အခန်း၁၃
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
"အမေရေ..သမီးပြန်လာပြီ..."
"ခွမ်း!!!!!"
"ဟမ်...ဘာသံတုံး.."
အိမ်ထဲသို့၀င်မယ်လို့ကြံခါရှိသေးတယ် အိုးခွက်ကွဲသံတွေက ခရီးဦးကြိုနေနှင့်သည်။
ဒီလင်မယားနဲ့တော့ ခက်ပါတယ်။လစာထုတ်ရက်ကလေးပြန်လာမိပါတယ် စိတ်ကိုတစ်စက်မှမချမ်းသာဘူး။
"ခွမ်း!!!"
"အောင်မာ..အောင်မာ..သေချင်းဆိုးကြီး သူကပဲဟိုဟာကိုင်ပေါက် ဒီဟာကိုင်ပေါက်လုပ်ရတယ်လို့..သတ္တိရှိရင် လာခဲ့စမ်းပါ..လာခဲ့..သေချင်းဆိုးကြီး..ဒီလိုလူကျတော့ အခုထိသေမသေနိုင်ဘူး.."
"ဟာ..ဒီမိန်းမတော့ ငါလုပ်လိုက်ရင်သေတော့မယ်..အလကားနေပူညံပူညံနဲ့..ဒီလောက်တောင်ဖြစ်လှ..ကဲဟာ.."
"ဟာ..အဖေ..အဖေ..မလုပ်ပါနဲ့..."
အဖေကလည်း အမေ့ကိုလက်တရွယ်ရွယ်နှင့် ရိုက်ရန်ဆိုင်းပြင်နေသလို အမေကလည်းဆဲဆိုကျိန်းမောင်း၍ မပြတ်ပေ။
ကြားမှညှပ်နေသူက မောင်လေးပေါ့။အမေ့ကိုလည်း ပိတ်မရ အဖေ့ကိုလည်းတားမရနှင့် မောင်လေးခမျာ စိတ်ဒုက္ခတော်တော်ရောက်နေရှာသည်။
လိပ်ပြာငယ်ငယ်တုန်းကဆိုရင် အဖေနဲ့အမေရန်ဖြစ်တဲ့နေ့ဆို ငိုလိုက်ရတာ ခဏခဏပဲ။
အကြောင်းက ဒီလင်မယားဟာ မီးခြစ်ရှာ၊ဆေးလိပ်ရှာတဲ့ ကိစ္စကအစရန်ဖြစ်ကြတဲ့အတွဲမို့ပါ။
ပတ်၀န်းကျင်ကကြားရင်တော့ အမေ့အသံကြီးပဲပေါ့ တကယ်တော့ အိမ်ထဲမှာပတ်မွှေသူကအဖေရယ်ပါ။
သားသမီးတွေနှင့်တောင် မနိုင်နိုင်အောင်ပြိုင်ငြင်းတတ်တဲ့အဖေရယ်ပါ။
တစ်ခါကဆို အစ်ကိုကြီး၊အစ်ကိုလေးတို့နှင့်
"ကျမ"နဲ့ "ကျွန်မ"ဆိုတဲ့ အသုံးအနှုန်းကိုပြိုင်ငြင်းကျရာမှာ သားတွေက အဖေတို့ခောတ်မှာသာ
"ကျမ"လို့သုံးတာ ဒီဘက်ခောတ်မှာ ဖတ်တော့ "ကျမ" ရေးတော့"ကျွန်မ"ဆိုတာကို စာအုပ်တွေ၊အထောက်အထားတွေပါထုတ်ပြလည်း အတင်း
ဖင်ပိတ်ပြီး သူအမှန်ကြီးလုပ်နေသည့်အဖေ့ကို ရန်မဖြစ်ချင်တော့၍ လူငယ်တွေကသာ အရှုံးပေးလိုက်ရသည်။
အဖေဟာ ဒီလိုတစ်ယူသန် လူ့ဂွစာကြီးပါ။
အမေဆိုသည်မှာလည်း လုပ်ပေးချင်ရင်လုပ်ပေး၊လုပ်မပေးချင်လဲ အသာနေလိုက်တာမဟုတ်ဘူး။
သူ့ယောက်ျားခိုင်းသမျှကို တစ်ခုမကျန်အကုန်အလိုလိုက်ပြီး ကွယ်ရာကျရင် အမျိုးစုံကြိုးခုန်ပြီးတော့ကို ကျိန်စာတိုက်တော့တာပဲ။
မောင်လေးတော့မသိဘူး ကျွန်မအဖို့တော့ ဒီအိမ်မှာနေရင် တနည်းနည်းနဲ့နားပူလွန်းလို့ ထွက်ပြေးချင်တာပဲသိတယ်။
သို့ပေမဲ့ကောင်းတဲ့အချက်ကတော့ အမေဟာသားသမီးတွေကို အရိပ်တကြည့်ကြည့်လိုက်ကြည့်ပြီး လိုအပ်တာမှန်သမျှအကုန်လိုက်လုပ်ပေးတဲ့ တကယ့်မိခင်တာ၀န်ကျေပွန်သူ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး တောသူပီပီ ကျရာနေရာမှာလည်း ဒေါင်ကျကျ၊ပြားကျကျနေထိုင်တတ်သူပင်။
အဖေဆိုရင်လည်း စနေသားပီပီ ဒေါသအင်မတန်ကြီးပေမဲ့ သူ့မိန်းမကိုသာရိုက်တာ သားသမီးတွေကိုတော့ လက်ဖျားနဲ့တောင်မထိပါဘူး။
ကျောင်းဆရာဖြစ်ခဲ့သည့်နည်းတူ သားသမီးတွေကို ပညာဗဟုသုတ တိုးပွားရန်သာအမြဲအားပေးတတ်သူပါ။
သို့ပေမဲ့ ငယ်ငယ်ကတည်းက မျက်စိအရှေ့မှာ
အမေ့ကိုရိုက်ခဲ့တာတွေ ရန်ဖြစ်ခဲ့တာတွေ မြင်ခဲ့တော့ လိပ်ပြာရင်ထဲမှာ အမေ့လောက် အဖေ့ကိုမချစ်ဘူး။
အဖေကတော့ သားသမီးတွေထဲမှာ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ လိပ်ပြာကိုသာအချစ်ဆုံးဟု ခဏခဏပြောတတ်ပါသည်။
"ဒုန်း!!!"
"ဟင်..."
လိပ်ပြာတွေးနေတုန်းရှိသေးတယ် အသံကြားလို့လှည့်ကြည့်လိုက်ရာ ဒီတစ်ခါနံရံကို လက်သီးနဲ့ထိုးလိုက်တာက အဖေမဟုတ်ပဲ မောင်လေးဖြစ်နေသည်။
"အာ..မတော်နိုင်ကြသေးဘူးလား..ဟမ်..နေ့တိုင်းရန်ဖြစ်နေကြတာ အားမရကြသေးဘူးလား..
တစ်ခါလာလည်း မီးခြစ်ပျောက်လို့..တစ်ခါလားလည်း ကော်ဖီထုပ်ကြောင့်..ဆေးလိပ်ရှာမရလို့နဲ့..ရန်ဖြစ်ရတာတော်တော်ဝါသနာပါနေကြလား..ဟမ်....စီးပွားရေးအကြောင်းလဲတစ်ခုမှမပါဘူး..သားနှစ်ယောက်က သူများနိုင်ငံမှာအလုပ်သွားလုပ်နေကြတာလဲ အားနာကြပါအုံး.."
"ဟေ့ကောင် ငါမင်းအဖေကွ..မင်းလာအော်စရာမလိုဘူး.."
"အဖေဆိုရင် အဖေပီသအောင်နေလေဗျာ..
တစ်နေ့ တစ်နေ့အဖေ့ကြောင့်ပဲ ရန်ဖြစ်နေရတာ..
အဖေက အိမ်မှာပတ်မွှေနေတာသိလား.."
"ဟေ့ကောင်..မင်းဘာစကားပြောတာလဲ.."
"အောင်မယ်..ရှင်ကျွန်မသားကိုထိရဲ ထိကြည့်နော်"
နဂိုကမှ အတင်မခံတဲ့အဖေက မောင်လေးကိုရိုက်ဖို့ပြင်တော့ အမေကကြား၀င်ခံလေသည်။
လိပ်ပြာသိတာပေါ့ အဖေဟာလက်ရွယ်ပေမဲ့ တကယ်မရိုက်ဘူးဆိုတာ။
"အဖေနဲ့ အမေကလည်းတော်ကြပါတော့ ..ဒီမှာ မောင်လေးလက်တွေ သွေးထွက်နေပြီ..
လာ မင်းမင်းဆေးခန်းသွားကြမယ်.."
ညာဘက် လက်သီးဆုတ်တစ်ခုလုံး ပွန်းပဲ့ပြီးသွေးထွက်သွားတဲ့ မောင်လေးကို အိမ်အပြင်လည်းရောက်ရော လိပ်ပြာ ဇာတ်ပိုးကိုတစ်ချက်ပိတ်တီးပစ်လိုက်သည်။
"အာ့..မမ..ဘာလို့ကျွန်တော့်ကို..လာရိုက်တာတုံး..
ကျစ်..ဒီမှာလက်ကနာနေတာနော်.."
"အေး..အဲ့လို နာမယ်မှန်းသိရင် ဘာလို့အစထဲက နံရံကိုလက်သီးနဲ့ထိုးသေးလဲ...ငနာလေးရဲ့..ငါနင့်ကို
ဒီ့ထက်တောင် တီးပစ်ချင်တာ..ဟင်း..ဟင်း.."
"မမက..ဘာသိလို့လဲ..အဲ့လင်မယားက ဒီလိုမှပွဲထမကြမ်းရင် အငြိမ့်ကသလို..နောက်ပိုင်းဇာတ်ထုပ်ကြီးတွေ ဘာတွေလာအုံးမှာဗျ..."
သူပြောတာလည်း ဟုတ်သလိုတော့ရှိသည်။
"ဝူး!!!!" "ကျွီ...."
ရုတ်တရက် အရှေ့တည့်တည့်မှာဆိုင်ကယ်လာရပ်လိုက်တာကြောင့် မော့ကြည့်လိုက်တော့ မောင်မင်းကြီးသားဖိုးချွန်က ဆိုင်ကယ်အသစ်၊အ၀တ်သစ်၊အစားသစ်နှင့် ရှိုးအပြည့်ဖြစ်နေသည်။
"ဟဲ့..ဖိုးချွန်..ဆိုင်ကယ်အသစ်တွေ..ဘာတွေနဲ့
ပါလား..တယ်ထောပါလားဟေ့.."
"ဟာ..ကျွန်တော် ထောတာမဟုတ်ပါဘူး..ကိုကြီးမိုးစက်ကိုပူဆာလိုက်လို့ ငွေလှမ်းပို့တာနဲ့၀ယ်လိုက်တာ..ဒါနဲ့မမလိပ်ပြာတို့ဘယ်သွားမလို့လဲ..."
"ဒီမှာလေ..မောင်မင်းမင်း..စတန့်ထွင်ပြီး နံရံကိုလက်သီးနဲ့ထိုးလိုက်တာ ဆေးခန်းသွားပြမလို့.."
"ဟာ..ဟုတ်ပါရဲ့ သွေးတွေရဲနေတာပဲ..မမဆိုက်ကားငှားမယ်ဆိုရင်တော့ မငှားနဲ့တော့ဗျာ..
ကျွန်တော်ပဲ ဆေးခန်းလိုက်ပို့လိုက်မယ်..မမက တစ်ခါလေးအိမ်ပြန်လာတာ ဆေးခန်းသွားရတယ်ဆိုရင် လာဘ်မကောင်းဘူးဗျ..."
"အေးအေး..ကျေးဇူးပါပဲဟယ်..ဒီမှာ..ဆေးဖိုး..
ရော့.."
ဆေးဖို့ယူ ပြီး မင်းမင်းလည်းဆိုင်ကယ်ပေါ်သို့တက်ပြီးရာ ဖိုးချွန်ကလိပ်ပြာဘက်သို့လှည့်လာလေသည်။
"အော်..မမ..လာမဲ့အပတ်ထဲ ကိုကြီး..၂နှစ်ပြည့်လို့မြန်မာကိုအလည်ပြန်လာမှာဗျ..ကိုကြီးကလေ..
ကျွန်တော်နဲ့ အွန်လိုင်းကနေစကားပြောတိုင်း မမလိပ်ပြာအကြောင်းကို အမြဲမေးတယ်ဗျ
..သူ့ကို မမက ဖေ့ဘွတ်ခ်မှာလက်မခံထားဘူးဆို.."
"ဟို...ငါ....မတွေ့မိလို့ပါ..နင်တို့လည်း သွားစရာရှိတာ သွားကြတော့လေ.."
"ဟုတ်ကဲ့..သွားပြီနော်.."
