
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၇
မန္တလေးမြို့🏯
"နန်းတော်၀န် ဟိုတယ်မှကြိုဆိုပါတယ်ဆရာ"
"ဟင်..."
လိပ်ပြာလန့်ပြီး ခန္တာကိုယ်တောင် ကြုံ့၀င်သွားမိသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တန်းလာခဲ့သည်က နန်းတော်၀န်ဟိုတယ်ကိုဖြစ်သည်။
မထင်ထားမိတာက ဒီဟိုတယ်ကလည်းသူပိုင်နေခြင်းပင်။
အသက်၂၄နှစ်အရွယ် လူငယ်လေးက
ဒီလောက်အထိစွမ်းဆောင်နိုင်တာလား။
မယုံနိုင်စရာပဲ။
ဟိုတယ်ထဲ၀င်၀င်ချင်းပဲ ရာထူးကြီး၀န်ထမ်းတွေအကုန်လုံးက အလေးပြုအနေအထားမျိုးဖြစ်နေလေသည်။
သူ့ထက်အစပေါင်းများစွာကြီးတဲ့လူတွေကတောင် သူ့ကိုဆရာခေါ်နေကြရသည်။
"သူ့နာမည်က လိပ်ပြာဖြူပါ..ကျွန်တော့်ရဲ့
PAပဲ မဝေလင်း..လိပ်ပြာဖြူတည်းဖို့ အခန်းစီစဉ်ပေးလိုက်ပါ.."
"ဟုတ်ကဲ့..ဆရာ.."
"လိပ်ပြာဖြူ..နောက်၂နာရီအတိမှာ..ဟိုတယ်ရဲ့အရှေ့မှာ ကိုယ်စောင့်နေမယ်..အချိန်တိကျပါစေ.."
"ဟုတ်ကဲ့..."
မဝေလင်းဆိုသူနှင့် ဟိုတယ်ရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ဘန်ဂလိုငယ်တစ်ခုဆီသို့လိုက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်လုံးမှာလည်း ဟိုတယ်ကြီးရဲ့ခမ်းနားထည်ဝါမှုက လိပ်ပြာအဖို့ အခုမှမြို့တက်လာတဲ့ တောသူမလိုပဲ အံ့ဩမဆုံးဖြစ်နေမိသည်။
ကိုယ်နားရမဲ့အခန်းလည်းရောက်ရော အရှင်
လတ်လတ်နတ်ပြည်များရောက်လာသလား ထင်မှတ်ရသည်။
"ဝါး..အခန်းကြီးကအကျယ်ကြီးပဲ.."
"ညီမလိပ်ပြာ..အေးဆေးနားနော်..တစ်ခုခုလိုတာရှိရင်..ဒီမှာအစ်မ ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်လိုက်ပါ.."
"ဟုတ်ကဲ့..ဒါနဲ့အစ်မ..ကျွန်မ မေးစရာလေးတစ်ခုရှိနေလို့..."
"ဟုတ်မေးပါ.."
"ဟိုမှာ ချိပ်ထားတဲ့ ပန်းချီကားတွေကဘယ်ပန်းချီဆရာဆွဲထားတာလဲဟင် လိပ်ပြာ ဟိုတယ်ကြီးထဲမှာလည်း ပန်းချီကားတွေ ချိပ်ထားတာတွေ့လိုက်တယ်..."
ဧည့်ခန်းမှာ ချိတ်ထားသည့် ပန်းချီကားချပ်ဆီသို့လိပ်ပြာ မေးငေါ့ပြလိုက်ပြီး မေးလိုက်ခြင်းဖြစ်သည်။
"အော်..ဒီဟိုတယ်မှာသုံးထားတဲ့ ပန်းချီကားတွေက ဆရာကိုယ်တိုင်ဆွဲထားတာတွေများတယ်..."
"အော်.."
သူကပန်းချီလဲ ဆွဲတတ်တာလား။
လိပ်ပြာဆိုသည်မှာလည်း ပန်းချီဆရာဆိုရင် အလိုလိုကို လေးစားနေမိသူပါ။
မဝေလင်း ပြန်သွားတာနှင့် ပန်းချီကားချပ်အနားသို့ သွားပြီးသေချာကြည့်လိုက်မိသည်။
သူ့ပန်းချီကားက ပင်လယ်ကမ်းစပ်မှာ
လဲလျှောင်းနေတဲ့ ကောင်မလေးကို လှိုင်းလုံးတွေအုပ်မိုးလာမလားဆိုတဲ့ လျှို့ဝှက်ချက်လေးပါနေသလိုပဲ။
"ဟင်..ဒီလတ်မှတ်က.."
ပန်းချီရဲ့ ထောင့်စွန်းမှာထိုးထားတဲ့ wind(လေ)ဆိုတဲ့လတ်မှတ်က လိပ်ပြာအတွက် ကိုးနှစ်တာလုံး စုပ်တံတွေကိုလွှတ်ချမိအောင် လုပ်ပစ်ခဲ့တဲ့ အမည်နာမလေးတစ်ခုပဲ။
ဒါဆို သူက လိပ်ပြာပန်းချီမဆွဲချင်တော့တဲ့ အကြောင်းအရင်းပေါ့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လွန်ခဲ့သော၉နှစ်
"ကဲ..ကလေးတို့ရေ..ဒီနေ့တော့ အသီးတွေကို ခဲခြစ်နည်း..ဆရာမသင်ပေးမယ်နော်...
"ဆရာမ..."
"ဟင်..လိပ်ပြာ..ဘာဖြစ်လို့လဲသမီး..."
"မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲမှာပြိုင်ရမဲ့ ရလဒ်တွေထွက်လာပြီလား..."
"အော်...ထွက်လာပြီသမီး..ဆရာမစိတ်တော့မကောင်းပါဘူး လိပ်ပြာလေးရဲ့ပန်းချီက ဒုတိယဖြစ်သွားတယ်..၁၀တန်းကကောင်လေးကပထမရသွားတော့..ပြိုင်ဖို့..သူ့ကိုပဲရွေးလိုက်ကြတယ်...
ဘာမှစိတ်မညစ်ပါနဲ့ကွယ်..နောက်နှစ်တွေလည်းအခွင့်အရေး..ရှိပါသေးတယ်..ဆက်ကြိုးစားပေါ့နော်..."
လိပ်ပြာ ဟန်ပင်မဆောင်နိုင်တော့ပဲ ငိုမဲ့မဲ့ရုပ်ကြီးဖြစ်သွားရသည်။
ဒါလိပ်ပြာရဲ့ ပန်းချီဆက်ဆွဲနိုင်ခွင့်ရမဲ့နောက်ဆုံးအခွင့်အရေးပဲ။
လိပ်ပြာ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီပေါ့။
"လိပ်ပြာ နင်အဆင်ပြေရဲ့လား.."
"ဟင့်အင်း..ငါ..ငါ..အဲဒီ့အစ်ကိုရဲ့ပန်းချီကားကိုသွားကြည့်ချင်တယ်..."
"ပထမရတဲ့ ပန်းချီကားကို ဟောခန်းရဲ့ရှေ့ကဘုတ်မှာချိပ်ကြမှာတဲ့ ငါတို့အိမ်သာသွားဖို့ ခွင့်တောင်းပြီး သွားကြည့်ကြမလား.."
"အင်း..ကောင်းတယ်.."
"ဆရာမ..သမီးတို့.."
သူဇာဖြိုးက ဆရာမကိုလက်ညှိုးထောင်ပြီး အလေးသွားဖို့ခွင့်တောင်းရာ ဆရာမကခေါင်းငြိမ့်ပြလေသည်။
စာသင်ခန်းထဲကထွက်လိုက်တယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ရဲ့ ပန်းချီလက်ရာကိုကြည့်ချင်စိတ်ကစောနေမိသည်။
"သူဇာ မြန်မြန်လာပါ.."
