🦋အခန်း ၁ မှ အခန်း ၃ 🦋

 



 အခန်း၁

    .         ချစ်လိပ်ပြာလေး တဝဲလည်လည်


လွန်ခဲ့သော ၉နှစ်က🦋🦋

သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့နေ့ပါ။

ကျောင်းဆင်းချိန်မှာ မိုးတွေသဲထန်စွာရွာနေတာကြောင့် ကျောပိုးအိတ်ကို စက်ဘီးခြင်းထဲထည့်ပြီး ထီးကလက်တစ်ဖက်ကကိုင်ရင်း ကျန်လက်တစ်ဖက်က စက်ဘီးဂိုက်ကိုကိုင်ကာ နင်းခဲ့ရသည်။

"ဝေါ..ဝေါ..ဂျိန်း!!!ဂျလိန်း.."

"မိုးကလည်း သည်းလိုက်တာ..ထီးတစ်ဖက်နဲ့စက်ဘီးစီးရင် ကြောက်ပါတယ်ဆိုနေမှပဲ..."

"ပွန်!!ပွန်!!"

"ဟင်..အား...!!!အမေရေ..ထိန်းမရတော့ဘူး"

"ဝုန်း!!!!"

နောက်မှဝါးတွေသယ်လာတဲ့ ထွေလာဂျီရဲ့ဟွန်းတီးသံကြောင့် စက်ဘီးကို လမ်းဘေးသို့နဲနဲပဲကွေ့လိုက်မိပေမဲ့ အရှိန်လွန်ပြီး လမ်းမကြီးပေါ်မှ လမ်းဘေး ချောက်ကုန်းဆင်းသို့ထိုးကျသွား‌သည်။

လွယ်အိတ်တွေ၊ထီးတွေကလည်း တစ်ခြားကိုလွင့်ထွက်သွားပြီး လူကတော့ စက်ဘီးမှာ
ခွမိလျှက်သားကြီးဖြစ်နေပြီး ခြေတစ်ဖက်ကစက်ဘီးပိနေလေသည်။

ဒီ့ထက်သာအရှိန်မထိန်းနိုင်ရင် သေချာတယ်မြောင်းထဲကိုထိုးကျပြီး ဗွက်လူးနေရမှာပါ။

ထိုပတ်၀န်းကျင်မှလူတွေဟာ ထီးတွေကိုင်ပြီးလိပ်ပြာကိုပွဲကြည့်သလို လာကြည့်နေကြလေသည်။
ထူပေးမယ်တော့မရှိကြဘူး။

စက်ဘီးကြားထဲကခြေထောက်ကိုထုတ်လိုက်ပြီး ထရပ်လိုက်ပေမဲ့ ကြောက်ဒူးတွေတုန်ပြီးလူကယိုင်ကြသွားသည်။

ထိုစဉ် လူတစ်ယောက်က လမ်းအောက်ကိုလျှောဆင်းလာပြီး လိပ်ပြာရဲ့လက်မောင်းကအားနှင့် ဆွဲထူမလိုက်လေသည်။

စာနာမှုပြည့်နေတဲ့မျက်၀န်းတွေနဲ့ကြည့်နေပြီး
လိပ်ပြာရဲ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ လမ်းမပေါ်သို့ခေါ်လာလေသည်။

"ညီမ..မကြောက်နဲ့ ဒီမှာရပ်နေနော်..ကိုကြီးစက်ဘီးနဲ့လွယ်အိတ်တွေ ယူလာခဲ့မယ်..."

နောက်ကနေသေချာကြည့်တော့မှ သူကလည်းလိပ်ပြာလိုကျောင်းစိမ်း၀တ်စုံနှင့် ကျောင်းသားတစ်ယောက်ပင်။

မိုးရေထဲမှာတောင် ချောမောလွန်းတဲ့သူ့ကိုသေချာစိုက်ကြည့်နေမိသည်။

လိပ်ပြာရဲ့စက်ဘီးကိုမပြီး လွယ်အိတ်ကိုခြင်းလေးထဲသို့ထည့်ကာ အပေါ်ပြန်တွန်းလာလေသည်။

"ညီမ..ဒီမှာ..ညီမရဲ့..."
"ကျေးဇူးတင်ပါတယ်..."

ဒီစကားပဲပြောပြီး စက်ဘီးကိုခြေကုန်သုတ်နင်းကာ လစ်ထွက်လာလိုက်သည်။

လိပ်ပြာရှက်တာက သူကကျသန့်ပြန့်ချောမောနေပြီး လိပ်ပြာမှာတော့ တစ်ကိုယ်လုံးရွံ့တွေ ဗလပွနှင့် မျက်နှာဆိုလူရုပ်တောင် မပေါ်တော့ဘူးလေ။
အဲ့တော့ ရှက်တာပေါ့။

လမ်းတစ်၀က်ရောက်မှ တစ်ခုခုကိုသတိရလိုက်မိသည်။

"ဟာ..ထီး..ထီးကျန်ခဲ့ပြီ..သေပါပြီ..အိမ်ရောက်ရင်အမေတော့..ဆော်ပလော်တီးတော့မှာပဲ.."

ဟိုအစ်ကိုကြီးကိုအငမ်းလွန်ပြီး ထီးတောင်ပြန်မကောက်ခဲ့ရဘူး။
လိပ်ပြာမရဲ့ နှာဘူးထချက်ကတော့ ၁၀ပလပ်ပဲဟေ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

၂၀၁၈ခုနှစ်🦋

"ဟဲ့..ဟဲ့လိပ်ပြာဖြူ..ငါပြောတာကြားလား..
ဟဲ့.."

"ဟင်...ဘာ..ဘာဖြစ်လို့လဲ..."

ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့အမှတ်
တရ မိတ်ဆုံစားပွဲမှာ ကျန်သေးတဲ့လူ‌တွေကိုစောင့်ရင်း စားပွဲပေါ် မေးထောက်ရင်း တွေးနေမိတာက လွန်ခဲ့တဲ့၉နှစ်ကအချိန်တွေဆီသို့ဖြစ်နေသည်။

"အော်..၉နှစ်ဆိုတဲ့ အချိန်ကာလကိုဖြတ်သန်းပြီးတာတောင် ဒီလူကြီးကို မမေ့သေးပါလားနော်..."

"ကြည်ပြာ နောက်ထပ်ဘယ်သူတွေလာဖို့ကျန်နေသေးလဲ ငါဗိုက်ဆာလာပြီဟာ.."

"လိပ်ပြာမရယ်..လာခါနီးနင့်ကိုမနက်စာကျွေးလာခဲ့တာတောင်..မ၀နိုင်သေးဘူး..တကထဲ..
ငါ့အစ်ကိုကိုလဲဖိတ်ထားလို့..သူ့သူငယ်ချင်းနဲ့ အလုပ်ကိစ္စဆွေးနွေးရင်း..သူ့သူငယ်ချင်းကိုပါခေါ်နေလို့တဲ့.."

"အေးဟယ်..အဲ့ဒါဆိုလည်း..အမြန်ဖုန်းဆက်လိုက်တော့ အကုန်လုံးဗိုက်ဆာနေကြပြီဟဲ့..
ဟုတ်တယ်မလား..သူငယ်ချင်းတို့.."

"ဟုတ်တယ်ဟေ့...ကြည်ပြာရေ့.."

သူငယ်ချင်း၁၀ယောက်လောက်ဝိုင်းထိုင်နေကြတဲ့အခန်းထဲမှာ လိပ်ပြာရဲ့နှိုးဆော်လိုက်မှုကြောင့်အကုန်ထကြွကုန်ကြသည်။

တကာခံတဲ့ ကြည်ပြာမိုးကလည်းလိပ်ပြာကို နဂါးမျက်စောင်းလှမ်းထိုးပြီး VIPအခန်းတံခါးပွင့်သွားသံ‌ကြောင့် တံခါးဆီသို့အကြည့်ရောက်သွားသည်။

လိပ်ပြာလဲ ကြည်ပြာနည်းတူ အနောက်သို့လှည့်ကြည့်လိုက်ရာ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်အောင်ပါပဲ။

သူ..၉နှစ်ကြာမှပထမဆုံးပြန်တွေ့ရခြင်းပင်။
ဘယ်လောက်ပင်နှစ်တွေကြာမြင့်ပါစေ သူ့ရဲ့ပုံစံကို လိပ်ပြာမှတ်မိတာပေါ့။

သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း လိပ်ပြာကိုယ်တိုင်ပုံဆွဲစာအုပ်လေးထဲမှာ နေရာလွတ်မကျန်ရေးခြစ်ခဲ့တာပါ။

သူမှသူအစစ်ပါ။ဆန်းကျယ်လိုက်လေခြင်း ထိုလူကအခြားထိုင်ခုံတွေ အများကြီးရှိရက်နဲ့ လိပ်ပြာနဲ့မျက်နှာချင်းဆိုင်ခုံမှာမှ လာထိုင်နေလေသည်။

အရင်ကပုံစံအတိုင်းမပြောင်းလဲတာက
သူ့ရှေ့ကလိပ်ပြာကို ရှိတယ်လို့တောင်ထင်ပုံမရတာပါပဲ။
အကြည့်တစ်ချက်တောင် လိပ်ပြာကိုမပေးဘူး။

သူ့ပုံစံက ၁၀တန်းတုန်းကမြင်နေကြ ကျောင်းစိမ်း၀တ်စုံပြည့်၀တ်ထားတဲ့ ကျောင်းသားလေးနဲ့တစ်ခြားစီပဲ။

မျက်နှာကျ၊မျက်လုံး၊မျက်ခုံးနှင့်နှာတံတွေက လုံး၀မပြောင်းလဲပေမဲ့ သူ့ရဲ့ဆံပင်အရောင်ဟာ အဖြူရောင်နဲ့ရွှေဝါရောင်ဆိုးထားတာကြောင့်မျက်နှာက ပိုဖြူစွတ်နေသယောင်ဖြစ်နေတယ်။

မတွေ့တော့တဲ့အချိန်အတွင်းမှာ သူဟာဘယ်လိုလူမျိုးအဖြစ်ပြောင်းလဲသွားတာလဲ။

သူ့ရဲ့ခန္ဓာကိုယ်ဟာ စက်ဘီးကယ်ရီယာခုံလေးပေါ်မှာ ပျင်းရိပျင်းတွဲထိုင်နေတတ်တဲ့ ပိန်း၊ပါးတဲ့ကောင်လေးမဟုတ်တော့ပဲ သေချာလေ့ကျင့်ယူထားတဲ့ တောင့်ဖြောင့်တဲ့ခန္ဓာကိုယ်နှင့် ပိုခန့်ညားလာသည်။
အရပ်တွေလည်း ပိုရှည်လာပုံပဲ။

ဒါပေမဲ့ သူ့မျက်၀န်းထဲမှာ အရာအားလုံးကိုအဓိပ္ပာယ်မဲ့စွာကြည့်တတ်တဲ့ အရိပ်တွေကတော့ပျောက်ပျက်မသွားသေးဘူး။

"ဒါက..ကြည်ပြာရဲ့အချစ်ဆုံးသူငယ်ချင်း
လိပ်ပြာဖြူပါ.."

ကြည်ပြာက သူ့အစ်ကိုနှင့်ထိုလူချောကို သူမသူငယ်ချင်းတစ်ယောက်ဆီတိုင်းနှင့်လိုက်မိတ်ဆက်ပေးနေခြင်းဖြစ်သည်။

လိပ်ပြာနာမည်ကိုမိတ်ဆက်ပေးစဉ်မှာ ထိုလူကသူ့မျက်၀န်းညိုတွေနဲ့ လိပ်ပြာကိုကြည့်လိုက်တယ်ဆိုရင် လူကထိုင်ခုံမှ အလို
အလျှောက်မက်တပ်ရပ်မိပြီးသားဖြစ်သွားသည်။

"လိပ်ပြာ..ဒါက..ငါ့အစ်ကိုရဲ့.."

"ကြည်ပြာ!!!ငါဗိုက်နဲနဲ‌အောင့်နေလို့..
တိုက်ခန်းကိုပြန်နားနှင့်မယ်နော်..."

"ဟဲ့..လိပ်ပြာ..ဟဲ့..အစားပုပ်မ..ဒီနေ့မှဘာထဖြစ်တာလဲ..ခုနလေးတင်..သူပဲဗိုက်ဆာတယ်ပြောပြီးအခုဗိုက်ထအောင့်တယ်..ချက်ချင်း"

စားသောက်ဆိုင်ရဲ့အပြင်ကိုရောက်တော့ လိပ်ပြာဒူးတွေတောင်မခိုင်ချင်တော့၍ ခဏငုတ်တုတ်ထိုင်ချလိုက်ရသည်။

လိပ်ပြာနှလုံးရောဂါဖောက်တော့မတက်ရင်တွေ တုန်နေခဲ့တာပါ။

၅မိနှစ်လောက်ထိုင်ပြီး ရင်တုန်ပြေတော့မှ သူငယ်ချင်းတွေစုနေကြတဲ့ တိုက်ခန်းသို့တက်စီငှားပြီးပြန်လာခဲ့သည်။

အခန်းထဲသို့ရောက်ရောက်ခြင်းပဲ ကုတင်ပေါ်မှာတုံးလုံးပစ်လှဲလိုက်ပြီး ကိုယ့်ကိုကိုယ်ဒေါသထွက်နေမိသည်။

ငါသူ့ကိုသိပ်မုန်းနေတာမလား ဘာကြောင့်သူငါ့ကိုတစ်ချက်ဝေ့ကြည့်မှာတောင် ကြောက်နေရတာလဲ။

သူကရောငါ့ကို မှတ်မိနေတာလား။

တွေးရင်တွေးရင်းနှင့် မျက်လုံးတွေမှေးစင်းချင်လာသလို လေထဲလွှင့်မျောလာသလိုဖြစ်သွားရင်းအတွေးစတွေက လွန်ခဲ့တဲ့၉နှစ်တာဆိုတဲ့ ဒိုင်ယာရီဟောင်းလေးကို ပြန်လှန်နေမိသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်

"ကလင်..လင်..လင်..."

"ဟေး.. ပြန်လို့ရပြီဟေ့.."

ကျောင်းဆင်းခေါင်းလောင်းမြည်သံနှင့်အတူ ကျောင်းဆောင်အသီးသီးမှကျောင်းသားများဟာ ခါခြင်အုံကြီးကဲ့သို့ ကြိတ်ကြိတ်ကို
တိုးနေတော့သည်။

ကျောင်းကိုစက်ဘီးနှင့်လာသူကလာသလို ခြေကျင်လျှောက်ကြသူများလည်းရှိသည်။

လိပ်ပြာကတော့ စက်ဘီးထားတဲ့အတန်းသို့သွားပြီးစက်ဘီးထုတ်ရန်ပြင်ရလေသည်။

စက်ဘီးထုတ်တဲ့နေရာမှာလည်း ‌လူတွေအုံ
ကြွတ်နေ၍နည်းနည်းစောင့်နေရသေးသည်။

လိပ်ပြာစက်ဘီးဘေးမှာရပ်စောင့်နေတဲ့အချိန်နောက်ကိုလှည့်ကြည့်လိုက်တော့ တစ်ခြားကျောင်းသားအချို့ဟာ လိပ်ပြာကို
ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

စိတ်မလုံချင်သလိုဖြစ်လာပြီး ငါ့ကိုဘာကြည့်တာလဲဆိုတဲ့ မျက်နှာထားနဲ့ မေး‌ငေါ့ပြီး ရန်ထောင်ဟန်ပြလိုက်တော့မှ ရယ်ကျဲကျဲလုပ်သွားကြသည်။

တစ်ယောက်ပြီး တစ်ယောက်လာလာကြည့်နေကြတာကြောင့် စက်ဘီးကိုအမြန်ထုတ်နေပေမဲ့ စက်ဘီးက ညှပ်ပြီးထုတ်မရဖြစ်နေသည်။

"ဟာ..ဒီစက်ဘီးကလဲ..အရေးထဲမှ.."

"ဟင်..ဘာလုပ်တာလဲ!!!.."

ရုတ်တရက်ခါးကနေ တစ်ယောက်ယောက်လာဖက်သလိုဖြစ်၍ ရန်ပြန်တွေ့ရန်ကြိုးစားလိုက်ပေမဲ့ ထိုလူရဲ့စကားကြောင့် ဆုတ်ထားတဲ့လက်သီးဆုတ်တောင်ပြေကျသွားသည်။

"ဒီအိင်္ကျီကို ခါးမှာပတ်ထား လုံး၀မချွတ်နဲ့..."

"ဟင်...ဒီမှာ..ဒီမှာ!!!!"

ဘာလို့ဒါကိုလာပေးတာလဲလို့ မေးရန်လှမ်းအော်လိုက်ပေမဲ့ သူကလိပ်ပြာကိုပြန်တောင်လှည့်မကြည့်ဘူး။

ဒါပေမဲ့သူ့မျက်နှာကိုတော့သေချာတွေ့လိုက်ပါတယ် ဟိုနေ့ကမိုးရေထဲမှာတွေ့ခဲ့တဲ့ကိုကိုပါပဲ။

စက်ဘီးကိုအမြန်ထုတ်ပြီး ထိုအစ်ကိုရဲ့ အနွေးထည်ကိုခါးမှာပတ်ထားရင်းနှင့် အိမ်ကိုပြန်ရောက်တော့မှ ခါးကအင်္ကျီကိုချွတ်လိုက်မိသည်။

"ဟင်..အနီကွက်ကြီး..ဒါ..ဒါဆိုငါ့ထမီမှာအနီကွက်ကြီးရှိနေလို့ သူကဒီလိုလုပ်ပေးတာပေါ့..

လိပ်ပြာမရယ်..ငါ့ကိုငါစန်းထလှပြီထင်နေတာ..ဖြစ်လိုက်ရင်တလွဲတွေကြီးပဲ..ရှက်စရာကောင်းလိုက်တာ..."

သူနဲ့ဆုံလိုက်တဲ့အချိန်တိုင်းက ကဗျာဆန်လွန်းမနေပေမဲ့ လိပ်ပြာအတွက်တော့ မဟာဆန်တဲ့အခွင့်အရေးတွေပါပဲ။

သူနဲ့တွေ့ရင်ပြန်ပေးရအောင်လို့ သူ့ရဲ့အင်္ကျီလေးကိုသာ သေချာလျှော်ပြီး အ၀တ်ဗီဒိုမှာခေါက်သိမ်းထားလိုက်မိပါတယ်။

#ဆောင်းငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

တကယ်တော့ စက်ဘီးမှောက်တာက ဝေဝေရဲ့အဖြစ်ပျက်ပါ ကိုယ့်အလှည့်တုန်းကတော့ ဘယ်အဆင်မှလာမကယ်သလို ကိုယ့်ဘာသာကုန်းရုန်း
ထခဲ့ရပါတယ်😭

=======================================================================

🦋အခန်း၂🦋
       🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


ဖိုးချွန်ခမျာ ပြူတင်းပေါက်က‌နေလာနေတဲ့အရိပ်တစ်ခုကိုမြင်တာနှင့် စားနေတဲ့ထမင်းတောင်လည်ပင်းမှာတစ်နေလေသည်။

ထမင်းချိုင့်တွေကိုအမြန်သိမ်းပြီး ထပြေးရန်ပြင်လိုက်စဉ်မှာတော့ ထိုအရိပ်ကြီးကချက်ချင်းအနားကိုရောက်ချလာသည်။

"ဟဲ..ဟဲ..ဖိုးချွန်..မောင်လေး..ဘယ်ပြေးမလို့ကြံနေတာလဲ..ဒီမမလက်ကနေလွတ်မယ်ထင်နေတာလား..."

"ဟာ..လိပ်ပြာမကြီးရယ်..ကိုယ့်ဘာသာဝဲချင်တဲ့နေရာကိုဝဲပါ..ဖိုးချွန်လေးရဲ့ ခြောက်တန်းဆောင်ကိုတော့..မလာပါနဲ့ဗျာ.."

"အံမယ်..ဘာလိပ်ပြာမကြီးလည်း အခေါ်အဝေါ်တွေကိုပြန်ပြင်စမ်း..ဖိုးချွန်တစ်ယောက်
၆တန်းနဲ့အမြီးနှံ့ချင်နေတဲ့အကြောင်းကို..နင့်အမေကိုသာသွားတိုင်လိုက်ရင်..ဟင်း..ဟင်း"

"ဟာ..ကဲဗျာ..မျိုစို့..အဲ့မှာရှိသမျှဟင်းတွေအကုန်..မျိုပါ..လိပ်ပြာနတ်သမီးရယ်..
တကထဲ..၈တန်းစတက်ကတည်းက ထည့်လာသမျှဟင်းတွေ လာလာမျိုစို့နေတာ..
ပိတ္တာမကြီးကျောင်းလာတက်နေတဲ့အတိုင်းပဲ..."

"ဘာပြောတယ်!!!!.."

ထိုင်နေတဲ့ဖိုးချွန်ရဲ့ပုခုံးကို လက်နဲ့ဖိထားလိုက်ပြီးခပ်စူးစူးကြည့်ပေးလိုက်ရာ ငယ်နိုင်ဖိုးချွန်တစ်ယောက် ကြောက်ဒူးတုန်သွားတော့
သည်။

"ဟို..မမလိပ်ပြာအတွက်..အိမ်ကချက်သမျှအကုန်ကြုံးထည့်လာတာမို့..အားမနာတမ်းသုံးဆောင်ပါလို့..."

"မောင်မင်းကြီးသား တော်ပေတယ်..ဟဲဟဲ.."

‌၆တန်းကျောင်းသားလေးကိုအနိုင်သွားကျင့်တဲ့၈တန်းကျောင်းသူမမကြီးက ပြူတင်းပေါက်အနီးမှာနေရာယူပြီး ၁၀တန်းဆောင်ရဲ့ပြူတင်းပေါက်ဖြူဖြူလေးကို ငေးရင်း ထမင်းလုပ်လေးကိုလွေးရင်း ဖီးတက်နေတော့သည်။

ဖိုးချွန်ကိုသာ၆တန်းကျောင်းသားတန်မဲ့ ကောင်မလေးကိုစာပေးတာနဲ့ခြိမ်းခြောက်နေတာ သူမလည်း ၁၀တန်းSအခန်းကပြူတင်းပေါက်နားမှာထိုင်နေတဲ့ ကိုကြီးကိုငန်းနေတာပါပဲ။

ဖိုးချွန်ခမျာ ထမင်းလုပ်တောင်ပါးစပ်ထဲကနေ လှိမ့်ကျတဲ့အထိကြောင်အနေလေသည်။

မလိပ်ပြာရူးများသွားတာလား။

ထမင်းတလုပ်စားလိုက် အပြင်ကိုတစ်ခါငေးလိုက် ရယ်လိုက်နဲ့ ကျပ်မှပြည့်ရဲ့လားမသိဘူး။

လိပ်ပြာကတော့ ထိုကိုကြီးကိုငေးရင်းနှင့် ထမင်းစားရတာမြိန်ချက်ကတော့ ဟင်းတောင်မလိုပါဘူး။

အစကအဲ့အစ်ကိုကြီး ၁၀တန်းမှန်းမသိပါဘူး။ဖိုး‌ချွန်တို့ခြောက်တန်းအဆောင်ကိုအလည်လာရင်းနဲ့မှ ပြူတင်းပေါက်ကိုငေးမိငေးရာ ငေးလိုက်ခါမှ ကိုယ့်ရဲ့အဆင်လေးနဲ့တန်းတိုးခြင်းဖြစ်သည်။

၈တန်းဆောင်က ၁၀တန်းSအခန်းနဲ့ နဲနဲဝေးတော့ ၆တန်းAခန်းကနေမှ ‌သေချာမြင်ရခြင်းဖြစ်သည်။

ဖြူဖြူချောချောကိုကြီးကိုငန်းရင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်ရာ အတော်ဒေါသထွက်ရလေသည်။

လိပ်ပြာက တင်ပါးအုပ်တဲ့ဆံပင်ရှည်ကြီးတွေရှိနေတာကလွဲရင် ဘာမှမလှသလိုပဲ။

အသားကညိုသေး၊အရပ်ကပုသေး မျက်နှာကတော့ ကြည့်ကောင်းသေးတယ်လို့ထင်မိတယ်။

အသားညိုဆို လိပ်ပြာကအခုထိ မျောက်ရှုံးအောင်ဆော့သေးသည်လေ။

နေပူကျဲတဲလည်း စိန်ပြေးတိုင်းကစားရင် ကစားနေတတ်သလို၊ မိမိအရပ်နှင့်မှီရာသစ်ပင်လည်းပြေးတက်တတ်ပါသေးသည်။

ဘယ်လောက်ပဲအဆော့မက်မက် ကလေးတွေကိုအနိုင်ကျင့်တက်တာကလွဲလို့ လိပ်ပြာမှာယောက်ျားလေးသူငယ်ချင်းမရှိဘူး။

အစ်ကိုတွေကြောင့်လည်းပါသလို လိပ်ပြာကိုယ်တိုင်ကလည်း မပေါင်းချင်တာပါ။

အ၀တ်အစားဆိုလည်းအရမ်း ‌ဂျီးများသူလို့ဆိုနိုင်ပါတယ်။

လည်အပိတ်ရင်ဖုံးအင်္ကျီပွပွတွေကိုသာ၀တ်တတ်ပြီး လယ်ပေါက်ကလေးနည်းနည်းကျယ်ရင်တောင်မနေတတ်သူပါ။

ငါးတန်းလောက်ထဲက ကျောင်းစည်းကမ်းအရ ထမီ၀တ်ရမည်ဆို၍ လုံချည်၀တ်သင်ခဲ့ရာ အ‌မေကချိပ်ထမီချုပ်ပေးမည်ဆိုတာတောင် ချိပ်ထမီမ၀တ်ချင်ဘူးဆိုပြီး အတင်းငြင်းခဲ့တာပါ။

ဒါကြောင့်လဲ အမေကိုယ်တိုင်ကဟောကိန်း
ထုတ်ထားသည်လေ အပျိုကြီးဖြစ်မဲ့ဟာမတဲ့။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

၂၀၁၈ခုနှစ်

"ဟဲ့..ဟဲ့..လိပ်ပြာ..အိပ်ပုပ်မရေ.."

"ဟင်..အင်း..."

"ထတော့လေ..အစ်မကြီးကလည်း..သူအလုပ်သွားဖို့အရေး..ငါကသူ့နှိုးစက်ကြီးကျနေတာပဲ.."

"ဒေါ်အေးအေးအောင်ရယ်..မနက်စောစော
စီးစီးနားပူအောင်မလုပ်ပါနဲ့.."

"အေးနင်ကနားပဲပူတာ..ငါကနှလုံးပါပူတာဟဲ့..."

"ဟင်..နှလုံးပူရအောင်..နှင့်မှာနှလုံးရောပါလို့လား..."

"ဟာ..နှလုံးဆိုတာနဲ့ မဟုတ်တာကိုတန်းမြင်တော့တာပဲ..
အဲ့နှလုံးကိုပြောတာမဟုတ်ဘူး..နင်တို့အကုန်လုံးကိုပတ်နှိုးနေရလို့..ရင်ဘတ်ထဲကနှလုံးပူတာကိုပြောတာဟဲ့..."

"အေးပါ..အမေရယ်.."

စိတ်ဆိုးမာန်ဆိုးနဲ့ မီးဖိုချောင်ထဲ၀င်သွားတဲ့အေးအေးအောင်ကိုကြည့်လိုက်ပြီး အိပ်ရာသိမ်းစရာရှိတာအမြန်သိမ်းလိုက်သည်။

ရေချိုးခန်းထဲကို၀င်ပြီး မျက်နှာသစ်ကာ
မှန်ကိုကြည့်လိုက်တော့ ငါတယ်လှပါလားလို့ပြန်ချီးကျူးနေမိသည်။

အသက်က၂၂နှစ်ရှိနေပြီပေမဲ့ ၈တန်းကလေးမလေးလိုပဲဆိုပြီး သူငယ်ချင်းတွေကအခုထိစကြတုန်း အရပ်ကအရမ်းမပုတော့ပေမဲ့ ခန္ဓာကိုယ်က သေးသေးလေးမို့ ၁၅အရွယ်လောက်ဖြစ်နေသလိုပင်။

"ဟီး..ဟီး.."

ခန္ဓာကိုယ်တစ်ခုလုံးမှာ ရယ်လိုက်တိုင်း ခွက်သွားတဲ့ပါးချိုင့်လေးတွေကိုသာ လိပ်ပြာသဘောကျမိပါတယ်။

ရေမိုးချိုး၊ဖီးလိမ်းဖို့ လိပ်ပြာအတွက်မိနစ်
၂၀ဆိုရင်လောက်ပါတယ်။
ဒီနေ့က အလုပ်သွားရမှာဆိုတော့ နည်းနည်းတော့သပ်သပ်ရက်ရက်၀တ်သွားရပါမည်။

အားလုံးပြင်ဆင်ပြီးတော့ တိုက်ခန်းအပြင်ပြေးထွက်လိုက်သည်။

"ဟဲ့..ဟဲ့..ထမင်းချိုင့်လေ.."

"ဟီး..အဲ့ဒါကြောင့်ချစ်တာ..မွ..မွ"

သူငယ်ချင်းအေးအေးအောင်ကိုအာဘွားတွေပေးခဲ့ပြီး လိပ်ပြာအလုပ်လုပ်တဲ့ Dream
ကဖေးဆိုင်သို့ ဘက်စ်ကားစီးပြီးသွားရလေသည်။

လိပ်ပြာဘ၀ကဒီလိုပါပဲ အလုပ်နဲ့အိမ်ကိုပဲတစ်နေ့၊တစ်နေ့ ကူးကလန်ခက်နေရတာပါ။

လိပ်ပြာမှာဒီတစ်လုပ်ပဲရှိတာလားဆို‌တော့မဟုတ်‌ပြန်ပါဘူး။
အချိန်ပိုင်းစာသင်ပေးတဲ့အလုပ်တွေကလည်း
အချိန်ဇယားအပြည့်ပါပဲ။

လိပ်ပြာရဲ့မိသားစုကအရမ်းချမ်သာ‌သူတွေမဟုတ်ကြပေမဲ့ ဟိုငယ်ငယ်တုန်းကလိုတော့
အနေကျပ်အစားကျပ်နဲ့ မဆင်းရဲတော့ပါဘူး။

ဒါကြောင့် မိဘတွေဆီကခွင့်တောင်းပြီး သူငယ်ချင်းတွေနဲ့အတူ ကိုယ်ပိုင်ရပ်တည်ခွင့်ကိုတောင်းခဲ့သည်လေ။

ကားပေါ်မှာ ထိုင်ခုံကိုကျောမှီလိုက်ရင်း ငယ်ငယ်ကကြိတ်ကြွေခဲ့ရသူလေးအကြောင်းကိုတွေးရင်း မျက်တောင်များက လေးလာလေရာ အိပ်လိုက်ပါတော့သည်။

အိပ်မက်ထဲမှာတော့ ဟိုတစ်ချိန်ငယ်စဉ်က ရင်ခုန်ခဲ့ရတဲ့အကြောင်းလေးတွေက လိပ်ပြာရဲ့အိပ်မက်လေးထဲကို တဝဲလည်လည်နှင့်ရောက်လာပါတော့သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်🦋

ဖေဖော်ဝါရီ14ရက် ချစ်သူများနေ့🦋

မုန့်စားဆင်းချိန်ဖြစ်တာကြောင့် စာသင်ခန်းထဲမှလွဲ၍ ကျောင်း၀န်းရဲ့နေရာတိုင်းမှာ ‌ကျောင်းသားများ စုန်ချီ ဆန်ချီသွားလာလှုပ်ရှားနေကြလေသည်။

လိပ်ပြာကတော့ ဆယ်တန်းSခန်းရဲ့အရှေ့မှာ အနွေးထည်လေးကိုလက်ကပိုက်ရင်း
အခန်းထဲကိုအကဲခတ်နေမိသည်။

"အစ်ကို..အစ်ကို..ဒီကအစ်ကို..."