ဆိုင်ကယ်လေးရဲ့ ပြေးလမ်းကြောင်းတစ်လျှောက်ကို ကြည့်ပြီး ကိုကိုမိုးစက်ကိုသတိရမိလေသည်။
ကိုကိုမိုးစက် ပြန်လာတော့မယ်လို့ ဖိုးချွန်ပြောတုန်းက လိပ်ပြာဖြင့်ရင်ထဲကို ထိတ်သွားတာပဲ။
ကိုကိုမိုးစက် စင်္ကာပူကိုမသွားခင်က လိပ်ပြာကို ချစ်ခွင့်ပန်ခဲ့သေးသည်။
ကိုယ့်အကို အရင်းလိုသဘောထားခဲ့တဲ့လူကို ချစ်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှမြင်ကြည့်လို့မရတာကြောင့် အားနာနာနဲ့ပဲ ငြင်းပစ်ခဲ့မိတယ်။
ဒါတောင် လက်မလျှော့သေးပဲ တစ်နေ့သူ
စင်္ကာပူကပြန်လာရင် လိပ်ပြာဆီမှ သူ့အတွက်၀မ်းသာစရာသတင်းကို ကြားချင်ပါတယ်တဲ့။
ဒီလိုတစ်ယူသန်တဲ့လူမျိုးတွေကို လိပ်ပြာသိပ်မုန်းတာပဲ ဒါကြောင့် သူနဲ့ဖုန်းအဆက်အသွယ်၊
အွန်လိုင်းအဆက်အသွယ်မလုပ်ပဲနေခဲ့တာ နှနှစ်တောင်ရှိနေလေပြီ။
အနေဝေးသွားတဲ့ နှနှစ်အတွင်းမှာ လိပ်ပြာသူ့ကိုမေ့တောင်နေသလိုဖြစ်ပြီး ချစ်သူတစ်ယောက်အဖြစ် ဘယ်လိုမှသဘောထားလို့မရနိုင်ခဲ့ဘူး။
"လိပ်ပြာကို ခွင့်လွှတ်ပါ ကိုကိုမိုးစက်ရယ်"
🦋🦋🦋🦋🦋🦋🦋🦋🦋
အချိန်အားဖြင့် ည၇နှနာရီထိုးနေလေပြီ။
သူလည်းဒီနေ့မှ ဘာဖြစ်လဲမသိပါဘူး ခေါင်းတွေထိုးကိုက်လာပြီး ပတ်၀န်းကျင်မှာလည်း ကြည့်လိုက်သမျှအရာရာတိုင်းက ယိမ်းထိုးနေသည်။
ကုဒ်အင်္ကျီကို ကောက်၀တ်လိုက်ပြီး သိမ်းစရာရှိတာတွေကို သိမ်းကာရုံးခန်းအပြင်သို့ထွက်လာလိုက်သည်။
"..လိပ်ပြာဖြူ ရုံးဆင်းချိန်မှာ မပြန်ပဲဘာလုပ်နေတာလဲ မသိဘူး..."
လိပ်ပြာဖြူရဲ့ စာပွဲနားကို တိုးကပ်သွားလိုက်တော့ သူမကအိပ်နေလိုက်တာများ သူ့အိမ်၊သူ့ရာလိုပင်။
သူ့မရဲ့ တံတောင်ဆစ်ဘေးနားမှ စာအုပ်တစ်အုပ်ကို ကောက်ကြည့်လိုက်ရာ ၀တ္ထုစာအုပ်ဖြစ်နေသည်။
စာအုပ်နာမည်က "မြမေ"တဲ့ ကလောင်ရှင်နာမည်ကိုကြည့်လိုက်တော့ လိပ်ပြာဖြူဆိုတော့ သူတောင်ကြောင်သွားသည်။
"ဝါး..ဟင်..သူဌေး..ဘယ်လိုလုပ်ပြီး.."
လိပ်ပြာ အိပ်ချင်မူးထူးနှင့် မျက်လုံးဖွင့်ကြည့်မိတော့ သူဌေးက လိပ်ပြာရဲ့ "မြမေ"ဆိုတဲ့ ၀တ္ထုစာအုပ်ကိုဖတ်နေသည်။
ကိုယ်ရေးတဲ့စာကို သူများဖတ်ရင် ရှက်တတ်တာကြောင့် စာအုပ်ကိုအတင်းအားနဲ့ဆောင့်ဆွဲလိုက်ပေမဲ့ သူကလည်းပြန်ဆွဲထားလေသည်။
"ဟာ..ဘာလုပ်တာလဲ..ဒါကျွန်မ စာအုပ်လေ.."
"မင်းစာအုပ်ကို ငါဖတ်တော့ ဘာဖြစ်သွားမှာ မို့လို့လဲ.."
"ဘာမှတော့မဖြစ်ဘူးလေ..ဒါပေမဲ့..ဟာ.."
လိပ်ပြာရဲ့ စကားမဆုံးခင်မှာပဲ စာအုပ်ကိုသူ့အိတ်ထဲသို ထည့်ပစ်လိုက်သည်။
ပြီးနောက် ခုံပေါ်သို့ကားသော့ကို တင်လိုက်သည်။
"ဒီ..ဒီသော့က.."
"ကိုယ်..ဒီနေ့ကားမောင်းနိုင်မှာ မဟုတ်ဘူး..
မင်းပဲ မောင်းပေးတော့..ကားမောင်းလိုင်စင်ရပြီးပြီလား..."
"ဟိုတလောကတင်ရပြီးပါပြီ..ဒါနဲ့ ဒါရိုက်ဘာဦးအောင်ကဘယ်သွားလို့လဲဟင်..."
"ဟာ..သူ့သမီးနေမကောင်းလို့ ခွင့်ယူ
သွားတယ်လေ.."
"အော်..ဟုတ်သားပဲ..."
လိပ်ပြာလည်း ထမင်းချိုင့်နဲ့ ကိုယ့်အိတ်ကိုယ်သယ်ပြီး အနောက်မှသူ့အရှိန်ကိုမှီရန် ပြေးလိုက်ရသည်။
အောက်က ဘားမှာလည်းအမျိုးသား၀န်ထမ်းတွေရှိရဲ့သားနဲ့ သက်သက်ညှင်းပမ်းတာ။
ကားမောင်းရပြန်တော့လည်း လိပ်ပြာမှာ ချွေးသီး၊ချွေးပေါက်တွေကျပြီး သေချင်စော်တောင်နံနေရသည်။
"ကျွီ..ဒုန်း!!!!"
"ဟာ..တိုက်..တိုက်မိပြီ..."
လမ်းဖြတ်အကူးမှာ အခြားကားတစ်စီးက အရှိန်နှင့်၀င်လာတာကြောင့် နဲနဲတိုက်မိသွားသည်။
လိပ်ပြာကလည်း မရဲတရဲဖြစ်နေတော့ လမ်းဖြတ်ကူးမှု နှေးသွားခြင်းဖြစ်သည်။
ခါးပတ်တွေ ပတ်ထားလို့သာပေါ့ မဟုတ်ရင် မသာပေါ်တာကြာပြီ။
"ဟာ..လိပ်ပြာဖြူ..မင်း..ကားကိုလိပ်လို မောင်းနေမှတော့ တိုက်ပြီပေါ့ကွာ..ကားမောင်းတာကလည်း..အရပ်မူးသမားတောင်..မင်းထပ်သာအုံးမယ်..မင်းပြောတော့ ဟိုတလောကပဲ လိုင်စင်ရပြီးတာဆို.."
"ဟုတ်တယ်လေ..ရပြီးလို့..ရပြီးပြီပြောတာပဲကို"
"နေစမ်းပါအုံး..ဟိုတလောကဆိုတာ ဘယ်နှစ်ရက်ကြာပြီလဲ.."
"သုံးရက်..."
"ဘာ!!!!!!!"
လက်ညှိုးလေး သုံးချောင်းထောင်ပြီး ပြူးတူးကြောင်တောင်လာလုပ်ပြနေတဲ့ ကောင်မလေးကို ကြည့်နေရတာ ရယ်ရခက်၊ငိုရခက်ဖြစ်နေသည်။
လိုင်စင်ရတာ သုံးရက်ပဲရှိသေးတာကိုများ
တကယ့်ဖိုက်တာကြီးလို ဟန်လုပ်ပြီး ကားတက်မောင်းနေတာ ကံကောင်းလို့ မသေတယ်။
"ဒေါက်..ဒေါက်..ဒေါက်.."
တစ်ဖက်ကားမှ ဒါရိုက်ဘာလူကြီးတစ်ယောက်က ဆင်းလာပြီး လိပ်ပြာတို့ ကားမှန်ကိုလာခေါက်လေသည်။
"ဟာ..လုပ်ပါအုံး..လိပ်ပြာကို ထောင်ထဲထည့်ရင်တော့ သွားပါပြီ..ကယ်ပါအုံး..."
"မင်းနေခဲ့..ကိုယ်သွားဖြေရှင်းလိုက်မယ်..."
"ဟုတ်ကဲ့..ဆရာတင်ပါတယ်..ကယ်တင်ပေးပါ.."
သူ့ကိုဘုရားတစ်ဆူလို ထိုင်ရှိခိုးမတတ်ဖြစ်နေတဲ့ ကောင်မလေးကို ကားပေါ်မှာထားခဲ့ပြီး ထိုလူနှင့်ဆွေးနွေးဖို့သွားလိုက်သည်။
လိပ်ပြာ ကားပေါ်မှာထိုင်စောင့်နေရတာ
ဆယ့်ငါးမိနစ်လောက် ရှိတော့မည်။
ကားအရှေ့ခန်းမှ သူတို့ကိုလှမ်းမြင်နေရပေမဲ့ အဆင်ပြေသလား ၊ရန်များဖြစ်နေသလား ခန့်မှန်းရခက်နေသည်။
"ဟင်..."
လိပ်ပြာကြည့်နေရင်းမှ ရုတ်တရက်ဆိုသလို သူဌေးက လမ်းပေါ်မှာတင်လဲကျသွားသည်။
ချက်ချင်းကားပေါ်မှ ပြေးဆင်းလိုက်ပြီး ထိုနေရာသို့ ပြေးသွားလိုက်သည်။
သူ့ခေါင်းကို လက်မောင်းနှင့် ထိန်းမထားရင်း ပါးကိုနဲနဲပုတ်ပြီး နှိုးလိုက်သည်။
"ကိုဘုန်းမြတ်..ကိုဘုန်းမြတ်..ဟာ.."
"ရှင်တို့ ဘာလုပ်လိုက်တာလဲ..ဟမ်..မကျေနပ်ရင်
ဒဲ့ရှင်းလေ..ဒါကဘာသဘောလဲ.."
တစ်ဖက်ကားမှလူတွေကို ခပ်စူးစူးကြည့်ပစ်လိုက်ပြီး လိပ်ပြာအားနဲ့ပိတ်အော်ပစ်လိုက်သည်။
"ဦးတို့ဘာမှ မလုပ်ပါဘူး လျှော်ကြေးကိစ္စပြောလည်း ပြီးရော မင်းယောက်ျားက
သူ့ဖာသာလဲကျသွားတာပါ..တ..တကယ်ပါ ကလေးမရယ်..အထင်မလွဲပါနဲ့.."
ထိုလူကြီးရဲ့ စကားကြောင့် လိပ်ပြာခေါင်းနပန်းကြီးသွားရသည်။ပိုပြီးလည်း ဒေါသထွက်ရသည်။
"ရှင်..လူကြီးဖြစ်ပြီး စကားကိုပေါက်ကရမပြောနဲ့နော်..ဘယ်သူကလင်မယားလို့ပြောနေလို့လဲ.."
"ဒါဆိုမင်းတို့က ဘာတွေလဲ.."
"ဒီမှာ..ကျွန်မတို့ကလင်မယားမဟုတ်ဘူး..
သမီးရည်းစားလည်းမဟုတ်ဘူး.."
"အာ့ဆို ခလေးမတို့က ဘာတွေလဲ..."
"ဘာလဲဆိုတော့...အာ..ဘယ်လိုဖြစ်ပြီး ဧည့်စာရင်းစစ်သလိုလာစစ်နေတာလဲ..ရှင်တို့လုပ်တာနဲ့ သူအသက်ထွက်သွားပြီလားတောင်မသိဘူး..လုပ် လုပ်..ဆေးရုံသွားဖို့ ကူမ ပေးကြအုံး..."
"အေး..အေးပါ.."
အတိုက်ခံရတဲ့ ကားသမားတွေခမျာလည်း လိပ်ပြာကချည်းပိတ်ဟောက်နေ၍ ပြာပြာသလဲလုပ်ပေးကြရှာပါသည်။
သဘောမနော ကောင်းသူတွေမို့သာပေါ့ ခပ်ဆိုးဆိုးလူတွေသာဆိုရင် လိပ်ပြာအစောကတည်းက ခေါင်းပြုတ်နေပြီ။
🦋🦋🦋🦋🦋🦋🦋🦋🦋
မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူရောက်နေတဲ့ပတ်၀န်းကျင်ကိုလိုက်ကြည့်နေမိသည်။
ဒါဆေးရုံပဲ။သူ့လက်မှာလည်း အပ်တန်းလန်းနဲ့ဖြစ်နေသည်။
သူ့လက်ဖဝါးကို တစ်ယောက်ယောက်ကိုင်ထားတာကြောင့် လင်သီးဆုပ်မရဖြစ်နေ၍ ခေါင်းထောင်ကြည့်လိုက်တော့ လိပ်ပြာဖြူပင်။
သူမက သူ့လက်ဖဝါးကိုဆုပ်ကိုင်ထားပြီး လူနာ
ကုတင်ပေါ်မှာ ခေါင်းမှောက်ပြီး အိပ်နေလေသည်။
"လိပ်ပြာဖြူ..ဟေ့..လိပ်ပြာဖြူ.."
သူ့လက်ကို သူမကကျစ်နေအောင် ကိုင်ထားတာမို့ လက်ကိုလှုပ်လိုက်တာနှင့် သူမနိုးသွားသည်။
ချက်ချင်းဆိုသလို သူ့မျက်နှာအနှံ့ကို သူမလက်နဲ့လာစမ်းတာခံလိုက်ရတော့ သူတောင်
ကြောင်အသွားရသည်။
"အင်း..ကိုယ်တော့ မပူတော့ပါဘူး..ခဏလေးနော်..ဆရာမကိုသွားခေါ်လိုက်အုံးမယ်.."
"ဟာ..ဟေ့..ဟေ့.."
ညဘက်ကြီးဖြစ်နေတော့ အသံအကျယ်ကြီးလည်းမအော်ရဲဘူး။အခြားကုတင်တွေမှာလည်း လူနာတွေရှိနေသည်။
ဒီကောင်မလေး လုပ်ချင်တာလုပ်ပြီး ပြောချင်တာပြောသွားတယ်။
လက်ကအပ်ဆိုက်ထားခံနေရတော့ ထပြေးလိုက်လို့လဲမဖြစ်ပေ။
"ဆရာမ..ဒီမှာပါ..အခုမှသတိရလာတာပါ..
ကိုယ်ကတော့လုံး၀မပူတော့ပါဘူး..စိုးရိမ်ရသေးလားလို့..ကြည့်ပေးပါအုံး..အားကိုးပါတယ်.."
"အမယ်လေး..ကြည့်ပေးပါ့မယ်ရှင်..."
