🦋အခန်း ၁ မှ အခန်း ၃ 🦋

 



 အခန်း၁

    .         ချစ်လိပ်ပြာလေး တဝဲလည်လည်


လွန်ခဲ့သော ၉နှစ်က🦋🦋

သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့နေ့ပါ။

ကျောင်းဆင်းချိန်မှာ မိုးတွေသဲထန်စွာရွာနေတာကြောင့် ကျောပိုးအိတ်ကို စက်ဘီးခြင်းထဲထည့်ပြီး ထီးကလက်တစ်ဖက်ကကိုင်ရင်း ကျန်လက်တစ်ဖက်က စက်ဘီးဂိုက်ကိုကိုင်ကာ နင်းခဲ့ရသည်။

"ဝေါ..ဝေါ..ဂျိန်း!!!ဂျလိန်း.."

"မိုးကလည်း သည်းလိုက်တာ..ထီးတစ်ဖက်နဲ့စက်ဘီးစီးရင် ကြောက်ပါတယ်ဆိုနေမှပဲ..."

"ပွန်!!ပွန်!!"

"ဟင်..အား...!!!အမေရေ..ထိန်းမရတော့ဘူး"

"ဝုန်း!!!!"

နောက်မှဝါးတွေသယ်လာတဲ့ ထွေလာဂျီရဲ့ဟွန်းတီးသံကြောင့် စက်ဘီးကို လမ်းဘေးသို့နဲနဲပဲကွေ့လိုက်မိပေမဲ့ အရှိန်လွန်ပြီး လမ်းမကြီးပေါ်မှ လမ်းဘေး ချောက်ကုန်းဆင်းသို့ထိုးကျသွား‌သည်။

လွယ်အိတ်တွေ၊ထီးတွေကလည်း တစ်ခြားကိုလွင့်ထွက်သွားပြီး လူကတော့ စက်ဘီးမှာ
ခွမိလျှက်သားကြီးဖြစ်နေပြီး ခြေတစ်ဖက်ကစက်ဘီးပိနေလေသည်။

ဒီ့ထက်သာအရှိန်မထိန်းနိုင်ရင် သေချာတယ်မြောင်းထဲကိုထိုးကျပြီး ဗွက်လူးနေရမှာပါ။

ထိုပတ်၀န်းကျင်မှလူတွေဟာ ထီးတွေကိုင်ပြီးလိပ်ပြာကိုပွဲကြည့်သလို လာကြည့်နေကြလေသည်။
ထူပေးမယ်တော့မရှိကြဘူး။

စက်ဘီးကြားထဲကခြေထောက်ကိုထုတ်လိုက်ပြီး ထရပ်လိုက်ပေမဲ့ ကြောက်ဒူးတွေတုန်ပြီးလူကယိုင်ကြသွားသည်။

ထိုစဉ် လူတစ်ယောက်က လမ်းအောက်ကိုလျှောဆင်းလာပြီး လိပ်ပြာရဲ့လက်မောင်းကအားနှင့် ဆွဲထူမလိုက်လေသည်။

စာနာမှုပြည့်နေတဲ့မျက်၀န်းတွေနဲ့ကြည့်နေပြီး
လိပ်ပြာရဲ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ လမ်းမပေါ်သို့ခေါ်လာလေသည်။

"ညီမ..မကြောက်နဲ့ ဒီမှာရပ်နေနော်..ကိုကြီးစက်ဘီးနဲ့လွယ်အိတ်တွေ ယူလာခဲ့မယ်..."

နောက်ကနေသေချာကြည့်တော့မှ သူကလည်းလိပ်ပြာလိုကျောင်းစိမ်း၀တ်စုံနှင့် ကျောင်းသားတစ်ယောက်ပင်။

မိုးရေထဲမှာတောင် ချောမောလွန်းတဲ့သူ့ကိုသေချာစိုက်ကြည့်နေမိသည်။

လိပ်ပြာရဲ့စက်ဘီးကိုမပြီး လွယ်အိတ်ကိုခြင်းလေးထဲသို့ထည့်ကာ အပေါ်ပြန်တွန်းလာလေသည်။

"ညီမ..ဒီမှာ..ညီမရဲ့..."
"ကျေးဇူးတင်ပါတယ်..."

ဒီစကားပဲပြောပြီး စက်ဘီးကိုခြေကုန်သုတ်နင်းကာ လစ်ထွက်လာလိုက်သည်။

လိပ်ပြာရှက်တာက သူကကျသန့်ပြန့်ချောမောနေပြီး လိပ်ပြာမှာတော့ တစ်ကိုယ်လုံးရွံ့တွေ ဗလပွနှင့် မျက်နှာဆိုလူရုပ်တောင် မပေါ်တော့ဘူးလေ။
အဲ့တော့ ရှက်တာပေါ့။

လမ်းတစ်၀က်ရောက်မှ တစ်ခုခုကိုသတိရလိုက်မိသည်။

"ဟာ..ထီး..ထီးကျန်ခဲ့ပြီ..သေပါပြီ..အိမ်ရောက်ရင်အမေတော့..ဆော်ပလော်တီးတော့မှာပဲ.."

ဟိုအစ်ကိုကြီးကိုအငမ်းလွန်ပြီး ထီးတောင်ပြန်မကောက်ခဲ့ရဘူး။
လိပ်ပြာမရဲ့ နှာဘူးထချက်ကတော့ ၁၀ပလပ်ပဲဟေ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

၂၀၁၈ခုနှစ်🦋

"ဟဲ့..ဟဲ့လိပ်ပြာဖြူ..ငါပြောတာကြားလား..
ဟဲ့.."

"ဟင်...ဘာ..ဘာဖြစ်လို့လဲ..."

ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့အမှတ်
တရ မိတ်ဆုံစားပွဲမှာ ကျန်သေးတဲ့လူ‌တွေကိုစောင့်ရင်း စားပွဲပေါ် မေးထောက်ရင်း တွေးနေမိတာက လွန်ခဲ့တဲ့၉နှစ်ကအချိန်တွေဆီသို့ဖြစ်နေသည်။

"အော်..၉နှစ်ဆိုတဲ့ အချိန်ကာလကိုဖြတ်သန်းပြီးတာတောင် ဒီလူကြီးကို မမေ့သေးပါလားနော်..."

"ကြည်ပြာ နောက်ထပ်ဘယ်သူတွေလာဖို့ကျန်နေသေးလဲ ငါဗိုက်ဆာလာပြီဟာ.."

"လိပ်ပြာမရယ်..လာခါနီးနင့်ကိုမနက်စာကျွေးလာခဲ့တာတောင်..မ၀နိုင်သေးဘူး..တကထဲ..
ငါ့အစ်ကိုကိုလဲဖိတ်ထားလို့..သူ့သူငယ်ချင်းနဲ့ အလုပ်ကိစ္စဆွေးနွေးရင်း..သူ့သူငယ်ချင်းကိုပါခေါ်နေလို့တဲ့.."

"အေးဟယ်..အဲ့ဒါဆိုလည်း..အမြန်ဖုန်းဆက်လိုက်တော့ အကုန်လုံးဗိုက်ဆာနေကြပြီဟဲ့..
ဟုတ်တယ်မလား..သူငယ်ချင်းတို့.."

"ဟုတ်တယ်ဟေ့...ကြည်ပြာရေ့.."

