🦋အခန်း ၃၉ မှ အခန်း ၄၂ 🦋

  



ချစ်လိပ်ပြာလေး တဝဲလည်လည်

                             အခန်း ၃၉


📧"တောင်..."

အီးမေးလ်မြည်လာသံကြောင့် အစည်းအဝေးလုပ်နေရင်းနဲ့ ဖုန်းကိုကြည့်လိုက်မိရာ ဘုန်းမြတ်မှာရင်ထဲ၊အသဲထဲကနေကို ပျော်ရွှင်ခြင်းတွေ လှိုက်တက်လာရသည်။
အီးမေးလ်ဟာ မကြာခင်ကမှအင်္ဂလန်ကို ထွက်သွားတဲ့ ထွန်းဝေဆီက‌နေ သူတောင်းထားတဲ့ လိပ်ပြာလေးရဲ့ မိသားစုအိမ်လိပ်စာပင်။

"အားလုံးပဲ ကျွန်တော့်အတွက် အသက်လောက်အရေးကြီးတဲ့ ကိစ္စပေါ်လာတာကြောင့် မသွားမဖြစ်သွားရပါမယ်...ဒီစီမံကိန်းနဲ့ပတ်သတ်ပြီး
...ဆွေးနွေးစရာရှိတာတွေကို ဆက်ဆွေးနွေးပြီး တစ်ဦးတစ်ယောက်ချင်းဆီကနေ တင်ပြချက်တွေကို ကျွန်တော့်အတွင်းရေးမှူးထံ ပေးထားလိုက်ပါ...ကျွန်တော်သေချာစီစစ်ပြီး အကြောင်းပြန်ပါ့မယ်...အခုတော့ သွားခွင့်ပြုပါအုံး..."

အစည်းအဝေးအခန်းထဲကနေ လှမ်းထွက်လာတဲ့ ဘုန်းမြတ်ရဲ့ခြေလှမ်းတွေဟာ အရမ်းကိုသွက်လွန်းနေသည်။
ရင်ဆိုင်ရမဲ့ ကိစ္စက သူ့အတွက်အသစ်အဆန်းတစ်ခုဖြစ်နေလေတော့ စိတ်လှုပ်ရှားရတာလည်း အတိုင်းထက်အလွန်ပါပဲ။

ကားပါကင်မှ ကားကိုထုတ်လိုက်ပြီးနောက်မှာ လေ၀င်၊လေထွက်ကို မှန်မှန်ရှူလိုက်သည်။
မဟုတ်ရင် ယောက်ဖလောင်းတွေကတစ်ချက်အော်လွှတ်လိုက်တာနဲ့ နေစရာနေရာပျောက်လောက်အောင် အသဲတုန်နေမှာဆိုးလို့ပါ။

"လိပ်ပြာရေ...ကိုကိုမင်းအတွက်...ပိုသတ္တိရှိအောင် ကြိုးစားပါ့မယ်..."

အမြင်အာရုံထဲမှာ ဆံပင်ရှည်ရှည်၊အသားဖြူဖြူလေးနဲ့ ကလေးလေးကိုချစ်စရာကောင်းတဲ့ ကောင်မလေးရဲ့ ရုပ်ပုံလွှာတွေကိုပဲ အထပ်ထပ်တွေးကြည့်လိုက်မိတော့ အသဲတုန်တာရော၊ရင်တုန်တာတွေရော အနည်းငယ်ပျောက်သွားသည်။

လိပ်ပြာတို့မိသားစုနေတဲ့ ရပ်ကွက်ကိုရောက်တော့မှ ဟိုလူ့မေး၊ဒီလူ့မေးနဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ချစ်လိပ်ပြာလေး ပုန်းအောင်းနေတဲ့ အိမ်ရှေ့မှာ ကားကိုထိုးရပ်လိုက်သည်။
အိမ်လေးက ပေနှစ်ဆယ်အပြည့်ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးဖြစ်ပြီး မျက်စိအေးစေတဲ့ ဆေးအပြာရောင်သုတ်ထားလေသည်။

"အိမ်ရှင်တို့...အိမ်ရှင်တို့ရှိလား..."

"ဟဲ့...ဘယ်သူလဲ..."

အိမ်ထဲမှ အသက်ငါးဆယ်ကျော် အန်တီကြီးတစ်ယောက်က ဘုန်းမြတ်ကိုမျက်မှောင်ကုတ်ကာကြည့်ပြီး မေးလာသည်။ထိုအန်တီရဲ့မျက်နှာဟာ သူ့လိပ်ပြာလေးနဲ့ တော်တော်ကိုဆင်တူတာပဲ။

"အန်တီက...လိပ်ပြာရဲ့အမေလား..."

"အေးဟုတ်တယ်...ဒါနဲ့မောင်ရင်က ဘယ်သူလဲ..."

"ကျွန်တော်...ကျွန်တော်အန်တီ့သမီးရဲ့ချစ်သူပါ..."

"မြတ်စွာဘုရား!!!!"

ဒေါ်မြဖြူမှာ အစကမျက်မှန်ကြီးကို ကိုင်ပြီးအလျှင်စလိုထွက်လာမိတာပါ။ချက်ချင်းပဲ မျက်မှန်ကိုကောက်တတ်လိုက်တော့ မြင်ကွင်းထဲမှာမြင်နေရတာက မနေ့ကတင် လိပ်ပြာဖြူရဲ့ဖုန်းထဲမှာ မြင်ခဲ့ရတဲ့ကောင်လေးအစစ်ပင်။

"ဟဲ့..မောင်ရင်...မင်းဘာလာလုပ်တာလဲ...
ပြန်တော့...ပြန်တော့..."

"ဘာဖြစ်လို့လဲ အန်တီရယ်...ကျွန်တော့်ကို၀င်ခွင့်ပေးပါဗျာ...ကျွန်တော့်ကို လိပ်ပြာနဲ့တွေ့ခွင့်ပေးပါ...ကျွန်တော်တောင်းပန်ပါတယ်..."

"အမယ်လေးလေး..မင်းပါးစပ်ကနေဒီစကားထွက်တာ ငါအံ့ဩလို့မဆုံးဘူး...ဒီမယ်မောင်ရင်...အိမ်ထဲမှာ သူ့အစ်ကိုတွေရော၊သူ့မောင်တွေရော..တန်းစီနေတာပဲ...အခုချိန်များမင်း၀င်သွားရင်လေ...ငါ့သမီးနဲ့တွေ့ဖို့မပြောနဲ့...
မင်းရဲ့မျက်နှာကြီး...ဒူးရင်းသီးဖြစ်ပြီး ပြန်ထွက်လာရမယ်ဟဲ့...ပြန်ပါဟယ်..."

"မပြန်နိုင်ဘူး...အန်တီ..."

ခြံတံခါးကို ပြန်ပိတ်ဖို့လုပ်နေတဲ့ လိပ်ပြာရဲ့အမေလက်ကို လှမ်းကိုင်ပြီးတားလိုက်မိသည်။

"ကျွန်တော်ဒီကိုလာတာ...လွယ်လွယ်နဲ့ပြန်လှည့်ထွက်သွားဖို့မဟုတ်ဘူးအန်တီ...ကျွန်တော်ယောက်ျားပါ...ကိုယ်ချစ်တဲ့သူအတွက်...
ကျွန်တော်အများကြီးပေးဆပ်နိုင်သလို...ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ခွန်အားလည်းကျွန်တော့်မှာ အပြည့်ရှိတယ်...အန်တီကျွန်တော့်ကို အခွင့်အရေးတစ်ခါလောက်ပဲပေးပါ...တစ်ခါထဲပါ"

တောင်းပန်တိုးလျှိုးလာတဲ့ ထိုလူငယ်လေးရဲ့ မျက်နှာအထက်မှ ခံစားချက်ထုထည်ကို
ဒေါ်မြဖြူမြင်နေရသလိုပါပဲ။ဒီကောင်လေးရဲ့ အကြည့်တွေကနေတစ်ဆင့် ပြတ်သားမှုနဲ့ ခွန်အားတစ်ပိုင်းတစ်စကိုလည်း သူမတွေ့နေရပါတယ်။သူမရဲ့နှုတ်ခမ်းကနေ အပြုံးတစ်ခုကအလိုလိုထွက်ပေါ်လာပြီး ကောင်လေးကိုသေချာကြည့်လိုက်သည်။

"ကောင်းပြီ...အန်တီ၀င်ခွင့်ပြုမယ်...မင်းလို
အခြေမြင့်အနေမြင့်လူတစ်ယောက်က အန်တီ့သမီးကို တန်ဖိုးထားလိမ့်မယ်လို့ ယုံကြည်လို့
ဒီတံခါးကို အန်တီဖွင့်ပေးတာနော်...ဒါပေမဲ့
မောင်ရင် ပထမဦးဆုံး ဖြတ်ကျော်ရမဲ့လူတွေက အန်တီ့သားတွေကိုပဲ...သူတို့သုံးယောက်လုံး အခုဧည့်ခန်းထဲမှာ ရှိနေကြတယ်...အန်တီလည်း...မင်းဘက်ကနေ  နည်းနည်းပါးပါးတော့ ၀င်ပြောပေးပါ့မယ်...ဒါပေမဲ့ အကျိုးဆက်ကတော့ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်နော်...."

လိပ်ပြာရဲ့အမေဟာ ဘုန်းမြတ်ရဲ့ပုခုံးကို ဖွဖွလေးပုတ်ကာ အားပေးစကားပြောလာ‌တာကြောင့် သူ၀မ်းသာသွားသည်။
လိပ်ပြာရဲ့အမေက တကယ်ကိုနွေးထွေးကြင်နာတတ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ပါလားလို့လည်း တွေးမိစေပါတယ်။ဒါကြောင့်မို့လည်း လိပ်ပြာလေးကလည်း ကြင်နာတတ်တဲ့မိန်းကလေး ဖြစ်နေတာပေါ့။

"လာ...မောင်ရင်....ဒါဧည့်ခန်းပဲ..."

အမေ့အသံကြီးကိုကြားလိုက်တာကြောင့် ညီအစ်ကိုသုံးယောက်သားမော့ကြည့်လိုက်မိရာ...

"မင်း...မင်းဘာလာလုပ်တာလဲ...ဟေ့ကောင်
 မေးနေတယ်လေ ငါ့အိမ်ပေါ်အထိ မင်းက
 ဘာလာလုပ်တာလဲ...ဟမ်..."

မလှုပ်မယှက်နဲ့ ခပ်တည်တည်ဆိုက်ကြည့်နေတဲ့ ကောင်ကြောင့် ကောင်းကျော်ရဲ့ ဒေါသကပိုလို့ဇောင်းကြွလာသည်။

"ထွက်သွား...ငါ့အိမ်အရိပ်ကိုတောင် မင်းလာ
မနင်းနဲ့...ဟာ...ဒီကောင်သွားလို့ပြောတာ မရဘူးလား..."

"ဟာ...ကောင်းကျော်...ဒေါသကိုထိန်းမှပေါ့ကွာ...အေးဆေးဖြေရှင်းဖို့ပဲ စဉ်းစားပါကွာ..."

"သားငယ်ရယ်...မင်းကိုလည်း အမေမပြောချင်တော့ဘူး...အခုကအပျို၊လူပျိုကြိုက်ကြတဲ့
ကိစ္စလေ...အေးဆေးပြောဆိုပါဟယ်...တကထဲ
ဘီလူး၀င်စီးသလားမှတ်ရတယ်..."

ရန်အောင်မင်းက အကြီးပီပီအငယ်ကောင်ကို ထိန်းထားပြီး ခုံမှာ၀င်ထိုင်ခိုင်းလိုက်သည်။

"လာ မောင်ရင်...ဒီခုံမှာထိုင်..."

ဘုန်းမြတ်လည်း အန်တီနဲ့အတူ ထိုင်ခုံမှာ၀င်ထိုင်နေရပေမဲ့ စိတ်လှုပ်ရှားနေတာကတော့ အတိုင်းထက်အလွန်ပင်။

အခုဆိုရင်ဧည့်ခန်းလေးထဲမှာ လိပ်ပြာဖြူရဲ့အစ်ကိုနဲ့မောင်တွေဟာ အသက်နှစ်ဆယ့်လေးနှစ်အရွယ် ကောင်လေးကို စူးစမ်းမှုအပြည့်နဲ့ ဝိုင်းကြည့်နေကြလေသည်။
တိတ်ဆိတ်နေတဲ့ လေထုကြီးကို ဖြိုခွင်းလိုက်တဲ့သူကတော့ အလတ်ကောင်ပင်။

"ဘာကြောင့်လဲ... မိန်းကလေးတွေ အများကြီးထဲကမှ ငါ့ညီမလေးကို  ဘာကြောင့်မင်းရွေးချယ်လိုက်တာလဲ...."

အစ်ကိုလတ်ဆိုသူရဲ့ မေးခွန်းက ဘုန်းမြတ်အတွက် သိပ်ကိုလွယ်ကူရိုးရှင်းလွန်းတာကြောင့် နှုတ်ခမ်း‌တွေကို ခပ်ပြေပြေလေး ပြုံးလိုက်သည်။

"ဘာကြောင့်လဲဆိုတော့...ကျွန်တော့်မျက်လုံးထဲမှာ အစ်ကို့ရဲ့ ညီမတစ်ယောက်ထဲကိုပဲ မြင်လို့..."

"မဖြစ်နိုင်ဘူး...ငါမယုံဘူး...မင်းရဲ့အသိုင်းအ၀န်း၊မင်းရဲ့အရည်အချင်းမျိုးနဲ့ဆိုရင် မိန်းကလေးတွေများ ဝဲဂယက်ထလောက်အောင် မင်းနဲ့နီးစပ်ချင်ကြမှာပဲ....ငါ့ညီမလေးထက်သာတဲ့ မိန်းမတွေလည်း မင်းအနားကို ချည်းကပ်လာကြမှာပဲလေ...
အဲ့တော့ မင်းပြောနေတာကို ငါမယုံဘူး..."

"အစ်ကို...မြင်မြင်ချင်းအချစ်ဆိုတာကို ကြားဖူးလား..."

"ဟ...ကြားဖူးတာပေါ့..."

မကြားဖူးဘူးပြောရင် လူစဉ်မမှီဘူးလို့အပြောမခံနိုင်ပါဘူး။
ဒီကောင်လေးက အသက်ကသာ သူ့ထက်အများကြီးငယ်တာ အမူအရာနဲ့၊စကားပြောဆိုပုံတွေက သူ့ထက်တောင် လူကြီးဆန်နေသလိုပဲ။

"ဒါဆိုရင်...မြင်မြင်ချင်းချစ်မိတာနဲ့ရော ကြုံဖူးလား..."

"ဟ...မွေးကတည်းက ငါအခုထိရည်းစားတစ်ယောက်မှထားဖူးတာမဟုတ်ဘူး...ဘယ်လိုလို့ကြုံဖူးမှာလည်း..."

"အဟက်...ရုပ်ကလူစဉ်မမှီလို့ ဘယ်သူမှပြန်မကြိုက်ရင် မကြိုက်ဘူးပေါ့..."

"အငယ်ကောင်...မင်းနာချင်ပြီလား..."

လျှာ၀င်ရှည်တဲ့ အငယ်ကောင်ခမျာ ထိပ်ကိုပိတ်အထုခံလိုက်ရ၍ မျက်နှာကြီးရှုံ့မဲ့ပြီး ငြိမ်ကျသွားသည်။

"နေကြစမ်းပါဟယ်.. ကဲ..သားလေးဆက်ပြော..."

"အမေကတော့လုပ်ပြီ...သားမက်ကဖြင့်မတော်ရသေးဘူး သားတွေ၊သမီးတွေတောင် ဖြစ်ကုန်ပြီ..."

"အငယ်ကောင်...မင်းသေချင်နေပြီလား..."

အငယ်ကောင်ကထထဖောက်နေလေတော့ စကားတွေကလိုရင်းကိုမရောက်တော့ဘူး။

"ကဲ...မင်းဘာပြောချင်တာလည်း မြန်မြန်ပြော...ပြောပြီးပြန်တော့..."

ဘုန်းမြတ်လည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ခံစားချက်တွေကို အမှန်အတိုင်း
၀န်ခံဖို့ပဲဆုံးဖြတ်လိုက်တယ်။

"အစ်ကိုတို့ရဲ့ အမြင်မှာတော့ ကျွန်တော့်ကို
အရာရာပြည့်စုံနေတဲ့ လူတစ်ယောက်လို့ မြင်နေကြပေမဲ့ ကျွန်တော့်ဘဝဟာ ငယ်ငယ်ကတည်းက မိဘတွေရဲ့မေတ္တာကိုလည်း မခံစားခဲ့ရဖူးပါဘူး
..ဒါကြောင့်ပဲ ကျွန်‌တော့်အပေါ်မှာစိတ်ရင်းနဲ့ဆက်ဆံပေးတဲ့ လိပ်ပြာကို ကျွန်တော်အသက်နဲ့အမျှတန်ဖိုးထားခဲ့မိပါတယ်...ကျွန်တော့်ဒယ်ဒီကလဲ အခုဆိုရင်စင်ကာပူက ဆေးရုံတစ်ခုမှာ ကိုမာရောဂါဝေဒနာသည်အဖြစ် ဆေးရုံတက်နေရပါတယ်..ဒါကြောင့်
ကျွန်တော့်ဘေးနားမှ လိပ်ပြာသာမရှိတော့ရင် ကျွန်တော်ရှေ့ဆက်ရမယ့်နေ့ရက်တွေက လုံးဝလှပနိုင်တော့မယ်မထင်ဘူး...
ကျွန်‌တော်တောင်းပန်တာထက် အသနားခံတာပါ...လိပ်ပြာနဲ့ ကျွန်တော့်ကိုလက်တွဲခွင့်ပေးပါ...ကျွန်တော်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်...အကိုတို့ကျေနပ်အောင်သက်သေပြပါ့မယ်..."

ဘုန်းမြတ်ရဲ့ရင်ဖွင့်စကားတွေဟာ ဧည့်ခန်းထဲတွင်ရှိသော လူတွေအားလုံးရဲ့ရင်ထဲကို စီးဝင်သွားတာကြောင့် တစ်ယောက်မျက်နှာကို
တစ်ယောက် ကြည့်၍ ဆွေးနွေးခန်းဖွင့်ကြရတော့သည်။
အစ်ကြီးကောင်က စတင်၍မေးခွန်းထုတ်လာသည်။

"ညီလေး...မင်းရဲ့စကားကိုနားထောင်ပြီး
...ကိုယ်တွေ့ရှိလိုက်တာက မင်းဟာတို့တွေရဲ့ညီမကို သိပ်ကိုအလေးထားလွန်းနေတယ်ဆိုတာပဲ...
ဒါပေမယ့် ကိုယ်သိပ်မယုံချင်ဘူးဖြစ်နေတယ်
...လူတစ်ယောက်က... သွေးမတော်၊သားမဆက်ပဲအခြားလူတစ်ယောက်ကို အဲ့လောက်ကြီးအထိ
...တန်ဖိုးထားမြတ်နိုးနိုင်ပါ့မလား...ဘယ်လောက်ကြာကြာရော စကားတွေကို တည်ပေးနိုင်မှာလဲ..."

ဒီမေးခွန်းက ဘုန်းမြတ်ကို ဆန်းစစ်တဲ့ မေးခွန်းဆိုတာ သိလိုက်တာကြောင့် သူတစ်ချက်ပြုံးပြလိုက်သည်။
သူ့ဖုန်းကိုထုတ်လိုက်ပြီး ဓါတ်ပုံတွေကို တစ်ပုံချင်းဆီထောက်ပြလိုက်ရာ အကုန်လုံးရဲ့မျက်နှာအမူအရာတွေဟာ အံ့ဩခြင်းအသွင်ဆောင်ကုန်ကြတော့သည်။

"ဒီဓာတ်ပုံတွေထဲက ပန်းချီကားတွေအားလုံးကို လွန်ခဲ့တဲ့ကိုးနှစ်က ကျွန်တော်ကိုယ်တိုင်ဆွဲထားခဲ့တာပါ...ဒီလောက်ဆိုရင်ကျွန်တော့်ရင်ထဲက
...လိပ်ပြာရဲ့ တည်ရှိမှုတန်ဖိုးကို အစ်ကိုတို့ခန့်မှန်းမိကြမယ်ထင်ပါတယ်..."