ဆရာ၀န်မလေးက ဘုန်းမြတ်ကို သွေးပေါင်ချိန်တိုင်းပြီး နားကျပ်နှင့် စမ်းသပ်လေသည်။
"ဘယ်လိုလဲ ခေါင်းတွေ၊ဘာတွေမူးသေးလား..အော့အန်ချင်တာကော ဖြစ်လား.."
"အခုတော့ ကျွန်တော်အဆင်ပြေပါတယ်.."
"အဟင်း..ရှင်ကသာအဆင်ပြေနေ ရှင့်ချစ်သူကတော့ ရှင်သတိလစ်နေတဲ့တစ်ချိန်လုံး ပူပန်နေလိုက်တာပြောမနေနဲ့ ရှင့်လက်ကလေးလှုပ်လဲ ဆရာမရေ လာခေါ်ပြန်ပြီ၊ခြေလှုပ်လဲ ဆရာမရေလာခေါ်ပြန်ပြီ ဒီကဆရာ၊ဆရာမတွေကစိတ်ရှည်လို့ပေါ့ မဟုတ်ရင်သူလုပ်ပုံက ရိုက်ပေါက်သိလား ဒီလိုဂရုဆိုက်လွန်းတဲ့ချစ်သူမျိုးရတာ ရှင်သိပ်ကံကောင်းတယ်..."
"ဆရာမ..မှားမယ်နော်..မဟုတ်ဘူးလို့.."
"အမယ်လေး..ဘာမှမမှားဘူး..အခုမှဘာရှက်နေတာလဲ..."
ဆရာမက ဆေးရည်ကုန်သွား၍ ကိုဘုန်းမြတ်ရဲ့လက်မှအပ်ကိုဖြုတ်ရင်း တိုင်ချက်ဖွင့်နေရာ လိပ်ပြာမျက်နှာပူလိုက်တာပြောမနေပါနဲ့။
ဟိုလူကလည်း ဆရာမရဲ့စကားကြောင့် လိပ်ပြာကိုလှမ်းလှမ်းကြည့်နေသည်။
စိတ်ညစ်ပါတယ် သူများအမြင်မှာငါ့ပုံစံကအဲ့လောက်တောင်ပဲဖြစ်သွားတာလား။
ငါ့စိတ်ထဲမှာတော့ သူဌေးသာသေရင် အလုပ်ပြုတ်ပြီဆိုပြီး စိတ်ပူသွားလို့ပါ။
"ရှင်က သွေးတွင်းသကြားဓာတ်နည်းသွားလို့ပါ အခုတော့သွေးပေါင်ချိန်လည်းမှန်တယ်..
နှလုံးခုန်နှုန်းလည်းပုံမှန်ပဲ နောက်တစ်ခါ
မူးဝေဝေဖြစ်လာရင် သကြားလုံးဖြစ်ဖြစ် အချိုရည်ဖြစ်ဖြစ်ဆောင်ထားပေါ့..
ကဲ..ဆေးရုံဆင်းချင်ရင်တော့ တော်ကြာနေဆရာ၀န်ကြီး ခွဲခန်းထဲကထွက်လာရင်
လတ်မှတ်လာယူလို့ရပါပြီ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ဆရာမ..."
"ရှင့်ကောင်မလေးကိုသာတင်ပါ သူမမှာခေါင်းမီးတောက်နေရောပဲ.."
ဒီဆရာမတော်တော် လျှာရှည်တာပဲလို့လိပ်ပြာစိတ်ထဲမှပြောနေမိသည်။
ရှက်လွန်းလို့မျက်နှာကြီးနီနေလားဆိုတာစစ်ဆေးဖို့အတွက် သန့်စင်ခန်းကိုသွားရန်အလုပ် လိပ်ပြာရဲ့လက်ကို သူကလှမ်းဆွဲလိုက်သည်။
"အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေးအပြင် မင်းကိုယ့်အပေါ် တစ်ခြားခံစားချက်တစ်ခုခုရှိနေတာလား..."
ငါးဖယ်ကပဲပြောင်းပြန်ပြောရတယ်လို့။
အဲ့ဒါလိပ်ပြာကမေးရမဲ့ စာကြောင်းကြီးမဟုတ်ဘူးလား။
မိန်းကလေးက ဖြေစရာလား။
"ရှိတာပေါ့..ဥပမာ..ရှင်သေသွားရင် ကျွန်မလစာမရပဲနေမှာဆိုးလို့လေ..အာ့.."
"ကိုယ်အတည်မေးနေတာ..မပြောင်နဲ့.."
ရုပ်တရတ် လက်ကိုဆောင့်ဆွဲလိုက်ပြီး လိပ်ပြာရဲ့လက်မောင်းနှစ်ဖက်ကို တင်းကြပ်စွာကိုင်ကာ လှုပ်ခါရမ်းရင်း လာမေးနေသည်။
တော်သေးတယ် သူများတွေအိပ်ပျော်နေကြလို့။
သူနဲ့လိပ်ပြာက မျက်နှာချင်းဆိုင်ဖြစ်နေပြီး သူ့အကြည့်တွေက လိပ်ပြာရဲ့မျက်၀န်းမှ
ပုဒ်စာကိုအဖြေထုတ်နေသလိုပုံစံဖြစ်နေသည်။
လိပ်ပြာဖြူဟာ ရင်ထဲကခံစားချက်ကိုမျက်နှာမှာမပေါ်အောင် လုပ်နိုင်တဲ့လူဆိုတာ သူဘယ်သိရှာမလဲ။
ပုံမှန်အတိုင်းပဲ သူ့ကိုပါးချိုင့်တွေပေါ်အောင်ပြုံးပြလိုက်တယ်။
"ကျွန်မလဲ အတည်ပြောနေတာပဲလေ..ဘာလဲ
မယုံဘူးလား.."
"မယုံဘူး.."
"ဟင်.."
ဒီတစ်ခါတော့ လိပ်ပြာဟန်ဆောင်၍မပြုံးနိုင်တော့ပါ။
သူက ဘာလို့လိပ်ပြာကိုမယုံရတာလဲ။
ဘယ်တုန်းကများ လူတစ်ယောက်ရဲ့ရင်ထဲကို နက်နဲစွာသူ၀င်ကြည့်ခဲ့ဖူးလို့ ဒီလိုပြောရတာလဲ။
"ဒီမှာ ရှင်ဖာသာယုံချင်ယုံ မယုံချင်နေ ကျွန်မကတော့ ဆယ်ခါမေးမေး အခါတစ်ရာမေးမေး ဒီအတိုင်းဖြေမှာပဲ ဘာလဲ ရှင်ကရော ကျွန်မအပေါ် အလုပ်သမားဆိုတာအပြင် အခြားခံစားချက်ရှိနေတာလား..."
သူ့စကားနဲ့ သူ့ကိုပြန်သတ်လိုက်တော့ လိပ်ပြာကိုကြည့်နေရင်းမှ တစ်ခြားကိုအကြည့်လွှဲသွားသည်။
လိပ်ပြာရဲ့လက်မောင်းကိုလည်း လွတ်ပေးလေသည်။
ဘယ်ရမလည်း လိပ်ပြာတို့က စပြီးရင်၊အဆုံးသတ်ရမှဆိုတဲ့ လူပင်။
"ကြည့်ရတာ ရှင်ကျွန်မအပေါ် တကယ်ကြီးခံစားချက်ရှိနေတာပဲ..ဖွင့်ပြောချင်ရင်အခုဖွင့်ပြောလိုက်နော်..ဖွင့်ပြောချင်တဲ့လူတွေများလွန်းလို့ စင်ဒရဲလားက ဆယ့်နှစ်နာရီ ဒေါင်ဆိုတာနဲ့ ဖောင်ပိတ်ပြီ.."
"ကိုယ်သန့်စင်ခန်း သွားလိုက်အုံးမယ်.."
ဘုန်းမြတ် သန့်စင်ခန်းထဲမှာ မျက်နှာကိုသစ်ချလိုက်ပြီး မှန်ထဲက ကိုယ့်မျက်နှာကိုပြန်ကြည့်မိသည်။
"ငါ..ဘာတွေမေးလိုက်မိတာလဲ..တကယ်ပဲသူမအပေါ်စိတ်၀င်စားနေမိပြီလား..
ပြောင်ချော်ချော်တွေပြောတတ် လုပ်တတ်တဲ့မိန်းကလေးက ငါ့အကြိုက်ပုံစံလား..
ဒါမဖြစ်နိုင်ဘူး..ဘုန်းမြတ် မင်းရူးသွားပြီ..."
ဘုန်းမြတ်အဖို့ မရှင်းလင်းတဲ့ခံစားချက်တစ်ခုကြောင့် မျက်နှာကိုသာ အခါခါသစ်နေမိတော့သည်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋
"လိပ်ပြာဖြူ ပြန်ချေအလှည့်ပေါ့.."
========================================================================
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၁၄
"လိပ်ပြာဖြူ..မင်းလိပ်ပြာဖြူမဟုတ်လား.."
လူတစ်ကောင်လုံးကြီး ရှေ့မှာထိုင်နေတာကိုအစစ်ဟုတ်၊မဟုတ် သံသယ၀င်နေသူကိုလိပ်ပြာမော့ကြည့်လိုက်သည်။
လိပ်ပြာသူ့ကို မြင်ဖူးသလို စိတ်ထဲမှာထင်နေမိသည်။
"ရှင်က..."
"ကိုယ်လေ ..ထွန်းဝေလေ..ဘုန်းမြတ်ရဲ့သူငယ်ချင်း..."
မျက်မှောင်လေးကုတ်ပြီး စဉ်းစားနေတဲ့သူမကို ထွန်းဝေကြည့်ရင်း အရမ်းပျော်နေမိသည်။
ကံကြမ္မာက သူနဲ့သူမကိုပြန်တွေ့ဖို့ရန် အကြောင်းဖန်လိုက်ပြီလေ။
ခဏတွေဝေစွာ စဉ်းစားနေပြီးမှ သူမပါးပြင်မှ ပါးချိုင့်လေးတွေပေါ်အောင် သူ့အားပြုံးပြလာသည်။
"မှတ်မိပြီ..မှတ်မိပြီ..ဟို..ပြုတ်..ဖုတ်..သုပ်ဆိုတဲ့ အစ်ကိုကြီး..."
"ဟာ..လိပ်ပြာကလည်း တကယ့်ဟာမှမှတ်မိရတယ်လို့..ဒါနဲ့ ဘုန်းမြတ်ဆီမှာအလုပ်လုပ်နေတာလား..
"ဟုတ်တယ်..လိပ်ပြာကသူ့ PA လေ..."
PAဆိုတော့ သူ့ရင်ထဲကိုထိတ်သွားတာပဲ။
ဒီကောင် ဘာစတန့်ထွင်နေတာလဲ။
သူ့မှာ အတွင်းရေးမှူးနှစ်ယောက်လောက်ရှိနေတာတောင် လိပ်ပြာဖြူကို PAထပ်ခန့်တာ ဘာသဘောလဲ။
မဟုတ်မှလွှဲရော သူလည်းလိပ်ပြာဖြူကိုစိတ်၀င်စားနေတာလား။
"လိပ်ပြာ ကိုယ်တို့စကားအေးဆေးပြောရအောင် အချိန်ရတယ်မဟုတ်လား.."
လိပ်ပြာအံ့ဩနေမိသည်။သူနဲ့လိပ်ပြာက အရမ်းရင်းနှီးခဲ့တာလည်း မဟုတ်ပဲ အခုသူ့ပုံစံက နှစ်ပေါင်းများစွာ တွေ့ချင်နေတဲ့ မိတ်ဆွေဟောင်းကြီးနဲ့ပြန်တွေ့ရတဲ့ ပုံမျိုးဖြစ်နေသည်။
"ဟိုလေ..ဒါလိပ်ပြာရဲ့ အလုပ်ချိန်မို့လို့..သူဌေးခွင့်မပြုရင်.."
လိပ်ပြာသူဌေးရုံးခန်းသို့ လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
"အော်..ကိုယ်သဘောပေါက်ပြီ..ဒီကောင်ကြီးက ကိစ္စမရှိပါဘူး..ကိုယ်သွားပြောလိုက်မယ်.."
"ဟုတ်ကဲ့.."
သူစိမ်းယောက်ျားတစ်ယောက်နဲ့ အတူမရှိချင်လို့ တမင်ဆင်ခြေရှာပါတဲ့ ဆိုနေမှ သူကသူဌေးရုံးခန်းထဲအထိပါ၀င်ပြောနေသည်။
လိပ်ပြာစိတ်ညစ်လို့ ကိုယ့်ဆံပင်ရှည်တွေကိုသာ လက်နဲ့ဖွပစ်လိုက်သည်။
🦋🦋🦋🦋🦋🦋🦋🦋🦋
ဘုန်းမြတ်အဖို့ ရုံးခန်းထဲမှာ ထိုင်နေရင်းနှင့်စိတ်က
ဂနာမငြိမ်ဖြစ်နေရသည်။
ထွန်းဝေဆိုတဲ့ကောင် ဘယ်ကနေဘယ်လိုရောက်ချလာလည်းမသိဘူး။
သူ့PAကိုပါ "စကားအေးဆေးပြောချင်လို့"ဆိုပြီး တစ်ခါတည်းမသွားတယ်။
လိပ်ပြာဖြူကလည်း ဇောင်းထဲကမြင်းမကြီး
လို တံခါးဖွင့်လိုက်တာနဲ့ ကဆုန်ပေါက်ပြီးကို လိုက်သွားတော့တာပဲ။
ထွန်းဝေတစ်ခါက ပြောဖူးတဲ့ သူလိပ်ပြာဖြူကိုကြိုက်တယ်ဆိုတဲ့ စကားကိုပဲ သူ့ဦးနှောက်တွေထဲမှာ ထပ်ဖန်တလဲလဲပြန်တွေးနေမိသည်။
မသိစိတ်က သူ့ကိုဆွဲခေါ်လိုက်သလို သူ့ခြေလှမ်းတွေက ရုံးခန်းအပြင်သို့ အလိုလိုရောက်သွားသည်။
ဟိုတယ်ဘက်က barသို့ကူးသွားလိုက်ပြီး အကွယ်ကနေ သူတို့နှစ်ယောက်ထိုင်နေတဲ့
ခုံသို့ လှမ်းကြည့်လိုက်သည်။
နှစ်ယောက်သား ရယ်မောနေလိုက်ကြတာ မိုးမမြင်လေမမြင် ဖြစ်နေကြသလိုပဲ။
လိပ်ပြာဖြူကတော့ သူစိမ်းယောက်ျားတစ်ယောက်ကို အားရပါးရ ရယ်ပြနေလိုက်တာများ ပါးချိုင့်တွေက မြွေတွင်းကြီးတွေလောက်ရှိတော့မယ်။
"အာ့..."
