲဝဲလည်နေရတဲ့ PAလိပ်ပြာပဲဖြစ်နေအုံးမှာပါ။

"တီ..တီ.."

ကြိုးဖုန်းမှမြည်သံလာလို့ လိပ်ပြာကောက်ကိုင်လိုက်သည်။ရုံးခန်းအရှေ့မှာထိုင်နေတာကိုများ တံခါးလေးဖွင့်ပြီး ခေါ်လိုက်ရင်လဲရတဲ့ဥစ္စာ ကြီးကျယ်လိုက်တာ ပြောမနေနဲ့။

"ဟယ်လို..သူဌေး.."

"လိပ်ပြာဖြူ...ရုံးခန်းထဲခဏလာခဲ့ပါအုံး..."

"ဟုတ်ကဲ့ သူဌေး..."

ရုံးခန်းထဲသို့ ၀င်လိုက်တော့လိပ်ပြာကိုကြည့်မနေပဲ သူလုပ်စရာရှိတာလုပ်နေ၍ ခုံကိုနဲနဲခေါက်လိုက်မှ မော့ကြည့်လာသည်။

"ဟို သူဌေး လိပ်ပြာဘာလုပ်ပေးရမလဲ.."

"ရော့ ဒီဖိုင်လ်တွေကို UDCကအတွင်းရေးမှူး
အိမ့်သက်ဆီကိုသွားပေးလိုက် CEOဘုန်းမြတ်ကပေးခိုင်းလိုက်တယ်လို့ပြော ပြီးရင်သူ ပေးလိုက်တဲ့
ဖိုင်လ်တွေနဲ့ မမ်မိုရီစတစ်ခ်တွေလည်းယူလာခဲ့..
ဒါရိုက်ဘာ ကိုအောင်ကို ခေါ်သွား..UDCကိုသူသိတယ်.."

"ဟုတ်ကဲ့...လိပ်ပြာအခုပဲသွားလိုက်ပါ့မယ်.."

"အင်း..."

ပြောချင်တာပြောပြီး သူ့လုပ်စရာရှိတာဆက်လုပ်နေ၍ လိပ်ပြာလည်း ဘာမှမပြောတော့ပဲ ရုံးခန်းထဲမှ ဖိုင်လ်တွေယူပြီးထွက်လာလိုက်သည်။

UDCကုမ္ပဏီရဲ့အရှေ့မှာ ကားရပ်လိုက်တယ်ဆိုရင်ပဲ လိပ်ပြာအဖို့ အံ့ဩလွန်းလို့ မေးရိုးတောင်အောက်ပြုတ်ကျမတတ်ပါပဲ။

"ဒါဆို သူကUDCရဲ့ CEOဆိုတာ ဒီ
Universal Development Co.,Ltd. ကိုပြောတာပေါ့.."

အဆောက်အဦးကြီးက ဆယ့်နှစ်ထပ်ဖြစ်ပြီး
တကယ့်ကိုခောတ်မှီခမ်းနားလွန်းပါသည်။
UDCဆိုတာ brand ပေါင်းများစွာ၊လူသုံးကုန်ပစ္စည်းများစွာရဲ့ မိခင်ကြီးလို့ပြောရမလိုပင်။

လုံး၀နာမည်မရသေးတဲ့စွန့်ဦးတီထွင်သူတွေရဲ့ ထုတ်ကုန်တွေကိုအရင်းအနှီးမတည်ပေးပြီးUniversဆိုတဲ့ သူ့ရဲ့အမှတ်တဆိပ်နဲ့ပေါင်းလိုက်ပြီး ဈေးကွက်ထဲဖြန့်လိုက်တာနဲ့ အမျက်အစွန်းတွေ၊အောင်မြင်မှုတွေအများကြီး ရနေတဲ့ကုမ္ပဏီဖြစ်သည်။

ဒီမှာအလုပ်လုပ်ကြတဲ့လူတွေဟာ စီမံခန့်ခွဲမှုနှင့် ဈေးကွက်စီးပွားရေးအကြောင်း ဖွတ်ညက်‌ကြေနေတဲ့ တကယ့်ဆရာကြီးတွေ စုဝေးနေရာဌာနကြီးပေါ့။

