🦋အခန်း ၃၅ မှ အခန်း ၃၈ 🦋

  



ချစ်လိပ်ပြာလေး တဝဲလည်လည်

                             အခန်း ၃၅


🎶ကြင်နာသလို မကြင်နာသူ
    နေနိုင်ရက်တဲ့ ချစ်သူလေး
    အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
     ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်🎶

လိပ်ပြာ၀တ္ထုရေးဖို့ ဈာန်၀င်နေတုန်းမှာပဲ ဖုန်းကမည်လာတာကြောင့် ကြည့်လိုက်မိတော့ ဖုန်းစိမ်းဖြစ်နေသည်။

📞"ဟယ်လို..."

📞"လိပ်ပြာဖြူလား...တို့ဆိုဖီယာပါ..."

ဆိုဖီယာဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့  လိပ်ပြာကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုက်မိကာ စိတ်ထဲမှလည်း မကျေနပ်မှုတွေ‌ကအလိုလိုရောက်လာသည်။

📞"ရှင်...ကျွန်မဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ..."

📞"တို့...ထွန်းဝေဆီကနေသွားတောင်းလိုက်     
       တာ..."

ကိုထွန်းဝေက ဘာလို့ဒီမိန်းမကိုမှ လိပ်ပြာရဲ့ဖုန်းနံပါတ်ကို ပေးလိုက်ရတာလဲ။လိပ်ပြာတို့ရဲ့ ကြားထဲကပြဿနာကို သိရဲ့သားနဲ့။

📞"အခုက ဘာကိစ္စနဲ့ဆက်တာလဲ..."

📞"တို့မင်းနဲ့ အေးဆေးစကားပြောချင်တယ်...မင်းလာဖြစ်အောင်လာပေးပါနော်..."

📞"ဆောရီးပဲ ကျွန်မကတော့ ရှင့်မျက်နှာကိုလည်း မတွေ့ချင်သလို ရှင်နဲ့စကားနိုင်လုနေဖို့လည်း မအားပေးနိုင်ဘူး...ရှင်းပါတယ်နော်..."

📞"ဖုန်းမချလိုက်နဲ့နော်...တို့စင်္ကာပူကို မပြန်ခင် ဘုန်းမြတ်နဲ့ပတ်သတ်ပြီး မင်းသိသင့်တာ‌တွေကို စိတ်ရှင်းအောင်လုပ်ပေးသွားချင်လို့ပါ....အချိန်ခဏလေးပဲပေးပါ..."

ကိုကိုနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေက ဘာတွေများလည်း လိပ်ပြာမသိသေးတာတွေများ ရှိနေသေးတာလား။
ကိုကို လိပ်ပြာကို ဘာတွေထိမ်ချန်ထားသေးတာလဲ။

📞"ကောင်းပြီ...ကျွန်မလာခဲ့မယ်...ဘယ်ကိုလာခဲ့ရမလဲ..."

📞"အလံပြဘုရားနားက Nourish cafeဆိုင်ကိုမင်းသိလား..."

📞"သိတယ်...အဲ့ဒီ့ကိုအခုချက်ချင်းလာခဲ့မယ်...
ရှင်မဟုတ်မဟတ်တွေ‌ လုပ်ဇာတ်ခင်းပြီးပြောဖို့တော့မကြံနဲ့နော်..."

📞"စိတ်ချပါ မင်းသာရောက်အောင်လာခဲ့ပေး
      ပါ.."

ဖုန်းချလိုက်တာနှင့် တစ်ပြိုင်နက် မြန်မာ၀တ်စုံအပြာနုရောင် ၀မ်းဆက်လေးကိုရွေး၀တ်လိုက်ပြီး
ပေါင်ဒါပါးပါးလေး ရိုက်လိုက်သည်။
ဆံပင်ကို ခပ်မြင့်မြင့်လေး စီးကာထုံးလိုက်ပြီး ဖဲကြိုးအပြာရောင်လေးကို ချည်လိုက်ပြီးနောက် ပြင်ဆင်ခြယ်သခြင်း ပြီးဆုံးသွားလေသည်။

"အမေရေ ..သမီးသူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့ အပြင်သွားလိုက်အုံးမယ်နော်...."

"အေး..အေး..မြန်မြန်သွား...မြန်မြန်ပြန်လာခဲ့..."

"ဟုတ်ကဲ့...အမေ..."

အပေါ်ထပ်မှာ ဘုရားပန်းလဲနေတဲ့အမေ့ကို အော်ပြောပြီးခွင့်တောင်းခဲ့ကာ လိပ်ပြာလမ်းထိပ်သို့တက်စီငှားရန် ထွက်လာလိုက်သည်။
အိမ်မှာက ကားတစ်စီး၀ယ်ထားပေမဲ့ လိပ်ပြာတို့ကမ‌မောင်းတတ်တာကြောင့် အစ်ကိုတွေကသူတို့ပဲ ဒိုင်ခံသုံးနေတော့တာပေါ့။အခုတောင် သူတို့အပြင်သွားလို့သာ မဟုတ်ရင် "ဘယ်သွားမှာလဲ...ဘာလုပ်မလို့လဲနဲ့..အမေးခံနေရတာနဲ့ပဲ လိပ်ပြာအသက်ရှူချောင်မှာမဟုတ်ဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ရပြီအစ်ကို ဒီဆိုင်ပဲ..."

တက်စီသမားကို Nourish cafe ဆိုင်ရှေ့မှာရပ်ခိုင်းလိုက်ပြီးနောက် ပိုက်ဆံရှင်းကာ ကားပေါ်မှဆင်းလိုက်သည်။
ဆိုင်လေးထဲကို၀င်လိုက်တာနဲ့ ဆိုင်အပြင်အဆင် တွေကြောင့် နွေးထွေးတဲ့အိမ်လေးထဲကိုရောက်သွားရသလို ခံစားရပေမဲ့  ခုံတန်းရှည်တစ်ခုအပေါ်မှာ တစ်ယောက်ထဲထိုင်နေတဲ့ ကျက်သရေယုတ်လှတဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် မျက်မှောင်ကြုံ့ပစ်လိုက်မိသည်။
မျက်နှာကို ခပ်တည်တည်ပဲထားပြီး ထိုမိန်းမဆီသို့ လျှောက်သွားလိုက်ကာ ထိုင်ခုံမှာ၀င်ထိုင်လိုက်သည်။

"လိပ်ပြာတစ်ခုခုစားမလား...မှာလိုက်မယ်...."

"ကျွန်မဒီကို စားဖို့လာတာမဟုတ်လို့ ပြောစရာရှိတာကိုပဲ ပြောပါ..."

လိပ်ပြာဟာ ခပ်ဆူးဆူးဆိုက်ကြည့်ပြီး ပြောပစ်လိုက်တာကြောင့် မမဆုက သက်ပြင်းတစ်ချက်ချပြီး အရင်လိုခက်ထန်ခြင်းမရှိတော့တဲ့ အကြည့်မျိုးနဲ့ ကြည့်လာလေသည်။

"တို့မင်းကိုအရင်ဆုံးပြောချင်တာကတော့ တို့လုပ်ခဲ့တဲ့အမှားတွေအားလုံးအတွက်တောင်းပန်ချင်တာပါ..တို့သိပါတယ် မင်းအနေနဲ့ တို့ကိုဘယ်လိုမှမကျေနပ်နိုင်ဘူးဆိုတာကိုပေါ့.. ဖြစ်လည်းဖြစ်သင့်ပါတယ်လေ...ဒါပေမဲ့ ဘုန်းမြတ်အပေါ်ကိုတော့ မင်းအနေနဲ့စိတ်မကွက်စေချင်ဘူး..."

လိပ်ပြာမဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။

"အဲ့ဒါကျွန်မကိစ္စပါ အစ်မအနေနဲ့၀င်ဆုံးဖြတ်ပေးစရာမလိုဘူးထင်တယ်..."

ရုပ်ကသာနုလွန်းလို့ ကလေးလိုမျိုးဖြူစင်တဲ့ပုံစံလေးပေမဲ့ စိတ်ဓာတ်ကအတော်မာပြီး ပြတ်သားသည့် လိပ်ပြာဖြူကြောင့် စကားလမ်းကြောင်းရှာရခက်နေသည်။

"ကောင်းပြီ...တို့မရှက်တမ်းပဲ ၀န်ခံပါတော့မယ်...
တကယ်တော့ ဘုန်းမြတ်နဲ့မင်းရဲ့ကြားမှာ တို့ခလောက်ဆန်မိခဲ့ရတဲ့အဓိကအကြောင်းကတော့ တို့အမျိုးသားကြောင့်ပဲ...."

လိပ်ပြာ နှုတ်ခမ်းကိုစေ့စေ့ပိတ်ထားကာ ထိုမိန်းမရဲ့အပြောကိုသေချာနားထောင်နေလိုက်သည်။
သူ့ယောက်ျားနဲ့ ငါတို့နဲ့က ဘာတွေဘယ်လို
ပတ်သတ်နေလို့လဲ။အပိုစကားတွေပါလို့ လိပ်ပြာတွေးနေမိချိန်မှာပဲ ထိုမိန်းမက စကားဆက်လာသည်။

"တို့ကယောက်ျားအပေါ်မှာ သစ္စာအပြည့်ရှိ‌ခဲ့‌ပေမဲ့ သူကတော့အခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်ခဲ့တယ် တို့သူ့ကိုတားလေ သူဟာပိုအရွဲ့တိုက်လေပဲ...သူ့ကိုတို့ပါးရိုက်လိုက်မိတော့..မကျေနပ်ရင်သူ့ထက်သာတဲ့လူကိုယူပြလေဆိုပြီး တို့ကိုခနဲ့လာတယ်..."

"အဟင်း...အဲ့ဒါနဲ့ပဲ ရှင့်ရဲ့လက်စားခြေမှုထဲမှာ
ကိုကို့နာမည်ကို ထည့်လိုက်တယ်ဆိုပါတော့..."

"ဟုတ်တယ် ဆုံးဖြတ်ချက်တစ်ခုကို လွဲမှားစွာချခဲ့မိတာကလည်းတို့ဖြစ်သလို ,မှားခဲ့တာကလည်း တို့တစ်‌ယောက်ထဲပါပဲ...ဘုန်းမြတ်ကတော့
စင်္ကာပူမှာ သူ့အပေါ်ကိုကောင်းပေးခဲ့တာကြောင့် ရိုးသားစွာပဲ ပြန်တုံ့ပြန်ခဲ့တာပါ...ဒီကိစ္စကြောင့် မင်းသူ့အပေါ်ကို အထင်မလွဲစေချင်ဘူး...အပစ်တင်ချင်ရင် တို့ကိုသာအပစ်တင်လိုက်ပါ..."

မမဆုရဲ့စကားကြောင့် လိပ်ပြာလက်နှစ်ခုကို ခုံပေါ်မှာတင်ကာ ပွတ်တိုက်နေမိလေသည်။

"ဒီကိစ္စတစ်ခုတည်းကြောင့် ကိုကို့အပေါ်ကို
ကျွန်မ အထင်လွဲမိတာမဟုတ်ဘူး...ဒီကိစ္စကိုအခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ကိုကို့ရဲ့စိတ်ရင်းအမှန်ကို မြင်လိုက်၊ကြားလိုက်ရတာကြောင့် ကျွန်မစိတ်ပျက်မိသွားတာ..."

"မင်းမှားနေပြီလိပ်ပြာ ဘုန်းမြတ်ရဲ့အတွင်းစိတ်အနက်ရှိုင်းဆုံးနေရာမှာ မင်းရှိနေပြီးသားပါ...
အဲ့ဒါကို တို့အသိဆုံးပဲ..."

"ဘယ်လို..."

မမဆုရဲ့စကားကလိပ်ပြာကို ဗဟေဠိဖြစ်သွားစေသည်။လိပ်ပြာတောင်မသိတဲ့ကိစ္စတစ်ခုကို
သူကဘယ်လိုလုပ်ပြီး သိနေတာလဲ။

"တို့မင်းကို တစ်ခုလောက်မေးချင်တယ်လိပ်ပြာ...မင်းအမှန်အတိုင်းဖြေပေးနိုင်မလား..."

"ကျွန်မဖြေနိုင်တဲ့ကိစ္စဆိုရင် ဖြေပါ့မယ်..."

"ကောင်းပြီ...ဘယ်လိုမှတော့မထင်ပါနဲ့ မင်းအနေနဲ့ဘုန်းမြတ်ကိုဘယ်အချိန်ကနေ စပြီးသိခဲ့တာလဲ...တို့ကိုဖြေပေးပါလား..."

ဘာတွေလာမေးနေတာလဲ။လိပ်ပြာတို့ဘာသာဘယ်အချိန်ပဲ စတွေ့ခဲ့ တွေ့ခဲ့ သူနဲ့ဘယ်လိုပတ်သတ်နေလို့လဲ။စိတ်ထဲမှ အလိုမကျပေမဲ့ လိပ်ပြာဖြေပေးလိုက်ပါတယ်။

"လွန်ခဲ့တဲ့ကိုးနှစ်တုန်းက စတွေ့ခဲ့တာ အဲ့ဒီ့အချိန်တုန်းက ကျွန်မကရှစ်တန်းပဲရှိသေးတယ်...ကိုကိုကတော့ ဆယ်တန်းပေါ့...ဒါပေမဲ့အဲ့အချိန်တုန်းက ကျွန်မကသာ သိနေခဲ့တာပါ..ကိုကိုကတော့ ကျွန်မကို သတိမထားမိပါဘူး..."

ဆိုဖီ့စိတ်ထဲကနေ လိပ်ပြာဖြူပြောနေတဲ့အရာတွေကိုမယုံကြည်နိုင်ဖြစ်နေမိသည်။
မဖြစ်နိုင်တာ ဘုန်းမြတ်ဟာ လိပ်ပြာဖြူကို အင်မတန်မှစွဲလမ်းခဲ့တာကို သူမရော၊ဒယ်ဒီရောအသိဆုံးပါပဲ။
အသက်ကယ်ကြိုးလေးတစ်မျှင်ကို ကောက်ရလိုက်တာကြောင့် ဆိုဖီပြုံးလိုက်မိသည်။
ထိုအပြုံးကို နားမလည်နိုင်စွာကြည့်နေမိတဲ့လူကတော့ လိပ်ပြာဖြူပင်။

"လိပ်ပြာ...တို့မင်းကိုအကြောင်းအရာတစ်ခုပြောပြမယ်...မင်းအနေနဲ့အရမ်းကိုတုန်လှုပ်အံ့ဩစေမဲ့ အကြောင်းအရာတစ်ခုပေါ့..."

"ဘာကိုပြောနေတာလဲ ကျွန်မနားမလည်ဘူး..."

"တို့ရှင်းပြပါ့မယ်...လွန်ခဲ့တဲ့ရှစ်နှစ်‌ကျော်၊ကိုးနှစ်လောက်က ဘုန်းမြတ်ရဲ့အဒေါ်ဟာ စိတ်ရောဂါခံစားနေရတဲ့ ဘုန်းမြတ်ရဲ့‌ရောဂါကို
ဒယ်ဒီ့ဆီမှာ လာပြခဲ့တယ်...ဘုန်းမြတ်ရဲ့အဖေကလည်း အဲ့ဒီ့အချိန်မှာ ကိုမာရောဂါနဲ့ ဆေးရုံမှာဆေးကုသမှုစပြီးခံယူနေရတဲ့အချိန်ပေါ့...ဒယ်ဒီကလည်း ဘုန်းမြတ်ရဲ့အဒေါ်နဲ့က မိသားစုလိုရင်းနှီးတာကြောင့် အိမ်မှာခေါ်ပြီး အနီးကပ်ကုသပေးဖို့ သဘောတူလိုက်တယ်...ဘုန်းမြတ်ကညတိုင်းနီးပါး အိပ်မက်ဆိုးတွေမက်ပြီး...အိပ်မပျော်တဲ့ရောဂါပါရလာခဲ့တယ်...စိတ်ပိုင်းဆိုင်ရာကဟိုးအောက်ဆုံးအထိ ထိုးကျနေတယ်ဆိုပါတော့...
မင်းသိလား...ကိုယ့်ကိုကိုယ် သက်သေဖို့အထိပါ သူကြိုးစားခဲ့ဖူးတယ်..."

"ဘယ်လို..."

လိပ်ပြာ ကိုယ့်ပါးစပ်ကိုယ် လက်ဖဝါးနဲ့အုပ်ရလောက်တဲ့အထိအံ့ဩတုန်လှုပ်သွားမိသည်။
ကိုကိုပြောပြခဲ့တဲ့ အချိန်မှာဒါတွေကိုတော့ ထည့်မပြောခဲ့ဘူး။ကိုကို့စိတ်အခြေအနေဟာ အဲ့လောက်တောင်ပဲဆိုးရွားခဲ့တာလား။ဟုတ်မှာပေါ့လေ မိသားစုတွေအားလုံးကို ဆုံးရှုံးထားရတဲ့သူ့အဖြစ်ဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်အတွက် သဲခြေပြတ်စရာ ကိစ္စတစ်ရပ်ဆိုတာ သေချာတာပေါ့။

"ဘုန်းမြတ်က  ပြူတင်းပေါက်မရှိတဲ့အခန်းတွေဆိုရင် သူသိပ်ကြောက်တတ်တယ်...ဘာကြောင့်လဲဆိုတာ ဒယ်ဒီ့ကိုယုံကြည်သွားတဲ့အချိန်မှာ သူပြောပြခဲ့တယ်...သူငယ်ငယ်က ရေတွင်းပျက်ကြီးတစ်ခုထဲမှာ ပိတ်လှောင်ခံခဲ့ရဖူးတယ်တဲ့ ပြောရမယ်ဆိုရင်  သူ့အမေကစိတ်ဖောက်ပြီး ရေတွင်းပျက်တစ်ခုဆီကို ခေါ်သွားခဲ့တယ်... သူ့ကိုတွန်းချပစ်ခဲ့ကြောင့် ရေတွင်းထဲကိုသူပြုတ်ကျသွားခဲ့တယ်.. ရေတွင်းကအရမ်းကြီးမနက်တာကြောင့် သူအသက်ရှင်ခဲ့ပေမဲ့ သူ့ဒယ်ဒီသူ့ကိုပြန်ရှာမတွေ့ခင် တစ်ပတ်လောက်အထိကို အမှောင်ထဲမှာပိတ်မိနေခဲ့တာရဲ့အကျိုးဆက်က ပြူတင်းပေါက်မရှိတဲ့ အခန်းကျဉ်းကျဉ်းလေးတွေထဲမှာ နေရရင် သူ့စိတ်ထဲမှာ အလိုလိုအသက်ရှူကျပ်လာတယ်တဲ့......"

ဒါကြောင့်ကိုကို့ကွန်ဒိုမှာရှိတဲ့ အခန်းတိုင်းရဲ့အပြင်ဘက်မှာ လသာဆောင်တွေရှိနေပြီး...ပြူတင်းပေါက်တွေကလည်း အကြီးကြီးတွေဖြစ်နေတာကို။

"လိပ်ပြာ...မင်းခုဏကပြောခဲ့တယ်နော်..ဘုန်းမြတ်ရဲ့စိတ်ရင်းအမှန်ကို မင်းမြင်လိုက်တယ်ဆိုတာ...
တကယ်တော့ မင်းသူ့ရဲ့စိတ်ရင်းအမှန်ကို အခုထိမသိသေးပါဘူး...ဘုန်းမြတ်ကို ဒယ်ဒီကုသပေးနေတဲ့အချိန်မှာ တို့လည်းဆိုက်ကို‌အတန်းကို စိတ်၀င်စားလို့ တက်နေခဲ့တယ်...စာတမ်းပြုစုဖို့အတွက် ဒယ်ဒီ့ကိုခွင့်တောင်းပြီး ဘုန်းမြတ်ရဲ့စိတ်ရောဂါကို လေ့လာကြည့်ခဲ့တယ်...တစ်နေ့မှာ ဒယ်ဒီက ဘုန်းမြတ်ရဲ့ဝါသနာနဲ့ပဲ သူ့ရဲ့စိတ်ပျော်ရွှင်မှုကို ထုတ်ဖော်ကြည့်ဖို့ ကြိုးစားခဲ့တယ်...မင်းသိမှာပါ ဘုန်းမြတ်ရဲ့ဝါသနာက ပန်းချီဆွဲခြင်းဆိုတာပေါ့...ကင်းဗတ်ရယ်၊စုတ်တံမျိုးစုံရယ်,ဆေးတွေရယ်ကို ချပေးထားပြီး ဘုန်းမြတ်ကိုစိတ်ငြိမ်အောင်လုပ်ခိုင်းခဲ့တယ်...ပြီးတော့သူကြုံတွေ့ခဲ့ရတဲ့ စိတ်အပျော်ရွှင်ရဆုံး မြင်ကွင်းလေးတစ်ခုကို ပန်းချီဆွဲခိုင်းခဲ့တယ်....ရှုခင်းတွေရဲ့ပုံနဲ့ သူ့မိသားစု၊သူ့အသိုင်းအ၀န်းက မိသားစုတွေရဲ့ပုံတွေကို ဆွဲလို့ရပါလျှက်နဲ့ သူဆွဲခဲ့တာက ကလေးမလေးတစ်ယောက်ရဲ့ပုံပဲ...အဲ့ဒီ့ကလေးမလေးက လိပ်ပြာဖြူ..မင်းကိုယ်တိုင်ပဲ..."

"ကျွန်မရဲ့ပုံ..."

မဖြစ်နိင်တာ လွန်ခဲ့တဲ့ကိုးနှစ်တာလုံးမှာ သူနဲ့လိပ်ပြာက စကားတောင်ငါးခွန်းပြည့်အောင် ပြောခဲ့ဖူးတာမှမဟုတ်တာ။

"ကျွန်မဆိုတာ သေချာလို့လား..."