နံရံကို ကိုယ့်ဖာသာ ပိတ်ကန်မိပြီး ခြေထောက်နာမှ သတိ၀င်တော့သည်။
သူ့ကိုယ် သူတောင်အံ့ဩနေမိသည်။
ဘုန်းမြတ်သူရဆိုတာ ဘယ်လိုလူမျိုးဖြစ်သွားပြီလဲ။
မိန်းကလေး တစ်ယောက်ကြောင့် ကိုယ့်သူငယ်ချင်း အရင်းကြီးကိုတောင် ဒေါသထွက်နေတာလား။
လိပ်ပြာဖြူ မင်းကဘယ်လိုမိန်းကလေးမို့ ငါ့ရဲ့စိတ်ကို လာ၀င်နှောင့်နိုင်ရတာလဲ။
ငါ့စိတ်ထဲမှာ ထည့်ထားမဲ့ မိန်းမဟာ တစ်ယောက်ပဲရှိစေရမယ်လို့ ငါသံန္နိဌာန်ချထားခဲ့တာ အခုမင်းကြောင့် ပျက်စီးရတော့မှာလား။
"တီ..တီ..တီ..တီ.."
ဖုန်းလာ၍ သူကြည့်လိုက်တော့ သူ့အတွင်းရေးမှူးဆီမှ ဖြစ်နေသည်။
📞"ဟယ်လို.."
📞"ဆရာ နောက်တစ်နာရီမှာ ပရောဂျက်အသစ်အတွက် အစည်းအဝေး ရှိပါတယ်.."
📞"အေး..ငါအခုထွက်ခဲ့မယ်.."
📞"ဟုတ်ကဲ့..ဆရာ.."
ဖုန်းကျသွားသည်နှင့် စားပွဲထိုးတစ်ယောက်ကို လက်ယက်ခေါ်ပြီး တိုးတိုးပြောခဲ့ကာ သူ့ရုံးခန်းဆီသို့ ပြန်လာလိုက်သည်။
🦋🦋🦋🦋🦋🦋🦋
ကိုထွန်းဝေဆိုသည်မှာလည်း တကယ့်လူနှောက်ပင်။
သူနိုင်ငံခြားမှာ ကြုံခဲ့ရတာတွေကို ပြောပြနေတာများ ဟာသကားကြည့်နေရသလိုပဲ။
လိပ်ပြာဆိုတာ ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တယ်။
"တစ်ခါက ကိုယ့်ဖာသာတော့ အဟုတ်ကြီးမှတ်ပြီး အစ်ကို၀မ်းကွဲရဲ့ လက်ဝှေ့ရုံမှာ လက်ဝှေ့တက်ထိုးတာ
ဘာရမလည်းတစ်ဖက်ကဖိုက်တာကောင်ကို နှစ်ချက်လောက် ဦးအောင်ဆော်ထည့်လိုက်တာပေါ့.."
"အဲ့လူကြီး တော်တော်ခံသွားရမှာပဲနော်.."
"ဘယ်ကလာ..သူကဘယ်လိုမှတောင်မနေဘူး..
တကယ် ခံလိုက်ရတာကကိုယ်..."
"ဘယ်လို ကိုထွန်းဝေပြောတော့ နှစ်ချက်လောက်ဆင့်ထိုးလိုက်တယ်ဆို..သူကဘာမှမဖြစ်ဘူးလား.."
"သူကထိုးနေကြဖိုက်တာကြီးလေ အရက်ကလည်း ကိုယ့်ထက်ခေါင်းတစ်လုံးတောင် သာနေသေးတာ
သူလည်းကိုယ့်ကိုတစ်ချက်ပြန်ထိုးထည့်လိုက်ရောနှာခေါင်းထဲကနေ သွေးတွေဆိုတာအတောင့်လိုက်ထွက်လာတာ ကြယ်တွေလတွေပါ မြင်ကုန်ရော..
နှာခေါင်းရိုးပါကျိုးပြီထင်တာ..
အဲ့ဒါနဲ့...ဘာရမလဲ ပြန်ထရင် ထပ်အထိုးခံရမှာ သိလို့ ထကိုမထတော့တာ..အဲ့အတိုင်းလေးပဲ မှောက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်...""
"ဟား..ဟား...အစ်ကိုကတကယ့် သတ္တိခဲပဲ.."
"ဟဲ..ဟဲ..သတ္တိဆိုတာ နေရာတိုင်းထုတ်လို့
မကောင်းဘူးလေ..ဒါမျိုးနေရာမှာ မပါးနပ်ရင် ရှိသမျှအရိုး အကုန်ကျိုးကုန်လိမ့်မှာပေါ့..."
"ဟား..ဟား.."
သူ့စကားကြောင့် ရယ်မောနေတဲ့ သူမလေးကိုကြည့်ပြီး ထွန်းဝေကျေနပ်သွားသည်။
လိပ်ပြာဖြူပျော်ဖို့အတွက်ဆိုရင် သူဘာမဆိုလုပ်နိုင်ပါတယ်။
သူမမှာ လက်ရှိချစ်သူ ရှိ၊မရှိကို စကားနှိုက်ဖို့ရန် ဘယ်ကနေဘယ်လို စမေးရမှန်းမသိဖြစ်နေသည်။
"ဒါနဲ့...လိပ်ပြာမှာ..ရည်းစားတွေ..ဘာတွေ..."
"အစ်မ..."
လိပ်ပြာကိုလက်တို့ပြီး လာခေါ်နေသူကိုကြည့်လိုက်ရာ ၀ိတ်တာကောင်လေးတစ်ယောက်ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ..."
"ဒီကအစ်မကို သူဌေးက UDCမှာ အစည်းအဝေးရှိလို့ ၅မိနစ်အတွင်း သူ့ဆီကိုအရောက်လာခဲ့ပါလို့..ပြောခိုင်းလိုက်ပါတယ်..."
"ကိုထွန်းဝေ..လိပ်ပြာ..သွားအုံးမယ်နော်.."
"ဟာ..လိပ်ပြာ..ဟေ့..."
အနောက်မှာ တစ်ဟေ့ဟေ့ ခေါ်နေလည်းအားမနာနိုင်စွာပဲ ချက်ချင်းမာရသွန်ပြေးနည်းနဲ့ ပြေးထွက်လာလိုက်သည်။
လိပ်ပြာက ဒီက၀န်ထမ်းဖြစ်လို့ UDCကလိပ်ပြာနဲ့အမှန်ဆိုမဆိုင်ပါဘူး။
အဲ့မှာ သူ့အတွင်းရေးမှူးနှစ်ယောက်တောင် ရှိနေပါလျှက်နဲ့ လိပ်ပြာကိုဘာလုပ်ဖို့ခေါ်သွားမှာလဲဆိုတာ တွေးလို့တောင် မရတော့ပါဘူး။
သို့ပေမဲ့ သူဌေးအမိန့်ဆိုတော့လည်း ဘယ်ပြေးလို့
လွတ်ပါ့မလဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋
လိပ်ပြာ အံ့ဩလွန်းလို့ မျက်လုံးလေးပြူးပြီး လိုက်ကြည့်နေမိသည်။
UDCရဲ့ အစည်းအဝေးခန်းကြီးကလည်း လိပ်ပြာတို့နေတဲ့ တိုက်ခန်းနှစ်ခုစာလောက်ရှိတယ်။
အခန်းရဲ့အလည်ခေါင်မှာ ဆယ်ပေကျော်လောက်ရှည်သည့် လေးထောင့်ကျွန်းစားပွဲအရှည်ကြီးရှိနေပြီး အနက်ရောင် စုံလည်ထိုင်ခုံတွေက သူ့နေရာနှင်သူ့အစီအရီပင်။
အမျိုးသမီးရှယ်ယာရှင်တွေရော၊အမျိုးသား ရှယ်ရာရှင်တွေရော အလျှို၊အလျှို အခန်းထဲသို့၀င်လာကြပေမဲ့ ထိပ်ဆုံးက CEOရဲ့ထိုင်ခုံကိုတော့ ဘယ်သူမှ မျက်လုံးလေးနဲ့၀င့်ပြီးတောင်ထိုင်ဖို့မကြည့်ရဲကြပေ။
လိပ်ပြာရယ် အတွင်းရေးမှူးနှစ်ယောက်ရယ်က အခန်းနံရံအနားမှာ ကပ်ထားတဲ့ထိုင်ခုံတွေမှာ ဝင်ထိုင်လိုက်ကြသည်။
လက်ထဲမှာ အတွင်းရေးမှူးအိမ့်သက်ဝေထားတဲ့ ဖိုင်တွဲကိုလှန်ကြည့်လိုက်တော့ တနင်္သာရီတိုင်းဒေသကြီး(ကော့သောင်း ဒေသဘက်ကကျွန်းတွေမှာ အပန်းဖြေဟိုတယ်ဆောက်မဲ့ စီမံကိန်းဖြစ်နေသည်။
လိပ်ပြာကို CEOက လှမ်းကြည့်ပြီး လက်ညှိုးတစ်ချောင်းဝေ့ပြလိုက်တာကိုမြင်တော့ ချက်ချင်းပဲ ကော်ဖီသွားဖျော်ရလေသည်။
ဒါလိပ်ပြာကို ကော်ဖီဖျော်စေချင်ရင် အချက်ပြလေ့ရှိတဲ့နည်းပါ။
"ဒီပရောဂျက်က ကျွန်တော်တို့အတွက် စွန့်စားမှုတစ်ရပ်ဆိုလည်း မမှားပါဘူး...
ရင်းနှီးမြှုပ်နှံမှုများပေမဲ့..အရှေ့တောင်အာရှမှာအလှဆုံးရေအောက်အဏ္ဏဝါရှုခင်းတွေဟာ မြန်မာမှာရှိနေတယ်ဆိုတဲ့အချက်ရယ် ၊တစ်ချိန်တည်းမှာ တောင်တက်တာ၊ပင်လယ်နေသတ္တဝါတွေ အစုလိုက်ကျက်စားတာ၊တောအုပ်တွေထဲ လည်ပတ်ရင်း ရှားပါးငှက်မျိုးစိတ်တွေကိုလည်း လေ့လာနိုင်မှာပါ..."
ကော့သောင်းဒေသကို ကွင်းဆင်းလေ့လာခဲ့တဲ့၀န်ထမ်းရဲ့အပြောကြောင့် CEOဘုန်းမြတ်ဟာ ခုံပေါ်မှာလက်ထောက်ထားရင်း ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။
အချက်အလက်စာရွက် စာတန်းတွေကိုကြည့်နေရင်းနှင့်မှ တင်ပြနေတဲ့လူဆီကိုပဲ တည့်တည့်ကြည့်လိုက်သည်။
"ဟုတ်ပြီ..ဒါဆိုရင် အပန်းဖြေဟိုတယ်ဆောက်ဖို့ရာ ဘာတွေအခက်အခဲရှိနေလဲ..."
"အခက်အခဲကတော့ လန်ပိကျွန်းနဲ့သိပ်မဝေးတဲ့ ကျွန်းကရွာနှစ်ရွာမှာနေကြတဲ့ ရွာသားတွေပါပဲဆရာ...သူတို့ကို ပြောင်းရွေ့ပေးဖို့အတွက်လုံး၀ဖြောင်းဖြလို့မရပါဘူး..
ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ တိုင်ပင်ပြီး ဖိအားပေးရမလားလို့..."
"ဘုန်း!!!!!"
အစည်းအဝေးအခန်းထဲသို့ လိပ်ပြာပြန်၀င်လာသည့်အချိန်က ဗုန်းပေါက်တဲ့အချိန်ဖြစ်နေမယ်လို့ မထင်မိရိုးအမှန်ပါ။
သူ့အနောက်မှာရပ်နေရင်း ကော်ဖီခွက်ပဲ ခုံပေါ်တင်ရမလိုလို၊ပြန်ပဲ ယူသွားရမလိုလိုနှင့် လန့်လွန်းလို့ တုန်တုန်ရီရီ ဖြစ်နေသည်။
"ဒီမှာ..သူတို့ကငြင်းဆန်ရင် မင်းတို့ကလက်ခံလာတဲ့အခြေအနေအထိ ညှိုနှိုင်းနိုင်ရမယ်လေ..
ကလေးကစားစရာလုပ်ငန်းမဟုတ်ဘူး..
ဒီအရာလေးကိုတောင် မသမာတဲ့နည်းနဲ့လုပ်ချင်နေရင် နောက်ထပ် နောက်ထပ် အခက်အခဲတွေကျရင်ရော..မင်းတို့ဘယ်လိုလုပ်မှာလဲ..မကျေနပ်လို့နောင်တစ်ချိန်မှာ အဲဒီ့ရွာသားတွေက မင်းရဲ့ရီဇော့တ်ကို မီးလာမရှို့နိုင်ပါဘူးလို့ပြောရဲလား..တော၀က်မှာလည်းအစွယ်နဲ့ဆိုတာ သိထားပါ.."
"ဟုတ်ကဲ့..ကျွန်တော် မှားပါတယ်ဆရာ.."
တင်မြင့်ခမျာ ခေါင်းလေးငုံ့ပြီး ငြိမ်ခံနေရှာသည်။
CEOဘုန်းမြတ်ရဲ့ သုံးသပ်ချက်ကမှန်နေတဲ့အတွက် ဘယ်သူမှစကားနာ၀င်ထိုးခြင်းတော့မရှိပေ။
"တင်မြင့်...နောက်နှစ်ရက်နေရင်..ကော့သောင်းကို
ငါသွားမယ်..မင်းအဖွဲ့ပါလိုက်ရမယ် အားလုံးအဆင်သင့်လုပ်ထားပါ..."