သူငယ်ချင်း၁၀ယောက်လောက်ဝိုင်းထိုင်နေကြတဲ့အခန်းထဲမှာ လိပ်ပြာရဲ့နှိုးဆော်လိုက်မှုကြောင့်အကုန်ထကြွကုန်ကြသည်။

တကာခံတဲ့ ကြည်ပြာမိုးကလည်းလိပ်ပြာကို နဂါးမျက်စောင်းလှမ်းထိုးပြီး VIPအခန်းတံခါးပွင့်သွားသံ‌ကြောင့် တံခါးဆီသို့အကြည့်ရောက်သွားသည်။

လိပ်ပြာလဲ ကြည်ပြာနည်းတူ အနောက်သို့လှည့်ကြည့်လိုက်ရာ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်အောင်ပါပဲ။

သူ..၉နှစ်ကြာမှပထမဆုံးပြန်တွေ့ရခြင်းပင်။
ဘယ်လောက်ပင်နှစ်တွေကြာမြင့်ပါစေ သူ့ရဲ့ပုံစံကို လိပ်ပြာမှတ်မိတာပေါ့။

သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း လိပ်ပြာကိုယ်တိုင်ပုံဆွဲစာအုပ်လေးထဲမှာ နေရာလွတ်မကျန်ရေးခြစ်ခဲ့တာပါ။

သူမှသူအစစ်ပါ။ဆန်းကျယ်လိုက်လေခြင်း ထိုလူကအခြားထိုင်ခုံတွေ အများကြီးရှိရက်နဲ့ လိပ်ပြာနဲ့မျက်နှာချင်းဆိုင်ခုံမှာမှ လာထိုင်နေလေသည်။

အရင်ကပုံစံအတိုင်းမပြောင်းလဲတာက
သူ့ရှေ့ကလိပ်ပြာကို ရှိတယ်လို့တောင်ထင်ပုံမရတာပါပဲ။
အကြည့်တစ်ချက်တောင် လိပ်ပြာကိုမပေးဘူး။

သူ့ပုံစံက ၁၀တန်းတုန်းကမြင်နေကြ ကျောင်းစိမ်း၀တ်စုံပြည့်၀တ်ထားတဲ့ ကျောင်းသားလေးနဲ့တစ်ခြားစီပဲ။

မျက်နှာကျ၊မျက်လုံး၊မျက်ခုံးနှင့်နှာတံတွေက လုံး၀မပြောင်းလဲပေမဲ့ သူ့ရဲ့ဆံပင်အရောင်ဟာ အဖြူရောင်နဲ့ရွှေဝါရောင်ဆိုးထားတာကြောင့်မျက်နှာက ပိုဖြူစွတ်နေသယောင်ဖြစ်နေတယ်။

မတွေ့တော့တဲ့အချိန်အတွင်းမှာ သူဟာဘယ်လိုလူမျိုးအဖြစ်ပြောင်းလဲသွားတာလဲ။

သူ့ရဲ့ခန္ဓာကိုယ်ဟာ စက်ဘီးကယ်ရီယာခုံလေးပေါ်မှာ ပျင်းရိပျင်းတွဲထိုင်နေတတ်တဲ့ ပိန်း၊ပါးတဲ့ကောင်လေးမဟုတ်တော့ပဲ သေချာလေ့ကျင့်ယူထားတဲ့ တောင့်ဖြောင့်တဲ့ခန္ဓာကိုယ်နှင့် ပိုခန့်ညားလာသည်။
အရပ်တွေလည်း ပိုရှည်လာပုံပဲ။

ဒါပေမဲ့ သူ့မျက်၀န်းထဲမှာ အရာအားလုံးကိုအဓိပ္ပာယ်မဲ့စွာကြည့်တတ်တဲ့ အရိပ်တွေကတော့ပျောက်ပျက်မသွားသေးဘူး။

"ဒါက..ကြည်ပြာရဲ့အချစ်ဆုံးသူငယ်ချင်း
လိပ်ပြာဖြူပါ.."

ကြည်ပြာက သူ့အစ်ကိုနှင့်ထိုလူချောကို သူမသူငယ်ချင်းတစ်ယောက်ဆီတိုင်းနှင့်လိုက်မိတ်ဆက်ပေးနေခြင်းဖြစ်သည်။

လိပ်ပြာနာမည်ကိုမိတ်ဆက်ပေးစဉ်မှာ ထိုလူကသူ့မျက်၀န်းညိုတွေနဲ့ လိပ်ပြာကိုကြည့်လိုက်တယ်ဆိုရင် လူကထိုင်ခုံမှ အလို
အလျှောက်မက်တပ်ရပ်မိပြီးသားဖြစ်သွားသည်။

"လိပ်ပြာ..ဒါက..ငါ့အစ်ကိုရဲ့.."

"ကြည်ပြာ!!!ငါဗိုက်နဲနဲ‌အောင့်နေလို့..
တိုက်ခန်းကိုပြန်နားနှင့်မယ်နော်..."

"ဟဲ့..လိပ်ပြာ..ဟဲ့..အစားပုပ်မ..ဒီနေ့မှဘာထဖြစ်တာလဲ..ခုနလေးတင်..သူပဲဗိုက်ဆာတယ်ပြောပြီးအခုဗိုက်ထအောင့်တယ်..ချက်ချင်း"

စားသောက်ဆိုင်ရဲ့အပြင်ကိုရောက်တော့ လိပ်ပြာဒူးတွေတောင်မခိုင်ချင်တော့၍ ခဏငုတ်တုတ်ထိုင်ချလိုက်ရသည်။

လိပ်ပြာနှလုံးရောဂါဖောက်တော့မတက်ရင်တွေ တုန်နေခဲ့တာပါ။

၅မိနှစ်လောက်ထိုင်ပြီး ရင်တုန်ပြေတော့မှ သူငယ်ချင်းတွေစုနေကြတဲ့ တိုက်ခန်းသို့တက်စီငှားပြီးပြန်လာခဲ့သည်။

အခန်းထဲသို့ရောက်ရောက်ခြင်းပဲ ကုတင်ပေါ်မှာတုံးလုံးပစ်လှဲလိုက်ပြီး ကိုယ့်ကိုကိုယ်ဒေါသထွက်နေမိသည်။

ငါသူ့ကိုသိပ်မုန်းနေတာမလား ဘာကြောင့်သူငါ့ကိုတစ်ချက်ဝေ့ကြည့်မှာတောင် ကြောက်နေရတာလဲ။

သူကရောငါ့ကို မှတ်မိနေတာလား။

တွေးရင်တွေးရင်းနှင့် မျက်လုံးတွေမှေးစင်းချင်လာသလို လေထဲလွှင့်မျောလာသလိုဖြစ်သွားရင်းအတွေးစတွေက လွန်ခဲ့တဲ့၉နှစ်တာဆိုတဲ့ ဒိုင်ယာရီဟောင်းလေးကို ပြန်လှန်နေမိသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်

"ကလင်..လင်..လင်..."

"ဟေး.. ပြန်လို့ရပြီဟေ့.."

ကျောင်းဆင်းခေါင်းလောင်းမြည်သံနှင့်အတူ ကျောင်းဆောင်အသီးသီးမှကျောင်းသားများဟာ ခါခြင်အုံကြီးကဲ့သို့ ကြိတ်ကြိတ်ကို
တိုးနေတော့သည်။

ကျောင်းကိုစက်ဘီးနှင့်လာသူကလာသလို ခြေကျင်လျှောက်ကြသူများလည်းရှိသည်။

လိပ်ပြာကတော့ စက်ဘီးထားတဲ့အတန်းသို့သွားပြီးစက်ဘီးထုတ်ရန်ပြင်ရလေသည်။

စက်ဘီးထုတ်တဲ့နေရာမှာလည်း ‌လူတွေအုံ
ကြွတ်နေ၍နည်းနည်းစောင့်နေရသေးသည်။

လိပ်ပြာစက်ဘီးဘေးမှာရပ်စောင့်နေတဲ့အချိန်နောက်ကိုလှည့်ကြည့်လိုက်တော့ တစ်ခြားကျောင်းသားအချို့ဟာ လိပ်ပြာကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

စိတ်မလုံချင်သလိုဖြစ်လာပြီး ငါ့ကိုဘာကြည့်တာလဲဆိုတဲ့ မျက်နှာထားနဲ့ မေး‌ငေါ့ပြီး ရန်ထောင်ဟန်ပြလိုက်တော့မှ ရယ်ကျဲကျဲလုပ်သွားကြသည်။

တစ်ယောက်ပြီး တစ်ယောက်လာလာကြည့်နေကြတာကြောင့် စက်ဘီးကိုအမြန်ထုတ်နေပေမဲ့ စက်ဘီးက ညှပ်ပြီးထုတ်မရဖြစ်နေသည်။

"ဟာ..ဒီစက်ဘီးကလဲ..အရေးထဲမှ.."