စည်းစနစ်အရမ်းကြီးပြီး ဖိအားများသလောက် တော်ရုံပညာအရည်အချင်းနှင့်လည်း အနားကပ်နိုင်မဲ့ နေရာမဟုတ်ဘူးဆိုတာ လိပ်ပြာကိုယ်တွေ့ပါ။
UDCမှာ အလုပ်တစ်ခါလာလျှောက်လိုက်တာ သိမ်ငယ်စိတ်တောင် ၀င်သွားရသည်အထိဖြစ်ခဲ့မိတယ်။
လာလျှောက်တဲ့လူတွေက ကိုယ့်ထက်အရည်အချင်းပြည့်မှီနေတဲ့ လူတွေချည်းဖြစ်နေခဲ့သည်လေ။

"ဟို..အ‌တွင်းရေးမှူးအိမ့်သက်ဆီသွားချင်လို့ပါ CEOဘုန်းမြတ်က လွှတ်လိုက်တာပါ.."

ကုမ္ပဏီ ဂိတ်ဆောင့်တွေကို အမျိုးမျိုးရှင်းပြရတာနှင့်မပြီးသေးပဲ ဧည့်ကြိုကောင်တာမှာထိုင်တဲ့ ၀န်ထမ်းကပါ လိပ်ပြာကို နဖူးကနေ ခြေမအထိအခေါက်တစ်ရာလောက် လှိမ့်ကြည့်နေပြန်သည်။

"ဒီမှာ!!!"

"အမယ်လေး..ဖြည်းဖြည်းအော်ပါ.."

"မဟုတ်ပါဘူး အလုပ်ကိစ္စကအရေးကြီးနေရတဲ့ကြားထဲ အချိန်မှီပြန်မရောက်ရင် သူဌေးကကောလိမ့်မယ်ရှင့်..မအိမ့်သက်ကိုသာအမြန် ခေါ်ပေးပါရှင်..."

လိပ်ပြာခပ်မာမာပြောလိုက်တော့ ထိုမိန်းကလေးက ရယ်ကျဲကျဲလာလုပ်ပြလေသည်။
သူ့ပုံစံကိုကြည့်ရတာ အခုထိလိပ်ပြာကိုယုံသေးပုံမပေါ်ပေ။
သို့ပေမဲ့ သူမ ဖုန်းဆက်အကြောင်းကြားပေးတာကြောင့် ခဏအကြာမှာအတွင်းရေးမှူးအိမ့်သက်ရောက်လာ‌လေသည်။

"ဒါနဲ့ ဆရာ့ရဲ့PAဆိုတာလား.."

"ဟုတ်ကဲ့..ဒီမှာပါ..သူဌေးပေးလိုက်တဲ့ ဖိုင်လ်တွေ.."

ထိုအမျိုးသမီးကလည်း လိပ်ပြာကိုစေ့စေ့စပ်စပ်ကြည့်လာပြန်သည်။
ထို့နောက် ဖိုင်လ်တွဲတွေ၊မမ်မိုရီစတစ်ခ်တွေပြန်ပေးကာ နေရာမှပျောက်ကွယ်သွားလေသည်။
သူမကိုလည်း လိပ်ပြာအသေအချာကြည့်မိပါတယ်။

CEOရဲ့အတွင်းရေးမှူးကလည်း နိုင်ငံခြားမင်းသမီးလို အရပ်ကြီးထောင်ထောင်မောင်းမောင်းနှင့် တကယ်ကိုကြည့်ကောင်းလွန်းသည်။

စပ်စုချင်စိတ်ကလည်း ထိန်း၍မရသည်မို့ ကောင်တာမှအမျိုးသမီးဆီသို့ ပြန်သွားပြီး မျက်နှာချိုသွေးလိုက်သည်။

"ခုဏက လောနေတာနဲ့ နာမည်တောင်မမေးလိုက်ရဘူး "

"အော်...ကျွန်မနာမည်က နီလာရွှေပါ.."

".အဟင်း နာမည်လေးကလှသလို လူကလည်းလှတယ်နော်.."