ကောင်းကျော်မှာဓာတ်ပုံတွေထဲက ပန်းချီကားချပ်တွေကို အချိန်ခဏလောက် တွေဝေစွာကြည့်အပြီးမှာတော့ ထိုင်ခုံအပေါ်ကနေ ဖြေးလေးစွာမတ်တက်ထရပ်လိုက်တယ်။
ဘုန်းမြတ်ဆိုတဲ့‌ကောင်လေးထိုင်နေရာ ဆီသို့လျှောက်သွားမိတော့ ကောင်လေးကလည်း လေးစားသမှုနဲ့ မက်တက်ထရပ်လာသည်။

"အနာဂတ်မှာ...ငါ့ညီမလေးအပေါ်ကို အများကြီးကောင်းပေးပါ့မယ်လို့ မင်းကတိပေးနိုင်လား..."

လေးနက်လွန်းတဲ့ အကြည့်တွေနဲ့ နက်ရှိုင်းတဲ့ကတိတစ်ခုဆိုပေမဲ့ ဘုန်းမြတ်အတွက်က အဖြေရှိပြီးသားပါ။

"ဟုတ်ကဲ့..လိပ်ပြာကို...ကျွန်တော့်ရဲ့ချစ်သူလို၊ညီမလေးလို...ထာ၀ရစောင့်ရှောက်ပေးသွားချင်ပါတယ်...."

"ကောင်းပြီ...နောင်တစ်ချိန်မှာ ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်လာပါစေ...ညီမလေးရဲ့ဘက်ကနေ အမြဲတမ်းရပ်တည်ပေးနိုင်သလား.."

"လိပ်ပြာအတွက်ဆိုရင်...ကျွန်တော် မတည်နိုင်တဲ့ကတိဆိုတာ ရှိမယ်မထင်ဘူး..."

ဘုန်းမြတ်ဆိုတဲ့ကောင်လေးရဲ့ လေးနက်လွန်းတဲ့အကြည့်၊တည်ကြည်နေတဲ့မျက်နှာထားနဲ့ တစ်လုံးချင်းဆီထွက်ကျလာတဲ့စကားသံတွေဟာ
ကောင်းကျော်ရဲ့သံသယနံရံတွေကိုရိုက်ချိုးလိုက်
နိုင်တာကြောင့် ကောင်းကျော်တစ်ချက်ပြုံးပြီး
အမေ့ဘက်သို့ လှည်လိုက်သည်။

"အမေ..ညီမလေးအိပ်နေတယ်မလား ..."

အမေကဘာတွေလာမေးနေတာလဲဆိုတဲ့ပုံနဲ့ မျက်မှောင်ကျုံ့ရင်း ခေါင်းတချက်ညိမ့်ပြလာသည်။

"ဒါဆိုရင် ညီမ‌လေးကိုအခုချက်ချင်းနှိုးလိုက်
...သူ့ကောင်လေးက အပြင်ခေါ်သွားဖို့စောင့်နေတယ်လို့ ပြောလိုက်ပါ...."

"ဒါဆို အစ်ကိုက... ကျွန်တော်နဲ့လိပ်ပြာကိုသဘောတူတယ်...ဆိုတဲ့အဓိပ္ပာယ်ပေါ့..."

"မင်းသာ ငါတောင်းတဲ့ကတိတွေကိုအမြဲတည်နိုင်ရင် ငါ့ညီမလေးကိုလည်း မင်းလက်ထဲကို
ထည့်လိုက်ဖို့ ငါဝန်မလေးပါဘူး...ဒါပေမယ့်..ငါ့ညီမလေးက အရမ်းငယ်သေးတဲ့အတွက်...တစ်ခါတစ်လေမှာ ကလေးဆန်တတ်တယ်...ရင့်ကျက်မှုမရှိဘူး..သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းလုပ်တတ်ကိုင်တတ်တယ်...တစ်ခါတစ်လေ
...မင်းအပေါ်ကိုနားလည်မပေးနိုင်တာတို့ ၊ဆိုးနွဲ့တတ်တာတို့...ရှိလာခဲ့ရင်လည်း...မင်းနားလည်ပေးပါ..."

သူ့ညီမလေးအတွက် စိတ်မချနိုင်စွာ အမျိုးမျိုးမှာတမ်းခြွေပြီးတဲ့နောက်မှာတော့ လိပ်ပြာရဲ့အစ်ကိုလတ်ဟာ အားလုံးကိုကျောခိုင်းပြီး
အိမ်အပေါ်ထပ်သို့ တက်သွားလေသည်။
ဘုန်းမြတ်ရဲ့စိတ်ထဲကနေလည်း "အစ်ကိုတောင်းတဲ့ကတိတွေအကုန်လုံးကို ကျွန်တော့်ဘက်ကလည်း တည်စေရပါမယ်လို့ ဂတိပေးပါတယ်။"

🦋
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"သမီး....လိပ်ပြာရေ...ထတော့..ဟဲ့...အိပ်ပုပ်မရေ..."

"ဝါး!!!!"

"ဘာဖြစ်လို့လဲ မေမေရာ ....ဒီမှာအိပ်လို့ကောင်းနေတဲ့ဥစ္စာကို..."

အိပ်မက်လှလှလေးတွေမက်နေစဉ်မှာပဲ အမေကလာနှိုးလေတော့ လိပ်ပြာမှာအိပ်ချင်မူးထူးပုံစံနှင့် မျက်လုံးတောင်မဖွင့်နိုင်ဖြစ်နေသည်။

"ဘာလဲ...အမေရာ...ပြောစရာရှိတာမြန်မြန်ပြော
...ပြီးရင်ပြန်အိပ်မလို့..."

"အမယ်လေး...ပြီးမှငါ့စကားကိုကြားပြီး ညည်းထခုန်မနေနဲ့နော်..."

"ဟာ..အမေရယ်ပြောစရာရှိတာသာမြန်မြန်ပြောစမ်းပါ...ဒီမှာပြန်အိပ်ချင်နေပါပြီလို့ဆိုနေ...
အမေမပြောရင် သမီးပြန်အိပ်လိုက်တော့မှာနော်..."

ဒေါ်မြဖြူလည်း အတင်းပြန်လှဲအိပ်ဖို့လုပ်နေတဲ့ ငပျင်းမလေးကို အတင်းဆွဲထူရပြန်သည်။

"အမယ်လေး...ပြန်တော့လှဲမအိပ်လိုက်ပါနဲ့...
တကတဲ့ အသည်းကွဲတယ်သာဆိုတယ်...
အိပ်လိုက်၊စားလိုက်တာများ ၀က်ဖြစ်တော့မဲ့အတိုင်းပဲ..ကျုပ်တို့ငယ်ငယ်တုန်းကများ အသည်းကွဲရင် ငိုလိုက်ရတာ ပြောမနေပါနဲ့..."

"ဟာ..အမေရယ်...ပြောစရာရှိတာလိုရင်းမရောက်တော့ဘူး..စိတ်တွေညစ်ပါတယ်..."

"စိတ်မညစ်နဲ့ ဧည့်ခန်း‌ထဲမှာ ညည်းရည်းစားစောင့်နေတယ်...ထွက်တွေ့လိုက်အုံး..."

"နောက်နေ့မှလာခဲ့လို့ပြောလိုက်အမေရာ..."

ပထမကတော့ ပြန်အိပ်မယ်လို့စဉ်းစားထားပြီး ဦးနှောက်ထဲမှာ တစ်ခုခုကိုတွေးလိုက်မိတာကြောင့် အိပ်ချင်နေတဲ့မျက်လုံးတွေက ချက်ချင်းပြူးကျယ်သွားသည်။

"အမေ့..."

"ဘာလဲ..."

"အမေခုဏကပြောတာ...ဘယ်သူကဘယ်နေရာမှာစောင့်နေတာ..."

"ညည်းရည်းစား ဧည့်ခန်းထဲမှာ အပြင်သွားရအောင် စောင့်နေတယ်..."

"ဘာ!!!...အမေရယ်...ခုဏထဲကမပြောဘူး...."

"ဟောတော်..."

လိပ်ပြာအခန်းအပြင်ဘက်ကို ချက်ချင်းပြေးထွက်လိုက်တယ်ဆိုရင်ပဲ ကိုကိုဟာတကယ်ပဲ ဧည့်ခန်းထဲမှာရှိနေတာကို တွေ့လိုက်ရသည်။

"ကိုကိုရယ်...ဘာလို့အိမ်အထိလိုက်လာတာလဲ..
အစ်ကိုကြီးတို့နဲ့ တွေ့ရင်တော့ဒုက္ခပါပဲ...."

"ဟဲ...ဟဲ...ဒုက္ခမဟုတ်ဘူးဗျ...သုခ...သုခ..."

အသံလာရာဆီကိုကြည့်လိုက်တော့ မင်းမင်းနဲ့အစ်ကိုကြီးက မျက်နှာကြီးတွေပြုံးဖြီးနေသည့်နည်းတူ လိပ်ပြာရဲ့အိပ်ခန်းထဲကနေထွက်လာတဲ့ မေမေကလည်း မျက်နှာရွှင်နေလေတော့ လိပ်ပြာနားမလည်နိုင်ဖြစ်ပြီး ကိုကို့ မျက်နှာကိုကြည့်လိုက်မိသည်။
ကိုကိုကလည်း လိပ်ပြာကိုပြုံးပြနေတာများ သစ်ကြားသီးလေးလို ချိုမြိန်နေတာပဲ။

"လိပ်ပြာ...အလှဆုံးပြင်ပြီးထွက်လာခဲ့နော်..
ကိုကို...အိမ်ရှေ့မှာစောင့်နေမယ်..."

ကိုကို့စကားကြောင့် အကိုကြီးနဲ့‌မေမေ့ကိုကြည့်လိုက်တော့ အားလုံးကလည်း ခွင့်ပြုကြောင်းခေါင်းငြိမ့်ပြကြလေသည်။
လိပ်ပြာပျော်လွန်းလို့ မျက်ရည်တောင်စီးကျချင်လာရတယ်။

"အစ်ကိုလေးကရော..."

"အငယ်ကောင်က အခုပဲအပေါ်ထပ်ကိုတက်သွားတယ်...သူလည်းခွင့်ပြုတယ်တဲ့...ကဲသမီးလေး
..ဖီးလိမ်းပြင်ဆင်ဖို့လုပ်တော့ ငါ့သားလေးစောင့်နေရတာ ကြာရောပေါ့...."

"အမယ်လေး အမေတို့များ အပြောင်းအလဲတွေကမြန်ချက်..."

"ဟဲ့...သားမက်ဖြစ်မဲ့လူကလည်း သားပဲပေါ့...
မဟုတ်ဘူးလား သားရယ်..."

သူ့ကိုသားလို့နွေးနွေးထွေးထွေးခေါ်လာတဲ့ အန်တီ့ကြောင့် ဘုန်းမြတ်ရဲ့ရင်ထဲမှာ အပူလှိုင်းလေးထသွားသလိုနွေးသွားရသည်။

"ဒီကအစ်ကိုရေ...အဲ့အဒေါ်ကြီးကိုမယုံနဲ့သိလား
...နောက်နေ့လည်း လာလည်အုံးနော် အစ်ကို့ကားကြီးကို ကျွန်တော် မောင်းကြည့်ချင်လို့..."

"ဟဲ့...မင်းမင်း...နင်ဟာလေ အရှက်ကိုမရှိဘူး..."

"ဘာဖြစ်လဲ အမေရာကိုယ့်ယောက်ဖပဲဥစ္စာ..."

"ဟုတ်တယ်မလား...ယောက်ဖ..."

"ဟုတ်ပါတယ်ကွာ...

မင်းမင်းက ကားစမ်းမောင်းကြည့်ဖို့ပြောလာတော့မှ လိပ်ပြာတစ်ခုခုကိုသွားသတိရလိုက်သည်။

"မင်းမင်း...နင်ဒီနေ့အဲ့ကားကိုယူမောင်းလို့ရတယ်
...မနက်ဖြန်ကျမှ ကိုကို့ဆီကအလုပ်သမားတစ်ယောက်ကို လာယူခိုင်းလိုက်မယ်..."

"ဟင်...ဒါဆိုရင် မမတို့ကရောအပြင်ကို ဘာနဲ့သွားကြမှာလည်း..."

"ဘက်စ်ကားနဲ့..."

ပြောချင်တာပြောပြီး ယောက်ဖလောင်းကိုတောင် လှည့်မကြည့်ပဲ အခန်းထဲ၀င်သွားတဲ့ အစ်မဖြစ်သူကြောင့် မင်းမင်းတင်မကပဲ အကုန်လုံးနားမလည်နိုင်ဖြစ်နေရသည်။
မင်းမင်းမှာချီးကျူးထောပနာပြု၍လည်း မဆုံးနိုင်ဖြစ်နေသည်။

"ငါ့အစ်မကြီးက...ဘယ်ကသတ္တိတွေရလာလို့ ဒီလောက်အမောက်ထောင်နေသလဲ မသိဘူး
...ယောက်ဖလောင်းကို မေးစရာတောင်မလိုပဲ
သူ့ဘာသူအကွက်ချသွားတာများ...အမေ့ဆီကနေ လင်နိုင်မယ့်အကွက်တွေကို ကြိုတင်သင်ယူထားသလား မှတ်ရတယ်...အမေနဲ့သမီး တစ်ထေရာထဲပဲ...ဟာ..ဟ"

"ဒေါက်!!!!!"   "အာ့..."

"သေနာလေး...မီးဖိုချောင်ထဲကိုလိုက်ခဲ့...နင်နဲ့ငါတွေ့မယ်...လာ...."

"အား...အမေ့...နားရွက်...နာ..နာတယ်...အီဟီး..."

မင်းမင်းကို နားရွက်လိမ်ဆွဲကာ မီးဖိုချောင်ထဲကို  ခေါ်သွားတဲ့ အမေ့ကိုကြည့်ပြီး ရန်အောင်မင်း လည်း ဘုန်းမြတ်အနားသို့ သွားလိုက်တယ်။

"အဲ့လိုပဲ ညီရေ...ဒီအိမ်မှာက အကုန်ဗရုတ်တွေချည်းပဲ..."

"ကျွန်တော်ကတော့ ချစ်စရာကောင်းတယ်လို့မြင်တယ်..."

ဒီမိသားစုလေးရဲ့ ရိုးရှင်းစွာ ပြောဆိုပြုမူတတ်တဲ့ ပုံစံလေးက ဘုန်းမြတ်အတွက် အိပ်မက်ကမ္ဘာလေးထဲကို ရောက်လာရသလိုပါပဲ။
သူ့ဘ၀မှာ ဒီလိုမျိုးနွေးထွေးတဲ့ မိသားစုပုံစံလေးကို အမြဲတောင်းတနေတယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ကျွီ...."

"ကားဆရာ...ဆူးလေကိုရောက်လား...."

"ဟား...ရောက်သပါ့ သိပ်ရောက်ဗျာ...ကမ္ဘာမြေအဆုံးအထိ သွားမယ်ဆိုလည်း အခမဲ့လိုက်ပို့မယ်...ဆူးလေကိုတော့ တစ်ယောက်သုံးရာကျမယ်ဗျာ..."

လေရှည်လွန်းတဲ့ ကားဆရာကိုဥပက္ခာပြုလိုက်ပြီး လိပ်ပြာတို့ ဘက်စ်ကားအပေါ်ကိုတက်လိုက်သည်။
ကိုကိုနဲ့သွားမဲ့နေ့ကြမှပဲ  ကံကဆိုးချင်နေတယ်။ထိုင်ခုံတွေကအလွတ်ကို တစ်ခုံမှမရှိဘူး။

"ကိုကို...လာ..."

"ကျွီ.."

"အမယ်လေးဗျ..."

ကားဆရာက ဘရိတ်အုပ်လိုက်တာကြောင့် လက်ကိုင်ကွင်းကိုမကိုင်ထားတဲ့ကိုကိုခမျာ အမယ်လေးတောင်တရပြီး အနောက်ကိုလှန်ကျသွားလို့ လိပ်ပြာမှာ လှမ်းဆွဲလိုက်ရသေးသည်။

အဖွားကြီးနှစ်ယောက်ထိုင်နေတဲ့ နေရာလေးဘေးမှာ လိပ်ပြာတို့မက်တက်ရပ်လိုက်ကြပြီး  လက်ကိုင်ကွင်းတွေကို ကိုင်ထားရပေမဲ့ ကိုကို့ပုံစံဟာ ကားတစ်ချက်ဆောင့်လိုက်တိုင်း ခွေယိုင်ကျသွားတော့မဲ့ ပုံဖြစ်နေသည်။

"ကိုကို...ရရဲ့လား..."

"ရ...ရပါတယ်..."

ရပါတယ်ဆိုပြီး ရယ်ပြလိုက်ရပေမဲ့ တကယ်တော့ရမနေဘူး။အကြောင်းမှန်ကတော့
ကျောချင်းကပ်လျှက်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်နဲ့  ဖင်ချင်းပေါက်နေရသောကြောင့်ပင်။
ဟိုဘက်၊ဒီဘက် ဘယ်လိုရွေ့ရွေ့ အဲ့အကောင်ဖင်ကြီးနဲ့ကို မလွတ်ဘူး။ယောက်ျားကြီးဖြစ်ပြီး ကိတ်လိုက်တာပြောမနေနဲ့။လိပ်ပြာခေါ်လို့သာ လိုက်လာရတာ သူ့အနေနဲ့ဆိုရင် ဘက်စ်ကားတိုးစီးဖို့ကို စိတ်ကူးထဲမှာတောင် မရှိဘူး။

"လိပ်ပြာ...အမြဲတမ်းတစ်နေရာရာကို သွားရင် ဘက်စကားတိုးစီးနေကြလား..."

"အင်းလေ...ဘာဖြစ်လို့လဲ..."

သူခေါင်းသာခါပြလိုက်ရပေမဲ့ စိတ်မချမှု၊စိုးရိမ်မှုတွေကတော့ ရင်ထဲမှာသောင်းကျန်းနေလေသည်။
မဖြစ်ပါဘူး ။တစ်ခုခုတော့ အမြန်စီစဉ်ပေးမှပါ။

"ကိုကို...ထိုင်လေ..."

သူအတွေးများနေစဉ်မှာပဲ အဖွားကြီးနှစ်ယောက်ထဲမှ တစ်ယောက်ကထသွားလေသည်။
လိပ်ပြာက သူ့ကိုဦးစားပေးနေပေမဲ့ သူခေါင်းခါပြလိုက်သည်။

"လိပ်ပြာပဲထိုင်ပါ...."

"သမီးလေး...အဖွားက နောက်နှစ်မှတ်တိုင်ကျော်ရင် ဆင်းရမှာမို့ အတွင်းထဲကို ၀င်ထိုင်နော်..."

"အော်...ဟုတ်ကဲ့..."

ကားပြူတင်းမှန်ဘေးနားမှာ ၀င်ထိုင်ပြီးမှ ကိုကို့အားကြည့်မိပြီး အသနား၀င်နေ‌မိတော့သည်။
လိပ်ပြာတို့လို သာမာန်လူတန်းစားတွေအတွက် က ဘက်စ်ကားတိုးစီးတယ်ဆိုတာ နေ့စဉ်ပုံမှန်ကိစ္စမို့ဘာမှမပြောပလောက်ပေမဲ့ ကိုကို့အတွက်က ပင်ပန်းကောင်း ပင်ပန်းနေနိုင်တယ်။

"ကျွီ!!!!"

"အောင်မလေးဗျ...."

ကားဆရာက ဘရိတ်ကိုအသားကုန်ဆောင့်အုပ်လိုက်တာကြောင့် ဘုန်းမြတ်ထိုင်ကျသွားရသည်။

"ဟဲ့ကောင်လေး...အီး...အမယ်လေး !!!
မြန်မြန်ထစမ်းဟယ်...ငါဒီမှာချီးထွက်တော့မယ်..."