"သိပ်သေချာတာပေါ့...ဒါကြောင့်တို့မင်းကိုစတွေ့တဲ့နေ့က မြင်ဖူးသလိုခံစားခဲ့ရတာပေါ့...အဲ့ပန်းချီကားထဲမှာ မင်းကသစ်ပင်ကြီးတစ်ပင်ရဲ့ အကိုင်းတစ်ခုအပေါ်မှာ ထိုင်နေရင်းနဲ့သိပ်ပျော်နေတဲ့ပုံလေးပဲ...ပန်းချီကားကိုဆေးခြယ်တော့ ကောင်းကင်ကိုအပြာနုရောင်နဲ့အဖြူရောင်လေးသုံးထားပြီး ပတ်၀န်းကျင်ကိုတော့ အဝါနုရောင်လေးသုံးထားခဲ့တယ် မင်းထိုင်နေတဲ့ သစ်ပင်ကြီးရဲ့အရွက်တွေကိုတော့ အစိမ်းနုလေးသုံးပြီး သူဆွဲခဲ့တယ်...အရောင်နုတွေချည်းပဲသုံးတာကို ကြည့်ခြင်းအားဖြင့် သူဟာဒီပန်းချီကားကိုဆွဲနေတဲ့ တစ်လျှောက်လုံးမှာ သူ့စိတ်တွေကအေးချမ်းနေတယ်ဆိုတာကို ပြလိုက်တာပဲ...ဒါကြောင့်ဒယ်ဒီကမှတ်ချက်ချလိုက်တယ်...ဘုန်းမြတ်ရဲ့စိတ်ကိုပျော်ရွှင်စေတဲ့ တစ်ခုတည်းသောအရာက ပန်းချီကားချပ်ထဲက ကလေးမလေးပဲဆိုတာကိုပေါ့...
ဒီပန်းချီကားချပ်ထဲက မိန်းကလေးကိုသိလားမေးတော့...သိတယ်လို့သူဖြေတယ်...ဘယ်သူလည်းလို့မေးတော့...လိပ်ပြာဖြူတဲ့...အရာအားလုံးကိုမေ့ပစ်ချင်နေတဲ့ဘုန်းမြတ်က မင်းရဲ့နာမည်ကိုတော့ သူမှတ်မိနေခဲ့တယ်....ဒါကိုကြည့်လိုက်ရင်သူ့ရဲ့သိစိတ်ကငြင်းနေရင်တောင် သူ့ရဲ့မသိစိတ်ထဲမှာ မင်းရဲ့ပုံရိပ်တွေကလွှမ်းမိုးမှု
အားဘယ်လောက်ပြင်းသလဲဆိုတာ..သိနိုင်မှာပါ..."

လိပ်ပြာထင်ခဲ့တာတာ ဒီကိုးနှစ်တာလုံးမှာ သူကသာလိပ်ပြာရဲ့စိတ်ကို လွှမ်းမိုးနိုင်ခဲ့တာလို့ ထင်မှတ်ခဲ့မိတယ်။လိပ်ပြာသူ့ရဲ့ပုံတူပန်းချီလေးတွေကို အဝေးကနေခိုးဆွဲထားပြီး အချိန်တိုင်းထုတ်ထုတ်ကြည့်မိခဲ့သလို ဖိုးချွန်တို့ရဲ့ခြောက်တန်းအဆောင်ကနေလည်း နေ့တိုင်းသူ့ကို ငေးကြည့်နေခဲ့တယ်။ဒါပေမဲ့ ကိုကိုဟာလိပ်ပြာကြည့်လိုက်တဲ့အချိန်တိုင်းမှာ တစ်ချက်လေးတောင် စောင်းငဲ့ကြည့်မလာပါပဲနဲ့ လိပ်ပြာရဲ့ပုံတူပန်းချီကို သူဆွဲနိုင်တယ်တဲ့။
ပန်းချီဆရာတစ်ယောက်ဟာ သူ့ရဲ့ပန်းချီကားချပ်ထဲမှာ သူ့နှလုံးသားကိုမြှုပ်နှံပြီး ပန်းချီဆွဲလေ့ရှိတယ်တဲ့။ဒါဆိုရင် ကိုကိုလိပ်ပြာကို ပြောခဲ့တဲ့စကားလုံးတိုင်းက မှန်ကန်နေခဲ့တာပေါ့။
လိပ်ပြာချက်ချင်းပဲ ထိုင်ခုံမှထရပ်ပစ်လိုက်သည်။

"ဟင်...လိပ်ပြာဘာဖြစ်လို့လဲ..."

"ကျေးဇူးပဲ...မမဆု...လိပ်ပြာရဲ့စိတ်ကိုရှင်းအောင်လုပ်ပေးလို့...လိပ်ပြာအခုပဲ ကိုကို့ဆီသွားတော့မယ်..."

အပြေးတစ်ပိုင်းနဲ့ ဆိုင်အပြင်ကိုထွက်သွားတဲ့ လိပ်ပြာကိုကြည့်ရင်း ဆိုဖီ့မှာ ပြုံးမိလိုက်လေသည်။

"လူငယ်တွေများ စိတ်မြန်၊လက်မြန်ရှိလိုက်ကြတာ...အခုဆို..အခုချက်ချင်းပဲ..."

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

လိပ်ပြာUDCကုမ္ပဏီအဆောက်အဦးကြီးရဲ့အရှေ့မှာ ခြေချလိုက်မိတယ်ဆိုရင်ပဲ ရင်ခုန်နှုန်းဟာ ရထားအစင်းတစ်ရာလောက် ခုတ်မောင်းသွားသလိုမျိုး
တဂျုန်းဂျုန်းမြည်ဟီးနေသည်။
လိပ်ပြာဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ကိုကို့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။ကံကောင်းချင်တော့ ကိုကိုကချက်ချင်းတန်းကိုင်သည်။

📞"ဟယ်လို...ကိုကိုလား..."

📞"လိပ်ပြာ..ကိုယ့်ဆီကိုဖုန်းဆက်တယ်..."

📞"ဟုတ်တယ်...အခုကိုကိုUDCမှာပဲ ရှိနေတာလား..."

📞"ဟုတ်တယ်...ကိုယ်အခုရုံးခန်းထဲမှာ..ဒီမှာက"

📞"အာ့ဆို ဒါ‌ပဲနော်ကိုကို..."

ရုံးခန်းထဲတွင်တော့ ဘုန်းမြတ်ဟာ ရှယ်ရာရှင်လူကြီးငါးယောက်နှင့် အလုပ်ကိစ္စဆွေးနွေးရင်းနှင့် ဖုန်းကိုင်နေရခြင်း ဖြစ်သည်။
ဘာမှလည်း ထွေထွေထူးထူးမပြောပဲ ဖုန်းချသွားတဲ့လိပ်ပြာရဲ့အတွေးကို သူ့ဉာဏ်ရည်ကလိုက်မမှီတော့ပါဘူး။

"ဆောရီးဗျာ...ကျွန်တော်တို့ဆက်ပြောကြတာပေါ့..."

ဘုန်းမြတ်တို့အလုပ်ကိစ္စဆွေးနွေးနေကြစဉ်မှာတော့ လိပ်ပြာဖြူဟာ ဓာတ်လှေကားနဲ့ ဘုန်းမြတ်ရဲ့ရုံးခန်းတည်ရှိရာ ဆယ့်နှစ်လွှာဆီသို့ တက်လာနေလေသည်။

"တင်!!!"

ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ ကိုကို့ရုံးခန်းတံခါးဆီသို့သာတန်းသွားလိုက်သည်။
လိပ်ပြာရဲ့ခြေထောက်တွေဟာ ဘယ်လိုဓာတ်တွေစီးနေသလဲတော့ မသိပါဘူး။ဒီနေ့မှသိပ်မြန်ပြီး သိပ်သွက်လက်ပေါ့ပါးနေသလိုပဲ။
နှုတ်ခမ်းအထက်မှအပြုံးကလည်း ဒီကနေ့မှာ ပိုမိုတောက်ပပြီး ကမ္ဘာပေါ်မှာအလှဆုံးလို့တောင် ကိုယ့်ကိုကိုယ် ပြန်အမွှန်းတင်နေရတဲ့အထိ ပါးစပ်ကိုပြန်စိလို့မရအောင် ပြုံးနေမိသည်။

"ညီမ...ဒီလို၀င်လို့မရဘူးလေ...ကြိုချိန်းထားမှ"

လိပ်ပြာတံခါးကိုတွန်းဖွင့်မယ် ကြံတော့အတွင်းရေးမှူးနှစ်ယောက်က ရောက်လာပြီးတားကြလေသည်။
လိပ်ပြာ‌လည်း အတွင်းရေးမှူးမမတွေကို အလှပဆုံးပြုံးပြလိုက်ပြီး တံခါးကိုအမြန်တွန်းဖွင့်လိုက်သည်။

"ဒုန်း!!!"

"ကိုကိုရေ!!!!...လိပ်ပြာ...ဟင်..."

ကိုကို၀မ်းသာအောင် အကျယ်ကြီးအော်ခေါ်လိုက်ပြီးမှ ပြန်ပြူးကြည့်လာသည့် မျက်လုံးခြောက်စုံကြောင့် နေရာမှာတင်တောင့်တောင့်ကြီးရပ်နေမိသည်။ရှေ့ကိုပဲတိုးရမလား၊နောက်ကြောင်းပဲပြန်လှည့်ပြေးရမလားနဲ့ အမျိုးမျိုးတွေးပြီး နောက်ဆုံးမှာတော့ အကုန်းလုံးကို ‌လန့်ပြုံးလေးပြုံးပြလိုက်သည်။

"ဟဲ...ဟဲ...လူတွေကလည်းအများကြီးပဲ ပြန်တော့မယ်နော်..."

"ဟာ...လိပ်ပြာ...နေဦး...အားလုံးကိုတော့အားနာပါတယ်...ပရောဂျက်အတွက် ဆုံးဖြတ်ချက်ချပြီးရင်သာ ကျွန်တော့်ကိုချက်ချင်းဆက်သွယ်လိုက်ပါနော်..."

"ကောင်းပါပြီ ဦးတို့သေချာလေး စဉ်းစားပေးပါ့မယ်..."

"ဟုတ်ကဲ့ပါ..."

ဘုန်းမြတ်လည်း လူကြီးတွေကိုလက်ဆွဲနှုတ်လိုက်လေသည်။အကုန်လုံးရုံးခန်းထဲကနေ ထွက်သွားချိန်မှာတော့ အပြာရောင် မြန်မာ၀မ်းဆက်ခါးတင်လေးကို ၀တ်ထားသည့် သူ့မိန်းကလေးဆီသို့သာ စိတ်အစဉ်က‌ အလိုလိုရောက်သွားသည်။
သူမလေးက မဝံ့မရဲဖြစ်နေတဲ့ မျက်၀န်းလေးတွေနှင့် သူ့ကိုကြည့်လာလေသည်။

"လိပ်ပြာကြောင့် ကိုကိုအနှောက်အယှက်ဖြစ်သွားလားဟင်..."

သူမရဲ့ပန်းနုရောင်နှုတ်ခမ်းပါးကနေ အားနာတဲ့လေသံနုလေးနဲ့ ပြောလိုက်တဲ့စကားက သူ့နှလုံးသားကို လေပြည်နုနုတိုက်လိုက်သလို အေးချမ်းသွားသည်။
သွားတက်တွေပေါ်အောင် ဘုန်းမြတ်ပြုံးလိုက်ပြီး
ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ သူမရဲ့မျက်နှာလေးအနားကို သူ့မျက်နှာအား မျက်နှာချင်းဆိုင်ဖြစ်အောင်လုပ်လိုက်သည်။

"ကိုယ့်ကို စိတ်ဆိုးပြေပြီပေါ့...
ဟုတ်လား...ချစ်လေး..."

"ချစ်လေး"ဆိုတဲ့စကားကာ လိပ်ပြာရဲ့နားကို
ဆူနာမီမုန်တိုင်း၀င်မွှေသွားသလို တဝေါဝေါနဲ့ ပဲ့တင်ထပ်သွားသည်။ကြက်သီးမွှေးညှင်းတွေတောင်ထကုန်တဲ့အထိပင်။
ကိုကို ဘယ်တုန်းက ဒီလောက် ‌အရှက်မရှိတော့တာလဲ" လို့ပါတွေးနေမိသည်။ဒါက ဦးဘုန်းမြတ်သူရအစစ်မှ ဟုတ်ရဲ့လားလို့ တွေးမိပြီး ကိုကို့မျက်နှာကို သေချာစူးစမ်းကြည့်လိုက်သည်။

"ဟေ့...ကိုယ့်မျက်နှာကို ဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ...အရမ်းချောတဲ့ ကောင်လေးကို ရည်းစားတော်ထားမှန်း အခုမှသတိရလာလို့လား...ဟမ်..."

"ပေါက်ကရတွေမပြောပါနဲ့ ကိုကိုရယ်...ဒီနေ့လိပ်ပြာ မမဆုနဲ့တွေ့ခဲ့တယ်...အဲ့ဒါ..."

"မမဆု...အဲ့မိန်းမက လိပ်ပြာနဲ့ဘာလို့လာတွေ့တာလည်း..."

ကိုကို့ပုံစံက ဒေါသထွက်နေတဲ့ပုံဖြစ်နေတာကြောင့် လိပ်ပြာကိုကို့ရင်ဘတ်အပေါ်ကို လက်ဖဝါးလေးတင်လိုက်ပြီး အသာလေးပုတ်လိုက်သည်။

"စိတ်ကိုလျှော့ပါ ကိုဒေါသရယ်...အခုမမဆုကျေးဇူးကြောင့် ကိုကိုနဲ့ပတ်သတ်ပြီးလိပ်ပြာအများကြီး သိခဲ့ရတယ်...လိပ်ပြာ..မေးစရာလဲရှိတယ်...ကိုကိုဖြေမှာလား..."

ဘုန်းမြတ်ထပ်ပြုံးပြလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုကိုလိပ်ပြာကို ဘယ်တုန်းကစသိခဲ့တာလည်း လိပ်ပြာကတော့ မိုးသဲတဲ့နေ့ကမှ ကိုကိုနဲ့စပြီးတွေ့ဖူးတာ..."

ဘုန်းမြတ်မှာ လိပ်ပြာကိုပုခုံးမှလှမ်းဖက်လိုက်ပြီး ရင်ခွင်ထဲမှာ သူမခေါင်းလေးကိုအပ်နှင်းစေကာ လက်တစ်ဖက်က သူမရဲ့ဦးခေါင်းမှ ဆံစလေးတွေကို ပွတ်သပ်မိလေသည်။

"ကိုကို...လိပ်ပြာကို စတွေ့ခဲ့တာက ..ကိုးတန်းအောင်ပြီးခါစအချိန်ကပဲ..."

"ဟင်...တကယ်ကြီးလား..."

စကားစလိုက်တာနဲ့ ရင်ခွင်ထဲက လိပ်ပြာမလေးဟာအငြိမ်မနေပဲ ခေါင်းလေးထောင်ပြီးမေးလာတာကြောင့် နဖူးလေးကို တစ်ချက်နမ်းလိုက်ပြီး ရင်ခွင်ထဲကိုပြန်ထည့်လိုက်သည်။

"နွေရာသီ ကျောင်းပိတ်ရက်တစ်ခုမှာပေါ့ ဒယ်ဒီနောက်အိမ်ထောင်ပြုမဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ်နဲ့အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ် ကလေးစိတ်မို့အရွဲ့တိုက်ပြီး အင်းစိန်ဘက်က ကိုယ့်အဒေါ်အိမ်မှာ သွားနေမိတယ်...တစ်နေ့မှာစက်ဘီးတစ်စီးနဲ့ရပ်ကွက်ထဲလျှောက်ပတ်နေမိတုန်းမှာ မျောက်မလေးတစ်ကောင်ကိုတွေ့ခဲ့တယ်...မျောက်မလေးက ကျွမ်းကျင်စွာပဲ သစ်ပင်ကြီးအပေါ်မှာ တွဲလဲခိုလိုက်၊ခုန်ချလိုက်နဲ့ အောက်ကသူငယ်ချင်းတွေကို စိန်ခေါ်ပြီး အမျိုးမျိုးလှောင်ပြောင်ပြနေတယ်လေ...အဲ့ဒီ့မြင်ကွင်းက ကိုယ့်ကိုတော်တော်ဖမ်းစားလိုက်နိုင်တယ်ဆိုပါတော့...ကိုယ်ငယ်ငယ်က ဒီလိုကလေးသဘာ၀ဆော့နည်းတွေနဲ့မကစားခဲ့ရဖူးသလို...အဲ့ဒီ့မျောက်မလေးလိုလဲ လှောင်ပြောင်ပြစရာ သူငယ်ချင်းတွေအများကြီးမရှိခဲ့ဘူး...အဲ့ဒီ့ကောင်မလေးရဲ့ဘ၀နေထိုင်မှုကို ကိုယ်သိပ်အားကျတာပဲ...သူမကိုကြည့်ရင်းနဲ့အလိုလိုပြုံးမိလိုက်တဲ့အချိန်မှာ
..."လိပ်ပြာဖြူ..မျောက်လောင်းမ..အောက်ဆင်းလာခဲ့စမ်းဆိုပြီး..."မျောက်မလေးရဲ့အမေဖြစ်သူက နားရွက်ကိုလိမ်ဆွဲပြီး လာခေါ်သွားတယ်လေ..."

ကိုကို့စကားကြောင့် လိပ်ပြာရင်ခွင်ကျယ်ကြီးထဲကနေ ချက်ချင်းရုန်းထွက်လိုက်သည်။နှုတ်ခမ်းကိုဆူကာ ခါးကိုလည်းထောက်ပစ်လိုက်သည်။

"ကိုကို...အခု လိပ်ပြာကို မျောက်နဲ့နှိုင်းနေတာလား..."

"အင်း..."

"ဘာပြောတယ်..."

စိတ်ဆိုးနေတဲ့ပုံလေးကအစ ချစ်စရာကောင်းနေလေတော့ ဘုန်းမြတ်သူမရဲ့နှာဖျားလေးကို လက်ညှိုးလေးကို ကွေးကာ ထိရုံလေးကျီစယ်လိုက်သည်။

"အဲ့ဒီ့အချိန်တုန်းကလည်း လိပ်ပြာကမျောက်မလေးပဲလေ..မဟုတ်ဘူးလား..."

လိပ်ပြာကိုကို့မျက်နှာကို မျက်စောင်းထိုးပြီးကြည့်လိုက်တော့ ကိုကိုကရယ်သည်။
လှလိုက်တဲ့ သွားတက်ကလေးတွေ ဒီအပြုံးလေးနဲ့ ဒီသွားတက်ချွန်ချွန်လေးကို မမြင်ရတာ လိပ်ပြာအတွက်တော့ နှစ်တစ်ထောင်လောက်ကြာသွားသလိုပါပဲ။
ကိုကိုရယ်နေတုန်းမှာပဲ လိပ်ပြာခြေဖျားထောက်ကာ နှုတ်ခမ်းချင်းထိပြီး နမ်းမိလိုက်သည်။

သူ့မရဲ့အနမ်းတစ်ပွင့်က လျှပ်တစ်ပြက်ဆိုပေမဲ့ ဘုန်းမြတ်အတွက်‌တော့ သိပ်ကိုချိုမြိန်လွန်းပါတယ်။

"အဲ့ဒီ့မျောက်မလေးကိုပဲ အကြည့်တစ်ချက်မှာတင် စွဲလန်းသွားတာမလား...မညာနဲ့နော်..."

"မညာပါဘူးဗျာ...အဲ့ဒီ့နေကနေစပြီး လိပ်ပြာရဲ့ပုံရိပ်လေးက ကိုကို့ရင်ထဲမှာ စွဲထင်နေခဲ့တာပဲ...မိုးရွာတဲ့နေ့မှာ ဒုက္ခရောက်နေတဲ့လိပ်ပြာကို ကိုယ့်ရဲ့စိတ်က ဘယ်လိုမှမနေနိုင်စွာ ကူညီခဲ့မိသလို...လိပ်ပြာကိုအခြားကျောင်းသားတွေ ဝိုင်းလှောင်နေတာ မြင်တော့လည်း ကိုကိုကူညီခဲ့မိပြန်ရော...ကျောင်းထပ်ခိုးမှာ ကိုယ့်ရောဂါဟောင်းပြန်ထတော့   လိပ်ပြာကြောင့် ကိုယ်စိတ်သက်သာရာ ရခဲ့တယ်...လိပ်ပြာကိုယ့်ဆီမှာအလုပ်လာလျှောက်တော့လည်း ကိုယ့်ရဲ့စိတ်ပညာအထူးကုကို လွန်ခဲ့တဲ့
ကိုးနှစ်က ကောင်မလေးဟာ ကျွန်တော့်ဆီမှာအလုပ်လာလျှောက်တယ်လို့ ပြောလိုက်တော့ ဆရာကြီးကလည်း အဲ့ဒီ့ကောင်မလေးကိုအနားခေါ်ထားလို့တိုက်တွန်းခဲ့တယ်...ကျေးဇူးပါ..လိပ်ပြာ...မင်းအကြောင်းကို တွေးလိုက်မိတိုင်း စိတ်ထဲမှာ ပျော်ရွှင်မှုတွေ ပေါ်ပေါက်လာသလိုပဲ...မင်းကကိုယ့်အတွက် အရမ်းကိုတန်ဖိုးကြီးတဲ့ ဟာဒယဆေးလုံးလေးတစ်လုံးပါပဲ..."

ကိုကို့အတွက်လိပ်ပြာကအဲ့လောက်တောင်ပဲ တန်ဖိုးကြီးနေတာလား။
ကိုကိုကလိပ်ပြာကို လာဖက်တော့ လိပ်ပြာ‌တစ်ခုခုကို သတိရသွားပြီး နာရီကို ကြည့်လိုက်မိသည်။

"ဟာ...လေးနာရီကျော်သွားပြီ...ကိုကိုရေ လိပ်ပြာပြန်မှဖြစ်တော့မယ်...အိမ်မှာအစ်ကိုတွေ ပြန်ရောက်နေကြလို့ စောစောမပြန်ရင်အတီးခံရလိမ့်မယ်..."

"အစ်ကိုတွေ...လိပ်ပြာမှာအစ်ကိုဘယ်နှစ်ယောက်လောက်ရှိတာလဲ..."