ထွန်းဝေမောင်တစ်‌ယောက် စာသင်ခန်းထဲကထွက်မလို့ကြံခါရှိသေးတယ် ခေါ်သံကြားလို့လှည့်ကြည့်လိုက်ရာ တံခါးနောက်မှာ ကွယ်ပြီးလှမ်းခေါ်နေတဲ့ကောက်မလေးကိုတွေ့လိုက်ရသည်။

"ညီမ..ကိုကြီးကိုခေါ်တာလား..."

"ဟုတ်..ဟို..မေးစရာရှိလို့..."

"မေးလေ..ဘာမေးချင်လို့လဲ..."

"ဟိုး..ပြူတင်းပေါက်နားမှာထိုင်နေတဲ့ကိုကြီးကိုတွေ့လား..."

ထိုကလေးမလက်ညှိုးထိုးရာဆီသို့ကြည့်လိုက်ရာ ပြူတင်းပေါက်အပြင်ကို ထိုင်ငေးနေသည့် ကိုလူချောကိုတွေ့ရလေသည်။

ဒီနေ့ကဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့ဆိုတဲ့အတိုင်း ကိုယ်တွေသာအချစ်မခံရတာ ဒီကောင်ကြီးကတော့ ရှယ်ကိုချစ်ခံနေရတာပါ။

မနက်ထဲက ချောကလက်တွေ၊ပန်းစည်းလေးတွေ၊လက်ဆောင်ကဒ်တွေဆိုတာ အားတိုင်းလာလာပေးနေကြသလိုပဲ။

မိန်းကလေးတွေကလဲ ကမ္ဘာပေါ်မှာအထီးဆိုလို့ဒီတစ်ကောင်ထဲ ရှိတယ်ထင်နေကြလားမသိဘူး။

‌ဒီကိစ္စကတော့ အခန်းထဲက‌အထီးတွေအားလုံးဒေါပွနေတဲ့ကိစ္စပါပဲ။

ကိုယ့်ကိုကိုယ် ယောက်ျား‌ရောစစ်ရဲ့လားလို့ သံသယ၀င်နေကြတဲ့အထိပါ ဖြစ်ကုန်ကြပြီ။

"အစ်ကို့..ဒီကအစ်ကို.."

"ဟင်..အော်..ဆောရီးနော်ကိုကြီးအတွေးလွန်သွားလို့.."

"ဟုတ် ရပါတယ်..ညီမမေးတာဖြေအုံးလေ.."

"အင်း..ညီမမေးတာမဖြေခင် ကိုကြီးတစ်ခုလောက်အကြံပေးချင်တယ်.."

"ဟင်..ဘာအကြံလဲ.."

ထွန်းဝေ ကောင်မလေးကိုကြည့်လိုက်တော့ ဆံပင်အရှည်ကြီးတွေရှိတာကလွဲလို့ ပိန်ပိန်သေးသေးလေးနဲ့ အသားကပါညိုလိုက်သေးတော့ စိတ်မကောင်းစွာ ခေါင်းခါလိုက်သည်။

"ညီမကဘယ်အတန်းကလဲ.."

"ရှစ်တန်းကပါ..ဘာ..ဘာဖြစ်လို့လဲဟင်.."

"အင်း..ဒီနေ့လက်ဆောင်လာပေးကြတဲ့အထဲမှာတော့ ညီမကအငယ်ဆုံးပဲ..ဒါပေမဲ့ညီမရယ်..ကိုကြီးစေတနာနဲ့ပြောမယ်နော်..သူ့ကိုဒီနေ့လာပိုးကြတဲ့အထဲမှာအချောအလှလေးတွေမှအများကြီးပဲ.."

"ဟမ်..အဲ့ဒါလိပ်ပြာနဲ့..ဘာဆိုင်လို့လဲ.."

"ဆိုင်တာပေါ့..ညီမရယ်..အဲ့လိုအချောအလှတွေကိုတောင် ဒီကောင်ကမျက်လုံးဆွေပြီးမကြည့်တာ..ညီမကိုပိုဆိုးမှာပေါ့..."

အခုမှပဲလိပ်ပြာနားလည်တော့တယ် လက်စသတ်တော့ ငါ့ကပိုးကြေး၊ပန်းကြေးလာပေးတယ်ထင်နေတာကိုး။

လိပ်ပြာဖြူရယ် နင်ကလည်း ပေးမဲ့ပေးတော့ ချစ်သူများနေ့မှ ဖြစ်နေတာကို အဲ့တော့သူများထင်ချင်လည်း ထင်ချင်စရာပေါ့။

လူတွေကလည်းနော် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုသာမေ့တတ်ကြတာ ဗယ်လင်တိုင်းဒေးကိုတော့ သူတို့မွေးတဲ့နေ့လိုပဲ မှတ်မိလိုက်ကြတာ။

"အဲ..ညီမအဆင်ပြေအောင် ကိုကြီးတစ်ခုတော့ အကြံပေးလိုက်မယ်..."

"ဟင်...ဘာ..ဘာအကြံလဲ.."

မျက်လုံးလေးပြူးပြီး သူဘာပြောမလည်းစိတ်၀င်စားနေသည့်‌ပုံစံလေးကို စချင်စိတ်ကတဖွားဖွားဖြစ်နေသည်။

"အဲ့ကောင်သူရကလေ အလကားနှလုံးသားရှိတာမဟုတ်ဘူး..ကိုကြီးဆီမှာ‌တော့နှလုံးသားအကြီးကြီးရှိတယ်သိလား..
ညီမလေးပြုပ်စားမလား..သုပ်စားမလား..
ဖုတ်စားမလား..ကြိုက်တာပြောဒီကရက်ရောပြီးသားပဲ..ဟင်း..ဟင်း..."

"ဟာ..ဘာတွေလာပြောနေတာလဲ.."

ကလေးမလေးခမျာ သူ့ရဲ့ ပြုတ်၊သုပ်၊ဖုတ်ကိုလန့်သွားပုံရတယ် ပြေးတာမှတစ်ချိုးထဲပဲ။

"ဟေ့..ညီမလေး..ဗိုက်ဆာတဲ့အချိန်လာစားနော်.."

"မစားဘူး.."

အော်ပြေးတဲ့ကောင်မလေးကိုကြည့်ပြီး ဗိုက်ဆာတာတောင်ပျောက်သွား၍ အခန်းထဲသာပြန်၀င်လာလိုက်သည်။

၈တန်းကကောင်မလေးတစ်ယောက်မင်းကိုလာရှာတယ်လို့ သူရကိုသတင်းပို့လိုက်တော့ ကိုယ်တော်ချောက သူ့ဖက်တောင်လှည့်မကြည့်ပဲ တစ်ခွန်းထဲပြန်ပြောလာတယ်။

"စိတ်မ၀င်စားဘူး..."

စကားတွေအများကြီးပြန်ပြောတဲ့ကောင်ကို
ထွန်းဝေလဲ စိတ်ထဲကနေပြန်ကြိမ်ဆဲလိုက်ပါတယ်။

"အေးပါ..မင်းစိတ်၀င်စားတာက..ပုရွက်ဆိတ်တွေ..ချစ်ရည်လူး တစ်တီတူးနေတဲ့ကိစ္စပဲရှိတယ်.."

#ဆောင်းငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

=======================================================================

အခန်း၃
             🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


၂၀၁၈ခုနှစ်🦋

ဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့

ရန်ကုန်မြို့ကြီးရဲ့နွေဥတုသည် ပူပြင်းလိုက်တာမှလူကိုမီးမြိုက်ထားသလိုပါပဲ။

ပိုက်ဆံချမ်းသာတဲ့လူတွေဟာ အဲယားကွန်းအခန်းလေးထဲမှာ နှပ်ရင်နှပ်နေလို့ရပေမဲ့ သာမာန်လူတန်းစားတွေအတွက်ကတော့ တကယ်ကိုကျောပူ ရင်ပူတဲ့ကာလပါပဲ။

အလုပ်ပြုတ်လာ၍ စိတ်ထဲမှာမီးခဲပေါင်းများစွာလောင်ကျွမ်းနေတဲ့ လိပ်ပြာအဖို့တော့ ဖော်ပြစရာစကားလုံးရှာမရတော့ပါဘူး။

သူငယ်ချင်းတွေနဲ့ စုနေတဲ့တိုက်ခန်းထဲကို၀င်လိုက်တယ်ဆိုရင်ပဲ ဆိုဖာပေါ်မှာခြေပစ်လက်ပစ် ထိုင်ချလိုက်တော့သည်။

ကြည်ပြာမိုးနှင့်အေးအေးအောင်တို့က လိပ်ပြာဖြူရဲ့မျက်နှာကို အကဲခတ်ရင်းအနားကပ်လာကြလေသည်။

"ဟဲ့လိပ်ပြာမ..ဘာဖြစ်လာတာလဲ..မျက်နှာကလည်း..ပိုက်ဆံကျပြောက်တဲ့ရုပ်နဲ့..."

"အေးဟေ့..ပိုက်ဆံကျပြောက်ရင်တောင်..ပြန်ရှာလို့ရသေးတယ်..အခုကအလုပ်ပြုတ်လာတာ.."

"ဟယ်..တကယ်လား.."

အတည်ပြောနေတာကို နောက်နေသည် ထင်နေတဲ့နှစ်ယောက်ကို ဒေါသအခိုးဝေနေတဲ့ မျက်လုံးနဲ့ဆိုက်ကြည့်လိုက်တော့ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ကြောက်ဟန်ဆောင်နေကြတဲ့ပုံက လိပ်ပြာ
တောင်ရယ်ချင်သွားတယ်။

"အမယ်လေး..ကြောက်လိုက်တာဟယ်.."

"ဟုတ်ပ..တစ်ချို့လိပ်ပြာတွေက..အကောင်သာသေးတာ..အဆိပ်တော့ပြင်းသလားမမေးနဲ့.."

"ဟုတ်တယ်ကြည်ပြာရေ့..နင်လည်းအိပ်ရင်သတိထားနေနော်..တော်ကြာထမီခြုံထဲ၀င်လာပြီး.."

"...နင်တို့နော်..ငါတကယ်စိတ်ညစ်နေတာ..
ဟာသတွေလာမပြောကြနဲ့ဆို..."

လိပ်ပြာစိတ်ပြေပုံပေါ်တော့မှ ဘေးနားကိုလာကပ်ထိုင်ကြပြီး နှစ်ယောက်သားပေါင်းပြီး လာဖက်နေကြသည်။

ဒီသူငယ်ချင်းတွေက ဒီလိုပဲလိပ်ပြာငိုရင်ဝိုင်းငိုပေးကြသလို လိပ်ပြာစိတ်ညစ်တဲ့အခါဆိုရင်လည်း ကလေးပေါက်စလိုပွေ့ဖက်ပြီးနှစ်သိမ့်ပေးကြတာလဲ သူတို့ပါပဲ။

"ကဲ..ပြောစမ်း..အချစ်လေးဘာတွေအလိုမကျသလဲ..မမတို့က အကုန်ဖြည့်စည်းပေးမယ်ကွာ.."

"ဒီလိုဟာ..ငါတို့သူဌေးက အခုDreamကဖေးဆိုင်ကို သူအသစ်တိုးချဲ့မဲ့လုပ်ငန်းအတွက်ရောင်းလိုက်ပြီ..ငါတို့ကို၃လစာပေးပြီး..
အလုပ်ထုတ်လိုက်တယ်.."

"အော်..ဒါများဘေဘီရယ်..အဟောင်းသွားတော့အသစ်လာပေါ့ကွာ..သဲနုဇင်မဆို ကြည့်လိုက်..ထားလိုက်တဲ့ရည်းစားတွေဆိုတာ..
ဒီနေ့နံပြားစားရင်..နောက်နေ့ပလာတာပဲ..
ဟောနောက်တစ်နေ့ကျတော့အီကြာကွေး..
ဖြစ်သွားရော.."

"ဟဲ့..မအေး..နင်ဟာလေ..သူများစိတ်ညစ်နေပါတယ်ဆို..နင်စားချင်တာတွေပဲ ပြောနေသိလား.."

"ဟုတ်ပါဘူးဟယ်..ငါကနမူနာနဲ့ မျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်း..မြင်အောင်.."

"တော်ပါတော့ဟယ်..ဒီ့ထက်ဆက်ပြောနေရင်..ငါနင်နဲ့ နံပန်းသတ်မိလိမ့်မယ်သိလား.."

"အောင်မာ..အေးအေးအောင်တဲ့..နာမည်သုံးလုံးနဲ့နေတာသိရဲ့လား..နှမထိဓားကြည့်..
အယ်..မဟုတ်ပါဘူး..ငါ့ကိုထိရဲရင် ထိကြည့်လေ.."

"ဘုန်း!!!"

"အာ့!!!ကြည်ပြာမ နင်ငါ့ကိုတကယ်ချတယ်"

"နင်ပဲ..ထိရဲရင်ထိကြည့်ဆို.."

"အဲ့ဒါက..စကားအဖြစ်ပြောတာလေ.."

"ကဲတော်ကြပါတော့ဟယ်..နင်တို့ကြောင့်..ငါ့ဝေဒနာတွေတောင်..ဘယ်ရောက်ကုန်ပြီလဲမသိဘူး.."

လိပ်ပြာ ရယ်သံပါကြီးနဲ့ ထအော်လိုက်မှ ရန်ဖြစ်ဟန်ဆောင်နေတဲ့ နစ်ယောက်ငြိမ်ကျသွားတော့သည်။

"စိတ်မပူပါနဲ့..လိပ်ပြာလေးရယ်..ကြည်ပြာ့အစ်ကိုရဲ့သူငယ်ချင်းတစ်ယောက်ကလေ..
စားသောက်ဆိုင်အကြီးစားတစ်ခုထောင်နေတာကွာ..အခု၀န်ထမ်းတွေခေါ်နေတယ်..."

"ဟယ်..တကယ်.."

"အင်း..တကယ်ပေါ့ကွာ.."

"ဟာ..ဒါဆိုလိပ်ပြာမနက်ဖြန်ပဲသွားလျှောက်လိုက်မယ်လေ.."

"သဘော..သဘော..ကြည်ပြာအစ်ကို့ကိုပြောလိုက်မယ်.."

"နိုး..နိုး..လိပ်ပြာဖြူဆိုတာ..ကိုယ့်အရည်အချင်းနဲ့..အလုပ်တစ်ခုရတာမျိုးပဲဖြစ်ရမယ်.."

"ဟုတ်ပါပြီ..မာနမင်းသမီးလေးရယ်..."

"ငါအလုပ်ရရင်..နင်တို့လေးယောက်လုံးကို အိမ်မှာဟော့ပေါ့လုပ်ကျွေးမယ်ဟာ..."

"ဟာ..လိပ်ပြာရေ..ဒီလိုဝါးတီးရှိလို့ကတော့..
..မနက်ဖြန်တစ်နေကုန် ဘုရားစင်ရှေ့မှာ ဖင်မှူးတောင်းထောင်ပြီး ‌နင့်အတွက်ပဲဆုတောင်းပေးမယ်.."

"ဒီ၀က်ပုပ်မကတစ်မျိုး..‌ကြည့်လုပ်ပါအေးရယ်ဘုရားခန်းထဲမှာ ဖင်ထောင်ပြီးသေတဲ့မသာဆိုတာ..လူကြားလို့မှမကောင်း..."

"ဟဲ့ကြည်ပြာမ..နင်တွေ့မယ်.."

"မှီအောင်လိုက်ဟေ့.."

"ဟား..ဟား.."

ဧည့်ခန်းလေးထဲမှာ ကြည်ပြာကပြေး အေးအေးကလိုက်နှင့် လိပ်ပြာကတော့ဒိုင်ခံရယ်နေရလေသည်။

ဒါတောင်အဖွဲ့မစုံလို့ အုပ်စုများစုံတဲ့နေ့ဆိုရင် ပါးစပ်ကိုမစိရအောင်ကို ပေါလွန်းတဲ့အဖွဲ့ပါ။
ဒါပေမဲ့ လိပ်ပြာပေါရင်တော့ ဘယ်သူမှလိုက်မှီမှာမဟုတ်ပါဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋

ထမင်းစားခန်းဆိုပေမဲ့ အရောင်တလက်
လက်တောက်လွန်းနေတာကြောင့် မှန်စီရွှေချထားလေသလား ထင်မှတ်ရသလောက်ပင်ဖြစ်သည်။

ထမင်းစား စားပွဲဟာ အခုမှအသစ်၀ယ်လာသလားထင်ရအောင် တောက်ပလွန်းနေသည်။

ထိုထမင်းစားပွဲပေါ်မှာတော့ ဘုရင့်စားတော်ပွဲထက်တောင် စုံလင်သည့် ဟင်းအမယ်‌ပေါင်းမျိုးစုံက နေရာယူထားလေသည်။

ဘယ်လောက်ပင်ခမ်းနားထည်ဝါတဲ့ အဆောင်အယောင်များဖြစ်နေပါစေ။

ဘယ်လောက်အရသာရှိတဲ့ ဟင်းလျာတွေဖြစ်နေပါစေ သူ့အတွက်တော့ ရေသောက်နေရသလိုပဲ ဘာမှမထူးပါဘူး။

ရုတ်တရက် ကြက်သားဟင်းကိုခပ်လိုက်ရာ သူ့မျက်လုံးထဲမှာမြင်နေရတာက ဆံပင်မွှေးတစ်မျှင်ဖြစ်နေသည်။

သူ့ဒေါသက ငယ်ထိပ်ကိုလာတက်ဆောင့်
သည်အထိဖြစ်ပြီး ဇွန်းကိုပြန်ချလိုက်သည်။

"ဒေါ်ယဥ်မေ!!!ဒေါ်ယဥ်မေ!!!"

"ရှင်..လာ..လာပါပြီ..ဘာဖြစ်လို့လဲသား.."

‌ဒေါ်ယဉ်မေကိုခေါ်လိုက်ပေမဲ့ နောက်မှလိုက်လာတဲ့ ‌ဒေါမြနှင်းကြည်ကြောင့် မျက်နှာကိုတစ်ခြားသို့လွှဲလိုက်သည်။

"ဒီဟင်းတွေကို ..ဒေါ်ယဉ်မေ..ချက်ထားတာလား.."

"မဟုတ်ပါဘူးသား..အန်တီနှင်းချက်ထားတာပါ"

သူမဲ့ပြုံးတစ်ခုကို တမင်လုပ်ပြုံးလိုက်သည်။

"..ဒါကြောင့်ဟင်းမှာဆံပင်ညှိပါနေတာပဲ..
နောက်တစ်ခါ..စေတနာမပါရင်..ဘယ်အရာကိုမှမလုပ်နဲ့!!!..ဒေါ်ယဉ်မေ..."

"ပြောပါ..သား.."

"နောက်တစ်ခါ..ဟင်းချက်ရင်..ဒေါ်ယဉ်မေကိုယ်တိုင်ပဲအစ အဆုံးလုပ်ပါ..ကျွန်တော်..
အန်တီ့ကိုပဲ..ယုံတယ်.."

"အောင်မယ်..ငါ့အစ်မကိုမယုံရအောင်..သူကနင့်ကိုအဆိပ်ခတ်နေလို့လား..ဟမ်.."

အသံလာရာဆီသို့မကြည့်ပဲနဲ့တောင် ဘယ်သူမှန်းတန်းသိလိုက်ပါသည်။
မိထွေးတော်ရဲ့ညီမ ဒေါ်မြနှင်းရီဆိုတဲ့မိန်းမပါပဲ။

ဘုန်းမြတ်သူရဆိုတဲ့ကောင်က အပိုစကားတွေကိုလည်းမပြောတတ်သလို ဘယ်သူ့ကိုမှလည်း သိပ်ဂရုဆိုက်တဲ့ကောင်မဟုတ်ပါဘူး။

သူနဲ့ဘယ်သူမှစကားပြောဖို့မထိုက်တန်သလိုမျိုးမှင်သေသေမျက်လုံးတွေနဲ့ ထမင်းစားခန်းအပြင်သို့ထွက်ဖို့ပြင်ပြီးမှ မြနှင်းရီရဲ့ ‌ဘေးမှာရပ်လိုက်သည်။

"သူများအိမ်မှာ..ကပ်နေချင်သေးရင်..အချိုးတွေကိုပြင်..."

"ဟင်..နင်..နင်..တောက်!!တော်တော်မိုက်ရိုင်းတဲ့အကောင်..."

သူရဆိုတာဒီလိုလူမျိုးပါ။စကားအများကြီးမပြောဘူး သူ့ကိုသူများဘာပြောပြောလည်း နားမထောင်ဘူး။

အခုပဲကြည့်လေ ဒေါ်မြနှင်းရီကနောက်မှာ ဘယ်လောက်ဆဲရေးတိုင်းထွာနေပါစေ သူ့ကိုပြောနေတာမဟုတ်သလိုပဲ။
သူ့ကားသော့ကိုသာယူပြီး မောင်းထွက်သွားသည်။
အဲ့တော့တစ်ဖက်လူအတွက် ပိုခံရခက်နေခြင်းဖြစ်သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ညအိပ်ရာ၀င်ခါနီးမှ မနက်ဖြန်အလုပ်လျှောက်ရင်လိုအပ်တဲ့စာရွက်စာတန်းတွေကို လိုက်လှန်ရှာကြည့်နေမိသည်။

ထိုအခါ စာအုပ်ဗုံးထဲမှ အနီရောင်စာအုပ်
ကလေးကိုအကြည့်ရောက်သွားပြီး ဆွဲယူလိုက်မိသည်။

ထိုစာအုပ်ကလေးကိုတစ်ရွက်ဆီလှန်ပြီး အဆုံးထိလိပ်ပြာ မငြီးငွေ့တန်းကြည့်နေမိသည်။

စာရွက်တစ်ရွက်ချင်းဆီတိုင်းမှာ ကောင်လေးတစ်ယောက်ထဲရဲ့ ပုံတူပန်းချီတွေပဲ ဆွဲထားခြင်းဖြစ်သည်။

ငယ်စဉ်အခါက အခေါက်တစ်ရာ၊တစ်ထောင်မက သူမကြည့်ခဲ့ရတဲ့စာအုပ်လေးကိုရင်မှာပိုက်ပြီး သူမတွေးနေမိတာက အတိတ်ပန်းချီကားချပ်လေးဆီသို့ပင်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်က🦋

မုန်းစားဆင်းချိန်ရောက်သည်နှင့် လိပ်ပြာလုပ်နေကြအလုပ်တစ်ခုကတော့ အိမ်သာနှင့်ကပ်လျှက် Sအခန်းရှေ့မှာ နံရံကိုမှီရပ်နေပြီး ပုံဆွဲစာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေခြင်းပါပဲ။

ပုံဆွဲစာအုပ်လေးထဲမှာကတော့ ဘောလုံးကွင်းနံဘေးရဲ့ စက်ဘီးစီတန်းထားရာနေရာမှာ စက်ဘီးကယ်ရီယာခုံတစ်ခု‌အပေါ်မှာထိုင်နေတဲ့ သူ့ပုံတွေချည်းပါပဲ။

သူက အဖြူရောင်လည်ကတုံးလက်ရှည်ကို
၀တ်ဆင်ထားပြီးအစိမ်းပုပ်ရောင် ချည်သားပုဆိုးလေးကို ၀တ်ထားသည်ကြောင့်သန့်ပြန့်နေတဲ့ လူယဉ်ကျေးလေး တစ်ယောက်ပုံပေါက်နေသည်။

ခန္ဓာကိုယ်ဟာပိန်းပါးပြီးအရပ်ရှည်လေသည်။
အသားအရည်က ဖြူစွတ်နေပြီး ရှေ့ဆံပင်လေးတွေကထူထဲသည့်မျက်ခုံးတန်းလေးတွေကို ဖုံးအုပ်ထားလေသည်။

သူ့မျက်လုံးတွေဟာ ဝိုင်းလွန်း၊ကျဉ်းလွန်းတာမဟုတ်ပဲ ထူထဲပြီးခပ်စင်းစင်းဖြစ်နေတဲ့မျက်တောင်တွေကြောင့် ပြက်သားပြီး ညှို့ဓာတ်ပါနေသလိုမျိုးဖြစ်သည်။

နှာတံလေးကစင်းနေပြီး ဗွီပုံသဏ္ဍာန် မျက်နှာကျမျိုးဖြစ်တာကြောင့် မျက်နှာသေးတယ်လို့ပြောလို့ရပါတယ်။

အောက်နှုတ်ခမ်းလေးက မထူမပါးလေးကိုမှ နှုတ်ခမ်းနှစ်လုံးလေးဖြစ်နေပြီး ရယ်လိုက်ရင်အတော်လှမဲ့မျက်နှာလေးပါ။

ဒါပေမဲ့ အဲ့ကိုကိုရယ်တာကိုတော့လိပ်ပြာတစ်ခါမှမတွေ့ဖူးဘူး။

မုန့်စားဆင်းချိန်ရောက်သည်နှင့် ဘောလုံးကွင်းရဲ့နံဘေးက စက်ဘီးကယ်ရီယာခုံတစ်ခု‌အပေါ်မှာထိုင်ရင်း ပျင်းရိနေတဲ့လူတစ်ယောက်လို ခါးရိုးကိုအနည်းငယ်ခွေကာထိုင်နေတတ်တာသူ့အကျင့်ထင်ပါရဲ့။

ဘောလုံးကန်နေတဲ့လူတွေကိုကြည့်နေခြင်းလည်းမဟုတ်သလို သူဟာ ကမ္ဘာကြီးပေါ်မှာ
တစ်ယောက်ထဲရှိနေတဲ့လူတစ်ယောက်လိုပဲ စိတ်လိုရာလွှင့်နေပုံရတယ်။

"ဟိတ်!!!.."

"အမယ်လေး!!!"

ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ ထိုလူကြောင့် စာအုပ်ကိုအမြန်ဖွက်လိုက်သည်။

"အံမယ်..အံမယ်..ညည်းမဖွက်လဲ..ငါတွေ့လိုက်ပါတယ်..ဘုန်းမြတ်သူရ ရဲ့ပုံဆွဲထားတာမလား.."

"ဟင်..အဲ့ကိုကိုနာမည်က..ဘုန်းမြတ်သူရလား.."

"အော်..ညည်းနယ်..ညံ့လိုက်လေခြင်း..ကိုယ်လိုက်နေတဲ့ကောင်လေးရဲ့နာမည်ကိုတောင်မသိပါလား"

"ဟင်..လိပ်ပြာဘယ်မှာလိုက်တယ်ပြောနေလို့လဲ..အစ်ကိုမဟုတ်တာမပြောပါနဲ့.."

"အောင်မယ်..ငါကနေထူးနိုင်ရဲ့ကြောင်မြတ်ရှင်ကားကိုကြည့်ထားတာပါနော်..အမှောင်ကိုခွင်းပြီးအလင်းမြင်နိုင်အောင်..သိဒ္ဓိကျင့်ထားတာသိရဲ့လား..."

"ဟာ..တရုတ်သိုင်းကားတွေအကြည့်လွန်ပြီး
ရူးနေတဲ့လူကတစ်မျိုး..."

"အေး..ငါရူးတာက..ညည်းလောက်တော့မဆိုးပါဘူး..‌ဘာလဲသူရ ရဲ့ဖုန်းနံပါတ်ကိုတောင် ငါပြောပြလို့ရတယ်နော်..၀၉၃.."

"မပြောနဲ့မကြားချင်ဘူး.."

လိပ်ပြာလည်း နားကိုပိတ်ပြီး ဆယ်တန်းရဲ့စံပယ်အဆောင်ကနေပြေးထွက်လိုက်တဲ့အချိန်မှာတော့..

"အင့်!!!ဟင်.."

လူတစ်ယောက်ရဲ့ ရင်အုံနှင့်တိုက်မိလိုက်တာဖြစ်ပြီး ထိုလူကလည်းလိပ်ပြာလဲမသွားအောင် လိပ်ပြာကိုကျောမှသိုင်းဖက်ရင်းထိန်းပေးထားလေသည်။

လိပ်ပြာရဲ့ခံတံထိပ်ချွန်လေးက ထိုလူရဲ့အဖြူရောင်အင်္ကျီလေးကို နဲနဲထိုးဆိုက်နေ
သယောင်ဖြစ်‌နေတာမို့ အတင်းရုန်းထွက်လိုက်သည်။

"တောင်းပန်ပါတယ်..."

လိပ်ပြာဒါပဲပြောပြီး ပြေးထွက်လာခဲ့လိုက်သည်။
နောက်ကိုပြန်လှည့်ကြည့်လိုက်တော့မှ လိပ်ပြာတိုက်မိတဲ့သူက တိုက်ဆိုင်စွာ ကိုကိုသူရဖြစ်နေသည်။

"ဒါဆို..ခုနကလာဗန်ဒါရနံ့သင်းသင်းလေးက
သူ့ဆီကပေါ့..သူ့ကိုယ်သင်းရနံ့လေးကမွှေးလိုက်တာ.."

တစ်ဖက်မှာ ထွန်းဝေက သူရအားကောင်မလေးကိုဖက်လိုက်ရတဲ့အရသာ ဘယ်လိုလဲလို့မေးလိုက်ရာ ကျောခိုင်းပြေးသွားတဲ့ ကောင်မလေးကိုတစ်ချက်လှမ်းကြည့်ပြီး ပြောသွားတာကနှစ်လုံးထဲရယ်ပါ။

"ပေါ့တယ်.."

"ဟမ်..."

🦋🦋🦋🦋🦋🦋🦋🦋🦋

Readerလေးတို့ရေ သူရက စကားဘယ်နှခွန်းပြောလိုက်လဲ

🦋အခန်း ၄ မှ အခန်း ၆ 🦋

  

                                  

အခန်း၄
         🦋 ချစ်လိပ်ပြာလေး တဝဲလည်လည် 🦋


၂၀၁၈ခုနှစ်

အဲယားကွန်းခန်းလေးထဲမှာနေရတာ အေးစိမ့်နေပေမဲ့ လိပ်ပြာရဲ့ရင်ထဲမှာတော့ တော်တော်ပူနေသည်။
အင်တာဗျူးတဲ့လူကြီးတွေက လိပ်ပြာရဲ့CVဖောင်ကို တစ်ရွက်လှန်ရင် ရင်ဘတ်ထဲကနှလုံးက တစ်ခါထထခုန်နေသလိုပါပဲ။

"လိပ်ပြာဖြူနော်.."

"ဟုတ်ပါတယ်ရှင်.."

"အင်း..မလိပ်ပြာဖြူရဲ့ အချက်အလတ်တွေက
အန်ကယ်လ်တို့လိုအပ်နေတာနဲ့ကွက်တိပါပဲ..ဒါပေမဲ့ ဘာလို့အန်ကယ်တို့လုပ်ငန်းမှာ လာလျှောက်ရတာလဲ..အန်ကယ်တို့လုပ်ငန်းက အခုမှစထောင်တာကြောင့်..ခဏလေးနဲ့အလုပ်ထွက်ခွင့်မရှိဘူးနော်..အနည်းဆုံး..၆လစာချုပ်နဲ့လုပ်ရမယ်..
၆လအတွင်းမှာ..အလုပ်ထွက်ခွင့်မရှိဘူး..လစာကလည်း..သေချာပေါက်ကျေနပ်စေရမယ်.."

အန်ကယ်လ်ကြီးက အတည်ပေါက်နှင့် တစ်ချက်ချင်းဆီပြောသွားတာကြောင့် လိပ်ပြာလည်း
ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လုပ်နိုင်၊ကိုင်နိုင်ကြောင်းပြရလေသည်။

"စိတ်ချပါ..ဆရာ..ကျွန်မကလုပ်ငန်းတစ်ခုကိုခဏလေးနဲ့ထွက်တတ်တဲ့လူမဟုတ်ပါဘူး..အရင်အလားတူအလုပ်မှာ၃နှစ်လောက်လုပ်ခဲ့ပါတယ်..အဲ့သူဌေးက..အခြားရင်းနှီးမှုအတွက်..ပိတ်လိုက်တာကြောင့်ပါ..ကျွန်မတကယ်လုပ်နိုင်ကြောင်းကို အလုပ်နဲ့သက်သေပြနိုင်ပါတယ်ဆရာ.."

"ကောင်းပြီ..ဒါဆိုအန်ကယ်လ်တို့ဆက်သွယ်တာကိုစောင့်ပေးပါ.."

"ဟုတ်ကဲ့ရှင့်..."