"ဟာ...ကန်တော့...ကန်တော့နော်..."

"ဟား...ဟား..ဟား..."

"ကိုယ့်လူရေ ကြံကြံဖန်ဖန်ဗျာ...."

ဘုန်းမြတ်အဖို့ဒီနေ့ဟာ ကမ္ဘာ့အရှက်အခွဲခံရဆုံး နေ့လားမသိပါဘူး။ဟို အကိတ်ကောင်ကပါ လာ လှောင်သွားသေးတယ်။

"မှတ်တိုင်ပါတယ်...."

အဖွားက မှတ်‌တိုင်ပါကြောင်း ထအော်ပြီး ကားရပ်တာနဲ့ ကားပေါ်မှဆင်းသွားလေမှ သူစိတ်သက်သာရာ ရတော့သည်။

"ကိုကို...ထိုင်လေ..."

"အင်း..."

မျက်နှာကြီးဆူပုပ်နေပြီး ထိုင်ခုံမှာ၀င်ထိုင်လိုက်တဲ့ ကိုကို့ပုံစံကို လိပ်ပြာကတော့ ပြုံးပြီးသာကြည့်နေမိတော့သည်။

ဘုန်းမြတ်က‌တော့စိတ်ထဲမှာ သိပ်မကြည်ဖြစ်နေတဲ့အချိန်မှာပဲ လက်ဖမိုးအပေါ်ကို ထိတွေ့လာ‌တဲ့ လက်နွေးနွေးလေးကြောင့် အလိုလိုပြုံးမိသွားပြီး သူမရဲ့လက်ဖဝါးလေးကို ပြန်ဆုပ်ကိုင်လိုက်မိသည်။

ထိုအချိန်မှာပဲ ကောင်မလေးက ပုခုံးပေါ်ကို ခေါင်းလေးမှေးတင်လိုက်တာကြောင့် ကားလမ်းမကြီးအပေါ်မှာ အရှိန်ပြင်းစွာ ပြေးဆွဲခံနေရတဲ့ ကားကြီးနဲ့အပြိုင် သူ့နှလုံးခုန်သံတွေကလည်း ထခုန်ပြေးလွှားတော့မယ် တကဲကဲဖြစ်လာကြသည်။
ကားပေါ်မှာ လူတွေရှိနေလို့ပေါ့။ မဟုတ်ရင်  ရင်ခုန်စရာဇာတ်လမ်းလေးတွေကို တီထွင်ပြစ်လိုက်မှာ ပြောမနေနဲ့။

"ဆူးလေ...ဆူးလေ..."

အချိန်အတော်ကြာ ကားစီးပြီးနောက် ဆူးလေမှတ်တိုင်သို့ ရောက်လာလေသည်။
လိပ်ပြာနဲ့ ကိုကိုဟာတစ်ယောက်လက်ကို တစ်ယောက် မလွှတ်တမ်းတွဲထားကြပြီး ထိုနေ့လေးမှာ ဆူးလေဘုရားကိုလည်း ၀တ်ပြုခဲ့သလို မြို့တော်ခန်းမကြီးရဲ့ အရှေ့မှာလည်း လမ်းလျှောက်ခဲ့ကြတယ်။မဟာဗန္ဓုလ ပန်းခြံထဲမှာလည်း ဓာတ်ပုံတွေ မရေ
မတွက်နိုင်အောင် အတူရိုက်ခဲ့ကြသလို ၊ စာအုပ်တန်းတွေမှာလည်း စာအုပ်တွေအများကြီး သွား၀ယ်ခဲ့ကြတယ်။
ဒီနေ့လေးဟာ လိပ်ပြာအတွက်တော့ ကိုကိုဆိုတာသာမာန်ကောင်လေးတစ်ယောက်ဖြစ်နေပြီး လိပ်ပြာကလည်း အရမ်းကိုပျော်ရွှင်ကြည့်နူးနေတဲ့ ချစ်သူကောင်မလေးတစ်ယောက်ပေါ့။
ချစ်သူနှစ်ဦးအကြားက အမှတ်တရလေးတွေဟာ ဈေးကြီးပေးမ၀ယ်ခဲ့ပေမဲ့ လိပ်ပြာအတွက်တော့ ဈေးအသက်သာဆုံးနဲ့ အရမ်းကိုတန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေပါပဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋

ပျော်ကြစေသတည်း

========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၄၀


"ဘာ!!!အိမ်နဲ့‌တောင်ပေးတွေ့ပြီးသွားပြီ...."

"ဟဲ့...ဖြေးဖြေးအော်ပါ..အေးအေးရယ်...ငါလွှင့်ထွက်သွားပါအုံးမယ်..."

လိပ်ပြာတို့သူငယ်ချင်းငါးယောက်က ပိတ်ရက် တွေဆိုရင် လူစုပြီးတစ်နေရာမဟုတ်၊တစ်နေရာ သွား၊လာ၊စားသောက်ကြတာကတော့ ပုံမှန်လိုဖြစ်နေပါပြီ။

အခုလည်း လူစုံတုန်းလေး သူငယ်ချင်းတွေစုပြီး သမိုင်းလမ်းဆုံမှ ဟော့ပေါ့ဆိုင်လေးမှာ ပျော်ပျော်ပါးပါးဟော့ပေါ့ထွက်စားကြခြင်းပင်။
တစ်ဆက်ထဲမှာပဲ လိပ်ပြာရဲ့အချစ်ရေးလေးကို ကြွားလုံးထုတ်လိုက်လေတော့ စားလက်စ အစားအစာတွေတောင် ပါးစပ်ထဲကနေ ပြုတ်ကျတော့မတတ် အံ့ဩနေကြလေသည်။

"လိပ်ပြာ...နင်..တယ်လက်သွက်ပါလား...သူများတွေဆိုရင် အိမ်ကမသိပဲ ရည်းစားထားရတာ..
နင်ကတော့ တရား၀င်ပေါ့...လက်သွက်ချက်ကတော့ဟေ့..."

"ငါကလက်သွက်တာမဟုတ်ပါဘူး...ကိုကိုကလက်သွက်တာပါ..."

"အဟွတ်...အဟွတ်...အမယ်လေး...ငါဟင်းရည်တောင်သီးတယ်..."

လိပ်ပြာကရိုးရိုးပဲပြောလိုက်တာပါ။သူဇာမက ဘယ်လိုတွေ ဆန်းဆန်းထင်လိုက်သလဲမသိဘူး။
ဟင်းရည်သီးပြီး မျက်နှာကြီးတောင်ရဲတက်လာတယ်။

"လိပ်ပြာမ..နင့်ကိုကိုက တကယ်ပဲလက်သွက်တာလား...နင်မဟုတ်မမှန်ကန်တာတွေကို...ပြောရင်တော့ အသေပဲနော်..."

"ဟဲ့ ငါကမဟုတ်တာပြောပါ့မလား..."

ထိုစကားလည်းကြားရော မိန်းမတွေများ သိပ်မစပ်စုချင်ရှာဘူး။ လိပ်ပြာကိုပြူးကြည့်နေလိုက်ကြတာ မျက်လုံးကြီးတွေတောင် အောက်ကိုပြုတ်ကျတော့မတတ်ပဲ။

"ဟဲ...ဟဲ...စပ်စုတယ်လို့တော့ မထင်နဲ့နော်...နည်းနည်းပါးပါး ဗဟုသုတပေါ့ဟယ်...နင့်ကိုကိုက ဘယ်နေရာမှာ လက်သွက်သွားတာလဲ..."

"ဘယ်နေရာမှာရှိရမှာလဲ ငါ့အိမ်မှာပေါ့..."

"ဘယ်လို...ဒါဆိုရင်...နင့်အစ်ကိုတွေနဲ့ပြဿနာမတတ်ကြဘူးလား..."

"ငါ့အစ်ကိုတွေနဲ့ အရင်ဆုံးကိစ္စပြီးအောင်ရှင်းတာပေါ့ဟဲ့..."

"ဟင်...ဒါဆိုရင် နင့်အစ်ကိုတွေက အခြောက်ကြီးတွေပေါ့..."

"ဟမ်..."

အကုန်ပြိုင်တူအော်ပြောလိုက်ကြတာကြောင့်
ဒီတစ်ခါမျက်လုံးပြူးသွားတာက လိပ်ပြာအလှည့်‌ပါပဲ။

"ဖီ...လွဲပါစေဟယ်...ဒီလောက်အထိ ကျားကျားယားယားဖြစ်နေကြတဲ့ ဒေါသအိုးတွေကို နင်တို့
မို့လို့ ဒီလိုထင်ရက်တယ်..."

"နင်ပဲ..."ငါ့အစ်ကိုတွေနဲ့ အရင်ဆုံးကိစ္စပြီးအောင်ရှင်းတာ"ဆို..."

"ဟာ..ငါပြောတာက အစ်ကိုတွေနဲ့အရင်စာရင်းရှင်းပြီးလို့ ငါတို့ပြန်တွဲလို့ရတာလို့ ပြောတာပါဟယ်..နင်တို့ကိုက တွေးချင်ရာတွေဇွတ်တွေးနေတာ..."

"ဟဲ..ဟဲ..ငါတို့လည်း အဲ့လိုပဲထင်တာလို့ ပြောမလို့ပါဟာ..."

"ဒါဆိုရင်...လိပ်ပြာက ငါတို့အထဲမှာ အရင်
မဲပေါက်မဲ့ပုံပဲနော်..."

"အေးဟဲ့...ဘဲများတဲ့ သဲစုတောင် နင့်လောက်
မသွက်ဘူး...."

"ဟဲ့...ကြည်ပြာမ...ရည်းစားလို့ပြောစမ်းပါဟယ်
..ဘဲ..ဘဲနဲ့..မသိရင် ငါကတိရိတစ္ဆာန်နဲ့ ရည်းစားတော်ထားရသလိုဖြစ်နေပြီ..."

"ဟား...ဟား..."

သဲနုက ၀က်သားပြားတွေကို အချဥ်ရည်နဲ့တို့စားရင်း ပါးစပ်ကလည်းပလုတ်ပလောင်းနဲ့ပြောလာလေတော့ ကြည်ပြာကရယ်သည်။

"မဟုတ်လို့လား...အခုနင့်ရဲ့ မောင်ဆိုတာကိုပါ ထည့်တွက်လိုက်ရင်...ကိုထွန်းတင့်၊လျှံမင်း၊ထိုက်ဇော်၊ဝေမင်း....ဟာ...ငါလည်းမမှတ်မိတော့ဘူး
...အနည်းဆုံးတော့ ခြောက်ယောက်လောက်ရှိတယ်လုပ်လိုက်...."

"ဒီမှာ ကြည်ပြာ...ကောင်လေးတွေက
 ဘာလို့တို့သူငယ်ချင်းကိုမှ ရွေးကြိုက်ရလဲဆိုတာရော..နင်သိလို့လား...မသိရင်မဝေဖန်နဲ့ဟာ..."

"ပြောပြလိုက်စမ်းပါ အေးအေးရယ်...နင်ပဲ ငါ့အကြောင်းကို သိတယ်..."

သဲနုလည်း ဆံပင်တွေကိုဟန်ပါပါ ခါထုတ်လိုက်ပြီး အေးအေးပုခုံးကိုလှမ်းဖက်လိုက်သည်။

"ချစ်တုံးလေး...ပြောပြလိုက်စမ်း...ဗဟုသု‌တတွေဖလှယ်ရတာပေါ့... "

"အဟင်း...ဘာကြောင့်လဲဆိုတော့..
သဲနု နဲ့ကြိုက်ခဲ့တဲ့ကောင်လေးတွေမှာ အောက်သွားမရှိကြဘူးလေဟယ်..."

"နင်ပြောတာက...ဟိုစကားပုံမလား...နွားပြာကြီးအောက်သွားမရှိဆိုတာလေ..."

"ကြည်ပြာ...နင်သိပ်မှန်..."

"ဒါဆိုရင် နွားထီးကြီးတွေလာကြိုက်ကြတဲ့
သဲနုကရော ဘာဖြစ်သွားမှာလဲ..."

"နွားမကြီးဖြစ်သွားတာ‌ပေါ့...."

"ဟား...ဟား..."

"အေးအေး!!!သေနာမ ငါကအကောင်းမှတ်လို့နားထောင်နေတာ..."

ဘီလူးမကြီးလို ထခုန်တော့မတတ်‌ ပေါက်ကွဲနေတဲ့ သဲနုက အေးအေးရဲ့ကျောပြင်ကြီးကို "ဘုန်း"ကနဲ မြည်အောင်ပိတ်ကာတီးပစ်လိုက်လည်း  အေးအေးကတော့ ရယ်လို့သာနေပါတယ်။
ဒီသူငယ်ချင်းတွေအကြားမှာ စိတ်ဆိုးတယ်ဆိုရင်လည်း ခဏတာပါပဲ။ပြီးရင်လည်း ဘာမှမဟုတ်ဘူး ပြန်တည့်သွားကြတာလည်း ဒီလူတွေပါပဲ။တစ်ယောက်နဲ့တစ်ယောက် တကယ်သာသံယောဇဉ်ရှိကြရင် ဘယ်လိုအကြောင်းအရာမျိုးကမှ သွေးခွဲလို့ မတတ်နိုင်ပါဘူး။

"...နင်တို့ကလည်း သူငယ်ချင်းတွေ အတူစုံတုန်းလေးမှာ..ကိုကိုတွေ မောင်တွေကိုခဏပစ်ထားလိုက်စမ်းပါဟာ..."

📧"တောင်..."

အသံအကျယ်ကြီးနဲ့ ထပြောလာတဲ့သူဇာမှာ ဖုန်းမှမက်ဆေ့လည်း မြည်လာရော ချက်ချင်းကို အပြုံးပန်းတွေဝေပြီး စာပြန်တော့တာပဲ။
ထိုစဉ် ကြည်ပြာကလိပ်ပြာရဲ့ပုခုံးကို လာတိုက်ပြီး ဖုန်းကြည့်ကာ ပြုံးဖြီးနေတဲ့ သူဇာမကို မေးငေါ့ပြလာသည်။

"အမယ်လေး သူဇာတို့များနော် ပြောတော့ ကိုကိုရော၊မောင်ရော ပစ်ထားလိုက်ဆိုပြီး ကိုကို့ဆီက
မက်ဆေ့လေးတောင် လွတ်သွားမှာဆိုးလို့အသည်းအသန်..."

ထိုအခါမှ သူဇာဟာ ရှက်မျက်နှာလေးနဲ့ ခေါင်းမော့လာပြီး....

"မဟုတ်ပါဘူးဟယ်...နင်တို့ကလည်း သူကဘယ်ရောက်နေသလဲ မေးလို့ပြန်ဖြေတာပါ..."

"သူဇာ...နင့်ကိုကိုက ဘယ်သူလည်း ငါ့ကိုပုံပြလို့ရလား..."

"တကယ်တော့ ဘယ်လိုပြောရမလဲလိပ်ပြာရယ်
..ငါတို့ကအွန်လိုင်းမှာ စခင်တာမကြာသေးဘူးဟ
..သူကိုလည်း ငါ့နာမည်အရင်းနဲ့ ဓာတ်ပုံကိုမပြရသေးသလို ငါလည်းသူ့ရုပ်ကိုမမြင်ဖူးသေးဘူး..."

"ဟယ် နင့်ဟာကလည်း ...အဆန်းကြီးပါလား..."

"အေးဟ...ဒါပေမဲ့သူက သူ့အကြောင်းတွေကိုတော့ အများကြီးပြောပြပါတယ်..သူပြောတာကတော့ သူ့မှာမိဘတွေမရှိတော့ဘူးတဲ့...သူငယ်ငယ်ထဲက ဆုံးသွားကြလို့ မိဘအမွေတွေကို သူတစ်ယောက်ထဲကပဲ ထိန်းသိမ်းနေရတာတဲ့...သူ့အသက်က သုံးဆယ်ရှိပြီတဲ့...'"

"နင့်ဟာကဟယ်...ယုံရောယုံရလို့လား...အွန်လိုင်းပေါ်မှာက ဒီလို ၀မရှိပဲဝိလုပ်နေတဲ့ လူတွေမှ ပုံနေတာနော်..."

"နင်မယုံရင် ဒီမှာသူပို့ထားတဲ့ စာတွေ ဖတ်ကြည့် ငါကတော့ တစ်ခါထဲနဲ့ကိုကြွေသွားတော့တာပဲ.."

ဘူဇာက အေးအေးကိုကျော်ပြီ လိပ်ပြာကိုဖုန်းကမ်းပေးလာသည်။ အေးအေးရဲ့ ကောင်လေး
သုံးတဲ့အကောင့်နာမည်က ပန်းချစ်သူတဲ့။ လိပ်ပြာစိတ်ထဲမှာ ရင်းနှီးနေသလို ဖြစ်နေတာကြောင့် လိပ်ပြာရဲ့ဖုန်းကိုထုတ်လိုက်ပြီး လိပ်ပြာရဲ့အကောင့်ထဲကို ‌၀င်ကြည့်လိုက်တော့ ...

"ဟဲ့..သူဇာ...နင့်ရဲ့ကိုကိုဆိုတာက ငါ့မောင်..
မင်းမင်းဟဲ့..."

"ဟမ်...ဟုတ်ရောဟုတ်ရဲ့လားဟယ်..."

သူဇာက ငိုသံပါကြီးနဲ့ပြောလာတာကြောင့် လိပ်ပြာလည်း အကောင့်နှစ်ခုကိုပြန်တိုက်ကြည့်လိုက်ရပြန်သည်။

"သေချာပါတယ်...ငါ့မောင်ရဲ့ အကောင့်အစစ်
...လုံး၀သေချာတယ်..."

"..သူဇာရေ..ဆယ့်ရှစ်နှစ်ကောင်လေး နှပ်တာတော့နင်ခံလိုက်ရပြီ..."

"အေးအေး...နင်နော်...အီဟီး..ဒီမှာငိုချင်နေပါတယ်ဆိုနေမှ..."

"အေးပါဟယ်...အေးပါ...ငါမပြောတော့ပါဘူး..."

သူဇာ့ထက်ပိုပြီး ဒေါသထွက်နေတာကတော့ လိပ်ပြာပင်။
"သေနာလေး ကြည့်စမ်း...မိဘတွေရဲ့ အမွေတွေကို ထိန်းသိမ်းထားရတယ်တဲ့...ဘာကိုထိန်းသိမ်းတာလဲ သူ့ဘာသာတစ်ယောက်ထဲသာနေရင် နှပ်‌ချီးကိုတောင် ငါးပိလုပ်စားရမဲ့ကောင်ကများ
...အသက်ကသုံးဆယ်တဲ့ မိဘတွေကဆုံးသွားပြီတဲ့..."တွေးမိတိုင်းကို ပြေးရိုက်ချင်စိတ်တွေပါဖြစ်တယ်။တက္ကသိုလ်ပထမနှစ်ပဲ ရှိသေးတယ် ဂျိုကတော်တော်ထွက်နေပြီ။

"တောက်!!!!သူတောင်းစားလေး...သူကြောင်နိုင်ဖို့အတွက်ပဲ...ငါ့အဖေနဲ့အမေက သေပေးရဦးမယ်
..ကောင်စုတ် အိမ်ရောက်မှ ဆံပင်‌ကိုတစ်မွှေးတောင်မကျန်စေရဘူး အကုန်ကိုဆွဲနှုတ်ပစ်မယ်..."

"အဲ့လိုတော့မလုပ်ပါနဲ့ဟယ်...သနားပါတယ်..."

"အော်...သူဇာရယ်..ဆရာမသိက္ခာ‌လေးဘာလေးလဲ ထိမ်းပါအုံးဟယ်...ဟိုကနင့်ကိုချော်လဲရောထိုင်ပြီး ပင်နယ်တီကန်သလို ကစားသွားတာဟဲ့
..အခုထိကို ကိုကိုချင်‌တုန်း..."

