ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၂
"ဒေါက်!!...ဒေါက်!!...ဒေါက်!!..."
"လိပ်ပြာ...ကိုယ်တို့စကားခဏလောက်ပြောရအောင်..."
"ကျွီ..."
တံခါးပွင့်သွားတဲ့အချိန်မှာ လိပ်ပြာကသူ့ကိုကြည့်
မနေတာကြောင့် နံရံပေါ်မှာထောက်ထားတဲ့လက်ဖဝါးကို လက်သီးဆုပ်မိလိုက်ရာ လက်ထိပ်တွေတောင် အလိုလိုနာကျင်နေသည်။
"၀င်ခဲ့...."
လိပ်ပြာ ကိုကို့မျက်နှာကို ကြည့်မိရင် ရင့်သီးလွန်းတဲ့စကားလုံးတွေနဲ့ ရက်စက်မိမှာဆိုးလို့ မျက်နှာကိုချက်ချင်းလွှဲပစ်လိုက်ပြီး လသာဆောင်သို့သာ ဦးတည်ပြီး ရွေ့လျားနေမိတယ်။
လသာဆောင်ရဲ့လက်ရန်းကို စိတ်ကျဉ်းကျပ်မှုများစွာနဲ့ ဆုပ်ကိုင်ထားမိနေရင်း ကိုကို့ဆီမှ
လာဗင်ဒါကိုယ်သင်းရနံ့လေး ဝေ့ပြန်လာသည့်နည်းတူ လိပ်ပြာနဲ့ပုခုံးချင်းတိုက်ပြီး လာရပ်နေတာကို သိလိုက်ပါတယ်။
စိတ်ကိုအားမာန်တင်းကာ လက်ရန်းအပေါ်ကိုတင်ထားတဲ့ သူမရဲ့ဘယ်ဘက်လက်ကလေးကို ကိုင်လိုက်မိလေသည်။
"လိပ်ပြာ...ကိုယ့်ကို ကြည့်ပါအုံးကွာ..."
လိပ်ပြာ တင်းမာနေတဲ့ စိတ်ခံစားချက်တွေကို လျှော့ချပစ်လိုက်ပြီး ကိုကို့မျက်နှာကို ဆိုက်ကြည့်မိလိုက်တော့ လိပ်ပြာရဲ့မျက်၀န်းအိမ်တွေဟာ အံ့ဩမှုနဲ့အတူ ပူနွေးတဲ့ မျက်ရည်ကြည်တွေတောင် ဖြတ်သန်းချင်လာသည်။
"ကိုကို...ငိုနေတယ်...ဘာလို့ငိုနေတာလည်း...
လိပ်ပြာကြောင့်လား..ဟုတ်လား..."
ကိုကို့ရဲ့ ပြောင်၀င်းပြီး နူးညံ့လွန်းတဲ့ ပါးပြင်
ဖွေးဖွေးပေါ်ကို လိပ်ပြာရဲ့ လက်ဖဝါးနှစ်ဖက်အား ညင်သာစွာ တင်လိုက်ပြီး ကိုကို့ရဲ့မျက်ရည်တွေကို သုတ်ပေးမိတယ်။
ကိုကို့ပါးပြင်အပေါ်မှာ ရောက်နေတဲ့ လိပ်ပြာရဲ့လက်ဖမိုးလေးတွေကို ကိုကို့လက်ဖဝါးများကတစ်ဆင့် အုပ်မိုးကာ နွေးထွေးမှုပေးလာလေသည်။
ထို့နောက် ကိုကိုဟာ မျက်လုံးတွေကိုမှိတ်ချလိုက်တာကြောင့် ညာဘက်မျက်၀န်းမှမျက်ရည်
တစ်ပေါက်က အလိုအလျှောက်ကျဆင်းလာတယ်။
ကိုကို့ရဲ့ ဒီလိုပုံစံကို လိပ်ပြာအနေနဲ့ ပထမမဦးဆုံး မြင်ဖူးခြင်းပဲ။လိပ်ပြာရဲ့ လုပ်ရက်တွေက