အခန်းထဲကထွက်လိုက်မှပဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်။

ကြည့်ရတာအဆင်ပြေတော့မဲ့ပုံပဲ။
သူငယ်ချင်းတွေကို ညနေကျရင်ဟော့ပေါ့လုပ်ကျွေးရန် ကြိုတင်သတင်းကောင်းပါးဖို့ ဖုန်းကိုထုတ်ပြီး နှိပ်လိုက်သည်။

"အမယ်လေး.."

"အု...မင်း.."

"လုပ်..လုပ်ပါအုံး.."

ဖုန်းဆက်နေရင်းနှင့် ဒေါက်ဖိနပ်က ချော်ပြီး လူကရှေ့ကိုဟပ်ထိုးလဲလေရာ ရှေ့မှလာနေတဲ့လူတစ်ယောက်ရဲ့ ၀မ်းဗိုက်တည့်တည့်ကို ခေါင်းနဲ့လိုက်ခွေ့သလိုဖြစ်သွားသည်။

ထိုလူကလိပ်ပြာရဲ့ပုခုံးနှစ်ဖက်ကိုတွန်းထားပြီး အရှိန်ထိန်းလိုက်မှ ရပ်လို့ရသွားလေသည်။

"တောင်း..တောင်းပန်ပါတယ်...ဟင်.."

"လမ်းကိုကြည့်လျှောက်.."

ဘယ်ဘ၀ကရေစက်တွေကြောင့် အခုတလော သူနဲ့မှလာလာဆုံနေရတာလဲ။

အခြားလူတစ်ယောက်ဆိုရင်
"လမ်းကိုဘယ်လိုလျှောက်နေလို့ လူတစ်ယောက်လုံးကိုမမြင်ရတာလဲ ဘာလဲ"ဆိုပြီး ရန်တွေ့နိုင်ပါတယ်။

သူကတော့"လမ်းကိုကြည့်လျှောက်"တဲ့စိတ်ပူလို့ပြောသွားတာမဟုတ်ပဲ လေသံမာကြီးနဲ့အမိန့်ပေးသွားသလိုပါပဲ။
စိတ်ချပါ နောက်တစ်ခါဒေါက်ဖိနပ်လုံး၀မစီးတော့ဘူး။

အခုမှပဲသေချာကြည့်မိသည်။သူ၀င်သွားတာကအင်တာဗျူးအခန်းထဲကိုပဲ။

ဒါဆို သူလည်းအလုပ်လာလျှောက်တာလား။
ဒါမှမဟုတ် ကြည်ပြာ့အစ်ကိုရဲ့သူငယ်ချင်းဆိုတာသူလား။

"အရှင်ဘုရား..မဟုတ်ပါစေနဲ့..ဟုတ်လို့မရလို့ပါဘုရား..သူ့မျက်နှာကြီးကိုသာနေ့တိုင်းမြင်ရရင်..မသေခင်ထဲက..အမေကြမ်းလိုနတ်မျိုးဖြစ်ရပါလိမ့်မယ်..ဘုရား.."

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်က🦋

"လိပ်ပြာ..ဆရာမကိုပေးရင်အောက်စာရွက်ကနေ‌လှန်ပေးနော်.."

"အေးပါ..သူဇာရယ်..တစ်ခါပြောရင်ငါမှတ်မိပါတယ်.."

"အေးပါ..ပြီးမှတစ်လွဲမလုပ်နဲ့..အင့်!!!!ဟာ!!"

လိပ်ပြာနဲ့ သူဇာဖြိုးအတူတူ ဆရာမများနားနေဆောင်ကို စာမေးပွဲအဖြေလွှာတွေကို အတန်းပိုင်ဆရာမဆီသို့ သွားတင်ကြခြင်းဖြစ်သည်။

ကျောင်းအုပ်ကြီးရုံးခန်းနားမှာ အတန်းကြီးအစ်မသုံးယောက်က လမ်းအကျယ်ကြီးကို တမင်လာ၀င်တိုက်တာကြောင့် ပုခုံးတွေတောင်နာကုန်ပြီ။

"အား..ဘာလို့၀င်တိုက်တာလဲ..လမ်းအကျယ်ကြီးကိုမမြင်ဘူးလား.."

"မြင်သားပဲ..အရှက်မရှိတဲ့ဟာတွေကို တမင်အမြင်ကပ်လို့ကိုတိုက်တာ .."

"ဘာ..အစ်မကြီးတို့အမြင်ကပ်ရအောင်..
ကျွန်မတို့က‌ မျောက်က ကပြနေလို့လား..ဟမ်.."

"အဟင်း..ကိုယ့်ကိုကိုယ်တော့..မျောက်မျိုးမျောက်နွယ်မှန်းသိသေးတာပဲ.."

"ဟုတ်ပါ့..ထက်ရယ်..ဒီလိုပုံဆိုးပန်းဆိုးမက..
ဘုန်းမြတ်သူရကိုများ..သွားဖက်သတဲ့..ရွံစရာကောင်းလိုက်တာ..."

အခုမှပဲသဘောပေါက်တော့တယ် သူ‌တို့ကလိပ်ပြာကိုစောင်းပြောနေတာပဲ သူဇာနဲ့လိပ်ပြာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်နှာရှုံ့လိုက်ကြသည်။

"လက်စသတ်တော့..အစ်မတို့သုံးယောက်က လင်တရူးနေကြတာပဲ.."

"ဟဲ့ကောင်မလေး..နင်ဘာစကားပြောတာလဲ.."

မထက်ဆိုတဲ့တစ်ယောက်က လိပ်ပြာရဲ့ပုခုံးကိုဆောင့်တွန်းလိုက်ရာ သူဇာကထိုမိန်းမကို ပြန်တွန်းထုတ်လိုက်သည်။

"နင်!!ငါ့ကိုတွန်းရဲတယ်..ဟုတ်လား.."

"မမြင်ဘူးလား..အဲ့မျက်လုံးကြီးနှစ်လုံးကကန်းနေလို့လား..‌အေးလေ..အစ်မတို့မျက်စိတွေက လင်ဆာနေကြတာဆိုတော့..ကိုယ့်လင်ပဲကိုယ်မြင်ကြမှာပေါ့..
အဲ့လောက်တောင်နံ့ကြောဆွဲနေကြရင်လည်း အဲဒီ့ဘုန်းမြတ်သူရကို သုံးပိုင်းပိုင်းပြီး
တစ်ယောက် တစ်ပိုင်းယူလိုက်ကြလေ..
ကျွန်မရဲ့လိပ်ပြာကစိတ်ကိုမ၀င်စားတာသိရဲ့လား.."

"ကောင်မ!!!"

"ဖြန်း!!!"

"ဟာ...လိပ်ပြာ.."

ထိုမိန်းမကသူဇာ့ကိုပါးလွှဲရိုက်လိုက်တာပေမဲ့ လိပ်ပြာကသူဇာ့ရှေ့မှကာလိုက်ခြင်းဖြစ်သည်။

"ရှင်..ကျွန်မသူငယ်ချင်းကိုရိုက်တယ်ပေါ့လေ.."

"ရိုက်တယ်ဟယ်..ဘာဖြစ်ချင်တယ်.."

"လင်တရူးမကြီး..အင့်ဟယ်..အင့်ဟယ်.."

"အား!!!ငါ့..ငါ့ဆံပင်ကိုလွှတ်နော်..ဟဲ့မိုးနဲ့ အိရေ..လုပ်ကြပါအုံး.."

မိုးနဲ့အိဆိုတဲ့နှစ်ယောက်က သူဇာ့ကိုဝိုင်းဖဲ့ကြတော့မှာကြောင့် လိပ်ပြာလည်းထိုရန်ပွဲထဲကို အလိုလိုရောက်သွားရတော့သည်။

ဆရာမများနားနေဆောင်နှင့် ကျောင်းအုပ်ကြီးရုံးခန်းကစာသင်ဆောင်တွေနဲ့ နဲနဲဝေးတာကြောင့် ကျောင်းသားများအစား ဆရာမများတစ်ယောက်ပြီး တစ်ယောက်ထွက်လာပြီး ဝိုင်းဆွဲကြလေသည်။

သို့ပေမဲ့ ငယ်ဂုဏ်ကြောင့် အဆိပ်တက်နေတဲ့ ခွေးလေးငါးကောင်ကတော့ ကိုက်လို့ကောင်းနေဆဲ မာန်ဖီလို့ကောင်းဆဲပါပဲ။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ဆရာမ..ဒီအခန်းမှာ ဘုန်းမြတ်သူရ ရှိလား..."

"အေး..ရှိတယ်လေ..ဘာဖြစ်လို့လဲ.."

"ကျောင်းအုပ်ကြီးက..အရေးတကြီး ခေါ်ခိုင်းလိုက်လို့ပါ..ရှင်းခိုင်းစရာရှိလို့တဲ့..."

"ဘုန်းမြတ်သူရ ရေ..လိုက်သွားလိုက်ပါကွယ်.."

"ဟုတ်ကဲ့.."

သူရကိုယ့်ဘာသာ ကြောင်နေမိသည်။
ကျောင်းအုပ်ကြီးနဲ့က ဆုယူတဲ့အချိန်တွေ၊ပြိုင်ပွဲတွေ၀င်ပြိုင်မှသာ တွေ့ဖူးတာပါ။
ဘာအရေးကိစ္စရှိလို့ပါလိမ့်။

သူရ ကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲသို့ ၀င်လိုက်တာနှင့် မိန်းကလေးငိုသံတွေ တိုင်တန်းသံတွေကြားနေရလေသည်။

ရန်ဖြစ်ထားပုံရတဲ့ မျက်နှာတွေက ကုပ်ရာ၊ဖဲ့ရာတွေ ဗလပွနှင့်ဖြစ်နေကြသည်။
ကျောင်းအုပ်ကြီးက သူ့ကိုတွေ့တာနှင့်မတ်တက်ထရပ်လိုက်လေသည်။

"သူရရေ..ရှင်းပါအုံး.."

"ဗျာ..ကျွန်တော်က..ဘာကိုရှင်းရမှာလဲ.."

"ဒါက..ဒီလိုကွာ..ငါလည်းဘယ်လိုပြောရမှန်းမသိတော့ဘူး..ဟဲ့ကလေးမတွေ..ညည်းတို့ပြဿနာကို ညည်းတို့ဖာသာပြောလိုက်.."

"ဘာမှပြောစရာမလိုဘူးဆရာကြီး..အဲ့အစ်မသုံးယောက်ကအလကားသက်သက် လင်တရူးနေကြတာ..အဲ့အစ်ကိုကြီးသာ..သူတို့သုံးယောက်ထဲကတစ်ယောက်ကိုရွေးလိုက်ရင် ကိစ္စကပြတ်ပြီ.."

"တယ်..ဒီကလေးမ..ငါရိုက်လိုက်ရ.."

သူဇာကတစ်စခန်းထလာ၍ ကျောင်းအုပ်ကြီးကလည်း ရိုက်ဟန်ပြင်လိုက်သလို လိပ်ပြာလည်းလက်ကုပ်လိုက်ရာ သူဇာမှာလိပ်ကလေးလို ခေါင်းပု‌သွားတော့သည်။

ဘုန်းမြတ်သူရဆိုတဲ့လူက ဘာမှန်းမသိတဲ့အကြည့်တစ်ခုနှင့် လိပ်ပြာကိုလာကြည့်ရာ သူ့ကိုမျက်စောင်းထိုးပြီး မျက်နှာလွှဲလိုက်သည်။

ဟုတ်တယ်လေ ဒီပြဿနာကသူ့ကြောင့်ဖြစ်ရတာမဟုတ်လား။
ခုဏက ဒေါသ‌‌တွေမပြယ်သေးပါဘူး။

ဟိုဘီလူးမကြီး သုံးကောင်ကလည်း အခုတော့သူတို့မဟုတ်တော့တဲ့အတိုင်းပဲ အီးပေါက်သံတောင်မကြားရတော့ဘူး။

သူရလည်း သူ့ကိုအကြောင်းမဲ့မျက်စောင်း
ထိုးသွားတဲ့ကလေးမကြောင့် မျက်ခုံးတစ်ဖက်ကို တွန့်လိုက်မိသည်။

၉တန်းဆောင်မှ မြန်မာဆရာမက သူမကြားသမျှအစ၊အဆုံးရှင်းပြပြီးလျှင် သူရ ဇာတ်ရည်လည်သွားတော့သည်။

သူ့ရဲ့နဂိုမူရင်းပုံစံအတိုင်း စိတ်မပါပဲပြောရတဲ့လေသံမျိုးနှင့်ပဲ ကျောင်းအုပ်ကြီးကိုပြန်ပြောလိုက်သည်။

"ဆရာကြီးလုပ်သင့်တာ လုပ်ပါ..ကျွန်တော်သွားလိုက်ပါအုံးမယ်.."

"ဟင်.."

ပြောချင်တာပြောပြီး ထွက်သွားတဲ့သူရကြောင့် ဆရာကြီး ဒေါသအတော်ထွက်သွားပုံရသည်။
မျက်နှာကြီးကို နီရဲတွတ်နေလေသည်။

ထို့နောက် ဒေါသတကြီး လိပ်ပြာတို့ဘက်သို့လှည့်လာရာ မုန်တိုင်းတိုက်တော့မည်ဆို‌တာ သိလိုက်ပြီမို့ ငါးယောက်လုံးသံပြိုင်ထအော်လိုက်ကြသည်။

"ဟဲ..ဟဲ..ဆရာကြီးလုပ်သင့်တာ လုပ်ပါ..သမီးတို့လည်းသွားလိုက်အုံးမယ်..."

"ဘုန်း!!!!"

ဆရာကြီးက ခုံကိုလက်နဲ့ထုချလိုက်ပြီး ကြိမ်လုံးကို ကိုင်လိုက်လေသည်။

လိပ်ပြာတို့ကလည်း ချက်ဆိုနားခွက်ကမီးတောက်ပြီးသားပါ ကြိမ်လုံးကိုင်ရင်သေချာတယ်
ကိုးဆယ်ရာခိုင်းနှုန်းက ဆော်ပလော်အတီးခံရတော့မယ်ဆိုတာ။

"အေး..သူရပြောသလို..ငါလုပ်သင့်တာလုပ်ရရင်တော့..ရန်စတဲ့လူကမိဘခေါ်ရမယ်..."

"ဟေး..ပျော်လိုက်တာ.."

လိပ်ပြာနှင့် သူဇာကထခုန်မတက်အပျော်ကြီး ပျော်ပြီး လက်ခုတ်ထတီးပြလိုက်သည်။

"အခုလောလောဆယ်တော့..ရန်ဖြစ်တဲ့ညည်းတို့..ငါးယောက်လုံးကြိမ်လုံးစာမိမယ်..လာခဲ့.."

"ဟာ..ဆရာကြီး.."
"မလုပ်ပါနဲ့.."

"ဖြောင်း..."

"အာ့..အမေရေ..အီဟီး.."
"ဆရာကြီးရေ နာတယ်လို့.."

ဘယ်လောက်ပင်တား‌ပါစေ ဆရာကြီးရဲ့ကြိမ်လုံးကတော့ ဒေ၀ဒတ်ကိုအဖေခေါ်ရလောက်အောင်အထိ ရက်စက်ပါသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ငယ်ငယ်ကအတန်းထဲမှာ အရိုက်ခံရဖူးတဲ့လူရှိလား

ကိုယ်တော့ခံခဲ့ရဖူးတယ်

=========================================================================

🦋  ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                             အခန်း၅


၂၀၁၈ခုနှစ်

အချိန်တွေဟာ မျက်စိတမှိတ်စာအတွင်း လျှင်မြန်စွာကုန်လွယ်နိုင်သလို အရင်ကမြေလမ်းကလေးဟာလည်း အခုဆိုကွန်ကရစ်လမ်းကြီးအဖြစ်ပြောင်းလဲသွားလေပြီ။

အရင်က ကျောက်သားစိုင်ကြီးတွေထိုးထောင်နေလို့ စက်ဘီးစီးရတာဓာတ်လိုက်နေသလိုပဲဆိုတဲ့ဓာတ်လိုက်တဲ့လမ်းကြီးဟာ ပြေပြစ်လို့ပေါ့။

ခပ်လှမ်းလှမ်းမှလိပ်ပြာတို့ရဲ့ နှစ်ထပ်တိုက်ခံအိမ်ကလေးကို လှမ်းမြင်ရတယ်ဆိုရင် ရင်ထဲမှာနွေးထွေးသွားလေသည်။

ဘာကြောင့်မှန်းမသိ‌ မောင်လေးကအိမ်ရှေ့မှာထွက်ထိုင်နေလေသည်။

"ဟဲ့..အောင်ကျော်မင်း..အိမ်ရှေ့မှာဘာထိုင်လုပ်နေတာလဲ..."

🤯"ကာလနာကြီး..ဒီမှာလေမီးခြစ်က..ရှင့်မျက်လုံးကန်းနေလား..စားဖို့..သောက်ဖို့ဆိုရင်တော့..မြင်တယ်..မသာကြီး..ဒီဟာကြီးကျတော့သေမသေနိုင်ဘူး...ဒီကကျွန်မကြီးက၀တ်ခံနေရတာ..၀တ်..၀တ်..

မောင်လေးအောင်ကျော်မင်းက မမကြားလားဆိုသည့်ပုံစံနှင့် ပုခုံးတွန့်ပြလေသည်။
ထုံးစံအတိုင်း အရင်ဘ၀ကရန်သူတွေကနေ ဒီဘ၀မှာလင်မယားလာဖြစ်တဲ့အဖေနဲ့အမေပေါ့။

"ဒီလင်မယားက..တစ်နေ့တစ်နေ့..ဒါနဲ့တင်မုန့်လုံးစက္ကူပတ်နေတာပါဗျာ ဘာစီးပွားရေးအကြောင်းမှလည်းမပါဘူး..မီးခြစ်ပျောက်လို့ရန်ဖြစ်ရတာနဲ့..
ဆေးလိပ်သောက်လို့..အင်္ကျီရှာမရလို့..တကယ်ဗျာ..
တစ်ခါတစ်လေ..ထွက်ထွက်ပြေးချင်တယ်.."

"အင်း..ငါ့မောင်လေးလောက်တောင်မသိကြဘူး..သူတို့ကိုထားလိုက်စမ်းပါ..မမရေခဲမုန့်လိုက်၀ယ်ကြွေးမယ်..စိတ်ညစ်ရင်အချိုစားရတယ်တဲ့.."

"ဟာ..ဒါမျိုးကတော့ လိုက်ပြီးသားပဲဗျာ.."

တက္ကသိုလ်ပထမနှစ်ကျောင်းသားကြီးဖြစ်နေပေမဲ့ ‌မုန့်နဲ့ဆွဲဆောင်တိုင်းပါတတ်တဲ့ မောင်လေးကိုပုခုံးဖက်ရင်း လမ်းထိပ်ကရေခဲမုန့်ဆိုင်လေးမှာ မုန့်ထိုင်စားနေလိုက်သည်။

"ဟာ..ဖိုးချွန်..ဘယ်သွားမလို့လဲ.."

"မမလိပ်ပြာလဲ ရောက်နေတာလား.."

"အေး..ရေခဲမုန့်စားအုံးမလား..မမ၀ယ်ကြွေးမယ်.."

နှစ်ခါပြောစရာတောင်မလိုပဲ ဖိုးချွန်ကဆိုင်ထဲသို့၀င်လာလေသည်။

"ဟာ..မမရယ်..ကိုဖိုးချွန်ကိုမှဘာလို့ခေါ်တာလဲ..
ကျွန်တော်ဖင်မကျိန်းချင်ဘူးနော်.."

"အံမယ်..နင်ကဘာလို့ဖင်ကျိန်းရမှာလဲ.."

"မမဘာသိလို့လဲ..ကိုဖိုးချွန်ကမမကိုကြိတ်ကြိုက်နေတာဗျ..မမများမလာရင် သူ့မှာမျှော်ရတာအမော.."

"ဟာကွာ..အောင်အောင်..မင်း..မမစိတ်မဆိုးနဲ့နော်..အောင်အောင်ကလျှောက်နောက်နေတာ.."

"အံမယ်..ရှက်မနေပါနဲ့..နင့်မှာငါမမြင်ဖူးတာဘာရှိလို့လဲ.."

"အား..ဒီမနိုင်စိန်တွေကတော့.."

"ဟဲ့..ရေခဲမုန့်စားသွားအုံးလေ.."

တကယ်တော့ဖိုးချွန်နည်းတူ လိပ်ပြာလဲရှက်နေသလိုလိုကြီးပဲ။
ငယ်ငယ်တုန်းက ကိုယ်အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ဖိုးချွန်က အခုတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား လူချောကြီး ဖြစ်နေလေပြီ။

အနေနီးခဲ့တော့ လိပ်ပြာကိုသံယောဇဉ်ပိုတွယ်သွားပုံရပါတယ်။

"အော်..လောကကြီးက ရတာမလို..လိုတာမရပါလားနော်..."

"တီ..တီ..တီ..တီ.."

ရုတ်တရက်ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ လိပ်ပြာမရင်းနှီးတဲ့ဖုန်းဖြစ်နေသည်။

"ဟယ်လို.."

"ရှင်..တ..တကယ်ပါနော်.."

"ဟုတ်ကဲ့ အခုလိုဆက်သွယ်ပေးတဲ့အတွက် လိပ်ပြာကျေးဇူးတင်ပါတယ်ရှင်..."

ဖုန်းချသွားချိန်မှာ ၀မ်းသာလုံးဆို့နေတဲ့မျက်၀န်းတွေနဲ့အစ်မကို အောင်အောင်အံ့ဩနေမိသည်။

"အား!!!..ငါအလုပ်ရပြီ..မမအလုပ်ရပြီကွ..ရေး..
မောင်လေး..ဘာစားချင်လဲပြော..အကုန်၀ယ်ကျွေးမယ်..

"တော်ပါပြီဗျ..အဟွတ်..သားအသက်ရှူကျပ်တယ်.."

မမဟာလေ အသက်၂၂နှစ်ပေမဲ့ မျက်နှာတင်၁၅နှစ်သမီးရုပ်မျိုးမဟုတ်ဘူး လူပါကလေးစိတ်မပျောက်သေးသလိုပဲ။
အောင့်ကို လာဖက်ပြီးခုန်ပေါက်နေလေရဲ့။
လမ်းဘေးကြီးမှာ သူမို့မရှက်တယ်။

လိပ်ပြာအပျော်ကြီးပျော်နေစဉ်မှာပဲ လမ်းမကြီးဘေးမှာ စက်ဘီးလေးတစ်စီးနှင့် ဇင်ဇင်ဆိုတဲ့ကောင်မလေးကို တွေ့လိုက်ရသည်။
လိပ်ပြာသာမကယ်ခဲ့ရင် ဒီကောင်မလေးအခုထိအသက်ရှင်နေနိုင်ပါ့မလား။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်က🦋

"ဘုရား..ဘုရား!!!!သမီးရေ..မခုန်ချပါနဲ့.."

"ဇင်ဇင်..အောက်ကို..ဆင်းခဲ့ပါဟယ်.."

"ဘာမှလာမပြောကြနဲ့..အား!!!မကြားချင်ဘူး..တစ်ယောက်မှတက်မလာကြနဲ့နော်.."

"ဟင်...ဘာဖြစ်နေကြတာလဲ..."

လိပ်ပြာလဲခြောက်တန်းဆောင်ရဲ့ ဒုတိယထပ်မှာအင်္ဂလိပ်ဆရာမရဲ့ စာအုပ်ကျန်ခဲ့လို့ လာယူ‌စဉ်မှာပဲ ဆူညံသံတွေကြား၍ ၀ရံတာမှအောက်သို့ငုံ့ကြည့်လိုက်မိသည်။

အဆောင်အောက်မှာ ကျောင်းသားတွေရော ဆရာမတွေရော ရှုပ်ထွေးနေကြပြီး အော်ဟစ်ဆူညံနေကြလေသည်။

ခြောက်တန်းဆောင်က နှစ်ထပ်ကျောင်း
ဆောင်ဖြစ်ပြီး ခေါင်မိုးထပ်၏ဘောင်ပေါ်တွင် ‌ကျောင်းစိမ်းနှင့် ကောင်မလေးကခုန်ချမည်ဟုဆိုကာ ရပ်နေ‌လေသည်။

"ဟဲ့..ဘာဖြစ်တာလဲမသိဘူး..ထွက်ကြည့်ကြမယ်.."

"ဟယ်..ဟို..Aအခန်းကဇင်ဇင်မလား.."

"ဟုတ်တယ်ဟဲ့..စာ‌လည်းတော်ရဲ့သားနဲ့ဘာဖြစ်လို့လဲမသိဘူး.."

"အေးဟယ်..ဘာတွေစတန့်‌ထွင်နေတာလဲမသိဘူး.."

"တကယ်ခုန်ချမှာနဲ့တူတယ်..."

လိပ်ပြာဆိုတာ တရုတ်သိုင်းကား‌တွေ၊သူရဲ
ကောင်းကားတွေအကြည့်များပြီး ဒီလိုတွေမြင်နေရရင် စိတ်ကမနေတတ်တော့ပေ။

ကျောင်းသားတွေအကြားမှတိုးကြိတ်ပြီး ခေါင်မိုးထပ်သို့တက်လာလိုက်သည်။

ခေါင်မိုးထပ်ကိုရောက်တော့ ဘောင်ပေါ်မှာရပ်နေတဲ့ကောင်မလေးအနားသို့ တိုးကပ်သွားလိုက်ရာ ထိုကောင်မလေးကလိပ်ပြာကိုမြင်သွားလေသည်။

"နင်..နင်ဘယ်သူလဲ..ငါ့အနားကိုမလာနဲ့နော်..
ငါတကယ်ခုန်ချလိုက်မှာ..."

"ခုန်ချလိုက်လေ.."

"ဘာ..."

"တကယ်လို့ဒီပေါ်ကနေ ခုန်ချလိုက်လဲ တစ်ခါ
တည်းသေမယ်လို့ထင်နေတာလား..ဒါကနှစ်ထပ်တိုက်ကလေးပဲရှိတယ်..ဒီပေါ်ကခုန်ချရင်..
ခြေထောက်တွေ၊လက်တွေ ကျိုးပဲ့ပြီး၊ခေါင်းတွေကွဲမယ်...အိုး..သွေးတွေဆိုတာအများကြီးထွက်လာမှာ...ပြီးရင်‌‌လေ ဆန့်ငင် ဆန့်ငင်နဲ့ဆေးရုံကိုခေါ်သွားခံရမှာ
..နောက်ကျရင် အဲ့ဒဏ်ရာတွေက ပုပ်ပွပြီး လောက်တွေတွယ်လာမယ်..ဖြတ်ရတဲ့အဆင့်ရောက်ရင်တော့ သွားပြီ.."

"ဟင်..ဘယ်..ဘယ်လိုသွားမှာလဲ..."

လိပ်ပြာရဲ့ မဟုတ်မမှန်တွေကို အဟုတ်ကြီးမှတ်ပြီးနားထောင်နေတဲ့..ကောင်မလေးဆီသို့ မသိမသာတစ်လှမ်းချင်းတိုးသွားလိုက်သည်။

"ဘယ်လိုသွားမှာလဲဆိုတော့..စဉ်းစားကြည့်လေ..
လက်တွေ ဖြတ်ခံရတဲ့လူဟာ..
ကိုယ့်ဘာသာဘယ်လိုထမင်းစားမလဲ..
သူများကကျွေးမှစားရမှာပေါ့..
ခြေထောက်တွေမရှိတော့ရင်..ဘယ်ကိုမှသွားမရတော့ဘူး..
အပြင်ထွက်ရင်လည်းခြေတိုကြီးနဲ့ရှက်စရာကြီး..
အောက်ကိုပြတ်ကျလို့ မျက်နှာတွေစုတ်ပြတ်သတ်သွားရင် ဘယ်သူကရုပ်ဆိုးတဲ့ညီမကို ခေါ်ချင်၊ပြောချင်တော့မှာလည်း..
အဲ့လိုအကျိုးအပဲ့ကြီးအဖြစ် ဘ၀တုံးတာထက်စာရင်..ညီမရဲ့အခက်အခဲတွေကို ဆရာမတွေ၊မိဘတွေကိုပြောပြလိုက်ပါလား..."

"အစ်မဘာသိလို့လဲ..သမီးရဲ့မိထွေးက အဖေ့ကွယ်ရာရောက်ရင်..သမီးကိုအရမ်းနှိပ်စက်တာ..အဟင့်..ဟင့်.."

ထိုကလေးမက ရှိုက်ကြီးတငင်ငိုယိုပြီးသူမရဲ့မိ‌ထွေးနှိပ်စက်ပုံတွေကို ရင်ဖွင့်နေချိန်မှာ သူမဘေးသို့အမြန်ရောက်အောင်သွားပြီး
လက်ကိုလှမ်း ဆွဲလိုက်သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဆယ်တန်းSအခန်းမှကျောင်းသားတွေလည်းလူ‌တွေအုံကြွနေသော ခြောက်တန်းဆောင်ကို လှမ်းမြင်နေကြရာ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲမှပြေးထွက်သွားကြလေသည်။

"သူရ..ငါတို့လည်းသွားကြည့်ကြမယ်.."

"စိတ်မ၀င်စားဘူး.."

"လာပါကွာ.."

သူရဆိုသည်မှာ ငယ်ငယ်လေးကတည်းကထွန်းဝေတစ်ယောက်ပဲ သူ့ရဲ့ပြောမနာ၊ဆိုမနာသူငယ်ချင်းဖြစ်တာကြောင့် အခုလည်း လိမ်ဖယ်၊လိမ်ဖယ်နှင့်ပါသွားရသည်။

"ဟာ..သူရရေ..ခြောက်တန်း ကလေးမလေး..ခုန်ချတော့မယ်ထင်တယ်ကွ.."

"ဟင်.."

ခေါင်မိုးထပ်၏ ဘောင်ပေါ်တွင်ရပ်နေတဲ့ ထိုကလေးမကိုကြည့်မိလိုက်သည်နှင့် သူရခေါင်းတွေထိုးကိုက်လာသည်။

"အား!!!"

ထွန်းဝေကတော့ လူအုပ်ကြီးကိုတိုးရင်း နောက်ကိုပြန်လှည့်ကြည့်လိုက်ရာ သူရကမရှိတော့ချေ။

သူရမှာ အမည်မသိကြောက်ရွံ့မှုတွေနှင့်အတူ လှေကားထစ်တွေကိုကျော်ပြီး တက်နေမိသည်။

"ဒုန်း!!!!"

"ဟင်..မလုပ်နဲ့!!!"

ခေါင်မိုးထပ်က‌တံခါးကိုဆောင့်ကန်လိုက်ချိန်မှာတော့ ဘောင်ပေါ်မှာရပ်နေတဲ့ကောင်မလေးကို တစ်စုံတစ်ယောက်က လှမ်းဆွဲတာလား၊တွန်းချလိုက်တာလား မသိလိုက်ခင်မှာပဲ သူ့မျက်လုံးတွေကိုမှိတ်ချလိုက်မိသည်။

လွန်ခဲ့တဲ့၅နှစ်က အရိပ်မည်းကြီးတွေကသူ့ဆီကိုပြန်ရောက်ရှိလာသည်။

အမှောင်ထဲကနေ သူရကိုလှမ်းကြည့်နေတဲ့ကြောက်စရာမျက်လုံးတွေ၊ပြီးတော့ အေးစက်နေတဲ့တွင်းနက်ကြီးထဲကို သူတွန်းချခံလိုက်ရတယ်။

"အား!!!!..."

"ဒီမှာ..ဒီမှာ..ကိုကြီးသူရ..လိပ်ပြာခေါ်နေတာကြားလား..."

"ဟင်..ဘာလုပ်တာလဲ!!!.."

သူရ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့အမြင်တွေဝေဝါးနေသည်။
သူ၀ိုးတ၀ါးမြင်ရတာကအဖြူရောင် အရိပ်ကလေးတစ်ခုကိုပဲ။
ဒါသူ့အတွက် အလင်းတန်းပဲ သူ့မှာအခွင့်
အရေးတစ်ခါပဲရှိတယ်။
ထိုအလင်းတန်းလေးကို သူပွေ့ဖက်လိုက်သည်။
သူ့စိတ်ထဲမှာတော့ သူဟာလွတ်မြောက်ဖို့ အလင်းရောင်ကိုဆုပ်ကိုင်လိုက်သည်ပေါ့။

"ကျွန်တော့်ကိုကယ်ပါ..ကျွန်တော့်ကိုအပြင်ကိုခေါ်ထုတ်ပေးပါ..ကျွန်တော်အရမ်းချမ်းတယ်..."