"ဟဲ့ အဲ့ဒါကမသိလို့လေ...အခုကသိသွားပြီဆိုတော့  မကိုတော့ဘူး...မောင်လို့ပဲခေါ်တော့မယ်..
နော်..ယောင်းမ..."

"ဟား..ဟား...လိပ်ပြာရေ ထွက်သာပြေးပေတော့

"ဟား.. ဟား..."

စိတ်ညစ်ပါတယ် ။သူငယ်ချင်းအချင်းချင်းကို ယောင်းမလို့အခေါ်ခံလိုက်ရလေတော့ ကိုယ့်ပါးပဲကိုယ်ဖြတ်ရိုက်လိုက်ရမလိုလို ၊သွားတွေပဲကျိန်းလာသလိုလိုနဲ့ ဘယ်လိုခံစားချက်ကြီးပါလိမ့်။
လူ့ဘ၀ဆိုတာ တစ်ပတ်ကိုပြန်လည်တာပါပဲလားလို့ သံဝေဃရမိပါတယ်။ အခုဆိုရင် အစ်ကိုလေးတို့လို့ လိပ်ပြာလည်း ခံစားနေရပြီထင်ပါတယ်။
၀ဋ်ဆိုတာ ဘ၀တောင်မကူးဘူး ။ချက်ချင်းကိုလည်တဲ့ စက်ကွင်းကြီးပါတကား။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋
🦋
🦋

"တင်"

ဓာတ်လှေကား တံခါးပွင့်သွားတာနဲ့ လိပ်ပြာကိုယ်တိုင်ချက်လာတဲ့ ထမင်းဘူး‌အထုပ်လေးတွေကို လက်တစ်ဖက်ကကိုင်ရင်း ကိုကို့ရုံးခန်းဆီသို့ လျှောက်လာလိုက်သည်။
အချိန်က ဆယ့်တစ်နာရီထိုးနေပြီဖြစ်တာကြောင့် ကိုကို့ဆီကိုထမင်းဘူးလာပို့ချင်ပါတယ်လို့ လိပ်ပြာဖုန်းဆက်ထားပြီးသားပင်။

ကိုကို့ရုံးခန်းတံခါးအ၀ကိုရောက်တော့ အ၀တ်အစားအနီရောင်ရဲရဲကိုမှ ‌ပေါင်အလည်လောက်လေးသာ၀တ်ထားတဲ့ မိန်းမတစ်ယောက်က ခုံနဲ့အကျအနထိုင်နေသည်။မျက်နှာကလည်း ဖီးလိမ်းထားလိုက်တာ ကော့ပြန်လန်နေတာပဲ။အတွင်းရေးမှူးနှစ်ယောက်ရဲ့ မျက်နှာတွေကလည်း သိပ်ကောင်းပုံမရကြပေ။

"အဟမ်း...အဟမ်း...အစ်မ..ကျွန်မ၀င်ချင်လို့ တံခါးပေါက်ဘေးနားကနေ ခဏဖယ်ပေးပါလား..."

"ဒီတံခါးက ၀င်ချင်တဲ့လူတိုင်း ၀င်လို့ရတာမဟုတ်ဘူး...မင်းကဘာမို့လို့လဲ..."

"ဟ...လေသံကမာလှချည်လား...ရှင်ကရောဘယ်သူမို့လို့လဲ..."

လူကိုအသားလွတ်ကြီး လာချိန်းခြောက်နေတာကြောင့် အဆိပ်ရှိမှန်းသိ‌အောင်အမောက်ပြန်ထောင်ပြလိုက်သည်။

"မလောက်လေး မလောက်စားကများ ငါ့ကိုပြန်လာမေးနေတယ် မသိရင်မှတ်ထားဟဲ့
ငါ့နာမည်ကရွှေစင်သက်ထား...ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင်နဲ့ ငါကအရမ်းကိုရင်နှီးတယ်...ဒီလောက်ဆိုရင်သဘောပေါက်လိုက်တော့...နင်ကရောဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲ...အော်ထမင်းချိုင့်မှာထားလို့ လာပို့ပေးရတဲ့ အလုပ်သမားလား ပေးပေး..ကိုမြတ်ကို ငါပဲပေးလိုက်မယ်..."

ရူးနေသလားမသိပါဘူး။ရူး‌နေရင်တော့ ဘ၀င်ရူးပဲနေလိမ့်မယ်။ထင်ချင်ရာတွေထင်၊ပြောချင်တာတွေပြောပြီး လိပ်ပြာလက်ထဲက ထမင်းချိုင့်ကိုလာလုပေမဲ့ လိပ်ပြာကတော့မပေးပါဘူး။
ဘေးနားမှာ ခပ်ကုပ်ကုပ်လေးနဲ့ အခြေအနေကိုအကဲခတ်နေတဲ့ အတူးရေးမှူးအစ်မနှစ်ယောက်ကိုသာ လိပ်ပြာကြည့်လိုက်သည်။

"မအိမ့်...ကိုကို...အထဲမှာရှိလား..."

"ရှိပါတယ်..."

"ဒီမိန်းမကြီးကိုရော ကိုကိုကတွေ့ချင်တယ်လို့ပြောသလား..."

"အောင်မာ...နင်ကများ..."

ဘယ်လောက်ပဲဒေါသထွက်ပြနေပါစေ ထိုမျက်နှာကြီးကို တစ်စက်မှမကြည့်ပဲ အတွင်းရေးမှူးမမတွေဘက်ကိုသာ မျက်နှာလှည့်ထားလိုက်တယ်။

"ဆရာက ၀င်ခွင့်မပေးနဲ့လို့ပြောပေမဲ့ သူ့ဘာသာဒီမှာထိုင်စောင့်နေတာ...နာရီ၀က်လောက်ရှိနေပြီ..."

လိပ်ပြာ ချက်ချင်းပဲ မဲ့ပြုံးတစ်ခုကို ပန်ဆင်ပစ်လိုက်သည်။
ပြီးနောက် တံခါးအ၀မှ ထိုမိန်းမကြီးကိုလည်း
ပုခုံးနဲ့ တွန်းတိုက်ပစ်လိုက်ပြီး တံခါးလက်ကိုင်ကို အသာကိုင်လိုက်သည်။

"တစ်ချို့တွေများ မတွေ့ချင်၊မမြင်ချင်ပါဘူးဆိုလည်း...ဒီမျက်ခွက်ကြီးကိုပဲ အတင်းလာလာပြနေတယ်...‌သနားစရာကောင်းလိုက်တာနော်
..အတွင်းရေးမှူးအစ်မတွေကို ပြောတာပါ...
ဒီလို၀င်လိုက်ထွက်လိုက်...သိပ်လုပ်ချင်နေတဲ့
၀င်ကစွပ်တွေကို ထိန်းနေရတာ တော်တော့ကိုမလွယ်တာ...ကျွန်မတို့များကြတော့ ဟော့ဒီလိုလေးတွန်းဖွင့်လိုက်တာနဲ့ အလိုလိုလှမ်း၀င်လိုက်ရုံပဲ..."

"မင်း...."

"ဒုန်း.!!!"

အပြင်မှာ ဘာကြီးပဲဖြစ်ကျန်ခဲ့ပါစေ ဂရုကိုစိုက်မနေတော့ပဲ တံခါးကိုအသံမြည်အောင်စောင့်ပိတ်ပစ်လိုက်သည်။

"လိပ်ပြာ..."

ကိုကိုက သူ့အလုပ်စားပွဲကနေထလာပြီး လိပ်ပြာဆီသို့ခြေလှမ်းကျဲကြီးတွေနဲ့ မပြေးရုံတမယ် လျှောက်လာလေသည်။အနားလည်းရောက်လာရော ချက်ချင်းပွေ့ချီလာတာကြောင့် လိပ်ပြာလန့်ပြီး ခြေကားယား၊လက်ကားယားတွေ ဖြစ်ကုန်သည်။

"ကိုကို...ဘာလုပ်တာလဲ...ဒီမှာထမင်းဘူးတွေနဲ့လေ...အခုပြန်ချပေးစမ်းပါ..."

"ဟာ...ဘာလုပ်တာလဲ..."

ဒေါသထွက်နေပါတယ်ဆိုတဲ့ လိပ်ပြာရဲ့ပါးပြင်ကို ကိုကို့ရဲ့ နှာတံချွန်ချွန်က လာရောက်ထိခတ်လိုက်တာကြောင့် ဒေါသအားထက်၊ရှက်အားပိုသလို ဖြစ်သွားရတယ်။

"လိပ်ပြာ...ကိုကို့ဆီကို ထမင်းချိုင့်လာပို့တာမလား..."

"အင်းလေ...ကိုကိုစားစေချင်လို့ လိပ်ပြာကိုယ်တိုင် ချက်လာတာ..."

"သေချာလို့လား..ယောက္ခမလောင်းကြီးကို လှမ်းမေးလိုက်မှာနော်..."

"အမယ်လေး သေချာသမ...ချာချာချာချာနဲ့တောင် မြည်သေး..."

"ဒါဆိုရင်တော့ စားပြီဗျ..."

"ကိုကို...‌ထမင်းစားတော့မဲ့ဥစ္စာကို လွှတ်ပေးတော့လေ..."

"မရဘူး...ဒီလိုပဲနေ..."

ကိုကိုက  ဒီနေ့မှဘာစိတ်တွေပေါက်နေသလဲမသိပါဘူး။လိပ်ပြာကို သူ့ပေါင်ပေါ်မှာထိုင်ခိုင်းထားပြီး ထမင်းဘူးတွေကို ဖွင့်နေသည်။မနေတတ်တာကြောင့် လိပ်ပြာထပြေးဖို့ကြိုးစားလိုက်သည်။

"ဟေ့...ဒီလိုမလုပ်ရဘူးလေ...ကိုကိုကတောင် ပေါင်အညောင်းခံပြီးထိုင်ခိုင်းထားတာကို
ကိုယ့်ရဲ့ လိပ်ပြာလေးက မထိုင်ရဲဘူးလား..."

"အဟား...ဘာလို့မထိုင်ရဲရမှာလည်း ရာဇ၀င်ကိုမရှိတာ..."

သူ့ရင်ခွင်ထဲမှာ လက်ကိုပိုက်ပြီး ခပ်တည်တည်လုပ်ပြနေတဲ့ ကောင်းမလေးကိုကြည့်ကာဘုန်းမြတ်ကြိတ်ပြုံးလိုက်သည်။သူကတစ်ချိန်လုံး အလုပ်နဲ့ပဲ နပန်းသတ်နေရတဲ့လူဆိုတော့ ချစ်သူနဲ့ဒိတ်သီးသန့်လုပ်ဖို့ကို တော်တော်လေး အချိန်ရှာရတယ်။ဒါကြောင့် ဒီလိုခဏတွေ့စဉ်မှာ လိပ်ပြာနဲ့ အနီးဆုံးရှိနေချင်တယ်။

ကိုကိုထမင်းစားနေတဲ့အချိန်မှာ လိပ်ပြာကိုယ့်ခြေထောက်ကို ပြန်ကြည့်မိတော့ ခြေထောက်ကကြမ်းပြင်နဲ့ ခြေအဖျားပိုင်းလေးသာ ထိနေသည်။
ကိုကို့ ခြေထောက်တွေကဒီလောက်တောင်
ရှည်တာလား။ သိချင်စိတ်ကလေးက ပြင်းပြလာလေတော့ လိပ်ပြာရဲ့လက်တွေက ကိုကို့ရဲ့ ဒူးဆစ်ကိုကိုင်ကြည့်လိုက်မိသည်။ဒူးဆစ်ကြီးကလည်း အကြီးကြီးပဲ။ ပြီးနောက် အောက်ကိုလက်ချလိုက်ပြီး ခြေသလုံးကို နဲနဲစမ်းကြည့်လိုက်တော့ ရှည်လိုက်တဲ့ခြေတံကြီးပါလား။

"ဟိတ်!!!"

"အမယ်လေး...ဗု‌ဒ္ဓေါ...."

သူအော်လိုက်တာကြောင့် လန့်သွားပြီး ခုဏကဟိုစမ်း၊ဒီစမ်းလုပ်နေတာဟာ သူမမဟုတ်တော့တဲ့အတိုင်းဟန်ဆောင်နေလေတော့ သူ့စိတ်ထဲမှာ အသဲလေးက ယားကျိကျိဖြစ်လာသည်။
ထို့ကြောင့် သူမရဲ့နားအနားသို့ သူ့နှုတ်ခမ်းတွေကို တိုးကပ်လိုက်မိသည်။

"ကိုကို...ထမင်းကိုပဲဆက်စားရမလား...လိပ်ပြာကိုစားရမလား...."

"ဘာတွေလာပြောနေတာလဲ...ထမင်းကိုပဲစားပေါ့..."

သူခိုးလူမိသွားတာကြောင့် ကိုကို့ရင်ခွင်ထဲကနေချက်ချင်းရုန်းပြီး ထရပ်ပစ်လိုက်သည်။ကိုကို့မျက်နှာကိုလည်း လိပ်ပြာမကြည့်ရဲတော့တာကြောင့် ‌ကျောခိုင်းထားလိုက်မိတယ်။

"အဲ့ဒီ့...ထမင်းဘူးတွေကို ဒါရိုက်ဘာတစ်ယောက်နဲ့ ညနေကျရင်လာပို့ခိုင်းလိုက်တော့ ...လိပ်ပြာပြန်တော့မယ်...."

ကိုကို့စကားကို ပြန်စဉ်းစားလိုက်တိုင်း ရှက်သွေးတွေတစ်ဖြန်းဖြန်းထလာပြီး နီနေတဲ့မျက်နှာကြီးနဲ့ ရုံးခန်းထဲမှထွက်လာတော့ အတွင်းရေးမှူးတွေက စူးစမ်းသလို မျက်လုံးမျိုးနဲ့ကြည့်လာကြသည်။
ဓာတ်လှေကားဆီကို အမြန်သွားလိုက်ပြီး အောက်ဆုံးအလွှာကိုရောက်တာနဲ့ ကုမ္ပဏီထဲကနေ ထွက်လိုက်တော့မှပဲ စိတ်အမောတွေပြေသွားတော့တယ်။

"လိပ်ပြာဖြူ...မင်းနေအုံး..."

တက်စီငှားမလို့ကို နာမည်ကိုကိုင်ပြီးအခေါ်ခံလိုက်ရတာကြောင့် လှည်ကြည့်လိုက်တော့ ရွှေစင်သက်ထားဆိုတဲ့မိန်းမပါပဲ။

"အော်...အစ်မကသူများပစ္စည်းကို လုယူတတ်တဲ့နေရာမှာတော့ တော်တော်စိတ်ရှည်တာပဲနော်
...ဘယ်လောက်မောင်းထုတ်ထုတ် တစ်ချက်မှကိုမရွေ့တာ...ကျန်မာရေးလည်းထိခိုက်နေပါအုံးမယ်ရှင့်..."

"ဒီမှာလိပ်ပြာဖြူ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာ တို့အတွက်တော့မရှိဘူး...တစ်နေ့မင်းလက်ထဲကနေ တို့..ကိုမြတ်ကိုလုယူနိုင်ရင်သာ မင်းဒီမျက်နှာမျိုးပဲ ဖြစ်နေပါစေ..."

"ဟား..ချီးကျူးပါတယ်ရှင်..ကမ္ဘာမှာ အရယ်ရဆုံးပြက်လုံးကို ဟောဒီ့မရွှေစင်သက်ထားက ထုတ်လိုက်နိုင်လို့ပါ...ဒီမှာ ရှင်သာကျွန်မဆီကနေကိုကို့ ကိုယူနိုင်ရင် ယူသွားလိုက်...ကိစ္စမရှိဘူး..."

လိပ်ပြာဒါပဲပြောခဲ့လိုက်ပြီး တက်စီတစ်စီးကိုတားကာ ချက်ချင်းတက်လိုက်လာခဲ့လိုက်တယ်။
လိပ်ပြာသိတာပေါ့ ကိုကိုက ဘယ်လိုလူစားမျိုးလည်းဆိုတာ။ လုယူချင်တိုင်း ရ‌ကြေးလား။
ကိုကိုက သူ့လို လူကိုပြန်ကြိုက်လိမ့်မယ်။ဝေးသေး။
အဲ့မှာ ထိုင်ပြီးတော့သာ အိပ်မက်မက်နေလိုက်တော့ ကြေးပြားသက်ထားရေ..ထိုင်စောင့်နေရင်းနဲ့များ သေသွားခဲ့ရင်ရုပ်ထု လုပ်ထားပြီး "ကမ္ဘာပေါ်မှာ အစောင့်နိုင်ဆုံးအမျိုးသမီးလို့..."ကမ္ဗည်းပါထိုးပေးထားလိုက်မယ်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

အစ်ကိုတွေ ရဲ့၀ဋ်ကိုပြန်လည်နေတဲ့ စွာတေးမလေး လိပ်ပြာဖြူ

=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၄၁


ညချမ်းလေးမှာ လခြမ်းကွေးကွေးလေးကလည်း သာနေလေတော့ ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း စိတ်ညစ်မှုတွေတောင် ကင်းစင်သွားရသည်။

"တီ...တီ...တီ...တီ...."

ကားမောင်းနေရင်းနဲ့ ဖုန်းမြည်သံကြားတာကြောင့် ကြည့်လိုက်ရာ သူ့ရဲ့ချစ်လိပ်ပြာလေးဖြစ်နေသည်။

"ဟယ်လို...အမိန့်ရှိပါခင်ဗျာ..."

"ကိုကို...ရောက်တော့မှာလား..."

"အင်း...အခုပဲ ကိုကိုရောက်ပြီ..."

"ဟာ..ဒါဆိုရင်လိပ်ပြာအခုချက်ချင်းဆင်းလာခဲ့မယ်...."

"တူ...တူ..တူ..."

ဖုန်းကျသွားသံနှင့်အတူ ဘုန်းမြတ်လည်းစဉ်းစားယူနေရသည်။ပုံမှန်ဆိုရင် ဖုန်းတွေခဏ၊ခဏဆက်ပြီး စကားတွေအများကြီးပြောတတ်တဲ့ ကောင်မလေးက တစ်နေကုန်ဖုန်းမခေါ်ပဲသူ့ကိုပစ်ထားပြီး ညနေပိုင်းမှသူမရဲ့သူငယ်ချင်းနေတဲ့ တိုက်ခန်းကိုလာခဲ့ပါဆိုပြီး ဖုန်းဆက်လာသည်။

တိုက်အောက်မှာ ကားကိုစက်ရပ်လိုက်ပြီး ကားပေါ်မှဆင်းလိုက်ရ‌ပေမဲ့ ရေလည်းမချိုးရသေးတော့ စိတ်ထဲမှာ နေထိုင်လို့ မကောင်းလှဘူး။တစ်နေကုန်အလုပ်တွေပင်ပန်းထားပြီး ညနေ
ငါးနာရီခွဲမှာ လိပ်ပြာကသူမဆီကိုလာခဲ့ဖို့ ဖုန်းဆက်လာတယ်။အချိန်နည်းနည်းလေးဆိုရင်တောင် သူမကိုပြေးတွေ့ချင်တဲ့ စိတ်တွေကထိန်းမရတာမို့   ချက်ချင်းပဲကားမောင်းလာခဲ့လိုက်တယ်။

"ကိုကို့......"

အသံလာရာကို ကြည့်လိုက်တော့အဖြူရောင်ဂါ၀န်အရှည်လေးနဲ့ ယမင်းရုပ်ကလေးက သူ့ဆီကိုပြေးလာနေသည်။

"အား...ကိုယ့်မှာသတိရလိုက်ရတာ..."

အနားရောက်လာတာနဲ့ ခါးလေးကိုပွေ့ဖက်ပြီး ချီမြှောက်ကာ ကလေးတစ်ယောက်လိုနမ်းပစ်လိုက်သည်။

"ကိုကို...လိပ်ပြာဒီနေ့တစ်ခုခုထူးခြားနေတယ်လို့မထင်ဘူးလား..."