လွန်များသွားပြီလား။လိပ်ပြာကြောင့် ကိုကို
၀မ်းနည်းသွားရပြီထင်တယ်။
ကြိုးဆိုတာ တင်းလွန်းရင်လည်း ပြတ်လွယ်တာကို လိပ်ပြာမေ့နေခဲ့တယ်။ကိုကို့ဘက်ကသာ ဖောက်ဖြတ်မှုရှိမနေခဲ့ရင် လိပ်ပြာရဲ့ လုပ်ရပ်တွေကတစ်ဖက်သတ်ဆန်လွန်းစွာ အမြင်တိမ်းစောင်းနေခဲ့တာပဲပေါ့။
"ကိုကိုတောင်းပန်ပါတယ် လိပ်ပြာ ကိုယ့်မိသားစုနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ပြန်တွေးလိုက်မိတဲ့အချိန်တိုင်း ၀မ်းနည်းနာကျင်မှုတွေက ကိုယ့်ရင်ထဲကိုအမြဲတိုး၀င်လာတတ်လို့ ကိုယ်ထိန်းချုပ်လို့မရဘူးဖြစ်သွားတယ်...ကိုယ့်ရဲ့အတိတ်အကြောင်းတွေကို လိပ်ပြာနားထောင်ချင်ရဲ့လား..."
"ကိုကိုရယ်..ကိုကိုနဲ့ပတ်သတ်ရင်လေ လိပ်ပြာအကုန်လုံးကိုနားလည်ချင်တယ် အကုန်လုံးကိုလည်းသိချင်တယ်...လိပ်ပြာနားထောင်ချင်ပါတယ်...."
လိပ်ပြာရဲ့ စကားလေးတစ်ခွန်းကြောင့် သူ့ရင်ထဲမှာကျေနပ်သွားရပေမဲ့ အတိတ်အကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း ရင်နင့်စရာ၊သည်းခြေပျက်လောက်အောင် ကျေကွဲ၀မ်းနည်းစရာတွေက ရင်ထဲကို အစုအလိုက်အပြုံလိုက် ချည်းနှင်း၀င်ရောက်လာတာဟာ ဘုန်းမြတ်အဖို့ အရမ်းခံရခက်စေတယ်။
"အတိတ်ရဲ့အကြောင်းကို ပြန်ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ အချိန်ကနေစပြီးပြောရမှာပဲ...ကိုယ့်မာမီရဲ့နာမည်က ဒေါ်မြတ်ကလျာတဲ့ သိပ်လှပြီး၊သိပ်ထက်မြတ်တဲ့အမျိုးသမီး
တစ်ယောက်ပေါ့...ကိုယ့်ဒယ်ဒီရဲ့နာမည်ကတော့
ဦးဘုန်းဇေယျတဲ့ လူချောတစ်ယောက်ဖြစ်တဲ့အပြင် မျိုးရိုးကလည်း ခောတ်အဆက်ဆက်ကုန်သည်မျိုးရိုးဖြစ်ခဲ့တာကြောင့် ဦးနှောက်ထဲမှာ စီးပွားရေးအကြောင်းတွေနဲ့ပဲ ပြည့်နှက်နေတဲ့ ပုဂ္ဂိုလ်ဆိုပါတော့ ..အင်္ဂလိပ်လို ဇွန်လ ကိုးရက်နေ့၊၁၉၉၄ခုနှစ်မှာ ကိုယ့်ကိုမွှေးဖွားခဲ့တယ်...မာမီနဲ့ဒယ်ဒီက
သားဦးလေးဖြစ်မယ့်ကိုယ့်ကို လူ့လောကထဲ
မရောက်ခင်ကတိုင်အောင် သိပ်ချစ်တာပဲလို့..
ကိုယ်တို့အိမ်ကအလုပ်သမားဖြစ်တဲ့ ဒေါ်မယဉ်ကပြောပြခဲ့ဖူးတယ်..."