"ဦးတို့ပါ..လိုက်ပါမယ်..."
ရှယ်ရာရှင်အသီးသီးကလည်း ကွင်းဆင်းလေ့လာလိုပုံရသည်။
တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးထောင်ကုန်ကြသည်။
"ဟုတ်ပြီ..အစည်းအဝေး သိမ်းမယ်..."
CEOမှအစ အစည်းအဝေးအခန်းထဲမှ ရှိသမျှလူတွေဟာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြတာကြောင့် လက်ထဲမှာကိုင်ထားတဲ့ကော်ဖီခွက်ကို ကိုယ့်ဖာသာပဲ မော့သောက်ပစ်လိုက်သည်။
စိတ်ထဲမှာလည်း ကော့သောင်းကိုမလိုက်ရပါစေနဲ့လို့ အကြိမ်ကြိမ်ဆုတောင်းနေမိသည်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋
"ကော့သောင်းကို လည်လည်သွားကြတာပေါ့.."
======================================================================
အခန်း၁၅
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
"ဟဲ့..ဟဲ့..သူဇာ..ဟိုကောင်လေးချောတယ်နော်..."
"အေးဟဲ့...ကိုရီးယားမင်းသားလေးကျနေတာပဲဟဲ့..သူငါတို့ဘက်ကိုကြည့်နေတယ်နော်..."
လိပ်ပြာရယ်ချင်လိုက်တာ တစ်အားပဲ သူငယ်ချင်းတွေပိတ်ရက်လူစုံတုန်းလေး ကစားကွင်းလာပါတယ်။
သူဇာမနှင့် ကြည်ပြာမိုးမက အတွဲချောင်းလိုက်၊ ကောင်လေးတွေကို လိုက်ငမ်းလိုက်နဲ့ အားတယ်ကိုမရှိဘူး။
ရုတ်တရက်သူတို့ ငမ်းကြောဆွဲနေသည့်
ကောင်လေးဆီသို့ မိန်းကလေးတစ်ယောက်ကပြေးလာဖက်လိုက်ရာ နှစ်ယောက်သားဖက်ငိုကုန်တော့သည်။
"သွားပါပြီ..ကြည်ပြာရယ်...သူလေးကလည်း အတွဲနဲ့ဟဲ့..လောကကြီးကမတရားဘူး..
ငါတို့အတွက်ဘယ်တော့များမှ
ကောင်လေး ချောချောပေးသနားမှာလဲ..."
"နင်သေမှ.."
အစအနောက်သန်တဲ့ သဲနုကြောင့် သူဇာ
တစ်ကွက်ခံလိုက်ရပြန်သည်။
"သေနာမ..သဲနု..နင်ကတော့ပြောအားရှိတာပေါ့..တွေ့တာမှန်သမျှ အကုန်ဆွဲစားနေတာကို.."
"အေးဟေ့..အဲ့ဒါကြောင့်..တို့ကဆူးခင်းလမ်းပေါ်လျှောက်ချင်သလား..ကိုကိုကကျောခင်းပေးပြီးသား..ပန်းခင်းလမ်းပေါ်လား..မောင်ကလက်တွဲပေးပြီးသားပဲဟေ့..နင့်လိုဂျေးများတဲ့လူအတွက်ကတော့ ဆံဖြူသွားကျိုးပြီး သေသွားရင် သရဲဘ၀မှာတောင် သူများအတွဲကိုအားကျနေရတဲ့ နှစ်တစ်ထောင် Faကြီးဖြစ်နေမှာ ကျိန်းသေတယ်..."
"သေနာမ...နင်သာနှစ်တစ်ထောင်Fa ဖြစ်မှာ..."
"ဟား..ဟား.."
ကစားကွင်းထဲမှာ ပတ်ပြေးနေတဲ့ သူဇာနှင့် သဲနုကိုကြည့်ပြီး လိပ်ပြာတို့သုံးယောက်က ဒိုင်ခံရယ်နေရသည်။
သူဇာဟာ သူ့ကလေးတွေကိုဘယ်လိုစာသင်လည်းတော့မသိဘူး။
လိပ်ပြာတို့အဖွဲ့နှင့်ရောလိုက်တာနဲ့ မွေးခါစ
ကလေးလေးလို အမူအကျင့်မျိူးဖြစ်နေတတ်သည်။
📞"တီ...တီ..တီ..တီ"
ဖုန်းလာနေ၍ ကြည့်လိုက်တော့ ကိုဘုန်းမြတ်ဆီမှဖြစ်နေသည်။
📞"ဟယ်လို သူဌေး..အမိန့်ရှိပါ.."
📞"လိပ်ပြာဖြူ..သန်ဘက်ခါ ကော့သောင်းကိုသွားမဲ့ခရီးစဉ်မှာ မင်းလိုက်ရမယ်..အဲ့ဒါလိုအပ်တာတွေ ပြင်ဆင်ထားဖို့အတွက်...
မနက်ဖြန်အလုပ်ပိတ်ပေးမယ်..."
"တူ..တူ..."
ဖုန်းကျသွားတာနှင့် တစ်ပြိုင်နက် လိပ်ပြာငိုမဲ့မဲ့ကြီးဖြစ်ကျန်ခဲ့သည်။
သူ့အတွင်းရေးမှူး နှစ်ယောက်လုံးရှိနေပါ
လျှက်နဲ့ လိပ်ပြာကိုမှ ဘာလို့ခေါ်တာလဲ။
မလိုက်ချင်ပါဘူးလို့ ငြင်းရင်လည်း အလုပ်ထုတ်မှာကြောက်နေရတယ်။
ဦးဘုန်းမြတ်ရယ် ရှင်ကျွန်မအပေါ် တော်တော်နှိပ်စက်တယ်။
🦋🦋🦋🦋🦋🦋🦋🦋🦋
တနင်္သာရီတိုင်းဒေသကြီး🛬
ရန်ကုန်မှ ကော့သောင်းသို့လေယာဉ်ဖြင့် နှစ်နာရီကြာစီးရလေသည်။
လေယာဉ်ပေါ်မှ ဆင်းဆင်းခြင်းပဲ သက်ဆိုင်ရာ အာဏာပိုင်လူကြီးတစ်ချို့ကလည်း လာရောက်စောင့်ဆိုင်းနေကြသည်။
လိပ်ပြာတို့အတွက် တည်းရန်ဟိုတယ်ကလည်း အဆင်သင့်ပါပဲ။
ဟိုတယ်ကိုရောက်ရောက်ခြင်းပဲ လိပ်ပြာအဖို့ လေယာဉ်စီးတုန်းက စိတ်လှုပ်ရှားခဲ့တာကြောင့် ပင်လယ်ပြာကြီးကိုတောင် မကြည့်နိုင်ပဲ တန်းအိပ်ပစ်လိုက်သည်။
"တီ...တီ..တီ..တီ..."
ဖုန်းသံကြောင့် အိပ်နေရာမှ လန့်နိုးသွားပြီး ကြည့်လိုက်တော့ ဟိုလူကြီးဖြစ်နေသည်။
"ဟယ်လို..."
"လိပ်ပြာဖြူ..နေလယ်စာ စားဖို့ထွက်လာခဲ့ ပြီးရင်
ဘိုချိုကျွန်းကိုသွားရမယ်.."
"ဟုတ်ကဲ့ လိပ်ပြာအခုပဲထွက်လာပါ့မယ်..."
အမြန်ရေချိုးခန်းသို့၀င်ကာ မျက်နှာသစ်၊သွားတိုက်ပြီး မိတ်ကပ်တောင်လိမ်းမနေတော့ပဲ အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။
ဟိုတယ်အရှေ့ကိုထွက်လာတော့ သူကကားဘေးမှာ ရပ်ပြီးစောင့်နေသည်။
တိုက်ဆိုင်လွန်းသည်က သူနဲ့လိပ်ပြာက ၀တ်စုံဆင်တူဖြစ်နေသည်။
လိပ်ပြာက စတိုင်ပန်အနက်နှင့် တီရှပ်အဖြူရောင်ကို တွဲဖက်၀တ်ထားသလို သူကလည်း စတိုင်ပန်
အပွအနက်နှင့် ကော်လံပါတီရှပ်အဖြူကိုပဲ ၀တ်ထားလေသည်။
အများကမြင်ရင် စုံတွဲတွေလို့ထင်နိုင်သည်။
သူကလိပ်ပြာဘက်သို့ ကြည့်လာရာ လိပ်ပြာနည်းတူအံ့ဩသွားပုံရသည်။
"ဟိုလေ..လိပ်ပြာပြန်လဲ လိုက်ရမလား.."
"မလိုပါဘူး..ကားပေါ်တက်..."
ဒီနေ့မှ ကော့သောင်းကိုရောက်တယ် ဘယ်ကနေဘယ်လိုကားဌားလိုက်မှန်းမသိဘူး။
လိပ်ပြာအိပ်နေစဉ်အတွင်းမှာ သူဘာတွေများလုပ်နေခဲ့တာပါလိမ့်။
စားသောက်ဆိုင်ကိုရောက်တော့ ရှယ်ရာရှင်လူကြီးတွေနှင့် ဦးဘုန်းမြတ်ရဲ့ အတွင်းရေးမှူးတစ်ယောက်က ကြိုရောက်ပြီးစားသောက်နေနှင့်ကြသည်။
ဒါဆို သူကလိပ်ပြာကို သီးသန့်စောင့်ပြီးခေါ်တာပေါ့။
လိပ်ပြာထိုင်ခုံတစ်ခုမှာ ၀င်ထိုင်လိုက်ပြီး သူ့ကိုအားနာစွာကြည့်လိုက်သည်။
"ရော့..ဒီမှာ မီနူး..မင်းစားချင်တာမှာလို့ရတယ်.."
"ရှင်ကျွေးမှာလား..."
သူ့ကိုမျက်နှာငယ်လေးနှင့် ကြည့်နေသည့် ကောင်မလေးကြောင့် ရယ်ချင်နေရသည်။
ဟင်းအမယ်တွေက ဈေးကြီးနေတော့ သူမခမျာပိုက်ဆံကုန်မှာ ဆိုးနေပုံရတယ်။
"အင်း..မင်းကြိုက်တာမှာ.."
"တကယ်နော်..ဒါဆိုအားမနာတော့ဘူး..."
"ငါးသံပုရာပေါင်းတစ်ပွဲ..၀က်နံရိုးမီးတောက်..ဆူကီအရည်၀က်အသားလုံးရယ်...ဂဏန်းချဉ်စပ်ပွဲကြီးတစ်ပွဲ..ငါးစင်ကော်ရယ်..တုန်ရမ်းထမင်းရယ်..
ပြီးတော့.."
"နေဦး.."
ဘုန်းမြတ်ရဲ့အသံကြောင့် UDCမှလူတွေအကုန်လုံးနီးပါး သူတို့ထိုင်နေရာသို့ ပြူးကြည့်လာကြသည်။
ထိုလူတွေရဲ့ အကြည့်ကိုမမြင်တဲ့ဘုန်းမြတ်ကတော့ လိပ်ပြာဖြူကိုသာဆူဖို့မဲနေတော့သည်။
"လိပ်ပြာဖြူ..မင်းလူမှ..ဟုတ်သေးရဲ့လား.."
"ဘာဖြစ်လို့လဲ..သူဌေးပဲ ကြိုက်တာမှာဆို..
ဘာလဲလိပ်ပြာကို မကျွေးနိုင်တော့လို့လား..."
ကိုယ့်စကားကို ဘယ်အဓိပ္ပာယ်ရောက်နေလည်းဆိုတာ သူမတွေးပုံလည်းမရပါဘူး။
သူကမကျွေးချင်လို့ထင်ပြီး မျက်နှာလေးညှိုးကျသွားသည်။
"ကိုယ်ဆိုလိုချင်တာ အဲ့လိုမဟုတ်ဘူး...မင်းအခုမှာနေတာတွေက အရမ်းစပ်တဲ့ဟာတွေများနေတယ်..အစပ်အရမ်းစားရင် ဗိုက်အောင့်တတ်တာကို..မိန်းကလေးဖြစ်ပြီး..မင်းမသိဘူးလား..
"ဒီမှာ..အစပ်စားရင် ကယ်လိုရီတွေလောင်ကျွမ်းပြီးအဆီကျစေတယ်ဆိုတာရော ရှင်မသိဘူးလား..
မကျွေးချင်လဲမကျွေးနဲ့ ဒီတစ်နပ်တော့ကိုယ့်
ဖာသာ၀ယ်စားလို့ ရတယ်သိလား..."
"မရဘူး..ကိုယ်မှာပေးတာပဲစားရမယ်..ညီလေး..နံရိုးမီးတောက်နဲ့ ဂဏန်းချဉ်စပ်ကို မယူတော့ဘူး..နောက်ထပ် ထမင်းနဲ့ ဟင်းအမယ်စုံချပေးကွာ.."
သူ့ကို မျက်ထှောက်နီကြီးနဲ့ ပြန်ကြည့်နေ
သည့်သူမကို မသိချင်ယောင်ဆောင်ကာ အခြားဘက်ကိုအလှည့်မှာတော့ UDCမှလူတွေ၏ တအံ့တဩဖြစ်နေသည့် အကြည့်တွေနှင့်သွားဆုံသည်။
သူလည်း ရှက်ပြုံးလေးတစ်ချက်ပြုံးပြီးသာ ခေါင်းညိတ်ပြလိုက်သည်။
CEOရဲ့ အပြုံးတစ်ချက်မှာ အကုန်"ဟာကနဲ.."