ဇင်ဇင်ဆိုသည့် ကလေးမကို လိပ်ပြာလှမ်းဆွဲနိုင်သွားတာကိုမြင်တော့ ဆရာမတွေအပေါ်ကို‌ပြေးတက်လာကြပြီး ထိုကလေးမကိုလာခေါ်သွားကြလေသည်။

လိပ်ပြာပြန်ထွက်မယ်ပြင်တော့ တံခါးနောက်ကချောင်မှာ ငြီးသံကြားရ၍ကြည့်လိုက်ရာ ကိုကြီးသူရဖြစ်နေသည်။

ကိုကြီးသူရက နား‌တွေကိုလက်နဲ့အုပ်ထားပြီး မျက်စိစုံမှိတ်ကာ ဘာတွေငြီးနေမှန်းမသိလို့ အော်ခေါ်လိုက်ယုံရှိသေးတယ် လိပ်ပြာကိုရီဝေစွာမော့ကြည့်လာသည်။

သူ့လက်ကြီးနှင့်လိပ်ပြာရဲ့ခါးကို လှမ်းဆွဲပြီးဖက်လိုက်တာကြောင့် လိပ်ပြာကြောက်သွားမိသည်။

ဒါပေမဲ့သူအော်နေတာက "ကျွန်တော့ကို ကယ်ပါတဲ့.."ဘယ်သူ့ကိုမှ အာရုံထဲမထားတတ်တဲ့ဒီကိုကိုဟာ ဘာတွေကိုသိပ်ကြောက်နေတာပါလိမ့်။

"ကျွန်တော့ကိုကယ်ပါ.." "ကြောက်တယ်..."

"ကိုကြီး..ကိုကြီး..သတိထားအုံးလေ..ဒီမှာဘယ်သူမှမရှိဘူးလေ..လိပ်ပြာပဲရှိတယ်. .မကြောက်နဲ့လေ..အား!!"

ပြောမှခါးကိုပိုတိုးပြီး ဖက်လာတာကြောင့် ခါး‌ရိုးကျိုးမတက် နာလာရာ သူ့ရင်ဘတ်ကိုလက်နှစ်ဖက်နှင့် အားကုန်ဆောင့်တွန်းပစ်လိုက်သည်။

"အာ့..မင်း..မင်းဘယ်သူလဲ..ဘာလို့ငါ့ကိုလာတွန်းတာလဲ"

နံရံကိုကျောနဲ့ဆောင့်မိသွားမှ သတိ၀င်လာပုံရပြီး လိပ်ပြာကို မျက်ထှောက်နီကြီးနဲ့လာကြည့်လေသည်။

"ကိုကြီးက‌ရော လိပ်ပြာကိုဘာလို့လာဖက်တာလဲ
မကျေနပ်ရင်လည်း ပြောပါ ဒီမှာခါးရိုးတွေတောင်နာကုန်ပြီ..."

 မေးတာလည်း မဖြေပဲ မကြေမနပ်ပုံနှင့် လှေကားအောက်သို့ ပြေးဆင်းသွားသူကို လိပ်ပြာအံ့ဩရင်းသာ ကျန်ခဲ့သည်။

ဘုန်းမြတ်သူရခမျာ အောက်ဆုံးထပ်ရောက်မှ ကျောရော၊ရင်ဘတ်ပါအောင့်တက်သွား၍ ဟန်မဆောင်နိုင်စွာရှံ့မဲ့နေလေတော့သည်။
သူ့ရောဂါဟောင်း ပြန်ထလာတာနဲ့ သူဘာတွေလုပ်လိုက်မိတာလဲမသိဘူး။
"အား..ကျွတ်..ကျွတ်..လူကောင်ပိစိလေးနဲ့တော်တော်အားသန်တာပဲ..."

#ဆောင့်ငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ကြိုက်နှစ်သက်ရင် share လုပ်ပေးနိုင်ပါတယ်

တနင်္ဂနွေမှာ နားမယ်နော် နောက်ကြောင်းပြန်နေရခြင်းက လိပ်ပြာဟာ ဘုန်းမြတ်အပေါ် ဘယ်လောက်အထိစွဲလမ်းခဲ့သလဲ ဆိုတာသိစေဖို့ပါ
နောက်ကြောင်းကို မဖတ်ချင်ရင် ဒီဇာတ်ကအဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်

======================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                         အခန်း၆


၂၀၁၈ခုနှစ်🦋

"တီ..တီ..တီ.."

"အွန်း.ထပြီဟေ့..ထပြီ..."

မနက်၆နာရီ နိုးစက်ရဲ့အချက်ပေးသံနှင့်အတူ လိပ်ပြာတို့ရဲ့တိုက်ခန်းလေးကအသံပလံအစုံနဲ့အသက်၀င်သွားတော့သည်။

လိပ်ပြာနည်းတူ သူငယ်ချင်းတွေအားလုံးက အလုပ်ကိုယ်စီသွားဖို့ပြင်ကြရလေသည်။

လိပ်ပြာတို့အထဲမှာကြည်ပြာမိုးကတော့ ကိုယ်ပိုင်လုပ်ငန်း‌ထောင်ဖို့လုပ်နေတဲ့ ဘောစိမပေါ့။

ငယ်ငယ်တုန်းက ကပ်ကပ်လန်အောင်ရန်ဖြစ်တတ်တဲ့ အော်ကျော့လန်မ သူဇာဖြိုးကလှိုင်မြို့နယ်မှာ အလယ်တန်းပြဆရာမဖြစ်နေတာ အံ့ဩစရာကောင်းလွန်းတဲ့ကိစ္စပါပဲ။

သဲနုဇင်နှင့် အေးအေးအောင်ကတော့ ဂျပန်ဘာသာသင်ပြနေကြတဲ့ ဂျပန်ဆရာမတွေပေါ့လေ။

လိပ်ပြာကသာ ငယ်ငယ်ကပန်းချီဆရာမဖြစ်မလို၊စာရေးဆရာမဖြစ်မလိုနှင့် နောက်ဆုံးတော့စီးပွားရေးနဲ့ဘွဲ့ရပြီး ဟိုသင်တန်းလိုက်တက်၊ဒီသင်တန်းလိုက်တက်နဲ့ အလုပ်တစ်ခုကို‌မနဲခြေကုပ်ထားရသည့်အဖြစ်ပါ။

မှန်ထဲမှာကိုယ့်ပုံကိုယ် ပြန်ကြည့်လိုက်တော့ ကလေးမျက်နှာဖြစ်နေရတဲ့ကြားထဲ အသားတွေဖြူလာတော့ အရမ်းနုနေသလိုပဲ။

"ဟီး..ဟီး.."
"ပါးချိုင့်လေးတွေရေ မင်းကအလှဆုံးပဲ.."

ပုံမှန်အတိုင်းအဖြူရောင် ရင်စေ့အင်္ကျီလက်ရှည်‌နဲ့ ရေသူမစကပ်အနက်လေးကို ၀တ်လိုက်ပြီး ဆံပင်ရှည်‌တွေကို အပေါ်တလွှာပဲစည်းလိုက်သည်။

"လိပ်ပြာရေ..ဒီနေ့အလုပ်စဆင်းမှာဆိုတော့
ဖိုက်တင်း.."

"အင်း..သဲနုလဲဖိုက်တင်း..."

အိမ်နဲ့ကားဂိတ်က ၅မိနှစ်လောက်သာလျှောက်ရပါသည်။
ကားပေါ်‌ရောက်တော့ ထုံးစံအတိုင်းအိပ်ငိုက်လာ၍ မှတ်တိုင်ကျော်မှာကြောက်တာနှင့် သီချင်းဖွင့်ပြီး နားကျပ်နဲ့နားထောင်နေလိုက်သည်။

🎵အကြင်နာတွေ သွေဖီခွဲခွာအဝေးသို့နေ
🎵စေတနာတွေ ဘယ်လိုဘယ်ပုံထားရှိပါစေ

🎵အမုန်းစကားတွေခြွေ ပဲ့ကြွေ
🎵ဘယ်သူမှမသိ တို့သိပေ
🎵ကိုကိုရေ တိတ်တခိုးအချစ်ကြောင့်ရင်မှာ     
    နင့်နေ

သီချင်းကနားထဲမှာ၀င်နေပေမဲ့ လူက လေထဲမှာလွင့်နေလေသည်။
အကြောင်းကတော့ အိပ်ငိုက်နေလို့ပါ။

ကားစီးရင်း အိပ်တတ်တဲ့အကျင့်ကိုပြင်မရလို့ ဖုန်းတစ်လုံး ခါးပိုက်နှိုက်လက်ထဲပါဖူးလဲ မမှတ်တဲ့လိပ်ပြာရယ်ပါ။

"ကျွီ..."

"အာ့..အား..နားလိုက်တာ.."

ကားဘရိတ်အုပ်ကောင်းမှုကြောင့် ရှေ့ထိုင်ခုံနှင့် ခေါင်းက အော်တိုမိတ်ဆက်သွားမှ နိုးသွားတော့သည်။

လမ်းအပြင်ကိုကြည့်လိုက်တော့ သွားပြီ။
နှစ်မှတ်တိုင်တောင် ကျော်သွားပါလား။

"ဦးလေး..ဦးလေး..ကားရပ်ပေးပါ..ကားကား.."

"ကျွီ.."

"အမယ်လေး..."

ကားပေါ်မှာသိုင်းကွက်နင်းရင်း ဟိုယိုင်ဒီထိုးနဲ့ပဲ ‌နောက်ဆုံးတော့ ဆင်းခွင့်ရသွားလေပြီ။

နောက်ကားပြောင်းစီးပြီး စားသောက်ဆိုင်ကိုရောက်တော့ ၈နာရီထိုးပြီး၁၅မိနစ်ဖြစ်နေလေပြီ။

ဒီနေ့ပဲအလုပ်ဆင်းတယ် ဒီနေ့စ‌နောက်ကျတယ်ဆိုတော့ကာ လိပ်ပြာရေ ကိုယ့်ကျွင်းကိုယ်တူးပြီးသာသေလိုက်ပါတော့။

လိပ်ပြာလုပ်မဲ့အလုပ်က စားသောက်ဆိုင်နှင့်ဟိုတယ်အသေးစားကို Barပုံစံမျိုးတွဲဖွင့်ထားခြင်းဖြစ်သည်။

DJတွေဘာတွေဖွင့်ထားပေမဲ့ ကလပ်ပုံစံမျိုး
ကခုန်လို့ရတာမဟုတ်ပဲ လုပ်ငန်းရှင်တွေ အကောင်ကြီးပုဂ္ဂိုလ်တွေနဲ့ အေးဆေးလာထိုင်သောက်သူများအတွက်သာဖြစ်ပါသည်။

Restaurantဖက်မှာတော့ ဥရောပအစားအစာတွေတင်မကပဲ မြန်မာရိုးရာအစားအစာတွေလည်း အစုံရအောင်ပြင်ဆင်ပေးထားပြီး လူငယ်တွေပေါ့ပေါ့ပါ့းပါး ဟော့ပေါ့‌တို့ ဘာတို့လာစားလို့ရအောင်လည်း ပြင်ဆင်ပေးထားပါသေးတယ်။

ကောင်တာသို့သွားလိုက်ပြီး မန်နေဂျာရုံးခန်းကိုမေးကာ တက်သွားလိုက်သည်။

"ဒေါက်..ဒေါက်..ဒေါက်.."
"၀င်ခဲ့.."

"ညီမက.."
"ကျွန်မကလိပ်ပြာဖြူပါ ရုံးပိုင်းမှာလျှောက်
ထားတာပါ.."

"လိပ်ပြာဖြူဆိုတော့..ရုံးပိုင်းမှာ မင်းအတွက်အလုပ်မရှိဘူး..."

"ရှင်..."

"လိပ်..လိပ်ပြာ..အလုပ်ပြုတ်သွားတာလားဟင်..လိပ်ပြာတောင်းပန်ပါတယ်..ဒီနေ့ကားပေါ်မှာ....နဲနဲလေး..အိပ်ပျော်သွားလို့‌ပါ..
နောက်တစ်နေ့ဒီလိုမဖြစ်စေရပါဘူးရှင်..
လိပ်ပြာကိုအခွင့်အရေးတစ်ခါလောက်ပဲထပ်ပေးပါနော်..."

"ဟာ..ရုံးပိုင်းမှာအလုပ်မရှိဘူးလို့ပဲပြောတာလေ..အလုပ်ပြုတ်သွားပြီလို့ပြောလို့လား.."

"ဟင်..ဒါဆို..လိပ်ပြာကဘာရာထူးနဲ့လုပ်ရမှာလဲ.."

"PA ..သူဌေးရဲ့ Personal Assistantပဲ..."

"ဟင်..ဒါ..ဒါဆို..ကိုယ်ရေးကိုယ်တာလက်ထောက်ပေါ့..PAကဘာလုပ်ရတာလဲ..."

"PAက..ကွန်ပျူတာMicrosoft office (word, excel, power point) email နှင့် internet အသုံးပြုနိုင်ရမယ်...English 4 skills ကျွမ်းရမယ်
လိုအပ်ရင် ခရီးသွားပေးရမယ်..ဘဏ်နဲ့ပတ်သတ်တဲ့ကိစ္စတွေလုပ်ပေးရမယ်..."

ဂျာကြီးပြောတဲ့အရည်အချင်းတွေက လိပ်ပြာ ဆီမှာရှိပေမဲ့ ခရီးသွားရမယ်ဆိုတာကြီးကသိပ်မကြိုက်ဘူး။

လိပ်ပြာ စိတ်ညစ်မှုအပေါင်း သရဖူဆောင်းနေရတာ ခေါင်းကွဲပြီးသာသေလိုက်ချင်တယ်။

စာချုပ်ကလည်း၆လသက်တမ်းချုပ်ပြီးနေပြီ။
အစကရုံးပိုင်းနဲ့ရတယ်ထင်နေတာ အခုတော့
PAတဲ့ အတွင်းရေးမှူးတောင်မလုပ်ဖူးတာ PAဆိုတော့ သေလိုက်ပါတော့လိပ်ပြာရယ် အလွဲလွဲအချော်ချော်တွေတော့ ဖြစ်တော့မှာပဲ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

သူရ သန့်စင်ခန်းသို့ ခဏ၀င်လိုက်ပြီးနောက် ရုံးခန်းထဲသို့ပြန်လာရာ လိပ်ပြာဖြူဆိုတဲ့ကောင်မလေးက ရုံးခန်းအပြင်ကဆိုဖာမှာထိုင်ရင်းအိပ်ငိုက်နေလေသည်။

‌‌ဆရာ၀န်ရဲ့ညွှန်ကြားချက်ကြောင့်သာ သူမကိုPA ခန့်ရမှာ သိပ်တော့အလိုမကျပေ။

လောလောဆယ်သူ့ရဲ့ စိတ်အခြေအနေအတွက် သူမကသူ့အတွက်ကုထုံးဖြစ်နေမလားတော့ သူအတက်မပြောနိုင်ပေ။

ဆယ်တန်းတုန်းက တိုက်ခေါင်မိုးထက်မှာ သူမကြောင့် သူစိတ်သက်သာရာ ရခဲ့ဖူးတယ်။

သူမနဲ့ဆုံမိတဲ့အချိန်တိုင်းဟာ သူ့ဘ၀မှာပထမဆုံးသောအရာတွေကို ဖြစ်လာစေခဲ့တယ်။

လမ်းသွားရင် ဘယ်သူ့ကိုမှဂရုမဆိုက်တတ်တဲ့သူဟာ မိုးရေထဲမှာ လူ‌တွေ ဝိုင်းအုံကြည့်ခံနေရတဲ့ သူမကိုပထမဆုံး ကူညီခဲ့ဖူးတယ်။

သူမရဲ့လုံချည်မှာ အနီကွက်ကြီးစွန်းထင်းနေလို့ အကုန်ဝိုင်းလှောင်နေချိန်မှာလဲ သူမနေနိုင်စွာကူညီမိပြန်တယ်။

ပြီးတော့ သူမက သူပထမဆုံးပွေ့ဖက်ဖူးတဲ့ မိန်းကလေးဆိုလည်းမှန်နေတယ်။

၉နှစ်ကြာမှမထင်မှတ်ပဲ ပြန်တွေ့ရတဲ့ သူမကသူ့ကို တစ်ခါမှမမြင်ဖူးသလိုဆက်ဆံနေတာဘာကြောင့်လဲ။

သူနိုင်ငံခြားမှာနေခဲ့တဲ့အချိန်တွေမှာ သူ့စိတ်ဝေဒနာတွေဟာ ပိုဆိုးလာခဲ့တယ်။
သူမက တကယ်သူ့စိတ်ဝေဒနာကိုကုစားနိုင်မလား မသေချာပေမဲ့ သူ့အတွက် သူမဆီမှာထူးခြားတဲ့အရာတစ်ခု ရှိနေသလိုပဲ။

"အဟမျး..အဟမျး..."

"ဟင်..အမိန့်ရှိပါ.."

သူ့ချောင်းဟန့်သံကြောင့် သူမလန့်နိုးသွားပုံရလေသည်။
ချက်ချင်းပဲ  စစ်သားအလေးပြုသလိုပုံစံမျိုးနှင့် ထရပ်ပြီး သူ့ကိုကြောင်တောင်တောင်နှင့် ပြူးကြည့်နေလေသည်။

"ဘာကြည့်နေတာလဲ..ရုံးခန်းထဲကိုလိုက်ခဲ့.."

"ရှင်..ဟုတ်..ဟုတ်ကဲ့..."

မြတ်စွာဘုရားက လိပ်ပြာရဲ့ဆုတောင်းတွေကို
မကြားဘူးနဲ့တူပါတယ်။
သူကတကယ်ပဲ လိပ်ပြာရဲ့သူဌေးပေါ့။
သေပါပြီဆရာ။

ခုနကအိပ်ချင်မူးတူးဖြစ်နေ၍သူ့ကိုသေချာမကြည့်မိလိုက်ပေ။
သေချာကြည့်တော့မှာ သူ့ဆံပင်အရောင်ကအနက်ရောင် ပြန်ဖြစ်နေလေပြီ။
ရွှေဝါရောင်လေးနဲ့တုန်းက မိန်းမချောချောတဲ့ ကိုရီးယားအဆိုတော်လိုပုံစံလေးဖြစ်ပြီး။

အခုပုံစံက တကယ့်အရှိန်အဝါတောက်ပြောင်နေတဲ့ ဘောစိကြီးပုံစံ ပြောင်းသွားတာကြောင့် ဒီလူဟာ ဆံပင်အရောင်နဲ့လိုက်ပြီး ပုံစံပြောင်းလဲလွယ်တဲ့လူလို့ သတ်မှတ်လိုက်သည်။

"လိပ်ပြာဖြူ..မန်နေဂျာကိုသန့်က..မင်းကိုPAတစ်ယောက်ရဲ့..တာ၀န်တွေကို ရှင်းပြလိုက်လား.."

"ဟုတ်..ရှင်းပြလိုက်ပါတယ်.."

"အိုကေ..ဒါဆိုရင်..အခုအိမ်ကိုပြန်ပြီး..
ခရီးသွားဖို့ပြင်ဆင်လိုက်ပါ..ဒီညနေဖလိုက်နဲ့ မန္တလေးကိုသွားမယ်..."

"ရှင်..ဘယ်..ဘယ်လို.."

လိပ်ပြာက အံ့ဩတကြီးမေး‌လိုက်တော့ ငါနှစ်ခါပြန်မပြောဘူးဆိုတဲ့ပုံစံနှင့် လိပ်ပြာကိုစိတ်ရှုပ်ဟန်ပြလေသည်။

"ဟုတ်ကဲ့ပါ..အဟင်း...သူဌေးရဲ့အမိန့်တော်အတိုင်းပါ.."

အပြုံးမျက်နှာနှင့် တမင်ရွဲ့ပြီးပြောခဲ့ကာ ရုံးခန်းအပြင်သို့ထွက်လာလိုက်သည်။

စားသောက်ဆိုင်ရဲ့ အပြင်ကိုရောက်သည်နှင့် လိပ်ပြာရဲ့စိတ်တွေဟာ ထိန်းလို့မရဖြစ်နေသည်။

"အား!!!လူယုတ်မာကြီး..ဘယ်၀န်ထမ်းက အလုပ်စ၀င်တဲ့နေ့ပဲ..ခရီးထွက်ရလို့လဲ..
စိတ်တိုလိုက်တာနော်..နေဦးခရီးက
ဘယ်နှစ်ယောက်သွားရမှာလည်း မမေးလိုက်ရဘူး..သူနဲ့ငါနှစ်ယောက်ထဲတော့
မဖြစ်ပါစေနဲ့..ငါ့သူငယ်ချင်းတွေကိုပြောရင်တော့ ..ထမီအလံထူပြီး အကုန်ချီတက်လာမှာမြင်ယောင်တယ်..."

ဘာပဲဖြစ်ဖြစ်မန္တလေးကိုတော့ ရောက်ဖူးသွားတာပေါ့။
ဒေသန္တရဗဟုသုတဆိုတာ ရကောင်းပါတယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လေယာဉ်ဟာ ရန်ကုန်လေဆိပ်မှစတင်ပျံသန်း‌
နေစဉ်မှာ လိပ်ပြာ ထိုင်ခုံကို ကျစ်နေအောင်ဆုတ်ထားပြီး မျက်လုံးကိုမှိတ်ထားမိသည်။

နဖူးစပ်မှာတောင် ချွေးစေးတွေထွက်လာသလိုပဲ။

‌ကိုယ့်အာရုံနဲ့ကိုယ် စာအုပ်ဖတ်နေတဲ့သူရ ဘေးကိုကြည့်လိုက်တော့ လိပ်ပြာဖြူက အံကိုကြိတ်ပြီး ချွေးတွေပြန်နေသည်။

"ဟိတ်..ဟိတ်..မင်းဘာဖြစ်နေတာလဲ.."

သူမရဲ့ ပုခုံးကို လက်ညှိုးထိပ်လေးနဲ့တို့ပြီး
မေးလိုက်တော့ သူမကငိုတော့မလိုမျက်နှာနှင့်ရှုံ့မဲ့ပြီး ပြန်ကြည့်လာသည်။

"လိပ်ပြာ..ကြောက်..ကြောက်လို့ပါ..အခုမှပထမဆုံးလေယာဉ်စီးဖူးလို့..အခု‌လေယာဉ်ကြီးကတုန်နေတာ..တော်ကြာပေါက်ကွဲသွားရင်..ဘယ်လိုလုပ်မလဲ..လိပ်ပြာမသေချင်သေးဘူး..."

တစ်သက်နဲ့တစ်ကိုယ် သူတစ်ပါးကြောက်နေတာကိုကြည့်ပြီး ရယ်ချင်နေတာ သူ့အတွက်ဒါပထမဆုံးပဲ။

အေးလေ သူ့အနေနဲ့ဆိုရင်လေယာဉ်စီးရတာက စက်ဘီးစီးရသလိုတောင် ကျင့်သားရနေပေပြီ။
သူမကပထမဆုံးမို့ ဒီလောက်တော့ကြောက်မှာပေါ့။

"မကြောက်နဲ့..လေကြောင်းလိုင်းက ကမ္ဘာပေါ်မှာ..
အက်စီးဒန့်ဖြစ်မှုအနည်းဆုံး သယ်ယူပို့ဆောင်ရေးတစ်ခုပဲ...အခုလေယာဉ်တုန်သွားတာက စပြီးပျံတက်နေတာကြောင့်ပဲ
..ဒီလိုပဲလေဆိပ်မှာ လေယာဉ်ဆိုက်ရင်လည်း တစ်ခါတုန်အုံးမှာ..အဲ့တာကလည်းဘာမှ
အန္တရာယ်မရှိပါဘူး..လေယာဉ်ငြိမ်ပြီးပျံနေတယ်ဆိုရင် အဲ့ဒါလေယာဉ်က..တိမ်တိုက်တွေထဲမှာအန္တရယ်ကင်းစွာ ပျံသန်းနေလို့ပဲ..ဘာမှစိတ်မပူနဲ့..လေ၀င်လေထွက်မှန်မှန်ရှူ..စိတ်ကိုပေါ့ပေါ့းပါးပါးထား ကိုယ်မင်းဘေးမှာရှိနေမယ်..."

"ဟူး..လိပ်ပြာ..အဆင်ပြေလာသလိုပဲ.."

အောက်စီဂျင်ပြတ်နေတဲ့ လူတစ်လောက်လို လေကိုလုရှူရင်း ရယ်ကျဲကျဲလုပ်‌ပြနေတဲ့သူမကြောင့် သူနဲနဲတော့ စိတ်သက်သာရာရသွားသည်။

နေပါဦး အခုငါကမိန်းကလေးတစ်ယောက်ကို စကားတွေ စီကာပတ်ကုံးပြောပြီး စိတ်ပူပေးနေမိတာလား။
သေချာတာက ဒါငါ့ပုံစံမဟုတ်ဘူး။

Author #ဆောင်းငွေ့ဝေ

🦋🦋🦋🦋🦋🦋🦋🦋🦋

မန္တလေးကို လည်လည်သွားကြမယ်

စာပြန်မစစ်အားလို့ အမှားပါရင်သည်းခံပေးပါနော်


🦋အခန်း ၇ မှ အခန်း ၉ 🦋

  

                                  


🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                            အခန်း၇


မန္တလေးမြို့🏯

"နန်းတော်၀န် ဟိုတယ်မှကြိုဆိုပါတယ်ဆရာ"

"ဟင်..."

လိပ်ပြာလန့်ပြီး ခန္တာကိုယ်တောင် ကြုံ့၀င်သွားမိသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တန်းလာခဲ့သည်က နန်းတော်၀န်ဟိုတယ်ကိုဖြစ်သည်။

မထင်ထားမိတာက ဒီဟိုတယ်ကလည်းသူပိုင်နေခြင်းပင်။
အသက်၂၄နှစ်အရွယ် လူငယ်လေးက
ဒီလောက်အထိစွမ်းဆောင်နိုင်တာလား။
မယုံနိုင်စရာပဲ။

ဟိုတယ်‌ထဲ၀င်၀င်ချင်းပဲ ရာထူးကြီး၀န်ထမ်းတွေအကုန်လုံးက အလေးပြုအနေအထားမျိုးဖြစ်နေလေသည်။
သူ့ထက်အစပေါင်းများစွာကြီးတဲ့လူတွေကတောင် သူ့ကိုဆရာခေါ်နေကြရသည်။

"သူ့နာမည်က လိပ်ပြာဖြူပါ..ကျွန်တော့်ရဲ့
PAပဲ မဝေ‌လင်း..လိပ်ပြာဖြူတည်းဖို့ အခန်းစီစဉ်ပေးလိုက်ပါ.."

"ဟုတ်ကဲ့..ဆရာ.."

"လိပ်ပြာဖြူ..နောက်၂နာရီအတိမှာ..ဟိုတယ်ရဲ့အရှေ့မှာ ကိုယ်စောင့်နေမယ်..အချိန်တိကျပါစေ.."

"ဟုတ်ကဲ့..."

မဝေလင်းဆိုသူနှင့် ဟိုတယ်ရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ဘန်ဂလိုငယ်တစ်ခုဆီသို့လိုက်လာခဲ့လိုက်သည်။
လမ်းတစ်လျှောက်လုံးမှာလည်း ဟိုတယ်ကြီးရဲ့ခမ်းနားထည်ဝါမှုက လိပ်ပြာအဖို့ အခုမှမြို့တက်လာတဲ့ တောသူမလိုပဲ အံ့ဩမဆုံးဖြစ်နေမိသည်။

ကိုယ်နားရမဲ့အခန်းလည်းရောက်ရော အရှင်
လတ်လတ်နတ်ပြည်များရောက်လာသလား ထင်မှတ်ရသည်။

"ဝါး..အခန်းကြီးကအကျယ်ကြီးပဲ.."

"ညီမလိပ်ပြာ..အေးဆေးနားနော်..တစ်ခုခုလိုတာရှိရင်..ဒီမှာအစ်မ ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်လိုက်ပါ.."

"ဟုတ်ကဲ့..ဒါနဲ့အစ်မ..ကျွန်မ မေးစရာလေးတစ်ခုရှိနေလို့..."

"ဟုတ်မေးပါ.."

"ဟိုမှာ ချိပ်ထားတဲ့ ပန်းချီကားတွေကဘယ်ပန်းချီဆရာဆွဲထားတာလဲဟင် လိပ်ပြာ ဟိုတယ်ကြီးထဲမှာလည်း ပန်းချီကားတွေ ချိပ်ထားတာတွေ့လိုက်တယ်..."

ဧည့်ခန်းမှာ ချိတ်ထားသည့် ပန်းချီကားချပ်ဆီသို့လိပ်ပြာ မေးငေါ့ပြလိုက်ပြီး မေးလိုက်ခြင်းဖြစ်သည်။

"အော်..ဒီဟိုတယ်မှာသုံးထားတဲ့ ပန်းချီကားတွေက ဆရာကိုယ်တိုင်ဆွဲထားတာတွေများတယ်..."

"အော်.."

သူကပန်းချီလဲ ဆွဲတတ်တာလား။
လိပ်ပြာဆိုသည်မှာလည်း ပန်းချီဆရာဆိုရင် အလိုလိုကို လေးစားနေမိသူပါ။

မဝေလင်း ပြန်သွားတာနှင့် ပန်းချီကားချပ်အနားသို့ သွားပြီးသေချာကြည့်လိုက်မိသည်။

သူ့ပန်းချီကားက ပင်လယ်ကမ်းစပ်မှာ
လဲလျှောင်းနေတဲ့ ကောင်မလေးကို လှိုင်းလုံးတွေအုပ်မိုးလာမလားဆိုတဲ့ လျှို့ဝှက်ချက်လေးပါနေသလိုပဲ။

"ဟင်..ဒီလတ်မှတ်က.."

ပန်းချီရဲ့ ထောင့်စွန်းမှာထိုးထားတဲ့ wind(လေ)ဆိုတဲ့လတ်မှတ်က လိပ်ပြာအတွက် ကိုးနှစ်တာလုံး စုပ်တံတွေကိုလွှတ်ချမိအောင် လုပ်ပစ်ခဲ့တဲ့ အမည်နာမလေးတစ်ခုပဲ။
ဒါဆို သူက လိပ်ပြာပန်းချီမဆွဲချင်တော့တဲ့ အကြောင်းအရင်းပေါ့။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်

"ကဲ..ကလေးတို့ရေ..ဒီနေ့တော့ အသီးတွေကို ခဲခြစ်နည်း..ဆရာမသင်ပေးမယ်နော်...

"ဆရာမ..."

"ဟင်..လိပ်ပြာ..ဘာဖြစ်လို့လဲသမီး..."

"မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲမှာပြိုင်ရမဲ့ ရလဒ်တွေထွက်လာပြီလား..."

"အော်...ထွက်လာပြီသမီး..ဆရာမစိတ်တော့မကောင်းပါဘူး လိပ်ပြာလေးရဲ့ပန်းချီက ဒုတိယဖြစ်သွားတယ်..၁၀တန်းကကောင်လေးကပထမရသွား‌တော့..ပြိုင်ဖို့..သူ့ကိုပဲရွေးလိုက်ကြတယ်...
ဘာမှစိတ်မညစ်ပါနဲ့ကွယ်..နောက်နှစ်တွေလည်းအခွင့်အရေး..ရှိပါသေးတယ်..ဆက်ကြိုးစားပေါ့နော်..."

လိပ်ပြာ ဟန်ပင်မဆောင်နိုင်တော့ပဲ ငိုမဲ့မဲ့ရုပ်ကြီးဖြစ်သွားရသည်။

ဒါလိပ်ပြာရဲ့ ပန်းချီဆက်ဆွဲနိုင်ခွင့်ရမဲ့နောက်ဆုံးအခွင့်အရေးပဲ။
လိပ်ပြာ ဒီအခွင့်အရေးကို ဆုံးရှုံးလိုက်ရပြီပေါ့။

"လိပ်ပြာ နင်အဆင်ပြေရဲ့လား.."