"ဟမ်...ဘာထူးခြားနေလို့လဲ..."

"ကြည့်...ကိုကိုကလေ အသက်ကသာနှစ်ဆယ့်လေးနှစ်ပဲရှိသေးတာ...မျက်လုံးကတော်တော်မွဲတာပဲ...သေချာကြည့်ကြည့် လိပ်ပြာဘာထူးခြားနေသလဲဆိုတာ..."

သူမရဲ့ဂါ၀င်အဖြူကားကားလေးကို အနားစလေးတွေတစ်ဖက်ဆီကိုင်ပြီး လေထဲမှာဝေ့ပြနေတာများ သူမကိုယ်သူမစင်ဒရဲလားလို့ထင်နေပုံရတယ်။တင်ပါးအုပ်‌နေတဲ့ ဆံပင်လေးတွေကိုဖြန့်ချထားပြီး ဘီးကုပ်အဖြူလေးတပ်ထားတာကြောင့် ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်တိုင်း လေထဲမှာဝဲပျံသွားသည်။

"ကဲ...သတိထားမိပြီလား..."

"လိပ်ပြာ...နေ...နေပါဦး..."

"ဟင်...ဘာဖြစ်လို့လဲ..."

ကိုကိုကလိပ်ပြာအနားကိုကပ်လာပြီး  လိပ်ပြာရဲ့မျက်လုံးကိုထူးဆန်းသလို လက်ညှိုးနဲ့ထိုးပြသည်။

"မျက်လုံးမှာ ဘာတွေကပ်နေတာလဲ...
တလက်လက်နဲ့..."

"ဟင်း..စိတ်ညစ်ပါတယ်..ပြတာကတစ်ခု မြင်တာကတစ်ခြား...မသိရင်မှတ်ထား...အဲ့ဒါကာခြယ်လို့ခေါ်တယ်ဘလင်း ဘလင်းဖြစ်သွားအောင် တမင်ခြယ်ထားတာ....အိုင်းရှဲဒိုးသိပြိလား...
တကယ်ပါပဲ ဘာမှကိုဗဟုသုတမရှိဘူး..လာသွားမယ်..."

"ဟင်..ဘယ်ကိုသွားမှာလည်း..."

"ရောက်ရင်သိလိမ့်မယ်..လာ..."

ဘုန်းမြတ်ရဲ့လက်ကိုဆွဲပြီး အရှေ့ကနေဦးဆောင်ခေါ်သွားတဲ့သူမကြောင့် သူလည်းဘာမှမမေးပဲလိုက်ခဲ့လေသည်။
ဓာတ်လှေကားမရှိတာကြောင့် ရိုးရိုးလှေကားကနေပဲ တက်လာရတာခြေထောက်တွေဆိုတာ ပြုတ်ကျတော့မတတ်ညောင်းလာသည်။
နဂိုကမှ အလုပ်ပင်ပန်းလာရတဲ့ကြားထဲ ခွေယိုင်မကျသွားတာကံကောင်းတယ်လို့ပြောရမယ်။

"လိပ်ပြာ..မရောက်သေးဘူးလား..."

"ရောက်ပြီ...မျက်လုံးမှိတ်..."

"ဟမ်...ဘာလို့လဲ..."

"ပြန်မမေးနဲ့ မှိတ်ဆိုမှိတ်စမ်းပါ..."

"ကဲ မှိတ်ပြီကွာ...မှိတ်ပြီ..."

တိုက်ခေါင်မိုးထပ်ကို‌ ‌သွားတဲ့တံခါးအ၀မှာမျက်လုံးမှိတ်လိုက်တာကြောင့် သူ့အမြင်အာရုံတွေအကုန်လုံးကအမှောင်ဖုန်းလွှမ်းသွားသည်။သူသတိထားလိုက်မိတာက သူ့လက်ကို လာကိုင်တဲ့ နွေးထွေးတဲ့လက်တစ်စုံ ပြီးနောက်သူမက
သူ့ရဲ့ ခြေလှမ်းတွေကိုရွေ့‌စေပြီး တစ်နေရာရာကိုခေါ်သွားနေခြင်းပင်။

"လိပ်ပြာ......"

သူမကသူ့လက်ကိုလွှတ်လိုက်တာကြောင့် သူလန့်သွားသည်။

"မျက်လုံးဖွင့်လို့ရပြီ..."

"ဟင်..."

မျက်လုံးတွေကိုဖွင့်လိုက်တဲ့အချိန်မှာ သူ့ရှေ့မှာရှိတဲ့ အဖြူရောင်‌ဂါ၀န်နဲ့ကောင်မလေးက မွေးနေ့ကိတ်တစ်လုံးကို မီးထွန်းညှိပြီး သူ့ဆီကိုလျှောက်လာသည်။

"ဟက်ပီဗက်ဒေးထူးယူ...ဟက်ပီဗက်ဒေးထူးယူ...
ဟက်ပီဗက်ဒေး ဒီးယားဘုန်းမြတ်...
ဟက်ပီးဘက်ဒေးတူးယူ...ဟေး...ဟေးးးးးးး"

"ဖရောင်းတိုင်မီးမှုတ်တော့...."

အမှောင်ထဲကလူတွေကလည်း သူ့နာမည်နဲ့မွေးနေ့ဆုတောင်းသီချင်းလေးကိုဆိုပေးကြပြီး မီးမှုတ်ရန်အော်ပြောလာကြသည်။

လိပ်ပြာကိုင်ထားတဲ့ မွေးနေ့ကိတ်အပေါ်မှာရေးထားတာက ဘုန်းမြတ်သူရ "နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့"တဲ့လေ။သူက ဇွန်လ၊ကိုးရက်နေ့၊၁၉၉၄ခုနှစ်မှာ‌ မွေးခဲ့တာဖြစ်ပြီး ဒီနေ့ကဇွန်လ၊ကိုးရက်နေ့၊ ၂၀၁၉ခုနှစ်ဆိုတော့ တကယ်ကိုသူ့မွေးနေ့ပါပဲ။

"ကိုကို့...မီးမှုတ်လိုက်လေ...‌"

"အော်အင်း..."

ဖယောင်းတိုင်မီးတွေအကုန်လုံးကိုမှုတ်လိုက်စဉ်မှာတော့ တိုက်ခေါင်မိုးထပ်တစ်ခုလုံးဟာ ရောင်စုံမီးသီးလေးတွေ တစ်ဖြတ်ဖြတ်လင်းလာလေသည်။ထိုအခါမှသာ လူအစုံကိုလည်း မြင်လိုက်ရတာကြောင့် သူအရမ်းအံ့ဩသွားသည်။

လိပ်ပြာရဲ့အစ်ကိုနှစ်ယောက်နဲ့ မောင်ကလည်း ရှိနေသလို လိပ်ပြာရဲ့သူငယ်ချင်းတွေအားလုံးကလည်း ရှိနေသည်။
သူတို့အားလုံးက သူ့ကိုပြုံး၍သာကြည့်နေကြတာ‌ ကြောင့် လိပ်ပြာလေးကို သူကြည့်လိုက်တော့ သူမကလည်းပြုံးပြီး သူ့ကိုခေါင်းငြိမ့်ပြလာသည်။

"ကိုကို...ကိတ်ကိုလှီးမယ်လေ..."

သူ့လက်ထဲသို့ ကော်ဓားလေးကိုထည့်လာပေး
ဒါကြောင့်  ကိတ်လှီးရမဲ့သူ့လက်တွေက တုန်ရီနေသည်။
သူ့စိတ်ထဲမှာ၀မ်းနည်းမှုကလည်း လှိုက်တက်လာတာ ဘာကြောင့်လဲ?။သူတို့အားလုံးက ဒီလိုလုပ်ပေးရလောက်အောင် သူကထိုက်တန်ရဲ့လား?။သူ့ကိုမွေးခဲ့တဲ့နေ့မှာ မေမေစိတ်‌ ဝေဒနာခံစားခဲ့ရတယ်။
သူ့မွေ့နေ့မနက်ခင်းမှာ ညီမလေးဆုံးတယ်။ ပိုက်ဆံချမ်းသာတဲ့ ကလေးတော်တော်များများက မွေးနေ့ကိုကြီးကျယ်ခန်းနားစွာ ကျင်းပလေ့ရှိကြပေမဲ့ သူကတော့မွေးနေ့ရောက်မှာကိုတောင် ကြောက်နေတတ်သူပါ။

"ကိုကို့...ဘာတွေစဉ်းစားနေတာလဲ...ကိတ်လှီးတော့လေ..."

"အော်...အင်း..."

"ဟင်...ကိုကို ငိုနေတယ်..ဘာဖြစ်လို့ငိုတာလဲ ကိုကိုရယ်..."

သူမပြောမှပဲ သူ့ပါးပြင်‌ကိုစမ်းကြည့်မိတော့ ဟုတ်ပါရဲ့ သူမျက်ရည်တွေကျနေတာပဲ။

"မငိုပါနဲ့အစ်ကိုရယ်...ကျွန်တော့်အစ်မကို အစ်ကိုနဲ့ပဲ ပေးစားမှာပါ.."

"ဟဲ့အကောင်...နင့်အပေါက်ကို ပိတ်ထားစမ်း..."

လာနောက်နေတဲ့ မင်းမင်းကို လိပ်ပြာကလည်း လှမ်းအော်လိုက်သလို အစ်ကိုလေးကလည်း
ဇာက်ပိုးကို ခပ်ဖြည်းဖြည်းပြေးအုပ်လိုက်သည်။

"ကိုကို...ဘာဖြစ်လို့ငိုနေတာလဲဟမ်...လိပ်ပြာတို့ပြင်ဆင်ထားတာကို မကြိုက်လို့လား..."

"မဟုတ်...မဟုတ်ပါဘူး...ကိုကို၀မ်းသာလို့ပါ..."

"အော်...ကျွန်မတို့က ဘာများဖြစ်သလဲလို့......
ရှင့်လိပ်ပြာကလေ သူ့ကိုကိုမွေးနေ့အတွက်ဆိုပြီး...ပူဆာတာနဲ့ အားလုံးလုပ်အားပေးထားကြတာလေ..."

"အားလုံးကျွန်‌တော့်အတွက်ပင်ပန်းသွားကြပြီ
...ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...တစ်ရက်ရက်တော့ အားလုံးကိုထမင်းလိုက်ကျွေးပါရစေ..."

"ဟာ...ဝါးတီးဆိုလို့ကတော့ လာထားအာဘွားဗျာ......"

"ဟား..ဟား..."

ဒီလိုနဲ့ကိတ်ခွဲပြီးနောက် စလိုက်၊နောက်လိုက်ရင်းနဲ့ ကိတ်ကြီးက သိပ်တောင်မစားလိုက်ရပဲ ကုန်သွားတော့သည်။

လိပ်ပြာကလည်း သူမသူငယ်ချင်းတွေနဲ့အတူ အကင်တွေလုပ်စားရင် စကားဝိုင်းဖွဲ့ပြောနေကြသလို အစ်လိုလတ်ကလည်း သူ့ကိုဘီယာဘူးထောင်ပြပြီး လက်ယက်ခေါ်တာကြောင့် ခေါင်မိုးထက်ရဲ့ လက်တန်းဘောင်တွေကိုမှီရင်း သူရပ်လိုက်သည်။

"မင်း..သောက်အုန်းမလား..."

"ကျွန်တော်...မသောက်တော့ဘူးအစ်ကို...
ကိုကာကိုလာပဲ."

ကိုကာကိုလာဘူးကို ထောင်ပြလိုက်တော့ အစ်ကိုလတ်က ခေါင်းငြိမ့်ပြသည်။

"အစ်ကိုတစ်ယောက်အနေနဲ့ မျက်နှာပူပေမယ့် မင်းကိုငါတစ်ခုလောက်မေးချင်တယ်..."

"မေးပါ...အစ်ကို..."

"မင်းနဲ့ ငါ့ညီမရဲ့အနာဂတ်အစီအစဉ်ကို ဘယ်လောက်အထိဆွဲထားလဲ..."

"အစ်ကိုစိတ်မဆိုးဘူးဆိုရင် လိပ်ပြာလေးကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရချင်တယ်..."

"ဟေ..."

တိုတောင်းပြီး တိကျလွန်းတဲ့‌ကောင်လေးရဲ့အဖြေက ကောင်းကျော်ကိုစကားပြောဖို့ရာ ဆွံ့အသွားစေလောက်အောင် လုပ်လိုက်နိုင်ပေသည်။

"မင်းကိုပိုင်ဆိုင်ခွင့်ပေးရင်ရော...မင်းကသေချာစောင့်ရှောက်နိုင်မှာ ဟုတ်လို့လား...နောက်ပြီး ဒီစကားကို ဘာလို့ငါ့ဆီကမှ လာခွင့်တောင်းရတာလဲ..."

"လိပ်ပြာတစ်ခါက ပြောဖူးတယ်...သူ့ဘ၀ကို ထိန်းချုပ်နိုင်တာက အစ်ကိုလတ်တဲ့  သူမအတွက် စံပြပုဂ္ဂိုလ်ပါပဲလို့...ပြောခဲ့ဖူးတယ်...ဒါကြောင့် အစ်ကို့‌ဆီက ခွင့်ပြုလတ်မှတ်ဟာ ‌အရေးအကြီးဆုံးလို့ ထင်လို့ပါ....နောက်ပြီးအစ်ကိုစိတ်ချပါ လိပ်ပြာကို ကျွန်တော့်ဘ၀နဲ့ရင်းပြီး ကာကွယ်သွားပါ့မယ်..."

"ဒီကိစ္စကငါတစ်ယောက်ထဲ ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး...မေမေတို့နဲ့ပြန်တိုင်ပင်ပြီးရင် မင်းကိုပြန်ပြောမယ်...ဟုတ်ပြီလား..."

"ကျေးဇူးတင်ပါတယ်အစ်ကို..."

"အဟင်း...ငါ့နှမကိုမပေးရသေးဘူးလေ ကျေးဇူးအတင်မစောနဲ့ဦး..."

ထိုစကားကိုတော့ အစ်ကိုလတ်ကရယ်ပြီး ပြောလာသည်။ခဏအကြာမှာ သူတို့နှစ်ယောက်ဘေးနားသို့ ရန်အောင်မင်းနဲ့ ကောင်းကျော်မင်းကလည်း အတူတူလာရပ်ရင်း စကားတွေလာပြောကြလေသည်။
အမှောင်ဖုန်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ရောက်တတ်ရာရာ စကား‌ဖောင်ဖွဲ့ပြောနေရသည်မှာ ဘုန်းမြတ်အတွက်တော့ ‌နွေးထွေးတဲ့ရပ်၀န်းတစ်ခုထဲကိုဆွဲအခေါ်ခံလိုက်ရသလိုပါပဲ။တစ်နေ့လုံး အလုပ်အကြောင်းတွေ ပဲဆွေးနွေးခဲ့ရပြီး ဘယ်သူကမှ အဆင်ပြေရဲ့လားလို့မမေးကြသလို ၊ဘောလုံးပွဲအတူကြည့်ကြမလားလို့လည်း အဖော်မစပ်ကြပါဘူး။အခုလိပ်ပြာရဲ့အစ်ကိုတွေကတော့ သူ့အတွက် အမှတ်မထင်ကောက်ရလိုက်တဲ့ သူငယ်ချင်းတွေလိုပါပဲ။ဒီလူတွေက သူ့ကို၀န်လေးစေတဲ့ စကားလုံးတွေနဲ့ စကားနာမထိုးသလို အားလပ်ချိန်မှာ ဘောလုံးသွားကန်ဖို့တောင်အဖော်ခေါ်ကြပါသေးသည်။

"ကိုကို...ကိုကို..."

"ဟင်...ဘာ..ဘာဖြစ်လို့လဲ...."

လိပ်ပြာက သူတို့အနားသို့အမောတကောပြေးလာတာကြောင့် အားလုံးလန့်သွားကြသည်။

"ဟို...သူဇာ့အဖွား...ဆေးရုံတက်ရလို့တဲ့အဲ့ဒါ ကားနဲ့လိုက်ပို့ပေးပါလား...ဒီအချိန်ကြီး သူဇာတစ်ယောက်ထဲ တက္ကစီ စီးရင် စိတ်မချဘူး..."

"ဟုတ်ပြီ...ကိုယ်လိုက်ပို့ပေးမယ်..."

ကျောခိုင်းသွားတဲ့ ကျောပြင်တွေကိုကြည့်ပြီး ညီအစ်ကိုသုံးယောက်လုံး သက်ပြင်းပြိုင်တူချလိုက်ကြသည်။ထိုအထဲမှ မင်းမင်းကလည်း
ဍီကာတစ်ခုကို ဖွင့်လိုက်သေးသည်။

"အော်...ဒီမှာ...သူ့အစ်ကိုတွေ၊မောင်တွေရှိတာကိုကြ‌တော့မမြင်ဘူး...တကယ်ပါ ကယ်ဖို့ဆေးမမှီတော့ဘူး..."

မင်းမင်းက ခေါင်းတစ်ခါခါနဲ့ပြောလာသလို အစ်ကိုလတ်နဲ့အစ်ကိုကြီးကလည်း တစ်ယောက်မျက်နှာကိုတစ်ယောက်ပြန်ကြည့်လိုက်ကြပြီး ခေါင်းခါမိကြတော့သည်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဆေးရုံ၀င်းထဲမှာ ကားကိုပါကင်ထိုးလိုက်ပြီး‌နောက်လိပ်ပြာနဲ့ သူမရဲ့သူငယ်ချင်းက အတူတူဆေးရုံထဲကိုပြေး၀င်သွားလေရာ
ဘုန်းမြတ်လည်း လိုက်၀င်ရသည် ။

အရိုးအကျောဆိုင်ရာဌာနကိုရောက်တော့
သူဇာက သူ့အဖွားရှိရာကုတင်သို့ပြေးသွားလေသည်။မိသားစု၀င်တွေကလည်း ဆေးရုံတက်ခါစဆိုတော့ အနားမှာစုပြုံနေကြသည်။

"အဖွား...."

"သူဇာ...သမီးလေး...."

သူဇာ့အမေက ငိုထားတဲ့မျက်လုံးတွေနဲ့ ကြည့်လာပြီး ခေါ်ရှာသည်။သူဇာ့မှာလည်း အဖွားကိုတစ်လှည့်၊အမေ့ကိုတစ်လှည့်ကြည့်ပြီး ငိုလေသည်။

"သူဇာရယ်...စိတ်ကိုထိန်းပါအုံးဟာ...အဖွားစိတ်မကောင်း ဖြစ်နေပါအုံးမယ်...နင့်အမေကို အပြင်ခေါ်ထုတ်ရအောင်..."

"အေး...အေးပါ..."

လူနာကုတင်နဲ့ခပ်ဝေးဝေးကို ရောက်ကြတော့မှသူဇာ့အမေကပိုလို့ပင် ငိုလာလေသည်။လိပ်ပြာနဲ့ ကိုကိုလည်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြပြီး အင်မတန်စိတ်မကောင်းဖြစ်ကြရသည်။

"မေမေ..အဖွားက ဘာရောဂါဖြစ်လို့ ဒီလောက်အထိဖြစ်သွားရတာလဲ...ဘာလို့သမီးကိုအရင်တည်းကမပြောတာလည်း အမေရယ်..."

"အမေ မပြောချင်လို့မဟုတ်ပါဘူးသမီးရယ်
...သမီးလေးက ကျောင်းဆရာမလေ
..ကျောင်းဆရာမလစာက ဘယ်လောက်ရလို့လဲကွယ်...အမေ..သမီးကိုအပူမကပ်ချင်ရုံပါ..."

ဒီလိုပြောတော့ သူဇာကပို၍ငိုလာရာ လိပ်ပြာက ‌ပဲသူဇာ့ပုခုံးကို ဖက်ထားပေးလိုက်သည်။

"အမေရယ်...ဒီမိသားစုရဲ့အပူကလည်း သမီးအပူပဲမဟုတ်ဘူးလား...ဘယ်လိုပဲဖြစ်ဖြစ်အဖွားကိစ္စကို သမီးတစ်ယောက်လုံးကိုတော့ အသိပေးသင့်ပါတယ်...အခုရော အဘွားကဘာရောဂါဖြစ်တာလဲ..."