"ဟင်..ဘာလုပ်တာလဲ!!!.."

ရုတ်တရက်ခါးကနေ တစ်ယောက်ယောက်လာဖက်သလိုဖြစ်၍ ရန်ပြန်တွေ့ရန်ကြိုးစားလိုက်ပေမဲ့ ထိုလူရဲ့စကားကြောင့် ဆုတ်ထားတဲ့လက်သီးဆုတ်တောင်ပြေကျသွားသည်။

"ဒီအိင်္ကျီကို ခါးမှာပတ်ထား လုံး၀မချွတ်နဲ့..."

"ဟင်...ဒီမှာ..ဒီမှာ!!!!"

ဘာလို့ဒါကိုလာပေးတာလဲလို့ မေးရန်လှမ်းအော်လိုက်ပေမဲ့ သူကလိပ်ပြာကိုပြန်တောင်လှည့်မကြည့်ဘူး။

ဒါပေမဲ့သူ့မျက်နှာကိုတော့သေချာတွေ့လိုက်ပါတယ် ဟိုနေ့ကမိုးရေထဲမှာတွေ့ခဲ့တဲ့ကိုကိုပါပဲ။

စက်ဘီးကိုအမြန်ထုတ်ပြီး ထိုအစ်ကိုရဲ့ အနွေးထည်ကိုခါးမှာပတ်ထားရင်းနှင့် အိမ်ကိုပြန်ရောက်တော့မှ ခါးကအင်္ကျီကိုချွတ်လိုက်မိသည်။

"ဟင်..အနီကွက်ကြီး..ဒါ..ဒါဆိုငါ့ထမီမှာအနီကွက်ကြီးရှိနေလို့ သူကဒီလိုလုပ်ပေးတာပေါ့..

လိပ်ပြာမရယ်..ငါ့ကိုငါစန်းထလှပြီထင်နေတာ..ဖြစ်လိုက်ရင်တလွဲတွေကြီးပဲ..ရှက်စရာကောင်းလိုက်တာ..."

သူနဲ့ဆုံလိုက်တဲ့အချိန်တိုင်းက ကဗျာဆန်လွန်းမနေပေမဲ့ လိပ်ပြာအတွက်တော့ မဟာဆန်တဲ့အခွင့်အရေးတွေပါပဲ။

သူနဲ့တွေ့ရင်ပြန်ပေးရအောင်လို့ သူ့ရဲ့အင်္ကျီလေးကိုသာ သေချာလျှော်ပြီး အ၀တ်ဗီဒိုမှာခေါက်သိမ်းထားလိုက်မိပါတယ်။

#ဆောင်းငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

တကယ်တော့ စက်ဘီးမှောက်တာက ဝေဝေရဲ့အဖြစ်ပျက်ပါ ကိုယ့်အလှည့်တုန်းကတော့ ဘယ်အဆင်မှလာမကယ်သလို ကိုယ့်ဘာသာကုန်းရုန်း
ထခဲ့ရပါတယ်😭

=======================================================================

🦋အခန်း၂🦋
       🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


ဖိုးချွန်ခမျာ ပြူတင်းပေါက်က‌နေလာနေတဲ့အရိပ်တစ်ခုကိုမြင်တာနှင့် စားနေတဲ့ထမင်းတောင်လည်ပင်းမှာတစ်နေလေသည်။

ထမင်းချိုင့်တွေကိုအမြန်သိမ်းပြီး ထပြေးရန်ပြင်လိုက်စဉ်မှာတော့ ထိုအရိပ်ကြီးကချက်ချင်းအနားကိုရောက်ချလာသည်။

"ဟဲ..ဟဲ..ဖိုးချွန်..မောင်လေး..ဘယ်ပြေးမလို့ကြံနေတာလဲ..ဒီမမလက်ကနေလွတ်မယ်ထင်နေတာလား..."

"ဟာ..လိပ်ပြာမကြီးရယ်..ကိုယ့်ဘာသာဝဲချင်တဲ့နေရာကိုဝဲပါ..ဖိုးချွန်လေးရဲ့ ခြောက်တန်းဆောင်ကိုတော့..မလာပါနဲ့ဗျာ.."

"အံမယ်..ဘာလိပ်ပြာမကြီးလည်း အခေါ်အဝေါ်တွေကိုပြန်ပြင်စမ်း..ဖိုးချွန်တစ်ယောက်
၆တန်းနဲ့အမြီးနှံ့ချင်နေတဲ့အကြောင်းကို..နင့်အမေကိုသာသွားတိုင်လိုက်ရင်..ဟင်း..ဟင်း"

"ဟာ..ကဲဗျာ..မျိုစို့..အဲ့မှာရှိသမျှဟင်းတွေအကုန်..မျိုပါ..လိပ်ပြာနတ်သမီးရယ်..
တကထဲ..၈တန်းစတက်ကတည်းက ထည့်လာသမျှဟင်းတွေ လာလာမျိုစို့နေတာ..
ပိတ္တာမကြီးကျောင်းလာတက်နေတဲ့အတိုင်းပဲ..."

"ဘာပြောတယ်!!!!.."

ထိုင်နေတဲ့ဖိုးချွန်ရဲ့ပုခုံးကို လက်နဲ့ဖိထားလိုက်ပြီးခပ်စူးစူးကြည့်ပေးလိုက်ရာ ငယ်နိုင်ဖိုးချွန်တစ်ယောက် ကြောက်ဒူးတုန်သွားတော့
သည်။

"ဟို..မမလိပ်ပြာအတွက်..အိမ်ကချက်သမျှအကုန်ကြုံးထည့်လာတာမို့..အားမနာတမ်းသုံးဆောင်ပါလို့..."

"မောင်မင်းကြီးသား တော်ပေတယ်..ဟဲဟဲ.."

‌၆တန်းကျောင်းသားလေးကိုအနိုင်သွားကျင့်တဲ့၈တန်းကျောင်းသူမမကြီးက ပြူတင်းပေါက်အနီးမှာနေရာယူပြီး ၁၀တန်းဆောင်ရဲ့ပြူတင်းပေါက်ဖြူဖြူလေးကို ငေးရင်း ထမင်းလုပ်လေးကိုလွေးရင်း ဖီးတက်နေတော့သည်။

ဖိုးချွန်ကိုသာ၆တန်းကျောင်းသားတန်မဲ့ ကောင်မလေးကိုစာပေးတာနဲ့ခြိမ်းခြောက်နေတာ သူမလည်း ၁၀တန်းSအခန်းကပြူတင်းပေါက်နားမှာထိုင်နေတဲ့ ကိုကြီးကိုငန်းနေတာပါပဲ။

ဖိုးချွန်ခမျာ ထမင်းလုပ်တောင်ပါးစပ်ထဲကနေ လှိမ့်ကျတဲ့အထိကြောင်အနေလေသည်။

မလိပ်ပြာရူးများသွားတာလား။

ထမင်းတလုပ်စားလိုက် အပြင်ကိုတစ်ခါငေးလိုက် ရယ်လိုက်နဲ့ ကျပ်မှပြည့်ရဲ့လားမသိဘူး။

လိပ်ပြာကတော့ ထိုကိုကြီးကိုငေးရင်းနှင့် ထမင်းစားရတာမြိန်ချက်ကတော့ ဟင်းတောင်မလိုပါဘူး။