"ဟင့်အင်း..ငါ..ငါ..အဲဒီ့အစ်ကိုရဲ့ပန်းချီကားကိုသွားကြည့်ချင်တယ်..."

"ပထမရတဲ့ ပန်းချီကားကို ဟောခန်းရဲ့ရှေ့ကဘုတ်မှာချိပ်ကြမှာတဲ့ ငါတို့အိမ်သာသွားဖို့ ခွင့်တောင်းပြီး သွားကြည့်ကြမလား.."

"အင်း..ကောင်းတယ်.."

"ဆရာမ..သမီးတို့.."

သူဇာဖြိုးက ဆရာမကိုလက်ညှိုးထောင်ပြီး အလေးသွားဖို့ခွင့်တောင်းရာ ဆရာမကခေါင်းငြိမ့်ပြလေသည်။

စာသင်ခန်းထဲကထွက်လိုက်တယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ရဲ့ ပန်းချီလက်ရာကိုကြည့်ချင်စိတ်ကစောနေမိသည်။

‌"သူဇာ မြန်မြန်လာပါ.."

"အေးပါဟယ်..."

စာသင်ချိန်အတွင်းဖြစ်တာကြောင့် ကျောင်းခန်းပြင်ပမှာပြေးလွှားနေတဲ့ အရိပ်ကလေးက လိပ်ပြာတို့နှစ်ဦးသာရှိပါသည်။

ဟောခန်းအရှေ့ကိုရောက်တော့ ဘုတ်မှာချိပ်ထားတဲ့ ပန်ချီကားလေးကိုတွေ့လိုက်ရသည်။

လိပ်ပြာရဲ့လက်ကလေးနဲ့ တို့ထိကြည့်လိုက်မိသည်။
အသက်၀င်လိုက်တဲ့ ပန်းချီလေးပါလား။

လိပ်ပြာ ဆွဲခဲ့တာက ‌ထမီတိုတို၀တ်ပြီး
ရောင်ပေစူးလေးနဲ့ တောသူမလေးဟာ ငှက်ကလေးတွေကို အစာကျွေးနေရင်း ပျော်မြူးနေတဲ့ပုံလေးပါ။

လိပ်ပြာရဲ့ပန်းချီက အရမ်းရိုးရှင်းတယ် လွတ်လပ်မှုအပြည့်ရှိတယ် ကြည့်လိုက်တာနဲ့ပျော်ရွှင်စရာလေးပေါ့။

ဒါပေမဲ့သူ့ပန်ချီကားကတော့ မြင်ရသူတိုင်းရဲ့ အသဲကိုငိုမိအောင် မေးခွန်းထုတ်နေသလိုပဲ။

ခေါင်မိုးထပ်မှာ ကလေးမလေးနှစ်ယောက်ထိုင်နေပေမဲ့ တစ်ယောက်ကတော့ဝိဉာဉ်ဖြစ်နေလေပြီ။
မတူညီတော့တဲ့ဘ၀မှာတောင် သူတို့ဟာအခင်အမင်မပျက်ကြသလိုပဲ။

လိပ်ပြာကြည့်လေ ၀မ်းနည်းလေပါပဲ။
ပန်းချီကားချပ်လေးရဲ့ အောက်ဆုံး‌ထောင့်စွန်းလေးမှာ windဆိုပြီးလတ်မှတ်ထိုးထားသည်။

"လိပ်ပြာ သူ့ပန်းချီက တကယ်၀မ်းနည်းဖို့ကောင်းတယ်နော်..နင်လည်းနောက်နှစ်ကျရင် ရမှာပါ..အားတင်းထား.."

"ငါဘယ်တော့မှ ပန်းချီမဆွဲတော့ဘူး...ငါ့မိဘတွေကြောင့်ဆိုတာထက် ငါ့စိတ်ကိုကဆုံးဖြတ်လိုက်တာ..."

လိပ်ပြာရဲ့မိဘတွေကိုကတိခံခဲ့တာတစ်ခုရှိနေသည်။
မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲမှာ၀င်ပြိုင်ခွင့်ရရင် အနာပညာကျောင်း တက်ခွင့်ပြုဖို့ပေါ့။

တကယ်လို့ဒီနှစ်မှပြိုင်ခွင့်မရရင် လိပ်ပြာကိုပန်းချီဆရာမလုပ်ခွင့်မပေးတော့ဘူးတဲ့လေ။

အခုတော့ ကျောင်းအဆင့်မှာတင် လိပ်ပြာရှုံးသွားမှတော့ ဘာတွေကိုထပ်ပြိုင်ချင်နေသေးမှာလဲ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

၂၀၁၈ခုနှစ်

အတိတ်အကြောင်းတွေကို တွေးရင်း ပန်းချီကားချပ်လေးရှေ့မှာ လိပ်ပြာငိုနေမိသည်။

"လက်စသတ်တော့ တရားခံကဒင်းကို..ဒါနဲ့သူ့ပန်းချီတွေက ဘာလို့အထီးကျန်ဆန်နေရတာလဲ.."

ငါက‌ရောဒီမှာဘာလုပ်နေမိတာလဲ။
ရုတ်တရက်အကြည့်က နာရီကိုရောက်သွားတော့
၅နာရီခွဲတော့မည်။

"ဟင်..ဟာ..သေပြီ..သေပြီ..လိပ်ပြာမရေ..
ဖီးလို့ကောင်းနေတာနဲ့ ရေလဲမချိုးရသေး..
ထမင်းလည်းမစားရသေးဘူး..."

ဟိုဟာပြေးဆွဲလိုက်၊ဒီဟာပြေးဆွဲလိုက်နှင့် အခန်းထဲမှာပွထပြီးကျန်ခဲ့လဲ ဂရုမဆိုက်နိုင်စွာ ဝါးတီးအမြန်ဆွဲဖို့ ပြေးရသည်။

ဟိုတယ် အရှေ့ကိုရောက်တော့သူက ကားကိုမှီရပ်ရင်း ဖုန်းပြောနေလေသည်။
အနောက်ကနေကြည့်တော့ သူ့ကျောပြင်ကအကျယ်ကြီးလိုပဲ။

"အော်..သူများတွေကျတော့..ဥစ္စာပေါ..
ရုပ်ပါ‌ချောလိုက်ကြတာ..ဘယ်ဘ၀ကကုသိုလ်တွေကြောင့်လဲမသိဘူး...ဒါကြောင့်မို့ ဒီလိုမာန်တက်နေနိုင်တာပေါ့..."

သူ့အတင်းကို ကိုယ့်စိတ်ထဲကပြောမိပြီး သူကလှည့်ကြည့်လာရာ မချိပြုံးလေး ပြုံးပြလိုက်သည်။

"မင်းအချိန်..ကွက်တိရောက်သားပဲ.."
"ကားပေါ်တက်လိုက်..."

"ဟုတ်ကဲ့.."

ဟိုတယ်မှထွက်ပြီးနောက် ဘူတာကြီးရယ်၊ဈေးချိုရယ်ကို ဖြတ်မောင်းသွားတော့ မန္တလေးရဲ့ပြယုဒ်တွေကို တစ်ချိန်တည်းမြင်လိုက်ရသလိုပါပဲ။

လိပ်ပြာအတွေးထဲမှာတော့ မန္တလေးကိုရောက်တုံးရောက်ခိုက် ဦးပိန်တံတားတို့၊မန္တလေးတောင်၊ရန်ကင်းတောင်၊ရွှေကျောင်းတွေရော ကုသိုလ်တော်တွေရော သွားချင်တာမှစုံနေတာပါပဲ။

အခုနေသာရည်းစားရှိရင် ဦးပိန်တံတားမှာနေ၀င်ချိန်လေးကို အတွဲလေးနဲ့ ကိုကာကိုလာလေးသောက်ပြီး ချစ်သူရဲ့ပုခုံးလေးကိုမှီရင်း
တီတီတာတာတွေ ချွဲနွဲ့ကြည့်ချင်လိုက်တာ။

လိပ်ပြာရယ်တက္ကသိုလ်ကျောင်းသားဘ၀က ဘာတွေများအလုပ်ရှုပ်နေလို့ ချစ်သူလေးတစ်ယောက်လောက်မရှာနိုင်ခဲ့ရတာလဲ။

စားသောက်ဆိုင်မှာ တစ်လျှောက်လုံးသူ့နောက်ကလိုက်ပြီး လိုအပ်တာတွေသေချာလိုက်မှတ်နေတဲ့ ကောင်မလေးကို သူတစ်ချက်တော့သဘောကျနေမိသည်။

သူမက ဘယ်လောက်ပင်ပန်းပါစေ..တစ်ချက်မငြီးဘူးဆိုတာပါပဲ။
လူကောင်လေးသေးပြီး ကလေး‌ပေါက်စရုပ်ပေါက်နေပေမဲ့ သူမကဒီလောက်စိတ်ဓာတ်
မာလိမ့်မယ်လို့ သူရ မထင်ထားခဲ့ဘူး။

အချိန်အားဖြင့် ည၈နာရီခွဲနေတာကြောင့် ဟိုတယ်ထဲကိုကား၀င်လာပေမဲ့ သူမကတော့အိပ်ငိုက်လို့ကောင်းနေလေသည်။

သူရ ကားစတီယာရင်ကို တံ‌တောင်ထောက်ထားပြီး မေးစေ့ကိုလက်ညှိုးနဲ့ပွတ်ကာ သူမဘက်ကို ခန္ဓာကိုယ်စောင်းပြီး ကြည့်နေမိသည်။

မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို အတွင်းစိတ်ရင်းနဲ့ ‌‌ကြည့်နေမိတာ ဒါပထမဆုံးပဲ။
သူမက ဘယ်လိုမိန်းကလေးမျိုးလဲ။

"အင်း..ဝါး.."

"မင်းနိုးလာပြီလား.."

"ဟင်..."

အလင်းမှိန်ဖြဖြပေမဲ့ တောက်ပစူးရှနေတဲ့သူ့မျက်၀န်းတွေက လိပ်ပြာကိုတည့်တည့်လာကြည့်နေတော့ ကြက်သီးတောင်ထတယ်။

"ဟို..ရောက်တာကြာပြီလား..လိပ်ပြာအိပ်ပျော်သွားတယ်.."

"သိပ်မကြာသေးပါဘူး..ဆယ့်ငါးမိနှစ်ပဲကြာသေးတယ်.."

ပြေားရင်းဆိုရင်း ကားပေါ်မှဆင်းသွားတဲ့ သူ့နောက်သို့လိုက်သွားပြီး သူ့ဘေးမှကပ်မေးလိုက်သည်။

"အဲ့ဒါကျွန်မကို ဘာလို့မနှိုးတာလဲ..အားနာစရာကြီး..နောက်တစ်ခါမဖြစ်စေရပါဘူး.."

ခြေလှမ်းကျဲကြီးတွေနဲ့ လမ်းလျှောက်နေရာမှလိပ်ပြာကို စကားသိပ်များတာပဲဆိုသည့်အကြည့်နဲ့လာကြည့်လေသည်။

"ငါ့နဲ့ကားစီးရင် မင်းအိပ်ငိုက်လို့ရတယ်.."

သူကတော့ ပြောပြီး ပြီးသွားပေမဲ့။လိပ်ပြာကကျောက်ရုပ်ကြီး ဖြစ်ကျန်ခဲ့သည်။
ပြောင်းပြန်တွေးရင် သူများနဲ့စီးတဲ့အခါ အိပ်ငိုက်လို့မရဘူးပေါ့။

Author..ဆောင်းငွေ့ဝေ
Mon , April 17,2023
8 :50PM

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

မန္တလေးမြို့ကတော့ မနက်ဖြန်မှပဲလည်ကြမယ်နော်

"လိပ်ပြာလေးက သူမဝါသနာပါတာကို စွန့်လွှတ်လိုက်တာ ၉နှစ်ကြာမှ တရားခံကိုသိရတယ်.."

ဦးဘုန်းမြတ်ဆွဲထားတဲ့ ပုံနှစ်ပုံ👇👇👇

======================================================================

🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                                   အခန်း၈


"မမဖြူ..မနက်ဖြန် ညနေပိုင်း တောင်သမန်အင်းကို ဟိုတယ်ကဧည့်သည်‌မမတွေကလိုက်ပို့ခိုင်းနေတာ..ကျွန်တော်တို့လည်း ပိတ်တာဆိုတော့အတော်ပဲ မမအားရင်လိုက်ခဲ့ပါလား.."

"အားတယ်..အားတယ်..အလုပ်တွေ‌လည်းပြတ်နေပြီပဲ..မမလိုက်ခဲ့မယ်..သေချာစောင့်နော်.."

"စိတ်ချမမ..သီတာတို့လည်းပိတ်တော့..မမနဲ့အဖော်လိုက်ပေးမယ်..ဒီကောင်တွေကို စိတ်မချဘူး.."

ဘုန်းမြတ်ရေကူးကန်ရဲ့ ဒရင်းဘတ်ပေါ်မှာ အေးဆေးအနားယူနေချိန်စဥ် ဆူညံသံတွေကြားလို့ လှည့်ကြည့်လိုက်ရာ လိပ်ပြာဖြူတို့အဖွဲ့ဖြစ်နေသည်။

ဟိုတယ်မှာ နေတာမှတစ်ပတ်တောင်မပြည့်သေးဘူး သူမကသူ့ထက်တောင်၀န်ထမ်းတွေနဲ့
ရင်းနှီးနေသည်။

စကားတွေဖောင်ဖွဲ့နေလိုက်ကြတာ သူ့ကိုတောင်မမြင်ကြဘူး။
သူကလည်း လူငယ်ဆန်ဆန်ဘောင်းဘီအတို၊တီရှပ်ကိုယ်ကျပ်၀တ်ထားပြီး မျက်မှန်အမည်းကြီးက တပ်ထားသေးတော့ သူတို့ချက်ချင်းမမှတ်မိဘူးထင်ပါတယ်။

မျက်လုံးကို ပြန်မှိတ်ပြီး ကိုယ့်အာရုံနှင့်ကိုယ်ပဲပြန်နေလိုက်သည်။

"သီတာရေ..အဲ့လိုမပတ်နဲ့လေ.."

"မရဘူးပတ်မှာပဲ.."

"ဟား..ဟား..ဟာ..ဝေမောင်..လိပ်ပြာကိုမပတ်နဲ့.."

"ကျွန်တော့်အလှည့်ကတော့ ရယ်ပြီး..မရဘူး..."

"ဗွမ်း!!ဗွမ်း...ဗွမ်း.."

သူရအဖို့နားတွေ အင်မတန်ညီးလာ၍
ဘန်ဂလိုကိုပဲပြန်ရန်ထရပ်လိုက်သည်။

ရေကူးကန်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ကလေးတွေလည်းမဟုတ်ပဲ ရေပတ်တိုင်းကစားနေကြလေသည်။

သူ့ကြည့်နေတဲ့အချိန်မှာပဲ ကောင်လေးတစ်ယောက်က လိပ်ပြာဖြူအနားကို ရေတွေ
ဖိပတ်ရင်း တဖြည်းဖြည်းတိုးသွားနေလေသည်။

သူမအနားကိုရောက်တော့ ထိုကောင်လေးကဖက်တော့မလိုပုံစံမျိုး လုပ်နေတာကြောင့် မျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ခြေလှမ်းကိုမြန်မြန်လျှောက်လိုက်‌သည်။

"လိပ်ပြာဖြူ!!!မင်းဘာလုပ်နေတာလဲ.."

"ဟင်!!!"

"ဟာ!!!ဆရာ..."

ရေကစားနေသူတွေအကုန်လုံး ဟိန်းထွက်လာတဲ့သူ့အသံ‌ကြီးကြောင့် ကြောက်ဒူးတုန်သလိုတောင် ဖြစ်လာကြသည်။

လိပ်ပြာမော့ကြည့်လိုက်တော့ ရေကန်ဘောင်ပေါ်မှာ မျက်မှောင်ကြုံ့ပြီး လိပ်ပြာကိုရပ်ကြည့်နေတာက ဘုန်းမြတ်သူရဆိုတဲ့လူကြီးပါ။

"အခုချက်ချင်း..ငါနဲ့စာရင်းတွေလုပ်ဖို့လိုက်ခဲ့.."

အမိန့်ပေးသံကြီးက ရေလှိုင်းတွေတောင်ထနိုင်လောက်ပါသည်။
စာရင်းတွေက တော်တော်အရေးကြီးနေလို့ဖြစ်လိမ့်မယ်။

"ဟုတ်..ဟုတ်ကဲ့..."

"ကလေးတို့..မနက်ဖြန်..တောင်သမန်အင်းကိုလိုက်မှာနော်..."

"ဟုတ်..ဟုတ်ကဲ့မမ.."

လိပ်ပြာ ရေကန်ဘောင်နားကိုကပ်သွားလိုက်တယ်ဆိုရင် ဦးဘုန်းမြတ်ကြီးက ငုတ်တုတ်
ထိုင်ချပြီး ချိုင်းကနေအတင်းဖိကိုင်ကာ ဆွဲတင်မချလိုက်သည်။

"အား..ဘယ်လို..လုပ်တာလဲ.."

"ငါစိတ်မရှည်ဘူး..မြန်မြန်လာ.."

သူ့ကခြေလှမ်းကျဲကြီးတွေနှင့် ရှေ့မှလျှောက်တော့ နောက်ကနေသပါတ်အုပ်ပြီး ကိုယ့်
ဘန်ကလိုကိုအတင်းပြေးရသည်။

သူ‌တည်းတဲ့နေရာနဲ့ လိပ်ပြာရဲ့နေရာက သိပ်မဝေးတာကြောင့်တစ်လမ်းတည်း ဖြစ်နေလေသည်။
လမ်းတစ်၀က်ကိုရောက်တော့ သူကတုံ့ကနဲရပ်လိုက်ပြီး လိပ်ပြာကိုလာကြည့်လေသည်။

"ငါနားချင်ပြီ ငါ့ဆီမင်းလာစရာမလိုတော့ဘူး.."

"ဟမ်..ခုနကပဲ..စာရင်းဆို.."

သူ့ကိုမေးခွန်းပြန်ထုတ်တော့လည်း မကြိုက်တဲ့မျက်နှာမျိုးနှင့်ကြည့်လာပြန်သည်။
တစ်မျိုးပြီး တစ်မျိုးပါလား။

"ကောင်းပါပြီ...လိပ်ပြာလည်းအခန်းကိုပြန်‌ပါတော့မယ်..."

"ဒီမှာ.."

လိပ်ပြာသူ့ကို‌ကျောခိုင်းပြီး ကိုယ့်အခန်းကိုသွားတဲ့လမ်းဖက်သို့ ပြန်လှည့်စဉ်မှာ နောက်ကထပ်ခေါ်လိုက်လို့ ပြန်လှည့်ကြည့်ရပြန်သည်။

သူကလိပ်ပြာဆီကို ခြေတစ်လှမ်းလောက်တိုးလာပြီး ခပ်တည်တည်စိုက်ကြည့်လာလေသည်။

"ရေကူးကန်မှာ..မင်းရေကူးခွင့်မရှိဘူး.."

"ဘာ!!!!"

လိပ်ပြာက "ဘာ"ပဲရှိသေးတယ်။သူက လိပ်ပြာရှေ့မှာမရှိတော့ပေ။မြန်လိုက်တဲ့ခြေထောက်ဆိုတာ။

ဒီလူက သူပဲသူများကိုမေးခွန်းမေးမယ်၊အမိန့်ထုတ်မယ် သူ့ကိုဘာမှ လာမမေးနဲ့ဆိုတဲ့လူမျိုးပါလား။
စိတ်ရှိတိုင်းလုပ်ရရင်လေ နောက်ကနေပြေးကန်ချင်တာပဲသိတယ်။

"ရေကူးကန်က..လူတွေရေကူးဖို့ လုပ်ပေးထားတာမဟုတ်ဘူးလား..အာ့ဆို..သူ့ဟိုတယ်မှာ ဘာလို့..
ရေကူးကန်ကြီးဆောက်ထားသေးလဲ.."

"ဒါမှမဟုတ်..ငါတစ်ယောက်ထဲကိုပဲ ကူးခွင့်မပေးတာလား..ဘာလို့လဲ...ဟာ..စိတ်ရှုပ်လာပြီ..ဒီလူ့ဂွစာကြီးနဲ့တော့ ကြာရင်လူသတ်မိတော့မှာပဲ..."

စိတ်ညစ်ညစ်နှင့်ပဲ အခန်းထဲပြန်ရောက်တော့ ရေမိုးချိုးပြီး အိပ်ချပစ်လိုက်တော့သည်။
အိပ်မက်ထဲမှာတော့ ဘယ်ကမ္ဘာမှာပဲတွေ့တွေ့ တစ်စက်မှအချိုးမပြေတဲ့ လူကြီးကရောက်
လာလေသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လွန်ခဲ့သော၉နှစ်🦋

"ဖိုးချွန်ရေ ကိုကိုမိုးသောက်ရှိလား.."

"ရှိပါတယ်..လိပ်ပြာမကြီးရယ်..ကိုကိုကအပေါ်ထပ်မှာ.."

"ဘာလိပ်ပြာမကြီးလဲ..ဒီငနာလေးကတော့
ငါထုထည့်လိုက်ရ.."

"ဟား..ဟား..မကြောက်တာ ဆယ့်နှစ်ခါ..."

"ဟဲ့..ဟဲ့..ဒီကလေးတွေ.."

လာရင်းကိစ္စကိုမေ့ပြီး လျှာထုတ်ပြနေတဲ့ ဖိုးချွန်ကို ထုချင်စိတ်ကပြင်းပြလာရာ ပြေးထုမယ်ကြံပေမဲ့ ဖိုးချွန်ကသူ့အမေထိုင်တဲ့နေရာကို ကာဗာယူပြီး ပတ်ပြေးနေလေသည်။

ဖိုးချွန်ဆိုတာ လူ့ဖလန်လေးမို့ အပြေးကတော့လျှင်မှလျှင် လွတ်လပ်ရေးနေ့တွေဆိုရင် လမ်းထဲကပြိုင်ပွဲတွေမှာရော၊ကျောင်းပြိုင်ပွဲမှာပါ အမြဲဗိုလ်ဆွဲနေကြ ချန်ပီယံဖြစ်လို့ လိပ်ပြာအရှုံးပေးလိုက်ရလေသည်။

"တော်ပြီ..ငါ့ဘာသာကိုကိုမိုးသောက်ဆီပဲသွားတော့မယ်..နင့်ကိုမခေါ်တော့ဘူး.."

မမလိပ်ပြာက မခေါ်တော့ဘူးလို့ပြောသွားတော့လည်း ဖိုးချွန်၀မ်းနည်းသလိုလို ဖြစ်လာသည်။
ဖိုးချွန်တို့က ညီအစ်ကိုနှစ်ယောက်ပဲရှိတော့ မတည့်အတူနေ မမလိပ်ပြာကို ဖိုးချွန်သံယောဇဉ်သိပ်ရှိတာပေါ့။

လိပ်ပြာအပေါ်ထပ်ကိုတက်လာတော့ ကိုကိုမိုးသောက်က စာကြည့်ခုံမှာ စာလုပ်နေလေသည်။

ကိုကိုမိုးသောက်က အသားနဲနဲညိုပေမဲ့ထောင်ထောင်မောင်းမောင်း လူချောပါပဲ။

"ကိုကိုမိုးသောက်..စာလုပ်ရတာပင်ပန်းနေပြီလားလိပ်ပြာရေခပ်ပေးရမလား..
အအေးသွား၀ယ်ပေးရမလားဟင်..."

ဘေးနားမှာ လာကပ်ချွဲနေတဲ့ ပြီတီတီမျက်နှာနဲ့ကောင်မလေးကို ဘာလိုချင်ပြန်တာတုန်းဆိုပြီး ပြုံး၍ကြည့်လိုက်သည်။

"ကိုကိုမိုးသောက်.."

"ဗျာ.."

"ကိုကိုတို့..ဆယ်တန်းကျောင်းသားတွေ..
မနက်ဖြန်လေ့လာရေးခရီးသွားကြမှာဆို..
အဲ့ဒါ.."

"ဘာလဲ..လိုက်ချင်လို့လား.."

"ဟဲ..ဟဲ.."

ဒီကောင်မလေး ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲ မိုးသောက်အသိဆုံးပင်။

လာဖားနေပြီဆို သေချာတယ်တစ်ခုခုလိုချင်လို့ ဆိုတာ မြေကြီးလက်ခပ်မလွဲပါဘူး။

"ဟုတ်တယ်..လိပ်ပြာလိုက်ချင်လို့..ခေါ်သွားပါနော်..နော်..လိပ်ပြာအိမ်ကိုတောင် ပြောပြီးသွားပြီ..ကိုကိုမိုးသောက်က အဖော်ခေါ်လို့လိုက်ပါရစေလို့ဆိုပြီး..အဲ့ဒါကိုကိုနဲ့ဆိုရင်..လိုက်သွားတဲ့.."

"အောင်မာ..ကိုကိုညည်းကိုတစ်ခါမှလည်းမပြောရသေးပဲ..အပိုင်ကိုချုပ်ထားတာပေါ့လေ.."

"ဟဲ..ဟဲ..ဒီတစ်ခါတည်းပါ..."

လက်ညှိုးလေးထောင်ပြီး မျက်နှာငယ်လေးနှင့် နှုတ်ခမ်းလေးကို ဖိကိုက်ထားတာမို့ ပါးချိုင့်လေးတွေက အထင်းသားပေါ်နေလေသည်။

ဒီကလေးလေးရဲ့ ဆွဲအားကို မိုးသောက်ဘယ်ခံနိုင်မှာလဲ ‌အလိုလိုခေါင်းငြိမ့်ပြလိုက်တော့ ခုန်ပေါက်ပျော်ရွှင်ပြီး ပြန်သွားလေသည်။

မိုးသောက်ရင်ထဲမှာတော့ အမည်မသိခံစားချက်တွေနှင့် အဖြူရောင်လိပ်ပြာလေးပျံသန်းသွားရာသို့ လိုက်လို့ကြည့်နေမိသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

🎵ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်
လှည့်
အခုလည်း ဒီလိုပေါ့ အောင်မြင်လိုက် ရှုံးနိမ့်လိုက်🎵

🎵လဲကျတဲ့အခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့

ရှေ့ဆက်ရမဲ့ မင်းရဲ့ဘ၀အသစ်အတွက်
ဖြေသိမ့်လိုက်🎵

"ဟေး..."

မနက်ခင်းရဲ့ နေခြည်နုနုအောက်၀ယ် ကားလမ်းကြောင်းတစ်လျှောက်ဖြတ်ပြေးသွားတဲ့ ကားလေးထဲမှာ ကျောင်းသားတွေရဲ့ သီချင်းသီဆိုသံတွေဟာ သံပြိုင်ထွက်လာကြတာမို့ အင်မတန်ကိုနား၀င်ပီယံရှိလှသည်။

လိပ်ပြာလည်း ဆယ်တန်းကျောင်းသားတွေနှင့် ရောယောင်ကာ သီချင်းလိုက်ညီးနေမိသည်။

‌လိပ်ပြာဘေးမှ ကိုကို‌မိုးသောက်ကလည်း ပြုံးရွှင်လို့ သူငယ်ချင်းများနှင့် စကားတွတ်ထိုးလို့မပြီးနိုင်အောင်ပါပဲ။

လိပ်ပြာ ဒီခရီးကိုလိုက်လာရသည့် ရည်ရွယ်ချက်ကတစ်ခုထဲသာရှိပါတယ်။

အဲ့ဒါကတော့ ကိုကိုသူရ‌ကြောင့်ပေါ့။
အခုထိတော့လိပ်ပြာရဲ့ ချောမောလွန်းတဲ့ပန်းကလေးက ဘယ်မှာအပုန်းကောင်းနေလဲမသိဘူး။

ရန်ကုန်အမျိူသားပြတိုက်ထဲကို ၀င်လိုက်တာနဲ့ လိပ်ပြာအတွက်အံ့ဩစရာတွေသာ စုပြုံနေလေသည်။

ပြတိုက်တစ်ခုက အတိတ်နဲ့အနာဂတ်ကို ယှဉ်တွဲပြပေးတဲ့ ပေါင်းကူးတံတားတစ်ခုပါလားလို့တွေးလိုက်မိသည်။

ပြတိုက်ထဲမှာ ရှေးရှေးက မင်းညီ၊မင်းသားတို့ ရှမ်းစော်ဘွားကြီးတို့၀တ်ဆင်ခဲ့ကြတဲ့ ၀တ်စုံတွေ ခောတ်အဆက်‌ဆက်တူရိယာပစ္စည်းတွေ ၊ နန်းတော်ပုံစံငယ်တွေနှင့် စိတ်၀င်စားစရာပန်းချီကားချပ်တွေဆိုတာလည်း ပြောရလျှင် သံလျင်မြစ်ထက်တောင်ရှည်နေပါလိမ့်မည်။

"အော်..ယဉ်‌ကျေးမှုအမွေအနှစ်ဆိုတာ ထိန်းသိမ်းသင့်တဲ့အရာပါလား...လိပ်ပြာတို့ကလေးတွေတော်တော်များများ မေ့နေခဲ့ကြတာပါလား.."

ရုပ်သေးရုပ်တွေပြတဲ့နေရာကိုရောက်တော့ ပျော်လွန်းလို့ အလုံးကြီးတက်ဆို့တော့မတတ်ပင်ဖြစ်ရသည်။

ကိုကိုသူရက ‌ဘီလူးရုပ်သေးရုပ်ကလေးကိုငေးကြည့်နေလေသည်။

"ကိုကိုက..ရုပ်သေးရုပ်တွေကို စိတ်၀င်စားတာလား..လိပ်ပြာလဲ..ရုပ်သေးအကကိုသိပ်ကြိုက်တာ..တီဗွီမှာလာရင် အမြဲကြည့်တယ်.."

"..ရုပ်သေးဆိုတာ..သူများကကြိုးဆွဲမှလှုပ်ရတာ..ကိုယ်က သူများကိုပဲကြိုးဆွဲမှာ.."

လိပ်ပြာကို တစ်စက်မှမကြည့်ပဲပြောချင်ရာပြောသွားတဲ့ သူ့ကိုဒေါသထွက်သွားမိသည်။

"မကြိုက်ရင်လဲ..မကြိုက်ဘူးပေါ့..ဘာတွေပြောသွားမှန်းမသိဘူး..တော်တော်နားလည်ရခက်တဲ့လူ..."

ပြန်ခါနီးကျတော့ ပြတိုက်အပြင်မှာကျောင်းသားတွေအကုန်စုပြီး အမှတ်တရဓာတ်ပုံရိုက်ကြလေသည်။

"ဟေ့..ညီမလေးလိပ်ပြာ ဓာတ်ပုံရိုက်ပေးရ
မလား.."

တကထဲ ထွန်းဝေမောင်ဆိုတဲ့ကိုကိုသူရရဲ့သူငယ်ချင်းနဲ့လာတွေ့နေရသည်။
ခုနထဲက သူ့ကိုတွေ့လို့ပတ်ရှောင်နေပါတယ်ဆိုမှတည့်တည့်ကို လာတိုးနေရသည်။

ရုတ်တရက်ကိုကြီးထွန်းဝေက ကိုကိုသူရကို အတင်းဆွဲခေါ်ပြီး လိပ်ပြာဘေးနားမှာလာရပ်ခိုင်းလေသည်။
ပြီးနောက် တစ်ဖြတ်ဖြတ်နှင့်ဓာတ်ပုံရိုက်ပေးတော့သည်။

လိပ်ပြာကြောင်အ နေစဉ်မှာပဲ ကိုကြီးထွန်းဝေက လိပ်ပြာဘေးနားမှာလာရပ်ပြန်သည်။

ဒီတစ်ခါဓာတ်ပုံရိုက်ပေးသူကတော့ ကိုကိုသူရပေါ့။

"ထွန်းဝေ...ကိုယ်ကြိုက်ရင် ကိုယ့်ဖာသာလိုက်..ငါ့ကို..အဖော်လာမစပ်နဲ့.."