"အစ်ကိုက နှစ်ယောက်...မောင်ကတစ်ယောက်ရှင့် ..ကြိုပြောထားမယ်နော်...အစ်ကိုနှစ်ယောက်က သိပ်ဒေါသကြီးကြတာ...လိပ်ပြာကိုလည်း ရည်းစားထားမှန်းသာသိကြလို့ရှိရင် ဒီအတိုင်းမထားလောက်ဘူး...ဒါပဲနော်...လိပ်ပြာသွားပြီ...‌
အော်..မနက်ဖြန်ကျရင်လည်း အားအောင်လုပ်ထားနော်...လိပ်ပြာခေါ်သွားစရာနေရာရှိတယ်...
သွားပြီ..."

"ဟာ...လိပ်ပြာ...ဟေ့..."

သူ့မှာ၀အောင်တောင် မချစ်လိုက်ရဘူး အစ်မတော်လေးက ပြေးသွားလိုက်တာများတန်းနေတာပဲ။
အစ်ကိုနှစ်ယောက်တဲ့ ဘယ်လိုလူမျိုးတွေပါလိမ့်။ယောက်ဖတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ထားရမယ်။

1 22AM
Sun, June,2023

🦋🦋🦋🦋🦋🦋🦋🦋🦋

ဒေါသအိုးကွဲတွေ ဆုံကြပေါ့နော်

========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၆


အေးမြသစ်လွင်လွန်းတဲ့ မနက်ခင်းလေးကတော့ လိပ်ပြာကိုအားမာန်အပြည့်နဲ့ ကြိုဆိုနေလေသည်။
ငှက်ကလေးတွေကလည်း တစ်ရေးနိုးလို့ တစ်ကျွီကျွီမြည်တမ်းရင်း အလုပ်ရှုပ်နေလေပြီ။
လိပ်ပြာက အောက်ထပ်အိပ်ခန်းမှာနေရပြီး လိပ်ပြာရဲ့ပြူတင်းပေါက်အနားလေးမှာ စံပယ်ရုံနှစ်ရုံ ရှိတာကြောင့် မနက်မိုးသောက်ရဲ့ လင်းရောင်ခြည်နဲ့အပြိုင် စံပယ်အငုံ၊အပွင့်လေးတွေရဲ့သင်းရနံ့ဟာ နှင်းသောက်လို့မွှေးမွှေးကြူနေတော့သည်။

"ဟဲ့...လိပ်ပြာရေ...ခြောက်နာရီထိုးနေပြီ...ထတော့...
စံပယ်တွေပွင့်‌ နေပြီ ခူးပြီးဘုရားကိုကပ်လိုက်
သိလား..."

"ဟုတ်ကဲ့အမေ......"

"အေး...အေး..."

အမေကအိပ်ခန်းရဲ့ အပြင်ဘက်ကနေအော်ပြီး အိပ်ရာလာနှိုးသွားလေသည်။
လိပ်ပြာလည်း အမြန်ထပြီး အိပ်ယာတွေ သိမ်းဆည်းကာ ရေချိုးခန်းထဲသို့၀င်ပြီး မျက်နှာသစ် သွားတိုက်ရသည်။
သွားတိုက်နေရင်းနဲ့ ဒီနေ့ကိုကိုနဲ့လည်ဖို့ ဘယ်နေရာတွေကို သွားရင်ကောင်းမလဲလို့ တွေးနေမိသည်။

"အင်းယားကန်ဘောင်လား မဟုတ်သေးပါဘူး..
အင်းယားက နေ့ခင်းဘက်ဆိုနေပူပြီး ဘာမှလည်းသိပ်မရှိပါဘူး...ရန်ကုန်တက္ကသိုလ်ထဲကို လျှောက်ကြည့်ရင်ကောင်းမလား... ငါတို့ကကျောင်းသွားတတ်မှာမှမဟုတ်တာ...ချိန်းတွေ့မှာလေ......ဒါလည်းမဟုတ်သေးဘူး...ဟုတ်ပြီ..."

ကိုကိုနဲ့အကိုက်ညီဆုံးနေရာကို အခုမှပဲလိပ်ပြာစဉ်းစားမိတော့တယ်။

"ဟား...ဟား..ဟုတ်ပြီကွ..."

"အရူးမ..."

လိပ်ပြာ အားပါးတရပြုံးလိုက်စဉ်မှာတော့ ရေချိုးခန်းရဲ့မှန်ထဲမှာ အမေ့အရိပ်ကြီးကဘွားကနဲ ပေါ်လာပြီး ငယ်ထိပ်ကလည်း အခေါက်ခံလိုက်ရလို့ အီဆလံဝေသွားသည်။

"အမေရယ်...နာလိုက်တာ...ဘာဖြစ်လို့ခေါက်ရတာလဲလို့..."

"ရူးနေလို့လေ...တစ်ယောက်တည်း မှန်ကိုကြည့်ပြီး စကားပြောလိုက်၊ရယ်လိုက်လုပ်နေတာများ ငါဟင်းချက်နေရင်းနဲ့တွေ့နေရတာ အဆင်ကိုမပြေဘူး
...စံပယ်ပန်းတွေဘုရားတင်ခိုင်းထားတာကို ဇိမ်ခံပြီးသွားတိုက်နေတယ်...ငါလုပ်ထည့်လိုက်ရ..."

"ဟာ...မလုပ်ပါနဲ့..."

အမေကခေါင်းထပ်ခေါက်မယ်ပြင်တော့ လန့်ပြီးလက်နဲ့အတင်းကာရပြန်သည်။
ဟုတ်လည်း ဟုတ်ပါရဲ့ရေချိုးခန်းက မီးဖိုချောင်ထဲမှာ ဆောက်ထားလေတော့ လိပ်ပြာအရူးထနေသမျှတွေကို အမေအကုန်မြင်ပြီပေါ့။

"လိပ်ပြာဖြူ..မှန်မှန်ပြောစမ်း ညည်းရည်းစားတွေ ဘာတွေများရနေပြီလား..."

"ဟာ..အမေကလည်း ကြံကြံဖန်ဖန်..."

အရှက်ပြေလေးပြောလိုက်ရပေမဲ့ ရှိတယ်လို့တော့ပြောချင်သား။ဒီအရွယ်မှ အမြီးမပေါက်တဲ့မျောက် ဘာမျောက်ဖြစ်ပါ့မလဲ။

"အေးနော်..ရည်းစားထားရင်လည်း ညည်းအမေငါတစ်ယောက်လုံးကို ကြိုပြောထား...အကြောရှည်ပြီး ခိုးရာနောက်လိုက်သွားလို့ကတော့ ညည်းနဲ့ငါ သေခန်းပြတ်ပဲ..."

"ဟာ...အမေကလည်း...ကိုယ့်သမီးရုပ်လည်း ကိုယ်ကြည့်လိုက်ပါအုံး အဲ့လိုလုပ်စရာလားလို့..."

လိပ်ပြာက ခန္ဓာကိုယ်ကို တစ်ပတ်လောက်လှည့်ပြပြီး ပြောလိုက်ရာ အမေကနှာခေါင်းရှုံ့လေသည်။

"အမယ်လေး..အပိုတွေပါအေ ဒီလိုပဲပြောကြတာပဲ..ပြီးရင်သာလင့်တစ်မျက်နှာ တစ်ရွာတည်ပြီးလိုက်သွားကြတာလည်း..ဒီမျက်ခွက်တွေနဲ့ပါပဲအေ...."

"ဟာ...အမေရယ်...မျက်နှာလောက်တော့လုပ်ပါ.."

"မလုပ်နိုင်ပါဘူး...ဟိုဘက်တစ်ခြံကျော်က အေးပုရဲ့သမီး မြသီကိုကြည့်ပါ့လား..မေးလိုက်ရင်တော့..
ကျွန်မတို့ကအပျိုကြီးလုပ်မှာ..သိလား..သိလားနဲ့..
ပြီးတော့လည်းဆိုက်ကားသမားအရက်ချိုးနဲ့ ညားသွားတာပါပဲ...ဒါကြောင့် အေးပုမကလည်းသူ့သမီးကိုရွဲ့ရွဲ့ပြီးပြောတာ.."ပြောတော့လှေသူကြီးပါကွယ်..ညားတော့လည်း ဒီသူတောင်းစားနဲ့ရယ်"..ဆိုပြီး..."

"လှေထိုးသားတော့ လုပ်ပါအမေရယ်..."

ဒေါ်မြဖြူမှာ သူမတစ်ခွန်းပြောတိုင်း စကားပြန်ပြန်ထောက်ပေးနေတဲ့ သမီးငယ်ကို ကြည့်မိသည်။
အသက်ကသာ နှစ်ဆယ့်နှစ် မျက်နှာကအခုထိကလေးရုပ်မပျောက်သေးပါ။ သူ့အစ်ကိုတွေမပြောနဲ့ အမေဖြစ်တဲ့သူမကိုယ်တိုင်တောင် အခုထိကလေးလိုပဲမြင်နေတုန်းပင်။
သို့ပေမဲ့လည်း သမီးကညှာအခါမလင့်စေဆိုတဲ့ စကားကရှိသေးသည်မဟုတ်လား။လိပ်ပြာဖြူဆိုတာကလည်း လင်မယူတော့မဲ့ ရုပ်မျိုးမဟုတ်ဘူးဆိုတာ ကိုယ့်သမီးမို့ သိပြီးသား။ဒါကြောင့်လဲ အေးပုရဲ့သမီးလို စာရိတ္တပျက်ပြားနေတဲ့ လူတွေနဲ့ညားသွားမှာလည်း ဆိုးရတယ်။‌မောင်မိုးစက်လို လူလိမ္မာလေးနဲ့ စီစဉ်ပေးချင်ပြန်တော့လည်း သူ့အစ်ကို ခြင်္သေ့မင်းတွေက အစွယ်ထုတ်ထုတ်ပြနေကြတာနဲ့  ဟိုကအနားကိုမကပ်ရဲဖြစ်နေပြီ။

"ခက်တော့...ခက်ပါတယ်ဟယ်..."

ရေချိုးခန်းထဲကနေ ပြန်ထွက်သွားပြီး မီးဖိုထဲမှာ
 လှီးလက်စကြက်သွန်ကို ပြန်လှီးနေတဲ့ အမေ့စကားကြောင့် လိပ်ပြာနားမလည်နိုင်စွာ အနားကိုတိုးကပ်သွားလိုက်သည်။

"ဘာကိုခက်တာလဲ အမေရဲ့..."

"ညည်းမသိပါဘူးအေ...ငါလေ တစ်နေ့၊တစ်နေ့ ညည်းအတွက်ပူနေရတာနဲ့ပဲ ခေါင်းမွှေးတွေပြောင်တော့မယ်...သိရဲ့လား..."

"ဘာအမွှေး‌တွေ ပြောင်နေတာလဲ..အမေရဲ့..."

အစ်ကိုလေးက မျက်နှာတောင်မသစ်ရသေးပဲ အခုမှအိပ်ယာထလာတဲ့ ပုံစံကြီးနဲ့ ရေခဲသေတ္တာကို ဖွင့်ပြီး ရေယူသောက်နေလေသည်။

"ဘာအမွှေးပြောင်ရမလဲ...နင်တို့ညီအစ်ကိုနှစ်ယောက်၀င်ဖြတ်ဖြတ်နေလို့.. ငါ့သမီးလေး လင်ကောင်း၊သားကောင်းရမဲ့ အခွင့်အရေးလက်လွှတ်သွားရလို့လေ..."

"..လာပြန်ပြီအမေရာ...အဲ့ဒီ့မိုးစက်တစ်ယောက်ထဲပဲ
 ကမ္ဘာပေါ်မှာ ယောက်ျားရှိတာလားဗျာ...
ယောက်ျားတွေမှပုံလို့..."

"အမယ်လေး..ဘာကို‌ယောက်ျားတွေပုံနေတာလဲ..
အရက်သမား၊ဖဲသမား၊လောင်းကစားသမားတွေသာ ပုံနေတာပါတော် ..."

"ဟာ..အမေအဲ့လိုပတ်မရမ်းနဲ့လေဗျာ..ကျွန်တော်တို့လည်းယောက်ျားတွေပဲလေ..အမေ့လင်
ကျွန်တော့်အဖေကလည်း ယောက်ျားပဲလေဗျာ..
အကုန်လုံးကို တစ်ယောက်မှမကောင်းဘူးပြောရအောင် အမေကယောက်ျားဘယ်နှစ်ယောက်များ ယူဖူးလို့လဲ..."

"အောင်မာ..သေနာကောင်လေး...နင်သေဖို့သာပြင်..."

"ဟာ..အမေ..အမေ့..မလုပ်နဲ့လေဗျာ..."

အစ်ကိုလေးကလည်း အစ်ကိုလေးပါပဲ။အမေ့ကိုစိတ်ဆိုးအောင် သွားလုပ်နေတာ အခုတော့ကြက်သွန်ဥတွေနဲ့ကောက်အပေါက်ခံရပြီ မှတ်ရော။

"ဟာ..အောင်မလေးဗျ!!!...ဘာဖြစ်နေကြတာလဲ.."

အစ်ကိုကြီးခမျာ မီးဖိုချောင်အပေါက်၀ကို ခြေချရုံရှိသေးတယ် ကြက်သွန်ဥတစ်လုံးက နှဖူးကိုတည့်တည့်သွားမှန်‌သည်။

"...အမေရာ..ဘယ်လိုဖြစ်လို့ကြက်သွန်ဥတွေကို လျှောက်ပစ်နေရတာလဲ...ကစားချင်ရင်လည်း ကစားကွင်းကိုသွား  ကျွန်တော်လိုက်ပို့ပေးမယ်..."

"ရန်အောင်မင်း...နင်ပါသေချင်နေပြီလား..
ဟုတ်လား.."

"ဟာ...အမေရယ်...နေ..နေပါ..ကျွန်တော့်ဘာသာ မျက်နှာသစ်မလို့လာတာပါ...ဟေ့ကောင်..
ကောင်းကျော် မင်းလည်းမျက်နှာသစ်စရာရှိရင်သစ်တော့....ဒီနေ့ငါ့သူငယ်ချင်းတွေနဲ့ချိန်းထားတယ်လေ...မင်းပဲလိုက်ခဲ့မယ်ဆို..မြန်မြန်လုပ်ကွာ.."

"အေးပါ..ငါသိပါတယ်..အစ်ကိုကြီးရာ...."

ရေချိုးခန်းထဲကို မျက်နှာသစ်ဖို့ပြိုင်တူ၀င်သွားကြတဲ့ အစ်ကိုနှစ်ယောက်ကြောင့် လိပ်ပြာ ပျော်လွန်းလို့ ထတောင်ခုန်ပစ်လိုက်ချင်တယ်။
သူတို့အပြင်သွားတာနဲ့  လိပ်ပြာလည်း ကိုကိုနဲ့ချိန်းတွေ့ဖို့ သွားရမယ်။ ကွက်တိပဲ။

"ဟီ..ဟိ..."

"ဟဲ့..လိပ်ပြာဖြူ..ညည်းလည်းဘာဖြစ်နေတာလဲ..
တဟီဟီ..တဟားဟားနဲ့...ကြည့်လုပ်နော်..
ဟင်း.....သတိထား"

"အော်..အမေရယ်..သမီးနဲ့လည်းဘာမှမဆိုင်ပဲနဲ့..အမေ့ဘာသာကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်အခြောက်ခံနေရပြီးတော့များ..."

"လိပ်ပြာဖြူ..နင်ဘယ်သူ့ကိုမျောက်လို့ပြောနေတာလဲ..နေအုံး..နင်နဲ့ငါတွေ့မယ်..."

အစ်ကိုလေးက ကြားသွားပုံရတယ် သွားတိုက်နေရင်းနဲ့မှ ဗလုံးဗထွေးအသံကြီးနဲ့ လာဆူနေသည်။
အကြီးဆိုတော့ အငယ်ကတိရိစ္ဆာန်နဲ့ နှိုင်းရင် ဘယ်ကြိုက်ပါ့မလဲ။လိပ်ပြာကလည်းလေ ဒီအစ်ကိုအကြောင်းကို သိရဲ့သားနဲ့ လွှတ်ခနဲပြောလိုက်မိတယ်။
အဲ့တော့ အဆော်မခံရခင် ဒီနေရာကနေ အမြန်လစ်မှဖြစ်မယ်။

"အမေ..သမီးလည်းနေ့ခင်းကြရင် သူငယ်ချင်းတွေနဲ့ချိန်းထားလို့ မြို့ထဲသွားအုံးမယ်နော်..ဟို
အမေ့စံပယ်တွေကတော့ ခူးပြီးဘုရားပန်းတင်ထားလိုက်မယ်..အမေ့ဘာသာပဲဆွမ်းကပ်ရင်းနဲ့ပန်းပါကပ်လိုက်တော့..သမီးသွား‌တော့မယ်..အစ်ကိုလေးထွက်လာရင် အရိုက်ခံရမှာဆိုးလို့..."

မီးဖိုအခန်းထဲကနေ ဖနောင့်နဲ့တင်ပါးကို တစ်သားထဲကျအောင်ပြေးထွက်သွားတဲ့ သမီးဖြစ်သူကိုကြည့်ရင်းနဲ့သာ ဒေါ်မြဖြူကျန်ခဲ့ရလေသည်။
အစ်ကိုတွေက ဘယ်လိုပဲဆူပါစေ အရှေ့မှာတော့ "အင်း..အင်း...ဟုတ်ကဲ့..ဆိုပြီး" ခေါင်းတငြိမ့်ငြိမ့်နဲ့ ပုတ်သင်ညိုမကြီးကိုဖြစ်လို့..ကွယ်ရာကြရင်သာသူလုပ်ချင်တာကိုလုပ်တာ ပြီးရင်
"အမေကိုက ခွင့်ပြုလို့ဆိုပြီး.."သားတွေရဲ့ အပြစ်အတင်ခံရတာက ဒီကမိန်းမကြီးရယ်ပါ။

"သားသမီးတွေ အများကြီးမွေးမိတဲ့ ငါကိုကမှားတာ...မဟုတ်ဘူး..ကိုကြည်လွင်...ဒင်းမှားတာ..
ဒင်းကြောင့်...မနိုင်စိန်မျောက်လွှဲကျော် လေးကောင်ထွက်လာရတာ...ဒင်းကြောင့်..ဒင်းကြောင့်.."

"အမေရယ်..ကိုယ့်ဘာသာလက်ဆော့တုန်းက ဆော့ပြီး..."

"ကောင်းကျော်မင်း...နင်..."

"ဒုန်း.."ဒုန်း..."

အလတ်ကောင်က ရေချိုးခန်းထဲမှထွက်လာလာချင်း အမေကိုအမေမှန်းမသိ ပါးစပ်သရမ်းလေတော့ ဈေးခြင်းထဲက အာလူးနှစ်လုံးလောက်နဲ့ကောက်ပေါက်လိုက်ရာ...

"အာ့...ထွီ..ရွံတာ...အမေ့..."

ထွက်‌ပြေးလို့ ပစ်လိုက်တာကတစ်ယောက်ကို  တကယ်မှန်သွားတာက အကြီးကောင်ကို...
လက်တည့်ချက်ကတော့ အကြီးကောင်ရဲ့ပါးစပ်ထဲကို တန်းနေတာပဲ။
အကြီးကောင်က ပါးစပ်အ၀မှာ တစ်နေတဲ့အားလူးကို ထွေးထုတ်ရင်းနဲ့...

"အမေ့..ကိုယ်မွေးထားတဲ့ဟာတွေကိုပဲ မပြောနဲ့လေ
အမေလည်းဘာထူးလို့လဲ...အခုထိဂဏာမငြိမ်သေးဘူး...သူ့ကိုယ်သူကလေးကျနေတာပဲ..."

"ရန်အောင်မင်း...နင်..."

"ပြေးပြီဗျို့...ပြေးပြီ...ဟား..ဟား..."

"ကြည့်စမ်း...ကြည့်စမ်း..မအေကို စနောက်နေလိုက်ကြတာ..သူတို့နဲ့ရွယ်တူများမှတ်နေသလားမသိဘူး..."

ထိုစဉ်အငယ်ကောင်လေး မင်းမင်းက အိပ်ချင်မူးထူးပုံစံနဲ့ မီးဖိုချောင်ထဲကို၀င်လာလေသည်။

"မင်းမင်း..သားငယ်...မျက်နှာသစ်ပြီးရင် မေကြီးဒီမှာ ထမင်းကိုပဲပြုတ်နဲ့ ကြော်ထားတယ်နော်...
ကျောင်းမသွားခင်စားသွား.."

မင်းမင်းက မျက်လုံးကိုမှေး၊ခေါင်းကိုကုတ်ကာ အမေ့ဘက်သို့ မျက်နှာမဲ့ပြီး ကြည့်လိုက်သည်။

"မစားချင်ပါဘူးအမေရာ...အမေ့လက်ရာက ကျောင်းကန်င်တင်းကဟာလောက်စားမကောင်းပဲနဲ့..."

"အောင်မာ..သူကိုယ်တိုင်ကြတော့ ကြက်ဥကြော်တာတောင် ဖင်ကဖောက်ရမလား...ခေါင်းကဖောက်ရမလား..တွေဝေနေတဲ့လူကများ...‌
မစားရင်နေပေါ့ဟယ်..မချက်ပြန်တော့လည်း..
အမေ့ ထမင်းမကြော်ဘူးလား..လာလာမေးကြပြီး..
ချက်ပြန်တော့လည်း..စောက်ကြီး..စောက်ကျယ်နဲ့ဟာတွေ..."

"အမေနဲ့တူတာကို..."

"အောင်မာ..."

"ဒုန်း..."