အမှန်တော့ ထိုမိန်းကလေးက အသားဖြူဖြူ ခပ်၀၀ပေမဲ့ လောကွပ်မပြုရင် ကိုယ်မေးချင်တာမေးဖို့ရာ ခက်ခဲမှာသေချာသည်။

"ဒါနဲ့ ခုဏက မအိမ့်သက်ဆိုတာ သူတို့ကလစာဘယ်လောက်ရလဲဟင် ..စပ်စုတာမဟုတ်ဘူးနော် သူဌေးရဲ့အတွင်းရေးမှုးအကြောင်းနဲနဲသိထားချင်လို့..အဟင်း.."

နီလာရွှေဆိုသည့် အမျိုးသမီးသည် ဘေးဘီကိုဝေ့ဝဲကြည့်လိုက်ပြီး တိုးတိုးလေးလာကပ်ပြောလေသည်။

"CEO ဘုန်းမြတ်မှာ အတွင်းရေးမှူးကနှစ်ယောက်တောင်ရှိတာ အိမ့်သက်နဲ့ မဒီလှိုင်တဲ့..နှစ်ယောက်လုံးက နိုင်ငံခြားကနာမည်ကြီး တက္ကသိုလ်တွေမှာကျောင်းပြီးထားကြတာတဲ့..အရင်က စင်္ကာပူရုံးချုပ်မှာအလုပ်လုပ်တာ အခုCEOအသစ်တက်တော့မှသာ မြန်မာကို‌ရောက်လာကြတာ..
ဘယ်သူ့မှသွားမပြောနဲ့နော် အဲ့နှစ်ယောက်က လုပ်ငန်းရှင်တွေအရှေ့မှာသာ ပြုံးဖြီးနေတာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆို တကယ့်မာနခဲတွေ..လစာကတော့ ဒေါ်လာနဲ့တောင်ရတာတဲ့ အတိအကျတော့ နီလာလဲ မသိဘူး.."

လိပ်ပြာအဖို့ထိုင်ပြီးသာငိုလိုက်ချင်ပါသည်။
သူများတွေ ဒေါ်လာနေတဲ့အချိန်မှာ ကိုယ့်လစာက၁၀သိန်းတောင်မပြည့်ပါလား။
ကွာခြားလိုက်တဲ့ဘ၀တွေ။

"အော်..ဒါနဲ့CEOအသစ်ဆိုတာ ဟိုဘုန်းမြတ်သူရကိုပြောတာလား.."

"သိပ်မှန်တာပေါ့ အရင်CEOအဟောင်းဖြစ်တဲ့ ဦးဘုန်းမြတ်ရဲ့အဖေက အခုစင်္ကာပူမှာ ကားမတော်တဆမှုနဲ့ ကိုမာ၀င်နေတာတဲ့ နီလာလည်းအဲ့လောက်ပဲသိတယ် ကျန်တာတော့သိပ်မသိဘူး.."

သိပ်မသိလို့သာပဲ သူပြောတာနဲ့တင်တော်တော်စုံနေပြီ။

"လိပ်ပြာနောက်ထပ်သိချင်တာကလေ ခုဏတုန်းက မအိမ့်သက်ကလိပ်ပြာကို ဘာလို့အဲ့လောက်ထူးဆန်းသလို ကြည့်နေတာလဲ.."

"အဲ့ဒါကတော့ သူတင်မဟုတ်ဘူး ကျွန်မလဲထူးဆန်းနေတာပဲလေ.."

"ဘယ်လို.."

နီလာရွှေသည် လိပ်ပြာကိုအားနာသလိုပုံလေးနှင့် ပြုံးပြလာလေသည်။

"အဲ့ဒါကတော့ ညီမလို ကလေးရုပ်နဲ့ ကောင်မလေးက CEOရဲ့PAဆိုတော့ အိမ့်သက်တို့တော့မသိဘူး နီလာဆို အခုထိကိုမယုံနိုင်သေးတာ နောက်ပြီးသူဌေးက ဒီကရှယ်ရာရှင်အချို့နဲ့သိပ်မတည့်တော့ အခြားမှာပဲရုံးထိုင်ပြီး လတ်မှတ်ထိုးစရာရှိတာတွေ၊အချက်လတ်ဖိုင်လ်‌တွေကို သူ့အတွင်းရေးမှူးတွေကပဲ သွားယူပေးရတာလေ အခုကပထမဦဆုံးPA
အနေနဲ့ ညီမကရောက်လာတော့ CEOနဲ့ညီမနဲ့များ တစ်ခုခု.."