"ဟာကွာမင်းကလည်း..လိပ်ပြာလေးကိုရဖို့..မင်းကိုခဏကြားခံနယ်လုပ်တာပါ..
ခဏပါ..နောက်တစ်ခါ..ကိုယ့်ဖာသာလှုပ်ရှားမယ်..ဒီနေ့တော့ကျေးဇူးတင်တယ်..သားကြီးရေ.."

"ဟင်း..စိတ်ပျက်တယ်.."

ကိုကိုမိုးသောက်တို့ရှိတဲ့ ကားနားကိုမရောက်ခင်အခြားကား‌ဘေးမှာရပ်ပြီး‌ သူတို့ပြောနေကြတာကိုလိပ်ပြာကြားလိုက်ရသည်။

"အော်..သူကငါနဲ့ဓာတ်ပုံရိုက်ဖို့ကိုတောင်
ကပ်‌စေးနဲနေတာပါလား..."

အလာတုန်းကပျော်နေသလောက် အပြန်ကျတော့လိပ်ပြာမျက်နှာကြီးက ရွာတော့မဲ့မိုးလို အုံ့မှိုင်းနေလေတော့သည်။

လိပ်ပြာရင်ထဲမှာ အရမ်း၀မ်းနည်းနေမိသည်။
လိပ်ပြာသူ့ကို နားလည်ချင်တယ် သူနဲ့စကားတွေပြောချင်တယ်။
ဒါပေမဲ့ သူကလိုက်လေ ဝေးလေဆိုသလိုဖြစ်နေသည်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လိပ်ပြာလေး အနားမှ ဝဲချင်သူတွေလည်း အများသားနော်ဘုန်းမြတ်ရေ

=========================================================================

🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                            အခန်း၉


၂၀၁၈ခုနှစ်

မန္တလေး နန်းမြို့ရိုးနှင့် ကျုံးကိုမြင်တော့ ကားစီးနေရင်းတောင် ဓာတ်ပုံတဖြတ်ဖြတ်ရိုက်နေတဲ့ သူမကိုကြည့်ပြီး ဘုန်းမြတ်အံ့ဩနေမိသည်။

လိပ်ပြာဖြူရဲ့ပုံစံက မျောက်ကို ငှက်ပျောတောထဲပစ်ချလိုက်သလိုပဲ စားလေ၊ငတ်လေဖြစ်ပြီး စားမြဲစားချင်နေတဲ့ ကောင်မလေးပါလား။

သူမကိုကြည့်နေရတာ မျက်စိတွေနောက်လာလို့ မျက်လုံးမှိတ်ပြီးသာနေလိုက်သည်။

ဒီခရီးကို အမှန်တော့သူလိုက်ချင်စိတ်မရှိပါဘူး။
မန္တလေးဆိုတာ မျက်စိမှိတ်ပြီးသွားရင်တောင် သူ့အတွက် လမ်းမှားနိုင်စရာမရှိတဲ့ အရပ်ဒေသပါ။
ဒါပေမဲ့ဘာကြောင့်မှန်းမသိ သူလိုက်လာမိသည်။

"ရောက်ပြီဟေ့.."

"လှလိုက်တာကြည့်စမ်း..."

"ဒါမျိုးကလက်လွှတ်ခံလို့မဖြစ်ဘူး..ဓာတ်ပုံရိုက်မှရမယ်..."

နေ၀င်တော့မည်ဖြစ်တာကြောင့် တောင်သမန်အင်းမှ ဦးပိန်တံတားကြီးသည် နေ၀န်းနီနီကိုနောက်ခံထားပြီး လှပလွန်းတဲ့ပန်းချီကားချပ်ကြီးလိုဖြစ်နေသည်။

ရေတွေခမ်းခြောက်နေတဲ့ ကာလမို့ တံတားအောက်ဘက်မှရှုခင်းဟာ အပင်စိမ်းစိမ်းတွေကြောင့် အစိမ်းရောင်ရင်ပြင်ကြီးလိုဖြစ်နေ‌သည်။

တံတားအောက်မှာ ပြောင်းဖူးပင်တွေ စိုက်ထားသည်ကိုတောင် အပေါ်မှလှမ်းမြင်နေရသည်။

"မမလိပ်ပြာ..ကျွန်တော် ဓာတ်ပုံရိုက်ပေးရမလား.."

"အင်း..လိပ်ပြာအမှတ်တရ ရိုက်ချင်တယ်.."

"အဲ့ဒါဆို ကျွန်တော့်ကိုမမရဲ့ဖုန်းပေး..
ကျွန်တော်ရိုက်ပေးမယ်..."

ဝေမောင်ကို ဖုန်းပေးတဲ့လက်က လေထဲမှာတင် ဖမ်းဆုတ်ခံလိုက်ရသည်။

မာနမင်းသားကြီး ဦးဘုန်းမြတ်က လိပ်ပြာရဲ့ဖုန်းကို အတင်းလုသွားခြင်းဖြစ်သည်။

"ကိုယ်ရိုက်ပေးမယ်.."

"သူဌေးက..ရိုက်တတ်လို့လား.."

"ဓာတ်ပုံပြိုင်ပွဲမှာရထားတဲ့ဆုပါ..မင်းကိုထုတ်ပြရမလား.."

"မလိုပါဘူး..အာ့ဆိုလည်း..ရိုက်ပေး.."

အမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံပြီးနောက် ဖုန်းကိုပြန်ယူကြည့်လိုက်ရာ လိပ်ပြာပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ဓာတ်ပုံထဲမှာ လိပ်ပြာကတစ်အားလှတာပဲ။
သူ့ကိုကြည့်ပြီး ပါးချိုင့်တွေပေါ်အောင်ပြုံးကာ လက်မထောင်ပြလိုက်သည်။

"အရမ်းကြိုက်တယ်..ရှင်ကဓာတ်ပုံရိုက်တဲ့နေရာမှာ တကယ်တော်တာပဲ.."

"ကိုယ်တော်မှန်း..ကိုယ်သိတယ်.."

ဒါပဲပြောပြီး ဆရာကြီးလိုအထှာနဲ့
ခပ်လှမ်းလှမ်းမှာ လက်ပိုက်ပြီး သွားရပ်နေလေသည်။

"ဘ၀င်မြင့်ချက်ကတော့ နတ်ပြည်ကသိကြားမင်းဖင်တောင် တက်ဆောင့်မိတော့မယ် ..
..‌ချီးကျူးမိတာကိုက..ငါ့အမှား.."

ထိုအချင်းအရာကို ကြည့်နေတဲ့သူကတော့ ဝေမောင်တို့နှင့်အတူ လိုက်လာသည့်အဖွဲ့ထဲမှ မိုး၀တီဆိုသည့်အမျိုးသမီးပင်။

ထိုမိန်းကလေးက လည်ကတုံးအဖြူနှင့် ခဲရောင်ပုဆိုးကို လိုက်ဖက်စွာ၀တ်ဆင်ထားသည့် ကိုလူချောနားသို့ လျှောက်သွားလိုက်သည်။

"ဟို..၀တီ့ကိုလည်း..ဓာတ်ပုံရိုက်ပေးလို့ရမလား..ဒီနေရာကအရမ်းလှလို့လေ..
အမှတ်တရရိုက်ထားချင်လို့.."

၀တီဖုန်းကိုထုတ်ပြီး သူ့ကိုကမ်းပေးလိုက်ပေမဲ့ လက်က လေထဲမှာသာ တန့်နေသည်။

ကိုယ်တော်ချောက ၀တီ့ကိုအဖက်တောင်မလုပ်ပဲထွက်သွား‌သောကြောင့်ဖြစ်သည်။

အချေကိုယ်တော်ကြောင့် ၀တီခြေဆောင့် တက်ခေါက်ပြီးသာကျန်ခဲ့ရသည်။
ခုနက ဟိုကောင်မလေးကိုတော့ ရိုက်ပေးပြီး ၀တီ့ကိုရိုက်မပေးတာ ဘာကြောင့်လဲ??။

"ကဲ..အားလုံးပဲ..အောင်ပင်လယ်ကန်ဘက်က လယ်တောကိုသွားကြမယ်..လိုက်ကြမလား.."

"လိုက်မယ်..လိုက်မယ်.."

အောင်ပင်လယ်ကန်ဆိုတာ ကနောင်မင်းသားကြီးရေမြှုပ်ဗုံးစမ်းသပ်ခဲ့သော နေရာဖြစ်လေသည်။
အခုတော့ လူနေအိမ်တွေလည်း စည်ကားလို့ပေါ့။

ဝေမောင်၏အစ်ကို၀မ်းကွဲဖွင့်ထားသည့် လယ်တောကိုရောက်တော့ လိပ်ပြာတို့စားပွဲဝိုင်းပေါ်သို့ ထန်းရည်နှစ်အိုးနှင့် ကြက်ကြော်၊အသုပ်များ အစရှိသဖြင့်လာချပေးလေသည်။

လယ်တောဆိုသည်မှာ လယ်ကွက်လပ်ကြီးထဲမှာ ထန်းလတ်မိုးထားတဲ့ တဲအိမ်လေးများကို သဘာ၀ကျကျဆောက်ထားခြင်းဖြစ်သည်။

ရပ်နီးရပ်ဝေးမှခရီး‌သည်တွေပင်မကပဲ တက္ကသိုလ်ကျောင်းသားများဆိုရင် အပျော်အနေနဲ့
ဆိုင်ကယ်လ်များကိုယ်စီနှင့်အဖွဲ့လိုက်လာတတ်ကြသတဲ့။

"မမလိပ်ပြာ..ရောက်တုန်း ထန်းရည်လေးတစ်ခွက်လောက် သောက်ကြည့်ပါလား.."

"လိပ်ပြာမသောက်တတ်ဘူး..နောက်ပြီးအမြဲတမ်းငါးပါးသီလ ခံယူနေကျမို့ပါ.."

"မမရယ်..သီလတွေ..ဘာတွေလုပ်မနေပါနဲ့..
သီတာတို့လည်း မြည်းကြည့်တာပဲ..မြည်းရုံလေးမြည်းကြည့်ပါ.."

"ဟုတ်ပါတယ်.."

အကုန်လုံးက ဝိုင်းတိုက်တွန်းနေတော့ ထန်းရည်ခွက်ကိုကိုင်ပြီး ဦးဘုန်းမြတ်ထံသို့ကြည့်လိုက်ရာ
သူက "သောက်ရဲရင်သောက်ကြည့်"ဆိုတဲ့ပုံစံနှင့် မျက်မှောင်ကြုံ့ပြလေသည်။

လိပ်ပြာလည်း သူ့ကိုရွဲ့ချင်တာနှင့် ချက်ချင်းမော့ချပစ်လိုက်ပြီး မျက်ခုံးပြန်တွန့်ပြကာ "သောက်ရဲလို့‌သောက်တယ်"တွေ့လားဆိုတဲ့ပုံစံပြန်လုပ်ပြလိုက်သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"အေ့...မလိုဘူး..ကျွန်မဘာသာလမ်းလျှောက်နိုင်တယ်...လိပ်ပြာတို့က သီလကိုအမြဲ လုံအောင်ခြုံထားတာ..လမ်းလွဲတယ်ဆိုတာ မရှိရဘူး..အေ့.."

အမူးသမားက ဘုရားအကြောင်း ၊တရားအကြောင်းလာပြောနေတော့ ဘုန်းမြတ်လည်းဖြစ်ချင်ရာဖြစ်ဆိုပြီး အခန်း၀မှာသာရပ်ကြည့်နေလိုက်သည်။

"တွေ့လား..လိပ်ပြာပါ..ဦးသီလကိုလုံအောင်ခြုံထားတာ...အာ့..အား.."

ဧည့်ခန်းမှ ဆိုဖာကို တည့်တည့်၀င်တိုက်ပြီး ဂျွန်းပြန်ကာ ဆိုဖာပေါ်ပြန်လိမ့်ကျနေတဲ့ သူမကိုဆွဲထူလိုက်သည်။

"မှတ်ပြီလား..လူကဖြင့် ပိုးဟပ်လိုပိစိလေး..
အရက်ကသောက်ချင်သေးတယ်.."

"ကျွန်မဘယ်မှာ..အရက်သောက်လို့လဲ..အဲ့ဒါ..
ထန်းရည်လို့ခေါ်တယ်..မှတ်ထားထန်းရည်..တပည့်နောက်ကနေလိုက်ဆိုစမ်း ထန်း..ရည်.."

"ကျစ်!!!စိတ်ရှုပ်ဖို့ကောင်းတယ်.."

"ဘာပြောတယ်..စိတ်ရှုပ်ချင်းရှုပ်..လိပ်ပြာကသာစိတ်ရှုပ်ရမှာမဟုတ်ဘူးလား..လူဂွစာကြီးရဲ့..
စိတ်ထားသေသိမ်တဲ့လူကြီး..ရုပ်ကိုကတစ်စက်မှကိုကြည့်မရဘူး.."

"ဘာ..မင်းဘာပြောလိုက်တယ်.."

လူကိုဘလိုင်းကြီးလာဖဲ့နေသည့် သူမကိုဒဲ့ကြည့်ပြီးမေးလိုက်ရာ သူမက ဧည့်ခန်းစားပွဲပေါ်မှ ပစ္စည်းတွေအကုန်လုံးကို အောက်သို့တွန်းချလိုက်ပြီး စင်ပေါ်တက်သလို ခုန်တက်လိုက်သည်။

"အဟမ်း..အဟမ်း..အခုကစပြီး လိပ်ပြာဖြူကြေငြာပါတော့မယ်..ဘုန်းမြတ်သူရဆိုတဲ့လူကြီးဟာ..ဘယ်သူမဆိုသောက်မြင်ကပ်လောက်အောင် ဘ၀င်မြင့်တဲ့ လူ့ ဂွစာကြီး..လူဂလန့်ကြီး..ပြီးတော့..ပြီးတော့..."

"ပြီးတော့ဘာရှိသေးလဲ..ဆက်ပြော..
မကျေနပ်တာဘာကျန်သေးလဲ.."

ဆိုဖာပေါ်မှာ လက်ပိုက်၍ ခြေထောက်ကိုချိတ်ထိုင်ကာ နားထောင်မယ် ဆက်ပြောဟုအမူအရာလုပ်ပြလိုက်သည်။

"ပြီးတော့..မိန်းကလေးတစ်ယောက်ကိုတောင်
ကြင်ကြင်နာနာနဲ့မဆက်ဆံတတ်တဲ့လူကြီး..
လူတစ်ယောက်ရဲ့ စိတ်ထဲမှာဘယ်လိုခံစားရမလဲဆိုတာကို အရေးမစိုက်ပဲ..သူပြောချင်တာပြောတယ်..
သူလုပ်ချင်တာပဲလုပ်တယ်..တကယ်လုံး၀ကိုကြည့်လို့မရတာ..သိရဲ့လား..မာနမိုးထိုးနေတဲ့ လူကြီးရဲ့
ရှင့်ဘေးနားကလူတွေဟာ အသွေးနဲ့အသားနဲ့လူတွေဆိုတာရော..ရှင်သိရဲ့လား..မြင်ရဲ့လား..လူတစ်ယောက်ကို၀မ်းနည်းအောင်ပဲလုပ်တတ်တာလား.
ရှင်ကျွန်မကိုဘာလို့နာကျင်အောင်လုပ်ရတာလဲ.."

ဘုန်းမြတ်ချက်ချင်းထရပ်လိုက်ပြီး သူမကိုခါးကနေဆွေ့ကနဲမြှောက်ချီကာ ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။
သူမမျက်နှာကို သေချာကြည့်ပြီးမေးလိုက်သည်။

"ပြောပါအုံး..ကိုယ်မင်းကို...ဘာတွေနာကျင်အောင်လုပ်ခဲ့တာလဲ..."

ပါးမို့တွေနီစပ်စပ်ဖြစ်နေပြီး ‌အမူးသမားလို ခပ်မှေးမှေးမျက်လုံးများနှင့် သူ့အားဆိုက်ကြည့်လာသည်။

"ရှင်..ကျွန်မပေးတဲ့စာကို အမှိုက်ပုံးထဲလွှင့်ပစ်ခဲ့တာ..ကျွန်မကို..နာကျင်စေတာပေါ့.."

"ဘာစာလဲ.."

သူမက မျက်လုံးလေးပြူးပြီး သူ့ကိုမော့ကြည့်လာသည်။
ပြီးနောက် ပါးချိုင့်လေးတွေ ပေါ်အောင်ရယ်လိုက်ပြန်သည်။

"ဟဲ..ဟဲ..ရည်း..စား..စာ.."

"ဘာ!!!.."

သူရ အံ့ဩနေမိသည်။လိပ်ပြာဖြူ မူးနေလို့ ပေါက်ကရတွေပြောနေတာလား။သူဘယ်တုန်းက သူမဆီမှရည်းစားစာ ရခဲ့လဲဆိုတာ သူတောင်မမှတ်မိပေ။

"ရှင်ဘာတွေ..စဉ်းစားနေတာလဲ..ဘာလဲ..
ကျွန်မရဲ့ ရည်းစားစာအကြောင်းလား.."

"မဟုတ်ဘူး.."

"ဟုတ်ပါတယ်..မညာနဲ့.."

"မဟုတ်ဘူးလို့ပြောနေတယ်.."

"ဟုတ်တယ်လို့ဆိုနေ.."

"မင်း!!!"

သူ့မျက်နှာအနားသို့ တဖြည်းဖြည်းတိုးကပ်လာတဲ့သူမမျက်နှာကို အရှိန်မလွန်ခင်
လက်နှစ်ဖက်နှင့်ညှပ်ဖမ်းလိုက်ရသည်။

နီးကပ်လွန်းတဲ့သူမရဲ့ မျက်နှာသေးသေးလေးက သူ့လက်ဖဝါးထဲမှာ နစ်နေတော့သည်။

သူ့ရဲ့လက်မက ရယ်နေ၍ခွက်သွားတဲ့ ပါးချိုင့်လေးအပေါ်မှာရောက်နေလေသည်။

ညရဲ့တိတ်ဆိတ်မှုဟာ ဘုန်းမြတ်ရဲ့စိတ်ကိုနှိုးဆော်‌နေဟန်တူသည်။
မျက်နှာနှစ်ခုဟာ နှစ်စင်တီမီတာ‌‌ လောက်သာကွာသည်အထိ နီးစပ်လွန်းနေသည်။

သူ့စိတ်ကိုညှို့ငင်ဆွဲဆောင်နေတဲ့ ပါးချိုင့်လေးတွေဆီသို့ သူ့မျက်နှာတိုးကပ်သွားပြီးမျက်လုံးကိုမှိတ်လိုက်ချိန်မှာတစ်ယောက်ယောက်ကရိုက်ချလိုက်သလို သူဆက်ကနဲတုန်သွားသည်။

"အား...မလုပ်နဲ့.."

လိပ်ပြာမျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ သူကမျက်လုံးမှိတ်ပြီး သူ့ခေါင်းကိုလက်နဲ့ အုပ်ကိုင်ကာအော်နေလေသည်။

သူဘာဖြစ်နေတာလဲ။ သူလဲလိပ်ပြာလိုနာကျင်နေတာလား။

"အား..မလုပ်နဲ့..မလုပ်ပါနဲ့..."

သူရရဲ့စိတ်ထဲမှာ အမှောင်အတိဖုံးနေ‌သည်။

အနမ်းတစ်ပွင့် ထိုအနမ်းတစ်ပွင့်ရဲ့အနောက်မှာ ရိုက်ချလိုက်တဲ့ လူကြီးတစ်ယောက်ရဲ့လက်ကြီး။

ပါးပြင်မှာ သွေးစို့အောင်အထိ အရိုက်ခံနေရတာ။
သူနာကျင်နေသလို အော်ငိုနေမိတယ်။
ဘယ်သူ သူ့ကို လာကယ်မှာလဲ။
သူသေရတော့မယ်။သေလောက်အောင်နာကျင်နေတယ်။
တစ်ယောက်ယောက် ကျွန်တော့်ကိုကယ်ပါ။

"ဟင်..."

နွေးထွေးတဲ့ အထိအတွေ့တစ်ခုကြောင့် သူ့မျက်လုံး‌ တွေကိုဖွင့်လိုက်ချိန်မှာတော့ လိပ်ပြာဖြူကသူ့ကိုသိုင်းဖက်ထားပြီး သူ့ကျောပြင်ကို လက်သေးသေးလေးတွေနှင့် ပုတ်ပေးနေသည်။

"အဆင်ပြေသွားမှာပါ..လိပ်ပြာရှိတယ်လေ..
ရှင်လုံး၀မနာကျင်တော့ဘူး..လိပ်ပြာက ကာကွယ်ပေးမှာပေါ့..လိပ်ပြာရဲ့အတောင်ပံကြီးတွေကို..ဖြန့်ပြီးကာကွယ်ပေးမှာ.."

စာနာမှုသေးသေးလေးနဲ့ဆိုရင်တောင် သူနွေးထွေးသွားသလို ခံစားရသည်။
သူ့ရင်ဘတ်ထဲမှာ နာကျင်မှုလျှော့ကျသွားသလိုပါပဲ။

ကလေးတစ်ယောက်လို သူမရဲ့ပုခုံးပေါ်မှာ ခေါင်းမှောက်ချလိုက်ပြီး သူမရဲ့ခါး‌‌လေးကို ဖက်ထားလိုက်မိသည်။

သူ့ကျောပြင်ကိုပုတ်ပေးနေရာမှ ငါးမိနစ်လောက်အကြာမှာ သူမငြိမ်ကျသွားသည်ကို သတိထားလိုက်မိသည်။

သူမရဲ့ခေါင်းကို အသာထိန်းပြီး ကြည့်လိုက်တော့သူမက အိပ်ပျော်နေတာ ဟောက်တောင်နေလေပြီ။

"လက်စသတ်တော့..အိပ်ချင်လို့ ပုခုံးလာငှားတာပဲ.."

သူမကို အိပ်ခန်းထဲသို့ရောက်အောင် ပွေ့ချီပြီးသိပ်‌ပေးကာ အခန်းတံခါးပိတ်ခဲ့လိုက်သည်။

သူရအဖို့ ထိုညမှာတော့ ပုံမှန်မက်နေကြ အိပ်မက်ဆိုးတွေနေရာမှာ အဖြူရောင်လိပ်ပြာအိပ်မက်လေးကလှပစွာ၀င်ရောက်လာလေသည်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋

အမူးကောင်း
ဟိုက နားရင်းပိတ်မအုပ်တာကံကောင်း


🦋အခန်း ၁၀ မှ အခန်း ၁၂ 🦋

  



အခန်း၁၀

🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋


လေယာဉ်ပေါ်မှာ ဘေးချင်းကပ်လျှက်ထိုင်နေရပေမဲ့ စကားတစ်ခွန်းတောင်မပြောဖြစ်တာကြောင့် ရာသီဥတုကတော့ ရေခဲတိုက်ထဲသို့ရောက်နေသလိုပင်။

လိပ်ပြာသူ့ဘက်သို့ ခိုးကြည့်နေစဉ်မှာပဲ သူကဖတ်နေတဲ့စာအုပ်ကို ပိတ်ပြီး လိပ်ပြာကိုပြန်ကြည့်လာသည်။

"ကိုယ်က အဲ့လောက်တောင်ပဲချောနေတာလား.."

"အဟင်း..သေချာတာပေါ့..ရှင်ကသိပ်ချောပါတယ်.."

လိပ်ပြာအခြားဘက်ကို မျက်နှာလွှဲပြီးမဲ့ပစ်လိုက်သည်။
မေးစရာကရှိသေးသည်မို့ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ပြန်ပြုံးလိုက်သည်။

"ဟိုလေ..ညတုန်းက ကျွန်မရှင့်ကို တစ်ခုခုအမှားပြောမိသေးလားဟင်..တစ်ခါမှအဲ့လိုမသောက်ဖူးတော့ အမှားလုပ်မိမယ်ထင်လို့.."

"ကိုယ်သိပ်မမှတ်မိတော့ဘူး..မင်းဖာသာပြန်စဉ်းစားကြည့်ပေါ့.."

မမှတ်မိလို့မေးပါတယ်ဆိုနေမှ ဈေးကကိုင်နေပြန်ပြီ။
ဆက်မေးရင် ထိပ်ကိုပိတ်ထုမိမှာ ဧကန်ဖြစ်တာကြောင့် ကိုယ့်စိတ်ကိုလျှော့ပြီးပဲ နေလိုက်ရသည်။

လေယာဉ်ပေါ်ကဆင်းပြီး ခရီးဆောင်အိတ်တွေယူပြီးနောက်မှာတော့ သူကလိပ်ပြာပြန်ဖို့ ကားသပ်သပ်စီစဥ်ပေးထားမှန်းသိလိုက်ရသည်။

"လိပ်ပြာအတွက် ကားစီစဥ်ပေးထားလို့ သူဌေးကိုကျေးဇူးတင်ပါတယ်.."

"အော်..မင်းညကမူးပြီး ပြောတဲ့စကားတစ်ခွန်းတော့ ကိုယ်မှတ်မိပြီ.."

ရုတ်တရက်ထပြောလိုက်တဲ့စကားကြောင့် လိပ်ပြာ ကြောင်ပြီးသူ့ကိုပြန်ကြည့်နေမိသည်။
ဘာစကားမို့လို့ သူကမှတ်မိနေရတာလဲပေါ့။

"ဘာစကားလဲဟင်.."

"..ရည်း..စား..စာအကြောင်း"

"ဘာ!!!!"

"အဲ့ ရည်းစားစာက ဘယ်သူ့ကိုပေးချင်တာလဲ.."

သူကတစ်ချက်ပြုံးပြီး မေးလာလေသည်။
လိပ်ပြာ သေသာပစ်လိုက်ချင်သည်။
မူးပြီးဘာတွေ လျှောက်ပြောမိလိုက်တာပါလိမ့်။
ငယ်ငယ်တုန်းက ကလေးစိတ်နဲ့ လျှောက်လုပ်မိခဲ့တာတွေက ၉နှစ်အကြာမှာ ကိုယ်တိုင်ပဲပြန်အစဖော်မိမယ်လို့ ထင်ကိုမထားမိတာပါ။

"အဟမ်း..သေချာတာတော့ အဲ့စာကရှင့်ကိုရေးတာမဟုတ်ဘူး.."

ခုဏလိုရယ်မနေတော့ပေမဲ့ ခပ်ရွှင်ရွှင်ဖြစ်နေတဲ့သူ့မျက်နှာဟာ ရုတ်ချည်းဆိုသလို တည်ကျသွားပြီး လိပ်ပြာကိုကျောခိုင်းကာ ထွက်သွားတော့သည်။

လိပ်ပြာလည်း ဟန်ကိုယ့်ဖို့လုပ်ပြီးပြောလိုက်ရပေမဲ့ စိတ်ထဲမှာလိမ်လိုက်ရတဲ့အတွက် တစ်မျိုးကြီးခံစားနေရသည်။

ကားပေါ်တက်ခါနီးမှ ဖြတ်ကနဲအတွေးတစ်ခုက၀င်လာသည်။

"နေပါအုံး..ခုဏကသူငါ့ကိုပြုံးပြလိုက်တာလား..
သူပြုံးပြတာကို မြင်ဖူးတာဒါပထမဆုံးပဲ "

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"တင်းတောင်..."

တိုက်ခန်း‌ဘဲလ်ကိုနှိပ်လိုက်တော့ သဲနုကတံခါးလာဖွင့်ပေးလေသည်။

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"အေး..နင်တို့အတွက် လက်ဆောင်တွေ အများကြီး၀ယ်လာတယ်.."

"လိပ်ပြာရယ်..လက်ဆောင်တွေပါလာလို့လည်း မပျော်နိုင်ပါဘူးဟယ်.."

"ဟင်..ဘာဖြစ်လို့လဲ.."

"ဧည့်ခန်းကိုရောက်ရင်သိလိမ့်မယ်..စိတ်တော့မကောင်းပေမဲ့ နင်တော့ခရီးရောက်မဆိုက် စိတ်ဆင်းရဲရအုံးမယ်.."

သဲနုစကားကြောင့် နဂိုကမှစိတ်ထဲမှာသိပ်မကောင်းတဲ့လိပ်ပြာ စိတ်ပိုရှုတ်သွားရသည်။
ဧည့်ခန်းထဲကိုရောက်တော့ ကြည်ပြာနှင့်သူဇာက အေးအေးရဲ့ ဘေးမှာဝိုင်းထိုင်နေလေသည်။
ကျောဘက်မှကြည့်ရုံနဲ့ အေးအေးငိုနေမယ်ဆိုတာကိုလိပ်ပြာသိလိုက်ပါပြီ။

"အီဟီး..ယောက်ျားတွေတစ်ယောက်မှမကောင်းဘူး..အကုန်ဒီပုတ်ထဲက ဒီပဲတွေချည်းပဲ..အဟင့်..
ငါ့မှာတော့သူ့ကိုချစ်လိုက်ရတာ..အဟင့်..သူကတော့...ငါကျွေးသမျှထိုင်စားပြီး..နောက်ဆုံးကျ သူ့ဟာမနောက်ပဲကောက်ကောက်ပါအောင်လိုက်သွားတယ်..အီဟီး..သစ္စာဖောက်..လူယုတ်မာကြီး"

"ဟယ်..လိပ်ပြာပြန်လာပြီ.."

"ဟင်..လိပ်ပြာ..အီဟီး..‌"

အေးအေးက လိပ်ပြာကိုမြင်သည်နှင့် အတင်းလာပြေးဖက်ပြီး ငိုယိုနေလေတော့သည်။

"ထိုင်ပါအေးအေးရယ်..ကဲပြောပါအုံး..နင့်ကောင်လေးနဲ့ဘာဖြစ်ပြန်ပြီလဲ.."

"ဟင်..လိပ်ပြာ..နင်..နင်သိနေတယ်.."

"ခန့်မှန်းကြည့်တာပါ..နင်တို့နှစ်ယောက်က ခဏခဏ ရန်ဖြစ်နေကြတာကို..ဒီတစ်ခါရော နင်သွားရန်တွေ့လိုက်လို့ ဟိုကစိတ်ဆိုးသွားတာလား.."

"အီဟီး..ဒီတစ်ခါစိတ်ဆိုးရုံတင်မကဘူး..အခြားတစ်ယောက်နဲ့..မင်္ဂလာတောင်ဆောင်တော့မှာ..လိပ်ပြာရဲ့...အဟင့်"

"ဘာ!!!"

ငိုသံပါကြီးနဲ့ပြောနေတဲ့ အေးအေးကြောင့် သဲနုကပဲစကားဆက်လိုက်သည်။

"ဒီလိုလိပ်ပြာရေ..ဒီနေ့မနက်ပဲ..အေးဆီကိုဖိတ်စာတစ်ဆောင်ရောက်လာတယ်..ကြည့်လိုက်တော့ သူ့အကောင် ဝေမြင့်တဲ့..အစက အေးအေးရော ငါပါ သူ့ကိုဂျပန်မှာကျောင်းတက်ပြီး အလုပ်ဆက်လုပ်နေလို့ ပြန်မလာနိုင်ဘူးလို့ထင်ထားတာ.."

"အခုရော..ဒီကောင်ကဘယ်လိုက ဘယ်လိုမင်္ဂလာတောင်တန်းဆောင်လိုက်တာလဲ.."

"ငါ့စကားကို ဆုံးအောင်နားထောင်ပါအုံးလိပ်ပြာရယ်"

"အေးပါ..ဆက်ပြော..ဆက်ပြော.."

"စုံစမ်းကြည့်လိုက်တော့ လွန်ခဲ့တဲ့၁လလောက်တည်းက ဒီကောင်ရန်ကုန်ကိုပြန်ရောက်နေတာတဲ့....အခုမင်္ဂလာဆောင်မဲ့ကောင်မလေးကလည်းငါတို့နဲ့အသိဂျပန်ဆရာမပဲ..အေးအေးနဲ့ဆိုပိုတောင်ခင်‌ခဲ့သေးတယ် သက်‌နှင်း‌မေတဲ့..လွန်ခဲ့တဲ့၁နှစ်လောက်ကပဲ သူလည်းဂျပန်မှာအလုပ်သွားလုပ်တာလေ..အဲ့နိုင်ငံမှာတွေ့တော့ငြိကြတယ်ထင်ပါရဲ့.."