"အဟင်း...ကိုကိုကအခုတောင် ဒီလောက်ချောနေတာ ဘယ်သူကမချစ်ပဲနေမှာလဲ...ကိုကိုငယ်ငယ်က သိပ်အချစ်ခံရမှာပဲနော်..."
လိပ်ပြာရဲ့စကားကြောင့် မျက်နှာလေးညှိုးသွားကာ လိပ်ပြာကိုကြည့်လာတဲ့ ကိုကိုဟာ ၀မ်းနည်းတဲ့မျက်လုံးတွေနဲ့ ပြုံးရယ်ပြရင်း ခေါင်းကိုခါလေသည်။
"ကိုယ့်ရဲ့ မွေးဖွားလာမှုက ကိုယ့်ရဲ့မိဘတွေအတွက် ကံဆိုးမှုတွေဆောင်ကျဉ်းပေးလာတဲ့နေ့ဖြစ်ခဲ့သလို...ကိုယ်ကလည်းရွှေဘုံပေါ်မှာထိုင်ခဲ့ရပေမဲ့ နေ့စဉ်၊နေ့တိုင်းကိုစိတ်ဆင်းရဲစွာပဲ ဖြတ်သန်းခဲ့ရတယ်..."
ကိုကို့စကားကိုလိပ်ပြာနားမလည်နိုင်အောင်ပါပဲ။ဒီလောက်အထိပြည့်စုံပြီး ကြွယ်၀ချမ်းသာတဲ့မိသားစုက ကလေးတစ်ယောက်ဟာ ဘာတွေများစိတ်ဆင်းရဲခဲ့ရတာလဲ။
"ဘာကြောင့်လဲကိုကို..."
"ကိုယ့်ကိုမွေးတဲ့နေ့မှာပဲ သူတို့ရဲ့ မြေးဦးယောက်ျားလေးဖြစ်တဲ့ ကိုယ့်ကို ထွေးပွေ့ချင်ကြလို့ စင်္ကာပူ
ကနေပြန်လာတဲ့ မာမီ့ရဲ့ မိဘနှစ်ပါးစလုံး လေယာဉ်ပျက်ကျတဲ့အထဲပါသွားပြီး ဆုံးသွားခဲ့ကြတယ်...
ဒယ်ဒီကလည်း အဲဒီ့ကိစ္စကို ဆေးရုံရဲ့အခန်းရှေ့မှာ ဖုန်းနဲ့သတိလက်လွတ်ပြောမိရာကနေ မထင်မှတ်ပဲ မာမီကြားအောင်လုပ်လိုက်မိတယ်..."
"ဒါဆိုရင် ကိုကို့မာမီ ယူကြုံးမရဖြစ်အောင် ခံစားခဲ့ရမှာပဲနော်..."
"အဲ့ဒါထက်ကို ပိုတယ်လိပ်ပြာ...ရူးလောက်အောင်ကို....သွက်သွက်ခါပြီးရူးသွားလောက်အောင်ကို ခံစားသွားရတာ...မာမီ့ရဲ့စိတ်ဝေဒနာကြောင့်
ကိုယ်ဟာ ငယ်ငယ်တည်းက မိခင်ရဲ့မေတ္တာဓာတ်၊ နွေးထွေးမှု၊ယုယကြင်နာမှုတွေကို ကိုယ်တစ်ခုမှ
မခံစားခဲ့ရဖူးဘူး...ပြောရရင် မိခင်ရဲ့နို့ရည်ကြည်ကိုတောင် ကိုယ်တစ်စက်မှမရရှိခဲ့ပဲ ကြီးပြင်းလာခဲ့ရတယ်...ဖေဖေကလေ "သားရဲ့မာမီ"ဆိုပြီးလက်ညှိုးထိုးပြလိုက်တဲ့အချိန်တိုင်း စံအိမ်ထဲမှာ လှည့်ပတ်ပြေးလွှားနေတဲ့ ဆံပင်စုတ်ဖွားနဲ့
စိတ်တစ္ဆဝေဒနာသည်ကြီးကိုပဲကိုယ်မြင်တယ်..