အစကအဲ့အစ်ကိုကြီး ၁၀တန်းမှန်းမသိပါဘူး။ဖိုး‌ချွန်တို့ခြောက်တန်းအဆောင်ကိုအလည်လာရင်းနဲ့မှ ပြူတင်းပေါက်ကိုငေးမိငေးရာ ငေးလိုက်ခါမှ ကိုယ့်ရဲ့အဆင်လေးနဲ့တန်းတိုးခြင်းဖြစ်သည်။

၈တန်းဆောင်က ၁၀တန်းSအခန်းနဲ့ နဲနဲဝေးတော့ ၆တန်းAခန်းကနေမှ ‌သေချာမြင်ရခြင်းဖြစ်သည်။

ဖြူဖြူချောချောကိုကြီးကိုငန်းရင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်ရာ အတော်ဒေါသထွက်ရလေသည်။

လိပ်ပြာက တင်ပါးအုပ်တဲ့ဆံပင်ရှည်ကြီးတွေရှိနေတာကလွဲရင် ဘာမှမလှသလိုပဲ။

အသားကညိုသေး၊အရပ်ကပုသေး မျက်နှာကတော့ ကြည့်ကောင်းသေးတယ်လို့ထင်မိတယ်။

အသားညိုဆို လိပ်ပြာကအခုထိ မျောက်ရှုံးအောင်ဆော့သေးသည်လေ။

နေပူကျဲတဲလည်း စိန်ပြေးတိုင်းကစားရင် ကစားနေတတ်သလို၊ မိမိအရပ်နှင့်မှီရာသစ်ပင်လည်းပြေးတက်တတ်ပါသေးသည်။

ဘယ်လောက်ပဲအဆော့မက်မက် ကလေးတွေကိုအနိုင်ကျင့်တက်တာကလွဲလို့ လိပ်ပြာမှာယောက်ျားလေးသူငယ်ချင်းမရှိဘူး။

အစ်ကိုတွေကြောင့်လည်းပါသလို လိပ်ပြာကိုယ်တိုင်ကလည်း မပေါင်းချင်တာပါ။

အ၀တ်အစားဆိုလည်းအရမ်း ‌ဂျီးများသူလို့ဆိုနိုင်ပါတယ်။

လည်အပိတ်ရင်ဖုံးအင်္ကျီပွပွတွေကိုသာ၀တ်တတ်ပြီး လယ်ပေါက်ကလေးနည်းနည်းကျယ်ရင်တောင်မနေတတ်သူပါ။

ငါးတန်းလောက်ထဲက ကျောင်းစည်းကမ်းအရ ထမီ၀တ်ရမည်ဆို၍ လုံချည်၀တ်သင်ခဲ့ရာ အ‌မေကချိပ်ထမီချုပ်ပေးမည်ဆိုတာတောင် ချိပ်ထမီမ၀တ်ချင်ဘူးဆိုပြီး အတင်းငြင်းခဲ့တာပါ။

ဒါကြောင့်လဲ အမေကိုယ်တိုင်ကဟောကိန်း
ထုတ်ထားသည်လေ အပျိုကြီးဖြစ်မဲ့ဟာမတဲ့။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

၂၀၁၈ခုနှစ်

"ဟဲ့..ဟဲ့..လိပ်ပြာ..အိပ်ပုပ်မရေ.."

"ဟင်..အင်း..."

"ထတော့လေ..အစ်မကြီးကလည်း..သူအလုပ်သွားဖို့အရေး..ငါကသူ့နှိုးစက်ကြီးကျနေတာပဲ.."

"ဒေါ်အေးအေးအောင်ရယ်..မနက်စောစော
စီးစီးနားပူအောင်မလုပ်ပါနဲ့.."

"အေးနင်ကနားပဲပူတာ..ငါကနှလုံးပါပူတာဟဲ့..."

"ဟင်..နှလုံးပူရအောင်..နှင့်မှာနှလုံးရောပါလို့လား..."

"ဟာ..နှလုံးဆိုတာနဲ့ မဟုတ်တာကိုတန်းမြင်တော့တာပဲ..
အဲ့နှလုံးကိုပြောတာမဟုတ်ဘူး..နင်တို့အကုန်လုံးကိုပတ်နှိုးနေရလို့..ရင်ဘတ်ထဲကနှလုံးပူတာကိုပြောတာဟဲ့..."

"အေးပါ..အမေရယ်.."

စိတ်ဆိုးမာန်ဆိုးနဲ့ မီးဖိုချောင်ထဲ၀င်သွားတဲ့အေးအေးအောင်ကိုကြည့်လိုက်ပြီး အိပ်ရာသိမ်းစရာရှိတာအမြန်သိမ်းလိုက်သည်။

ရေချိုးခန်းထဲကို၀င်ပြီး မျက်နှာသစ်ကာ
မှန်ကိုကြည့်လိုက်တော့ ငါတယ်လှပါလားလို့ပြန်ချီးကျူးနေမိသည်။

အသက်က၂၂နှစ်ရှိနေပြီပေမဲ့ ၈တန်းကလေးမလေးလိုပဲဆိုပြီး သူငယ်ချင်းတွေကအခုထိစကြတုန်း အရပ်ကအရမ်းမပုတော့ပေမဲ့ ခန္ဓာကိုယ်က သေးသေးလေးမို့ ၁၅အရွယ်လောက်ဖြစ်နေသလိုပင်။

"ဟီး..ဟီး.."

ခန္ဓာကိုယ်တစ်ခုလုံးမှာ ရယ်လိုက်တိုင်း ခွက်သွားတဲ့ပါးချိုင့်လေးတွေကိုသာ လိပ်ပြာသဘောကျမိပါတယ်။

ရေမိုးချိုး၊ဖီးလိမ်းဖို့ လိပ်ပြာအတွက်မိနစ်
၂၀ဆိုရင်လောက်ပါတယ်။
ဒီနေ့က အလုပ်သွားရမှာဆိုတော့ နည်းနည်းတော့သပ်သပ်ရက်ရက်၀တ်သွားရပါမည်။

အားလုံးပြင်ဆင်ပြီးတော့ တိုက်ခန်းအပြင်ပြေးထွက်လိုက်သည်။

"ဟဲ့..ဟဲ့..ထမင်းချိုင့်လေ.."

"ဟီး..အဲ့ဒါကြောင့်ချစ်တာ..မွ..မွ"

သူငယ်ချင်းအေးအေးအောင်ကိုအာဘွားတွေပေးခဲ့ပြီး လိပ်ပြာအလုပ်လုပ်တဲ့ Dream
ကဖေးဆိုင်သို့ ဘက်စ်ကားစီးပြီးသွားရလေသည်။

လိပ်ပြာဘ၀ကဒီလိုပါပဲ အလုပ်နဲ့အိမ်ကိုပဲတစ်နေ့၊တစ်နေ့ ကူးကလန်ခက်နေရတာပါ။

လိပ်ပြာမှာဒီတစ်လုပ်ပဲရှိတာလားဆို‌တော့မဟုတ်‌ပြန်ပါဘူး။
အချိန်ပိုင်းစာသင်ပေးတဲ့အလုပ်တွေကလည်း
အချိန်ဇယားအပြည့်ပါပဲ။

လိပ်ပြာရဲ့မိသားစုကအရမ်းချမ်သာ‌သူတွေမဟုတ်ကြပေမဲ့ ဟိုငယ်ငယ်တုန်းကလိုတော့
အနေကျပ်အစားကျပ်နဲ့ မဆင်းရဲတော့ပါဘူး။

ဒါကြောင့် မိဘတွေဆီကခွင့်တောင်းပြီး သူငယ်ချင်းတွေနဲ့အတူ ကိုယ်ပိုင်ရပ်တည်ခွင့်ကိုတောင်းခဲ့သည်လေ။