"အစကတော့ ဒူးဆစ်တွေသိပ်မကောင်းတာနဲ့ ပုံမှန်ဆေးထိုး...ဆေးသောက်တော့ လုပ်ပါတယ်ကွယ်...အခုတော့ အမေကလမ်းလျှောက်လို့ကို လုံး၀အဆင်မပြေတော့တာ..အခုခွဲစိတ်မှဖြစ်တော့မယ်သမီးရယ်..."

"ဒါဆိုရင် ခွဲစိတ်တာကဘယ်လောက်လောက် ကုန်မှာတဲ့လဲ..."

"အမေအတိအကျတော့မမေးရသေးဘူး သိန်း၂၀‌တော့ကျော်မယ်ထင်တယ်....အားလုံးပေါင်း သုံးဆယ်ကျော်လောက်မှရမယ်"

သူဇာက သက်ပြင်းချလေသည်။လိပ်ပြာသိတာပေါ့ ကျောင်းဆရာမတစ်ယောက်ရဲ့ တစ်လ
၀င်ငွေက လစဉ်ကုန်ကြတဲ့အသုံးစရိတ်တွေနဲ့တင်ညီနေတာကို သူ့မှာဘယ်လိုများ ဒီပိုက်ဆံတွေရှိမှာလဲ။

"လိပ်ပြာ...နင်တို့လည်းပြန်ချင်ပြန်တော့လေ အရမ်းညဉ့်နက်ရင်မကောင်းဘူး..."

"အေး...ငါမနက်ကျမှ အေးအေးတို့နဲ့အတူထပ်လာခဲ့မယ်နော်..."

"အေး...ကျေးဇူးတင်ပါတယ်ဟယ်..."

လိပ်ပြာတစ်ခုခုကို သတိရလိုက်တာကြောင့် ပိုက်ဆံအိတ်ထဲမှ ပါလာတဲ့ပိုက်ဆံငါးသောင်းကိုထုတ်ပြီး သူဇာ့လက်ထဲကိုထည့်လိုက်သည် ။
သူဇာက အတင်းပြန်ပေးပေမယ့် လိပ်ပြာမယူပါဘူး။

"အခုက...လကုန်ခါနီးပြီလေ...နင်လိုအပ်ရင်သာသုံးလိုက်ပါ...ဒါအတွက်စိတ်လေးမနေနဲ့ဟုတ်ပြီလား....အခုတော့ငါဒီလောက်ပဲ ပါလာတယ် ..
မနက်ကျမှ ငါတို့သူငယ်ချင်းတွေ အကုန်စုပြီး.."

လိပ်ပြာရဲ့စကားမဆုံးသေးခင်မှာပဲ ကြည်ပြာဟာမျက်ရည်တွေကျလာပြီး လိပ်ပြာကိုသိုင်းဖက်လိုက်သည်။

"လိပ်ပြာ...နင်ငါ့အပေါ်မှာအရမ်းကောင်းတာပဲ ငါနင့်ကို အရမ်းကျေးဇူးတင်တာပဲဟာ"

သူဇာ့ရဲ့ပါးပြင်ပေါ်မှ မျက်ရည်တွေကို လိပ်ပြာညင်သာစွာ သုတ်ပေးလိုက်သည်။

"သူဇာ...နင်နဲ့ငါက ဟိုးငယ်ငယ်လေးတည်းက ခင်လာကြတာပါဟာ...ငါ့အတွက်တော့ နင်ကသူငယ်ချင်းဆိုတာထက်ကို ပိုတယ်...နင်မှတ်မိသေးလား
...ငယ်ငယ်တုန်းက ငါမုန့်ဖိုးမပါလာတိုင်း နင်ပဲပိုက်ဆံဆိုက်ပြီး မုန့်၀ယ်၀ယ်ကျွေးခဲ့တာလေ..
အဲ့ဒီ့အချိန်တုန်းက တစ်ရာတန်မုန့်လေးတစ်ထုပ်ကလည်း ငါ့အတွက် အရမ်းကိုတန်ဖိုးကြီးခဲ့တာပဲလေ...ဒါကြောင့် ငါ့ကိုနင့်ရဲ့ညီအစ်မလိုသဘောထား..ဟုတ်ပြီလား..."

"အေးပါဟာ..."

သူဇာနဲ့ သူမရဲ့အမေကိုနှုတ်ဆက်ပြီးနောက် လိပ်ပြာနဲ့ကိုကိုလည်းပဲ ဆေးရုံထဲမှ လက်ချင်းတွဲပြီး ပြန်ထွက်လာခဲ့ကြသည်။

ဘုန်းမြတ်မှာတော့ ကားမောင်းနေရင်းနဲ့ လိပ်ပြာကိုလှမ်းကြည့်နေမိသည်။သူမလေး သိပ်ကိုငြိမ်နေတာ ဘာဖြစ်လို့ပါလိမ့်။မျက်နှာမှာလည်း ၀မ်းနည်းမှုအရိပ်အယောင်တွေလွှမ်းမိုးနေသည်။

"ကျွီ...."

"ဟင်...ကိုကို..ဘာလို့ကားကို ရပ်လိုက်တာလဲ..."

ကိုကိုကဘာစကားတစ်ခွန်းမှမပြောပဲ လိပ်ပြာရဲ့မျက်နှာကိုသာ ဆိုက်ကြည့်လာသည်။

"ပြောပါအုံး...လိပ်ပြာဘာတွေကို တွေးပြီးစိတ်ညစ်နေတာလဲ...ကိုကို...ဘာကူညီပေးရမလဲ..."

အစကတော့ စကားလမ်းကြောင်းတစ်ခုကို ဘယ်ကနေ စပြောရမှန်းမသိဖြစ်နေပေမဲ့ အခုတော့ ကိုကိုက စပြီးမေးလာ‌တာကြောင့် လိပ်ပြာပြောပြဖို့ရာအားတင်းလိုက်သည်။

"ကိုကို...လိပ်ပြာကို ပိုက်ဆံချေးပါလားဟင်..."

"ဘာလဲ...လိပ်ပြာ သူငယ်ချင်းရဲ့အဖွားကို ဆေးကုပေးချင်လို့လား..."

ကိုကိုက လိပ်ပြာရဲ့အဖြေကို တန်းသိနေတာကြောင့် လိပ်ပြာခေါင်းညိတ်ပြလိုက်သည်။

"ဟို...လိပ်ပြာအရင်းကိုပြန်မဆပ်နိုင်သေးရင်တောင် အတိုးတော့ပုံမှန်ပေးပါ့မယ်..."

"ဘယ်လို...."

အတိုးဆိုတဲ့ စကားကြီးက ဘုန်းမြတ်ရဲ့နားထဲမှာထူးဆန်းသွားတာကြောင့် အံ့ဩပြီးမေးလိုက်ပေမဲ့
သူမကတော့ ဘယ်လိုထင်သွားသလဲမသိပေ။ လက်ဟန်အမူအရာနဲ့ အမြန်ရှင်းပြလာသည်။

"ဟို...အတိုးကို လိပ်ပြာတစ်အားနှိမ်ပြီးမပေးပါဘူး...ကိုကို နှစ်ဆယ်တိုးယူချင်လား...ဆယ့်ငါးကျပ်တိုးယူချင်လား..လိပ်ပြာသေချာပေါက်ပြန်ဆပ်ပါ့မယ်..."

"ဟား..ဟား...ဟား..ဟား..."

ဒုက္ခပါပဲ။ သူ့ကိုအတိုးချေးစားတဲ့ ချစ်တီးကုလားလို့ ထင်နေပုံရတယ်။သူ့မှာမနေနိုင်တော့ပဲ ထရယ်မိတော့ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကိုတအံ့တဩကြည့်လာသည်။

"ကိုကို...ဘာလို့ရယ်နေတာလဲ...ပိုက်ဆံကချေးမှာလား...မချေးဘူးလား..."

ဒီတစ်ခါမှာတော့ သူဘယ်လိုမှမနေနိုင်တော့ပဲ သူမရဲ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်ပစ်လိုက်သည်။

"ဒီမှာ...လိပ်ပြာမှတ်ထားရမှာက ကိုကို့ ပိုက်ဆံအိတ်က လိပ်ပြာအပိုင်ပဲ...နောင်အနာဂတ်နေ့ရက်တိုင်းမှာ ကိုကိုရှာသမျှကို လိပ်ပြာပဲသုံးပေးရမှာလေ..ရော့...."

ကိုကိုက အနာဂတ်ကိစ္စတွေကိုပါ ထည့်ပြောလာပြီး စကားနဲ့ချည်နှောင်နေတဲ့အပြင် ဘဏ်ကဒ်တွေပါထုတ်ပေးလာလေတော့ လိပ်ပြာဖြင့် လန့်ပြီး ထတောင်ခုန်ချင်လာတယ်။ကိုကိုကလေ အကုန်ကိုအမ်းနေတော့တာပဲ။

"လိပ်ပြာ...မယူချင်ဘူးနော်...ဆေးကုသစရိတ်အတွက်ပဲ လိပ်ပြာကိုချေးပါ အတိုးပါပေးဆို ပေးပါ့မယ်...ဒီဘဏ်ကဒ်ကိုတော့ လိပ်ပြာမယူချင်သေးဘူး...."

"မယူချင်သေးဘူးဆိုတော့ တစ်ချိန်ချိန်မှာတော့ ယူမယ်ဆိုတဲ့ သဘောပေါ့..."

"မပြောတတ်ဘူးလေ..."

လိပ်ပြာကိုကို့မျက်နှာကို တစ်ချက်ခိုးကြည့်လိုက်ပြီး ကားပြူတင်းပေါက်ဘက်သို့ မျက်နှာလွှဲလိုက်ကာ ကြိတ်ပြုံးနေမိသည်။

"ရော့...ဒီကဒ်တော့ယူထားလိုက်ပါ...လိပ်ပြာလိုချင်သလောက်ထုတ်ပြီးတော့ မှ ကဒ်ပြန်ပေးပေါ့...ပြန်မပေးချင်လည်းရတယ်နော်...နောက်မှအတိုးရော၊အရင်းပါပေါင်းပြီး အကြွေးထူမလေးကိုပါ သိမ်းပစ်လိုက်မယ်..."

"ပေါက်ကရတွေအရမ်းပြောတာပဲ...ပေး...."

လိပ်ပြာ ဘဏ်ကဒ်ကိုယူပြီး အိတ်ထဲကိုထည့်လိုက်တော့မှ ကိုကို့အတွက်ရည်စူးထားတဲ့ မွေးနေ့လက်ဆောင်လေးကို သွားတွေ့ လေသည်။

"ဒီမှာ ကိုကို့အတွက်မွေးနေ့လက်ဆောင်..."

လိပ်ပြာကပေးလိုက်တော့ ကိုကိုကကတ္တီပါဘူးအနီလေးကို ဖွင့်ကြည့်လိုက်သည်။

"ရွှေလက်စွပ်လေး နှစ်ကွင်းပါလား..."

"ဟုတ်တယ်...အဲ့လက်စွပ်လေးတွေက သာမာန်မဟုတ်ဘူးနော် လိပ်ပြာရဲ့ဖွားဖွားက လိပ်ပြာကို ပေးခဲ့တာ...ဟိုအရင်ဖွားဖွားနဲ့ ဘိုးဘိုးတို့ လက်ထပ်စဉ်က ဒီလက်စွပ်လေးကို၀တ်ခဲ့ကြတာတဲ့...မေမေက ညီအစ်မတွေထဲမှာ အကြီးဆုံးဆိုတော့ သမီးဦးလေးမွေးရင် ပေးလိုက်ပါဆိုပြီး ပြောခဲ့တာတဲ့ ဒီလက်စွပ်လေးက သိပ်တော့တန်ဖိုးမရှိပေမဲ့ ကိုကိုအမြဲ၀တ်ထားရမယ်နော်..."

ပြောပြောဆိုဆို လိပ်ပြာကသူ့လက်မှာရော ၊သူမရဲ့လက်ခလယ်မှာပါ လက်စွပ်ကို၀တ်ပေးလေသည်။

"လိပ်ပြာ....ဘာလို့လက်ခလယ်လည်းကွာလက်သူကြွယ်မှာ တစ်ခါတည်း၀တ်လိုက်ပါလား..စေ့စပ်ပြီးသားဖြစ်သွားတာပေါ့..."

"ကိုကိုဘာဖြစ်နေတာလဲ...တစ်ချိန်လုံးဒီကိစ္စပဲပြောနေတယ်...စိတ်ညစ်လာပြီနော်...စကားကောင်းကောင်းကိုမပြောဘူး..."

"ဟောဗျာ...ဘာတွေစိတ်ညစ်စရာရှိလို့လည်း...ကိုယ့်လိုရုပ်ကလည်းချော ရေကလည်းလျှံတဲ့ ဘောစိကြီးကို  ဘာစရန်မှသတ်စရာမလိုပဲ အလကားရမှာလေကွာ...အလကား..နော်..ဟွန်း"

လိပ်ပြာမှာရယ်လိုက်ရင် အသံအကျယ်ကြီးထွက်သွားမှာဆိုးလို့ ဗိုက်ကိုနှိပ်ထားရပါတယ်ဆိုနေမှ
ဖင်ခေါင်းတွေက ကျယ်လို့ကိုမပြီးတော့ဘူး။

"ဒီမှာ..ကြည့်စမ်းပါအုံး...."

လိပ်ပြာကိုပုခုံးကနေလာကိုင်ပြီး သူ့ဘက်သို့အတင်းလှည့်ခိုင်းပြန်သည်။

"ရုပ်ရှင်မင်းသားချောချောလေး‌တွေကို ကြည့်ရဖို့ဆိုရင်..အွန်လိုင်းကနေကြည့်ရင်လည်း‌ဖုန်းဘေလ်ကုန်မယ်...အခွေ၀ယ်ကြည့်ပြန်တော့လည်း ပိုက်ဆံကုန်မယ်...ဟော..ကိုကို့မျက်နှာချောချောကြီးကိုတော့ တစ်ပြားမှမယူဘူး...အလကားထိုင်ကြည့်ခိုင်းမှာဗျာ...ဘယ်လိုလဲ...မကြည့်ချင်ဘူးလား...ညတိုင်းလေ...."

"ကိုကိုရယ်တော်ပါတော့...ကြားရတာနဲ့တင် နားရှက်တယ်...အိမ်ကိုသာမြန်မြန်ပို့ပေးပါတော့.."

"အင်း...ဒီနေ့တော့ ပြန်ပို့ပေးမယ်...နောက်နေ့ကျရင်တော့...."

"ကိုကို့..."

"နောက်နေ့လည်း အိမ်ကိုပဲပြန်ပို့ပေးမယ်လို့
ပြောမလို့ပါကွာ...."

"မောင်းတော့...မောင်းတော့..."

"ဟုတ်ကဲ့ပါ..."

ကားလေးမောင်းထွက်သွားတော့မှပဲ ရာသီဥတုကပုံမှန်ဖြစ်သွားတော့တယ်။မဟုတ်ရင် အချိုတွေကျွေးလွန်းလို့ မခံမရပ်နိုင်အောင်သွားတွေကျိန်းနေရမှာ သေချာတယ်။ကိုကိုက အနာဂတ်ဆိုတာကြီးပဲ တစ်ချိန်လုံးပြောနေတာ။လိပ်ပြာကိုတကယ်ပဲ လက်ထပ်ချင်နေတာလား။ဒါဆိုရင်တော့ ရိုမန့်ဆန်ဆန်နဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ခွင့်တောင်းရမှာပေါ့။အခုတော့ ပြောင်သလိုနောက်သလိုနဲ့။လိပ်ပြာမကြိုက်ဆုံးက လက်ထပ်တာကို ကလေးကစားသလိုပြောနေတာကိုပဲ။ တကယ်လက်ထပ်ခွင့်တောင်းရင်လည်း လိပ်ပြာကချက်ချင်း သဘောတူလိုက်မဲ့ဥစ္စာကို ဘာတွေတွေဝေနေသလဲ မသိဘူး။အိုးကမပူ စလောင်းကပူနေရတာ တယ်လည်းခက်ပါလားနော်။

🦋🦋🦋🦋🦋🦋🦋🦋🦋

ကမ်းနားလမ်းက ကွန်ဒိုကိုရောက်တဲ့အချိန်မှတော့ ည ရှစ်နာရီထိုးနေလေပြီ။မနက်ကနေ ညရှစ်နာရီအထိ ပင်းပန်းထားတာကြောင့် ပုံမှန်လူဆိုရင် အိပ်ယာအပေါ်မှာ ခြေပစ်၊လက်ပစ်လှဲချလိုက်နိုင်ပေမဲ့ ဘုန်းမြတ်ကတော့ လုပ်နေကျအတိုင်း အနောက်တိုင်း၀တ်စုံအပြည့်နဲ့ ခြေစွပ်ပါမကျန် အ၀တ်လျှော်စက်ထဲသို့ ထည့်လျှော်ခဲ့ပြီးမှ ရေချိုးခန်းထဲသို့ ၀င်လေသည်။ ရေမိုးချိုး ၊ခေါင်းတွေပါလျှော်ပစ်လိုက်ကာ ဆံပင်ကိုလေမှုတ်စက်နဲ့မှုတ်၍ အ၀တ်လှန်းပြီးခါမှ မွေ့ယာပေါ်မှာ ထိုင်ချလိုက်သည်။

မွှေ့ယာပေါ်မှာ ထိုင်နေရပေမဲ့လည်း အနားမယူသေးပဲ ပုံမှန်အတိုင်း လက်ပ်တော့နဲ့ဖိုင်လ်တွဲတွေကို ဘေးချကာ ရုံးအလုပ်ကိုအိမ်အထိသယ်လာရပြန်တော့ အနားမနေတဲ့ဘော့စ်ပါပဲ။

"‌တီ...တီ...တီ...တီ..."

ဘယ်လိုကိစ္စတွေပဲ ဖြစ်နေပါစေ ။ညဆယ့်တစ်နာရီထိုးကြောင်း နှိုးစက်မြည်လာတာနှင့် ဖိုင်လ်တွဲတွေအားလုံးကို သိမ်းကာ အခန်းမီးကိုလည်းပိတ်ပြီး အိပ်ယာ၀င်ရန်ပြင်တော့သည်။

ကုတင်ဘေးက မီးအိမ်လေးကို ခလုတ်ပိတ်ရန်ပြင်လိုက်ချိန်မှာတော့ ခုံအပေါ်မှာထောင်ထားတဲ့ ဓာတ်ပုံလေးကို ပြုံးပြီးကြည့်လိုက်မိသည်။ဓာတ်ပုံထဲမှာတော့ သူ့ရဲ့လိပ်ပြာလေးဟာ သိပ်ကိုချစ်ဖို့ကောင်းအောင်ပြုံးပြနေလေသည်။

"...ကောင်းသောညပါ..ကိုယ့်အချစ်လေး..."

သူမရဲ့ဓာတ်ပုံလေးကို ကြည့်ပြီနောက်မှာ သူ့ရဲ့လက်ခလယ်မှ လက်စွပ်လေးကိုလည်း လက်သူကြွယ်သို့ ပြောင်းပြီး၀တ်လိုက်သည်။

"အဟင်း...အခုမှပဲ နေရာအမှန်ရောက်သွားတော့တယ်..."

"ဂျောက်..."