အကြီးတွေက ဆိုးတယ်ထင်တာ အငယ်ကောင်ကျမှ တစ်မူးပိုသာနေတော့တယ်။ ရေချိုးခန်းတံခါးကိုပိတ်သွားလိုက်တာများ ဂျက်တောင်ချပစ်လိုက်သေးတယ်။ ဒီအိမ်မှာ ရေချိုးခန်းတံခါးကို ဂျက်ချပြီး မျက်နှာသစ်တာဆိုလို့ ဒီတစ်ကောင်ပဲရှိတယ်။ အငယ်ဆုံးမို့လို့ အားကိုးရမလားမှတ်တယ်။ မျက်နှာသစ်ရင်လည်း ဇိမ်ခံတယ်၊ရေချိုးပြန်တော့လည်း တစ်နာရီ၊အိမ်သာတက်တော့လည်း တစ်နာရီ..အိမ်သာထဲမှာဘာလုပ်နေသလဲဆိုတော့ ဂိမ်းဆော့ရင်း အီးညှစ်ပါတယ်တဲ့။
ကြည့်နေ အဲ့အကောင် အိမ်သာတက်ရင်းနဲ့
ဘယ်ချက်လိပ်ခေါင်းထွက်မလဲ မသိဘူး။

"ဟူး..သားသမီးတွေများ...တစ်ယောက်တစ်မျိုးစီ  စောက်အိုးစည်တွေပါဟယ်.."

🦋🦋🦋🦋🦋🦋🦋🦋🦋

အချိန်အားဖြင့် ကိုးနာရီထိုးနေလေပြီ။နေအပူရှိန်ကလည်း မြင့်တက်လာပြီး ရန်ကုန်ရဲ့နဂိုပုံစံအတိုင်း ရာသီဥတုပူနေပါသော်လည်း လူတွေသွားလာ လှုပ်ရှားနေမှုတွေကတော့မပြတ်စမြဲပါပဲ။

ဘုန်းမြတ်မှာတော့ ပူတာလည်းဂရုမစိုက်နိုင်ပါဘူး။သူဂရုစိုက်တာက ကိုယ်လုံးပေါ်မှန်ထဲမှာ မြင်နေရတဲ့ သူ့ပုံရိပ်ကိုပင်။ဘုန်းမြတ်ဟာ အင်မတန်စည်းစနစ်ကျပြီး သန့်ရှင်းသပ်ရက်မှုအလွန်ကြိုက်‌ပေမဲ့လို့ အခုဆိုရင်ဖြင့် ကုတင်အပေါ်မှာ အ၀တ်တွေက ပြန့်ကျဲနေတော့သည်။အကြောင်းကတော့ ကောင်မလေးနဲ့ဒိတ်ဖို့ရန် အ၀တ်အစား၊တစ်စုံပြီးတစ်စုံ ရွေး၀တ်နေလည်းပဲ စိတ်သဘော၊ဓာတ်မနော အခြေမကျဖြစ်နေလေသည်။

"တောက်!!!ပေါ့ပေါ့ပါးပါး ၀တ်သွားရအောင် တစ်ခုမှလည်းမရှိဘူး..."

အ၀တ်အစားပုံတွေကြားထဲမှာသာ အိင်္ကျီချိုင်းပြတ်နဲ့ စိတ်ပျက်စွာ ထိုင်ချမိတော့တယ်။
အသက်ကသာ ၂၅နှစ်မပြည့်သေးတာ ၀ယ်ထားပြီးတဲ့ အ၀တ်တွေကတော့ အကုန်အနောက်တိုင်း ကုတ်တွေ၊စတိုင်ပင်န်တွေချည်းဖြစ်နေသည်။
ရည်းစားထားဖို့လည်း မတွေးမှမတွေးခဲ့ဖူးပဲကို။မဟုတ်လို့ကတော့ ဒိတ်လုပ်ရင်၀တ်ဖို့၀ယ်ထားမှာပေါ့။
အသက်အစိပ်ပြည့်ခါနီးမှ ကလေးစိတ်ကပေါက်လာပြန်တော့လည်း အခက်သား။

"ကိုကိုရေ...ကိုကို...ဟင်..အ၀တ်ပုံထဲမှာ ဘာထိုင်လုပ်နေတာလဲ...ဟောတော့် အင်္ကျီချိုင်းပြတ်ကြီးနဲ့...ပူလို့လား..."

"အင်း!!!ဟာ..မဟုတ်ပါဘူး..ဒါနဲ့လိပ်ပြာကဘယ်က‌နေ ဘယ်လိုအိမ်ထဲကို၀င်လာတာလဲ..."

သူခိုးလူမိဆိုသလို အပူရုပ်ဖြစ်နေတဲ့ပုံကို ကွယ်ချင်တာနဲ့ပဲ ဘာတွေမေးမိမှန်းကို မသိဘူး။ မေးလိုက်မိတာက"ဘယ်က‌နေ ဘယ်လိုအိမ်ထဲကို၀င်လာတာလဲ.."တဲ့ ပေါကြောင်ကြောင်နိုင်လိုက်တဲ့မေးခွန်း..တံခါးက‌နေ ခြေထောက်နဲ့လှမ်း၀င်
လာမှန်းကလေးကအစ ခွေးအဆုံးသိတယ်။

"ဒီမှာလေ..သော့..ကိုကိုပဲလိပ်ပြာကို ပေးထားပြီးတော့ ဘာလဲ..မကြိုက်ဘူးလား...အဲ့ဒါဆိုလည်း သွားတော့မယ်.."

"ဟာ..မလုပ်..မသွားပါနဲ့ကွာ...ကိုကိုက ရယ်ရမလားလို့ ပြက်လုံးထုတ်လိုက်တာပါ..မရယ်ရဘူးလား..."

"တစ်စက်မှကို မရယ်ရတာ..တော်သေးတယ်..ကိုကိုလူရွှင်တော်မလုပ်လို့...မဟုတ်ရင် ဘယ်သူမှ မငှားတာနဲ့ပဲ မွဲပြာကျနေမှာ...ဒါနဲ့အင်္ကျီလဲတော့လေ..
အပြင်သွားရအောင်...လိပ်ပြာကအချိန်လုပြီး လာရတာနော်...မြန်မြန်လုပ်..."

ကောင်မလေးကလည်း အလျှင်လိုနေတော့ ဘုန်းမြတ်စိတ်အိုက်လာသည်။ကိုယ့်ရည်းစား၀တ်ထားတာက ဂါ၀န်အဖြူလေးနဲ့ ကျစ်ဆံမှီးလေးနှစ်ဖက်ခွဲချပြီး ဘိုမအရုပ်ကလေးလို ချစ်စရာလေး။
သူကသာ အနောက်တိုင်း၀တ်စုံကြီး တကားကားနဲ့ဆိုရင် ချစ်သူတွေလို့မမြင်ကြပဲ စပွန်ဆာပေးတဲ့ဘဲကြီးလို့ မြင်ကြမှာသေချာတယ်။

"လိပ်ပြာ...ကိုယ့်ကို အ၀တ်အစားရွေးပေးပါလား..
ကိုယ့်မှာ ပေါ့ပေါ့ပါးပါးအပြင်ကို၀တ်သွားဖို့မရှိလို့...လိပ်ပြာရဲ့အမြင်မှာအဆင်ပြေတာလေး ရွေးပေးပါလား..."

အစောတည်းက ကြိုတင်ကြံစည်ထားပြီးသားမို့ လိပ်ပြာပါးချိုင့်တွေပေါ်အောင်ကို ပြုံးလိုက်သည်။

"အဲ့အတွက်တော့ လုံး၀စိတ်မပူနဲ့  ရော့ဒီဟာပဲ၀တ်လိုက် ပြီးရင် သွားကြမယ်..."

"ဘယ်ကိုလဲ..."

"အထည်ဆိုင်.."

"ဟမ်..."

"မွ..မြန်မြန်လုပ်နော်..ကိုကို..ဧည့်ခန်းမှာစောင့်နေမယ်..."

သူမကတော့ ပြောပြီး ပြီးသွားပေမဲ့ ဘုန်းမြတ်မှာတော့ အာဘွားအပေးခံလိုက်ရတဲ့ပါးတစ်ဖက်ကြောင့် နှလုံးသားတစ်ခြမ်းလည်း ခုန်တက်သွားသည်။
ဘယ်လိုကောင်မလေးပါလိမ့်။သူမလေးကြောက်မှာဆိုးလို့ အိပ်ချင်ယောင်ဆောင်နေပါတယ်ဆို‌ နေမှ ကျားအရှေ့ကိုမှလာပြီးနှာချေပြနေတယ်။ကိုက်စားပစ်လိုက်ရရင်တော့ အရိုးတစ်ခြား၊အသားတစ်ခြားဖြစ်ကုန်တော့မှာပဲ။
၀င်ရောက် မွှေနှောက်လာတဲ့ အမွှေဇယားတွေကို တရားနဲ့သာစိတ်ပြန်ဖြေရင်း အ၀တ်အစားလဲဖို့ကိုသာ အာရုံပြန်ဆိုက်လိုက်ပါတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ကိုကို့...ရပ်..ရပ်..ဒီဆိုင်ရှေ့မှာပဲရပ်..."

"ကျွီ..."

ချစ်သူရဲ့ စကားတစ်ခွန်းဆို တစ်ခွန်းပါပဲ။ချက်ချင်းပဲကားကိုဘရိတ်အုပ်ပစ်လိုက်သည်။

"ကိုကို...လာ..အိင်္ကျီ၀ယ်ကြမယ်..."

"ဟမ်..."

"လာပါဆိုကိုကိုရာ...လာ.."

အတင်းသူ့ကိုကားပေါ်ကနေ ဆွဲချလာတဲ့သူမကြောင့် ‌အရပ်ရှည်လွန်းတဲ့ဘုန်းမြတ်မှာ ငိုက်ဆိုက်၊ငိုက်ဆိုက်နဲ့ ပါလာရသည်။
အထည်ဆိုင်ထဲလည်း ရောက်ရော သူမကအနွေးထည် ခေါင်းစွပ်လက်ရှည် ဆင်တူနှစ်ထည်ကို ရွေးပြီး သူ့အားတစ်ထည်လာပေးသည်။

"လိပ်ပြာ...ဒါက ဘာလုပ်မလို့လဲ..."

"၀တ်ဖို့လေ..ကိုကို၀တ်ဖို့ ဆင်တူ၀တ်ကြမယ်လေ..ဒါမှအတွဲတွေမှန်းသိမှာပေါ့..."

"ဟာ...လိပ်ပြာရယ်..ဒီလောက်ပူတဲ့ရာသီကြီးမှာ ဒါကြီးကို၀တ်ထားရင် ရေနွေးဇလုံထဲကို ၀င်စိမ်ထားသလို ပြုတ်ပြီးသားဖြစ်နေမှာပေါ့...တစ်ခြားဟာ၀ယ်ပါလားကွယ်..."

 အမှန်တရားက ခါးတယ်ဆိုတာသိပ်ကိုမှန်နေတာပဲ။သူ့မှာ ဒါလေးပြောပြမိတာကို ထိုးလိုက်တဲ့မျက်စောင်းဆိုတာ ဟိုဘက်ကား‌လမ်းကိုတောင်ရောက်တော့မယ်။

"ဒါဆိုလည်း...ဒီ တီရှပ်လေး၀တ်ကြမယ်...ရော့..
ဒီမှာ..ကိုကို့အတွက် ဘောင်းဘီဒူးကျလေး လူငယ်ဆန်တယ်...ဟိုကအ၀တ်လဲခန်းမှာ သွားလဲလိုက်...
လိပ်ပြာလည်း..လဲ၀တ်လိုက်မယ်..."

"ကောင်းပါပြီဗျာ..."

ဘုန်းမြတ်အ၀တ်လဲခန်းသို့ ၀င်ပြီး တီရှပ်အဖြူနဲ့ အနက်ရောင်ဘောင်းဘီအပွ ဒူးကျလေးကို၀တ်လိုက်တော့လည်း သူ့မှာအသက် ဆယ့်ရှစ်နှစ်ကောင်လေး ပြန်ဖြစ်သွားသလိုလို ထင်မှတ်မိသည်။
သူ့ဘ၀မှာ သူစိမ်းမိန်းကလေး တစ်ယောက်က အ၀တ်အစားရွေးချယ်ပေးတာကို လက်ခံ၀တ်ဆင်မိတာ ဒါပထမဆုံးပါပဲ။
ချစ်သူရှိတာ တကယ်ကိုကောင်းတာပဲ။သူ့ဘာသာသူဆိုရင် ဘယ်အ၀တ်တွေက ဘယ်လိုနေမှန်း သိပ်သိတာမဟုတ်ဘူး။ဟော ချစ်သူလေးက ဒတ်ခနဲဆိုရွေးပေးပြီး ၀တ်ခိုင်းတော့လည်း ကြည့်ကောင်းနေတာပါပဲ။
အ၀တ်လဲခန်းထဲကနေ သူထွက်လာတော့ လိပ်ပြာကမှန်အရှေ့မှာ မတ်တက်ရပ်နေလေသည်။

ဘုန်းမြတ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်းပဲပြူးကျယ်သွားပြီး ဆိုင်ထဲမှ ပုရိသတွေမမြင်အောင် ချွတ်ထားတဲ့ အိင်္ကျီနဲ့ သူမခြေထောက်တွေကို ပြေးကာအုပ်လိုက်ရသည်။

"ဟာ...ကိုကို့...ဘာလုပ်တာလဲ..."

"အဲ့ဒါ...ကိုယ်ကမေးရမှာ..ဘာလို့ဒီလောက်တိုတိုလေးကို ၀တ်ရတာလဲ.. တစ်ခြားစကပ်ပြောင်း၀တ်ကွာ..."

လာပြန်ပြီနောက်တစ်ယောက်။အစ်ကိုတွေအရှေ့မှာဆိုလည်း အစ်ကိုတွေမို့လို့၊အခု ချစ်သူကပါ ဒီတစ်ချိုးတည်းပါလား။ဂျင်းစကပ်လေးကလည်း သိပ်တိုတာမဟုတ်ပါဘူး။ဒူးအထက်လေးနဲနဲပဲ ရောက်တာကိုများ အကုန်ပြနေတဲ့စတိုင်လ်နဲ့
အိုဗာ‌‌တွေ သိပ်လုပ်တာပဲ။

"မရဘူး..ဒါပဲကြိုက်တယ်..ဒါပဲ၀တ်မယ်..."

"အိုကေလေ...ဒါဆိုလည်း ဒီဆိုင်မှာရှိတဲ့ အတိုအပြတ်တွေ အားလုံး၀ယ်သွားပြီး ကွန်ဒိုကိုပဲ ပြန်ကြတာပေါ့...အိမ်ရောက်မှ ကိုယ့်တစ်ယောက်တည်းကိုပဲ၀တ်ပြ...ဒါပဲ..."

"ဟာ..."

မိန်းကလေးနဲ့အပြိုင် စိတ်ကောက်ပြနေတဲ့ ကိုကို့ပုံစံကိုကြည့်ပြီး လိပ်ပြာလက်ဖျားပါခါတယ်။
အစ်ကိုတွေကြောင့် ငယ်ငယ်တည်းကအတိုလေးတစ်ခါမှ မ၀တ်ဖူးလို့၀တ်ကြည့်ပါတယ်။ချစ်သူက ပိုတောင်ဆိုးနေတယ်။ဒါဖြင့်ရင် ရှေ့လျှောက်
နို့ဆီဗူးထဲမှာပဲ အိမ်ဆောက်နေတာ ကောင်းမယ်ထင်တယ်။

"ဟုတ်ပါပြီ...အစ်ကိုကြီးရယ်..ဂျင်းဘောင်းဘီပဲ ၀တ်ပါတော့မယ်..."

"ဟဲ...ဟဲ..ဒီလိုမှပေါ့..."

အမြဲခပ်တည်တည်နေတတ်တဲ့ ကိုကိုကဒီနေ့မှ ဘယ်လိုဖြစ်ပြီး ပြောင်စပ်စပ်ရုပ်ပေါက်နေသလဲမသိပါဘူး။အရမ်း ကလေးဆန်နေသလိုပဲ။
လိပ်ပြာကတော့ အ၀တ်လဲအခန်းထဲမှ ကိုယ့်ပုံစံကို ပြန်ကြည့်ပြီး ငိုမဲ့မဲ့ကြီးဖြစ်နေသည်။

"ဂျင်းစကပ်ကလေးနဲ့က ပိုလိုက်တဲ့ဟာကို..."

🦋🦋🦋🦋🦋

ကိုကိုက လူများ၊လူစည်တဲ့နေရာတွေကို သွားလေ့၊သွားထမရှိခဲ့ဘူးဆိုလို့  လိပ်ပြာအကြံရလိုက်တာက ကစားကွင်းကိုခေါ်လာဖို့ပါပဲ။
ပြီးတော့ အမှောင်ကြောက်တဲ့ ကိုကို့အား သရဲအိမ်ကို ၀င်ခိုင်းရမယ်လို့တွေးလိုက်တယ်။
ဒါကြောင့် ပြည်သူ့ရင်ပြင်ကို ခေါ်လာပြီး စိတ်အပန်းဖြေဖို့ စဉ်းစားမိသွားသည်။
ကစားကွင်းမှာတော့ အတွဲတွေ၊မိသားစုလိုက်တွေနဲ့လူတွေဆိုတာ စည်ထွက်နေတာပါပဲ။
လိပ်ပြာနဲ့ကိုကို ကတော့ တစ်ယောက်လက်ကို တစ်ယောက်မလွှတ်တမ်း တွဲထားကြပြီး ဆင်တူအင်္ကျီလေး၀တ်ကာ လျှောက်ပတ်သာကြည့်နေမိကြတယ်။

"ဟာ...ကိုကို...ငယ်ငယ်က တစ်ခါမှ ကလေးကစား‌နည်းတွေကို လွတ်လွတ်လပ်လပ် မကစားခဲ့ရဘူးဆို..."

"အင်းလေ.."

"ဒါဆို...လာ..."

သူမက  သားရေကွင်းနဲ့ သံဗူးလေးတွေကို ပစ်တဲ့ဆီသို့ ခေါ်သွားပြီး သားရေကွင်း တွေကို ပိုက်ဆံပေး၀ယ်ကာ ဘုန်းမြတ်ရဲ့လက်ထဲကိုထိုးထည့်ပေးလေသည်။

"ဘာလုပ်ဖို့လဲ...လိပ်ပြာရဲ့..."

"ပစ်ဖို့လေ..ဟိုမှာ စီထားတဲ့ သံဗူးလေးတွေကို ထိအောင်ပစ်နိုင်ရင် ဟိုကအမွှေးပွ အရုပ်ကြီးတစ်ရုပ်ရမှာတဲ့...ကြိုးစားထားနော်..."

"ဟမ်..."

"ကြိုးစားထားနော်"ရဲ့အနောက်မှာ "ထိအောင်ပစ်နော်"ဆိုတဲ့ အရိပ်အယောင်တွေကပါလာတော့ ခက်နေလေပြီ။ပထမတစ်ကွင်းပစ်လိုက်တယ်။
မထိဘူး။ဒုတိယတစ်ကွင်း ပစ်လိုက်တယ်။လွဲတာပါပဲ။ဒီလိုနဲ့ သားရေကွင်းတွေသာ တစ်ပင်ပြီးတစ်ပင်ကုန်သွားပေမဲ့ သံဗူးတွေကတော့ လေတိုးလို့တောင်  မရွေ့သွားဘူး။အားနာနာနဲ့ပဲ ချစ်သူလေးကို ကြည့်လိုက်တော့ နှုတ်ခမ်းကြီးက တစ်တောင်လောက် အရှေ့ကိုထွက်နေလေပြီ။ထင်ထားတဲ့အတိုင်းပါပဲ။

"ကိုကိုကလေ...ရုပ်ချောပြီး...ခြေတံ..လက်တံ...ဒီလောက်ရှည်နေပါလျှက်နဲ့ ဒါမျိုးကြတော့ သုံးလို့မရဘူး..."

"ဟာ...လိပ်ပြာရယ်...ရုပ်ချောတာနဲ့ပဲ သားရေကွင်းအပစ်တော်ရမယ်လို့ ဘုရားကမှ ဟောမထားခဲ့တာကွာ..."

"ဟင်း...အပြောကတော့ ရွှေမန်းပါပဲရှင်...လိုက်လို့မမှီပါဘူး..."

ချစ်သူလေးက စိတ်ကောက်တော့လည်း အပြေးလိုက်ပြီး ချော့ရတော့တာပါပဲ။

"လိပ်ပြာ...နေပါအုံးကွာ...သရဲအိမ်ကို ၀င်မလို့ဆို.."

"မ၀င်တော့ဘူး...ဒီနေ့အတွက်တော့ ရှင့်အပေါ်ကို ‌စေတနာ တစ်ပြားတစ်စိတောင် မရှိတော့ဘူး..."

"တစ်ပြားတော့ရှိတယ်လုပ်ပါကွာ..."

"ဘာပြောတယ်.."

"ဟို...စေတနာ..စေတနာကိုပြောတာပါ..."

လိပ်ပြာကိုကို့မျက်နှာကို ပြန်ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ဖြစ်နေသည်။လာပြန်ပြီ၊
ဒီအကြည့်တွေ၊ဒီမျက်နှာပေးတွေကြောင့်ပဲ လိပ်ပြာအသဲတွေ အရည်ပျော်ရတာပေါ့။

"ဒီလိုလုပ်...ဟက်ပီးဝေါလ်ဘက်က သရဲအိမ်ကိုသွားကြမယ်...အဲ့ကပိုကြောက်ဖို့ကောင်းမယ်ထင်တယ်..."

"လိပ်ပြာရဲ့ သဘောဗျာ..."

သဘောကောင်းလွန်းနေတဲ့ ကိုကို့ကြောင့် လိပ်ပြာကိုကို့လက်မောင်းကို ချိပ်ထားလိုက်ပြီး ကိုကို့ပုခုံးကိုမှီကာ ပျော်ပျော်ပါးပါးဟက်ပီး‌ဝေါလ်သို့ ချီတက်လေတော့သည်။

ရိုလာကိုစတာ စီးဖို့တန်းစီနေကြတဲ့လူတွေရဲ့အနားကိုအရောက်မှာတော့ လိပ်ပြာရဲ့မြင်ကွင်းထဲမှ
 လူနှစ်ယောက်ကို မြင်ဖူးသလိုလိုရှိတယ်ဆိုပြီး ကြည့်နေမိသည်။

"ဟင်...အစ်ကိုကြီးနဲ့...အစ်ကိုလေး..."