ကားပေါ်မှာ ထိုင်ခုံကိုကျောမှီလိုက်ရင်း ငယ်ငယ်ကကြိတ်ကြွေခဲ့ရသူလေးအကြောင်းကိုတွေးရင်း မျက်တောင်များက လေးလာလေရာ အိပ်လိုက်ပါတော့သည်။

အိပ်မက်ထဲမှာတော့ ဟိုတစ်ချိန်ငယ်စဉ်က ရင်ခုန်ခဲ့ရတဲ့အကြောင်းလေးတွေက လိပ်ပြာရဲ့အိပ်မက်လေးထဲကို တဝဲလည်လည်နှင့်ရောက်လာပါတော့သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်🦋

ဖေဖော်ဝါရီ14ရက် ချစ်သူများနေ့🦋

မုန့်စားဆင်းချိန်ဖြစ်တာကြောင့် စာသင်ခန်းထဲမှလွဲ၍ ကျောင်း၀န်းရဲ့နေရာတိုင်းမှာ ‌ကျောင်းသားများ စုန်ချီ ဆန်ချီသွားလာလှုပ်ရှားနေကြလေသည်။

လိပ်ပြာကတော့ ဆယ်တန်းSခန်းရဲ့အရှေ့မှာ အနွေးထည်လေးကိုလက်ကပိုက်ရင်း
အခန်းထဲကိုအကဲခတ်နေမိသည်။

"အစ်ကို..အစ်ကို..ဒီကအစ်ကို..."

ထွန်းဝေမောင်တစ်‌ယောက် စာသင်ခန်းထဲကထွက်မလို့ကြံခါရှိသေးတယ် ခေါ်သံကြားလို့လှည့်ကြည့်လိုက်ရာ တံခါးနောက်မှာ ကွယ်ပြီးလှမ်းခေါ်နေတဲ့ကောက်မလေးကိုတွေ့လိုက်ရသည်။

"ညီမ..ကိုကြီးကိုခေါ်တာလား..."

"ဟုတ်..ဟို..မေးစရာရှိလို့..."

"မေးလေ..ဘာမေးချင်လို့လဲ..."

"ဟိုး..ပြူတင်းပေါက်နားမှာထိုင်နေတဲ့ကိုကြီးကိုတွေ့လား..."

ထိုကလေးမလက်ညှိုးထိုးရာဆီသို့ကြည့်လိုက်ရာ ပြူတင်းပေါက်အပြင်ကို ထိုင်ငေးနေသည့် ကိုလူချောကိုတွေ့ရလေသည်။

ဒီနေ့ကဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့ဆိုတဲ့အတိုင်း ကိုယ်တွေသာအချစ်မခံရတာ ဒီကောင်ကြီးကတော့ ရှယ်ကိုချစ်ခံနေရတာပါ။

မနက်ထဲက ချောကလက်တွေ၊ပန်းစည်းလေးတွေ၊လက်ဆောင်ကဒ်တွေဆိုတာ အားတိုင်းလာလာပေးနေကြသလိုပဲ။

မိန်းကလေးတွေကလဲ ကမ္ဘာပေါ်မှာအထီးဆိုလို့ဒီတစ်ကောင်ထဲ ရှိတယ်ထင်နေကြလားမသိဘူး။

‌ဒီကိစ္စကတော့ အခန်းထဲက‌အထီးတွေအားလုံးဒေါပွနေတဲ့ကိစ္စပါပဲ။

ကိုယ့်ကိုကိုယ် ယောက်ျား‌ရောစစ်ရဲ့လားလို့ သံသယ၀င်နေကြတဲ့အထိပါ ဖြစ်ကုန်ကြပြီ။

"အစ်ကို့..ဒီကအစ်ကို.."

"ဟင်..အော်..ဆောရီးနော်ကိုကြီးအတွေးလွန်သွားလို့.."

"ဟုတ် ရပါတယ်..ညီမမေးတာဖြေအုံးလေ.."

"အင်း..ညီမမေးတာမဖြေခင် ကိုကြီးတစ်ခုလောက်အကြံပေးချင်တယ်.."

"ဟင်..ဘာအကြံလဲ.."

ထွန်းဝေ ကောင်မလေးကိုကြည့်လိုက်တော့ ဆံပင်အရှည်ကြီးတွေရှိတာကလွဲလို့ ပိန်ပိန်သေးသေးလေးနဲ့ အသားကပါညိုလိုက်သေးတော့ စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။

"ညီမကဘယ်အတန်းကလဲ.."

"ရှစ်တန်းကပါ..ဘာ..ဘာဖြစ်လို့လဲဟင်.."

"အင်း..ဒီနေ့လက်ဆောင်လာပေးကြတဲ့အထဲမှာတော့ ညီမကအငယ်ဆုံးပဲ..ဒါပေမဲ့ညီမရယ်..ကိုကြီးစေတနာနဲ့ပြောမယ်နော်..သူ့ကိုဒီနေ့လာပိုးကြတဲ့အထဲမှာအချောအလှလေးတွေမှအများကြီးပဲ.."

"ဟမ်..အဲ့ဒါလိပ်ပြာနဲ့..ဘာဆိုင်လို့လဲ.."

"ဆိုင်တာပေါ့..ညီမရယ်..အဲ့လိုအချောအလှတွေကိုတောင် ဒီကောင်ကမျက်လုံးဆွေပြီးမကြည့်တာ..ညီမကိုပိုဆိုးမှာပေါ့..."

အခုမှပဲလိပ်ပြာနားလည်တော့တယ် လက်စသတ်တော့ ငါ့ကပိုးကြေး၊ပန်းကြေးလာပေးတယ်ထင်နေတာကိုး။

လိပ်ပြာဖြူရယ် နင်ကလည်း ပေးမဲ့ပေးတော့ ချစ်သူများနေ့မှ ဖြစ်နေတာကို အဲ့တော့သူများထင်ချင်လည်း ထင်ချင်စရာပေါ့။

လူတွေကလည်းနော် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုသာမေ့တတ်ကြတာ ဗယ်လင်တိုင်းဒေးကိုတော့ သူတို့မွေးတဲ့နေ့လိုပဲ မှတ်မိလိုက်ကြတာ။

"အဲ..ညီမအဆင်ပြေအောင် ကိုကြီးတစ်ခုတော့ အကြံပေးလိုက်မယ်..."

"ဟင်...ဘာ..ဘာအကြံလဲ.."

မျက်လုံးလေးပြူးပြီး သူဘာပြောမလည်းစိတ်၀င်စားနေသည့်‌ပုံစံလေးကို စချင်စိတ်ကတဖွားဖွားဖြစ်နေသည်။

"အဲ့ကောင်သူရကလေ အလကားနှလုံးသားရှိတာမဟုတ်ဘူး..ကိုကြီးဆီမှာ‌တော့နှလုံးသားအကြီးကြီးရှိတယ်သိလား..
ညီမလေးပြုပ်စားမလား..သုပ်စားမလား..
ဖုတ်စားမလား..ကြိုက်တာပြောဒီကရက်ရောပြီးသားပဲ..ဟင်း..ဟင်း..."

"ဟာ..ဘာတွေလာပြောနေတာလဲ.."

ကလေးမလေးခမျာ သူ့ရဲ့ ပြုတ်၊သုပ်၊ဖုတ်ကိုလန့်သွားပုံရတယ် ပြေးတာမှတစ်ချိုးထဲပဲ။

"ဟေ့..ညီမလေး..ဗိုက်ဆာတဲ့အချိန်လာစားနော်.."

"မစားဘူး.."

အော်ပြေးတဲ့ကောင်မလေးကိုကြည့်ပြီး ဗိုက်ဆာတာတောင်ပျောက်သွား၍ အခန်းထဲသာပြန်၀င်လာလိုက်သည်။

၈တန်းကကောင်မလေးတစ်ယောက်မင်းကိုလာရှာတယ်လို့ သူရကိုသတင်းပို့လိုက်တော့ ကိုယ်တော်ချောက သူ့ဖက်တောင်လှည့်မကြည့်ပဲ တစ်ခွန်းထဲပြန်ပြောလာတယ်။

"စိတ်မ၀င်စားဘူး..."