အတန်းထဲမှာ သူများကလေးတွေလို ဒါငါ့မာမီလေလို့ ကိုယ့်မှာခေါ်မပြရဲခဲ့ဘူး...ဒါ့အပြင် စိတ်ရောဂါဖောက်လာတဲ့အချိန်တိုင်း ကိုယ့်ကိုရိုက်နှက်နှိပ်စက်တက်လွန်းတဲ့ မာမီ့ကိုကိုယ်သိပ်မုန်းခဲ့တယ်..
နုနယ်လွန်းတဲ့ကလေးဘ၀မှာ အရှိုးရာတွေထက်အောင်အထိ ကြမ်းတမ်းစွာ ကုပ်ဖဲ့တတ်တဲ့ မာမီ့လက်သည်းတွေကအစ ကိုယ်နာကျည်းခဲ့သလို ကိုယ်နှစ်သက်လွန်းတဲ့အရုပ်ကလေးတွေကို
ဖြတ်စီးခဲ့တဲ့ မာမီ့ကြောင့် ကိုယ်အမြဲငိုကြွေးခဲ့ရဖူးတယ်....ဒါကြောင့်စံအိမ်ထဲမှာရော၊ကျောင်းမှာရော ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်တည်းပဲ နေခဲ့တယ်...ကိုယ်ဘယ်သူ့ကိုမှလည်း စကားမပြောချင်သလို...ကိုယ့်ကိုစကားလာပြောရင်လည်း
မကြိုက်ခဲ့ဘူး...ဘာဖြစ်လို့လည်းသိလား...
အခြားသူနဲ့စကားပြောမိရင် ကိုယ့်ရဲ့နာကျည်းချက်တွေကိုရင်ဖွင့်မိမှာဆိုးလို့ ကိုယ့်ရဲ့နာကျင်နေတဲ့ပုံစံကို သနားတဲ့အကြည့်တွေနဲ့ ကြည့်လာမှာကိုမကြိုက်လို့ပဲ...."
လိပ်ပြာကို ကျောခိုင်းပြီး ပြောနေတဲ့ကိုကို့ကြောင့် ကိုယ့်ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ပြီး ကိုကိုအသံမကြားအောင် ငိုမိလေသည်။
"ကိုကိုရယ် လိပ်ပြာနားလည်ပါပြီ...ဆယ်တန်းကျောင်းသားလေး ကိုကိုဟာ မုန့်စားဆင်းချိန်တိုင်း စက်ဘီးကယ်ရီယာခုံလေးအပေါ်မှာ
ဘာကြောင့်တစ်ယောက်ထဲအမြဲငေးငိုင်နေတတ်သလဲဆိုတာ လိပ်ပြာနားလည်သွားပါပြီ..."ကိုကို့ရဲ့အဖြစ်က နားထောင်နေရတဲ့လိပ်ပြာတောင် ရင်နင့်စွာခံစားနေရရင် ဟိုတစ်ချိန်ကငယ်ရွယ်တဲ့ ကလေးလေးဘုန်းမြတ်ခမျာ ဘယ်လောက်တောင် ကြောက်ရွံ့နေခဲ့မလဲ။
"မာမီ့ကို စိတ်ကျန်းမာရေးဆေးရုံ ပို့ပစ်လိုက်တော့
မှပဲ မာမီ့ကျန်မာရေးက ပြန်ကောင်းစပြုလာခဲ့တယ် ကိုယ့်အသက်ရှစ်နှစ်အရွယ်ရောက်တော့မှ မာမီကလုံး၀ပြန်ကောင်းလာတာကြောင့် ဆေးရုံဆင်း
လတ်မှတ်ရခဲ့တယ်...ကိုယ့်အသက်ဆယ်နှစ်အရွယ်မှာ ချစ်စရာအရမ်းကောင်းပြီး ကိုယ့်အတွက်ဘုရားကပေးတဲ့လက်ဆောင်လေးဖြစ်တဲ့ ညီမလေး
ချစ်သဲစံကို မွှေးခဲ့တယ်..ညီမလေးကို ကိုယ်ကမီးမီးလို့ ချစ်စနိုးနဲ့ခေါ်လေ့ရှိတယ်...ညီမလေးလူ့လောကထဲကို ရောက်လာတဲ့နေ့ကစပြီး ကိုယ့်ဘ၀မှာ ဆည်းလည်းလေးတစ်ခုကိုကောက်ရလိုက်သလိုပါပဲ...ညီမလေးရဲ့မျက်နှာလေးကိုမမြင်ရရင် မနေတတ်တော့သလို...ညီမလေးရဲ့ချစ်စရာတီတီတာတာစကားလေးတွေကိုမှ မကြားရရင် အဲဒီ့နေ့ဟာ မပြည့်စုံတဲ့ တစ်နေ့တာလိုပဲဖြစ်နေခဲ့တယ်..."