"ဘယ်မှာလည်း...လိပ်ပြာရဲ့..."

"ဟိုမှာ. .."

အစ်ကိုတွေရှိရာဆီသို့ ကိုကိုမြင်ဖူးရန်လက်ညှိုးထိုးပြလိုက်ချိန်မှာပဲ လိပ်ပြာတို့ဘက်ကို လှည့်ကြည့်လာသည့် အစ်ကိုကြီးကြောင့် လိပ်ပြာချက်ချင်းပဲ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပစ်လိုက်ကာ မပြေးရုံတမယ် လျှောက်နေမိသည်။ဒုက္ခပဲ မြင်သွားပြီလား မသိဘူး။ခုဏက အစ်ကိုကြီး လိပ်ပြာကိုလှမ်းကြည့်လိုက်တာ သေချာနေသလိုပဲ။

ဘုန်းမြတ်မှာတော့ အစ်ကိုတွေကိုမြင်တာနဲ့ သူ့ကိုတောင်ထားခဲ့ပြီး လှစ်ကနဲပြေးသွားတဲ့ကောင်မလေးကို နားမလည်နိုင်ဖြစ်နေရသည်။
သူ့အစ်ကိုတွေကြည့်ရတာ ရုပ်တွေကခပ်ဖြောင့်ဖြောင့်နဲ့ သဘောကောင်းမဲ့ပုံတွေပါပဲ။
လိပ်ပြာလိုမျိုး ကလေးရုပ်‌ ပေါက်ပြီး မိန်းမချောချောတဲ့ တစ်ယောက်က ပိုလို့တောင် သဘောကောင်းမဲ့ရုပ်‌ပါ။လိပ်ပြာက ဘာလို့များ
ဒီလောက်လှိမ့်ကြောက်နေရတာလဲ။တွေ့သွားလည်း အေးတာပဲဥစ္စာ။

"လိပ်ပြာ...ကိုယ့်ကိုစောင့်အုံးလေ..."

"မစောင့်နိုင်ဘူး...ကိုယ့်ခြေထောက် ကိုယ်သုံးပြီး သာအမှီလိုက်ခဲ့ပေတော့...လိပ်ပြာကတော့ သေမှာကြောက်တယ်..."

ဘုန်းမြတ်မှာ ဘာမှန်း၊ညာမှန်းတွေးမနေတော့ပဲ သူမ ပြောတဲ့အတိုင်းသာလိုက်နာလိုက်ရပါတယ်။စိတ်ထဲမှာတော့ တေးထားလိုက်သည်။
"ယောက်ဖတွေ...ယောက်ဖတွေ...တည့်အောင်ပေါင်းထားမှ ဖြစ်မယ်..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋


=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၇


အချိန်အားဖြင့် ည၇နှစ်နာရီထိုးနေလေပြီ။
ပြူတင်းပေါက်ဘေးနားက စာကြည့်ခုံလေးမှာထိုင်လိုက်ရင်း စံပယ်ရုံမှ စံပယ်ပန်းရနံ့သင်းသင်းလေးကို တစ်၀ကြီးရှူရှိုက်လိုက်တော့ စိတ်ထဲမှာလန်းဆန်းသွားတာပဲ။
ကြယ်ရောင် တဖြတ်ဖြတ်လင်းလတ်တောက်ပနေတဲ့ ကောင်းကံယံထက်မှ လမင်းလေးကိုငေးကြည့်မိရင်း ကြည်နူးစရာအနာဂတ်နေ့ရက်လေး‌တွေကို ပုံဖော်ကြည့်နေမိတယ်။
လိပ်ပြာ သတိထားမိသလောက်တော့ ကိုကိုဒီနေ့အရမ်းပြုံးတာပဲ။ လိပ်ပြာပြောသမျှ၊ဆိုသမျှကိုလည်း ဗွေမယူပဲ လိပ်ပြာရဲ့အလိုဆန္ဒကိုသာ ရှေ့တန်းတင်ပေးထားတဲ့ချစ်သူမျိုးကို ရှာထားနိုင်တာ ကံကောင်းခြင်းတစ်မျိုးပဲပေါ့။
လိပ်ပြာဖုန်းကိုယူလိုက်ပြီး ကိုကို့ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ဖုန်းက ၀င်ရဲ့သားနဲ့လာမကိုင်ဘူးဖြစ်နေသည်။

"အလုပ်ရှုပ်နေလို့များလား..."

နာရီကို ပြန်ကြည့်လိုက်တော့ ခုနှစ်နာရီနဲ့ဆယ်မိနစ်ပဲရှိပါသေးတယ်။လိပ်ပြာဖုန်းထပ်ခေါ်လိုက်ချိန်မှာတော့ ကံတရားက လိပ်ပြာဘက်ကို အလေးသာနေတယ်ထင်ပါရဲ့ တန်းပြီးတော့ကိုကိုင်တာပဲ။

📞"ဟယ်လို...ကိုကိုလား...လိပ်ပြာပါ..."

📞"ကိုမြတ်မရှိဘူးရှင့် သန့်စင်ခန်းခဏသွားနေလို့ ဒါနဲ့ ကိုမြတ်ညီမလေးလား..."

ကြားနေရတဲ့ မိန်းကလေးအသံကြောင့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်ပြီး ဖုန်းနံပါတ်များမှားနေသလားလို့ ပြန်ကြည့်နေမိသည်။

"မမှားပါဘူး..."

📞"ဟယ်လို...အရေးကြီးကိစ္စဆိုရင် မမကိုပြောခဲ့လည်းရပါတယ်ညီမလေး....ကိုမြတ်ပြန်လာရင်ပြန်‌ပြောပေးမယ်လေ..."

အောင်မယ်။သူကပဲ ပိုင်စိုးပိုင်နင်းနဲ့ အရေးကြီးကိစ္စလေး ဘာလေးလာလုပ်နေတယ်။

📞"ဒါနဲ့အခုအဲ့ဘက်က အစ်မကဘယ်နေရာမှာရောက်နေတာလဲ...ကိုကိုကရော ဘာလို့အဲ့ဒီ့နေရာကို ရောက်နေရတာလဲ..."

📞"အော်..လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲဒင်နာစားနေကြတာပါ...ကိုမြတ်ကအခုလေးတင်သန့်စင်ခန်းသွားဖို့ ခဏထသွားတာ..အဲ့ဒါဖုန်းကျန်ခဲ့တာလေ...ညီမလေးပြောစရာရှိတာပြောခဲ့လေ..မမပြန်ပြောပေးထားမယ်.. ကိုမြတ်နဲ့မမက အရမ်းရင်းနှီးပါတယ်.."

စိတ်ထဲမှာ မကျေနပ်မှုတွေကတော့ ပေါ်လာပြန်ပါပြီ။"ရင်းနှီးတယ်"တဲ့ အသံအနေအထားကို နားထောင်နေရသလောက် မသိရင်သမီးရည်းစားလိုလို ဘာလိုလိုနဲ့။

📞"ဒါနဲ့...အစ်မကဘယ်သူလဲ..."

📞"တို့ကလား...တို့နာမည်...ရွှေစင်သက်ထားတဲ့ မှတ်ထားနော်ညီမလေး...ရွှေစင်လို့ခေါ်လည်း ရပါတယ်...အော်...ပြောရင်းဆိုရင်းနဲ့...ဟိုမှာကိုမြတ်လာနေပြီ...စကားပြောအုံးမလား..."

📞"နေ..နေ...ကိုကိုနဲ့မပြောတော့ဘူး...အစ်မကိုပဲပြောလိုက်တော့မယ်..."

📞"ပြောလေ...ညီမလေး...ဘာလဲ ကိုမြတ်ကိုအခြားကောင်မလေးတွေ လာကပ်မှာဆိုးလို့လား..အဲ့အတွက်တော့လုံး၀မပူနဲ့ အစ်မတစ်ယောက်လုံးရှိတယ်...သိလား.."

📞"အစ်မတစ်ယောက်လုံးရှိလို့ကို စိတ်မချတာ.."

📞"ဘယ်လို..."

📞"ဒီမှာ မရွှေစင်သက်ထားရှင့်...ကျွန်မက ကိုကို့ရဲ့ညီမလေးမဟုတ်ပါဘူး..ကိုကို့ရည်းစားအစစ်ဖြစ်တာကြောင့်...‌အဲ့ဒီ့ဘက်က.. ဝေါင်ဝေါင်ရှေး
..ဝေးဝေးကရှောင်ပါလို့..ပြောချင်ပါတယ်
..ဒါပဲ..."

📞"တူ...တူ..."

"တောက်!!!"

ဖုန်းချလိုက်တာနဲ့ လိပ်ပြာတက်ခေါက်လိုက်မိပြီး ရင်ထဲမှာလည်း  စူးသေးသေးလေး အစူးခံလိုက်ရသလိုဖြစ်‌နေတာဟာ တော်တော်ခံရခက်နေသည်။လေသံကိုက ဆီအိုးထဲကိုပစ်ချလိုက်သလို အသံနဲ့ ချွှဲပြစ်နေတာပဲ။မသိရင် ကိုကိုကပဲ သူ့အပိုင်ဖြစ် နေသလိုပုံစံနဲ့။‌စကားလုံးတိုင်းကလည်း ပိုင်စိုးပိုင်နင်းနဲ့။ဒီလိုမိန်းမမျိုးက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲကို တက်တယ်တဲ့။

ဒါမှမဟုတ်၊ကိုကို့ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲလား။ဒါဆိုရင်တော့ ကိုကို့ရဲ့အကျိုးအမြတ်ဖြစ်စေမဲ့ အရာကိုလိပ်ပြာရိုက်ချိုးလိုက်မိသလိုများ ဖြစ်သွားပြီလား။စိတ်ညစ်မှုတွေက ရင်ထဲမှာတိုးဝေ့လာလွန်းလို့ အခုချက်ချင်းပဲ ကိုကိုရှိနေတဲ့ နေရာကိုလိုက်သွားလိုက်ချင်တယ်။
ရုပ်ချောပြီး၊ပိုက်ဆံချမ်းသာတဲ့ လူကိုမှကြိုက်မိတာက လိပ်ပြာရဲ့အပြစ်တွေပါပဲလေ။ဒီနေရာမှာ ဗေလု၀လို ရုပ်မျိုးဆိုရင် တစ်၀က်လောက်က စိတ်ချနေလို့ရသေးတယ်။

"ဟူး...အခုတော့...ရုပ်ရှင်မင်းသားပုံစံ..ကိုလူချောကြီးဆိုတော့ ခက်နေတာပေါ့...ငါ့နယ်နော်...
ရုပ်ဆိုးဆိုးကို ဘာလို့ရွေးမကြိုက်မိပါလိမ့်...တွေ့မယ်..မနက်ဖြန်ကျမှ ရှင်ကြီးကို ရစ်ပြမယ်...
သေဖို့သာပြင်တော့...."

"ဒေါက်!!!...ဒေါက်!!!!..."

"လိပ်ပြာဖြူ...နင်မအိပ်သေးဘူးဆိုတာ..ငါသိတယ်...အခုချက်ချင်း ဧည့်ခန်းထဲကိုလာခဲ့...ကြားလား..."

"ဟုတ်ကဲ့..အစ်ကိုလေး..."

အစ်ကိုလေးရဲ့ အသံကလည်း ကျောက်တောင်ကြီးထက်တောင် မာနေသလိုပဲ။
နေ့ခင်းတုန်းက လိပ်ပြာတို့ကို တွေ့သွားလို့များလား။တွေ့သွားရင်တော့ သေပြီဆရာ။ခေါင်းကိုတင်းပုတ်နဲ့ အထုခံရဖို့သာပြင်တော့။

"အရှင်...ဘုရား...တပည့်တော်မဟာ...အခြားသူတွေကို စိတ်ရင်းနဲ့ကူညီခဲ့ဖူးတယ်လို့ သစ္စာဆိုပါတယ်ဘုရား..ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော်မရည်းစားထားမိတာကို အိမ်ကလူတွေ မသိပါစေနဲ့ဘုရား..."

ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘုရားကိုရည်စူးပြီး ဖင်မူးတောင်းထောင် ကန်တော့ပန်းခြွေရပါသေးသည်။
ကုသိုလ်ကံလေးများ ဘက်လိုက်မလားလို့ပါ။အပြစ်တွေလျော့ပေါ့မလားလို့ ဘုရားကိုခဏဆွဲထည့်မိတာ ခွင့်လွှတ်တော်မူပါဘုရားလို့လည်း တိုင်တည်လိုက်ရသေးတယ်။

"လူတွေ စုံနေပါလား...ဟဲ..ဟဲ..."

အတတ်နိုင်ဆုံး လှပအောင်သွားလေးဖြဲပြီး ရယ်ပြနေရပေမဲ့ ဧည့်ခန်းထဲမှာ ထိုင်ပြီး ပြူးပြဲကြည့်နေကြတဲ့ မိသားစု၀င်တွေကြောင့် စိတ်ကတော့ အတော်မောနေလေပြီ။ရင်ထဲမှာလည်း ငလျှင်အကြီးစားကြီး တိုက်ခတ်လာဖို့ တဲတဲလေးသာလိုပါတော့တယ်။

"အမေနဲ့ အဖေ အိပ်တော့မှာလား...သမီးအိပ်ယာသွားပြင်ပေးမယ်လေ..."

"လိပ်ပြာဖြူ...နင်အပိုတွေ လာမပြောနဲ့ ဒီမှာလာထိုင်..."

အစ်ကိုလေးဟာလေ ရုပ်နဲ့စိတ်က လိုက်ဖက်မှုရှိရင် သိပ်ကောင်းမှာပဲ။အခုတော့ သူတစ်ခွန်းဆိုရင် လိပ်ပြာမှာ ဖိန့်ဖိန့်တုန်အောင်ကြောက်နေရတယ်။ကမ္ဘာပေါ်မှာ လိပ်ပြာအကြောက်ဆုံးက ဘာလဲလို့မေးလာခဲ့ရင် အစ်ကိုလေးလို့ဖြေဖို့ရာမှတစ်ပါး အခြားမရှိတော့ပါဘူး။

"နေ့ခင်းက ကစားကွင်းမှာ အစ်ကိုကြီးကိုယ်တိုင်..
နင့်ကို တွေ့လိုက်တယ်တဲ့...နင့်ဘေးနားမှာလည်း..
ယောက်ျားတစ်ယောက်က ကပ်ပါလာတယ်ဆို..
အဲ့ဒါဘယ်သူလဲ...ဘယ်ကကောင်လဲ..မှန်မှန်ဖြေ"

သေပြီဆရာ။မေးခွန်းသတ်တယ်ဆိုတာ ဒါမှအစစ်။မသိရင်မေးနေတဲ့ပုံစံက အစ်ကိုကြီးတွေ့တာ မဟုတ်ပဲ သူကိုယ်တိုင်တွေ့လိုက်သလိုလိုနဲ့။
ခုဏကတင် တဲတဲလေးဖြစ်နေတဲ့ ငလျှင်လှိုင်းကြီးက စိတ်အာရုံကို ခပ်ပြင်းပြင်းမွှေ‌ချသွားပေမဲ့ အပြင်မှာတော့ ကိုယ်မဟုတ်သလိုပဲနေပစ်လိုက်သည်။

"ဘယ်က..ကစားကွင်းလဲ..အစ်ကိုလေးရာ...
နေ့ခင်းက အေးအေးနဲ့သဲနုတို့ ဂျပန်သင်တန်းပိတ်တယ်ဆိုလို့ သူတို့ဆီကိုသွားလည်နေတာပါ...မယုံရင် ဖုန်းဆက်မေးကြည့်လိုက်ပါလား..."

"လိပ်ပြာ...ငါ့အမြင်က အဲ့လောက်မဆိုးဘူးနော်..."

"အစ်ကိုကြီးရယ်..အစ်ကိုကြီးရဲ့အမြင်ကမဆိုးလို့ပဲ...မျက်မှန်တပ်ထားရတာမဟုတ်ဘူးလား..."

အဲ့ဒီ့မှာတစ်ကွက် ခံလိုက်တော့ အစ်ကိုကြီးရေလို့ စိတ်ထဲကနေ ခနဲ့နေလိုက်သည်။အစ်ကိုကြီးက အဖေ့လို အဝေးမှုန်တာကြောင့် အဝေးကိုကြည့်ရင် မျက်မှန်တက်ကြည့်မှရတဲ့သူဖြစ်နေတာကိုက လိပ်ပြာအတွက် ဖိစရာတစ်ချက်ပင်။လိပ်ပြာသေချာမှတ်မိလိုက်ပါတယ်။
နေ့လည်က ရိုလာကိုစတာစီးဖို့ကို ရပ်စောင့်နေတဲ့ အစ်ကိုကြီးရဲ့မျက်လုံးမှာ မျက်မှန်မတတ်ထားခဲ့ဘူးဆိုတာ‌‌ပေါ့။

"ဟဲ့...နင်တို့ကလည်း သေချာတာလဲမဟုတ်ပဲနဲ့ ငါ့သမီးကို..လာစွပ်စွဲနေကြတယ်..."

"ဟာ..အမေ..အသာနေစမ်းပါ...ဒီလိုကိစ္စမျိုးက စည်းကမ်းတင်းကျပ်ထားမှတော်ခါကြမှာ...
မဟုတ်ရင် အမေ့သမီးကအခုမှ အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာ...မဟုတ်တာတွေလျှောက်လုပ်နေမှ...အမေတို့ရင်ကျိုးမယ်..."

"ကောင်းကျော်ရယ်...နင်ဟာလေ..အလုပ်မရှိ
..အလုပ်ရှာပြီး...တအားပူတာပဲ...အဲ့လောက်တောင် နှမကို နှမျောနေရင်လည်း..ကျော်ပိုးအိတ်ထဲကို ထည့်ပြီး သွားလေရာသာ သယ်သွားချည်..တကယ်တည်းမပဲ..."

"သယ်သွားမှာ...စိတ်ချ...အငယ်မ..."

"ရှင်..."

"မနက်ဖြန်ကျရင်..ငါ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိတယ်...နင်လိုက်ခဲ့ရမယ်..ကြားလား..."

"ဟုတ်..."

အစ်ကိုရဲ့စကားဆိုတော့လည်း လိပ်ပြာမှာဖီဆန်ဖို့ အင်အားမရှိပါဘူ။မကျေမနပ်နဲ့ပဲ ခေါင်းကိုညိမ့်ပစ်လိုက်ရသည်။

"ဒေါ်မြဖြူ ..ငါအိပ်ချင်နေပြီ...အိပ်ယာခင်းတော့..."

"ကဲ...သမီးရေ..ဒီမှာ..နင့်အဖေက မအိပ်ရရင်
အသက်ငင်တော့မှာမို့...အိပ်ယာသွားခင်းပေးလိုက်ပါအုံး..."

"ဟုတ်ကဲ့အမေ..."

အဖေက ညခုနှစ်နာရီ၊ရှစ်နာရီထိုးပြီဆိုတာနဲ့ အိပ်ယာခင်းခိုင်းတတ်တဲ့အကျင့်ကြောင့် အမေနဲ့တစ်စက်မှကိုမတည့်တာပါ။
အမေကလည်း တစ်နေ့၊တစ်နေ့ စကားနာမှမထိုးရရင်နေသာ၊ထိုင်သာ မရှိဘူးထင်ပါရဲ့။

လိပ်ပြာလည်း အဖေနဲ့အမေရဲ့အခန်းထဲကို ၀င်သွားလိုက်ပြီး ကုတင်အခင်းတွေ၊စောင်တွေ၊ခေါင်းအုံးတွေကို နေရာသေချာချပေးလိုက်သည်။

"အော်..တစ်ချို့လူတွေများ..ဆင်သား‌ရေကိုဆိတ်သားရေနဲ့ ဖုံးချင်နေတာ မသိရင်ခက်မယ်..."

အသံကြားရာ တံခါးအ၀သို့လှမ်းကြည့်လိုက်တော့ မင်းမင်းက လက်ကိုဟန်ပါပါနဲ့ ပိုက်ထားပြီး တံခါးရွက်ကိုမှီကာ ရုပ်ကလည်း မချိုမချဉ်ရုပ် ဖြစ်နေသလိုလိုပဲ။

"မင်းမင်း...နင်ဘာတွေလာပြောနေတာလဲ..
ဆင်ဝေ့ရန်ရှောင်နဲ့ ပြောစရာရှိရင် ဒဲ့ပြောပါလား..."

"ကောင်းပြီ...ပြောစရာရှိတာကို ဒဲ့ပြောရရင်တော့ မမရည်းစားရနေပြီဆိုတဲ့အကြောင်းကို ကိုဖိုးချွန်ဆီကနေ..ကျွန်တော်သိခဲ့...အု..အူး..."

အိမ်ကလူတွေမကြားခင် သကောင့်သားပါးစပ်ကို  လိပ်ပြာ အတင်းပြေးအုပ်လိုက်ရသည့်အဖြစ်။မဟုတ်ရင် ဒီပါးစပ်ပေါက်ကြောင့် လိပ်ပြာခေါင်းကြိမ်းရမှာသေချာတယ်။

"နင့်ပါးစပ်ကိုပိတ်ပြီး တိုးတိုးပြောစမ်း ကိုကြီးတို့ကြားသွားရင် သေပြီဆရာပဲ..."

"ဟ...ပါးစပ်ကိုပိတ်ပြီး ပြောလို့မှမရတာ..
တစ်သတ်လုံးမပြောစေချင်ရင် နည်းလမ်းတစ်ခုတော့ရှိတယ်..."

" ဘာနည်းလမ်းလဲ..."

"ကျွန်တော့်ပါးစပ်ပေါက်ကို ရအောင်ပိတ်..."

လိပ်ပြာသိလိုက်ပါပြီ။မင်းမင်းက တကယ့်အခွင့်အရေးသမားပဲ။ကိုယ့်အစ်မကိုယ်တောင် အမြတ်ကြီး ပြန်စားတဲ့ကောင်။ကိုယ့်အပူနဲ့ ကိုယ်မို့ပေါ့ မဟုတ်ရင်ရေနွေး‌နဲ့ပြုတ်ပြီး ဆံပင်တွေကိုတစ်မွှေးမှ မရှိအောင်ကို ဆွဲနှုတ်ပစ်လိုက်တယ်။တကယ့်လက်တွေ့မှာကတော့...