စကားတွေအများကြီးပြန်ပြောတဲ့ကောင်ကို
ထွန်းဝေလဲ စိတ်ထဲကနေပြန်ကြိမ်ဆဲလိုက်ပါတယ်။

"အေးပါ..မင်းစိတ်၀င်စားတာက..ပုရွက်ဆိတ်တွေ..ချစ်ရည်လူး တစ်တီတူးနေတဲ့ကိစ္စပဲရှိတယ်.."

#ဆောင်းငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

=======================================================================

အခန်း၃
             🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


၂၀၁၈ခုနှစ်🦋

ဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့

ရန်ကုန်မြို့ကြီးရဲ့နွေဥတုသည် ပူပြင်းလိုက်တာမှလူကိုမီးမြိုက်ထားသလိုပါပဲ။

ပိုက်ဆံချမ်းသာတဲ့လူတွေဟာ အဲယားကွန်းအခန်းလေးထဲမှာ နှပ်ရင်နှပ်နေလို့ရပေမဲ့ သာမာန်လူတန်းစားတွေအတွက်ကတော့ တကယ်ကိုကျောပူ ရင်ပူတဲ့ကာလပါပဲ။

အလုပ်ပြုတ်လာ၍ စိတ်ထဲမှာမီးခဲပေါင်းများစွာလောင်ကျွမ်းနေတဲ့ လိပ်ပြာအဖို့တော့ ဖော်ပြစရာစကားလုံးရှာမရတော့ပါဘူး။

သူငယ်ချင်းတွေနဲ့ စုနေတဲ့တိုက်ခန်းထဲကို၀င်လိုက်တယ်ဆိုရင်ပဲ ဆိုဖာပေါ်မှာခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

ကြည်ပြာမိုးနှင့်အေးအေးအောင်တို့က လိပ်ပြာဖြူရဲ့မျက်နှာကို အကဲခတ်ရင်းအနားကပ်လာကြလေသည်။

"ဟဲ့လိပ်ပြာမ..ဘာဖြစ်လာတာလဲ..မျက်နှာကလည်း..ပိုက်ဆံကျပြောက်တဲ့ရုပ်နဲ့..."

"အေးဟေ့..ပိုက်ဆံကျပြောက်ရင်တောင်..ပြန်ရှာလို့ရသေးတယ်..အခုကအလုပ်ပြုတ်လာတာ.."

"ဟယ်..တကယ်လား.."

အတည်ပြောနေတာကို နောက်နေသည် ထင်နေတဲ့နှစ်ယောက်ကို ဒေါသအခိုးဝေနေတဲ့ မျက်လုံးနဲ့ဆိုက်ကြည့်လိုက်တော့ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ကြောက်ဟန်ဆောင်နေကြတဲ့ပုံက လိပ်ပြာ
တောင်ရယ်ချင်သွားတယ်။

"အမယ်လေး..ကြောက်လိုက်တာဟယ်.."

"ဟုတ်ပ..တစ်ချို့လိပ်ပြာတွေက..အကောင်သာသေးတာ..အဆိပ်တော့ပြင်းသလားမမေးနဲ့.."

"ဟုတ်တယ်ကြည်ပြာရေ့..နင်လည်းအိပ်ရင်သတိထားနေနော်..တော်ကြာထမီခြုံထဲ၀င်လာပြီး.."

"...နင်တို့နော်..ငါတကယ်စိတ်ညစ်နေတာ..
ဟာသတွေလာမပြောကြနဲ့ဆို..."

လိပ်ပြာစိတ်ပြေပုံပေါ်တော့မှ ဘေးနားကိုလာကပ်ထိုင်ကြပြီး နှစ်ယောက်သားပေါင်းပြီး လာဖက်နေကြသည်။

ဒီသူငယ်ချင်းတွေက ဒီလိုပဲလိပ်ပြာငိုရင်ဝိုင်းငိုပေးကြသလို လိပ်ပြာစိတ်ညစ်တဲ့အခါဆိုရင်လည်း ကလေးပေါက်စလိုပွေ့ဖက်ပြီးနှစ်သိမ့်ပေးကြတာလဲ သူတို့ပါပဲ။

"ကဲ..ပြောစမ်း..အချစ်လေးဘာတွေအလိုမကျသလဲ..မမတို့က အကုန်ဖြည့်စည်းပေးမယ်ကွာ.."

"ဒီလိုဟာ..ငါတို့သူဌေးက အခုDreamကဖေးဆိုင်ကို သူအသစ်တိုးချဲ့မဲ့လုပ်ငန်းအတွက်ရောင်းလိုက်ပြီ..ငါတို့ကို၃လစာပေးပြီး..
အလုပ်ထုတ်လိုက်တယ်.."

"အော်..ဒါများဘေဘီရယ်..အဟောင်းသွားတော့အသစ်လာပေါ့ကွာ..သဲနုဇင်မဆို ကြည့်လိုက်..ထားလိုက်တဲ့ရည်းစားတွေဆိုတာ..
ဒီနေ့နံပြားစားရင်..နောက်နေ့ပလာတာပဲ..
ဟောနောက်တစ်နေ့ကျတော့အီကြာကွေး..
ဖြစ်သွားရော.."

"ဟဲ့..မအေး..နင်ဟာလေ..သူများစိတ်ညစ်နေပါတယ်ဆို..နင်စားချင်တာတွေပဲ ပြောနေသိလား.."

"ဟုတ်ပါဘူးဟယ်..ငါကနမူနာနဲ့ မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်း..မြင်အောင်.."

"တော်ပါတော့ဟယ်..ဒီ့ထက်ဆက်ပြောနေရင်..ငါနင်နဲ့ နံပန်းသတ်မိလိမ့်မယ်သိလား.."

"အောင်မာ..အေးအေးအောင်တဲ့..နာမည်သုံးလုံးနဲ့နေတာသိရဲ့လား..နှမထိဓားကြည့်..
အယ်..မဟုတ်ပါဘူး..ငါ့ကိုထိရဲရင် ထိကြည့်လေ.."

"ဘုန်း!!!"

"အာ့!!!ကြည်ပြာမ နင်ငါ့ကိုတကယ်ချတယ်"

"နင်ပဲ..ထိရဲရင်ထိကြည့်ဆို.."

"အဲ့ဒါက..စကားအဖြစ်ပြောတာလေ.."

"ကဲတော်ကြပါတော့ဟယ်..နင်တို့ကြောင့်..ငါ့ဝေဒနာတွေတောင်..ဘယ်ရောက်ကုန်ပြီလဲမသိဘူး.."

လိပ်ပြာ ရယ်သံပါကြီးနဲ့ ထအော်လိုက်မှ ရန်ဖြစ်ဟန်ဆောင်နေတဲ့ နစ်ယောက်ငြိမ်ကျသွားတော့သည်။

"စိတ်မပူပါနဲ့..လိပ်ပြာလေးရယ်..ကြည်ပြာ့အစ်ကိုရဲ့သူငယ်ချင်းတစ်ယောက်ကလေ..
စားသောက်ဆိုင်အကြီးစားတစ်ခုထောင်နေတာကွာ..အခု၀န်ထမ်းတွေခေါ်နေတယ်..."

"ဟယ်..တကယ်.."

"အင်း..တကယ်ပေါ့ကွာ.."

"ဟာ..ဒါဆိုလိပ်ပြာမနက်ဖြန်ပဲသွားလျှောက်လိုက်မယ်လေ.."

"သဘော..သဘော..ကြည်ပြာအစ်ကို့ကိုပြောလိုက်မယ်.."

"နိုး..နိုး..လိပ်ပြာဖြူဆိုတာ..ကိုယ့်အရည်အချင်းနဲ့..အလုပ်တစ်ခုရတာမျိုးပဲဖြစ်ရမယ်.."