"ဟာ..မနီလာရွှေရယ် အဲဒီ့လူကြီးနဲ့ကျွန်မနဲ့ကလေ လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြမ္မာ့ပြည်ကအပ်တစ်စင်းလို ဘယ်တော့မှထိလာမှာမဟုတ်ဘူးလို့မှတ်ပါရှင် ..ကဲကျွန်မသွားပြီ.."

လိပ်ပြာလည်း အပြတ်ချေပခဲ့ပြီး UDC
အဆောက်အဦးကြီးထဲမှ ထွက်လာခဲ့လိုက်သည်။
တကယ်တမ်းက လိပ်ပြာရဲ့ရုပ်ရည်ကြောင့်ဆိုတော့ နဲနဲကျေနပ်နေမိသည်။

နီလာရွှေမှာတော့ CEOကို လူကြီးဆိုပြီးသုံးနှုန်းသွားသည့် ကောင်မလေးကိုအံ့ဩ‌ရင်းသာကျန်ခဲ့တော့သည်။

"အော် ဒီလောက်ဥစ္စာပေါ ရုပ်ပါချောပြီး အရာရာပြည့်စုံနေတဲ့လူနဲ့ ဖူးစာမဆုံချင်တဲ့သူလည်း ရှိသေးတာပဲနော် ငါဆို အိပ်မက်ထဲမှာတောင် ချစ်သူအခါတစ်ရာလောက် ဖြစ်ပြီးနေပြီ..."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

လိပ်ပြာ စားသောက်ဆိုင်ကြီးရဲ့ အရှေ့ကိုရောက်ရောက်ခြင်း ကားပေါ်မှအမြန်ဆင်းလိုက်ပြီး သူ့ရုံးခန်းသို့ ပြေးရသည်။

ဒေါက်ဖိနပ်မစီးထားလို့သာတော်တော့သည်။ဒီလိုမှမဟုတ်ရင် ဒေါက်ချော်ကျတာနဲ့ပဲ သွားသုံးဆယ့်နှစ်ချောင်းဟာ လမ်းမှာတစ်ချောင်းပြီးတစ်ချောင်းကျကျန်ခဲ့မှာ မြေကြီးလက်ခတ်မလွဲပေ။

UDCမှCEOလို့သိလိုက်တဲ့အချိန်ကစပြီး သူ့ကိုနည်းနည်းဖြုံသွားတာလည်းပါတယ်။
သူကဖခင်ရဲ့အမွေတွေကို တနင့်တပိုးရထားပြီး မျက်နှာကျောတင်းနိုင်ပေမဲ့ လိပ်ပြာကသူ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်နေရတာလေ။
သူလက်ညှိုးတစ်ချက်ညွှန်လိုက်တာနဲ့
ရှိစုမှတ်စုအလုပ်လေး ပြုတ်ရချည်ရဲ့။

"ကျွီ..."

"အမယ်လေး..မောလိုက်တာ.."

အမောတကောနဲ့ ကိုယ်ကသာသူ့ရုံးခန်းထဲမှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာ ကိုယ်တော်ချောကတော့ အိပ်နေလိုက်တာများ သိုးလို့ပင်။

သူ့ခမျာအိပ်နေတာတောင် စတိုင်လ်ပျက်မှာဆိုးလို့ထင်တယ် စုံလည်ကုလားထိုင်မှာ နောက်မှီကိုခေါင်းမော့ကာမှီထားရင်း လက်တောင်ပိုက်ထားလိုက်သေးတယ်။

"အော်..အိပ်တာတောင် သူများမြင်ရင်ကြည့်မကောင်းမှာဆိုးလို့ ကြိုတင်ပြင်ဆင်မှုတွေ၊ဘာ‌တွေနဲ့ ပဲများပြီးအိပ်နေတာပါလား ..
အဟာ့..သေရင်လည်း..."