"တစ်သောင်း...."

"မမရယ်...စာရေးဆရာမကြီးလုပ်နေပြီးတော့များ..တစ်သောင်းတဲ့...မရဘူး..."

"ဟဲ့..စာရေးဆရာမလည်း မွှဲတဲ့လူကမွှဲတာပဲလေ...တစ်သောင်းမရရင်လည်း...နှစ်သောင်းဟာ.."

"ဟင့်အင်း..မရသေးဘူး..."

"သုံးသောင်း..."

"နိုး..နိုး..."

"လေးသောင်းဟာ...ဒါဂိတ်ဆုံးပဲ..."

"မမ..ကျွန်တော့်ပါးစပ်ကလေးက လေးသောင်းပဲတန်တာလားဗျာ...တကယ်မယုံနိုင်ဘူး..."

"အောင်မာ..ကြီးကြီးကျယ်ကျယ်နဲ့ နင့်ပါးစပ်ပေါက်ကြီးက တစ်ပြားမှကိုမတန်တာ သိရဲ့လား..."

"ကောင်းပြီလေ...ဒါဆိုလည်း...အစ်ကိုလေးရေ...ဒီမှာဗျို့..."

"..ငါးသောင်း.."

ငါးသောင်းလို့ထွက်လိုက်တာနဲ့ ကိုယ်တော့်အပေါက်က ချက်ချင်းပိတ်သွားလိုက်တာများ
မပြောလိုက်ချင်ဘူး။အစ်မကိုတောင်လာပြီးအကျပ်ကိုင်နေတယ်။ကြည့်နေ သူရည်းစားထားမှ လိုက်ပြီးကန့်လန့်တိုက်ပြမယ်။
လိပ်ပြာကိုယ့်အခန်းကိုယ် ပြန်သွားလိုက်ပြီး ဒီညမှာတော့ စိတ်ညစ်ညူးမှုတွေနဲ့သာ အိပ်စက်ပစ်လိုက်ပါတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋

"ဟဲ့...အငယ်မ..လာလေ.."

အစ်ကိုလေးရဲ့ ဟိန်းဟောက်သံကြောင့်ပဲ လိပ်ပြာဆိုင်ထဲကို မ၀င်ချင်၊၀င်ချင်နဲ့၀င်သွားလိုက်ရလေသည်။
ဒီဆိုင်က ဟော့ပေါ့နဲ့ တရုတ်စာတွေသီးသန့်ရောင်းတဲ့ဆိုင်ကြီးပါ နောက်ပြီးကိုကို့ရဲ့ ကုမ္ပဏီနဲ့လည်း နီးလေတော့ ကိုကို့ဆီကို သွားရရင်သိပ်ကောင်းမှာပဲ။

ဆိုင်အပြင်အဆင်‌တွေကတော့ ခောတ်ဆန်ပေမဲ့ တရုတ်စတိုင်လ်ပေါက်နေသည်။ဆိုင်ထဲမှာလည်း စားသုံးသူတွေကအပြည့်ပါပဲ။

"ကောင်းကျော်...ငါတို့ဒီမှာ..."

အစ်ကိုလေးရဲ့ သူငယ်ချင်းတွေက လက်လှမ်းပြတာကြောင့် လိပ်ပြာတို့ထိုဝိုင်းဆီသို့ လျှောက်သွားလိုက်ရသည်။တော်သေးတာပေါ့ အစ်ကိုလေးရဲ့ သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေပါ ပါနေလို့။
အစ်ကိုလေးကိုယ်တိုင်ကလည်း အင်ဂျင်နီယာဖြစ်တာကြောင့် အကုန်လုံးကလည်း အင်ဂျင်နီယာတွေဆိုတာ သေချာပါတယ်။

"ကောင်းကျော်...သူက..."

"သူက..ငါ့ညီမလေး..လိပ်ပြာဖြူတဲ့...ညီမလေး...
သူ့နာမည်က ထွန်းမင်း..သူကလမင်း..သူကထွန်းတောက်ကြယ်တဲ့...သူကတော့ သဲဗိုလ်
..သူက ငြိမ်းမြင့်တဲ့..."

"တွေ့ရတာ...၀မ်းသာပါတယ်..လိပ်ပြာဖြူ..."

ထွန်းတောက်ကြယ်ဆိုတဲ့ အစ်ကိုက နှုတ်ဆက်ဖို့လက်ကို ရှေ့ထုတ်လာပေမဲ့ တစ်ခြားယောက်ျားတစ်ယောက်ရဲ့လက်ကို မကိုင်ချင်တဲ့လိပ်ပြာကတော့ ပြုံးပဲပြလိုက်ပြီး ထိုင်ခုံမှာ၀င်ထိုင်လိုက်တယ်။ရိုင်းရင်လည်း ရိုင်းပါစေတော့။

"ဘုန်းမြတ်..မင်းမှာဒီလောက်လှတဲ့ ညီမလေးရှိနေတာကို ဘာလို့မပြောရတာလဲကွာ...ဒါနဲ့ညီမလေး မင်းသမီးလုပ်ဖို့ဝါသနာမပါဘူးလား...ကိုကြီးကရုပ်ရှင်ဒါရိုက်တာလေ..."

ကိုလေးသူငယ်ချင်းရဲ့အမေးကြောင့် လိပ်ပြာခေါင်းခါပြလိုက်သည်။လိပ်ပြာသရုပ်ဆောင်ကောင်းပုံမျိုးနဲ့ မင်းသမီးလုပ်ရင်တော့ သူများတွေအကုန်ထမင်းငတ်ကုန်မှာ ဆိုးလို့ပါ။

စားကြသောက်ကြရင်းနဲ့ မိနစ်နှစ်ဆယ်လောက်အကြာမှာတော့ လိပ်ပြာထိုင်ရတာ တော်တော်လေးကို ပျင်းလာတာမို့ ဘယ်လိုထပြေးရမလဲ ကြံစည်နေရတယ်။

လိပ်ပြာအစ်ကိုလေးရဲ့ ဘေးနားကိုတိုးကပ်သွားလိုက်ပြီး...

"အစ်ကိုလေး..လိပ်ပြာဒီအနားက UDCဆိုတဲ့ကုမ္ပဏီကိုခဏလောက်သွားချင်လို့...လိပ်ပြာရဲ့ကျောင်းတုန်းကသူငယ်ချင်းက အဲ့ဒီမှာအလုပ်လုပ်နေတာလေ...မတွေ့တာကြာလို့ သွားနှုတ်ဆက်ချင်တယ်...ခဏလေးပါနော်..."

ကောင်းကျော်လည်းမလွှတ်ချင်ပေမဲ့ သူ့အပေါင်းအသင်း‌တွေကြားမှာဆိုတော့ အငယ်မသိပ်ငြီးငွေ့နေမှာပဲလို့တွေးမိပါတယ်။
ဒါကြောင့်ပဲ သူခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့..ခဏပဲနော်..."

"အင်းပါ...ခဏလေးပါ..."

"အားလုံးပဲ လိပ်ပြာသွားလိုက်ပါအုံးမယ်..."

လိပ်ပြာဖြူထထွက်သွားတာနဲ့ အနောက်မှအသံတွေဆူဗလောင်ဝေသွားတော့သည်။

"ဟေ့ကောင်ကျော်ကျော်..မင်းညီမကဘယ်ကိုသွားတာလဲ..."

"ဒီနားတင်ပါ..."

"ဟာ..မင်းကလည်း ဘာလို့တစ်ယောက်ထဲလွှတ်လိုက်ရတာလဲကွာ..."

"ဟေ့ကောင်...ထွန်းတောက်...ငါ့ညီမကို ငါလွှတ်တာ...မင်းကဘာထဖြစ်နေတာလဲ...ကြည့်လုပ်နော်..."

"ငထွန်းရာ...မင်းကလည်းမင်းပဲ ဒီကောင်ကြီးက သူ့ညီမကိုသိပ်တိုတာ မင်းလည်းသိသားနဲ့ကို သွားမစနဲ့ကွာ..."

ညီမကိုဖိပြီးတိုနေတဲ့ကျော်ကျော့်ကြောင့် ငြိမ်းမြင့်လည်း မနေသာတော့ပဲ ကြား၀င်ရပြန်ပါပြီ။
ကျောင်း‌တုန်းကဆိုရင် "မင်းနှမငါ့ပေးတို့..
ယောက်ဖကြီး"တို့လို စကားလုံးတွေနဲ့ စလိုက်ပြီဆိုရင် သူငယ်ချင်းအရင်းကြီးတွေကိုတောင် လက်သီးလက်မောင်းတန်းတတ်တဲ့ကောင်ပါ။
တက္ကသိုလ်မှာ ရုပ်ချောလွန်းပြီး၊ခပ်တည်တည်နေတတ်တဲ့ ပုံစံကြောင့် ကောင်မလေးတွေဆိုတာ ဒီကောင့်အနားမှာ ဝေနေတာပါပဲ။ဒါပေမဲ့ ရုပ်ချောတဲ့လူတွေက မာနကြီးတယ်ဆိုသလို ဒီကောင့်စိတ်ထဲမှာ သူ့မိသားစုသာ ပထမဆိုတဲ့ကောင်ပင်။ကျန်တဲ့လူတွေကတော့ ဖွဲနဲ့ဆန်ကွဲပေါ့။

"နေဦးကျော်ကျော်...ငါမေးအုံးမယ်..မင်းညီမရဲ့ချစ်သူတောင် မင်းလောက်သ၀န်တိုရဲ့လားကွာ..သူသာအိမ်ထောင်ကျသွားရင်..."

"ဒီမှာ..ငြိမ်းမောင်...ငါ့ညီမလေးမှာ ဘာရည်းစားမှမရှိဘူးကွ..."

"ဟ...မင်းအတတ်ပြောနိုင်လို့လား...အခုတောင် သူ့ချစ်သူနဲ့ သွားတွေ့တာလဲ ဖြစ်နိုင်တာပဲလေ..."

"ဘာ!!!!!"

ငြိမ်းမောင်ရဲ့ စကားကြောင့် ကောင်းကျော်ရဲ့ဦးနှောက်ထဲမှာ မေးခွန်းပေါင်းများစွာကတန်းစီပြီး၀င်လာသည်။
ညီမလေးကို သူသိပ်ချစ်တာ။သူခုနှနှစ်အရွယ်မှာ‌ ပေါ့ လိပ်ပြာလေးကို မေမေကိုယ်၀န်လွယ်ခဲ့တယ်။ အိမ်မှာကစီးပွားရေး အရမ်းကျနေတဲ့ အချိန်ဖြစ်တာကြောင့် မေမေကကိုယ်၀န်ဖြတ်ချဖို့လက်သည်နဲ့ကြိုးစားခဲ့တယ်။ကိုယ်၀န်ဖြတ်ချမယ်ဆိုတာကို သိသိချင်းပဲ ခုနှနှစ်အရွယ်
ကောင်းကျော်လေးက အ၀တ်အစားတွေကိုထုပ်ပိုးပြီး အဖွားအိမ်ကိုဆင်းသွားပါသတဲ့။ သူဟာ သူ့ထက်ငယ်တဲ့ညီလေး၊ညီမလေးတွေကို သိပ်လိုချင်ခဲ့တာပါ။
ညီမလေးမွေးတော့လည်း သူပဲအရွယ်နဲ့မလိုက်‌
အောင်ထိန်းခဲ့ရတာ။အဲ့တော့ ညီမလေးကိုဘယ်သူ့လက်ထဲကိုမှ သူလွယ်လွယ်နဲ့မထည့်လိုက်နိုင်ဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ကဲ...ကျွန်တော်တို့ ဒီပရောဂျက်အတွက် အတူလက်တွဲပြီး ကြိုးစားကြတာပေါ့...အားလုံးလည်း တက်ညီလက်ညီ ကြိုးစားစေချင်ပါတယ်...
အစည်းအဝေးကတော့ ဒီလောက်ပါပဲ..."

အစည်းအဝေးပြီးသွားတာနဲ့ အတွင်းရေးမှူးနဲ့အတူ အခန်းထဲမှာထွက်လာလိုက်သည်။
ညကလည်း အိပ်ရေးပျက်ထားတာကြောင့် စိတ်ကမကြည်မလင်ဖြစ်ချင်နေသည်။
ရုတ်တရက် စီမံခန့်ခွဲရေးဌာနအရှေ့မှာ အလုပ်သမားတွေ အုံခဲနေတာကြောင့် သူအတော်ဒေါသထွက်သွားမိတယ်။

"ကိုယ့်အလုပ်..ကိုယ်မလုပ်ပဲ ဘာလုပ်နေကြတာလဲ...ဟမ်..."

သူအော်လိုက်တာကြောင့် အားလုံးရဲ့အကြည့် တွေကသူ့ဆီသို့ရောက်လာကြသည်။
အကုန်လုံးကလည်း မာထန်လွန်းနေတဲ့ ဘုန်းမြတ်ရဲ့မျက်နှာထားကြောင့် ထိတ်လန့်ကုန်ကြလေသည်။

"ဟို...ဒီမှာ..ရေတွေမှောက်ကုန်လို့ပါဆရာ..."

ဟုတ်ပါရဲ့ ကြွေပြားတွေကပ်ထားတဲ့ ကြမ်းပြင်တစ်ခုလုံးက ရေတွေကိုတမင်သွန်ချထားသလို အိုင်ကြီးကိုထွန်းလို့ ဘယ်မျောက်လောင်းက
လာလက်ကမြင်းထားတာလဲ။

"တောက်!!ဘယ်သူလည်း...ဘယ်သူက ဒီရေတွေကိုမှောက်အောင် လုပ်လိုက်တာလဲ...သိလို့ကတော့ကွာ.. ဘယ်သူလဲလို့မေးနေတယ်လေ..."

"သူပါ..."

"ဟင်...လိပ်ပြာ.."

အကုန်လုံးက သံပြိုင်ပြောလိုက်ပြီး လက်ညှိုးဝိုင်းထိုးနေကြတဲ့နေရာကို ကြည့်လိုက်မိတော့ သူ့ကောင်မလေးမှ သူ့ကောင်မလေးအစစ်ပင်။
မျောက်မလေးက ဘယ်လိုရောက်လာပြီး လာမွှေ‌ထားတာပါလိမ့်။ကြည့်ပါအုံး သူ့ကိုကြောက်ကြည့်ကြည့်နေတာက သနားစရာလေး။
ခုဏက တွန့်နေတဲ့မျက်ခုံးတန်းတွေက ချက်ချင်းပြေကျသွားပြီး သူ့မျက်နှာကလည်း ချက်ချင်းမိုးအုံ့နေရာကနေ နေသာတဲ့ဘက်သို့ကူးပြောင်းသွားတော့သည်။

သူ့အလုပ်သမားထဲကထင်ပြီး ခုဏကအပြောကြီးထားတဲ့ ကိုယ့်ပါးစပ်ကိုယ်တောင် ပြန်ဖြတ်ရိုက်ပစ်ရမလိုဖြစ်နေပြီ။
လူအားလုံးရဲ့အကြည့်တွေကြောင့် ကိုယ်လုံးလေးကြုံ့နေရှာတဲ့ ချစ်ရသူရဲ့လက်ကလေးကို သူလှမ်းဆွဲလိုက်တော့ မျက်လုံးအဝိုင်းသားလေးနဲ့ သူ့ကိုကြည့်လာတာက တကယ့်ကိုကလေးလိုပင်။

"ကြယ်စင်..သန့်ရှင်းရေးဌာနကနေ လူတစ်ယောက်လွှတ်ခိုင်းလိုက်...လာလိပ်ပြာ..."

တစ်ခြားသူတွေကိုတော့ ကိုက်စား၊ဝါးစားတော့
မလို မာန်ဖီခဲ့ပြီး သူ့‌ချစ်သူကိုတော့ နူးနူးညံ့ညံ့လေး လက်တွဲပြီးခေါ်သွားတဲ့ သူဌေးရဲ့ အပြောင်းအလဲမြန်လွန်းတဲ့ ပုံစံက အားလုံးကိုအံ့ဩသင့်သွားစေတာ ဧကန်မလွဲပါပဲ။

"မကြယ်စင်.. အဲဒီ့ကောင်မလေးက CEOရဲ့ ချစ်သူလား..."

"မြင်ကြတဲ့အတိုင်းပဲလေ...ကဲ..ကဲ..ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြပါ..."

တစ်ဖက်တွင်တော့ ရုံးခန်းထဲကိုလည်းရောက်ရော လိပ်ပြာဖြူမှာ လာတုန်းကတော့ ရန်တွေ့မလို့ပါပဲ။အခုတော့ ပြန်ရန်အတွေ့ခံရမှာဆိုးလို့ ငြိမ်ကုတ်နေတော့သည်။

"ပြောပါအုံး...ရေတွေကို ဘယ်လိုဖြစ်ပြီး မှောက်အောင်လုပ်လိုက်တာလဲ..."

"အို့...ဘယ်သူကတမင်မှောက်အောင်လုပ်မှာလဲသူ့ဘာသာမှောက်သွားတာလေ...ကိုကိုကအစည်းအဝေးလုပ်နေတယ်ဆိုလို့ အစည်းအဝေးအခန်းကိုလာတာ...အဲ့ဌာနကအလုပ်သင်လေးက ရေပူ‌၊ရေအေးစက်အပေါ်ကို မနိုင့်တနိုင်နဲ့ရေဗူးကြီးကို တင်နေလို့  လိပ်ပြာကတင်ပေးမယ်ဆိုပြီး လှမ်းယူလိုက်တာ ဘယ်သူကထင်မှာလည်း ရေဗူးကြီးက အရမ်းလေးမယ်လို့ပေါ့..."

"အဲ့ဒါနဲ့ပဲ...ရေတွေမှောက်ကျသွားတယ်...ဆိုပါစို့..."

"အင်း..."

သူ့ချစ်သူမှာ သူများကို ကူညီတတ်တဲ့စိတ်ထားလေးတွေ အပြည့်ရှိနေတာကတော့ ၀မ်းသာစရာပါပဲ။၀မ်းနည်းစရာကတော့ မနိုင်၀န်ကိုထမ်းလိုက်တဲ့ သူမကြောင့် သူ့မှာလူပေါကြီးဖြစ်ခဲ့ရတာ တစ်ခုပဲ။

"လိပ်ပြာ...ကုမ္ပဏီကိုလာမှာ ဘာလို့ကြိုပြီးဖုန်း
မဆက်ရတာလဲ...အခုတော့ဒီလိုတွေဖြစ်ပြီ..
ခြေ၊လက်တွေ ထိခိုက်မသွားလို့ တော်သေးတာပေါ့..."

"သွားပါ..အခုမှအပိုတွေ လာပြောမနေနဲ့..."

နှုတ်ခမ်းကြီးကို ဆူထော်ပြီး သူ့ကိုဒေါသအခိုးဝေနေတဲ့ မျက်လုံးတွေနဲ့ လာကြည့်တာကြောင့် နဲနဲတောင်လန့်သွားတယ်။

"ကိုယ်ဘာအမှားလုပ်မိလို့လဲကွာ..."

"အေး...အဲ့ဒီအမှားအတွက်ပဲ စာရင်းရှင်းရအောင်လာတာ..မနေ့ညက...ခုနှစ်နာရီထိုးမှာ ဘယ်မှာရှိနေတာလဲ...မှန်မှန်ဖြေနော်...ညာမယ်လို့တော့မစဉ်းစားနဲ့..."

"မညာပါဘူးဗျာ..မနေ့က..တွေ့ဆုံပွဲ ပါတီတစ်ခုကို သွားနေတာလေ..ဘာဖြစ်လို့လဲ..."

"ဘာဖြစ်ရမှာလဲ..မနေ့ညက ကိုကို့ဖုန်းကို လိပ်ပြာခေါ်တော့ ရွှေစင်သက်ထားဆိုတဲ့ တစ်ယောက်ကဖုန်းကိုင်လာတယ်...ကိုကိုသန့်စင်ခန်းသွားနေလို့တဲ့...ပြီးတော့လည်းသူပြောတာတွေက သာမာန်အသိတစ်ယောက်နဲ့မတူဘူး...ကိုကိုနဲ့သိပ်ရင်းနှီးနေသလိုပဲ...အဲ့ကိစ္စကိုအခုရှင်း..."

လာပြန်ပြီ ဒီအရှုပ်ထုပ်တွေ သူ့ကိုအမျိုးမျိုးလိုက်ဒုက္ခပေးနေတာ အခုသူ့အချစ်ရေးမှာပါ လာရှုပ်ကြတယ်ပေါ့။မပတ်သတ်ချင်လို့ ခပ်ကင်းကင်းနေပါတယ်ဆို အမှုန့်ကြိတ်ပစ်ချင်အောင် လာလုပ်နေကြတယ်။

"အဲ့ဒီ့မိန်းမက ကိုကို့မိထွေး ဒေါ်မြနှင်းကြည်ရဲ့ တူမပါ...မနေ့ညက ကိုယ်တို့စားပွဲဝိုင်းမှာ သူ့ဘာသာလာထိုင်တာပါ...မနေ့ညက သန့်စင်ခန်းသွားရင်းတဲ့ ဖုန်းကျန်ခဲ့တာ...တကယ်ပါလိပ်ပြာ အဲ့မိန်းမနဲ့ ကိုကိုတစ်ခါမှ စကားတောင်မပြောဖူးဘူး...သူလိပ်ပြာကိုဘာတွေပြောလိုက်သေးလည်း..."

"ကိုကို့မိထွေးရဲ့တူမဆိုတော့ ကိုကို့ရဲ့ညီမဆုံးသွားမှန်းသိမှာတော့ ဒါနဲ့တောင်လိပ်ပြာကို ကိုကို့ရဲ့ညီမလား..ဘာလားနဲ့ ဘာရွှီးနေတယ်...

"နေအုံး..ဒီကိစ္စကို ကိုကိုအခုချင်ချင်းရှင်းမယ်..."