"ဟင်ကနဲ"ဖြစ်ကုန်ကြသည်။
အဘယ်ကြောင့်ဆိုသော် မပြုံးတတ်ဘူးလို့ သူတို့ထင်ထားတဲ့ လူငယ်လေးရဲ့ အပြုံးက
တကယ့်ကို ရှားပါး ရတနာတစ်ပါးဖြစ်နေခြင်းကြောင့်ပင်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
နေ့လည်စာ စားပြီး၍၁နာရီလောက်အကြာမှာတော့ အမျိုးသားအဏ္ဏဝါ ဥယျာဉ်တည်ရှိရာ
လန်ပိကျွန်း၏ တောင်ဘက်၊ညောင်ဝိကျွန်း၏ မြောက်ဘက် ၇နှစ်မိုင်အကွာမှာတည်ရှိတဲ့ ဘိုချိုကျွန်းဆီသို့ သွားရန်ပြင်ကြလေသည်။
ခရီးက လေး၊ငါးနာရီလောက်ကြာနိုင်ပေမဲ့ အခြားအဖွဲ့တွေက သက်သောင့်သက်သာဖြစ်စေမဲ့ သင်္ဘောနဲ့သာသွားကြလေသည်။
ကိုယ်တော်ချောက ဘာစတန့်ထွင်သလဲမသိဘူး မော်တော်နဲ့ ပိုမြန်တယ်ဆိုပြီး သူတစ်ယောက်ထဲမော်တော်ဘုတ်ဌားပြီး သွားပါမယ်တဲ့လေ။
လိပ်ပြာကို သင်္ဘောနဲ့လိုက်သွားမလား၊သူနဲ့အတူ လိုက်မလားလို့တော့မေးပါတယ်။
လိပ်ပြာက သူ့တစ်ယောက်ထဲကိုပဲသိတာလေ။
အဲ့တော့သူနဲ့အတူလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
အက်ဒမန်ပင်လယ်ဆိုတဲ့အတိုင်း တွေ့သမျှက ရေပြင်ပြာပြာ မိုးသားပြာပြာနှင့် ကျွန်းစုတွေကိုသာ ဟိုတစ်စု သည်တစ်စုတွေ့နေရလေသည်။
ရေပြင်ပေါ်မှာဆိုတော့ နေပူဒဏ်ကလည်း အတော်ခံနေရသည်။
ပင်လယ်ရေပြင်ကြီးကလည်း အလွန်ငြိမ်သက်ကြည်လင်နေပြီး မော်တော်ဖြတ်မောင်းလိုက်တဲ့ နေရာတိုင်းဟာ အဖြူရောင် လှိုင်းတွန့်တွေထသွားသည်ကပင် ကဗျာဆန်နေသယောင်ပင်။
ငှက်ကလေးတွေကတော့ နေမင်းပူပူကြောင့် ကောင်းကင်မှာသိပ်မတွေ့ရပေ။
မော်တော်ဘုတ်စီးရင်း စိတ်ကူးတွေယဉ်နေမိသည်။
နာမည်ကြီးနေတဲ့ ကြက်မောက်ကျွန်းမှ အသဲပုံရေကန်ကြီးဆိုတာနဲ့ ဇီ၀ဇိုးငှက်တွေကို မြင်ဖူးချင်လိုက်တာ တစ်အားပဲ။
ဒီပင်လယ်ရေပြင်ရဲ့အောက်မှာ ပုန်းခိုနေကြတဲ့ အရောင်စုံသန္တာကျောက်တန်းတွေ၊ ရေမှော်တွေနဲ့ ငါးမျိုးစိတ်ပေါင်းများစွာကို လေ့လာချင်စမ်းပါဘိ။
ကျွန်းရဲ့တောတောင်ရိပ်ကို လွှမ်းခြုံပြီး
ဖြူလွှလွှ သဲပြင်နုနုပေါ်မှာ ထိုင်ရင်း စာတွေ၊ကဗျာတွေ တစ်၀ကြီးသီကုံးနေလိုက်ချင်တယ်။
"အော်..အခွင့်အရေး ရှိရင်ပေါ့လေ.."
အတွေးစကို ပင်လယ်ရေထဲသို့မျှောချလိုက်ပြီး လှေထဲကိုလိပ်ပြာကြည့်လိုက်ရာ လှေ၀မ်းထဲမှာ ရေတွေအများကြီးရောက်နေသလိုပဲ။
စထွက်ခါစက ဒီလောက်မရှိဘူးလားလို့။
မော်တော်က အသေးစားလေးဖြစ်ပြီး ခုတ်မောင်းတာလဲပေါ့ပါးတော့ ခရီးတစ်၀က်လောက်ရောက်နေလေပြီ။
မောင်းတဲ့လူက ပဲ့မှာထိုင်နေပြီး သူနှင့်အဖော်ပါလာသူက လှေဦးမှာလိပ်ပြာတို့ကို ကျောပေးပြီးထိုင်နေလေသည်။
အားလုံးစုစုပေါင်း လူလေးယောက်ပေါ့။
ကြည့်နေရင်းနှင့် ရေတွေက တစ်အားများလာရာလိပ်ပြာမနေနိုင်စွာပဲ ကိုဘုန်းမြတ်ရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်မိသည်။
"ဘာဖြစ်လို့လဲ..."
"ဟို..ရေ..ရေတွေက ခြေမျက်စိနားရောက်တော့မယ်..ရှင့်မော်တော်သမားတွေကိုလည်းမေးကြည့်ပါအုံး..လှေကြီးကပေါက်များနေတာလားလို့..."
ဘုန်းမြတ်လည်း လှေ၀မ်းဘက်ကိုကြည့်လိုက်တော့မှ ထိတ်လန့်သွားသည်။
ရေတွေက တစ်အားများနေပါလား။
"ဟေ့လူတွေ..ခင်ဗျားတို့လှေကမဟုတ်တော့ဘူးထင်တယ်..ဒီမှာကြည့်အုံး ရေတွေကြီးပဲ..."
ရေတွေက လိပ်ပြာတို့ရဲ့ခြေမျက်စိအနားထိရောက်လာလေသည်။
လိပ်ပြာလိုက်သာလာရတယ် ရေမကူးတတ်ဘူး။
တော်ကြာပင်လယ်ထဲမှာ ရေနစ်သေနေရင် ဒုက္ခပဲ။
တွေးမိတာနဲ့တင် ကြက်သီးထလွန်းလို့ ကိုဘုန်းမြတ်ရဲ့ လက်မောင်းကိုသာကျစ်ကျစ်ပါအောင် ဖက်ထားနေမိသည်။
မော်တော်မောင်းတဲ့လူက စက်ခဏရပ်လိုက်ပြီးလှေ၀မ်းထဲကိုကြည့်လိုက်ခါ လေဦးမှာ ထိုင်နေသည့် လူကိုလှမ်းအော်လေသည်။
"ဟေ့ကောင် ငထွန်း..မင်းကိုဟိုတစ်နေ့က မော်တော်သွားဖာခိုင်းတာ အခုဘာဖြစ်လို့ ပေါက်နေရသေးတာလဲ.."
"ကျွန်တော်မေ့သွားလို့ဗျ..ကိုကြီးသောင်း
ပြင်ပြီးပြီထင်လို့ ကျုပ်လဲလိုက်လာမိတာ..
ဒုက္ခပါပဲဗျာ..အကုန်မသာပေါ်ကုန်တော့မှာပဲ..ဘကြီးလှစိန်တို့ကျွန်းကိုသာမောင်းဗျာ.."
ငထွန်းဆိုတဲ့လူကလည်း ရေတွေကိုခပ်ထုတ်နေတာ အမောဆို့မတတ်ပဲ။
လှေကြီးကလည်း မောင်းလေ၊ပိုနစ်လေဖြစ်ပြီး အိပဲ့ အိပဲ့နဲ့အသဲယားစရာကောင်းလှသည်။
လိပ်ပြာကတော့ ကြောက်လွန်းလို့ ခန္ဓာကိုယ်ဟာ
တဆတ်ဆတ် တုန်နေပြီးဘေးကလူကြီးရဲ့လက်ကိုပဲ မလွှတ်တန်း ကိုင်ထားမိသည်။
ဘုန်းမြတ်လည်း အသားတွေတစ်ဆတ်ဆတ်တုန်နေပြီး အကြောက်လွန်နေသည့်သူမကိုဖတ်ထားလိုက်သည်။
သူမက သူ့ကိုမျက်ရည်ဝဲနေတဲ့ မျက်၀န်းလေးနဲ့မော့ကြည့်လာလေသည်။
"လှေကြီးကနစ်သွားရင် ဘယ်လိုလုပ်မလဲဟင်..
လိပ်ပြာရေမကူးတတ်ဘူး...လိပ်ပြာကြောက်တယ်..."
"မကြောက်ပါနဲ့ ကိုယ်ရှိတယ်နော်..."
အရေးထဲ ကောင်းကင်ကြီးကအုံ့မှိုင်းလာပြီး ကံဆိုးမသွားရာမိုးလိုက်လို့လာဆိုသလို မိုးဖွဲလေးများလည်းကျလာလေသည်။
နာရီ၀က်လောက်မောင်းလို့အပြီးမှာတော့ ကျွန်းကိုလည်းရောက် လှေလည်းမှောက်ဆိုသလို ကံကောင်းလို့ မသေကြခြင်းဖြစ်သည်။
လိပ်ပြာပျော်လွန်းလို့ ထမခုန်မိတာကံကောင်း။
🦋🦋🦋🦋🦋🦋🦋🦋😭
မိုးကလည်း ဒီနေ့မှရွာလို့ကောင်းနေလိုက်တာများ ခြေတံရှည်အိမ်ကလေးတောင် တစ်သိမ့်သိမ့်ဖြစ်ချင်နေသည်။
လိပ်ပြာအိပ်ခန်းထဲမှာ စောင်ခြုံထဲ၀င်ကွေးနေပေမဲ့ အပြင်ကစကားပြောသံတွေကိုတော့ ကြားနေရပါသည်။
"အဘနာမည် လှစိန်ကွဲ့..မောင်ရင်တို့လိုအပ်တာရှိရင်ပြောနော် လုံး၀အားမနာနဲ့ ..."
"ဟုတ်ကဲ့..ကျွန်တော့်နာမည်ဘုန်းမြတ်သူရပါ..."
"အေးကွဲ့..ဟိုမောင်ရင့်မိန်းမရော ကိုယ်ပူသက်သာရဲ့လား.."
မိန်းမဆိုတဲ့ အသုံးအနှုန်းကြောင့် ဘုန်းမြတ်ခမျာ ကြက်သီးမွှေးညှင်းတွေပါ ထောင်တက်သွားသလိုခံစားလိုက်ရသည်။
အေးလေ အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက် အတူတူတစ်ခရီးတည်း ထွက်လာတယ်ဆိုတည်းက ဒီလိုပဲမြင်ကြမှာပေါ့။
မတတ်နိုင်ဘူး လောလောဆယ်တော့ကြည့်ကောင်းအောင် ပြန်ဖြေရမှာပဲ။
"ဟုတ်ကဲ့ ကျွန်တော့်မိန်းမကြောင့် အဘအလုပ်ပိုမိရင်တောင်းပန်ပါတယ်နော်..."
"ရပါတယ်ကွာ..ဒီရွာမှာက ဆလုံနဲနဲ ကရင်နဲနဲပေါင်းနေကြတာ ဗမာဆိုလို့အဘတစ်ယောက်ထဲရယ်ရှိတာ...ဒါကြောင့် ရနောင်းမှာခင်ခဲ့တဲ့ဟိုငထွန်းတို့ကို ခင်မင်ခဲ့မိတာပေါ့..."
"ဒါနဲ့...အဲ့လူတွေရော ဘယ်ရောက်နေကြတာလဲ..မတွေ့မိသလိုပဲ..."
"မောင်ရင်တို့ကိုအဘဆီမှာအပ်ပြီးတည်းက
ရနောင်းမှာကုန်သွားချမဲ့ အဘရဲ့စက်လှေနဲ့ ခိုးလိုက်သွားကြလေရဲ့.."
"ဟာ..ဒါဆိုကျွန်တော်တို့ကဘယ်လိုပြန်ရမှာလည်း..ဘိုချိုကျွန်းကိုလည်းသွားရအုံးမယ်..အဘတို့ဆီမှာ ဖုန်းရောဘယ်နေရာမှာဆက်လို့ရလည်း..."
"စိတ်တော့မကောင်းဘူးကွယ်..အဘတို့ဆီမှာကဖုန်းလိုင်းမရဘူးကွယ့်..ဒီရွာမှာစက်လှေကလည်း အဘဆီကတစ်စီးကိုသာ လူတကာယူသုံးနေတာ
..ဘိုချိုကျွန်းကဒီနဲ့တော့ သိပ်မဝေးတော့ဘူး..
သွားချင်ရင် သန်ဘက်ခါ ရနောင်းက
အဘရဲ့စက်လှေ ပြန်လာမှသွားလို့ရမယ်ကွဲ့....."
ဘုန်းမြတ်အဖို့စိတ်ထဲကနေသာ သက်ပြင်းချနိုင်ပါတော့တယ်။
ညကလည်းမှောင်နေ၍ အဘကိုသာနှုတ်ဆက်ပြီး အိပ်ခန်းထဲပြန်၀င်လာလိုက်သည်။
အိပ်ခန်းထဲသို့ရောက်တော့ လိပ်ပြာဖြူကသူ့ကို စောင်းမဲမဲပြီးကြည့်နေသည်။
သူမရဲ့ဘေးမှာ သူ၀င်ထိုင်တဲ့အထိ ထိုအကြည့်ကမပျောက်ပေ။
"မင်း..ဘာလို့ငါ့ကိုအဲ့လိုကြည့်နေတာလဲ..."
"ဘာလို့လဲ..ဟုတ်လား.."
ရယ်ချင်လိုက်တာ ဖက်ဖက်မော ရင်ဘတ်နောက်ကကျောလို့သာ အော်လိုက်ချင်တယ်။
ရုပ်ကိုက ဗြောင်လိမ်ဗြောင်စား၊ကလိမ်ကကျစ်ရုပ်နဲ့ တစ်စက်မှကြည့်မရဘူး။
"ရှင်ခုဏက ကျွန်မကိုရှင့်မိန်းမလို့ ဘာဖြစ်လို့ပြောလိုက်တာလဲ..အမှန်အတိုင်းဖြေတော့..
မြွေကိုက်မှာစိုးလို့လား..."
"ဟ..မင်းမမိုက်ရိုင်းနဲ့နော်...ငါကအဆင်ပြေအောင်ကြည့်ပြောလိုက်တာလေ..မင်းနဲ့ငါနှစ်ယောက်ထဲဒီနေရာကိုရောက်လာတာ အဲ့လိုမပြောရင် သူတို့ကမင်းကိုဘယ်လိုမိန်းကလေးလို့ထင်ကြမလဲ...နည်းနည်းပါးပါးဦးနှောက်လေးနဲ့တွေး.."