"တောက်!!!လူပါး၀လိုက်တဲ့အကောင်..
သူဟိုမှာကျောင်းတက်ဖို့ကိုလည်း..အေးအေးမှာခြစ်ခြုတ်စုပြီး ထောက်ပံ့ခဲ့ရသေးတယ်..
လူမွှေး၊လူယောင်ပြောင်တော့..ခြေစုံကန်သွားတာပေါ့..မိုက်ရိုင်းလိုက်တာ.."

"ဟုတ်တယ်လိပ်ပြာရေ..ငါတို့လည်းအဲ့ဒါကို
မကျေမနပ်ဖြစ်နေတာ..မရှိတုန်းကတော့ မျက်နှာငယ်နဲ့ မခုတ်တတ်တဲ့ကြောင်လိုလုပ်ပြပြီး..အခုပြည့်စုံတဲ့အချိန်ကျတော့..မြေခွေးမှန်းသိအောင် အစွယ်ထုတ်ပြပြီး..ဖောက်ပြန်သွားတာ.."

"အီဟီး..ငါကိုကသူ့ကိုယုံခဲ့မိတာ..ငါ့အပစ်တွေပါ..တကယ်ဆိုရင်..သူ မူပျက်နေတာကို ငါသတိထားမိခဲ့ရမှာ..အဟင့်.."

"အေးအေး..ဒီ‌လိုသစ္စာမရှိတဲ့ ကောင်မျိုးအတွက်ဘာမှထူးပြီးခံစားမနေနဲ့..နင်ဟာသူ့ထက်ဘုန်းကံမြင့်မားနေလို့..အဆင့်နိမ့်တဲ့လူကိုရွေးချယ်သွားတာ..အေး..ဒါပေမဲ့..ဒီလိုကောင်မျိုးကို ပညာပြရမှကိုကျေနပ်မယ်.."

"ဟင်လိပ်ပြာ..နင်က ဘာလုပ်ချင်လို့လဲ.."

"လာ..နင်တို့အကုန်လုံးလာကြ.."

ဧည့်ခန်းထဲမှာ သူငယ်ချင်းငါးယောက် ခေါင်းချင်းဆိုင်ပြီး သစ္စာဖောက်ကောင်ကိုပညာပြဖို့အရေးဆွေးနွေး ကုန်ကြလေသည်။
ခေါင်းဆောင်ကတော့ အကောင်သေးသလောက် အဆိပ်ပြင်းတဲ့ လိပ်ပြာဖြူပေါ့။

"ဘယ်လိုလဲ..သဘောတူလား.."
"တူတယ်.."
"တူတယ်ဟာ..ချမှာသာချ.."

"အေးအေး..နင်ကရော.."

"ငါ.."

"ဘာမှငါမနေနဲ့..ဟိုကနင့်မျက်နှာကိုမထှောက်လို့ ပါသွားတာကပါသွားပြီ..ဘာမှသနားစရာမလိုဘူး..ကြားလား.."

"အေး..အေးပါ.."

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"တီ..တီ..တီ.."
 
ဖုန်းလာနေ၍ ကြည့်လိုက်တော့ လိပ်ပြာဖြူဖြစ်နေသည်။

"ဟယ်လို.."

"သူဌေးလား..လိပ်ပြာပါ..ဟိုလေ ဒီနေ့အရမ်းအရေးကြီးတဲ့ကိစ္စရှိနေလို့ ခွင့်တိုင်ချင်လို့ပါ.."

"နေပါအုံး မင်းအလုပ်ဆင်းတာဘယ်နှစ်ရက်ရှိသေးလို့လဲ.."

"တစ်လ.."

"ဘာ!!!..."

"မပြည့်သေးဘူးလို့ တကယ်ကိုသေရေးရှင်ရေးမို့လို့ပါ..ဒီနေ့တစ်ရက်ထဲပါနော်.."

"တူ...တူ..."

အလုပ်ရှင်ကဘာမှတောင် မပြောရသေးဘူး သူမကအရင်ဖုန်းချသွားတယ်။
အလုပ်တစ်ခုကို ကစားနေသလိုသဘောထားတာလောက် သူစိတ်တိုတာမရှိဘူး။

ဒီလိုအလုပ်သမားမျိုးကို ပုံမှန်ဆိုတစ်သတ်လုံးလာစရာမလိုဘူးလို့ ပြန်ပြောလိုက်မည်ဆိုပါက အဲ့ဒါဘုန်းမြတ်သူရ၏ ပုံစံအမှန်ပင်ဖြစ်မည်။

"ကျွီ.."

"သူဌေးမင်းက ဘာတွေစိတ်ညစ်နေတာလဲကွ.."

မျက်မှောင်ကြုံ့ပြီး အသံလာရာဆီသို့ကြည့်လိုက်ရာ ဘုန်းမြတ်အံ့ဩသွားရသည်။

"ထွန်းဝေ..မင်းမြန်မာပြည်ကိုပြန်လာမွှေတာလား..ငါမျက်စိမနောက်ချင်ဘူးနော်.."

ထွန်းဝေ ခမျာသူငယ်ချင်းကြီးရဲ့ ကြိုဆိုလိုက်ပုံကြောင့် အောင့်သက်သက်ကြီးဖြစ်သွားရသည်။
သူရရဲ့ အလုပ်စားပွဲပေါ်မှာ တင်ပါးလွှဲထိုင်လိုက်ပြီး ရယ်ကျဲကျဲလုပ်ပြလိုက်သည်။

"မင်းကကွာ..၃နှစ်ကြာမှ ပြန်တွေ့ရတဲ့သူငယ်ချင်းကို ဒီလိုပဲပြောရက်သလား.."

"ဟာ..ထွန်းဝေ..ငါ့စားပွဲမှာလာမထိုင်နဲ့ ဟိုမှာဆိုဖာရှိတယ်..သွားထိုင်. "

"အေး..အေးပါကွာ.."

မျက်မှောင်ကြုံ့ပြနေတဲ့ ရေခဲတုံးကြီးရဲ့ပုံစံက လုံး၀မပြောင်းလဲသွားတဲ့အတွက် ထွန်းဝေသက်ပြင်းချနေမိသည်။
ဒီကောင်ကြီးကို ဘယ်တော့များမှ အပြုံးပန်းတွေဝေဆာတဲ့ အခြေအနေနဲ့တွေ့ရမှာလဲ ဆိုတာသူတို့သူငယ်ချင်းတွေအားလုံး သိချင်နေတဲ့ကိစ္စတစ်ခုပဲ။

"ဒါနဲ့..ဒေလီယာလည်း ပြန်လာပြီနော်.."

"အင်း.."

"အဟား..မင်းဟာက အင်း တစ်လုံးထဲလား..
တကယ်ကွာနည်းနည်းပါးပါး..ဟန်ဆောင်ပြီး ၀မ်းသာတဲ့အမူအရာလေးတစ်ခုလောက်တော့ လုပ်ပြစမ်းပါ ဘုန်းမြတ်ရယ်..ငါမြင်ဖူးချင်လို့.."

"ထွန်းဝေ..မင်းကလေးစိတ်မကုန်သေးဘူးပဲ.."

"ဘာဖြစ်လဲ..ဒီမှာ..မိန်းမ မရမချင်း..ငါ့ကိုငါတော့ ကလေးလို့သတ်မှတ်တယ်..မင်းလိုအမြဲရုပ်တည်ကြီးနဲ့ သက်ကျားအိုဘိုးတော်ပုံတော့ မဖမ်းနိုင်ဘူး ဟေ့ကောင်.."

သာလိကာမရဲ့သားထွန်းဝေကြောင့် နဂိုကမှစိတ်မကြည်ရတဲ့ကြားထဲ နားကိုလေ‌ပြွေလာတိုက်နေသလို ပူထူနေတော့သည်။

"‌ထွန်းဝေ..မင်းသိပ်စကားများတယ်ကွာ..ငါနားညီးလာပြီ..ပြန်တော့.."

"ဟ..ဒဲ့ကြီးပါလားဟေ့..ငါလည်းလာချင်လွန်းလို့တော့မဟုတ်ဘူးနော်..ဒီကအပြန်မင်္ဂလာဆောင်တစ်ခုကို၀င်ရအုံးမှာ..
မင်းကိုလူပျိုဘ၀က အမြန်ကျွတ်အောင်..ဒေလီယာ့အကြောင်းလာပြောတာ..
ဒေလီယာကအခုထိ လုံး၀ စင်ဂနယ်နော်..ဟိုကမင်းကို အခုထိမျှော်လင့်နေတုံးပဲ..အဲ့ဒါ ဒေလီယာလာရင်သာ မင်းအချိုးပြေပြေဆက်ဆံလိုက်..
ငါသာဆိုရင် မင်းလိုကောင်ဘေးမှာ တစ်နေ့နေမှစကားတစ်လုံးကြားရဖို့ လေအဖြတ်ခံပြီးမစောင့်ဘူး ငါ့ကောင်..
ဒေလီယာ့လိုရုပ်ရည်မျိုးနဲ့ဆို ၀င်လုံးချင်တဲ့ကျားတွေမှ ဘိုကင်ယူပြီးစောင့်နေကြတာနော်..မင်းသိဖို့.."

"ဘုန်း!!!"

"အာ့.."

စိတ်မရှည်တဲ့အဆုံး မိကျောင်းမသားထွန်းဝေကို အရှေ့မှစာအုပ်နဲ့ ကောက်‌ပေါက်လိုက်သည်။

"ဘုန်းမြတ်..ငါ့ကိုဘာလို့ စာအုပ်နဲ့ပေါက်ရတာလဲ..
ငါကအမှန်တွေပြောနေတာလေ..မင်းက တရားပေါက်နေတဲ့ရဟန္တာကြီးလိုဖြစ်နေလို့ ငါကအကောင်းနဲ့ ကျွတ်အောင်ချွတ်ပေးနေတာ.."

"ဟာ..ဒီကောင်.."

"သွားပြီ..သွားပြီ.."

ငပြောင်ထွန်းဝေအား စားပွဲပေါ်မှ ပန်းအိုးကိုကိုင်မြှောက်ပြလိုက်မှပဲ အခန်းထဲမှထွက်သွားတော့သည်။

သူမိန်းမတွေကို မယုံရဲဘူး အထူးသဖြင့်အချစ်ကြီးပါတယ်၊သစ္စာရှိလွန်းပါတယ်လို့ ပတ်၀န်းကျင်မှာလိုက်ကြွေးကြော်နေတဲ့ မိန်းမတွေကိုဆို ပိုလို့တောင်မယုံကြည်ဘူး။

သူ့နှလုံးသားရဲ့သော့ခလောက်က အခုထိတော့သော့ဖွင့်နိုင်တဲ့မိန်းမ မရှိသေးတာသေချာတယ်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

update နောက်ကျသွားတယ်ကွယ်

Typing အမှားပါရင် ဝေဖန်ပေးနိုင်ပါတယ်

=========================================================================

🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                            အခန်း၁၁


မင်္လာပွဲကြီးက ခမ်းနားစွာပုံဖော်ထားပြီး ရွှေပွဲလာတွေဟာလည်း အရောင်းအသွေးစုံညီစွာ ပြုံးပျော်နေကြလေသည်။
သတို့သား၊သတို့သမီး မိဘများကတော့ ခန်းမအ၀င်အ၀မှာ ရွှင်ပြစွာဧည့်ပုရိတ်သတ်များကို ဆီးကြိုနေကြလေသည်။

သတို့သားရဲ့မိဘတွေက လိပ်ပြာတို့ကိုမြင်တာနှင့် ဟန်တောင်မဆောင်နိုင်ပဲ မျက်နှာလွှဲသွားကြလေသည်။

"အန်တီ..သတင်းကြားကြားချင်းကျွန်မတို့ အရမ်း၀မ်းသာသွားတာ အန်တီရဲ့ ..အဟင်း.."

လိပ်ပြာနှင့် အေးအေးက ရယ်မောသရုပ်ဆောင်ပြလိုက်ရာ သတို့သား မိဘတွေကလည်း မချိသွားဖြဲလေး ပြန်လုပ်ပြလေသည်။

"သမီးတို့က မောင်ဝေမြင့်နဲ့သိကြတာလား.."

"အန်တီတို့က သက်နှင်းမေရဲ့မိဘ‌တွေလား.."

"ဟုတ်တယ်..ဒါနဲ့သမီးလေးသက်နှင်းကိုလည်း သိကြတာလား.."

"အဟင်း..သိရုံတင်ဘယ်ကမလဲ အန်တီရဲ့အေးအေးနဲ့ဆိုရင် ခင်ပါခင်တာ ဝေမြင့်နဲ့
သက်နှင်းတို့နှစ်ယောက်လုံးက ကျွန်မတို့နဲ့ဘော်ဒါ‌တွေလေ..အော်..ဒါနဲ့..ကျွန်မတို့သက်နှင်းကို ကိုယ်တိုင်သွားဂုဏ်ပြုချင်လို့..အဲ့ဒါသက်နှင်း
ဘယ်အခန်းမှာများလည်း.."

"အော်..ဒုတိယထပ်မှာလေ..လာအန်တီကိုယ်တိုင်လိုက်ပြမယ်..လာ.."

"ဟုတ်ကဲ့..အန်တီ.."

သက်နှင်းမေ၏အမေခေါ်ရာနောက်မှ လိုက်ရင်းဒုတိယထပ်ကိုရောက်လာကြသည်။
ထိုအန်တီကတော့ ဧည့်သည်တွေကို သွား၍ဧည့်ခံရအုံးမည်ဆိုကာ ထွက်သွားလေသည်။

အေးအေးကတော့ ငိုတော့မလိုမျက်နှာကြီးနှင့် လိပ်ပြာကိုကြည့်လာရာ အေးရဲ့ပုခုံးကိုပုတ်‌ပေးပြီး စိတ်အေးအေးထားရန် နှစ်သိမ့်လိုက်သည်။

"ဂျောက်!!!"

တံခါးကိုဆွဲ ဖွင့်လိုက်ချိန်မှာတော့အချိန်ကိုက်
ဖြစ်နေသလားမသိ သတို့သားနှင့် သတို့သမီးက အတူရှိနေကြလေသည်။

"ငါ့ကို သစ္စာဖောက်ပြီး သိပ်ပျော်နေကြတယ်ပေါ့လေ.."

"ဟင်..မင်း..အေးအေးအောင်.."

တိုင်ပင်တွေတော့လွဲကုန်ပါပြီ။ လိပ်ပြာ မတားလိုက်နိုင်ခင်မှာပဲ အေးအေးကပေါက်ကွဲနေလေပြီ။
မတတ်နိုင်ဘူး လိပ်ပြာလည်းမီးစင်ကြည့်ကရမှာပဲ။

"အေး..မင်းဒီအခန်းထဲကို ဘာလာလုပ်တာလဲ..မင်းနဲ့ ငါ့ဇာတ်လမ်းကပြတ်သွားပြီနော်..
မကောင်းတတ်လို့ မင်းဆီကိုဖိတ်စာအရောက်ပို့လိုက်တာ.."

"ဘာ!!!မကောင်းတတ်လို့..ပြတ်ပြီ..ဟုတ်လား..
ငါရင်ထုပြီးပဲရယ်လိုက်ချင်တယ်..ငါ့မှာတော့..သူအလုပ်တွေပင်ပန်းနေလို့ပါ..သူ့စာနဲ့သူလုံးပန်းနေလို့ပါနဲ့..အမျိုးမျိုးဖြည့်တွေးပေးခဲ့တာ..နောက်ဆုံးတော့..
သစ္စာဖောက်ခံလိုက်ရတာပဲအဖက်တင်တယ်..
ပြောစမ်းပါအုံး ငါနင့်အပေါ်မှာဘာတွေများအမှားလုပ်လို့..ငါ့ကိုပစ်ပြီး..ဒီကောင်မနောက် ကောက်ကောက်ပါအောင် လိုက်သွားရတာလဲ..ဟမ်.."

"ဟဲ့..နင်ဘယ်သူ့ကိုကောင်မလို့ပြောတာလဲ.."

"ဟဲ့..နင် ငါ့သူငယ်ချင်းကိုထိရဲရင်ထိကြည့်နော်..
တိုက်ကွမ်ဒိုခါးပတ်အနက်ကို အလကား အားယားပြီး ယူထားတာမဟုတ်ဘူး..သိဖို့.."

လိပ်ပြာက လူကောင်သေးပေမဲ့ အရပ်က ငါးပေ လေးလက်မဖြစ်တာကြောင့် ထိုမိန်းကလေး၏အရှေ့မှ ခပ်မိုက်မိုက်ပိတ်ရပ်လိုက်ရာ သူနဲနဲတော့လန့်သွားပုံရသည်။

"မင်းတို့နှစ်ယောက်နှင်းကို ဘာမှမလုပ်ကြနဲ့နော်..
ဒီမှာအေးအေး..အနေဝေးရင် သွေးအေးသွားတယ်ဆိုတဲ့စကားကို မင်းကြားဖူးမှာပါ..
မင်းနဲ့ငါက အွန်လိုင်းမှာပဲဆုံတာများတော့ မင်းမှာအခြားတစ်‌ ယောက်ရှိ‌နေရင်လည်းငါမသိနိုင်ဘူးလေ..
စကားမပြောရတဲ့ရက်တွေများပြီး ကြာလာတော့
ငါတို့ပြတ်သွားပြီလို့ထင်ခဲ့တာ မင်းဘက်ကမပြတ်နိုင်တာတော့..ငါမတတ်နိုင်ဘူး..အခုငါလည်းဘ၀အသစ်စတော့မှာမို့..
မင်းလည်းမုဒိတာပွားနိုင်အောင်ကြိုးစားပါ..
ငါ့ကိုထပ်မမျှော်ကိုးပါနဲ့တော့.."

"အမယ်လေး..ပြောတတ်လိုက်တဲ့ ပါးစပ်လေး...
ရွှေချထားဖို့တောင် ကောင်းသေးတယ်.."

ငိုသံပါကြီးနှင့် ပြောနေတဲ့အေးကိုကြည့်ရင်းလိပ်ပြာတောင် ငိုချင်လာသည်။

"နင့်ဟာမလို..၂၄နာရီ နင့်အနားမှာပတ်ချွဲနှပ်ချွဲပြောမနေနိုင်တာ ဘာကြောင့်လဲ..နင်ဟိုမှာကျောင်းအေးအေး ဆေးဆေးတတ်နိုင်ဖို့..
အခြားကျောင်းသားတွေကြားမှာ
နင်မျက်နှာငယ်မှာဆိုးလို့..နင့်အဆောင်စရိတ်၊စားဖို့သောက်ဖို့၊နင်၀တ်ဖို့အတွင်းခံဖိုးကအစ ငါ့မှာကုန်းရုန်းရှာနေရတာ..နင်သိရဲ့လား"

စကားပြောရင်း အေးအေးငိုချလာရာ လိပ်ပြာအေးအေးရဲ့ပုခုံးကို ထိန်းကိုင်ပေးထားလိုက်သည်။

"နင်...အီဟီး..နင်ကဟိုမှာကျောင်းအေးဆေးတတ်နေတဲ့အချိန်..ငါ့မှာတော့ ဂျပန်သင်တန်းကျောင်းတစ်ခုပြီးတစ်ခုကို တစ်နေ့တစ်နေ့ ချွေးဒီးဒီးကျအောင်..ကူးကလန်ခတ်နေရတာ..
အဟင့်..အိပ်ချိန်လေးပဲ..ငါ့မှာနားရတယ်..
အဲ့တော့ဘယ်မှာလည်း ငါနင်နဲ့စကားပြောဖို့အချိန်..
အချိန်ရပြန်တော့လည်း..ဟိုအလုပ်
ရှုပ်တယ်..ဒီအလှုပ်ရှုပ်တယ်အကြောင်းပြပြီး..ငါနဲ့စကားပြောဖို့တောင် နင်အခွင့်အရေးပေးခဲ့လို့လား..
ဒါတွေကို ငါကမသိပဲ အရူးမကြီးလို ငါတို့အနာဂတ်ရှေ့ရေးအတွက်တွေးပြီး..ကြိုးစားနေခဲ့တာ..
နောက်ဆုံးတော့..ငါရှာပေးသမျှကိုအခြေတည်ပြီး နင့်ဟာမနဲ့မင်္ဂလာအကြီးအကျယ်တောင် ဆောင်လိုက်သေးတယ်ပေါ့ ..
လူယုတ်မာ..တစ်ကိုယ်ကောင်းသမား..
အောက်တန်းစား..အီဟီး..နင်ကဒါနဲ့ပဲထိုက်တန်တယ်.."

"ဖြန်း!!!"

"နင်လက်မပါနဲ့..အေးအေး..ပြီးခဲ့တာတွေကိုလည်း ဂုဏ်ယူပြီးလာရွတ်ပြမနေနဲ့..နင်သာသူ့ကိုတစ်ကယ်ချစ်ရင် သူအခုပျော်နေတာ နင်ကျေနပ်ရမှာပေါ့..
ကိုယ်မရနိုင်တဲ့အရာကို..လိုက်ဖြတ်စီးနေတာ..နင်သူ့ကိုတကယ်မချစ်လို့ပဲ.."

သက်နှင်းမေဆိုတဲ့မိန်းမက အရိုက်ခံလိုက်ရတဲ့သူ့လင်အရှေ့မှ လက်တကားကားနှင့် ပြောနေလေရာ လိပ်ပြာလည်း ငိုနေတဲ့ အေးရဲ့အရှေ့မှ ခါးထောက်ပြီးရပ်ပစ်လိုက်သည်။

"အဟက်..ဘာတဲ့..တကယ်ချစ်ရင် သူပျော်နေတာမြင်ရင်ကျေနပ်ဟုတ်လား..ဟဲ့ကောင်မ..အဲ့စကားကို နင်ကလေးတစ်ဒါဇင်လောက်မွေးပြီးရင်..
နင့်လင် နောက်မီးလင်းတော့မှ ပြောဟဲ့..
အဲ့အချိန်ကျရင်..ပြောရဲလား..
ရှင်ကြိုက်သလောက်မယားငယ်နေပါ..
ကျွန်မပျော်ပျော်ကြီးထိုင်ကြည့်နေပါ့မယ်ဆိုပြီး..ဟမ်..ပြောရဲလား.."

"ဟဲ့..အခြေအနေကမတူဘူးလေ..နင်စကားကိုကပ်ပြီးမပြောနဲ့.."

"ဘာလို့မတူရမှာလဲ အတူတူပဲ မိဘတွေတောင် သားသမီးအပေါ်မှာပေးဆပ်ရသလောက် မမျှော်မှန်းပါဘူးပဲဘယ်‌လောက်ပြောပြော အသက်အရွယ်ရလာရင် သားသမီးရဲ့သိတတ်မှုလေးတစ်ခုကတောင် သူတို့ကိုပီတိဖြစ်စေတယ်..
အခုကယူတောင်မယူရသေးတဲ့ သူစိမ်းတစ်ယောက်အပေါ်ကို ချစ်လွန်းလို့အရာခပ်သိမ်းမြှုပ်နှံထားခဲ့တာ နောက်ဆုံးမျှော်မှန်းချက်ကတစ်ခုတည်းရယ် အဲ့ဒါငွေကြေးလည်းမဟုတ်ဘူး၊ရမ္မက်ကိစ္စလည်းမဟုတ်ဘူး ..
သူကကိုယ့်ကို အမြတ်တနိုးပြန်ချစ်တာကို ခံချင်ကြလို့..ကိုယ်သူ့ကိုချစ်သလောက် ပြန်အချစ်ခံရချင်လို့ဟဲ့..ပြီးခဲ့တာတွေကို လာရွတ်ပြမနေနဲ့လို့ဆိုရအောင်..သူကိုယ်တိုင်အနစ်နာခံခဲ့တာတွေလေ..သူ့မှာပြောပြပိုင်ခွင့်အပြည့်ရှိတယ်..ဒီမှာသက်နှင်းမေ..
နင်မြဲမြဲမှတ်ထား..နှစ်တွေအများကြီးပေးဆပ်ခဲ့တဲ့အေးအေးကို ရည်းစားဘ၀မှာ ပစ်ချထားခဲ့နိုင်ရင်..
အခုတွေ့ အခုကြိုက်ခဲ့တဲ့နင့်ကို လင်မယားဘ၀မှာပစ်ချမထားခဲ့ပါဘူးလို့ သူကြိမ်ပြောရဲသလား မေးကြည့်လိုက်ပါအုံး.."

"လိပ်ပြာဖြူ..မင်း..."

"ဝေမြင့်..နင်ငါ့သူငယ်ချင်းကို ဘာမှလာပြောစရာမလိုဘူး..သစ္စာဖောက်ကောင်ရဲ့.."

"အောင်မာ..ရှေ့တိုးရဲတိုးလာစမ်းပါ..
လိပ်ပြာဖြူအကြောင်း ကောင်းကောင်းသိသွားစေရမယ်..မကြောက်တတ်လို့ နှစ်ယောက်ထဲလာတာနော်.."

မိတ်ကပ်အခန်းလေးထဲမှာတော့ စကားအခြေ
အတင်ဖြစ်နေကြသည်မှာ ကြားနေရသူမိတ်ကပ်လိမ်း‌ပေးမဲ့ မာမီတွေတောင် သတို့သားနှင့် သတို့သမီးကို နှာခေါင်းရှုံ့ကုန်ကြသည်။

🦋🦋🦋🦋🦋🦋🦋🦋🦋

"အားလုံးပဲ..ခဏလောက်အာရုံဆိုက်ပေးကြပါရှင်.."

မင်္ဂလာစင်မြင့်ပေါ်သို့ မျက်နှာဖုံးတပ်ပြီး
လော်စပီကာနှင့်အော်လိုက်သည့် သဲနုကြောင့် သတို့သား၊သတို့သမီး၏မိဘများတင်မကပဲ ဧည့်သည်တွေအကုန်လုံးကပါ စင်မြင့်ပေါ်သို့ ဝိုင်းကြည့်ကုန်ကြလေသည်။

လူတွေအားလုံး၏အာရုံဟာ သူမဆီမှာစုပြုံးလာတာသေချာတော့မှ သူမကစကားဆက်လေသည်။

"အားလုံးပဲ..ကျွန်မပုံပြင်လေးတစ်ပုဒ်လောက်ပြောပြချင်ပါတယ်..ဒီပုံပြင်လေးဟာ လွန်ခဲ့တဲ့‌ ခြောက်နှစ်လောက်ကနေ စတင်ခဲ့တာပါ အဓိကဇာတ်လိုက်ကတော့ ဟောဒီ့မင်္ဂလာပွဲရဲ့သတို့သားဝေမြင့်ဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်ကတော့ ကျွန်မရဲ့သူငယ်ချင်းပါ..သူတို့အတွဲဟာ တက္ကသိုလ်ပထမနှစ်ကတည်းက တွဲခဲ့ကြတာပါ အသက်၁၉နှစ်အရွယ်မှာ ဝေမြင့်ကဂျပန်မှာကျောင်းသွာတက်ဖို့ထွက်သွားခဲ့ပါတယ်..သူ့ရဲ့မိဘတွေကမတတ်နိုင်တော့လို့ ပြန်ခေါ်နေတဲ့အချိန်မှာ ကျွန်မသူငယ်ချင်းက သူကိုယ်တိုင်တော့ပင်ပန်းဆင်းရဲစွာ နေ့မနား၊ညမနားအလုပ်‌တွေလုပ်ပြီး သူ့ချစ်သူကိုအလုံးစုံထောက်ပံ့ပေးခဲ့တဲ့အထိ အချစ်ကြီးခဲ့တာပါ..လမ်းခွဲပြတ်ဆဲခဲ့ခြင်းမရှိပဲ ဝေမြင့်က အခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထက်တော့မဲ့ကိစ္စကို လက်ထက်ခါနီးတစ်ရက်အလိုမှ ကျွန်မရဲ့သူငယ်ချင်းခမျာ သိခွင့်ရခဲ့တာပါ..ကျွန်မသူငယ်ချင်းနေရာမှာ ရှင်တို့သားသမီး၊ရှင်တို့သူငယ်ချင်း၊ညီအစ်ကို မောင်နှမသာဆို ဘယ်လိုခံစားကြရမလဲရှင် ကျွန်မဒီစင်ပေါ်ကိုတက်လာရတဲ့ရည်ရွယ်ချက်ကလည်း ကျွန်မရဲ့ညီမတစ်ယောက်လိုချစ်ရတဲ့ သူငယ်ချင်းအတွက် ခံပြင်းလွန်းလို့ပါ.."

ထိုအချိန်မှာသဲနုက သူဇာ့ကိုမျက်ရိပ်လှမ်းပြလိုက်သည်။
သူဇာက လက်ပ်တော့ခလုတ်ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ပဲ လူရှုပ်နေချိန်မှာ ဆင်ထားသည့်ပရိုဂျက်တာမှတစ်ဆင့် စင်နောက်က ပိတ်ကားထက်မှာ ဝေမြင့်နှင့်မိန်းကလေးတစ်ယောက်အတူတွဲရိုက်ထားသည့် ပုံပေါ်လာလေသည်။
ထိုမိန်းကလေးရဲ့မျက်နှာကိုတော့ မမြင်နိုင်အောင်ဝါးထားလေသည်။

"ဒါကကျွန်မသူငယ်ချင်းနဲ့ ဝေမြင့်ချစ်ကြိုက်တုန်းကအတူရိုက်ထားခဲ့တဲ့အမှတ်တရပုံတွေပါ.."

ထို့နောက် ပိတ်ကားထက်မှာ ဝေမြင့်နှင့်အေးအေးတို့စကားပြောထားခဲ့တဲ့ စခရင်ရှော့တ်တွေရယ် အေးအေးမှ ဝေမြင့်ဆီသို့ နှစ်စဥ်၊နှစ်တိုင်း‌ငွေလွှဲခဲ့သောအထောက်အထားတွေကို တစ်ပုံပြီး တစ်ပုံချပြလာလေသည်။

ထိုအချင်းအရာကို တစ်ချို့ကလည်းဖုန်းများဖြင့် အမိအရ မှတ်တမ်းယူနေကြသည်။

"ဒီလိုချပြရချင်းရည်ရွယ်ချက်က ..
ဒီငွေတွေကိုပြန်လိုချင်လို့မဟုတ်သလို..
ကျွန်မသူငယ်ချင်းနဲ့သူ့ကိုလည်းပြန်ပေါင်း‌စည်းစေချင်လို့မဟုတ်ပါဘူး..
မိန်းမတစ်ယောက်ကို အဆုံးထိချစ်မပေးနိုင်ပဲ ၊ကတိတွေတည်မပေးနိုင်ပဲ နှစ်နဲ့ချီပြီး ခြူစားခဲ့သမျှအတွက် လျှော်ကြေးအနေနဲ့ ဒီလူယုတ်မာရဲ့အကြောင်းကို လူတွေကိုသိစေချင်တာပါ..
နောက်တစ်ခုက သတို့သမီးရဲ့မိဘတွေကိုသတိပေးချင်တာပါ ကိုယ့်သမီးကိုလက်ထပ်ပြီးမှနောင်တမရစေချင်ပါနဲ့လို့..သတို့သမီးကိုအများကြီးမပြောချင်ပေမဲ့ ကိုယ့်သူငယ်ချင်းရဲ့ချစ်သူကိုမှ ဘာလို့လက်ထက်ချင်ရတာလဲလို့မေးချင်ပါတယ်..အားလုံးပဲ ကျွန်မကိုခွင့်ပြုကြပါအုံး.."

တစ်ဖက်မှာတော့ လိပ်ပြာထံသို့ သဲနုဆီမှ ဖုန်း၀င်လာ၍ကိုင်လိုက်သည်။

"ဟယ်လိုသဲနု အခြေအနေဘယ်လိုလဲ.."

"သတို့သားနဲ့ သတို့သမီးရဲ့ မိသားစုဘက်ကတော့ ကြည်ပြာစီစဉ်ပေးထားတဲ့ လူတွေကြောင့် ငါတို့ကိုပါးလာချလို့မရဘူး နင်နဲ့အေးအေးသာထွက်လာခဲ့လိုက်တော့..ဟိုတယ်ရှေ့မှာ ကြည်ပြာ့ကားစောင့်နေတယ်.."

"တူ..တူ.."