မီးအိမ်ရဲ့မီးခလုတ်ကို နှိပ်လိုက်စဉ်မှာတော့ အခန်းတစ်ခုလုံးက ပြူတင်းပေါက်အကျယ်ကြီးမှ လရောင်ရေးရေးကြောင့်သာ အလင်းမဲ့မနေခြင်းဖြစ်သည်။

ဘုန်းမြတ်မှာ ဆယ့်ငါးမိနစ်လောက် ဟိုလူးဒီလှိမ့်လုပ်နေရပြီးနောက်မှာတော့ မီးအိမ်တင်ထားတဲ့စင်ပေါ်မှ လိပ်ပြာရဲ့ဓာတ်ပုံလေးကို လှမ်းယူလိုက်ပြီး ရင်ခွင်ထဲမှာ ပိုက်ထားလိုက်သည်။
ချစ်စရာအပြုံးပိုင်ရှင်လေးရဲ့ ဓာတ်စွမ်းအားတွေစီးမျှောနေ၍ထင်ပါရဲ့ ကောင်ငယ်လေးဟာ ချောမွေ့စွာ အိပ်ပျော်သွားလေသည်။
လမင်းကွေးကွေးလေးကလည်း ပြုံးရယ်၍ကြည့်လို့ပေါ့။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

ဘုန်းမြတ်‌ကလည်း ဇွတ်နော်
အမ်းလိုက်တာလည်း မပြောနဲ့

=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၄၂


နေမင်းကြီးက အရှေ့အရပ်မှထွက်ပေါ်လာပြီဆိုတာနဲ့ ရပ်ကွက်ကလေးထဲမှာ အမျိုးသမီးတွေဟာ လှုပ်ရှားစပြုလာကြလေသည်။အချို့ကလည်း ချက်ဖို့၊ပြုတ်ဖို့ ဈေးခြင်းတောင်းကိုဆွဲ၍ ဈေးသို့သွားကြသလို၊ အချို့ကလည်း ချက်ပြုတ်ကြော်လှော် လုပ်နေကြရာ ရပ်ကွက်လေးထဲမှာ  နေရာအစုံနီးပါ ဟင်းညော်နံ့လေးတွေဟာ
တထောင်းထောင်းထနေလေသည်။ ရပ်ကွက်ရဲ့ လက်ဖက်ရေဆိုင်လေးထဲမှာဆိုရင်လည်း လူကြီးတွေက အချင်းချင်းဝိုင်းဖွဲ့၍ ကော်ဖီတို့၊အဆာပြေ မုန့်ဟင်းခါးတို့ လာမှာစားကြသလို၊လူငယ်များကလည်း ညကကြည့်ခဲ့ကြတဲ့
ဘောလုံးပွဲအကြောင်း ၊မိမိတို့ရဲ့ကောင်မလေးတွေအကြောင်းကို စမြှုပ်ပြန်ကာ အပြိုင်အဆိုင်ဆွေးနွေးနေကြတာကြောင့် လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားတဲ့လူမှန်သမျှအဖို့ နားကိုထူပူထွက်သွားမှာသေချာပါတယ်။

"ညှော်မယ်ဗျို့...ညှော်မယ်..."

"အမယ်လေး..ပလုတ်တုတ်..."

ခြေရင်းအိမ်မှ မောင်မိုးရဲ့ အော်သံအာပြဲကြီးကြောင့် ဒေါ်မြဖြူမှာ အပင်ကိုရေလောင်းနေတဲ့ ရေပုံးတောင် လက်ထဲမှပြုတ်ကျသွားလေသည်။

"ဟဲ့ မောင်မိုး...ဖြည်းဖြည်းသာသာအော်ပါဟယ်...ငါဖြင့်လန့်တောင်သွားတယ်..."

"ဟ...အန်တီမြမသိပါဘူးဗျာ..လူတွေကညှော်ဟစ်တော့လည်း အသံကျယ်လို့...ညှော်မဟစ်တော့လည်း....နားလည်မှုကိုမရှိဘူးတို့...အိမ်မှာလူကြီးတွေ,လူပမာသည်တွေရှိတယ်...ဘာညာနဲ့ စုံနေအောင် ပြောကြတာဗျ..."

မပုတုရဲ့သား မောင်မိုးဆိုသည်မှာ  ဂင်တိုတို ၊အသားညိုညိုနဲ့ လူ့ဂွစာလေးပင်။မထင်ရင်၊
မထင်သလို မိန်းမတွေနည်းတူ ရန်ပြန်တွေ့တတ်တာလေးကလွဲရင် စိတ်နှလုံးကောင်းတဲ့ ကလေးပါပဲ။

"အဲ့ဒါဆိုလည်း မောင်မိုးရယ်...အညှော်နဲနဲလျှော့လုပ်ပေါ့...ငရုပ်သီးလျှော့စားပေါ့ဟယ်..."

"ဟာ...အဒေါ်ရယ်...မြန်မာဟင်းပါဆိုနေမှ အစပ်ကတော့ပါမှာပေါ့ဗျာ...ပိုက်ဆံများရှိရင်လေ...
လကမ္ဘာပေါ်က ဟိုတယ်ကြီးမှာတောင် တက်စားလိုက်ချင်သေးဗျာ...အဲ့အခါကြမှ မောင်မိုးတို့အိမ်က ညှော်နံ့လေးကို လွမ်းတယ်ဖြစ်ကြအုံးမယ်..."

ပုဆိုးကိုတိုတို ၀တ်ထားပြီး ဟန်အမူအရာတွေနဲ့ ပြောဆိုခဲ့ကာ အိမ်ပေါ်ပြန်တက်သွားတဲ့မောင်မိုးကိုကြည့်ပြီး ဒေါ်မြဖြူခေါင်းကုတ်ယူရသည်။

"ဒီကောင်လေး ငါ့တောင်ရန်ပြန်တွေ့သွားတယ်.."

ဒေါ်မြဖြူလည်း သူမရဲ့နှင်းဆီပန်းပင်လေးတွေကိုသာ ရေဆက်လောင်းနေလိုက်တယ်။
ထိုစဉ်ရပ်ကွက်လေးထဲသို့ တက္ကစီအဖြူလေးတစ်စီးကမောင်း၀င်လာပြီး ဒေါ်မြဖြူတို့ရဲ့အိမ်ရှေ့မှာရပ်လိုက်လေသည်။
တက္ကစီအပေါ်မှ အမျိုးသမီးနှစ်ယောက်ဆင်းလာပြီး ဒေါ်မြဖြူတို့ရဲ့ ခြံ၀န်းလေးကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေကြလေသည်။
ထိုအမျိုးသမီးနှစ်ယောက်လုံးမှာ တစ်ယောက်က အသက်ငါးဆယ်အနားနီးနေပြီး ကျန်တစ်ယောက်က လေးဆယ်နီးပါးခန့်ရှိကြလေသည်။ သို့သော်၀တ်စားထားပုံတွေကတော့ ခောတ်မှီဆန်းသစ်လွန်းတာကြောင့် တမင်နုပျိုအောင်ဖန်တီးထားကြမှန်းသိသာလွန်းလှသည်။

"နှင်းရီ...ဘုန်းမြတ်ရဲ့ကောင်မလေးအိမ်က
ဒီအိမ်ဆိုတာ သေချာလို့လားဟယ်..."

"သေချာပါတယ် အစ်မရယ်...."

"နင်ပြောတော့ သူတို့ကဆင်းရဲမဲ့ပုံပဲဆို
အခုနေများ ငါတို့ဘုန်းမြတ်ရဲ့အိမ်ပေါ်ကနေ ဆင်းပေးရရင် သူတို့လို နှစ်ထပ်အိမ်နဲ့တောင်နေရမယ်မထင်ဘူး..."

"အဲ့ဒါ‌တွေကို အသာထားစမ်းပါ...အခုလာရင်းကိစ္စကိုသာ သတိရ..."

"အေးပါ...ဟဲ့..ခြံထဲမှာလူရှိတယ်..ခေါ်ကြည့်လိုက်စမ်းပါ..."

အစ်မရဲ့ခိုင်းစေချက်ကြောင့် ဒေါ်မြနှင်းရီလည်း ခြံထဲမှာ ပန်းပင်ရေလောင်းနေတဲ့ အမျိုးသမီးကို ခေါ်ဖို့ဆိုင်းပြင်လိုက်သည်။

"ဗျို့...အိမ်ရှင်တို့...အိမ်ရှင်တို့ရှိလား...ဟိုပန်းပင်ရေလောင်းနေတဲ့ အစ်မကြီး..."

ဒေါ်မြဖြူမှာ ပန်းပင်တွေကို ရေလောင်းနေရင်းမှ ခြံ၀မှ ခေါ်တဲ့အသံကြား၍ ရေးပုံးကြီးကိုတောင် လက်ကမချနိုင်ပဲ သွားရပြန်လေသည်။

"ဟဲ့...ဘယ်သူတွေလည်း...လာပြီ...လာပြီ..."

"အစ်မကဒီအိမ်ရှင်လား..."

"အေး...ဟုတ်တယ်..."

လူကခြံ၀တောင်မရောက်သေးဘူး မာလိုက်တဲ့အသံတွေဆိုတာ။ဒေါ်မြဖြူလည်း အကြွေးရှင်တွေ၊ဘာတွေများလားလို့ သေချာမျက်လုံးပြူးကြည့်လိုက်သည်။သေချာတာကတော့ ဒီမိန်းမနှစ်ယောက်ဆီမှာ ဘာအကျွေးမှ‌ မချေးထားဘူးဆိုတာပဲ။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ..."

"ဒီအိမ်မှာ လိပ်ပြာဖြူဆိုတာရှိလား...သူနဲ့ပဲတွေ့ချင်တယ်...သူ့ကိုပဲခေါ်ပေးပါ..."

"ဒီကအမျိုးသမီးတို့က ဘယ်သူတွေလည်း...ငါကလိပ်ပြာဖြူရဲ့အမေပဲ ပြောစရာရှိရင် အိမ်ထဲကို၀င်ခဲ့ကြပါ..."

"အို...ဒီလိုအိမ်မျိုးကို ၀င်စရာလား...ရှင့်သမီးကိုသာခေါ်ထုတ်ပေးစမ်းပါ...ရှင်းစရာကိစ္စရှိတယ်..."

ပုံစံတွေက သမီးလေးသာထွက်လာရင် တကယ်ကိုအကြီးအကျယ်ရန်တွေ့ကြမဲ့ ပုံပေါ်နေလေတော့ ဒေါ်မြဖြူလည်း စိတ်ကတော်တော် အပေါက်အလမ်းမတည့်ဖြစ်လာတယ်။

"နင်တို့ပုံစံတွေကြည့်ရတာ အကောင်းနဲ့လာတာ
 မဖြစ်နိုင်ဘူး...ငါ့သမီးကိုတော့ ခေါ်ထုတ်ပေးစရာအကြောင်းကိုမရှိတာ...ပြောစရာပဲရှိရှိ၊ရှင်းစရာပဲ ရှိရှိ..ငါနဲ့ရှင်းခဲ့..."

ဒေါ်မြဖြူကလည်း ခေသူမဟုတ်ပေ။
 သားတွေနိုင်ငံခြားကို မသွားရခင်တုန်းကဆိုရင် ရပ်ကွက်တကာလှည့်ပြီး ဈေးအော်ရောင်းခဲ့ရ
 သလို၊ ငွေတိုးပေးစားရင်းနဲ့ ပိုက်ဆံပြန်မဆပ်တဲ့လူတွေနဲ့လည်း နပန်းသတ်ခဲ့ဖူးတဲ့ အတွေ့အကြုံကရှိပြီးသားပင်။

"ဒုန်း..."

"ကဲ...ပြော..ဘာကိစ္စလည်း..."

ခြံတံခါးကို အားနဲ့ဆောင့်ဖွင့်လိုက်ပြီး ‌ခါးကိုထောက်၊ခေါင်းကိုမော့ကာ ထွက်လာတဲ့ဒေါမြဖြူကိုကြည့်ပြီး ညီအစ်မနှစ်ယောက်လည်း နည်းနည်းတော့လန့်သွားကြသည်။

"‌ရှင်ကပြောဆိုတော့လည်း ပြောရတာပေါ့...
ရှင့်သမီးကို ပြောလိုက်စမ်းပါ...ဘုန်းမြတ်သူရနဲ့ ဝေးဝေးနေပါလို့...မနေဘူးဆိုရင် ကျွန်မအကြောင်းသိစေရမယ်..."

"အောင်မာ...ငါ့သမီးကိုများလာပြီး...
ညည်းကဘုန်းမြတ်သူရနဲ့ ဘာတော်နေလို့ ဒီစကားလာပြောရတာတုန်း...ပိတ်အုပ်ထည့်လိုက်လို့
နှစ်ယောက်လုံးဖိနပ်‌တောင်မပါပဲ အိမ်ပြန်သွားရမယ်...ဘာမှတ်နေလဲ..."

သူတို့ကလာပွဲကြမ်းပေမဲ့ သူတို့ထက်ပိုကြမ်းနေတဲ့ လူနဲ့လာတွေ့နေတော့ ‌ညီအစ်မနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်။

"မမ...သူ့ကြည့်ရတာ တကယ်လုပ်မဲ့ပုံကြီးနော်..."

"နင်အသာနေစမ်းပါ...ငါပြောမယ်..."

"ဒီမှာ..."

"ဘာလဲ!!!!!"

"မသိရင်မှတ်ထား ကျွန်မနာမည် မြနှင်းကြည်...
ဘုန်းမြတ်ရဲ့အမေပဲ..."

"ဟား...ဟား...ဟား..ဟား...အဲ့ဒီ့လိုပဲရယ်လိုက်တော့မယ်...ငါ့သမီးပြောထားလို့ ငါသိပြီးသား
ဘုန်းမြတ်ရဲ့အမေကဆုံးသွားပြီဟဲ့...ဖြစ်ခြင်းဖြစ်နင်ကသူ့မိထွေးဘဲဖြစ်မှာပေါ့...ဒီမှာညည်းကိုယ်ညည်းလူရာသိပ်ဝင်တယ်ထင်နေပြီး...ဒီနေရာမှာဟိတ်ဟန်တွေလာထုတ်ပြမနေနဲ့...ငါ့သားတွေအိပ်ခန်းထဲမှာအိပ်နေကြတယ်နော်..
ငါလေတစ်ချက်ချွန်လိုက်တာနဲ့...ငါ့သားတွေထွက်လာပြီး နင်တို့နှစ်ယောက်ကိုရောသမမွှေသွားလိမ့်မယ်...ဘာမှတ်နေလဲ...."

ထိုသို့ပြောလိုက်ရာ ညီအစ်မနှစ်ယောက်စလုံး ဒေါသထွက်လွန်းလို့ ကစုန်ပေါက်နေကြတော့သည်။

"အမယ်လေး...အမယ်လေး..မိုက်ရိုင်းလိုက်တာကြည့်စမ်း....ဒါကြောင့်မို့လည်း ရှင်တို့သမီးနဲ့ဘုန်းမြတ်ကိုသဘောမတူတာပေါ့...ဘယ်လောက်တောင် ချွဲနွဲ့ပြီးခြူထားသလဲမသိဘူး...ဘုန်းမြတ်ရဲ့ကားတောင် အိမ်ရှေ့ရောက်နေပြီ...."

လိပ်ပြာဖြူကို တွေ့ခွင့်စတောင်းတဲ့နေ့ကတည်းက အိမ်ရှေ့မှာထားခဲ့တဲ့ ကားကို ဘုန်းမြတ်က အငယ်ကောင်စီးဖို့အတွက်ဆိုပြီး မယူပဲထားခဲ့လေရဲ့။ကားကိုမေးငေါ့ပြီးပြောနေတဲ့ မိန်းမကို ဒေါ်မြဖြူကလည်း ပြန်ဆိုက်ကြည့်လိုက်တယ်။

"ဒီမှာ...ငါ့သမီးလေးက "ကိုကို...ကားထားခဲ့လို့ စကားလေးတစ်ခွန်းပြောရုံနဲ့ ...ငါ့သားမက်လေးက...ဟော...သူ့ကားကြီးကိုထားခဲ့ပြီးသားပဲ...
နင်တို့ရုပ်‌တွေကသာ ဘယ်လိုပြောပြော၊ထိုင်ပဲကန်တော့ပါစေ... ဟိုကမသဒ္ဒါလို့
...ကိုယ်ပိုင်ကားတောင်မစီးနိုင်ပဲ တက္ကစီနဲ့လာရတာ မဟုတ်ဘူးလား...ပြန်ပါဟယ်...ကျက်သရေတုံးလွန်းလို့...ငါ့အိမ်လည်းမင်္ဂလာယုတ်တယ်..."

"အဘွားကြီး...ရှင်စကားပြောတာ သောက်ဆင့်တော်တော်မရှိတာပဲ...ရှင့်လိုမိန်းမမျိုးကမွေးတဲ့ ရှင့်သမီးကလည်း...ဒီလိုအဆင့်အတန်းပဲနေမှာ...
တကယ်ပဲဟယ်...ဘုန်းမြတ်ဟာ‌လေ
ဘယ်လိုဟာမမျိုးကို ရွေးထားသလဲမသိဘူး..."

"အေးလေ...မမရယ်...နေတော့ဇနပုတ်...
ရောင်းတော့ပဲပြုတ်...အပြောအဆိုကြတော့လည်း...ရိုင်းလိုက်တာ...အဆင့်အတန်းဆိုတာ
...ဘာလည်းသိမှာမဟုတ်ပါဘူး...အစ်မရယ်..."

ဒေါမြဖြူမှာ ဒေါသတွေထွက်လွန်းလို့ လက်ထဲကရေပုံးနဲ့သာ ကောက်ပေါက်လိုက်ချင်တဲ့အထိဖြစ်လာသည်။သူများအိမ်ရှေ့ကိုလည်း လာသေး
တယ်။စကားကလည်း အဆင့်ဆိုတာနဲ့ပဲပြည့်နေကြတယ်။

"ဟဲ့ကောင်မတွေ...ဘာအဆင့်လည်း..ဘာကို
ရိုင်းတာလည်း...အခုနင်တို့လာဟောင်နေတာက ငါ့ရပ်ကွက်...ငါ့အိမ်ရှေ့မှာနော်....လမ်းဘေးမှာ‌
နေတဲ့ ခွေးလေခွေးလွင့်ဆိုတာ ခြံအပြင်ကပဲဟောင်တယ်..ခွေးမတွေရဲ့...."

"ဒုန်း!!!!!"

တမင်ခွေးနဲ့နှိုင်းခဲ့ကာ ခြံတစ်ခါးကိုလည်း ဆောင့်ပိတ်ပစ်လိုက်တယ်။ကြာရင် အိမ်ထဲကအကောင်တွေ ထွက်လာပြီး ပြဿနာတွေကြီးကုန်မှာဆိုးလို့ပါ။

"ရှင်...အခုထွက်ခဲ့စမ်း...မိုက်ရိုင်းလှချည်လား...
ဟမ်..."

"ဟဲ့...နင်တို့အရင်ရိုင်းလို့ ငါရိုင်းတာလေ...နင်တို့အခုထွက်မသွားရင်...ငါရပ်ကွက်‌ရုံးကို လှမ်းအကြောင်းကြားလိုက်မှာနော်....ဒေါ်မြဖြူတဲ့နာမည်နှစ်လုံးနဲ့နေတာ...ထွက်သွား...."

‌ဒေါ်မြဖြူလည်း ကျက်သရေမရှိတဲ့မျက်နှာတွေကို မမြင်ချင်တော့တာကြောင့် အိမ်ထဲသို့သာပြန်၀င်လိုက်သည်။

"အစ်မတို့...ကျွန်တော့်တက္ကစီကိုဌားအုံးမှာလား...ရန်ဆက်ဖြစ်ကြမှာလား...ရန်ဆက်ဖြစ်မယ်ဆိုရင်တော့...ကျွန်တော်ပြန်လှည့်တော့မယ်..."

"ဟဲ့...နေ...နေပါအုံးဟယ်...နင်ကလည်း...တက်မယ်.. တက်မယ်..."

မြနှင်းကြည်နဲ့ မြနှင်းရီ ညီအစ်မနှစ်ယောက်မှာလည်း ရပ်ကွက်ရုံးဆိုတာကြီးကြောင့် ကားပေါ်သို့တက်ပြီး အမြတ်တက်သွားကြလေသည်။

ဒေါ်မြဖြူမှာ ဧည့်ခန်းကိုဖြတ်ပြီး မီးဖိုချောင်ထဲသို့၀င်လိုက်တဲ့အချိန် သမီးဖြစ်သူလိပ်ပြာဖြူက ရေချိုးခန်းထဲမှ မျက်နှာသစ်ပြီးထွက်လာတာကိုတွေ့လိုက်ရသည်။

"အမေ့...ခုဏကအိမ်ရှေ့မှာဘာတွေဖြစ်နေကြတာလဲ...ရန်ဖြစ်နေသလို အသံတွေကြားရလို့..."