သူပြောချင်တာပြောပြီး လိပ်ပြာရဲ့ဘေးမှာ လာလှဲအိပ်နေသည်။
"ဒီမှာ..ရှင်ဘာလို့ဒီမှာလာအိပ်နေတာလဲ..တစ်ခြားနေရာသွားအိပ်လေ..."
သူ့လက်မောင်းကို အတင်းဆောင့်ဆွဲလိုက်တာကြောင့် ဒေါသထွက်သားပုံရတယ်။
ငေါက်ကနဲ ထထိုင်ပြီး ထရံကာဘေးနားမှာထိုင်နေတဲ့လိပ်ပြာရဲ့မျက်နှာနားသို့ သူ့မျက်နှာကြီးတိုးလာလေသည်။
လိပ်ပြာလက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ့ရင်ဘတ်ကို တွန်းထားလိုက်သည်။
"ရှင်..ရှင်ဘာလုပ်မလို့လဲ..ကျွန်မအော်လိုက်မှာနော်.."
သူကမဲ့ပြုံးတစ်ချက်ဖန်ဆင်းလိုက်ကာ လိပ်ပြာရဲ့ခါးအနောက်ကို သူ့လက်တစ်ဖက်ကရောက်လာသည်။
လိပ်ပြာလန့်ပြီး သူ့ကိုကြည့်လိုက်တော့ သူကလိပ်ပြာရဲ့ ခါးနေရာကိုကြည့်နေသလိုပဲ။
"လူယုတ်မာ..."
"ဖြန်း!!!!"
ဘုန်မြတ်ရဲ့ဘယ်ဘက်ပါးက ထူပူသွားပြီး
ပြင်းထန်တဲ့ရိုက်ချက်ကြောင့် မျက်နှာပါလည်ထွက်သွားသည်။
"မင်း..မင်းငါ့ကိုဘာလို့ရိုက်တာလဲ.."
"ရှင်ဘာလို့ကျွန်မကို ကြံစည်ဖို့ကြိုးစားလဲ.."
"ဟာ..မဟုတ်တာတွေလျှောက်တွေးဖို့ပဲ မင်းတတ်တယ်..ဒီမှာ မင်းရဲ့အနောက်က ဖက်ခေါင်းအုံးယူမလို့သိရဲ့လား..မင်းနဲ့ငါ့ကြားမှာခြားထားမလို့...
ဘယ်လိုအူကြောင်ကြားလဲမသိဘူး..
စိတ်ချ..မင်းလိုအကုန်သေးနေတဲ့လူက ငါ့အကြိုက်မဟုတ်ဘူး..."
လိပ်ပြာရဲ့ ခန္ဓာကိုယ်ကို စုန်ချီဆန်ချီကြည့်ပြီး ဝေဖန်ရေးထုတ်ကာ သူ့နေရာမှာ သူ၀င်လှဲချလိုက်သည်။
လိပ်ပြာကိုဝေဖန်တာတော့မကြိုက်ပေမဲ့ သူ့နောက်ကျောကိုကြည့်ပြီး သူ့ပါးလေးနီသွားတာကြောင့် စိတ်မကောင်းတော့ ဖြစ်နေမိသည်။
သူကရွှေပေါ်မြတင်နေလာခဲ့တဲ့လူဆိုတော့ အခုလိုဖျာခင်းလေးပေါ်မှာ အိပ်နေရတာပဲ လွန်လှပြီထင်ပါရဲ့။
ခုဏကအဘလှစိန်ကိုမဟုတ်တန်းတရားတွေပြောလိုက်တာက စိတ်ထဲရောက်နေတော့ ဒေါသအရှိန်နဲ့ သူ့ကိုမကောင်းမြင်နေခဲ့မိတယ်။
လိပ်ပြာကလည်း တစ်ခုခုဆိုအဆုံးထိတွေးလိုက်မိတော့ ကိုယ်ထိလက်ရောက်ကြူးလွန်မှုတွေဖြစ်သွားတာ တော်တော်ဆိုးတယ်။
အခြားသူတစ်ယောက်သာ ဒီနေရာမှာဆိုရင် လိပ်ပြာကိုပြန်ရိုက်မှာသေချာတယ်။
စိတ်ထဲမှာပြောနေမိတဲ့စကားကတော့
"လိပ်ပြာ တောင်းပန်ပါတယ်..."
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋
"ကော့သောင်းကို အလည်ခေါ်မလို့ပဲ လှေပေါက်သွားလို့ ကျွန်းပေါ်မှာသောင်တင်နေပြီ ကယ်ကြပါအုံး.."😁
=====================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၆
နံနက်ခင်းရဲ့ ရောင်ခြည်နုနုသည် ကြူထရံရဲ့အပေါက်ငယ်လေးတွေကြားမှ တိုးကပ်ဖြတ်သန်း၍ အခန်းလေးထဲသို့၀င်လာလေသည်။
နေရိပ်ထိုး၍ ပူရှိန်းရှိန်းဖြစ်လာတဲ့ ခံစားချက်ကြောင့် ဘုန်းမြတ်လန့်နိုးသွားရသည်။
နားထဲမှာလည်း ကလေးတွေဆော့ကစားနေကြသံတွေက ဆူညံပွက်လောက်ရိုက်နေသည်။
ဘေးကိုကြည့်လိုက်တော့ လိပ်ပြာဖြူကိုမတွေ့ရပေ။
"ဒီကောင်မလေး ဘယ်တည်းကအိပ်ရာထသွားတာလဲ မသိဘူး..."
သူအိမ်ရှေ့သို့ ထွက်လာတော့ ဘကြီးလှစိန်ကကွပ်ပစ်မှာထိုင်ရင်း ဓားမသွေးနေလေသည်။
"ဟော..လူလေးနိုးလာပြီလား...မျက်နှာသစ်၊သွားတိုက်ချင်ရင်တော့ အိမ်ခြေရင်းကရေအိုးထဲမှာ ရေအဆင်သင့်ရှိတယ်ကွဲ့...ပြီးရင်ငါးခြောက်ဖုတ်လေးနဲ့ ထမင်းကြမ်းစားပေါ့ဟုတ်လား..မင့်မိန်းမကတော့ ဆလုံကလေးတွေနဲ့ကမ်းစပ်ကိုပါသွားတယ်.."
"ဟုတ်ကဲ့ အဘ..."
မျက်နှာမြန်မြန်သစ်ပြီးနောက် ထမင်းကြမ်းတောင်မစားတော့ပဲ မိန်းမရှာပုံတော်ထွက်ရတော့သည်။
ဘာသာစကားမတူ လူနေမှုမတူတဲ့အရပ်မှာ လိပ်ပြာဖြူဘယ်တွေကိုလျှောက်သွားနေတာပါလိမ့်။
ဟောတွေ့ပါပြီ။မကြီးမငယ်နဲ့ ကမ်းစပ်မှာ ကလေးတွေနဲ့စိန်ပြေးတိုင်းကစားနေတာ။
၀တ်ထားတာကလဲ ဘယ်ကအဘွားကြီးအ၀တ်အစားတွေလည်းမသိဘူး။
အင်္ကျီချိုင်းပြတ်အပွကြီးနဲ့ ထမီကိုခြေသလုံးဖွေးဖွေးလေးတွေ ပေါ်တဲ့အထိခပ်တိုတိုပဲ ရင်ခေါင်းအထိတက်၀တ်ထားလိုက်သေးတယ်။
အသားဖြူလို့ပေါ့ မဟုတ်ရင် ဆလုံရွာသူပင်လယ်ဂျစ်ပစိမလေးလို့ ထင်မိမှာမလွဲပဲ။
ဆော့နေတာကလည်း မျက်လုံးကိုအ၀တ်စစည်းပြီး ကလေးတွေကိုလိုက်ဖမ်းနေတာ မတော်လို့ပင်လယ်ထဲ ဂျွန်းပြန်ကြမှ ဟုတ်ပေ့ဖြစ်နေမယ်။
သူမရဲ့ ဒီပုံစံလေးကိုတွေ့တော့ လွန်ခဲ့တဲ့၉နှစ်က သူ့ကိုစိတ်ပျော်ရွှင်စေခဲ့တဲ့ အရာလေးကို ပြန်မြင်ယောင်နေမိသည်။
"လိပ်ပြာဖြူ မင်းကအမြဲတမ်းကိုယ့်အတွက်ထူးခြားတဲ့ သူပဲ။"
"ဘယ်ဘက်မှာလည်း ..လိုက်ပြီနော်..
ဟား..ဟား လွတ်အောင်ပြေး..အင့်!!!!!"
"အခုဖမ်းမိတာ ဘယ်သူလဲ..."
ကလေးတွေနဲ့ မျက်စိကိုပိတ်စစည်းပြီး
စိန်ပြေးတိုင်းကစားနေရင်း တစ်ခုခုကို၀င်တိုက်မိလို့ တစ်ယောက်တော့မိပြီဆိုပြီး ဆွဲဖက်ထားလိုက်သည်။
မဟုတ်သေးပါဘူး။လိပ်ပြာကစားနေတာ ကလေးတွေနဲ့လေ။အခုကအရမ်းအရပ်ရှည်နေသလိုပဲ။
မျက်လုံးကိုပိတ်စစည်းထားတာကြောင့် လက်နဲ့စမ်းပြီး ဘာကြီးမှန်းသိအောင်လုပ်ရမယ်။
ပထမဆုံးစစမ်းမိတာက ကြယ်သီးတွေလိုအလုံးလေးတွေ။ဒါဆို ရင်ဘတ်ပေါ့။ကလေးသာပြောတယ်ရင်ဘတ်ကလည်း အကျယ်ကြီး။
ပြီးတော့ ရင်ဘတ်ကနေအပေါ်ကိုလက်နဲ့စမ်းလိုက်တော့ နှာတင်ဖြောင့်ဖြောင့်ကြီး၊ပြီးတော့ နှုတ်ခမ်းအိအိလေး ၊ထို့နောက်ထပ်ဆင်းလာရာ အဖုကြီးလို အခုံးကြီးဘာကြီးမှန်းမသိတော့ ပိတ်စကိုဖယ်ပစ်လိုက်သည်။
"ဟင်...ရှင်.."
"ဘယ်လိုလဲ...အာရုံခံစားလို့မှကောင်းရဲ့လား..."
"ဟား..ဟား..ဟား..ဟား.."
အတူဆော့နေတဲ့ ကလေးတွေကလည်း လိပ်ပြာရဲ့ကြောင်အသွားတဲ့ ပုံကိုကြည့်ပြီးအကုန်ဝိုင်းဟားကုန်ကြသည်။
ခုဏကစမ်းမိတာက ဘာအဖုကြီး၊အခုံးကြီးမှမဟုတ်ဘူး သူ့ရဲ့လည်စိကြီး ဖြစ်နေသည်။
လိပ်ပြာရှက်လိုက်တာ ရေကူးတတ်ရင်ပင်လယ်ထဲကို ဒိုင်ပင်ထိုးချလိုက်ချင်တယ်။
"အောင်မာ..ဘာရယ်ကြတာလဲ..မမကိုဘာလို့မပြောကြတာလဲလို့..."
လိပ်ပြာကခါးထောက်ပြီးဆူတော့ အညိုစင်ဆလုံကလေးငယ်လေးတွေက ကိုယ်လုံးလေးတွေကြှုံ့ပြီး ပြုံးစိစိလုပ်နေကြသည်။
"နေစမ်းပါအုံး..သူတို့ကိုသွားပြောရအောင် သူတို့ကမင်းရဲ့စကားကိုနားလည်လို့လား..မင်းကရောသူတို့စကားကိုနားလည်လို့လား..."
"အောင်မာ အထင်မသေးပါနဲ့ ကျွန်မသူတို့ကိုသင်ပေးထားပါတယ်..."
ပြောရင်းဆိုရင်း သဲပြင်ပေါ်မှာ ဘေးနားကတုတ်တစ်ချောင်းကောက်ပြီး မျဉ်းဖြောင့်တစ်ကြောင်းဆွဲလေသည်။
ထို့နောက် ကလေးတွေကို ထိုမျဉ်းလေးအတိုင်း တန်းစီခိုင်းသည်။
"ကဲ ကလေးတို့ တစ် နှစ် သုံး..."
"မင်္ဂလာပါ..."
လိပ်ပြာဖြူဟာ အရှေ့ကနေလက်အုပ်ချီပြီး ဟန်အမူအရာတွေလုပ်ပြတဲ့အတိုင်း ကလေးတွေကလိုက်လုပ်ကြသည်။
ထို့နောက် သူမကအသဲပုံသဏ္ဍန်လေး လက်ကို လေထဲမှာ မြှောက်ပြရာ ကလေးတွေကလည်း လက်ကလေးတွေကို အသဲပုံလေးလုပ်ပြီး ခေါင်းပေါ်မှာကွေးတင်ကြပြန်သည်။
"ချစ်တယ်..."
"ဟေး..ဟေး..!!!!!!!!"
သူတို့ဖာသာပြော သူတို့ဖာသာလက်ခုပ်တွေထတီးနေကြတာ တကယ်အရူးလေးတွေလိုပဲ။
လိပ်ပြာဖြူကို ကြည့်လိုက်တော့ သူမကပိုဆိုးသေး။လက်ခုပ်တွေတီး ပြုံးပျော်ပြီးနေတာများ သူမဟာ ဒီနေရာမှာနှစ်ရှည်လများနေတဲ့ လူတစ်ယောက်လိုပဲ။
ဘုန်းမြတ်ကတော့ ထိုမြင်ကွင်းကိုပြုံးပြီးတော့ပဲ ကြည့်နေလိုက်တယ်။
"လိပ်ပြာဖြူ မင်းကအရမ်းဖြူစင်လွန်းတယ်..
မင်းနဲ့နေရင် လူတိုင်းကစိတ်သက်သောင့်
သက်သာဖြစ်နေမှာ အမှန်ပဲ..."