ဖုန်းကျသွားသည်နှင့် လိပ်ပြာအေးအေးကိုအတင်းလက်ဆွဲပြီး အခန်းထဲမှထွက်လာလိုက်သည်။

"အာ့..တောင်းပန်ပါတယ်.."

ထွန်းဝေမှာ မိမိကို၀င်တိုက်သွားသည့်ကောင်မလေး၏အသံကြောင့် သေချာကြည့်လိုက်မိရာ လိပ်ပြာဖြူ‌ဖြစ်နေလေသည်။

သူ့ရဲ့အချစ်ဦးဖြစ်သလို သူနိုင်ငံခြားကိုထွက်သွားရတဲ့ကြောင်းအရင်းက သူမကြောင့်ဆိုရင် မှားနိုင်မည်မထင်ပါ။

နှုတ်ဆက်ရန်ပြင်လိုက်ပေမဲ့ သူမကလှစ်ခနဲဆို ပျောက်သွားလေသည်။

"လိပ်ပြာဖြူ..မင်းအခုဘာတွေလုပ်နေလဲ ငါ့ကိုငြင်းခဲ့တဲ့မင်းက အခုအိမ်ထောင်တွေဘာတွေကျနေပြီလား.."

လိပ်ပြာဖြူတို့အဖွဲ့ကတော့ တိုက်ခန်းကိုပြန်ရောက်ကြသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကျေနပ်နေကြလေသည်။

"လိပ်ပြာ အကယ်၍ သူတို့ကမကျေနပ်လို့ပြဿနာရှာလာရင်ရော.."

"ကိုယ်လုပ်ရင် ကိုယ်ခံရဲရမယ်သဲနု ..ငါကတော့လုံး၀မကြောက်ဘူး နင်တို့အားလုံးက ငါ့အတွက်အရေးပါတဲ့လူတွေပဲ နင်တို့အတွက် ငါ့ဘ၀တစ်ခုလုံးကိုလဲပေးနိုင်တယ်.."

လိပ်ပြာရဲ့စကားကြောင့် ကျန်တဲ့လေးယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားတက်သွားကြသည်။
ပြီးနောက် လိပ်ပြာကိုအကုန်စုပြုံလာဖက်ကြလေသည်။

"ဒါနဲ့ လိပ်ပြာ နင်တကယ်ပဲတိုက်ကွမ်ဒိုတက်တာလား.."

"ဟဲ..ဟဲ ကြောက်မလားလို့ ခြောက်ကြည့်တာပါ..
တိုက်ကွမ်ဒိုမပြောနဲ့ လက်သီးတောင်ဖြောင့်အောင်မထိုးတတ်ဘူး..."

"ဟား..ဟား..လိပ်ပြာကတော့ဟေ့..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

အဲ့လိုပဲ ခြောက်တတ်ရတယ်😀😀😀

ထွန်းဝေနဲ့ လိပ်ပြာနဲ့တော့ တွေ့ပြီနော်


========================================================================

🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
                             အခန်း၁၂


"အင်း...."

လက်ပ်တော့အရှေ့မှာ အလုပ်ထိုင်လုပ်ရတာကြာလာတော့ ခန္ဓာတစ်ခုလုံးညောင်းလာ၍ လိပ်ပြာအကြောအခြင်ဆန့်ထုတ်လိုက်သည်။

ရုံးခန်းထဲသို့ မျက်လုံး ဝေ့ကြည့်လိုက်တော့ မျက်နှာတည်ကြီးနှင့်အလုပ်လုပ်နေတဲ့သူ့ကိုမြင်ရလေသည်။

ဒီလောက်ချောမောတဲ့မင်းသားလေးက IQရောEQပါမြင့်လွန်းနေတာတော့ အံ့ဩစရာကောင်းလွန်းသည်။
စဉ်းစားနေမိတာက သူ့လိုအသက်၂၄နှစ်အရွယ်ရောက်ရင် လိပ်ပြာဘာတွေများလုပ်မိမှာပါလိမ့်။သေချာတာကတော့ သူ့ရုံးခန်းအရှေ့မှာ တဝဲဝဲလည်နေရတဲ့ PAလိပ်ပြာပဲဖြစ်နေအုံးမှာပါ။

"တီ..တီ.."

ကြိုးဖုန်းမှမြည်သံလာလို့ လိပ်ပြာကောက်ကိုင်လိုက်သည်။ရုံးခန်းအရှေ့မှာထိုင်နေတာကိုများ တံခါးလေးဖွင့်ပြီး ခေါ်လိုက်ရင်လဲရတဲ့ဥစ္စာ ကြီးကျယ်လိုက်တာ ပြောမနေနဲ့။

"ဟယ်လို..သူဌေး.."

"လိပ်ပြာဖြူ...ရုံးခန်းထဲခဏလာခဲ့ပါအုံး..."

"ဟုတ်ကဲ့ သူဌေး..."

ရုံးခန်းထဲသို့ ၀င်လိုက်တော့လိပ်ပြာကိုကြည့်မနေပဲ သူလုပ်စရာရှိတာလုပ်နေ၍ ခုံကိုနဲနဲခေါက်လိုက်မှ မော့ကြည့်လာသည်။

"ဟို သူဌေး လိပ်ပြာဘာလုပ်ပေးရမလဲ.."

"ရော့ ဒီဖိုင်လ်တွေကို UDCကအတွင်းရေးမှူး
အိမ့်သက်ဆီကိုသွားပေးလိုက် CEOဘုန်းမြတ်ကပေးခိုင်းလိုက်တယ်လို့ပြော ပြီးရင်သူ ပေးလိုက်တဲ့
ဖိုင်လ်တွေနဲ့ မမ်မိုရီစတစ်ခ်တွေလည်းယူလာခဲ့..
ဒါရိုက်ဘာ ကိုအောင်ကို ခေါ်သွား..UDCကိုသူသိတယ်.."

"ဟုတ်ကဲ့...လိပ်ပြာအခုပဲသွားလိုက်ပါ့မယ်.."

"အင်း..."

ပြောချင်တာပြောပြီး သူ့လုပ်စရာရှိတာဆက်လုပ်နေ၍ လိပ်ပြာလည်း ဘာမှမပြောတော့ပဲ ရုံးခန်းထဲမှ ဖိုင်လ်တွေယူပြီးထွက်လာလိုက်သည်။

UDCကုမ္ပဏီရဲ့အရှေ့မှာ ကားရပ်လိုက်တယ်ဆိုရင်ပဲ လိပ်ပြာအဖို့ အံ့ဩလွန်းလို့ မေးရိုးတောင်အောက်ပြုတ်ကျမတတ်ပါပဲ။

"ဒါဆို သူကUDCရဲ့ CEOဆိုတာ ဒီ
Universal Development Co.,Ltd. ကိုပြောတာပေါ့.."

အဆောက်အဦးကြီးက ဆယ့်နှစ်ထပ်ဖြစ်ပြီး
တကယ့်ကိုခောတ်မှီခမ်းနားလွန်းပါသည်။
UDCဆိုတာ brand ပေါင်းများစွာ၊လူသုံးကုန်ပစ္စည်းများစွာရဲ့ မိခင်ကြီးလို့ပြောရမလိုပင်။

လုံး၀နာမည်မရသေးတဲ့စွန့်ဦးတီထွင်သူတွေရဲ့ ထုတ်ကုန်တွေကိုအရင်းအနှီးမတည်ပေးပြီးUniversဆိုတဲ့ သူ့ရဲ့အမှတ်တဆိပ်နဲ့ပေါင်းလိုက်ပြီး ဈေးကွက်ထဲဖြန့်လိုက်တာနဲ့ အမျက်အစွန်းတွေ၊အောင်မြင်မှုတွေအများကြီး ရနေတဲ့ကုမ္ပဏီဖြစ်သည်။

ဒီမှာအလုပ်လုပ်ကြတဲ့လူတွေဟာ စီမံခန့်ခွဲမှုနှင့် ဈေးကွက်စီးပွားရေးအကြောင်း ဖွတ်ညက်‌ကြေနေတဲ့ တကယ့်ဆရာကြီးတွေ စုဝေးနေရာဌာနကြီးပေါ့။

စည်းစနစ်အရမ်းကြီးပြီး ဖိအားများသလောက် တော်ရုံပညာအရည်အချင်းနှင့်လည်း အနားကပ်နိုင်မဲ့ နေရာမဟုတ်ဘူးဆိုတာ လိပ်ပြာကိုယ်တွေ့ပါ။
UDCမှာ အလုပ်တစ်ခါလာလျှောက်လိုက်တာ သိမ်ငယ်စိတ်တောင် ၀င်သွားရသည်အထိဖြစ်ခဲ့မိတယ်။
လာလျှောက်တဲ့လူတွေက ကိုယ့်ထက်အရည်အချင်းပြည့်မှီနေတဲ့ လူတွေချည်းဖြစ်နေခဲ့သည်လေ။

"ဟို..အ‌တွင်းရေးမှူးအိမ့်သက်ဆီသွားချင်လို့ပါ CEOဘုန်းမြတ်က လွှတ်လိုက်တာပါ.."

ကုမ္ပဏီ ဂိတ်ဆောင့်တွေကို အမျိုးမျိုးရှင်းပြရတာနှင့်မပြီးသေးပဲ ဧည့်ကြိုကောင်တာမှာထိုင်တဲ့ ၀န်ထမ်းကပါ လိပ်ပြာကို နဖူးကနေ ခြေမအထိအခေါက်တစ်ရာလောက် လှိမ့်ကြည့်နေပြန်သည်။

"ဒီမှာ!!!"

"အမယ်လေး..ဖြည်းဖြည်းအော်ပါ.."

"မဟုတ်ပါဘူး အလုပ်ကိစ္စကအရေးကြီးနေရတဲ့ကြားထဲ အချိန်မှီပြန်မရောက်ရင် သူဌေးကကောလိမ့်မယ်ရှင့်..မအိမ့်သက်ကိုသာအမြန် ခေါ်ပေးပါရှင်..."

လိပ်ပြာခပ်မာမာပြောလိုက်တော့ ထိုမိန်းကလေးက ရယ်ကျဲကျဲလာလုပ်ပြလေသည်။
သူ့ပုံစံကိုကြည့်ရတာ အခုထိလိပ်ပြာကိုယုံသေးပုံမပေါ်ပေ။
သို့ပေမဲ့ သူမ ဖုန်းဆက်အကြောင်းကြားပေးတာကြောင့် ခဏအကြာမှာအတွင်းရေးမှူးအိမ့်သက်ရောက်လာ‌လေသည်။

"ဒါနဲ့ ဆရာ့ရဲ့PAဆိုတာလား.."

"ဟုတ်ကဲ့..ဒီမှာပါ..သူဌေးပေးလိုက်တဲ့ ဖိုင်လ်တွေ.."

ထိုအမျိုးသမီးကလည်း လိပ်ပြာကိုစေ့စေ့စပ်စပ်ကြည့်လာပြန်သည်။
ထို့နောက် ဖိုင်လ်တွဲတွေ၊မမ်မိုရီစတစ်ခ်တွေပြန်ပေးကာ နေရာမှပျောက်ကွယ်သွားလေသည်။
သူမကိုလည်း လိပ်ပြာအသေအချာကြည့်မိပါတယ်။

CEOရဲ့အတွင်းရေးမှူးကလည်း နိုင်ငံခြားမင်းသမီးလို အရပ်ကြီးထောင်ထောင်မောင်းမောင်းနှင့် တကယ်ကိုကြည့်ကောင်းလွန်းသည်။

စပ်စုချင်စိတ်ကလည်း ထိန်း၍မရသည်မို့ ကောင်တာမှအမျိုးသမီးဆီသို့ ပြန်သွားပြီး မျက်နှာချိုသွေးလိုက်သည်။

"ခုဏက လောနေတာနဲ့ နာမည်တောင်မမေးလိုက်ရဘူး "

"အော်...ကျွန်မနာမည်က နီလာရွှေပါ.."

".အဟင်း နာမည်လေးကလှသလို လူကလည်းလှတယ်နော်.."

အမှန်တော့ ထိုမိန်းကလေးက အသားဖြူဖြူ ခပ်၀၀ပေမဲ့ လောကွပ်မပြုရင် ကိုယ်မေးချင်တာမေးဖို့ရာ ခက်ခဲမှာသေချာသည်။

"ဒါနဲ့ ခုဏက မအိမ့်သက်ဆိုတာ သူတို့ကလစာဘယ်လောက်ရလဲဟင် ..စပ်စုတာမဟုတ်ဘူးနော် သူဌေးရဲ့အတွင်းရေးမှုးအကြောင်းနဲနဲသိထားချင်လို့..အဟင်း.."

နီလာရွှေဆိုသည့် အမျိုးသမီးသည် ဘေးဘီကိုဝေ့ဝဲကြည့်လိုက်ပြီး တိုးတိုးလေးလာကပ်ပြောလေသည်။

"CEO ဘုန်းမြတ်မှာ အတွင်းရေးမှူးကနှစ်ယောက်တောင်ရှိတာ အိမ့်သက်နဲ့ မဒီလှိုင်တဲ့..နှစ်ယောက်လုံးက နိုင်ငံခြားကနာမည်ကြီး တက္ကသိုလ်တွေမှာကျောင်းပြီးထားကြတာတဲ့..အရင်က စင်္ကာပူရုံးချုပ်မှာအလုပ်လုပ်တာ အခုCEOအသစ်တက်တော့မှသာ မြန်မာကို‌ရောက်လာကြတာ..
ဘယ်သူ့မှသွားမပြောနဲ့နော် အဲ့နှစ်ယောက်က လုပ်ငန်းရှင်တွေအရှေ့မှာသာ ပြုံးဖြီးနေတာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းဆို တကယ့်မာနခဲတွေ..လစာကတော့ ဒေါ်လာနဲ့တောင်ရတာတဲ့ အတိအကျတော့ နီလာလဲ မသိဘူး.."

လိပ်ပြာအဖို့ထိုင်ပြီးသာငိုလိုက်ချင်ပါသည်။
သူများတွေ ဒေါ်လာနေတဲ့အချိန်မှာ ကိုယ့်လစာက၁၀သိန်းတောင်မပြည့်ပါလား။
ကွာခြားလိုက်တဲ့ဘ၀တွေ။

"အော်..ဒါနဲ့CEOအသစ်ဆိုတာ ဟိုဘုန်းမြတ်သူရကိုပြောတာလား.."

"သိပ်မှန်တာပေါ့ အရင်CEOအဟောင်းဖြစ်တဲ့ ဦးဘုန်းမြတ်ရဲ့အဖေက အခုစင်္ကာပူမှာ ကားမတော်တဆမှုနဲ့ ကိုမာ၀င်နေတာတဲ့ နီလာလည်းအဲ့လောက်ပဲသိတယ် ကျန်တာတော့သိပ်မသိဘူး.."

သိပ်မသိလို့သာပဲ သူပြောတာနဲ့တင်တော်တော်စုံနေပြီ။

"လိပ်ပြာနောက်ထပ်သိချင်တာကလေ ခုဏတုန်းက မအိမ့်သက်ကလိပ်ပြာကို ဘာလို့အဲ့လောက်ထူးဆန်းသလို ကြည့်နေတာလဲ.."

"အဲ့ဒါကတော့ သူတင်မဟုတ်ဘူး ကျွန်မလဲထူးဆန်းနေတာပဲလေ.."

"ဘယ်လို.."

နီလာရွှေသည် လိပ်ပြာကိုအားနာသလိုပုံလေးနှင့် ပြုံးပြလာလေသည်။

"အဲ့ဒါကတော့ ညီမလို ကလေးရုပ်နဲ့ ကောင်မလေးက CEOရဲ့PAဆိုတော့ အိမ့်သက်တို့တော့မသိဘူး နီလာဆို အခုထိကိုမယုံနိုင်သေးတာ နောက်ပြီးသူဌေးက ဒီကရှယ်ရာရှင်အချို့နဲ့သိပ်မတည့်တော့ အခြားမှာပဲရုံးထိုင်ပြီး လတ်မှတ်ထိုးစရာရှိတာတွေ၊အချက်လတ်ဖိုင်လ်‌တွေကို သူ့အတွင်းရေးမှူးတွေကပဲ သွားယူပေးရတာလေ အခုကပထမဦဆုံးPA
အနေနဲ့ ညီမကရောက်လာတော့ CEOနဲ့ညီမနဲ့များ တစ်ခုခု.."

"ဟာ..မနီလာရွှေရယ် အဲဒီ့လူကြီးနဲ့ကျွန်မနဲ့ကလေ လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြမ္မာ့ပြည်ကအပ်တစ်စင်းလို ဘယ်တော့မှထိလာမှာမဟုတ်ဘူးလို့မှတ်ပါရှင် ..ကဲကျွန်မသွားပြီ.."

လိပ်ပြာလည်း အပြတ်ချေပခဲ့ပြီး UDC
အဆောက်အဦးကြီးထဲမှ ထွက်လာခဲ့လိုက်သည်။
တကယ်တမ်းက လိပ်ပြာရဲ့ရုပ်ရည်ကြောင့်ဆိုတော့ နဲနဲကျေနပ်နေမိသည်။

နီလာရွှေမှာတော့ CEOကို လူကြီးဆိုပြီးသုံးနှုန်းသွားသည့် ကောင်မလေးကိုအံ့ဩ‌ရင်းသာကျန်ခဲ့တော့သည်။

"အော် ဒီလောက်ဥစ္စာပေါ ရုပ်ပါချောပြီး အရာရာပြည့်စုံနေတဲ့လူနဲ့ ဖူးစာမဆုံချင်တဲ့သူလည်း ရှိသေးတာပဲနော် ငါဆို အိပ်မက်ထဲမှာတောင် ချစ်သူအခါတစ်ရာလောက် ဖြစ်ပြီးနေပြီ..."

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

လိပ်ပြာ စားသောက်ဆိုင်ကြီးရဲ့ အရှေ့ကိုရောက်ရောက်ခြင်း ကားပေါ်မှအမြန်ဆင်းလိုက်ပြီး သူ့ရုံးခန်းသို့ ပြေးရသည်။

ဒေါက်ဖိနပ်မစီးထားလို့သာတော်တော့သည်။ဒီလိုမှမဟုတ်ရင် ဒေါက်ချော်ကျတာနဲ့ပဲ သွားသုံးဆယ့်နှစ်ချောင်းဟာ လမ်းမှာတစ်ချောင်းပြီးတစ်ချောင်းကျကျန်ခဲ့မှာ မြေကြီးလက်ခတ်မလွဲပေ။

UDCမှCEOလို့သိလိုက်တဲ့အချိန်ကစပြီး သူ့ကိုနည်းနည်းဖြုံသွားတာလည်းပါတယ်။
သူကဖခင်ရဲ့အမွေတွေကို တနင့်တပိုးရထားပြီး မျက်နှာကျောတင်းနိုင်ပေမဲ့ လိပ်ပြာကသူ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်နေရတာလေ။
သူလက်ညှိုးတစ်ချက်ညွှန်လိုက်တာနဲ့
ရှိစုမှတ်စုအလုပ်လေး ပြုတ်ရချည်ရဲ့။

"ကျွီ..."

"အမယ်လေး..မောလိုက်တာ.."

အမောတကောနဲ့ ကိုယ်ကသာသူ့ရုံးခန်းထဲမှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတာ ကိုယ်တော်ချောကတော့ အိပ်နေလိုက်တာများ သိုးလို့ပင်။

သူ့ခမျာအိပ်နေတာတောင် စတိုင်လ်ပျက်မှာဆိုးလို့ထင်တယ် စုံလည်ကုလားထိုင်မှာ နောက်မှီကိုခေါင်းမော့ကာမှီထားရင်း လက်တောင်ပိုက်ထားလိုက်သေးတယ်။

"အော်..အိပ်တာတောင် သူများမြင်ရင်ကြည့်မကောင်းမှာဆိုးလို့ ကြိုတင်ပြင်ဆင်မှုတွေ၊ဘာ‌တွေနဲ့ ပဲများပြီးအိပ်နေတာပါလား ..
အဟာ့..သေရင်လည်း..."

လိပ်ပြာဆိုတာဟာလေ တွေးလိုက်ရင်တစ်ဆုံးပင်။
နမိတ်မရှိတဲ့စကားကြောင့် ကိုယ့်ပါးကိုယ်ဖွဖွချလိုက်ရသည်။

ဘုန်းမြတ်ရဲ့ နှုတ်ခမ်းလေးတွေဟာ အပြုံးရိပ်သန်းနေမိသည်။
ညီမလေးရဲ့ လက်သေးသေးလေးတွေက နူးညံ့လိုက်တာ။ညီမလေးရဲ့ လက်ဖဝါးဖြူဖြူနုနုလေးတွေကို သူဆုပ်ကိုင်ထားရင်း အပေါ်ထပ်၀ရံတာဆီသို့ ခေါ်လာခဲ့လိုက်သည်။

ညီမလေးက သူ့ကိုချစ်စဖွယ်လေးပြန်ပြုံးပြရင်း
"ကိုကို..မီးမီးကိုပုံလှလှလေးဖြစ်အောင်ဆွဲ‌ ပေးနော်.."ဆိုပြီး နှုတ်ခမ်း‌တွေ ဆူထော်ပြသည်။

ကတိတွေအထပ်ထပ်ပေးပြီးတဲ့နောက်မှာ
ဆံပင်ကိုဂျိုစွန်းလေးနှစ်ဖက် ခွဲစည်းထားတဲ့ ဖိုး၀ရုပ်လေးလိုမျက်နှာလေးကို ကင်းဗတ်ပေါမှာ သူစတင် ခဲခြစ်လေသည်။

၁၅မိနစ်လောက်လည်းကြာရော မုန့်စားချင်တယ်၊ရေသောက်ချင်တယ်နှင့် အမြီးမြှောက်လိုက်၊အီးပေါက်လိုက်လုပ်ပြနေသည့် ညီမလေးကိုခဏထားခဲ့မိသည်။

မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲမှချောကလက်အထုပ်ကြီးတစ်ခုကို ညီမလေးအတွက်ယူပြီး အပေါ်ပြန်တက်အလာမှာတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ခြေလှမ်းတွေရပ်တန့်သွားရသည်။

"မလုပ်ပါနဲ့..မီးမီးကြောက်လို့ပါ..ကိုကိုရေ..ကိုကို..
အီဟီး..မီးမီးကို..လွတ်ပေးပါ..ကြောက်တယ်.."

"အား!!!!!ကြောက်..ကြောက်တယ်..
ကိုကို...ဖေဖေရေ..ကယ်ပါအုံး.."

ဘုန်းမြတ်၏ မြင်ကွင်းထဲမှာ လူတစ်ယောက်က
မီးမီးကို ချိုင်းကနေကိုင်ပြီး လေထဲမှာမြှောက်ချီထားသည်။
ထိုလူသာ လွှတ်ချလိုက်ရင် မီးမီးဟာ သုံးထပ်တိုက်ကြီးရဲ့ အောက်ဆုံးအထပ်သို့ ပြုတ်ကျသွားမှာ သေချာတယ်။

"လွှတ်..လွှတ်..မီးမီးကိုလွှတ်လိုက်.."

မီးမီးဟာ ကိုကိုလို့သာ တွင်တွင်ခေါ်ပြီး အကူအညီတောင်းနေရှာသည်။ကလေးဟာကြောက်လွန်းလို့သူမလေးရဲ့ ပန်းရောင်ဂါ၀န်အောက်အနားစတွေတောင် ကြင်ငယ်ရည်တွေဆိုကုန်လေပြီ။

ဘုန်းမြတ်ဟာ ထိုလူကိုမလုပ်ဖို့အသားကုန်အော်ရင်းပြေးသွားလိုက်ပေမဲ့ ထိုလူသည် ဘုန်းမြတ်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီးသာ သူရူးတစ်ယောက်လို နီကြောင်ကြောင်မျက်လုံးများနှင့် ပြုံးပြလာသည်။
ထို့နောက် မီးမီးကို သုံးထပ်တိုက်ကြီးအပေါ်မှ အညှာအတာမဲ့စွာ တွန်းချပစ်လိုက်သည်။

"အား!!!!!!!!!"

"မလုပ်နဲ့!!!!!..ညီမလေး!!!.."

လိပ်ပြာ သူဌေးရဲ့စားပွဲမှာ ဖိုင်လ်တွေတင်ပေးနေစဉ်မှာပဲ "မလုပ်နဲ့!!!"ဆိုပြီး အသံနက်ကြီးနဲ့ထအော်လိုက်တာကြောင့် ကိုယ့်ကိုပြောတာထင်ပြီး လန့်ဖြန့်ပြီး
ဖိုင်လ်တွေတောင်အောက်ပြုတ်ကျကုန်သည်။

"မလုပ်ပါနဲ့!!!ညီမလေး!!!ညီမလေး!!!"

"သူဌေး..သူဌေး..အာ..အိပ်မက်ဆိုးတွေမက်နေတာထင်တယ်..သူဌေး..ထပါအုံး..."

ဘုန်းမြတ်ခမျာ သွေးအိုင်ထဲမှာ ဝေဒနာမချိမဆန့်ခံစားနေရရှာတဲ့ ညီမလေးကိုပွေ့ပြီး ငိုကြွေးနေမိသည်။
ရုတ်တရက် ပတ်၀န်းကျင်တစ်ခုလုံးက အမှောင်အတိဖုံးသွားပြီး ညီမလေးရဲ့ရုပ်အလောင်းဟာ တစ်ဖြည်းဖြည်းပျောက်ကွယ် သွားသည်။
ညီမလေးရဲ့ အရိပ်ကလေးကို မျှော်လင့်ချက်အပြည့်နဲ့ လိုက်ဖမ်းနေမိသည်။

"မသွားပါနဲ့...ကိုကို့ကိုမထားခဲ့ပါနဲ့..ညီမလေး..
ညီမလေး!!!..အာ...မသွားပါနဲ့ညီမလေးရယ်
ညီမလေး!!!!..."

"သူဌေး...အာ့!!!!"

အိပ်မက်ဆိုးကြောင့် လန့်နိုးသွားရာ သူ့မျက်နှာကိုလာထိနေသည့် လိပ်ပြာဖြူရဲ့လက်ကို သူဆောင့်ဆွဲလိုက်သည်။

"ရှင်!!!!!!"

လက်ကားယား၊ခြေကားယားနဲ့ အိပ်ရင်းယောင်နေ၍ ဘယ်လိုမှနှိုးမရတဲ့အဆုံး ပါးကိုပိတ်တီးလိုက်မယ်လို့ လက်ရွယ်နေတုံးမှာ သူ့မျက်လုံးကြီးကဖြတ်ကနဲပွင့်လာပြီး လိပ်ပြာရဲ့လက်ကို လှမ်းဆွဲလိုက်သည်။

အရှိန်နှင့်သူ့‌ ပေါင်အပေါ်သို့ထိုင်ကျသွားပြီး လိပ်ပြာရဲ့မျက်နှာက သူ့ဘယ်ဘက်ရင်အုံနေရာကို ဖက်ကနဲ ကပ်မိလျှက်သားဖြစ်သွားသည်။

မျက်နှာပြန်ခွာလိုက်ရာ လိပ်ပြာရဲ့နှုတ်ခမ်းနီတွေအကုန်လုံးက သူ့အင်္ကျီရင်ဘက်မှာအကုန်ကွက်ကျန်နေခဲ့သည်။
ညာလက်ကိုလည်း တအားညှစ်ထားတာမို့ လိပ်ပြာသူ့ကို ဒေါသတကြီးမော့ကြည့်လိုက်ရာ သူကလည်းလိပ်ပြာကိုဒေါသတကြီး ပြန်ဆိုက်ကြည့်‌နေသည်။

ဘယ်လိုလူလဲမသိဘူး နာတာကငါ ဒေါသထွက်နေတာကသူ။

သေချာပြန်တွေးကြည့်မှ"ဒုက္ခပါပဲ ငါအခုသူ့ပေါင်ပေါ်မှာထိုင်နေတာလား..ပြီးတော့အခုလိုပုံစံကို
တစ်ခြားလူ‌တွေမြင်သွားရင်တော့ ဒုက္ခပါပဲ..သူများကိုမကောင်းကြံရင် ကိုယ့်ခေါင်းကိုပြန်မှန်တတ်တယ်တဲ့..သူ့ကိုပါးရိုက်ပြီးနှိုးမလို့ဥစ္စာ..ငါတရားခံဖြစ်နေမှ ဒုက္ခ..."

လိပ်ပြာသူ့ရင်ဘတ်ကို ဆောင့်တွန်းပြီးမတ်တက်ထရပ်လိုက်သည်။

"အာ့..ရှင်ကျွန်မလက်ကို လွှတ်တော့လေ..နာတယ်.."

"မင်း..ဘာလို့ငါ့ကို ပါးရိုက်ဖို့လုပ်တာလဲ.."

သူ့မျက်လုံးတွေက လိပ်ပြာကိုသတ်ပစ်တော့မဲ့အတိုင်းပါပဲလား။အလျှောက်မကောင်းရင်
အထောင်းသက်သာဖို့ရာ လမ်းမြင်နိုင်မယ်မထင်ဘူး။

"ရှင်..အိပ်မက်ဆိုးတွေမက်နေလို့ ကျွန်မနှိုးဖို့လုပ်တာလေ.."

"ဟ..အိပ်နေတဲ့လူကိုနှိုးတာ ပါးရိုက်စရာလိုလို့လား.."

"အခြားလူတွေတော့မလိုပေမဲ့ ရှင့်အတွက်
လိုမယ်ထင်လို့ပေါ့..."

"ဘာ.."

အခုချက်ချင်းထသတ်မလို မျက်နှာပေးနှင့်
ဆက်ကနဲထရပ်ပြီး လိပ်ပြာအနားသို့တိုးလာရာ လန့်ပြီး အနောက်သို့ လိပ်ပြာ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

"ဟို..ရှင့်ကို‌အော်နှိုးတာပဲ..ရမှမရတာ..အဲ့တော့ပါးရိုက်ပြီးနှိုးရင်ကောင်းမလားလို့ စဉ်းစားယုံပဲရှိပါသေးတယ်..ဟဲ..ဟဲ.."

ပြောင်စပ်စပ်လာလုပ်ပြနေသည့် ကောင်မလေးကြောင့် သူတောင်ရောယောင်ပြီး ရယ်ချင်လာသည်။
ပါးရိုက်ရင်ကောင်းမလား စဉ်းစားယုံကလဲ သူမလက်ကသူ့ပါးကိုထိနေနှင့်ပြီ။
ကြည့်ရတာ ဘယ်တည်းက သူ့ပါးကိုရိုက်ဖို့အကွက်ချောင်းနေလဲမသိဘူး။

"မင်းသွားတော့..."

"ဟုတ်ကဲ့..."

လိပ်ပြာရုံးခန်းအ၀သို့ရောက်ပြီးခါမှ သိချင်ဇောတွေပြင်းပြလာပြီး သူ့ဘက်သို့လှည့်ကြည့်လိုက်သည်။
ဖြစ်ချင်တော့ သူကလည်းလိပ်ပြာကိုလှမ်းကြည့်နေတာပါပဲ။

"ဟိုလေ..ညီမလေးဆိုတာ..ရှင့်ညီမလေးကိုပြောတာလား..ရှင့်အိပ်နေရင်းနဲ့ ညီမလေး..
မသွားပါနဲ့ဆိုပြီး..အော်သံကြားလို့.."

"နောက်တစ်ခါ..ငါ့အကြောင်းကို ဒီလိုလာမစပ်စုနဲ့ မကြိုက်ဘူး..သွား!!!!..."

"ဟုတ်..ဟုတ်ကဲ့..သွားပါတော့မယ်.."

လိပ်ပြာကိုယ့်ထိုင်ခုံကိုပြန်ရောက်တော့မှ ရင်တုန်သွား၍ ရေတစ်ခွက်သောက်လိုက်ရသည်။
ဒါလေးမေးတာကို ပြူးပြဲပြီးဒီလောက်အော်စရာလိုလို့လား။
ကြည့်ရတာ လိပ်ပြာမသိသေးတဲ့လျှို့ဝှက်ချက်တွေ သူ့ဆီမှာအများကြီးရှိနေပုံပဲ။
တော်တော် နားလည်ရခက်သည့်လူပင်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋

"ကိုယ်ကတော့ အသက်၂၄မှာ ကဲလို့ကောင်းတုံး😀

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...