လိပ်ပြာဆိုတာဟာလေ တွေးလိုက်ရင်တစ်ဆုံးပင်။
နမိတ်မရှိတဲ့စကားကြောင့် ကိုယ့်ပါးကိုယ်ဖွဖွချလိုက်ရသည်။

ဘုန်းမြတ်ရဲ့ နှုတ်ခမ်းလေးတွေဟာ အပြုံးရိပ်သန်းနေမိသည်။
ညီမလေးရဲ့ လက်သေးသေးလေးတွေက နူးညံ့လိုက်တာ။ညီမလေးရဲ့ လက်ဖဝါးဖြူဖြူနုနုလေးတွေကို သူဆုပ်ကိုင်ထားရင်း အပေါ်ထပ်၀ရံတာဆီသို့ ခေါ်လာခဲ့လိုက်သည်။

ညီမလေးက သူ့ကိုချစ်စဖွယ်လေးပြန်ပြုံးပြရင်း
"ကိုကို..မီးမီးကိုပုံလှလှလေးဖြစ်အောင်ဆွဲ‌ ပေးနော်.."ဆိုပြီး နှုတ်ခမ်း‌တွေ ဆူထော်ပြသည်။

ကတိတွေအထပ်ထပ်ပေးပြီးတဲ့နောက်မှာ
ဆံပင်ကိုဂျိုစွန်းလေးနှစ်ဖက် ခွဲစည်းထားတဲ့ ဖိုး၀ရုပ်လေးလိုမျက်နှာလေးကို ကင်းဗတ်ပေါမှာ သူစတင် ခဲခြစ်လေသည်။

၁၅မိနစ်လောက်လည်းကြာရော မုန့်စားချင်တယ်၊ရေသောက်ချင်တယ်နှင့် အမြီးမြှောက်လိုက်၊အီးပေါက်လိုက်လုပ်ပြနေသည့် ညီမလေးကိုခဏထားခဲ့မိသည်။

မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲမှချောကလက်အထုပ်ကြီးတစ်ခုကို ညီမလေးအတွက်ယူပြီး အပေါ်ပြန်တက်အလာမှာတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားရသည်။

"မလုပ်ပါနဲ့..မီးမီးကြောက်လို့ပါ..ကိုကိုရေ..ကိုကို..
အီဟီး..မီးမီးကို..လွတ်ပေးပါ..ကြောက်တယ်.."

"အား!!!!!ကြောက်..ကြောက်တယ်..
ကိုကို...ဖေဖေရေ..ကယ်ပါအုံး.."

ဘုန်းမြတ်၏ မြင်ကွင်းထဲမှာ လူတစ်ယောက်က
မီးမီးကို ချိုင်းကနေကိုင်ပြီး လေထဲမှာမြှောက်ချီထားသည်။
ထိုလူသာ လွှတ်ချလိုက်ရင် မီးမီးဟာ သုံးထပ်တိုက်ကြီးရဲ့ အောက်ဆုံးအထပ်သို့ ပြုတ်ကျသွားမှာ သေချာတယ်။

"လွှတ်..လွှတ်..မီးမီးကိုလွှတ်လိုက်.."

မီးမီးဟာ ကိုကိုလို့သာ တွင်တွင်ခေါ်ပြီး အကူအညီတောင်းနေရှာသည်။ကလေးဟာကြောက်လွန်းလို့သူမလေးရဲ့ ပန်းရောင်ဂါ၀န်အောက်အနားစတွေတောင် ကြင်ငယ်ရည်တွေဆိုကုန်လေပြီ။

ဘုန်းမြတ်ဟာ ထိုလူကိုမလုပ်ဖို့အသားကုန်အော်ရင်းပြေးသွားလိုက်ပေမဲ့ ထိုလူသည် ဘုန်းမြတ်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီးသာ သူရူးတစ်ယောက်လို နီကြောင်ကြောင်မျက်လုံးများနှင့် ပြုံးပြလာသည်။
ထို့နောက် မီးမီးကို သုံးထပ်တိုက်ကြီးအပေါ်မှ အညှာအတာမဲ့စွာ တွန်းချပစ်လိုက်သည်။

"အား!!!!!!!!!"

"မလုပ်နဲ့!!!!!..ညီမလေး!!!.."