"အေးပါဟယ်..."
စာသင်ချိန်အတွင်းဖြစ်တာကြောင့် ကျောင်းခန်းပြင်ပမှာပြေးလွှားနေတဲ့ အရိပ်ကလေးက လိပ်ပြာတို့နှစ်ဦးသာရှိပါသည်။
ဟောခန်းအရှေ့ကိုရောက်တော့ ဘုတ်မှာချိပ်ထားတဲ့ ပန်ချီကားလေးကိုတွေ့လိုက်ရသည်။
လိပ်ပြာရဲ့လက်ကလေးနဲ့ တို့ထိကြည့်လိုက်မိသည်။
အသက်၀င်လိုက်တဲ့ ပန်းချီလေးပါလား။
လိပ်ပြာ ဆွဲခဲ့တာက ထမီတိုတို၀တ်ပြီး
ရောင်ပေစူးလေးနဲ့ တောသူမလေးဟာ ငှက်ကလေးတွေကို အစာကျွေးနေရင်း ပျော်မြူးနေတဲ့ပုံလေးပါ။
လိပ်ပြာရဲ့ပန်းချီက အရမ်းရိုးရှင်းတယ် လွတ်လပ်မှုအပြည့်ရှိတယ် ကြည့်လိုက်တာနဲ့ပျော်ရွှင်စရာလေးပေါ့။
ဒါပေမဲ့သူ့ပန်ချီကားကတော့ မြင်ရသူတိုင်းရဲ့ အသဲကိုငိုမိအောင် မေးခွန်းထုတ်နေသလိုပဲ။
ခေါင်မိုးထပ်မှာ ကလေးမလေးနှစ်ယောက်ထိုင်နေပေမဲ့ တစ်ယောက်ကတော့ဝိဉာဉ်ဖြစ်နေလေပြီ။
မတူညီတော့တဲ့ဘ၀မှာတောင် သူတို့ဟာအခင်အမင်မပျက်ကြသလိုပဲ။
လိပ်ပြာကြည့်လေ ၀မ်းနည်းလေပါပဲ။
ပန်းချီကားချပ်လေးရဲ့ အောက်ဆုံးထောင့်စွန်းလေးမှာ windဆိုပြီးလတ်မှတ်ထိုးထားသည်။
"လိပ်ပြာ သူ့ပန်းချီက တကယ်၀မ်းနည်းဖို့ကောင်းတယ်နော်..နင်လည်းနောက်နှစ်ကျရင် ရမှာပါ..အားတင်းထား.."
"ငါဘယ်တော့မှ ပန်းချီမဆွဲတော့ဘူး...ငါ့မိဘတွေကြောင့်ဆိုတာထက် ငါ့စိတ်ကိုကဆုံးဖြတ်လိုက်တာ..."
လိပ်ပြာရဲ့မိဘတွေကိုကတိခံခဲ့တာတစ်ခုရှိနေသည်။
မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲမှာ၀င်ပြိုင်ခွင့်ရရင် အနာပညာကျောင်း တက်ခွင့်ပြုဖို့ပေါ့။
တကယ်လို့ဒီနှစ်မှပြိုင်ခွင့်မရရင် လိပ်ပြာကိုပန်းချီဆရာမလုပ်ခွင့်မပေးတော့ဘူးတဲ့လေ။
အခုတော့ ကျောင်းအဆင့်မှာတင် လိပ်ပြာရှုံးသွားမှတော့ ဘာတွေကိုထပ်ပြိုင်ချင်နေသေးမှာလဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
၂၀၁၈ခုနှစ်
အတိတ်အကြောင်းတွေကို တွေးရင်း ပန်းချီကားချပ်လေးရှေ့မှာ လိပ်ပြာငိုနေမိသည်။
"လက်စသတ်တော့ တရားခံကဒင်းကို..ဒါနဲ့သူ့ပန်းချီတွေက ဘာလို့အထီးကျန်ဆန်နေရတာလဲ.."
ငါကရောဒီမှာဘာလုပ်နေမိတာလဲ။
ရုတ်တရက်အကြည့်က နာရီကိုရောက်သွားတော့
၅နာရီခွဲတော့မည်။
"ဟင်..ဟာ..သေပြီ..သေပြီ..လိပ်ပြာမရေ..
ဖီးလို့ကောင်းနေတာနဲ့ ရေလဲမချိုးရသေး..
ထမင်းလည်းမစားရသေးဘူး..."
ဟိုဟာပြေးဆွဲလိုက်၊ဒီဟာပြေးဆွဲလိုက်နှင့် အခန်းထဲမှာပွထပြီးကျန်ခဲ့လဲ ဂရုမဆိုက်နိုင်စွာ ဝါးတီးအမြန်ဆွဲဖို့ ပြေးရသည်။
ဟိုတယ် အရှေ့ကိုရောက်တော့သူက ကားကိုမှီရပ်ရင်း ဖုန်းပြောနေလေသည်။
အနောက်ကနေကြည့်တော့ သူ့ကျောပြင်ကအကျယ်ကြီးလိုပဲ။
"အော်..သူများတွေကျတော့..ဥစ္စာပေါ..
ရုပ်ပါချောလိုက်ကြတာ..ဘယ်ဘ၀ကကုသိုလ်တွေကြောင့်လဲမသိဘူး...ဒါကြောင့်မို့ ဒီလိုမာန်တက်နေနိုင်တာပေါ့..."
သူ့အတင်းကို ကိုယ့်စိတ်ထဲကပြောမိပြီး သူကလှည့်ကြည့်လာရာ မချိပြုံးလေး ပြုံးပြလိုက်သည်။
"မင်းအချိန်..ကွက်တိရောက်သားပဲ.."
"ကားပေါ်တက်လိုက်..."
"ဟုတ်ကဲ့.."
ဟိုတယ်မှထွက်ပြီးနောက် ဘူတာကြီးရယ်၊ဈေးချိုရယ်ကို ဖြတ်မောင်းသွားတော့ မန္တလေးရဲ့ပြယုဒ်တွေကို တစ်ချိန်တည်းမြင်လိုက်ရသလိုပါပဲ။
လိပ်ပြာအတွေးထဲမှာတော့ မန္တလေးကိုရောက်တုံးရောက်ခိုက် ဦးပိန်တံတားတို့၊မန္တလေးတောင်၊ရန်ကင်းတောင်၊ရွှေကျောင်းတွေရော ကုသိုလ်တော်တွေရော သွားချင်တာမှစုံနေတာပါပဲ။
အခုနေသာရည်းစားရှိရင် ဦးပိန်တံတားမှာနေ၀င်ချိန်လေးကို အတွဲလေးနဲ့ ကိုကာကိုလာလေးသောက်ပြီး ချစ်သူရဲ့ပုခုံးလေးကိုမှီရင်း
တီတီတာတာတွေ ချွဲနွဲ့ကြည့်ချင်လိုက်တာ။
လိပ်ပြာရယ်တက္ကသိုလ်ကျောင်းသားဘ၀က ဘာတွေများအလုပ်ရှုပ်နေလို့ ချစ်သူလေးတစ်ယောက်လောက်မရှာနိုင်ခဲ့ရတာလဲ။
စားသောက်ဆိုင်မှာ တစ်လျှောက်လုံးသူ့နောက်ကလိုက်ပြီး လိုအပ်တာတွေသေချာလိုက်မှတ်နေတဲ့ ကောင်မလေးကို သူတစ်ချက်တော့သဘောကျနေမိသည်။
သူမက ဘယ်လောက်ပင်ပန်းပါစေ..တစ်ချက်မငြီးဘူးဆိုတာပါပဲ။
လူကောင်လေးသေးပြီး ကလေးပေါက်စရုပ်ပေါက်နေပေမဲ့ သူမကဒီလောက်စိတ်ဓာတ်
မာလိမ့်မယ်လို့ သူရ မထင်ထားခဲ့ဘူး။
အချိန်အားဖြင့် ည၈နာရီခွဲနေတာကြောင့် ဟိုတယ်ထဲကိုကား၀င်လာပေမဲ့ သူမကတော့အိပ်ငိုက်လို့ကောင်းနေလေသည်။
သူရ ကားစတီယာရင်ကို တံတောင်ထောက်ထားပြီး မေးစေ့ကိုလက်ညှိုးနဲ့ပွတ်ကာ သူမဘက်ကို ခန္ဓာကိုယ်စောင်းပြီး ကြည့်နေမိသည်။
မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို အတွင်းစိတ်ရင်းနဲ့ ကြည့်နေမိတာ ဒါပထမဆုံးပဲ။
သူမက ဘယ်လိုမိန်းကလေးမျိုးလဲ။
"အင်း..ဝါး.."