"ဘာဖြစ်ရမှာလည်း...နင့်အကောင်ရဲ့မိထွေးတော်တွေ ရန်လာရှာသွားတာတော်...ပြောသွားလိုက်တာများ...ခြူစားသလေးဘာလေးနဲ့...နင့်အစ်ကိုတွေသိလို့ကတော့...တုတ်တွေ..ဓားတွေပါလာကြမှာသေချာတယ်...ညည်းအကောင်ကိုလည်း မေးကြည့်ပါအုံး...နောက်ကြောင်းတွေ‌ရှင်းရဲ့လားလို့...ယူပြီးခါမှ...စိတ်တွေညစ်တာမျိုး..ငါမဖြစ်ချင်ဘူးနော်..."

အမေစိတ်အင်မတန်ဆိုးနေတယ်ဆိုကတည်းက လိပ်ပြာအခြေအနေကို ခန့်မှန်းမိလိုက်ပါပြီ။တော်တော်လေးကို ရင့်ရင့်သီးသီးပြောသွားလို့ အမေခံပြင်းနေတာပဲဖြစ်ရမယ်။မဖြစ်ဘူး။ဒီနေ့ညနေကျရင်တော့ ကိုကိုနဲ့တွေ့ပြီး ဒီကိစ္စကိုရှင်းမှရမယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ဘာ!!!!!!အဲ့ဒီ့မိန်းမတွေက လိပ်ပြာတို့အိမ်အထိရောက်လာပြီး...အန်တီနဲ့တောင် ရန်ဖြစ်သွားတယ်..ဟုတ်လား...."

"ဟုတ်တယ်...အဲ့ဒီ့ကိစ္စကို မေမေက အစ်ကိုလေးတို့ကို မပြောပြပဲထားလို့ပေါ့...မဟုတ်ရင်...
လိပ်ပြာ ကိုကိုနဲ့ အခုလိုလာတွေ့ဖို့တောင် ခွင့်ပြုကြမှာမဟုတ်ဘူး...."

ဘုန်းမြတ်ရဲ့စိတ်ထဲမှာ မခံမရပ်နိုင်အောင်ဖြစ်သွားသည်။ဒီလောက်အထိ သတိပေးထားရက်နဲ့ သူ့ချစ်သူရဲ့အိမ်အထိတောင်သွားခဲ့ကြတာဆိုတော့ ဒါသူ့ဘ၀ကို တမင်၀င်နှောက်လိုက်တာပဲ။
အစက ကြည့်မရပေမဲ့ စကားနဲ့ပဲနာအောင်ပြောခဲ့တာများတယ်။ မထင်မှတ်ထားတာက ဒီလူတွေဟာ လက်တွေ့ကြုံရမှ နာမှန်းသိကြမယ်ထင်တယ်။

"လိပ်ပြာ...စိတ်ချပါ...ကိုယ်ဒီကိစ္စကို ရှင်းပေးမယ်...လိပ်ပြာနောက်ထပ် စိတ်အနှောက်အယှက်မဖြစ်စေရဘူး...စိတ်ချ..."

"အင်းပါ...အဲ့ဒါဆိုလည်းပြီးတာပဲ..."

"ကိုယ်သန့်စင်ခန်းကို ခဏသွားလိုက်အုံးမယ်..."

"အင်း...."

လိပ်ပြာလည်း ကိုကို့ရဲ့ကျောပြင်ကျယ်ကြီးကို ကြည့်ပြီး လိမ္မော်ဖျော်ရည်ကို ဆက်သောက်နေလိုက်တယ်။မေမေပြောတဲ့အချိန်တည်းက ကိုကို့ဆီကို‌ပြေးသွားပြီး ပြန်ပြောပြချင်ခဲ့ပေမဲ့ ကိုကိုအလုပ်မအားမှန်းလည်း သိတာကြောင့် ညနေရုံးဆင်းခါနီးမှ ကော်ဖီဆိုင်တစ်ခုမှာ ချိန်းလိုက်ခြင်းပင်။

ထိုစဥ် ကော်ဖီဆိုင်ထဲသို ၀င်လာကြတဲ့ ရွှေစင်သက်ထားနှင့် ဒေါ်မြနှင်းရီဟာ လိပ်ပြာကို မြင်သွားကြလေသည်။ဒေါ်မြနှင်းကြည်ကတော့ လိပ်ပြူဖြူကိုမသိပေမဲ့ ရွှေစင်သက်ထားကတော့ လိပ်ပြာဖြူကိုမြင်တာနဲ့ မှတ်မိလေသည်။

"ဝိုး...ဘယ်သူများလည်းလို့...CEOကြီးကို ခြူစားနေတဲ့ ကောင်မလေးကို..အန်တီရီ...မတွေ့ဖူးရင်မှတ်ထားနော်...သူ့နာမည်ကလိပ်ပြာဖြူတဲ့
...ကိုဘုန်းရဲ့အနားက ကပ်ပါးကောင်လေးပေါ့..."

"နင်ဘာစကားပြောတာလဲ..."

ကြားနေရတဲ့ စကားလုံးတွေက လုံး၀ကိုမခံမရပ်နိုင်ဖြစ်လာတာကြောင့် လိပ်ပြာမက်တပ်အလိုလိုရပ်မိသွားသည်။
ရင်ထဲမှာ‌လည်း ဒေါသအပူမီးတွေက တော်တော်လေးကို လှိုင်းထန်နေလေပြီ။

"အော်...လက်စသတ်တော့..လိပ်ပြာဖြူဆိုတာ
...ညည်းကို...အဟင်း...ညည်းပုံစံကလှတော့လှပါတယ်...ဒါပေမဲ့ ဘုန်းမြတ်လိုအခြေအနေမျိုးနဲ့ဆိုရင်...ဟိုကတစ်ခါသုံးလောက်ပဲ သတ်မှတ်လိမ့်မယ်..."

"ရှင်..လူကြီးဖြစ်ပြီးတော့ စကားပြောတာအောက်တန်းကျလှချည်လား...အခု...ကျွန်မကို
ဒီလိုတွေလာပြောနေတဲ့ ရှင်တို့ကရော...ဘယ်လိုနေရာမျိုးကနေ ဒီစကားကိုလာပြောနေရတာလဲ...ရှင်တို့အကြောင်းကို ကျွန်မကတစ်လုံးမှမသိဘူးလို့...ထင်နေတာလား...ဒီနေရာမှာကျွန်မ
ဘာမှမပြောချင်ဘူးနော်...ရှင်တို့ရဲ့အရှက်တွေ၊သိက္ခာတွေ တစ်ပြားမှအဖက်ဆယ်လို့မရပဲ...ပြန်ထွက်သွားရလိမ့်မယ်..."

"နင်...."

လိပ်ပြာထိုမိန်းမကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောပစ်လိုက်တာကြောင့် မီးတောက်နေတဲ့မျက်လုံးတွေနဲ့လိပ်ပြာကိုကြည့်လာပြီး လိပ်ပြာနဲ့ပိုနီး‌အောင် အရှေ့သို့တိုးဖို့လုပ်တော့ ‌....

"နေအုံး...အန်တီရီ...ရွှေစင်ပြောမယ်..."
"ဒီမှာ လိပ်ပြာဖြူ...မင်းကိုမင်း..သိပ်အထင်ကြီး
မနေနဲ့နော်...မင်းနဲ့ကိုမြတ်စတွေ့တာက ကိုမြတ်
စင်္ကာပူကနေပြန်လာမှမဟုတ်လား...စင်္ကာပူလိုနိုင်ငံမျိုးမှာ မင်းထက်ချော၊မင်းထက်လှတဲ့ ဘိုမလေးတွေနဲ့လည်း...သူတွဲခဲ့...အိပ်ခဲ့ဖူးမှာပဲ...ပြီးရင်အဲ့လူတွေကို ခါချပစ်မှာသေချာတယ်...
မင်းကိုလည်း...."

"နင့်ပါးစပ်ကို ပိတ်ထား..."

"ဗြန်း...."

"နင်...နင်ငါ့ကို့ အချိုရည်နဲ့ပက်တယ်...
ကောင်မ..."

ပတ်၀န်းကျင်မှလူတွေ ဝိုင်းကြည့်လာလည်း လိပ်ပြာဂရုမစိုက်နိုင်တော့ပဲ ခုံအပေါ်ကလိမ္မော်ရည်ခွက်နဲ့ ကောက်ပက်ပစ်လိုက်တယ်။
အခဲမကြေတဲ့ ထိုမိန်းမက ကိုကို့ကော်ဖီခွက်ကို
ပြန်ကိုင်ပြီး လိပ်ပြာကိုပက်လိုက်စဉ်မှာတော့....

"မင်း...ဘာလုပ်တာလည်း..."

ကိုကိုကရောက်ချလိုက်ပြီး ထိုမိန်းမလက်ကို လှမ်းဖမ်းလိုက်ကာ ပိတ်အော်ပစ်လိုက်တာကြောင့် ကော်ဖီရည်တွေဟာ လိပြာဆီသို့ရောက်မလာခဲ့ပါဘူး။
ဒါပေမဲ့ လိပ်ပြာရင်ထဲမှာတော့ ကော်ဖီပူပူနဲ့
အလောင်းခံလိုက်ရသလို နာကျင်ပူလောင်သွားသည်။
ကိုကိုဟာ ရွှေစင်သက်ထားရဲ့လက်ကိုလွှတ်လိုက်ပြီး ဒေါ်မြနှင်းရီဆိုသူကို ဒေါသအခိုးဝေနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တာကိုတော့လိပ်ပြာမြင်နေရပါတယ်။

"ဒေါ်မြနှင်းရီ...ခင်ဗျားကဒီလောက် သေမလိုဖြစ်ခဲ့တာတောင်....မနက်တစ်ခေါက်..ညနေတစ်ခေါက် ပြဿနာရှာရဲတယ်ပေါ့...ခင်ဗျားဒီတစ်ခါအိမ်ပြန်ရင် ခင်ဗျားတို့ညီအစ်မနှစ်ယောက်ရဲ့ပစ္စည်းတွေအကုန်လုံး လမ်းဘေးရောက်နေတာကိုမြင်ရစေ့မယ်..လာလိပ်ပြာ..."

ဘုန်းမြတ်လည်း လိပ်ပြာရဲ့လက်ကိုဆွဲကာ ဆိုင်အပြင်သို့ထွက်လိုက်ပြီး ကားပေါ်ကိုသာခေါ်လာလိုက်သည်။
ကားပေါ်ကိုရောက်တော့ လိပ်ပြာဟာ မလှုပ်
မယှက်ထိုင်နေ‌ပုံအရ အစိုင်အခဲတစ်ခုကို မျိုသိပ်ထားရပုံပေါ်နေလေသည်။

"လိပ်ပြာ..."

သူမရဲ့လက်ကလေးကို ကိုင်လိုက်ပေမဲ့ သူမကရှောင်လိုက်လေသည်။

"လိပ်ပြာ...သူတို့လိပ်ပြာကို ဘာ‌တွေပြောလိုက်ကြတာလဲ..."

"ကိုကို...လိပ်ပြာကို...အိမ်ကိုသာတန်းပို့ပေးပါ..."

သူမက သူ့ဘက်သို့ တစ်စက်မှလှည့်မကြည့်ပဲပြောလာလေတော့ သူသိပ်ကိုစိုးရိမ်သွားတယ်။
ကိစ္စတစ်ခုကို ချက်ချင်းဖြေရှင်းရမှ ကျေနပ်တာကြောင့် သူမရဲ့ပုခုံးကိုကိုင်ပြီး သူ့ဘက်သို့ဆွဲလှည့်လိုက်သည်။

"လိပ်ပြာ...မကျေနပ်တာတစ်ခုခုရှိရင် ကိုယ့်ကိုရိုက်ပါ...ဆူပါ...ဒါပေမဲ့ဒီလိုတော့မနေနဲ့ကွာ...
ကိုကိုမကြိုက်ဘူး...."

"လိပ်ပြာ...တောင်းပန်ပါတယ်...အိမ်ကိုပဲပြန်ပို့ပေးပါတော့...."

သူမရဲ့မျက်၀န်းမှ မျက်ရည်တွေကျဆင်းလာတာကို မြင်လိုက်ရတော့ ဘုန်းမြတ်ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားရသည်။
သူအကြောက်ဆုံးက သူမလေးမျက်ရည်ကျမှာကိုပဲ။
သူမရဲ့မျက်၀န်းမှ မျက်ရည်တွေကျလာလိုက်တိုင်း သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖဲ့ခြွေနေသလိုကို နာကျင်နေရတယ်။
သူကမျက်ရည်သုတ်ပေးဖို့လုပ်လည်း မျက်နှာလွှဲသွားတာကြောင့်  လိပ်ပြာကို သူရင်ခွင်ထဲသို့အတင်းဆွဲထည့်ကာ ဖက်လိုက်မိသည်။

"ကိုကို့...ဘာလုပ်တာလဲ...လွှတ်နော်..."

"မလွှတ်ဘူး...လိပ်ပြာဘာဖြစ်နေသလဲဆိုတာ
ပွင့်ပွင့်လင်းလင်းပြောပြမှ ကိုယ်လွှတ်ပေးမယ်..."

"ကိုကို့...လိပ်ပြာကိုသိပ်လွယ်တဲ့မိန်းကလေးလို့ထင်နေတာလား...လွှတ်..."

လိပ်ပြာရဲ့ စကားက သူ့ရဲ့ဂုဏ်သိက္ခာနဲ့ သူ့ရဲ့ချစ်ခြင်းကိုစော်ကားလိုက်သလိုပဲ။သူချက်ချင်းလွှတ်ပေးလိုက်ပြီး လိပ်ပြာရဲ့မျက်နှာကိုကြည့်လိုက်တော့ သူမကသူ့ကို မျက်မှောင်ကြုံ့ကာ ကြည့်လာသည်။ထိုအကြည့်တွေထဲမှာ မယုံသင်္ကာဖြစ်နေတဲ့ အဓိပ္ပာယ်တွေပါ ရောယှက် ပါ၀င်နေတာ သေချာသည်။

"လိပ်ပြာ...ကိုယ့်ကိုအဲ့လိုမပြောနဲ့...ကိုယ်အဲ့ဒီ့လိုလူမဟုတ်ဘူး...ကိုယ့်ဘ၀မှာ ဘယ်မိန်းမကိုမှဒီလို မလုပ်ခဲ့ဖူးဘူး...ကိုယ်လိပ်ပြာကိုဖက်တာက ကိုယ့်ချစ်သူ၀မ်းနည်းတဲ့အချိန်၊ပျော်ရွှင်တဲ့အချိန်‌ တွေမှာ နွေးထွေးမှုလေးပေးချင်လို့...
ကိုယ်လိပ်ပြာကိုနမ်းတာက ချစ်လွန်းလို့ကွ..
ကိုယ်မချစ်တဲ့မိန်းမတစ်ယောက်ကို ကိုယ်ဒီလိုဘယ်တော့မှ မဆက်ဆံဘူး.."

ကြေကွဲနေတဲ့ ကိုကို့ပုံစံကိုကြည့်ပြီး ၀မ်းနည်းမှုတွေက ရင်မှာစို့နင့်လာသည်။မျက်ရည်တွေကလည်း ဘယ်လိုမှထိန်းမရတော့တာကြောင့် လိပ်ပြာ လက်နှစ်ဖက်နဲ့မျက်နှာကို အုပ်ပစ်ပြီး ရှိုက်ကြီးတစ်ငင် ငိုပစ်လိုက်သည်။

"ဟမ်း...အီးဟီး...လိပ်ပြာတောင်းပန်ပါတယ်...
အဟင့်...လိပ်ပြာတောင်းပန်ပါတယ်......"

အသံပြဲကြီးနဲ့ ငိုနေတဲ့ကောင်မလေးဟာ
ရှိုက်သံတွေပါ ပါ၀င်လာလေတော့ ဘုန်းမြတ်လည်း မနေနိုင်မထိုင်နိုင်တွေဖြစ်ပြီး ချော့ရတော့သည်။

"လိပ်ပြာ...တိတ်ပါ...တိတ်ပါကလေးရယ်..ကိုကိုနောက်တစ်ခါ မဆူတော့ပါဘူး...နော်...ကိုကိုမှားတာပါ...ကိုကို့အမှားတွေပါကွာ..."

သူချော့နေစဉ်မှာပဲ သူမလေးက မျက်နှာမှာအုပ်ထားတဲ့ လက်တွေကိုဖယ်ပစ်လိုက်ကာ
သူ့လည်ပင်းကို သိုင်းဖက်လာသည်။သူ့အိင်္ကျီပုခုံးအပေါ်ကို ကျလာတာက မျက်ရည်တွေလား၊နှပ်ရည်တွေလားဆိုတာကိုတော့ သူလည်းမမြင်နိုင်ပေ။ခဏအကြာမှ သူမကအငိုတိတ်သွားလေသည်။

"ကလေး...စိတ်ပြေသွားပြီလား...ကိုယ့်ကိုစိတ်ဆိုးပြေသွားပြီလား...."

သူမကဘာအသံမှမပေးပေမဲ့ သူ့ပုခုံးအပေါ်မှာ မေးထောက်ထားရင်း ခေါင်းညိတ်လိုက်တာကြောင့် သူပြုံးလိုက်မိသည်။

"ဒါဆိုရင်...ကိုကိုအိမ်ပြန်လိုက်ပို့ပေးမယ်နော်..."

အိမ်ပြန်ပို့ပေးမယ်ဆိုလေတော့ သူမကထိုင်ခုံမှာ ပုံစံတကျပြန်ထိုင်သည်။

"လိပ်ပြာ..."

"ဟင်..."

"ပါးစပ်ဟ..."

"ဘာလုပ်မလို့လဲ..."

"ပါးစပ်ဟလို့...."

လိပ်ပြာလည်း ကိုကိုစိတ်ဆိုးမှာစိုးလို့ ပါးစပ်ကိုဟပေးလိုက်တော့ ကိုကိုကသကြားလုံးချိုချိုလေးတစ်လုံးကို ပါးစပ်ထဲသို့လာထည့်ပေးလေသည်။

"ဒီသကြားလုံးလေးထဲမှာ ကိုကို့အချစ်တွေပါတယ်နော်..."

"အဟင်း...သွားပါ...လူလည်ကြီး..."

လိပ်ပြာသကြားလုံးလေးရဲ့အချိုဓာတ်ကိုခံစားရင်း ကိုကိုမောင်းတဲ့ကားလေးအပေါ်မှာ စီးနင်းလိုက်ပါလာခဲ့တာဟာ ကိုကိုပြောသလို မဟာအခွင့်အရေးများလား။သူများပြောစကားကို နားယောင်ပြီး အခုကိုကို့အပေါ်ကို အပစ်တွေပြောမိခဲ့တယ်။
လိပ်ပြာဟာလေ တကယ်အသဲနုနေသလိုပဲ။
လိပ်ပြာ ကိုကို့မျက်နှာကြည့်ပြီး မသိမသာလေး ပြုံးပြလိုက်သည်။ကိုကို့ရှေ့မှာ လိပ်ပြာအမြဲပြုံးနိုင်အောင် ကြိုးစားပါတော့မယ်။

 "လိပ်ပြာ...ကိုယ့်ကိုကြည့်ပြီး ဘာတွေသဘောကျနေတာလဲ..."

"ကိုကိုက အရမ်းချောလို့လေ..."

"အဟင်း...ဒါတော့ကိုကိုလက်ခံတယ်..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋

ည၁၂နာရီမှာ တင်လိုက်တာမို့ နောက်တော့ကျသွားပါတယ်။

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...