လိပ်ပြာ သူဌေးရဲ့စားပွဲမှာ ဖိုင်လ်တွေတင်ပေးနေစဉ်မှာပဲ "မလုပ်နဲ့!!!"ဆိုပြီး အသံနက်ကြီးနဲ့ထအော်လိုက်တာကြောင့် ကိုယ့်ကိုပြောတာထင်ပြီး လန့်ဖြန့်ပြီး
ဖိုင်လ်တွေတောင်အောက်ပြုတ်ကျကုန်သည်။

"မလုပ်ပါနဲ့!!!ညီမလေး!!!ညီမလေး!!!"

"သူဌေး..သူဌေး..အာ..အိပ်မက်ဆိုးတွေမက်နေတာထင်တယ်..သူဌေး..ထပါအုံး..."

ဘုန်းမြတ်ခမျာ သွေးအိုင်ထဲမှာ ဝေဒနာမချိမဆန့်ခံစားနေရရှာတဲ့ ညီမလေးကိုပွေ့ပြီး ငိုကြွေးနေမိသည်။
ရုတ်တရက် ပတ်၀န်းကျင်တစ်ခုလုံးက အမှောင်အတိဖုံးသွားပြီး ညီမလေးရဲ့ရုပ်အလောင်းဟာ တစ်ဖြည်းဖြည်းပျောက်ကွယ် သွားသည်။
ညီမလေးရဲ့ အရိပ်ကလေးကို မျှော်လင့်ချက်အပြည့်နဲ့ လိုက်ဖမ်းနေမိသည်။

"မသွားပါနဲ့...ကိုကို့ကိုမထားခဲ့ပါနဲ့..ညီမလေး..
ညီမလေး!!!..အာ...မသွားပါနဲ့ညီမလေးရယ်
ညီမလေး!!!!..."

"သူဌေး...အာ့!!!!"

အိပ်မက်ဆိုးကြောင့် လန့်နိုးသွားရာ သူ့မျက်နှာကိုလာထိနေသည့် လိပ်ပြာဖြူရဲ့လက်ကို သူဆောင့်ဆွဲလိုက်သည်။

"ရှင်!!!!!!"

လက်ကားယား၊ခြေကားယားနဲ့ အိပ်ရင်းယောင်နေ၍ ဘယ်လိုမှနှိုးမရတဲ့အဆုံး ပါးကိုပိတ်တီးလိုက်မယ်လို့ လက်ရွယ်နေတုံးမှာ သူ့မျက်လုံးကြီးကဖြတ်ကနဲပွင့်လာပြီး လိပ်ပြာရဲ့လက်ကို လှမ်းဆွဲလိုက်သည်။

အရှိန်နှင့်သူ့‌ ပေါင်အပေါ်သို့ထိုင်ကျသွားပြီး လိပ်ပြာရဲ့မျက်နှာက သူ့ဘယ်ဘက်ရင်အုံနေရာကို ဖက်ကနဲ ကပ်မိလျှက်သားဖြစ်သွားသည်။

မျက်နှာပြန်ခွာလိုက်ရာ လိပ်ပြာရဲ့နှုတ်ခမ်းနီတွေအကုန်လုံးက သူ့အင်္ကျီရင်ဘက်မှာအကုန်ကွက်ကျန်နေခဲ့သည်။
ညာလက်ကိုလည်း တအားညှစ်ထားတာမို့ လိပ်ပြာသူ့ကို ဒေါသတကြီးမော့ကြည့်လိုက်ရာ သူကလည်းလိပ်ပြာကိုဒေါသတကြီး ပြန်ဆိုက်ကြည့်‌နေသည်။

ဘယ်လိုလူလဲမသိဘူး နာတာကငါ ဒေါသထွက်နေတာကသူ။

သေချာပြန်တွေးကြည့်မှ"ဒုက္ခပါပဲ ငါအခုသူ့ပေါင်ပေါ်မှာထိုင်နေတာလား..ပြီးတော့အခုလိုပုံစံကို
တစ်ခြားလူ‌တွေမြင်သွားရင်တော့ ဒုက္ခပါပဲ..သူများကိုမကောင်းကြံရင် ကိုယ့်ခေါင်းကိုပြန်မှန်တတ်တယ်တဲ့..သူ့ကိုပါးရိုက်ပြီးနှိုးမလို့ဥစ္စာ..ငါတရားခံဖြစ်နေမှ ဒုက္ခ..."