"မင်းနိုးလာပြီလား.."
"ဟင်..."
အလင်းမှိန်ဖြဖြပေမဲ့ တောက်ပစူးရှနေတဲ့သူ့မျက်၀န်းတွေက လိပ်ပြာကိုတည့်တည့်လာကြည့်နေတော့ ကြက်သီးတောင်ထတယ်။
"ဟို..ရောက်တာကြာပြီလား..လိပ်ပြာအိပ်ပျော်သွားတယ်.."
"သိပ်မကြာသေးပါဘူး..ဆယ့်ငါးမိနှစ်ပဲကြာသေးတယ်.."
ပြေားရင်းဆိုရင်း ကားပေါ်မှဆင်းသွားတဲ့ သူ့နောက်သို့လိုက်သွားပြီး သူ့ဘေးမှကပ်မေးလိုက်သည်။
"အဲ့ဒါကျွန်မကို ဘာလို့မနှိုးတာလဲ..အားနာစရာကြီး..နောက်တစ်ခါမဖြစ်စေရပါဘူး.."
ခြေလှမ်းကျဲကြီးတွေနဲ့ လမ်းလျှောက်နေရာမှလိပ်ပြာကို စကားသိပ်များတာပဲဆိုသည့်အကြည့်နဲ့လာကြည့်လေသည်။
"ငါ့နဲ့ကားစီးရင် မင်းအိပ်ငိုက်လို့ရတယ်.."
သူကတော့ ပြောပြီး ပြီးသွားပေမဲ့။လိပ်ပြာကကျောက်ရုပ်ကြီး ဖြစ်ကျန်ခဲ့သည်။
ပြောင်းပြန်တွေးရင် သူများနဲ့စီးတဲ့အခါ အိပ်ငိုက်လို့မရဘူးပေါ့။
Author..ဆောင်းငွေ့ဝေ
Mon , April 17,2023
8 :50PM
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
မန္တလေးမြို့ကတော့ မနက်ဖြန်မှပဲလည်ကြမယ်နော်
"လိပ်ပြာလေးက သူမဝါသနာပါတာကို စွန့်လွှတ်လိုက်တာ ၉နှစ်ကြာမှ တရားခံကိုသိရတယ်.."
ဦးဘုန်းမြတ်ဆွဲထားတဲ့ ပုံနှစ်ပုံ👇👇👇
======================================================================
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၈
"မမဖြူ..မနက်ဖြန် ညနေပိုင်း တောင်သမန်အင်းကို ဟိုတယ်ကဧည့်သည်မမတွေကလိုက်ပို့ခိုင်းနေတာ..ကျွန်တော်တို့လည်း ပိတ်တာဆိုတော့အတော်ပဲ မမအားရင်လိုက်ခဲ့ပါလား.."
"အားတယ်..အားတယ်..အလုပ်တွေလည်းပြတ်နေပြီပဲ..မမလိုက်ခဲ့မယ်..သေချာစောင့်နော်.."
"စိတ်ချမမ..သီတာတို့လည်းပိတ်တော့..မမနဲ့အဖော်လိုက်ပေးမယ်..ဒီကောင်တွေကို စိတ်မချဘူး.."
ဘုန်းမြတ်ရေကူးကန်ရဲ့ ဒရင်းဘတ်ပေါ်မှာ အေးဆေးအနားယူနေချိန်စဥ် ဆူညံသံတွေကြားလို့ လှည့်ကြည့်လိုက်ရာ လိပ်ပြာဖြူတို့အဖွဲ့ဖြစ်နေသည်။
ဟိုတယ်မှာ နေတာမှတစ်ပတ်တောင်မပြည့်သေးဘူး သူမကသူ့ထက်တောင်၀န်ထမ်းတွေနဲ့
ရင်းနှီးနေသည်။
စကားတွေဖောင်ဖွဲ့နေလိုက်ကြတာ သူ့ကိုတောင်မမြင်ကြဘူး။
သူကလည်း လူငယ်ဆန်ဆန်ဘောင်းဘီအတို၊တီရှပ်ကိုယ်ကျပ်၀တ်ထားပြီး မျက်မှန်အမည်းကြီးက တပ်ထားသေးတော့ သူတို့ချက်ချင်းမမှတ်မိဘူးထင်ပါတယ်။
မျက်လုံးကို ပြန်မှိတ်ပြီး ကိုယ့်အာရုံနှင့်ကိုယ်ပဲပြန်နေလိုက်သည်။
"သီတာရေ..အဲ့လိုမပတ်နဲ့လေ.."
"မရဘူးပတ်မှာပဲ.."
"ဟား..ဟား..ဟာ..ဝေမောင်..လိပ်ပြာကိုမပတ်နဲ့.."
"ကျွန်တော့်အလှည့်ကတော့ ရယ်ပြီး..မရဘူး..."
"ဗွမ်း!!ဗွမ်း...ဗွမ်း.."
သူရအဖို့နားတွေ အင်မတန်ညီးလာ၍
ဘန်ဂလိုကိုပဲပြန်ရန်ထရပ်လိုက်သည်။
ရေကူးကန်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ကလေးတွေလည်းမဟုတ်ပဲ ရေပတ်တိုင်းကစားနေကြလေသည်။
သူ့ကြည့်နေတဲ့အချိန်မှာပဲ ကောင်လေးတစ်ယောက်က လိပ်ပြာဖြူအနားကို ရေတွေ
ဖိပတ်ရင်း တဖြည်းဖြည်းတိုးသွားနေလေသည်။
သူမအနားကိုရောက်တော့ ထိုကောင်လေးကဖက်တော့မလိုပုံစံမျိုး လုပ်နေတာကြောင့် မျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ခြေလှမ်းကိုမြန်မြန်လျှောက်လိုက်သည်။
"လိပ်ပြာဖြူ!!!မင်းဘာလုပ်နေတာလဲ.."
"ဟင်!!!"
"ဟာ!!!ဆရာ..."
ရေကစားနေသူတွေအကုန်လုံး ဟိန်းထွက်လာတဲ့သူ့အသံကြီးကြောင့် ကြောက်ဒူးတုန်သလိုတောင် ဖြစ်လာကြသည်။
လိပ်ပြာမော့ကြည့်လိုက်တော့ ရေကန်ဘောင်ပေါ်မှာ မျက်မှောင်ကြုံ့ပြီး လိပ်ပြာကိုရပ်ကြည့်နေတာက ဘုန်းမြတ်သူရဆိုတဲ့လူကြီးပါ။
"အခုချက်ချင်း..ငါနဲ့စာရင်းတွေလုပ်ဖို့လိုက်ခဲ့.."