🦋🦋🦋🦋🦋🦋🦋🦋🦋
ဘကြီးလှစိန်အဖော်စပ်ကောင်းလို့ ဆလုံမင်္ဂလာပွဲသို့ လိပ်ပြာနှင့် ဘုန်းမြတ်ရောက်နေရလေသည်။
မင်္ဂလာပွဲကို ကမ်းခြေမှာ ကျင်းပတာဖြစ်ပြီး။
ခောတ်အတွေးနဲ့ဆို ခောတ်ဆန်တယ်၊ဂေါ်တယ်ပေါ့နော်။
မဂေါ်တာက ကျွေးတဲ့အစားအစားတွေပဲ။
လိပ်ပြာမှာ အော်ဂလီဆန်ချင်လာ၍ နေရာမှာတင်မူးလဲသွားချင်တယ်။
လိပ်ပြာပြောတာအပိုမဟုတ်ဘူး။
ကြည့်လေ မင်္ဂလာဆောင်မှာကျွေးတာက ငါးကင်၊လင်းနို့ကြော် ၊လင်းဆွဲကြော် ၊ ကြက်တစ်ကောင်လုံးပြုတ်ထားတာကြီးက ခေါင်းကြီးထောင်ပြီး မျက်လုံးကြီးပြူးနေတာများ ကိုယ့်ကိုကြည့်နေသလိုပဲ။
ဒါတင်မကသေးဘူး သင်းခွေချပ်ကြော် ၊မျောက်သားကြော်ရယ် အရက်ကလေးပါ ပါလိုက်သေးတယ်။
လိပ်ပြာက မျောက်ကလေးတွေကို အင်မတန်ချစ်တာ အခုအရှေ့မှာ အတုံးလိုက်၊အတစ်လိုက် တွေ့နေရတော့ စားရမှာတောင် သနားသလိုလို ဖြစ်နေသည်။
သူတို့ကလူတွေကို ဧည့်ခံနေတာလား။
ဖုတ် ၊ဘီလူး ၊သရဲ၊ ပိတ္တာတွေကို ခေါစာကျွေးနေတာလားပဲ။
အေးလေး သူ့အရပ်နဲ့သူ့ဇာတ်ဆိုတော့ သူတို့လဲရှိတာကျွေးရတာ နေမှာပေါ့။
သူတို့အရပ်မှာ လောဘနည်းလိုက်တာဆိုတာများ သတို့သားနဲ့ သတို့သမီးအတွက် လက်ဖွဲ့က ရိုးရာလှေရယ် ငါးဖမ်းပိုက်ရယ် ၊ငါးဖမ်းကိရိယာတွေရယ်တဲ့။
ရန်ကုန်မှာ ဒီလောက်လက်ဖွဲ့လေးနဲ့ဆိုရင် ပါးရိုက်ပြီးတော့ကို အိမ်ပြန်လွှတ်လိုက်မှာ ကျိန်းသေတယ်။
သတို့သားနဲ့ သတို့သမီးကို ကောင်းချီးလာပေးတဲ့နတ်ဆရာ နတ်၀င်ပူးနေတာကလည်း လူရိုင်းတွေကသလို ထကနေခြင်းဖြစ်သည်။
တို့ဗမာတွေတောင် နတ်ကန္နားပွဲတွေလုပ်ပြီး တမင်တောင်ကကြသေးတာပဲ သူတို့လည်း ဒီလိုပဲနေမှာပါလို့ တွေးလိုက်ရသည်။
လိပ်ပြာရဲ့ ဘေးနားမှာထိုင်နေတဲ့လူက ကရင်ရိုးရာ၀တ်စုံနဲ့ အသားကဖြူဖြူနဲ့ဆိုတော့ တကယ့်တော်၀န်ကရင်မင်းသားလေးအတိုင်းပါပဲ။
ရုတ်တရက်သူက မျောက်သားကြော်တစ်တုံးကို ကောက်စားမယ်လုပ်နေလို့ သူ့လက်ကိုပုတ်ချလိုက်သည်။
"ဟာ..သွားပါပြီကွာ...အောက်ပြုတ်ကျသွားပြီ..
လိပ်ပြာဖြူ မင်းငါစားမဲ့ဟာကို ဘာလို့ဒီလိုလုပ်ရတာလဲ.."
"ရှင်က ဒါတွေလည်းစားတာပဲလား
ရုပ်ကလေးနဲ့မှမလိုက်..."
လိပ်ပြာမဲ့ကာ ရွဲ့ကာနဲ့ပြောပြစ်လိုက်သည်။
"ဘာဖြစ်လဲ..ငါ့ဖာသာစားတာ ဒီမှာလူတိုင်းလည်း ဒါပဲစားနေတာ မဟုတ်ဘူးလား...."
"ဒီမှာ လူတိုင်းစားပေမဲ့ ရှင်မစားရဘူး..ကျွန်မချစ်တဲ့မျောက်လေးတွေကို စားလို့ကတော့ ရှင့်ကိုသိပ်မုန်းပစ်မှာ..."
ပြောရင်းဆိုရင်းထထွက်သွားတဲ့ သူမကြောင့်
အဘလှစိန်ကိုခွင့်တောင်းပြီး အနောက်မှပြေးလိုက်ရသည်။
သဲသောင်ပြင်ဖြူဖြူပေါ်မှာ ကရင်ရိုးရာအင်္ကျီအဖြူရောင်လေးနှင့် ကရင်ထမီလေးကို ခပ်တိုတို၀တ်ထားတဲ့ သူမအား အနောက်မှလှမ်းကြည့်နေရတာကိုပင် သူနှစ်သက်နေမိသည်။
ကြည့်ပါအုံး ဘယ်လောက်ကဗျာဆန်လိုက်သလဲ။
ကျောပြင်မှ တင်ပါးလောက်အထိပြန့်ကျဲနေတဲ့ဆံပင်ရှည်တွေက လေပြေနှင့်အတူ လွှင့်မျှောပျံသန်းနေသယောင်ပင်။
ကမ်းစပ်မှာမို့ လှိုင်းပုတ်လိုက်တိုင်း သူမရဲ့ခြေထောက်လေးကို ကလူကျီစားလာတဲ့ လှိုင်းလုံးလေးတွေကိုတောင် သူမနာလိုနေမိတယ်။
သူမအနားသို့ မှီအောင်ပြေးသွားလိုက်ပြီး လက်ကောက်၀တ်ကလေးကနေ ဆွဲလိုက်တော့ မျက်ရည်ဝဲနေတဲ့ မျက်၀န်းတွေနဲ့ သူမကသူ့ကိုပြန်ကြည့်လာသည်။
"ဟာ...မင်းငိုနေတယ်..ဘာ..ဘာလို့လဲကွာ...
ကိုယ်မျောက်သားစားလို့လား..."
သမီးရည်းစားလည်းမဟုတ်တော့ သူမမျက်ရည်တွေကို သူသုတ်ပေးချင်ပေမဲ့ သူ့မှာအခွင့်မရှိဘူးလေ။
အဲ့တော့ လက်သီးကိုသာကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်ရသည်။
"ရှင့်ကြောင့်ရယ် မဟုတ်ပါဘူး..ကျွန်မကမျောက်ကလေးတွေကို အရမ်းချစ်တာ ငယ်ငယ်ကအိမ်မှာမွေးထားတဲ့ မျောက်ကလေး ပျောက်သွားပြီး ပြန်တွေ့တော့ ကျောမှာ ဓားခုတ်ရာကြီးနဲ့ အရမ်းသနားဖို့ကောင်းတာပဲ သိပ်မကြာဘူးသူသေသွားတာပဲ...
ခုဏက မျောက်ကို အပိုင်းပိုင်းတစ်ပြီးကြော်ထားတာတွေ့တော့...."
"ငယ်ငယ်က ကိစ္စကိုတွေးမိပြီး ၀မ်းနည်းသွားတာပေါ့ ဟုတ်လား..."
"အင်း...."
တော်တော် သနားကရုဏာကြီးမားတဲ့ ကောင်မလေးပါလားလို့ တွေးမိတော့ သူမကိုပိုလို့ပင်သဘောကျမိသည်။
ရုတ်တရက် သူ့ဗိုက်ကလည်း အားမနာနိုင်စွာ
တဂွီဂွီ ဖြစ်လာ၍ သူမတောင် မျက်လုံးပြူးလေးနဲ့ ကြည့်လာသည်။
"ရှင်..ဗိုက်ဆာနေတာလား..."
"အင်း...မနက်တည်းက ဘာမှမစားရသေးဘူး..."
"အာ့ဆို...လာ..အဘလှစိန်ရဲ့ အိမ်မှာ ရှိတဲ့ငါးခြောက်ငါးခြမ်းလေးတွေနဲ့ ဟင်းချက်ပြီး..စားကြတာပေါ့..."
ပြောရင်းဆိုရင်း သူ့လက်မောင်းကနေဆွဲခေါ်၍ အလိုက်သင့်လေးနေပေးလိုက်သည်။
ခြေတံရှည်အိမ်လေးကိုပြန်ရောက်တော့ အခြောက်လှမ်းထားတဲ့ ဂုံးတွေကို ငရုတ်သီး၊ကြက်သွန်ထောင်းပြီး အနှစ်ကလေးတွေရအောင်ချက်သည်။
သူမကငါးခြောက်ဖုတ်အပြီးမှာ ဖုန်းမြတ်ကငရုတ်ကျည်ပွေ့နဲ့ ငါးခြောက်ပြားကိုထွင်လို့ရအောင် ထုပေးရသည်။
သူမက ချဉ်ရည်ဟင်းချက်မယ်ဆိုရင် သူကကန်စွန်းရွက်ခြွေပေးရပြန်သည်။
သူလုပ်တာမဟုတ်ရင် သူမကဆူလည်းဆူ သင်လည်းသင်ပေးပါသေးတယ်။
အားလုံးပြင်ဆင်အပြီးမှာတော့ အငွေ့တစ်ထောင်းထောင်းထနေသည့် ထမင်းပွဲလေးမှာ နှစ်ယောက်လက်စုံညီစားဖြစ်ကြသည်။
ဖုန်းမြတ်အတွက် တစ်ခါမှမလုပ်ဖူးတဲ့အရာတွေလုပ်ရပေမဲ့ သူ့ရင်ထဲမှာကို တကယ်ပျော်နေမိတယ်။
ဒီလိုနွေးထွေးမှုမျိုးက မိခင်ရှိတုန်းကတောင် သူတစ်ခါမှု မခံစားခဲ့ရဖူးဘူး။
သူဟာ ဟင်းဂျီးများတဲ့လူတစ်ယောက်ဖြစ်သလို၊အရမ်းအရသာရှိပြီး ဈေးကြီးလွန်းပါတယ်ဆိုတဲ့ အစားအသောက်တွေကိုလည်း သူခံတွင်းမတွေ့ခဲ့ဖူးဘူး။
အခုလို သာမာန်သစ်သားစားပွဲလေးပေါ်မှာ ကန်စွန်းရွက်ချည်ဟင်းတစ်ခွက်၊ ဂုံးသားနှပ်တစ်ခွက်နဲ့ ၊ ငါးခြောက်ဆီစမ်းလေးလို သာမာန်ဟင်းပွဲလေးတွေက သူ့ခံတွင်းကိုပိုမြိန်စေခဲ့မယ်လို့ မတွေးခဲ့မိရိုးအမှန်ပါ။
ငယ်ငယ်လေးတည်းက ထမင်းစားပွဲဟာ သူ့အတွက်ပျင်းရိစရာအကောင်းဆုံးနေရာတစ်ခုလို့ မှတ်ယူထားခဲ့တာပါ။
ထမင်းစားနေရင်း သူ့ပန်းကန်ထဲကိုဘယ်သူမှဟင်းလာခပ်ထည့်မပေးကြသလို နေ့ရက်တိုင်းမှာ တစ်ယောက်ထဲအထီးကျန်စွာ စားသောက်ရတာ အကျင့်လိုဖြစ်နေပါပြီ။
"ဒီမှာ ငါးခြောက်ဆီစမ်းလေး စိမ့်နေတာပဲ..ခပ်မစားပဲအလှကြည့်နေတာလား...ရော့..."
ပြောရင်းဆိုရင်း သူ့ပန်းကန်ထဲသို့ ဟင်းလာခပ်ထည့်ပေးပြန်သည်။
သူ့ပန်းကန်ကိုပြန်ကြည့်လိုက်တော့ သူမခပ်ထည့်ပေးထားတဲ့ ဟင်းတွေဟာ ထမင်းထက်တောင်များနေသေးတယ်။
သူမပန်းကန်ထဲကိုကြည့်လိုက်တော့ ဘာဟင်းမှသိပ်ခပ်မထည့်ထားဘူး။
"ရော့...မင်းလည်းစားလေ...."
လိပ်ပြာရဲ့ပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးရင်း နူးညံ့စွာပြုံးပြလာတဲ့သူ့ကြောင့် ထမင်းလုပ်တောင်ပါးစပ်ထဲက ပြုတ်ကျချင်သွားရသည်။
ဒါနဲ့ဆို ရှားပါးလွန်းတဲ့သူ့အပြုံးကို မြင်ခွင့်ရတာ
သုံးကြိမ်တောင်ရှိသွားပြီ။
တစ်ကြိမ်က လေယာဉ်ကွင်းမှာ၊တစ်ကြိမ်က ကားပေါ်မှာ၊နောက်အခါကအခုဖြစ်သည်။
သူ့ကိုကြောင်ကြည့်နေသည့်ကောင်မလေးကို သူနောက်တစ်ကြိမ်ထပ်ပြုံးပြလိုက်သည်။
အမှန်တော့ ဒီထမင်းပွဲလေးက သူမနဲ့အတူချက်ပြုတ်ပြီး အတူယှဉ်ကာလက်စုံညီစားရလို့ ပို၍မြိန်နေခြင်းဆိုတာ သူ့စိတ်ထဲမှာအတတ်သိလိုက်ပါပြီ။
မိသားစုဆိုတဲ့ အရသာလေးက ဒီလိုမျိုးလား။
ဒါဆိုရင်တော့ တကယ်ကိုချိုမြိန်လွန်းပါတယ်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋
ဗိုက်တောင်ဆာသွားပြီ😀

No comments:
Post a Comment