လိပ်ပြာသူ့ရင်ဘတ်ကို ဆောင့်တွန်းပြီးမတ်တက်ထရပ်လိုက်သည်။

"အာ့..ရှင်ကျွန်မလက်ကို လွှတ်တော့လေ..နာတယ်.."

"မင်း..ဘာလို့ငါ့ကို ပါးရိုက်ဖို့လုပ်တာလဲ.."

သူ့မျက်လုံးတွေက လိပ်ပြာကိုသတ်ပစ်တော့မဲ့အတိုင်းပါပဲလား။အလျှောက်မကောင်းရင်
အထောင်းသက်သာဖို့ရာ လမ်းမြင်နိုင်မယ်မထင်ဘူး။

"ရှင်..အိပ်မက်ဆိုးတွေမက်နေလို့ ကျွန်မနှိုးဖို့လုပ်တာလေ.."

"ဟ..အိပ်နေတဲ့လူကိုနှိုးတာ ပါးရိုက်စရာလိုလို့လား.."

"အခြားလူတွေတော့မလိုပေမဲ့ ရှင့်အတွက်
လိုမယ်ထင်လို့ပေါ့..."

"ဘာ.."

အခုချက်ချင်းထသတ်မလို မျက်နှာပေးနှင့်
ဆက်ကနဲထရပ်ပြီး လိပ်ပြာအနားသို့တိုးလာရာ လန့်ပြီး အနောက်သို့ လိပ်ပြာ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

"ဟို..ရှင့်ကို‌အော်နှိုးတာပဲ..ရမှမရတာ..အဲ့တော့ပါးရိုက်ပြီးနှိုးရင်ကောင်းမလားလို့ စဉ်းစားယုံပဲရှိပါသေးတယ်..ဟဲ..ဟဲ.."

ပြောင်စပ်စပ်လာလုပ်ပြနေသည့် ကောင်မလေးကြောင့် သူတောင်ရောယောင်ပြီး ရယ်ချင်လာသည်။
ပါးရိုက်ရင်ကောင်းမလား စဉ်းစားယုံကလဲ သူမလက်ကသူ့ပါးကိုထိနေနှင့်ပြီ။
ကြည့်ရတာ ဘယ်တည်းက သူ့ပါးကိုရိုက်ဖို့အကွက်ချောင်းနေလဲမသိဘူး။

"မင်းသွားတော့..."

"ဟုတ်ကဲ့..."

လိပ်ပြာရုံးခန်းအ၀သို့ရောက်ပြီးခါမှ သိချင်ဇောတွေပြင်းပြလာပြီး သူ့ဘက်သို့လှည့်ကြည့်လိုက်သည်။
ဖြစ်ချင်တော့ သူကလည်းလိပ်ပြာကိုလှမ်းကြည့်နေတာပါပဲ။

"ဟိုလေ..ညီမလေးဆိုတာ..ရှင့်ညီမလေးကိုပြောတာလား..ရှင့်အိပ်နေရင်းနဲ့ ညီမလေး..
မသွားပါနဲ့ဆိုပြီး..အော်သံကြားလို့.."

"နောက်တစ်ခါ..ငါ့အကြောင်းကို ဒီလိုလာမစပ်စုနဲ့ မကြိုက်ဘူး..သွား!!!!..."

"ဟုတ်..ဟုတ်ကဲ့..သွားပါတော့မယ်.."

လိပ်ပြာကိုယ့်ထိုင်ခုံကိုပြန်ရောက်တော့မှ ရင်တုန်သွား၍ ရေတစ်ခွက်သောက်လိုက်ရသည်။
ဒါလေးမေးတာကို ပြူးပြဲပြီးဒီလောက်အော်စရာလိုလို့လား။
ကြည့်ရတာ လိပ်ပြာမသိသေးတဲ့လျှို့ဝှက်ချက်တွေ သူ့ဆီမှာအများကြီးရှိနေပုံပဲ။
တော်တော် နားလည်ရခက်သည့်လူပင်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋

"ကိုယ်ကတော့ အသက်၂၄မှာ ကဲလို့ကောင်းတုံး😀

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...