အမိန့်ပေးသံကြီးက ရေလှိုင်းတွေတောင်ထနိုင်လောက်ပါသည်။
စာရင်းတွေက တော်တော်အရေးကြီးနေလို့ဖြစ်လိမ့်မယ်။
"ဟုတ်..ဟုတ်ကဲ့..."
"ကလေးတို့..မနက်ဖြန်..တောင်သမန်အင်းကိုလိုက်မှာနော်..."
"ဟုတ်..ဟုတ်ကဲ့မမ.."
လိပ်ပြာ ရေကန်ဘောင်နားကိုကပ်သွားလိုက်တယ်ဆိုရင် ဦးဘုန်းမြတ်ကြီးက ငုတ်တုတ်
ထိုင်ချပြီး ချိုင်းကနေအတင်းဖိကိုင်ကာ ဆွဲတင်မချလိုက်သည်။
"အား..ဘယ်လို..လုပ်တာလဲ.."
"ငါစိတ်မရှည်ဘူး..မြန်မြန်လာ.."
သူ့ကခြေလှမ်းကျဲကြီးတွေနှင့် ရှေ့မှလျှောက်တော့ နောက်ကနေသပါတ်အုပ်ပြီး ကိုယ့်
ဘန်ကလိုကိုအတင်းပြေးရသည်။
သူတည်းတဲ့နေရာနဲ့ လိပ်ပြာရဲ့နေရာက သိပ်မဝေးတာကြောင့်တစ်လမ်းတည်း ဖြစ်နေလေသည်။
လမ်းတစ်၀က်ကိုရောက်တော့ သူကတုံ့ကနဲရပ်လိုက်ပြီး လိပ်ပြာကိုလာကြည့်လေသည်။
"ငါနားချင်ပြီ ငါ့ဆီမင်းလာစရာမလိုတော့ဘူး.."
"ဟမ်..ခုနကပဲ..စာရင်းဆို.."
သူ့ကိုမေးခွန်းပြန်ထုတ်တော့လည်း မကြိုက်တဲ့မျက်နှာမျိုးနှင့်ကြည့်လာပြန်သည်။
တစ်မျိုးပြီး တစ်မျိုးပါလား။
"ကောင်းပါပြီ...လိပ်ပြာလည်းအခန်းကိုပြန်ပါတော့မယ်..."
"ဒီမှာ.."
လိပ်ပြာသူ့ကိုကျောခိုင်းပြီး ကိုယ့်အခန်းကိုသွားတဲ့လမ်းဖက်သို့ ပြန်လှည့်စဉ်မှာ နောက်ကထပ်ခေါ်လိုက်လို့ ပြန်လှည့်ကြည့်ရပြန်သည်။
သူကလိပ်ပြာဆီကို ခြေတစ်လှမ်းလောက်တိုးလာပြီး ခပ်တည်တည်စိုက်ကြည့်လာလေသည်။
"ရေကူးကန်မှာ..မင်းရေကူးခွင့်မရှိဘူး.."
"ဘာ!!!!"
လိပ်ပြာက "ဘာ"ပဲရှိသေးတယ်။သူက လိပ်ပြာရှေ့မှာမရှိတော့ပေ။မြန်လိုက်တဲ့ခြေထောက်ဆိုတာ။
ဒီလူက သူပဲသူများကိုမေးခွန်းမေးမယ်၊အမိန့်ထုတ်မယ် သူ့ကိုဘာမှ လာမမေးနဲ့ဆိုတဲ့လူမျိုးပါလား။
စိတ်ရှိတိုင်းလုပ်ရရင်လေ နောက်ကနေပြေးကန်ချင်တာပဲသိတယ်။
"ရေကူးကန်က..လူတွေရေကူးဖို့ လုပ်ပေးထားတာမဟုတ်ဘူးလား..အာ့ဆို..သူ့ဟိုတယ်မှာ ဘာလို့..
ရေကူးကန်ကြီးဆောက်ထားသေးလဲ.."
"ဒါမှမဟုတ်..ငါတစ်ယောက်ထဲကိုပဲ ကူးခွင့်မပေးတာလား..ဘာလို့လဲ...ဟာ..စိတ်ရှုပ်လာပြီ..ဒီလူ့ဂွစာကြီးနဲ့တော့ ကြာရင်လူသတ်မိတော့မှာပဲ..."
စိတ်ညစ်ညစ်နှင့်ပဲ အခန်းထဲပြန်ရောက်တော့ ရေမိုးချိုးပြီး အိပ်ချပစ်လိုက်တော့သည်။
အိပ်မက်ထဲမှာတော့ ဘယ်ကမ္ဘာမှာပဲတွေ့တွေ့ တစ်စက်မှအချိုးမပြေတဲ့ လူကြီးကရောက်
လာလေသည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လွန်ခဲ့သော၉နှစ်🦋
"ဖိုးချွန်ရေ ကိုကိုမိုးသောက်ရှိလား.."
"ရှိပါတယ်..လိပ်ပြာမကြီးရယ်..ကိုကိုကအပေါ်ထပ်မှာ.."
"ဘာလိပ်ပြာမကြီးလဲ..ဒီငနာလေးကတော့
ငါထုထည့်လိုက်ရ.."
"ဟား..ဟား..မကြောက်တာ ဆယ့်နှစ်ခါ..."
"ဟဲ့..ဟဲ့..ဒီကလေးတွေ.."
လာရင်းကိစ္စကိုမေ့ပြီး လျှာထုတ်ပြနေတဲ့ ဖိုးချွန်ကို ထုချင်စိတ်ကပြင်းပြလာရာ ပြေးထုမယ်ကြံပေမဲ့ ဖိုးချွန်ကသူ့အမေထိုင်တဲ့နေရာကို ကာဗာယူပြီး ပတ်ပြေးနေလေသည်။
ဖိုးချွန်ဆိုတာ လူ့ဖလန်လေးမို့ အပြေးကတော့လျှင်မှလျှင် လွတ်လပ်ရေးနေ့တွေဆိုရင် လမ်းထဲကပြိုင်ပွဲတွေမှာရော၊ကျောင်းပြိုင်ပွဲမှာပါ အမြဲဗိုလ်ဆွဲနေကြ ချန်ပီယံဖြစ်လို့ လိပ်ပြာအရှုံးပေးလိုက်ရလေသည်။
"တော်ပြီ..ငါ့ဘာသာကိုကိုမိုးသောက်ဆီပဲသွားတော့မယ်..နင့်ကိုမခေါ်တော့ဘူး.."
မမလိပ်ပြာက မခေါ်တော့ဘူးလို့ပြောသွားတော့လည်း ဖိုးချွန်၀မ်းနည်းသလိုလို ဖြစ်လာသည်။
ဖိုးချွန်တို့က ညီအစ်ကိုနှစ်ယောက်ပဲရှိတော့ မတည့်အတူနေ မမလိပ်ပြာကို ဖိုးချွန်သံယောဇဉ်သိပ်ရှိတာပေါ့။
လိပ်ပြာအပေါ်ထပ်ကိုတက်လာတော့ ကိုကိုမိုးသောက်က စာကြည့်ခုံမှာ စာလုပ်နေလေသည်။
ကိုကိုမိုးသောက်က အသားနဲနဲညိုပေမဲ့ထောင်ထောင်မောင်းမောင်း လူချောပါပဲ။
"ကိုကိုမိုးသောက်..စာလုပ်ရတာပင်ပန်းနေပြီလားလိပ်ပြာရေခပ်ပေးရမလား..
အအေးသွား၀ယ်ပေးရမလားဟင်..."
ဘေးနားမှာ လာကပ်ချွဲနေတဲ့ ပြီတီတီမျက်နှာနဲ့ကောင်မလေးကို ဘာလိုချင်ပြန်တာတုန်းဆိုပြီး ပြုံး၍ကြည့်လိုက်သည်။
"ကိုကိုမိုးသောက်.."