"အယ်...မလုပ်နဲ့လေ..."

ဒေါသထွက်ပြီး အပီချဲမယ်ဆိုပြီးလာတာက လိပ်ပြာပါ။အခုတော့ ချက်ချင်းဖုန်းဆက်မယ်ဆိုပြီး ရှူးရှူးရှဲရှဲဖြစ်နေတာက ကိုကိုဖြစ်နေပါရောလား။
လိပ်ပြာချက်ချင်း ဖုန်းဆက်တော့မဲ့ ကိုကို့လက် တွေကို တားလိုက်ရတယ်။မဟုတ်ရင် ရန်ပွဲတွေဆက်နေတာနဲ့ အိမ်ကိုပြန်ရမှာမဟုတ်တော့ဘူး။

"မဆက်ပါ‌နဲ့တော့ ကိုကိုရယ်..."

"မရဘူး...ကိုယ်ဆက်ကိုဆက်မှရမယ်..."

"ကိုကို့!!!..."

လိပ်ပြာထအော်လိုက်တော့ ကိုကိုကလန့်သွားပြီး ဖုန်းကို ဆက်ရမလား၊မဆက်ရမလားပုံစံဖြစ်နေသည်။

"မဆက်နဲ့တော့လို့ ပြောနေတဲ့ဥစ္စာကိုပဲ...ကိုကို့ဘက်က မဟုတ်ရင်လည်းပြီးနေတာပဲ...လိပ်ပြာလည်းအချိန်သိပ်မရဘူး...ဒီအနီးနားက တရုတ်စားသောက်ဆိုင်မှာ ကိုလေးနဲ့မုန့်လာစားရင်း
ညကကိစ္စကို သေချာသိချင်လို့လာမေးတာ
.....လိပ်ပြာသွားတော့မယ်..."

"နေဦးလိပ်ပြာ..ကုမ္ပဏီအရှေ့အထိကိုယ်လိုက်ပို့ပေးမယ်..."

ကိုကိုက လိပ်ပြာရဲ့အိတ်ကို လက်တစ်ဖက်ကဆွဲပေးပြီး အခြားလက်တစ်ဖက်ကတော့ လိပ်ပြာရဲ့ပုခုံးကိုလာဖက်လိုက်တော့ လိပ်ပြာကိုကို့မျက်နှာကို ပြန်မော့ကြည့်လိုက်မိသည်။

"ဒီနေ့ကစပြီး...ကိုယ်တို့နှစ်ယောက် ချစ်သူ‌တွေဆိုတာကို UDCတစ်ခုလုံးသိအောင်..ကြေငြာလိုက်တော့မယ်..."

လိပ်ပြာဘာမှပြန်မပြောနိုင်ခင်မှာပဲ ပုခုံးကိုဖက်ပြီး ခေါ်သွားခံရတာကြောင့် ရုံခန်းအပြင်သို့ရောက်လာရလေသည်။
ရုံးခန်းအပြင်မှ CEOကြီးရဲ့အတွင်းရေးမှူးနှစ်ယောက်ကတော့ ပါးစပ်အဟောင်းသားနှင့် သူတို့သိချင်နေကြတဲ့ အဖြေတစ်ခုကို သေချာသိလိုက်ရတာကြောင့် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ပြုံးရယ်ကုန်ကြသည်။

"ကြယ်စင်...ဒီနေ့..ကုမ္ပဏီတစ်ခုလုံးက ဌာနတိုင်းကို ချောကလက်တွေ မှာပြီး ကျွေးလိုက်..."

"ခေါင်းစဉ်က ဘာတဲ့လဲဆရာ..."

"CEOနဲ့ သူ့ချစ်သူကကျွေးတာလို့..."

ကိုကိုဟာ တစ်ခါတစ်လေမှာ သူ့လောက်ရုပ်တည်တဲ့သူမရှိသလိုပုံစံမျိုးဖြစ်နေတတ်ပြီး အခုကျပြန်တော့လည်း ပေါတောတောနဲ့ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး။

"တင်"

ဓာတ်လှေကားနဲ့ အောက်ဆုံးအလွှာအထိ ဆင်းလာပြီးနောက်မှာတော့ ကိုကိုက ကုမ္ပဏီအရှေ့ထိပုခုံးကိုအဖက်ထားပြီး လိုက်ပို့လေသည်။

"ကိုကို...လွှတ်တော့လေ...ကုမ္ပဏီအရှေ့ပဲ ရောက်နေပြီ...အစ်ကိုလေးစောင့်နေမှာဆိုးလို့ မြန်မြန်သွားမှဖြစ်မယ်..."

"လိပ်ပြာ..ကိုယ်တို့ဒီတစ်နေ့လုံးမှာမှ နာရီ၀က်တောင် ပြည့်အောင်တွေ့ရတာမဟုတ်ဘူးမလား
...အဲ့တော့ကိုယ့်ကို လက်ဆောင်လေးတစ်‌ခုလောက် ပေးမထားခဲ့ချင်ဘူးလား..."

"ဘာလက်ဆောင်လဲ..."

"အနမ်းလက်ဆောင်လေ...ပေးမယ်မလား..."

ကိုကိုက ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ လာလုပ်ပြနေတော့ လိပ်ပြာလည်းခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။
ကိုကို့‌ရဲ့ နှုတ်ခမ်းနွေးနွေးက လိပ်ပြာရဲ့ပါးပြင်အပေါ်ကို ရောက်လာခါနီးမှာတော့...

"ခွေးမသား!!!!!"   "ခွပ်!!!"

"အစ်ကိုလေး!!!!"

ဘုန်းမြတ်မှာ ပါးတစ်ဖက်အီဆလံဝေသွားအောင် အားပြင်းပြင်းနဲ့အထိုးခံလိုက်ရသလို လိပ်ပြာဖြူမှာလည်း ကမ္ဘာပျက်လောက်အောင် ကြောက်ရွံ့နေလေသည်။

"လိပ်ပြာဖြူ...နင်လာစမ်း..."

"ဒီကောင်က ဘယ်ကကောင်လဲ.....ပြောစမ်း!!!!"

လိပ်ပြာကို အကြမ်းပတမ်းဆောင့်ဆွဲလိုက်တာကြောင့် ဘုန်းမြတ်လည်း ပါးဆောင်နာတာကို
ဂရုမထားပဲ ရှင်းပြဖို့ကြိုးစားရသည်။

"စိတ်အေးအေးထားပါအစ်ကိုရယ်...ကျွန်တော်က လိပ်ပြာရဲ့ချစ်သူပါ...ကျွန်တော်တို့က..."

"ဟေ့..မင်းကဘာ‌ကောင်မို့ လာ၀င်ပြောနေရတာလဲ...ငါမင်းကို မမေးဘူး...မင်းဘာမှ လာရှင်းပြစရာအကြောင်းမရှိဘူး..."

"ကိုလေး...လိပ်ပြာပြောတာကို နားထောင်ပေးပါနော်..."

"အေး...နားထောင်မယ်...အိမ်ရောက်ရင် အားလုံးအရှေ့မှာ နင်ဒီကိစ္စကို ရှင်း..ဟေ့ကောင်..မင်းလည်းသတိထား...ငါ့ညီမနဲ့လာမပတ်သတ်နဲ့...နင်လာခဲ့"

တက္ကစီကို တားကာ မျက်ရည်လည်ရွှဲဖြစ်နေတဲ့ လိပ်ပြာကို အတင်းတက်ခိုင်းနေတဲ့ သူမအစ်ကိုရဲ့ပုံစံကို ကြည့်ပြီး စိတ်လေးလံမှုတွေက ရင်ထဲကိုအလုံးလိုက်၀င်လာသည်။
လိပ်ပြာ သူမအစ်ကိုတွေကို ဘာကြောင့်သိပ်ကြောက်သလဲဆိုတာ သူနားလည်လိုက်ပါပြီ။
စိတ်တွေက အလိုလိုမောပန်းလာပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
ရှေ့ဆက်ရမဲ့အနာဂတ်မှာ ဒီလိုလူတွေဆီကနေ လိပ်ပြာကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာ
ကြံရာမရဖြစ်နေလေပြီ။

"ဟူး...ယောက်ဖလောင်းတွေက တော်ရုံလူတွေတော့ မဟုတ်ဘူး...တော်တော်စည်းကမ်းတင်းကျပ်မဲ့ပုံတွေပဲ...."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋😭

ကြောက်ဖို့ကောင်းလိုက်တာ အစ်ကိုလေးရယ်


=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၈


"နင်လာခဲ့...."

"ဒုန်း...."

"အီးဟီး...အဟင့်..."

အစ်ကိုလေးဟာ ငယ်ငယ်တုန်းကလိုပဲ လက်မောင်းကနေဆွဲပြီး ဧည့်ခန်းကထိုင်ခုံ‌အပေါ်ကို အတင်းထိုင်ခိုင်းတာမို့ လိပ်ပြာကြောက်တာရော၊နာတာရောပေါင်းပြီး ငိုချင်စိတ်က ထိန်းလေ၊ငိုမိလေဖြစ်နေသည်။

"ဘာအခုမှလာငိုနေတာလဲ...နင့်မှာအရှက်နဲနဲတောင်မရှိဘူးလား...တွေးခေါ်နိုင်တဲ့ဦးနှောက်မရှိဘူးလား...ဟမ်...လမ်းမကြီးမှာ..သောက်ရှက်မရှိနမ်းနေကြတာ..
ငါ့သူငယ်ချင်းတွေသာပါလာရင်.. ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ..ဟာ..."

"ဒုန်း!!!"

"အမယ်လေး!!!!...ဟမ်း..."

ကော်ထိုင်ခုံကို ပိတ်ကန်ပစ်လိုက်တာကြောင့် ထိုင်ခုံကြီး လဲသွားရာ လိပ်ပြာအဖို့ လန့်ပြီး ပိုငိုချင်လာတာပဲသိတယ်။

"ဟဲ့..ဟဲ့..ဘာဖြစ်နေကြတာလဲ...ဟင်..ကြည့်စမ်း
ခုံတွေလည်း ပိုးလိုးပက်လက်ကိုလန်လို့ ..."

"အမေ့...အစ်ကိုလေး...သမီးကို..ရိုက်တော့မယ်...ကယ်ပါအုံး"

"ဟဲ့...ကောင်းကျော်...နင်လက်မပါနဲ့နော်..."

အပေါ်ထပ်ကနေ အမေရော၊အဖေပါဆင်းလာသလို အစ်ကိုကြီးကလည်း အိပ်ခန်းထဲမှ အိပ်ချင်မူးထူးပုံစံနဲ့ထွက်လာလေသည်။
အမေကချက်ချင်းပဲ လိပ်ပြာရဲ့ဘေးနားကို ရောက်လာတာကြောင့် အမေ့လက်ကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်လိုက်သည်။

"အမေဘာသိလို့လည်း...ဒီကောင်မလေးအရွယ်ကမရောက်သေးဘူး..အမှီးပေါက်ချင်နေတာ
..လူကလက်တောက်လောက်နဲ့ ဂျိုထချင်နေတာ..တောက်!!!"

"ဟဲ့..ကောင်းကျော်..နင် စကားကိုလူလိုပြောစမ်း..
ငါနားမလည်ဘူး..."

ရန်ဖြစ်နေကြတဲ့နှစ်ယောက်က ရယ်စရာကောင်းနေတော့ ဦးကြည်လွင်နဲ့အကြီးကောင်ခမျာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိပြီး ရယ်လို့မရတာကြောင့် ပါးစပ်ကြီးတွေကိုသာ စိထားရသည်။

"ဒီလိုဗျာ...စားသောက်ဆိုင်ကနေ..အဲ့အနားကကုမ္ပဏီတစ်ခုမှာ သူ့သူငယ်ချင်းဆီသွားအုံးမယ်ဆိုပြီး..ကျွန်တော့်ကိုအမေ့သမီး လိမ်သွားတာ...ကျွန်တော်လည်း မသင်္ကာလို့ အဲ့ကုမ္ပဏီကို လိုက်သွားကြည့်တော့..အကောင်တစ်ကောင်နဲ့...ကားလမ်းဘေးကြီးမှာ...ဟာ...ပြောရမဲ့ကိုယ့်ပါးစပ်တောင် ကိုယ်ရှက်တယ်..တောက်!!!.."

"ဒုန်း!!!!"

ဒေါသထွက်ပြီး လည်တံရှည်ပန်ကာကြီးကို
ကန်ချလိုက်တာကြောင့် ပန်ကာရဲ့ဇက်ကြီးလန်ထွက်သွားပြီး ကြမ်းပြင်အပေါ်ကို"ဒုန်း"ဆိုလဲကြသွားလေသည်။

"ဟဲ့...ကောင်းကျော်...နင်တော်တော်ရမ်းကားပါလား...အမယ်လေး..ငါ့ပန်ကာကြီးတော့ သွားပါပြီ...သေနာကောင်လေး..လက်ရဲဇက်ရဲအရမ်းနိုင်တာပဲ..."

"တော်ပါတော့အမေရယ်..ကောင်းကျော်..မင်းလည်းတော်တော့..ဒီကိစ္စကအေးဆေးဖြေရှင်းရမှာလေကွာ..."

"ဟုတ်တယ်သားငယ်...သားကြီးပြောတာမှန်တယ်...ဒေါသနဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး..
မမြဖြူ...သမီးကိုမေးကြည့်စမ်း..အဲ့ကောင်လေးက ဘယ်ကလည်း...ဘာအလုပ်လုပ်သလဲဆိုတာ.."

ဒေါမြဖြူလည်း သားတွေကို သူပဲဒေါသအမွေပေးထားပြီး၊အခုသူကပဲ ညိုမြလာလုပ်နေတဲ့ယောက်ျားကို မကြည်သလို ကြည့်ကာ ငိုနေတဲ့သမီးလေးဘက်သို့လှည့်လိုက်သည်။

"သမီး...လိပ်ပြာဖြူ..မေမေ့ကိုပြောစမ်း..သမီးနဲ့တွဲနေတဲ့ကောင်လေးက ဘယ်သူလဲ..ဘယ်ကလဲ..
ဘာအလုပ်လုပ်သလဲ.. "

"အဟင့်..သူ..သူ့နာမည်က ဘုန်းမြတ်သူရပါ
..အသက်ကတော့ လိပ်ပြာထက်နှနှစ်ပဲကြီးပါတယ်..."

"ဟေ..ဒါဆို နှစ်ဆယ့်လေးနှစ်ပဲရှိသေးတာပေါ့.."

"အမေတွေ့လား..ဒီလောက်ဆုံးမနေတဲ့ကြားက..ကလေးပိစိကို အမေ့သမီးကသွားကြိုက်တာ..
ဒီလောက်အသက်အရွယ်ဆိုရင် ဂျလေဘီပဲ နေမှာ.."

"ဟဲ့ကောင်းကျော်...နင်အသာနေစမ်းပါ..."

"အဲ့လိုတော့ မပြောပါနဲ့ ကိုလေးရယ်..သူကကုမ္ပဏီပိုင်ရှင်...သူဌေးပါ.."

"ဘာ..ဘယ်လို..."

"တွေ့လား..အမေ့သမီးမဟုတ်တာတွေ ပြောနေတာ..အဲ့ကောင်ရုပ်ကို ကျွန်တော်တွေ့ခဲ့ပါတယ်..
နို့နံ့တောင် မစင်သေးတဲ့ရုပ်နဲ့..."

"ဟဲ့ကောင်းကျော်..နင့်အပေါက်ကို ငါလာပိတ်ပေးရမလား...ကိုယ့်ဘာသာပိတ်မလား..."

အမေပိတ်ပေးတာ မခံချင်တဲ့ကောင်းကျော်ကတော့ ထိုင်ခုံမှာပဲ စုတ်သပ်ကာထိုင်ချပစ်လိုက်တော့တယ်။

"သမီး...အမေ့ကိုမှန်မှန်ပြောစမ်း..သမီးကောင်လေးက ဘယ်ကလဲ..ဘာအလုပ်လုပ်လဲ..."

ဒုက္ခပါပဲ ခုဏလေးတင်ပြောပြပြီးတဲ့ ဥစ္စာကိုထပ်မေးနေပြန်ပြီ။အမေတို့ဟာလေ ကိုယ့်သမီးကိုယ်တော်တော် အထင်သေးတာပဲ။

"အမေရယ်..ဘုရားဆူး၊မိုးကြိုးပစ်ပါစေ သမီးအမှန်တွေပြောနေတာပါ...သူကရန်ကုန်ဇာတိပဲ..အလုပ်အကိုင်ကတော့ ကိုလေးနဲ့တွေ့ခဲ့တဲ့နေရာက Universal Development Company ဆိုတာ သူ့ကုမ္ပဏီပဲ...မယုံရင်..သမီးပြမယ်..."

လိပ်ပြာချက်ချင်း‌ပဲ ဖုန်းကိုထုတ်လိုက်ပြီး သိပ်မကြာခင်ရက်ကတင် ဖုန်းထဲမှာ သိမ်းထားတဲ့ ကိုကို့အကြောင်းတွေနဲ့ အင်တာဗျူးတွေကို ပြလိုက်တော့ အစ်ကိုလေးအပါအ၀င် အားလုံးကအံ့အားသင့်ကုန်ကြသည်။
အမေကတော့ ငါ့သမီးလင်ရှာတော်လှချည်ရဲ့ဆိုပြီး အပြုံးပန်းတွေ ဝေဆာနေလေသည်။

"ဟဲ့...ကောင်းကျော်...အခု‌ရော ဘယ်လိုလဲ..နင်တို့ပြောခဲ့တဲ့အတိုင်း နိုင်ငံခြားကနေ ဘွဲ့ရပြီးလို့
...ကျိကျိတက်ချမ်းသာတဲ့ စီအီးအို ဆိုလား..
ဘာလား...အဲ့လိုလူနဲ့မှပေးစားမှာဆို...အခုနင့်ညီမက နင်တို့လိုချင်တဲ့အတိုင်း ကွက်တိကိုရှာချပေးလာတာ...ကံကောင်းရင် နင်တို့တောင်တိမ်ပေါ်မှာ တိုက်ဆောက်နေလို့ ရအုံးမှာ..."

ဒေါ်မြဖြူက မျက်နှာထားအမျိုးမျိုးနဲ့ မဲ့ကာရွဲ့ကာလုပ်ပြနေတော့ ကောင်းကျော် စိတ်ကသိကအောင့်ဖြစ်လာသည်။

"တော်တော်‌ ငွေမက်တဲ့မိန်းမကြီး..."

"သေနာလေး...နင်ငါ့ကိုဆော်ကားလှချည်လား..."

"‌ကန်တော့ ကန်တော့ပါအမေရယ် ယောင်သွားလို့ပါ..."

"အေး..နင်ယောင်တာ ကြည့်ယောင်နော် ငရဲအိုးထဲကို ဇောက်ထိုးပြုတ်ကျမှ ကူပါ..ကယ်ပါလာမလုပ်နဲ့...နောက်ပြီးတော့ ငါကငွေမက်တာမဟုတ်ဘူးဟဲ့...ငါ့သမီးလေးကို ကောင်းစားစေချင်တာ..."

"အမေ့စကားကို ဒီမှာတင်ရပ်ရင်ကောင်းမယ်..."

"အောင်မယ်...ငါကအမှန်တွေပြောနေတာပဲလေ..."

"ဘာအမှန်တွေလည်း...ဒီမှာပိုက်ဆံရှိတိုင်း၊ချမ်းသာတိုင်း ကျွန်တော့်ညီမကိုထိုးထည့်ပေးရအောင် ကျွန်တော်အဲ့လောက်မွဲမနေဘူး အမေ.."

"ဟုတ်တယ်အမေ...ကျွန်တော်လည်း ထောက်ခံတယ်...ချမ်းသာတဲ့လူဆိုတိုင်းလည်း ယုံလို့ရတဲ့ခောတ်မဟုတ်ဘူးနော်..."

အကြီးကောင်ကပါ ၀င်ပါလာပြန်သည်။ဒီအကောင်တွေဟာလေ တစ်မျိုးပြီးတစ်မျိုး သိပ်တတ်နိုင်ကြတာပဲ။ ဆင်းရဲတော့လည်း ဆင်းရဲလို့၊ဟော ပိုက်ဆံချမ်းသာပြန်တော့လည်း တစ်မျိုးပြောပြန်ရော ဘယ်ဘ၀က ဂွတီးဂွကျတွေကိုမွေးထားမိမှန်း မသိဘူး။တကယ်ပါ သွေးပါတိုးချင်တယ်။

"နေပါအုံး...အဲ့ဒါဆိုရင် မိုးစက်ကိုကျတော့ ဘာလို့ မဟုတ်မဟက်တွေ ပြောလွှတ်လိုက်သလဲ..."

"အဲ့ဒါကဒီကောင့်ကို တမင်ခြောက်လွှတ်လိုက်တာ အမေရာ...ဒီမှာ..အမေ့သမီးကအသက်
နှစ်ဆယ့်နှစ်ပဲရှိသေးတာနော်...ဒီအရွယ်မှာရည်းစားထားရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ်...အဲ့ကျရင် ရင်ကျိုးရမှာက သူ့ရည်စားဖြစ်တဲ့လူလား..ကျွန်တော်တို့လား..."

"နင်တို့ကိုက ဂွကျတာပါဟယ်.."

"လိပ်ပြာဖြူ.."

"ရှင်..."

"ဒီအရွယ်မှာ နင်ယောက်ျားယူပြီး..ကလေးရတယ်ပဲဆိုပါစို့..အိမ်ထောင်မှုတာ၀န်နဲ့ နင့်ကလေးရဲ့ကိစ္စအ၀၀ကို နင်ထိန်းနိုင်မယ်လို့ထင်လို့လား..."

"ထိန်းနိုင်မယ်လို့ထင်တာပဲ..."

"ဟာ..ငါလုပ်လိုက်ရ..."

"အား...အစ်ကိုလေးပဲ ထိန်းနိုင်လားမေးပြီးတော့...အီဟီး..."

သူ့ဘာသာမေးချင်တာမေးပြီး ပြန်ဖြေပြန်တော့လည်း လက်ကပါချင်သေးတယ်။

"ဟဲ့ကောင်းကျော်...နင်စကားကိုအေးဆေးပြောစမ်းပါဟယ်..."