"ဟုတ်ပါပြီ..မာနမင်းသမီးလေးရယ်..."

"ငါအလုပ်ရရင်..နင်တို့လေးယောက်လုံးကို အိမ်မှာဟော့ပေါ့လုပ်ကျွေးမယ်ဟာ..."

"ဟာ..လိပ်ပြာရေ..ဒီလိုဝါးတီးရှိလို့ကတော့..
..မနက်ဖြန်တစ်နေကုန် ဘုရားစင်ရှေ့မှာ ဖင်မှူးတောင်းထောင်ပြီး ‌နင့်အတွက်ပဲဆုတောင်းပေးမယ်.."

"ဒီ၀က်ပုပ်မကတစ်မျိုး..‌ကြည့်လုပ်ပါအေးရယ်ဘုရားခန်းထဲမှာ ဖင်ထောင်ပြီးသေတဲ့မသာဆိုတာ..လူကြားလို့မှမကောင်း..."

"ဟဲ့ကြည်ပြာမ..နင်တွေ့မယ်.."

"မှီအောင်လိုက်ဟေ့.."

"ဟား..ဟား.."

ဧည့်ခန်းလေးထဲမှာ ကြည်ပြာကပြေး အေးအေးကလိုက်နှင့် လိပ်ပြာကတော့ဒိုင်ခံရယ်နေရလေသည်။

ဒါတောင်အဖွဲ့မစုံလို့ အုပ်စုများစုံတဲ့နေ့ဆိုရင် ပါးစပ်ကိုမစိရအောင်ကို ပေါလွန်းတဲ့အဖွဲ့ပါ။
ဒါပေမဲ့ လိပ်ပြာပေါရင်တော့ ဘယ်သူမှလိုက်မှီမှာမဟုတ်ပါဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋

ထမင်းစားခန်းဆိုပေမဲ့ အရောင်တလက်
လက်တောက်လွန်းနေတာကြောင့် မှန်စီရွှေချထားလေသလား ထင်မှတ်ရသလောက်ပင်ဖြစ်သည်။

ထမင်းစား စားပွဲဟာ အခုမှအသစ်၀ယ်လာသလားထင်ရအောင် တောက်ပလွန်းနေသည်။

ထိုထမင်းစားပွဲပေါ်မှာတော့ ဘုရင့်စားတော်ပွဲထက်တောင် စုံလင်သည့် ဟင်းအမယ်‌ပေါင်းမျိုးစုံက နေရာယူထားလေသည်။

ဘယ်လောက်ပင်ခမ်းနားထည်ဝါတဲ့ အဆောင်အယောင်များဖြစ်နေပါစေ။

ဘယ်လောက်အရသာရှိတဲ့ ဟင်းလျာတွေဖြစ်နေပါစေ သူ့အတွက်တော့ ရေသောက်နေရသလိုပဲ ဘာမှမထူးပါဘူး။

ရုတ်တရက် ကြက်သားဟင်းကိုခပ်လိုက်ရာ သူ့မျက်လုံးထဲမှာမြင်နေရတာက ဆံပင်မွှေးတစ်မျှင်ဖြစ်နေသည်။

သူ့ဒေါသက ငယ်ထိပ်ကိုလာတက်ဆောင့်
သည်အထိဖြစ်ပြီး ဇွန်းကိုပြန်ချလိုက်သည်။

"ဒေါ်ယဥ်မေ!!!ဒေါ်ယဥ်မေ!!!"

"ရှင်..လာ..လာပါပြီ..ဘာဖြစ်လို့လဲသား.."

‌ဒေါ်ယဉ်မေကိုခေါ်လိုက်ပေမဲ့ နောက်မှလိုက်လာတဲ့ ‌ဒေါမြနှင်းကြည်ကြောင့် မျက်နှာကိုတစ်ခြားသို့လွှဲလိုက်သည်။

"ဒီဟင်းတွေကို ..ဒေါ်ယဉ်မေ..ချက်ထားတာလား.."

"မဟုတ်ပါဘူးသား..အန်တီနှင်းချက်ထားတာပါ"

သူမဲ့ပြုံးတစ်ခုကို တမင်လုပ်ပြုံးလိုက်သည်။

"..ဒါကြောင့်ဟင်းမှာဆံပင်ညှိပါနေတာပဲ..
နောက်တစ်ခါ..စေတနာမပါရင်..ဘယ်အရာကိုမှမလုပ်နဲ့!!!..ဒေါ်ယဉ်မေ..."

"ပြောပါ..သား.."

"နောက်တစ်ခါ..ဟင်းချက်ရင်..ဒေါ်ယဉ်မေကိုယ်တိုင်ပဲအစ အဆုံးလုပ်ပါ..ကျွန်တော်..
အန်တီ့ကိုပဲ..ယုံတယ်.."

"အောင်မယ်..ငါ့အစ်မကိုမယုံရအောင်..သူကနင့်ကိုအဆိပ်ခတ်နေလို့လား..ဟမ်.."

အသံလာရာဆီသို့မကြည့်ပဲနဲ့တောင် ဘယ်သူမှန်းတန်းသိလိုက်ပါသည်။
မိထွေးတော်ရဲ့ညီမ ဒေါ်မြနှင်းရီဆိုတဲ့မိန်းမပါပဲ။

ဘုန်းမြတ်သူရဆိုတဲ့ကောင်က အပိုစကားတွေကိုလည်းမပြောတတ်သလို ဘယ်သူ့ကိုမှလည်း သိပ်ဂရုဆိုက်တဲ့ကောင်မဟုတ်ပါဘူး။

သူနဲ့ဘယ်သူမှစကားပြောဖို့မထိုက်တန်သလိုမျိုးမှင်သေသေမျက်လုံးတွေနဲ့ ထမင်းစားခန်းအပြင်သို့ထွက်ဖို့ပြင်ပြီးမှ မြနှင်းရီရဲ့ ‌ဘေးမှာရပ်လိုက်သည်။

"သူများအိမ်မှာ..ကပ်နေချင်သေးရင်..အချိုးတွေကိုပြင်..."

"ဟင်..နင်..နင်..တောက်!!တော်တော်မိုက်ရိုင်းတဲ့အကောင်..."

သူရဆိုတာဒီလိုလူမျိုးပါ။စကားအများကြီးမပြောဘူး သူ့ကိုသူများဘာပြောပြောလည်း နားမထောင်ဘူး။

အခုပဲကြည့်လေ ဒေါ်မြနှင်းရီကနောက်မှာ ဘယ်လောက်ဆဲရေးတိုင်းထွာနေပါစေ သူ့ကိုပြောနေတာမဟုတ်သလိုပဲ။
သူ့ကားသော့ကိုသာယူပြီး မောင်းထွက်သွားသည်။
အဲ့တော့တစ်ဖက်လူအတွက် ပိုခံရခက်နေခြင်းဖြစ်သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ညအိပ်ရာ၀င်ခါနီးမှ မနက်ဖြန်အလုပ်လျှောက်ရင်လိုအပ်တဲ့စာရွက်စာတန်းတွေကို လိုက်လှန်ရှာကြည့်နေမိသည်။

ထိုအခါ စာအုပ်ဗုံးထဲမှ အနီရောင်စာအုပ်
ကလေးကိုအကြည့်ရောက်သွားပြီး ဆွဲယူလိုက်မိသည်။

ထိုစာအုပ်ကလေးကိုတစ်ရွက်ဆီလှန်ပြီး အဆုံးထိလိပ်ပြာ မငြီးငွေ့တန်းကြည့်နေမိသည်။

စာရွက်တစ်ရွက်ချင်းဆီတိုင်းမှာ ကောင်လေးတစ်ယောက်ထဲရဲ့ ပုံတူပန်းချီတွေပဲ ဆွဲထားခြင်းဖြစ်သည်။