"ဗျာ.."
"ကိုကိုတို့..ဆယ်တန်းကျောင်းသားတွေ..
မနက်ဖြန်လေ့လာရေးခရီးသွားကြမှာဆို..
အဲ့ဒါ.."
"ဘာလဲ..လိုက်ချင်လို့လား.."
"ဟဲ..ဟဲ.."
ဒီကောင်မလေး ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ မိုးသောက်အသိဆုံးပင်။
လာဖားနေပြီဆို သေချာတယ်တစ်ခုခုလိုချင်လို့ ဆိုတာ မြေကြီးလက်ခပ်မလွဲပါဘူး။
"ဟုတ်တယ်..လိပ်ပြာလိုက်ချင်လို့..ခေါ်သွားပါနော်..နော်..လိပ်ပြာအိမ်ကိုတောင် ပြောပြီးသွားပြီ..ကိုကိုမိုးသောက်က အဖော်ခေါ်လို့လိုက်ပါရစေလို့ဆိုပြီး..အဲ့ဒါကိုကိုနဲ့ဆိုရင်..လိုက်သွားတဲ့.."
"အောင်မာ..ကိုကိုညည်းကိုတစ်ခါမှလည်းမပြောရသေးပဲ..အပိုင်ကိုချုပ်ထားတာပေါ့လေ.."
"ဟဲ..ဟဲ..ဒီတစ်ခါတည်းပါ..."
လက်ညှိုးလေးထောင်ပြီး မျက်နှာငယ်လေးနှင့် နှုတ်ခမ်းလေးကို ဖိကိုက်ထားတာမို့ ပါးချိုင့်လေးတွေက အထင်းသားပေါ်နေလေသည်။
ဒီကလေးလေးရဲ့ ဆွဲအားကို မိုးသောက်ဘယ်ခံနိုင်မှာလဲ အလိုလိုခေါင်းငြိမ့်ပြလိုက်တော့ ခုန်ပေါက်ပျော်ရွှင်ပြီး ပြန်သွားလေသည်။
မိုးသောက်ရင်ထဲမှာတော့ အမည်မသိခံစားချက်တွေနှင့် အဖြူရောင်လိပ်ပြာလေးပျံသန်းသွားရာသို့ လိုက်လို့ကြည့်နေမိသည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
🎵ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်
လှည့်
အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်🎵
🎵လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့
ရှေ့ဆက်ရမဲ့ မင်းရဲ့ဘ၀အသစ်အတွက်
ဖြေသိမ့်လိုက်🎵
"ဟေး..."
မနက်ခင်းရဲ့ နေခြည်နုနုအောက်၀ယ် ကားလမ်းကြောင်းတစ်လျှောက်ဖြတ်ပြေးသွားတဲ့ ကားလေးထဲမှာ ကျောင်းသားတွေရဲ့ သီချင်းသီဆိုသံတွေဟာ သံပြိုင်ထွက်လာကြတာမို့ အင်မတန်ကိုနား၀င်ပီယံရှိလှသည်။
လိပ်ပြာလည်း ဆယ်တန်းကျောင်းသားတွေနှင့် ရောယောင်ကာ သီချင်းလိုက်ညီးနေမိသည်။
လိပ်ပြာဘေးမှ ကိုကိုမိုးသောက်ကလည်း ပြုံးရွှင်လို့ သူငယ်ချင်းများနှင့် စကားတွတ်ထိုးလို့မပြီးနိုင်အောင်ပါပဲ။
လိပ်ပြာ ဒီခရီးကိုလိုက်လာရသည့် ရည်ရွယ်ချက်ကတစ်ခုထဲသာရှိပါတယ်။
အဲ့ဒါကတော့ ကိုကိုသူရကြောင့်ပေါ့။
အခုထိတော့လိပ်ပြာရဲ့ ချောမောလွန်းတဲ့ပန်းကလေးက ဘယ်မှာအပုန်းကောင်းနေလဲမသိဘူး။
ရန်ကုန်အမျိူသားပြတိုက်ထဲကို ၀င်လိုက်တာနဲ့ လိပ်ပြာအတွက်အံ့ဩစရာတွေသာ စုပြုံနေလေသည်။
ပြတိုက်တစ်ခုက အတိတ်နဲ့အနာဂတ်ကို ယှဉ်တွဲပြပေးတဲ့ ပေါင်းကူးတံတားတစ်ခုပါလားလို့တွေးလိုက်မိသည်။
ပြတိုက်ထဲမှာ ရှေးရှေးက မင်းညီ၊မင်းသားတို့ ရှမ်းစော်ဘွားကြီးတို့၀တ်ဆင်ခဲ့ကြတဲ့ ၀တ်စုံတွေ ခောတ်အဆက်ဆက်တူရိယာပစ္စည်းတွေ ၊ နန်းတော်ပုံစံငယ်တွေနှင့် စိတ်၀င်စားစရာပန်းချီကားချပ်တွေဆိုတာလည်း ပြောရလျှင် သံလျင်မြစ်ထက်တောင်ရှည်နေပါလိမ့်မည်။
"အော်..ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ ထိန်းသိမ်းသင့်တဲ့အရာပါလား...လိပ်ပြာတို့ကလေးတွေတော်တော်များများ မေ့နေခဲ့ကြတာပါလား.."
ရုပ်သေးရုပ်တွေပြတဲ့နေရာကိုရောက်တော့ ပျော်လွန်းလို့ အလုံးကြီးတက်ဆို့တော့မတတ်ပင်ဖြစ်ရသည်။
ကိုကိုသူရက ဘီလူးရုပ်သေးရုပ်ကလေးကိုငေးကြည့်နေလေသည်။
"ကိုကိုက..ရုပ်သေးရုပ်တွေကို စိတ်၀င်စားတာလား..လိပ်ပြာလဲ..ရုပ်သေးအကကိုသိပ်ကြိုက်တာ..တီဗွီမှာလာရင် အမြဲကြည့်တယ်.."
"..ရုပ်သေးဆိုတာ..သူများကကြိုးဆွဲမှလှုပ်ရတာ..ကိုယ်က သူများကိုပဲကြိုးဆွဲမှာ.."
လိပ်ပြာကို တစ်စက်မှမကြည့်ပဲပြောချင်ရာပြောသွားတဲ့ သူ့ကိုဒေါသထွက်သွားမိသည်။
"မကြိုက်ရင်လဲ..မကြိုက်ဘူးပေါ့..ဘာတွေပြောသွားမှန်းမသိဘူး..တော်တော်နားလည်ရခက်တဲ့လူ..."
ပြန်ခါနီးကျတော့ ပြတိုက်အပြင်မှာကျောင်းသားတွေအကုန်စုပြီး အမှတ်တရဓာတ်ပုံရိုက်ကြလေသည်။
"ဟေ့..ညီမလေးလိပ်ပြာ ဓာတ်ပုံရိုက်ပေးရ
မလား.."
တကထဲ ထွန်းဝေမောင်ဆိုတဲ့ကိုကိုသူရရဲ့သူငယ်ချင်းနဲ့လာတွေ့နေရသည်။
ခုနထဲက သူ့ကိုတွေ့လို့ပတ်ရှောင်နေပါတယ်ဆိုမှတည့်တည့်ကို လာတိုးနေရသည်။
ရုတ်တရက်ကိုကြီးထွန်းဝေက ကိုကိုသူရကို အတင်းဆွဲခေါ်ပြီး လိပ်ပြာဘေးနားမှာလာရပ်ခိုင်းလေသည်။
ပြီးနောက် တစ်ဖြတ်ဖြတ်နှင့်ဓာတ်ပုံရိုက်ပေးတော့သည်။
လိပ်ပြာကြောင်အ နေစဉ်မှာပဲ ကိုကြီးထွန်းဝေက လိပ်ပြာဘေးနားမှာလာရပ်ပြန်သည်။
ဒီတစ်ခါဓာတ်ပုံရိုက်ပေးသူကတော့ ကိုကိုသူရပေါ့။
"ထွန်းဝေ...ကိုယ်ကြိုက်ရင် ကိုယ့်ဖာသာလိုက်..ငါ့ကို..အဖော်လာမစပ်နဲ့.."