"ကောင်းကျော်...မင်းထိုင်နေ...ငါပြောမယ်..."

ရန်အောင်မင်းက လိပ်ပြာဖြူရဲ့ဘေးနားမှာ ထိုင်လိုက်ပြီး ညီမဖြစ်သူကို စေ့စေ့ကြည့်နေမိသည်။
တကယ်တော့ သူတို့ညီအစ်ကိုရဲ့စိတ်ထဲမှာ ညီမလေးကို လမ်းမှားမရောက်စေချင်ကြသလို အခြားလူတစ်ယောက်က တန်ဖိုးမဲ့အောင် ခြွေယူဖြတ်စီးပစ်မှာကိုလည်း သိပ်ကိုကြောက်ပါတယ်။
ကာယကံရှင်ဖြစ်တဲ့ သူတို့ညီအစ်ကိုသာ အသိဆုံးပါပဲ။

"ညီမလေး...ကိုကြီးပြောပြမယ်..ပိုက်ဆံချမ်းသာလေ အဲ့လူတွေကပိုကြောက်ဖို့ကောင်းလေပဲ..လူတိုင်းကိုတော့မဆိုလိုပေမဲ့ ညီမလေးပြောပြပုံအရဆိုရင် ဒီကောင်လေးရဲ့နောက်ခံအင်အားက တော်တော်လေးကို အင်အားကြီးမားနေတယ်...
ကိုကြီးတို့ရဲ့ လူနေမှုပုံစံကရိုးရှင်းတယ်...ကိုကြီးတို့ရဲ့ အသိုင်းအ၀န်းကလည်း သာမာန်ပဲ...
ဒါပေမဲ့ ညီမလေးသာ သူ့အသိုင်းအ၀န်းထဲကိုရောက်သွားခဲ့ရင် အစပိုင်းမှာမသိသာပေမဲ့..ကြာလာတဲ့အခါမှာ အယူအဆ၊ဘ၀နေထိုင်မှုမတူတာရဲ့ အကျိုးဆက်ကြောင့်..ညီမလေးကိုယ်တိုင်ရော..ညီမလေးရဲ့နောက်က မိသားစုပါ ဖိနှိပ်ခံရနိုင်တယ်..ဒါကိုရော..တွေးမိလား...မတူညီတဲ့အရာတွေကို တန်းညီအောင် ကြိုးစားရင်..အရမ်းပင်ပန်းရလိမ့်မယ်..အဲ့ဒီ့ဒဏ်တွေကိုရော ငါ့ညီမလေး ခံနိုင်မယ်လို့ထင်လား..."

ကိုကြီးပြောတာလည်း မှန်နေတာပါပဲ။ဒါကြောင့်လည်း လိပ်ပြာကိုကိုနဲ့ လမ်းခွဲဖို့စဉ်းစားခဲ့ဖူးတာပေါ့။ လိပ်ပြာလို သာမာန်လူတစ်ယောက်က ကိုကိုနဲ့ လက်တွဲဖို့ဆိုတာ အရမ်းကိုတာ၀န်ကြီးတဲ့ကိစ္စပဲ မနေ့ညကကိစ္စကိုပဲကြည့်လေ ကိုကို့ဆီကို ဖုန်းခေါ်လိုက်ပေမဲ့ လာကိုင်တာက ရန်သူဖြစ်နေတယ်။ ကိုကိုနဲ့ ရာသက်ပန်လက်တွဲဖို့ဆိုရင် အဲ့လိုအနှောက်အယှက်တွေကို လိပ်ပြာခံနိုင်ရည်ရှိဖို့ အရင်ကြိုးစားရပါအုံးမယ်။

"သမီးကို...အချိန်တစ်ခုလောက်ပေးကြပါ...သမီးသေချာပြန်စဉ်းစားပါ့မယ်..."

"ဘာမှ စဉ်းစားမနေနဲ့...ဒီနေ့ကစပြီး သူ့ကိုအိမ်ထဲကနေ အိမ်ပြင်ကိုလုံး၀မထွက်စေနဲ့..ဖုန်းကိုလဲ ကျွန်တော်သိမ်းထားလိုက်မယ်..ဘယ်သူ့ဆီမှလည်း ဖုန်းမဆက်စေနဲ့...အဲ့ကောင်နဲ့ဖြတ်ဖို့ပဲ စဉ်းစား..."

"ဒီသေချင်းဆိုးလေးကတော့လေ..
ပြောမကောင်း၊ဆိုမကောင်း..."

အိမ်အပေါ်ထပ်ကို ခြေသံပြင်းပြင်းနင်းပြီး တက်သွားတဲ့ အစ်ကိုလေးအား အမေကကျိန်ဆဲနေတော့သည်။
လိပ်ပြာမှာတော့ ရင်မောတာပဲသိတယ်။
ကိုကို့  အပေါ်ချစ်မိတာက လိပ်ပြာမှားသလား။ဒါဆိုရင်တော့ လိပ်ပြာရဲ့အမှားဟာ ရှစ်တန်း ကျောင်းသူဘ၀ထဲက စတင်ခဲ့တာပါပဲ။ဒါကြောင့် ရင်ထဲမှာအမျှစ်တွယ်နေပြီးသား သစ်ပင်လေးတစ်ပင်ကို လိပ်ပြာဘယ်လိုများ သတ်ပစ်နိုင်မှာတဲ့လဲ။
ကံကြမ္မာကြီးရယ် ကိုကိုဟာသာမာန်ကောင်လေးတစ်ယောက်ဆိုရင် သိပ်ကောင်းမှာပဲ။
လိပ်ပြာရဲ့ မျက်၀န်းအိမ်မှ မျက်ရည်တွေဟာ ပြိုင်တူကျဆင်းလာတာတော့ လိပ်ပြာလည်း မတားဆီးလိုက်နိုင်ပါဘူး။တာဆီးဖို့ ခွန်အားမရှိတော့တာဆိုရင် ပိုမှန်ပါလိမ့်မယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

ခမ်းနားတဲ့ အိမ်ကြီးထဲကို ၀င်လာရပေမဲ့ ဘုန်းမြတ်ရဲ့စိတ်ထဲမှာတော့ ဘယ်အရာကမှ အရောင်၊အဝါတောက်ပနေတယ်လို့ မခံစားရပါဘူး။
သူ့ရဲ့စိတ်အစဉ်ကို လွှမ်းမိုးထားတာကတော့  လိပ်ပြာကို သူမအစ်ကိုက ကြမ်းတမ်းစွာဆွဲခေါ်သွားတဲ့ မြင်ကွင်းတွေပါပဲ။
လိပ်ပြာကိုဖုန်းအကြိမ်ကြိမ်ခေါ်ပေမဲ့ စက်ပိတ်ထားတယ်တဲ့။အခုချိန်ဆိုရင် သူမဘယ်လိုခံစားနေရမလဲ။သူမအစ်ကိုတွေက သူမကိုဘယ်လိုများ အပြစ်ပေးကြမှာလဲ။သူမရင်ထဲမှာ စိတ်ဒဏ်ရာတွေ မစွန်းထင်းသွားပါစေနဲ့လို့ ဆုတောင်းနေမိတာလည်း အကြိမ်ကြိမ်ပါပဲ။

"ကိုမြတ်..ပြန်လာပြီလား..."

"ရွှေစင်သက်ထား...မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ..."

အဖေနေခဲ့တဲ့အိမ်ကို ခဏပြန်လာပါတယ်။အကုသိုလ်တွေက တန်းစီပြီးကိုကြိုနေတော့တာပဲ။
ဘုန်းမြတ်ထိုမိန်းမကို လှည့်တောင်မကြည့်ပဲ လှေကားဆီသို့သာ တန်းသွားလိုက်တယ်။

"ကိုမြတ်ရယ်...သက်ထားက ကိုမြတ်ကိုသတိရလို့လာတာပေါ့...အန်တီရီက..သက်ထားကိုမုန့်လုပ်ကျွေးဖို့ ခေါ်ထားတာလဲပါတယ်..လာပါ...ကိုမြတ်လည်း အတူ၀င်စားလိုက်ပါလား..."

လက်မောင်းကို အတင်းလာဆွဲနေတာကြောင့် ဘုန်းမြတ်ချက်ချင်း ဆောင့်ရုန်းလိုက်သည်။

"ငါ့အသားကို မင်းလာမထိနဲ့...မင်းတို့တစ်မျိုးလုံးကို ရွံလွန်းလို့...
ငါနဲ့အတူတစ်စားပွဲထဲစားဖို့ စိတ်ကူးယဉ်နေတာ မလွန်လွန်းဘူးလား...မင်းကတကယ်အရှက်မရှိတဲ့မိန်းမပဲ..."

"ဟဲ့...နင်ငါ့တူမကို ဘယ်လိုပြောလိုက်တာလဲ..."

နောက်ထပ်ဂျိုဆိုးတစ်ကောင်ရဲ့ အသံကိုကြားလိုက်တာနဲ့ ဘုန်းမြတ်သက်ပြင်းတစ်ခုကို ချလိုက်ရတယ်။တကယ်ပါ။ကိုယ့်အိမ်ကိုယ်ပြန်လာတာတောင် တစ်စက်မှစိတ်မချမ်းသာရဘူး။

"ဟဲ့...ငါမေးနေတယ်လေ...နင်ငါ့တူမကို အခုချက်ချင်းပြန်တောင်းပန်စမ်း..."

"ဒီမှာ...ဒေါ်မြနှင်းကြည်..ဒါကျုပ်အိမ်...ကျုပ်အိမ်မှာ ကျုပ်ကြိုက်တာကိုလုပ်ပိုင်ခွင့်ရှိတယ်...မခံနိုင်တဲ့လူ ထွက်သွား!!!..."

ပြီးနောက်ဘုန်းမြတ်တစ်ချက်မဲ့ပစ်လိုက်ပြီး...

"တောင်းပန်ရအောင်...ကျုပ်အသားကို ဘယ်သူကအရင်စထိတာလဲ...အဟင်း...မထင်ရဘူးနော်...
တူမဖြစ်သူကလည်း...အဒေါ်တွေအတိုင်း...အချိုးကတစ်ချိုးထဲပဲ..."

"ဟဲ့...နင်ဘာစကားပြောတာလဲ...ဟမ်!!...နင်လူကမွေးရင်...အကြီးကိုအကြီးမှန်းသိရတယ်ဟဲ့...
အေးလေ..အရူးမကမွေးထားတဲ့သားဆိုတော့...ဆိုဆုံးမမှုမရှိ၊ဘာမရှိနဲ့ ရှိုင်းစိုင်းတာ...
မဆန်းပါဘူး..."

"ခင်ဗျား...ဘာစကားပြောတာလဲ..."

"အမယ်လေး!!!!!အာ့....အစ်..အစ်..."

အနာဟောင်းကို ပြန်အဆွခံလိုက်ရတာကြောင့် ရင်ထဲမှအမုန်းမီးတွေဟာလည်း တဟုန်းဟုန်းနဲ့
ထတောက်လာတော့သည်။
ဘုန်းမြတ်ရဲ့လက်တွေဟာ ဒေါ်မြနှင်းရီရဲ့ လက်ပင်းကို အားကုန်ညှစ်ထားနေမိပြီး သူ့အသိစိတ်တွေကလည်း တဒင်္ဂလွတ်သွားတော့သည်။
သူ့စိတ်ထဲမှာရှိနေတာက တစ်ခုတည်းရယ်။
သူ လူသတ်ချင်နေတယ်။

"ခင်ဗျားကိုကျုပ်သတ်မယ်...ခင်ဗျားသေရမယ်
...ခင်ဗျားကို သတ်မယ်...သေ..သေစမ်း..."

"ကိုမြတ်...ကိုမြတ်..အန်တီရီ့ကို လွတ်လိုက်ပါ...
ကိုမြတ်!!!!!"

‌ကိုမြတ်ရဲ့လက်တွေကို သက်ထားထုနှက်နေမိလည်းပဲ ကိုမြတ်ဟာ သူ့လက်ထဲက အသက်တစ်ချောင်းကို အစဖျောက်ဖို့သာ အားသန်လွန်းနေတယ်။နီရဲနေတဲ့ မျက်လုံးတွေနဲ့အတူ ကိုမြတ်ဟာ လည်ပင်းအကြောတွေ၊နားထင်အကြောတွေပါ အထင်းသားမြင်နေရတဲ့အထိ ဒေါသအရှိန်ပြင်းလွန်းနေသည်။

"ခင်ဗျားသေရမယ်...ကျုပ်အမေကို ဝေဖန်ရအောင် ခင်ဗျားက ဘာသောက်ဆင့်ရှိလို့လဲ...
ခင်ဗျားကို ကျုပ်သတ်မယ်....သတ်မယ်"

"အာ့...အစ်..အစ်..."

"အမယ်လေး...သား...သားဘုန်းမြတ်..."

အိမ်အကူ ဒေါ်ယဉ်မေနဲ့ ဒေါ်မြနှင်းကြည်တို့မှာ ထမင်းစားအခန်းထဲမှ ထွက်လာလာချင်း မြင်လိုက်ရတဲ့ အသဲထိတ်စရာ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

"ဟဲ့ကောင်...နင်..ငါ့ညီမကိုလွှတ်နော်
...လွှတ်...လွှတ်လို့ငါပြောနေတယ်..."

"သားဘုန်းမြတ်ရယ်...လွှတ်လိုက်ပါ...
အန်တီယဉ်တောင်းပန်ပါတယ်...အနည်းဆုံးတော့ မင်းအဖေရဲ့ မျက်နှာကိုထောက်ထားပါကွယ်..."

"အဖေ..."

အဖေဆိုတဲ့အသံကို ကြားတော့မှ အသိစိတ်တွေပြန်၀င်လာပြီး လက်တွေကိုဖြေလျှော့ပစ်မိသည်။
ဟုတ်တယ်။ဒယ်ဒီ..ဒယ်ဒီသက်ရှိထင်ရှားရှိနေသေးတာပဲ။ပြီး‌နောက်မျက်စိရှေ့မှာ မြင်နေရတဲ့ ထိုမိန်းမသုံးယောက်ကို ရွံရှာစွာ ကြည့်လိုက်ပြီး...

"ဒေါ်မြနှင်းရီ...ကျုပ်ဒယ်ဒီရဲ့...မျက်နှာကိုထောက်ပြီး ဒီတစ်ခါတော့ သည်းခံလိုက်မယ်...ခင်ဗျားမှတ်ထား...နောက်တစ်ခါဆိုတာရှိလာခဲ့ရင်...ခင်ဗျားတင်မကဘူး...ခင်ဗျားတို့တစ်မျိုးလုံး တစ်ဆွေလုံးကို...အစဖျောက်ပစ်မယ်...
နားလည်လား...."

ကိုယ့်ညီမကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောနေတော့လည်း ‌နှင်းကြည်လုံး၀မခံနိုင်ဘူး။
ဒါကြောင့် ညီမလေးအရှေ့ကနေ ကာရပ်လိုက်ပြီး ဘုန်းမြတ်နဲ့ မျက်နှာချင်းဆိုင်ပစ်လိုက်တယ်။

"ဟဲ့...ဘုန်းမြတ်...နင်ငါ့ညီမကို ဘာမှလာခြိမ်းခြောက်စရာအကြောင်းမရှိဘူး...အရာရာကို နင်တစ်ယောက်ထဲပဲ ပိုင်ဆိုင်တယ်ဆိုပြီး
မဏ္ဍတ်တိုင်လာတက်ပြမနေနဲ့...နင်သိထားဖို့က နင့်အဖေနဲ့ငါက အခုထိမကွာရှင်းရသေးဘူး...အဲ့တော့ ငါကနင့်အမေနေရာမှာ ရှိနေတုန်းပဲနော်
..စကားကိုဆင်ခြင်..."

"ဟား..ဟား.."
"ဟား..ဟား..ဟား..သိပ်ရယ်ရတဲ့ပြက်လုံးပဲ..
ခင်ဗျားမှာ အရှက်သိက္ခာဆိုတာရော..ရှိသေးရဲ့လား...လင်မယားချင်း ခြောက်လလောက်အတူမ‌ နေရတော့ရင် လင်ခန်းမယားခန်းပြတ်တယ်ဆိုတာခင်ဗျားမသိဘူးလား...
တော်ရုံပဲမျက်နှာပြောင်တိုက်ပါဗျာ...
ကြည့်လေ ရွံလေဖြစ်လာလို့...ထွီ!!!...."

"ကိုမြတ်...အန်တီကြည်တို့ကို အဲ့လိုတော့မပြောသင့်ပါဘူး...နဲနဲတော့ လေးစားမှုရှိသင့်တယ်..."

မဆိုင်ပဲ အာလာချောင်တဲ့ ရွှေစင်သက်ထားကြောင့် ဘုန်းမြတ်ပါးဆောင်ကို လျှာနဲ့ထိုးလိုက်ပြီး  ထိုမိန်းမအရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

"မင်းအဒေါ်တွေကို လေးစားပေးစေချင်ရင် ဒီအိမ်ပေါ်ကနေ အခုချက်ချင်းခေါ်သွားလိုက်...မင်းကိုလည်း ငါမှတ်ထားလိုက်မယ်နော်...နောက်တစ်ခါ..ငါ့ချစ်သူနဲ့ ငါ့ကြားမှာ သွေးလာထိုးရင်...
မင်းဘ၀စုတ်ပြတ်သတ်သွားမယ်...ကြားလား..."

"ဟုတ်...ကြား..ကြားပါတယ်..."

ဟိန်းထွက်လာတဲ့ ကိုမြတ်ရဲ့အသံကြောင့် သက်ထားမှာ လိပ်ပြာလွှင့်ထွက်မတတ် ကြောင့်ရွံ့တုန်လှုပ်နေမိတယ်။
ကိုမြတ်ဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ယောက်ျားပဲ။

"တောက်!!!!အိမ်လေးတစ်ခါပြန်လာတာ...
အကုသိုလ်တွေ တက်အောင်လာလုပ်နေကြတယ်..."

ဒေါနဲ့မောနဲ့ လှေကားအပေါ်သို့တက်သွားကာ
သူ့အခန်းတံခါးပိတ်တဲ့အသံကို ကြားလိုက်တော့မှ အမျိုးသမီးသုံးယောက်ခမျာ သက်ပြင်းကို ပြိုင်တူချလိုက်ကြရသည်။

"ဟဲ့...တူမလေး...ဟိုအကောင်ပြောတဲ့...သူ့ချစ်သူဆိုတာ...ဘယ်သူလည်း...ဘယ်ကလည်း..."

လည်ပင်းအညှစ်ခံရတာလည်း မမှတ်သေးပဲ အနားကို အတင်းတိုးကပ်လာတဲ့ အန်တီနှင်းရီကို သက်ထား ကြည့်လိုက်သည်။

"UDCက အတွင်းသတင်းအရ သက်ထားစုံစမ်းမိသလောက်ကတော့..အဲ့ကောင်မလေးနာမည်က လိပ်ပြာဖြူတဲ့...ကိုမြတ်ဆီမှာ PAလုပ်ဖူးတယ်တဲ့..."

"ဒီကောင့်ဆီမှာ အလုပ်လုပ်ဖူးတယ်ဆိုတော့ ကြည့်ရတာ သာမာန်မိသားစုကပဲနေမယ်...
မဟုတ်မှလွဲရော ပိုက်ဆံချမ်းသာလို့ အတင်းလာကပ်တာများလား...မမ...အဲ့ဒါဆိုရင် တို့အတွက် ရန်သူပဲတိုးလာဖို့ရှိတယ်နော်..အခုတောင် ဒီကောင်ကတို့အပေါ်ကို ဒီလောက်မုန်းနေတာ..."

ညီမဖြစ်သူရဲ့အပြောကြောင့် မြနှင်းကြည်လည်း စဉ်းစားခန်းဖွင့်ရတော့သည်။
ဘုန်းမြတ်ရဲ့အဖေဟာ သူ့သားရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးချင်တာကြောင့် အမေဆိုတဲ့ဂုဏ်ပုဒ်ကို သူမအားခံယူစေခဲ့တယ်။ ဒီကောင်လေးကလည်း အကြောကတင်းသလားမမေးပါနဲ့မိထွေးကို အလိုမရှိဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အဒေါ်အိမ်ကို ဆင်းသွားပါသတဲ့။ သူ့အဖေ မုဆိုးဖိုကြီးကို အစတည်းက ချစ်လို့၊ကြိုက်လို့ ယူခဲ့တာမှမဟုတ်ပဲ။ အဲ့တော့ ကလေးကိုလည်း မကြင်နာခဲ့မိဘူး။ အဲ့ဒီ့ခေါင်းမာခဲ့တဲ့အကျိုးဆက်ကြောင့်ပဲ လင်တော်ကြီး ကိုဘုန်းဇေယျ စင်္ကာပူမှာ ကားတိုက်လို့ကိုမာဖြစ်နေတော့မှ ဟောဒီကနှင်းကြည်အတွက် တစ်ပြားတစ်စိတောင် မချန်ထားခဲ့ဘူးဆိုတာ သိလိုက်ရတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ပုံစံ ဟန်ဆောင်နေပြလည်းပဲ ဒီကောင်ဆိုးလေးက တစ်စက်မှာ အမြင်မကြည်လာဘူး။အဲ့တော့ နှင်းကြည် ဒီနေ့ကစပြီး လူကြမ်းပဲလုပ်တော့မယ်။
မင်းစောင့်ကြည့်နေလိုက် ဘုန်းမြတ်ရေ။မင်းပဲ အရင်ငိုရမလား၊ငါတို့ပဲ ငိုရမလားဆိုတာ ကံဇာတ်ဆရာက ပြောင်းလဲပေးပါလိမ့်မယ်။မဟုတ်ဘူး ကံဇာတ်ဆရာဆိုတာ မြနှင်းကြည်ကိုယ်တိုင်ပဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋
ဆရာကြီးက အသက်၂၄နှစ်ပေမဲ့ ကိုလေးထက်
နှစ်ဆ ဆိုးတယ်နော်

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...