ငယ်စဉ်အခါက အခေါက်တစ်ရာ၊တစ်ထောင်မက သူမကြည့်ခဲ့ရတဲ့စာအုပ်လေးကိုရင်မှာပိုက်ပြီး သူမတွေးနေမိတာက အတိတ်ပန်းချီကားချပ်လေးဆီသို့ပင်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်က🦋

မုန်းစားဆင်းချိန်ရောက်သည်နှင့် လိပ်ပြာလုပ်နေကြအလုပ်တစ်ခုကတော့ အိမ်သာနှင့်ကပ်လျှက် Sအခန်းရှေ့မှာ နံရံကိုမှီရပ်နေပြီး ပုံဆွဲစာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေခြင်းပါပဲ။

ပုံဆွဲစာအုပ်လေးထဲမှာကတော့ ဘောလုံးကွင်းနံဘေးရဲ့ စက်ဘီးစီတန်းထားရာနေရာမှာ စက်ဘီးကယ်ရီယာခုံတစ်ခု‌အပေါ်မှာထိုင်နေတဲ့ သူ့ပုံတွေချည်းပါပဲ။

သူက အဖြူရောင်လည်ကတုံးလက်ရှည်ကို
၀တ်ဆင်ထားပြီးအစိမ်းပုပ်ရောင် ချည်သားပုဆိုးလေးကို ၀တ်ထားသည်ကြောင့်သန့်ပြန့်နေတဲ့ လူယဉ်ကျေးလေး တစ်ယောက်ပုံပေါက်နေသည်။

ခန္ဓာကိုယ်ဟာပိန်းပါးပြီးအရပ်ရှည်လေသည်။
အသားအရည်က ဖြူစွတ်နေပြီး ရှေ့ဆံပင်လေးတွေကထူထဲသည့်မျက်ခုံးတန်းလေးတွေကို ဖုံးအုပ်ထားလေသည်။

သူ့မျက်လုံးတွေဟာ ဝိုင်းလွန်း၊ကျဉ်းလွန်းတာမဟုတ်ပဲ ထူထဲပြီးခပ်စင်းစင်းဖြစ်နေတဲ့မျက်တောင်တွေကြောင့် ပြက်သားပြီး ညှို့ဓာတ်ပါနေသလိုမျိုးဖြစ်သည်။

နှာတံလေးကစင်းနေပြီး ဗွီပုံသဏ္ဍာန် မျက်နှာကျမျိုးဖြစ်တာကြောင့် မျက်နှာသေးတယ်လို့ပြောလို့ရပါတယ်။

အောက်နှုတ်ခမ်းလေးက မထူမပါးလေးကိုမှ နှုတ်ခမ်းနှစ်လုံးလေးဖြစ်နေပြီး ရယ်လိုက်ရင်အတော်လှမဲ့မျက်နှာလေးပါ။

ဒါပေမဲ့ အဲ့ကိုကိုရယ်တာကိုတော့လိပ်ပြာတစ်ခါမှမတွေ့ဖူးဘူး။

မုန့်စားဆင်းချိန်ရောက်သည်နှင့် ဘောလုံးကွင်းရဲ့နံဘေးက စက်ဘီးကယ်ရီယာခုံတစ်ခု‌အပေါ်မှာထိုင်ရင်း ပျင်းရိနေတဲ့လူတစ်ယောက်လို ခါးရိုးကိုအနည်းငယ်ခွေကာထိုင်နေတတ်တာသူ့အကျင့်ထင်ပါရဲ့။

ဘောလုံးကန်နေတဲ့လူတွေကိုကြည့်နေခြင်းလည်းမဟုတ်သလို သူဟာ ကမ္ဘာကြီးပေါ်မှာ
တစ်ယောက်ထဲရှိနေတဲ့လူတစ်ယောက်လိုပဲ စိတ်လိုရာလွှင့်နေပုံရတယ်။

"ဟိတ်!!!.."

"အမယ်လေး!!!"

ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ထိုလူကြောင့် စာအုပ်ကိုအမြန်ဖွက်လိုက်သည်။

"အံမယ်..အံမယ်..ညည်းမဖွက်လဲ..ငါတွေ့လိုက်ပါတယ်..ဘုန်းမြတ်သူရ ရဲ့ပုံဆွဲထားတာမလား.."

"ဟင်..အဲ့ကိုကိုနာမည်က..ဘုန်းမြတ်သူရလား.."

"အော်..ညည်းနယ်..ညံ့လိုက်လေခြင်း..ကိုယ်လိုက်နေတဲ့ကောင်လေးရဲ့နာမည်ကိုတောင်မသိပါလား"

"ဟင်..လိပ်ပြာဘယ်မှာလိုက်တယ်ပြောနေလို့လဲ..အစ်ကိုမဟုတ်တာမပြောပါနဲ့.."

"အောင်မယ်..ငါကနေထူးနိုင်ရဲ့ကြောင်မြတ်ရှင်ကားကိုကြည့်ထားတာပါနော်..အမှောင်ကိုခွင်းပြီးအလင်းမြင်နိုင်အောင်..သိဒ္ဓိကျင့်ထားတာသိရဲ့လား..."

"ဟာ..တရုတ်သိုင်းကားတွေအကြည့်လွန်ပြီး
ရူးနေတဲ့လူကတစ်မျိုး..."

"အေး..ငါရူးတာက..ညည်းလောက်တော့မဆိုးပါဘူး..‌ဘာလဲသူရ ရဲ့ဖုန်းနံပါတ်ကိုတောင် ငါပြောပြလို့ရတယ်နော်..၀၉၃.."

"မပြောနဲ့မကြားချင်ဘူး.."

လိပ်ပြာလည်း နားကိုပိတ်ပြီး ဆယ်တန်းရဲ့စံပယ်အဆောင်ကနေပြေးထွက်လိုက်တဲ့အချိန်မှာတော့..

"အင့်!!!ဟင်.."

လူတစ်ယောက်ရဲ့ ရင်အုံနှင့်တိုက်မိလိုက်တာဖြစ်ပြီး ထိုလူကလည်းလိပ်ပြာလဲမသွားအောင် လိပ်ပြာကိုကျောမှသိုင်းဖက်ရင်းထိန်းပေးထားလေသည်။

လိပ်ပြာရဲ့ခံတံထိပ်ချွန်လေးက ထိုလူရဲ့အဖြူရောင်အင်္ကျီလေးကို နဲနဲထိုးဆိုက်နေ
သယောင်ဖြစ်‌နေတာမို့ အတင်းရုန်းထွက်လိုက်သည်။

"တောင်းပန်ပါတယ်..."

လိပ်ပြာဒါပဲပြောပြီး ပြေးထွက်လာခဲ့လိုက်သည်။
နောက်ကိုပြန်လှည့်ကြည့်လိုက်တော့မှ လိပ်ပြာတိုက်မိတဲ့သူက တိုက်ဆိုင်စွာ ကိုကိုသူရဖြစ်နေသည်။

"ဒါဆို..ခုနကလာဗန်ဒါရနံ့သင်းသင်းလေးက
သူ့ဆီကပေါ့..သူ့ကိုယ်သင်းရနံ့လေးကမွှေးလိုက်တာ.."

တစ်ဖက်မှာ ထွန်းဝေက သူရအားကောင်မလေးကိုဖက်လိုက်ရတဲ့အရသာ ဘယ်လိုလဲလို့မေးလိုက်ရာ ကျောခိုင်းပြေးသွားတဲ့ ကောင်မလေးကိုတစ်ချက်လှမ်းကြည့်ပြီး ပြောသွားတာကနှစ်လုံးထဲရယ်ပါ။

"ပေါ့တယ်.."

"ဟမ်..."

🦋🦋🦋🦋🦋🦋🦋🦋🦋

Readerလေးတို့ရေ သူရက စကားဘယ်နှခွန်းပြောလိုက်လဲ

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...