"ဟာကွာမင်းကလည်း..လိပ်ပြာလေးကိုရဖို့..မင်းကိုခဏကြားခံနယ်လုပ်တာပါ..
ခဏပါ..နောက်တစ်ခါ..ကိုယ့်ဖာသာလှုပ်ရှားမယ်..ဒီနေ့တော့ကျေးဇူးတင်တယ်..သားကြီးရေ.."
"ဟင်း..စိတ်ပျက်တယ်.."
ကိုကိုမိုးသောက်တို့ရှိတဲ့ ကားနားကိုမရောက်ခင်အခြားကားဘေးမှာရပ်ပြီး သူတို့ပြောနေကြတာကိုလိပ်ပြာကြားလိုက်ရသည်။
"အော်..သူကငါနဲ့ဓာတ်ပုံရိုက်ဖို့ကိုတောင်
ကပ်စေးနဲနေတာပါလား..."
အလာတုန်းကပျော်နေသလောက် အပြန်ကျတော့လိပ်ပြာမျက်နှာကြီးက ရွာတော့မဲ့မိုးလို အုံ့မှိုင်းနေလေတော့သည်။
လိပ်ပြာရင်ထဲမှာ အရမ်း၀မ်းနည်းနေမိသည်။
လိပ်ပြာသူ့ကို နားလည်ချင်တယ် သူနဲ့စကားတွေပြောချင်တယ်။
ဒါပေမဲ့ သူကလိုက်လေ ဝေးလေဆိုသလိုဖြစ်နေသည်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လိပ်ပြာလေး အနားမှ ဝဲချင်သူတွေလည်း အများသားနော်ဘုန်းမြတ်ရေ
=========================================================================
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၉
၂၀၁၈ခုနှစ်
မန္တလေး နန်းမြို့ရိုးနှင့် ကျုံးကိုမြင်တော့ ကားစီးနေရင်းတောင် ဓာတ်ပုံတဖြတ်ဖြတ်ရိုက်နေတဲ့ သူမကိုကြည့်ပြီး ဘုန်းမြတ်အံ့ဩနေမိသည်။
လိပ်ပြာဖြူရဲ့ပုံစံက မျောက်ကို ငှက်ပျောတောထဲပစ်ချလိုက်သလိုပဲ စားလေ၊ငတ်လေဖြစ်ပြီး စားမြဲစားချင်နေတဲ့ ကောင်မလေးပါလား။
သူမကိုကြည့်နေရတာ မျက်စိတွေနောက်လာလို့ မျက်လုံးမှိတ်ပြီးသာနေလိုက်သည်။
ဒီခရီးကို အမှန်တော့သူလိုက်ချင်စိတ်မရှိပါဘူး။
မန္တလေးဆိုတာ မျက်စိမှိတ်ပြီးသွားရင်တောင် သူ့အတွက် လမ်းမှားနိုင်စရာမရှိတဲ့ အရပ်ဒေသပါ။
ဒါပေမဲ့ဘာကြောင့်မှန်းမသိ သူလိုက်လာမိသည်။
"ရောက်ပြီဟေ့.."
"လှလိုက်တာကြည့်စမ်း..."
"ဒါမျိုးကလက်လွှတ်ခံလို့မဖြစ်ဘူး..ဓာတ်ပုံရိုက်မှရမယ်..."
နေ၀င်တော့မည်ဖြစ်တာကြောင့် တောင်သမန်အင်းမှ ဦးပိန်တံတားကြီးသည် နေ၀န်းနီနီကိုနောက်ခံထားပြီး လှပလွန်းတဲ့ပန်းချီကားချပ်ကြီးလိုဖြစ်နေသည်။
ရေတွေခမ်းခြောက်နေတဲ့ ကာလမို့ တံတားအောက်ဘက်မှရှုခင်းဟာ အပင်စိမ်းစိမ်းတွေကြောင့် အစိမ်းရောင်ရင်ပြင်ကြီးလိုဖြစ်နေသည်။
တံတားအောက်မှာ ပြောင်းဖူးပင်တွေ စိုက်ထားသည်ကိုတောင် အပေါ်မှလှမ်းမြင်နေရသည်။
"မမလိပ်ပြာ..ကျွန်တော် ဓာတ်ပုံရိုက်ပေးရမလား.."
"အင်း..လိပ်ပြာအမှတ်တရ ရိုက်ချင်တယ်.."
"အဲ့ဒါဆို ကျွန်တော့်ကိုမမရဲ့ဖုန်းပေး..
ကျွန်တော်ရိုက်ပေးမယ်..."
ဝေမောင်ကို ဖုန်းပေးတဲ့လက်က လေထဲမှာတင် ဖမ်းဆုတ်ခံလိုက်ရသည်။
မာနမင်းသားကြီး ဦးဘုန်းမြတ်က လိပ်ပြာရဲ့ဖုန်းကို အတင်းလုသွားခြင်းဖြစ်သည်။
"ကိုယ်ရိုက်ပေးမယ်.."
"သူဌေးက..ရိုက်တတ်လို့လား.."
"ဓာတ်ပုံပြိုင်ပွဲမှာရထားတဲ့ဆုပါ..မင်းကိုထုတ်ပြရမလား.."
"မလိုပါဘူး..အာ့ဆိုလည်း..ရိုက်ပေး.."
အမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံပြီးနောက် ဖုန်းကိုပြန်ယူကြည့်လိုက်ရာ လိပ်ပြာပါးစပ်အဟောင်းသားဖြစ်သွားရသည်။
ဓာတ်ပုံထဲမှာ လိပ်ပြာကတစ်အားလှတာပဲ။
သူ့ကိုကြည့်ပြီး ပါးချိုင့်တွေပေါ်အောင်ပြုံးကာ လက်မထောင်ပြလိုက်သည်။
"အရမ်းကြိုက်တယ်..ရှင်ကဓာတ်ပုံရိုက်တဲ့နေရာမှာ တကယ်တော်တာပဲ.."
"ကိုယ်တော်မှန်း..ကိုယ်သိတယ်.."
ဒါပဲပြောပြီး ဆရာကြီးလိုအထှာနဲ့
ခပ်လှမ်းလှမ်းမှာ လက်ပိုက်ပြီး သွားရပ်နေလေသည်။
"ဘ၀င်မြင့်ချက်ကတော့ နတ်ပြည်ကသိကြားမင်းဖင်တောင် တက်ဆောင့်မိတော့မယ် ..
..ချီးကျူးမိတာကိုက..ငါ့အမှား.."
ထိုအချင်းအရာကို ကြည့်နေတဲ့သူကတော့ ဝေမောင်တို့နှင့်အတူ လိုက်လာသည့်အဖွဲ့ထဲမှ မိုး၀တီဆိုသည့်အမျိုးသမီးပင်။
ထိုမိန်းကလေးက လည်ကတုံးအဖြူနှင့် ခဲရောင်ပုဆိုးကို လိုက်ဖက်စွာ၀တ်ဆင်ထားသည့် ကိုလူချောနားသို့ လျှောက်သွားလိုက်သည်။
"ဟို..၀တီ့ကိုလည်း..ဓာတ်ပုံရိုက်ပေးလို့ရမလား..ဒီနေရာကအရမ်းလှလို့လေ..
အမှတ်တရရိုက်ထားချင်လို့.."