"ဒါဆို...အဲဒီ့မီးမီးဆိုတဲ့ ကိုကို့ညီမလေးကအခုဘယ်မှာလည်း..."
ဘုန်းမြတ်ခေါင်းကို ငုံ့ချလိုက်ပြီး အံကိုတင်တင်းကြိတ်မိသည်။သူ့ဘ၀မှာ ဘယ်သူ့ကိုမှ ပြောမပြချင်တဲ့ အကြောင်းအရာတွေထဲမှာ ညီမလေးနဲ့ပတ်သတ်တဲ့ကိစ္စက ထိပ်ဆုံးကပဲ ။ပြန်တွေးမိတိုင်း သူ့ရဲ့ ရိုးတွင်းချဥ်ဆီထဲကကို နာကျင်လာရလွန်းလို့ပါ။
"ဆုံးသွားပြီ..."
"ဘယ်လို..."
လိပ်ပြာ အံ့ဩလွန်းလို့ အာမေဋိတ်သံထွက်သွားတဲ့အချိန်မှာ ကိုကိုက မျက်၀န်းမှာ ရစ်သိုင်းတွဲခိုနေတဲ့ မျက်ရည်တွေကို သုတ်လိုက်တာကို တွေ့လိုက်ရတယ်။
"ကိုကို့ညီမလေးက ဘာရောဂါနဲ့ဆုံးသွားတာလဲ.."
"ရောဂါကြောင့်ဆုံးသွားတာမဟုတ်ဘူး အသတ်ခံရတာ..."
ကိုကို့ပုံစံကအရမ်းပေါက်ကွဲ လာတဲ့ပုံစံဖြစ်နေပြီး။လိပ်ပြာကိုတည့်တည့်ကြည့်ကာ ဒေါနဲ့မောနဲ့ အော်ပြောနေတာကြောင့် လိပ်ပြာတောင် တုန်လှုပ်သွားသည်။ကိုကို့မျက်လုံးတွေက နီရဲနေပြီး မြိုသိပ်ထားတဲ့ခံစားချက်တွေကို ချက်ချင်းပေါက်ကွဲပစ်တော့မည့်ပုံပေါက်နေသည်။
"မာမီစိတ်ဝေဒနာပြန်ခံစားနေရတာကို မသိတဲ့ကိုယ်က ညီမလေးကို သုံးထပ်တိုက်ရဲ့၀ရန်တာမှာတစ်ယောက်တည်းထားခဲ့မိတယ်ကွာ...ပြီးတော့..
ကိုယ်ပြန်လာတဲ့အချိန်မှာ မာမီကညီမလေးကို တိုက်ပေါ်ကနေတွန်းချပြီး သတ်ပစ်လိုက်တယ်..
လိပ်ပြာမြင်ဖူးလား...သားသမီးကိုသတ်တဲ့မိဘကို လိပ်ပြာမြင်ခဲ့ဖူးလား...ကိုယ်...ကိုယ်ကတော့မြင်ခဲ့ဖူးတယ်...အဲ့ဒီ့နေ့က ညီမလေးကို ကိုယ့်လက်ထဲမှာထွေးပွေ့ထားပြီး အသံကုန်အော်ငိုခဲ့မိတယ်..