၀တီဖုန်းကိုထုတ်ပြီး သူ့ကိုကမ်းပေးလိုက်ပေမဲ့ လက်က လေထဲမှာသာ တန့်နေသည်။
ကိုယ်တော်ချောက ၀တီ့ကိုအဖက်တောင်မလုပ်ပဲထွက်သွားသောကြောင့်ဖြစ်သည်။
အချေကိုယ်တော်ကြောင့် ၀တီခြေဆောင့် တက်ခေါက်ပြီးသာကျန်ခဲ့ရသည်။
ခုနက ဟိုကောင်မလေးကိုတော့ ရိုက်ပေးပြီး ၀တီ့ကိုရိုက်မပေးတာ ဘာကြောင့်လဲ??။
"ကဲ..အားလုံးပဲ..အောင်ပင်လယ်ကန်ဘက်က လယ်တောကိုသွားကြမယ်..လိုက်ကြမလား.."
"လိုက်မယ်..လိုက်မယ်.."
အောင်ပင်လယ်ကန်ဆိုတာ ကနောင်မင်းသားကြီးရေမြှုပ်ဗုံးစမ်းသပ်ခဲ့သော နေရာဖြစ်လေသည်။
အခုတော့ လူနေအိမ်တွေလည်း စည်ကားလို့ပေါ့။
ဝေမောင်၏အစ်ကို၀မ်းကွဲဖွင့်ထားသည့် လယ်တောကိုရောက်တော့ လိပ်ပြာတို့စားပွဲဝိုင်းပေါ်သို့ ထန်းရည်နှစ်အိုးနှင့် ကြက်ကြော်၊အသုပ်များ အစရှိသဖြင့်လာချပေးလေသည်။
လယ်တောဆိုသည်မှာ လယ်ကွက်လပ်ကြီးထဲမှာ ထန်းလတ်မိုးထားတဲ့ တဲအိမ်လေးများကို သဘာ၀ကျကျဆောက်ထားခြင်းဖြစ်သည်။
ရပ်နီးရပ်ဝေးမှခရီးသည်တွေပင်မကပဲ တက္ကသိုလ်ကျောင်းသားများဆိုရင် အပျော်အနေနဲ့
ဆိုင်ကယ်လ်များကိုယ်စီနှင့်အဖွဲ့လိုက်လာတတ်ကြသတဲ့။
"မမလိပ်ပြာ..ရောက်တုန်း ထန်းရည်လေးတစ်ခွက်လောက် သောက်ကြည့်ပါလား.."
"လိပ်ပြာမသောက်တတ်ဘူး..နောက်ပြီးအမြဲတမ်းငါးပါးသီလ ခံယူနေကျမို့ပါ.."
"မမရယ်..သီလတွေ..ဘာတွေလုပ်မနေပါနဲ့..
သီတာတို့လည်း မြည်းကြည့်တာပဲ..မြည်းရုံလေးမြည်းကြည့်ပါ.."
"ဟုတ်ပါတယ်.."
အကုန်လုံးက ဝိုင်းတိုက်တွန်းနေတော့ ထန်းရည်ခွက်ကိုကိုင်ပြီး ဦးဘုန်းမြတ်ထံသို့ကြည့်လိုက်ရာ
သူက "သောက်ရဲရင်သောက်ကြည့်"ဆိုတဲ့ပုံစံနှင့် မျက်မှောင်ကြုံ့ပြလေသည်။
လိပ်ပြာလည်း သူ့ကိုရွဲ့ချင်တာနှင့် ချက်ချင်းမော့ချပစ်လိုက်ပြီး မျက်ခုံးပြန်တွန့်ပြကာ "သောက်ရဲလို့သောက်တယ်"တွေ့လားဆိုတဲ့ပုံစံပြန်လုပ်ပြလိုက်သည်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"အေ့...မလိုဘူး..ကျွန်မဘာသာလမ်းလျှောက်နိုင်တယ်...လိပ်ပြာတို့က သီလကိုအမြဲ လုံအောင်ခြုံထားတာ..လမ်းလွဲတယ်ဆိုတာ မရှိရဘူး..အေ့.."
အမူးသမားက ဘုရားအကြောင်း ၊တရားအကြောင်းလာပြောနေတော့ ဘုန်းမြတ်လည်းဖြစ်ချင်ရာဖြစ်ဆိုပြီး အခန်း၀မှာသာရပ်ကြည့်နေလိုက်သည်။
"တွေ့လား..လိပ်ပြာပါ..ဦးသီလကိုလုံအောင်ခြုံထားတာ...အာ့..အား.."
ဧည့်ခန်းမှ ဆိုဖာကို တည့်တည့်၀င်တိုက်ပြီး ဂျွန်းပြန်ကာ ဆိုဖာပေါ်ပြန်လိမ့်ကျနေတဲ့ သူမကိုဆွဲထူလိုက်သည်။
"မှတ်ပြီလား..လူကဖြင့် ပိုးဟပ်လိုပိစိလေး..
အရက်ကသောက်ချင်သေးတယ်.."
"ကျွန်မဘယ်မှာ..အရက်သောက်လို့လဲ..အဲ့ဒါ..
ထန်းရည်လို့ခေါ်တယ်..မှတ်ထားထန်းရည်..တပည့်နောက်ကနေလိုက်ဆိုစမ်း ထန်း..ရည်.."
"ကျစ်!!!စိတ်ရှုပ်ဖို့ကောင်းတယ်.."
"ဘာပြောတယ်..စိတ်ရှုပ်ချင်းရှုပ်..လိပ်ပြာကသာစိတ်ရှုပ်ရမှာမဟုတ်ဘူးလား..လူဂွစာကြီးရဲ့..
စိတ်ထားသေသိမ်တဲ့လူကြီး..ရုပ်ကိုကတစ်စက်မှကိုကြည့်မရဘူး.."
"ဘာ..မင်းဘာပြောလိုက်တယ်.."
လူကိုဘလိုင်းကြီးလာဖဲ့နေသည့် သူမကိုဒဲ့ကြည့်ပြီးမေးလိုက်ရာ သူမက ဧည့်ခန်းစားပွဲပေါ်မှ ပစ္စည်းတွေအကုန်လုံးကို အောက်သို့တွန်းချလိုက်ပြီး စင်ပေါ်တက်သလို ခုန်တက်လိုက်သည်။
"အဟမ်း..အဟမ်း..အခုကစပြီး လိပ်ပြာဖြူကြေငြာပါတော့မယ်..ဘုန်းမြတ်သူရဆိုတဲ့လူကြီးဟာ..ဘယ်သူမဆိုသောက်မြင်ကပ်လောက်အောင် ဘ၀င်မြင့်တဲ့ လူ့ ဂွစာကြီး..လူဂလန့်ကြီး..ပြီးတော့..ပြီးတော့..."
"ပြီးတော့ဘာရှိသေးလဲ..ဆက်ပြော..
မကျေနပ်တာဘာကျန်သေးလဲ.."
ဆိုဖာပေါ်မှာ လက်ပိုက်၍ ခြေထောက်ကိုချိတ်ထိုင်ကာ နားထောင်မယ် ဆက်ပြောဟုအမူအရာလုပ်ပြလိုက်သည်။
"ပြီးတော့..မိန်းကလေးတစ်ယောက်ကိုတောင်
ကြင်ကြင်နာနာနဲ့မဆက်ဆံတတ်တဲ့လူကြီး..
လူတစ်ယောက်ရဲ့ စိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတာကို အရေးမစိုက်ပဲ..သူပြောချင်တာပြောတယ်..
သူလုပ်ချင်တာပဲလုပ်တယ်..တကယ်လုံး၀ကိုကြည့်လို့မရတာ..သိရဲ့လား..မာနမိုးထိုးနေတဲ့ လူကြီးရဲ့
ရှင့်ဘေးနားကလူတွေဟာ အသွေးနဲ့အသားနဲ့လူတွေဆိုတာရော..ရှင်သိရဲ့လား..မြင်ရဲ့လား..လူတစ်ယောက်ကို၀မ်းနည်းအောင်ပဲလုပ်တတ်တာလား.
ရှင်ကျွန်မကိုဘာလို့နာကျင်အောင်လုပ်ရတာလဲ.."
ဘုန်းမြတ်ချက်ချင်းထရပ်လိုက်ပြီး သူမကိုခါးကနေဆွေ့ကနဲမြှောက်ချီကာ ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။
သူမမျက်နှာကို သေချာကြည့်ပြီးမေးလိုက်သည်။
"ပြောပါအုံး..ကိုယ်မင်းကို...ဘာတွေနာကျင်အောင်လုပ်ခဲ့တာလဲ..."
ပါးမို့တွေနီစပ်စပ်ဖြစ်နေပြီး အမူးသမားလို ခပ်မှေးမှေးမျက်လုံးများနှင့် သူ့အားဆိုက်ကြည့်လာသည်။
"ရှင်..ကျွန်မပေးတဲ့စာကို အမှိုက်ပုံးထဲလွှင့်ပစ်ခဲ့တာ..ကျွန်မကို..နာကျင်စေတာပေါ့.."
"ဘာစာလဲ.."
သူမက မျက်လုံးလေးပြူးပြီး သူ့ကိုမော့ကြည့်လာသည်။
ပြီးနောက် ပါးချိုင့်လေးတွေ ပေါ်အောင်ရယ်လိုက်ပြန်သည်။
"ဟဲ..ဟဲ..ရည်း..စား..စာ.."
"ဘာ!!!.."
သူရ အံ့ဩနေမိသည်။လိပ်ပြာဖြူ မူးနေလို့ ပေါက်ကရတွေပြောနေတာလား။သူဘယ်တုန်းက သူမဆီမှရည်းစားစာ ရခဲ့လဲဆိုတာ သူတောင်မမှတ်မိပေ။
"ရှင်ဘာတွေ..စဉ်းစားနေတာလဲ..ဘာလဲ..
ကျွန်မရဲ့ ရည်းစားစာအကြောင်းလား.."
"မဟုတ်ဘူး.."
"ဟုတ်ပါတယ်..မညာနဲ့.."
"မဟုတ်ဘူးလို့ပြောနေတယ်.."
"ဟုတ်တယ်လို့ဆိုနေ.."
"မင်း!!!"
သူ့မျက်နှာအနားသို့ တဖြည်းဖြည်းတိုးကပ်လာတဲ့သူမမျက်နှာကို အရှိန်မလွန်ခင်
လက်နှစ်ဖက်နှင့်ညှပ်ဖမ်းလိုက်ရသည်။
နီးကပ်လွန်းတဲ့သူမရဲ့ မျက်နှာသေးသေးလေးက သူ့လက်ဖဝါးထဲမှာ နစ်နေတော့သည်။
သူ့ရဲ့လက်မက ရယ်နေ၍ခွက်သွားတဲ့ ပါးချိုင့်လေးအပေါ်မှာရောက်နေလေသည်။
ညရဲ့တိတ်ဆိတ်မှုဟာ ဘုန်းမြတ်ရဲ့စိတ်ကိုနှိုးဆော်နေဟန်တူသည်။
မျက်နှာနှစ်ခုဟာ နှစ်စင်တီမီတာ လောက်သာကွာသည်အထိ နီးစပ်လွန်းနေသည်။
သူ့စိတ်ကိုညှို့ငင်ဆွဲဆောင်နေတဲ့ ပါးချိုင့်လေးတွေဆီသို့ သူ့မျက်နှာတိုးကပ်သွားပြီးမျက်လုံးကိုမှိတ်လိုက်ချိန်မှာတစ်ယောက်ယောက်ကရိုက်ချလိုက်သလို သူဆက်ကနဲတုန်သွားသည်။
"အား...မလုပ်နဲ့.."
လိပ်ပြာမျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ သူကမျက်လုံးမှိတ်ပြီး သူ့ခေါင်းကိုလက်နဲ့ အုပ်ကိုင်ကာအော်နေလေသည်။
သူဘာဖြစ်နေတာလဲ။ သူလဲလိပ်ပြာလိုနာကျင်နေတာလား။
"အား..မလုပ်နဲ့..မလုပ်ပါနဲ့..."
သူရရဲ့စိတ်ထဲမှာ အမှောင်အတိဖုံးနေသည်။
အနမ်းတစ်ပွင့် ထိုအနမ်းတစ်ပွင့်ရဲ့အနောက်မှာ ရိုက်ချလိုက်တဲ့ လူကြီးတစ်ယောက်ရဲ့လက်ကြီး။
ပါးပြင်မှာ သွေးစို့အောင်အထိ အရိုက်ခံနေရတာ။
သူနာကျင်နေသလို အော်ငိုနေမိတယ်။
ဘယ်သူ သူ့ကို လာကယ်မှာလဲ။
သူသေရတော့မယ်။သေလောက်အောင်နာကျင်နေတယ်။
တစ်ယောက်ယောက် ကျွန်တော့်ကိုကယ်ပါ။
"ဟင်..."
နွေးထွေးတဲ့ အထိအတွေ့တစ်ခုကြောင့် သူ့မျက်လုံး တွေကိုဖွင့်လိုက်ချိန်မှာတော့ လိပ်ပြာဖြူကသူ့ကိုသိုင်းဖက်ထားပြီး သူ့ကျောပြင်ကို လက်သေးသေးလေးတွေနှင့် ပုတ်ပေးနေသည်။
"အဆင်ပြေသွားမှာပါ..လိပ်ပြာရှိတယ်လေ..
ရှင်လုံး၀မနာကျင်တော့ဘူး..လိပ်ပြာက ကာကွယ်ပေးမှာပေါ့..လိပ်ပြာရဲ့အတောင်ပံကြီးတွေကို..ဖြန့်ပြီးကာကွယ်ပေးမှာ.."
စာနာမှုသေးသေးလေးနဲ့ဆိုရင်တောင် သူနွေးထွေးသွားသလို ခံစားရသည်။
သူ့ရင်ဘတ်ထဲမှာ နာကျင်မှုလျှော့ကျသွားသလိုပါပဲ။
ကလေးတစ်ယောက်လို သူမရဲ့ပုခုံးပေါ်မှာ ခေါင်းမှောက်ချလိုက်ပြီး သူမရဲ့ခါးလေးကို ဖက်ထားလိုက်မိသည်။
သူ့ကျောပြင်ကိုပုတ်ပေးနေရာမှ ငါးမိနစ်လောက်အကြာမှာ သူမငြိမ်ကျသွားသည်ကို သတိထားလိုက်မိသည်။
သူမရဲ့ခေါင်းကို အသာထိန်းပြီး ကြည့်လိုက်တော့သူမက အိပ်ပျော်နေတာ ဟောက်တောင်နေလေပြီ။
"လက်စသတ်တော့..အိပ်ချင်လို့ ပုခုံးလာငှားတာပဲ.."
သူမကို အိပ်ခန်းထဲသို့ရောက်အောင် ပွေ့ချီပြီးသိပ်ပေးကာ အခန်းတံခါးပိတ်ခဲ့လိုက်သည်။
သူရအဖို့ ထိုညမှာတော့ ပုံမှန်မက်နေကြ အိပ်မက်ဆိုးတွေနေရာမှာ အဖြူရောင်လိပ်ပြာအိပ်မက်လေးကလှပစွာ၀င်ရောက်လာလေသည်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋
အမူးကောင်း
ဟိုက နားရင်းပိတ်မအုပ်တာကံကောင်း
No comments:
Post a Comment