ညီမလေးရဲ့ဦးခေါင်းကနေစီးကျလာတဲ့
သွေးတွေက ကိုယ့်လက်ထဲမှာအပြည့်ပဲ...ရင်ထဲမှာနဂိုထဲကနာကျင်မှုဒဏ်ရာတွေနဲ့သာပြည့်မနေခဲ့ရင် ကိုယ်ရင်ကွဲနာကျနေလောက်ပြီ...သိရဲ့လား...
အဲ့ဒါကြောင့်... "
ကိုကို့ရဲ့အသံတွေကလည်း တိမ်၀င်သွားပြီး မျက်ရည်တွေကလည်း ပါးပြင်မှာဘယ်လိုမှ
ဖြေမဆည်နိုင်အောင် ကျဆင်းလာလေသည်။
လိပ်ပြာရဲ့အရှေ့မှာပဲ ဒူးထောက်ထိုင်ကျသွားတဲ့ကိုကိုဟာ မျက်နှာကို လက်ဖဝါးနဲ့အုပ်ကြီး ရင်နင့်စွာငိုကြွေးနေပုံကြောင့် လိပ်ပြာရင်ထဲမှာ လုံး၀မခံစားနိုင်လောက်အောင်ပါပဲ။
ကိုကိုကမျက်ရည်တွေကို ကြမ်းတမ်းစွာသပ်ချလိုက်ပြီး တိုးညှင်းတဲ့ လေသံနဲ့ပြောလာလေသည်။
"အဲ့ဒါကြောင့် ညီမလေးဆုံးပြီး နှနှစ်အကြာမှာ
မာမီစိတ်ပုံမှန်ပြန်ဖြစ်ခဲ့တယ်...မာမီ့ကိုသိပ်မုန်းတီးလွန်းလို့ မာမီရှိတဲ့နေရာမှာ ကိုယ်မနေဘူး, မာမီခေါ်ရင်လည်း ကိုယ်မသွားခဲ့ဘူး,နောက်ဆုံးမာမီက "သားကိုနမ်းပါရစေလို့"တောင်းဆိုလိုက်တဲ့အချိန်မှာ မာမီရိုက်ခဲ့လို့ နာကျင်ခဲ့တဲ့ပါးပြင်ကိုပြန်ကိုင်မိပြီး..."စုန်းမကြီးထွက်သွားလို့ "...ကိုယ်ပြောခဲ့မိတယ်
...သားဖြစ်သူရဲ့နာကျည်းမုန်းတီးမှုဒဏ် တွေကို မခံနိုင်တော့တဲ့ မာမီက...
ကိုယ့်ကို...မေးခွန်းတစ်ခုမေးခဲ့တယ်..."မာမီ့ရဲ့အပြစ်တွေအတွက် သားကိုဘယ်လိုပြန်ပေးဆပ်ရမလဲတဲ့လေ..."...မာမီ့ရဲ့မျက်နှာကိုမြင်လိုက်တိုင်း
အနီရောင်သွေးအိုင်ကြီးနဲ့ ဝေဒနာကိုမချိမဆန့်ခံစားခဲ့ရပြီး ဆုံးသွားတဲ့ညီမလေးကိုပဲပြန်မြင်ယောင်နေခဲ့တယ်...ဒါကြောင့် ကိုယ်မာမီ့ကို "
"ခင်ဗျားသေမှ ကျေနပ်နိုင်မယ်လို့"ပြောလိုက်မိတယ်လိပ်ပြာ....မာမီက ကိုယ့်ရဲ့စကားကြောင့် နောက်နေ့မှာ ကိုယ့်ကိုကို ဆွဲကြိုးချပြီး..!!!"
"ကိုကို့!!!!"
ဒူးထောက်ထိုင်နေရင်းမှ ကြမ်းပြင်ကိုလက်သီးနဲ့ထိုးပစ်လိုက်တဲ့ ကိုကို့ကြောင့် လိပ်ပြာအမြန်ထိုင်ချပြီး ကိုကို့လက်သီးကို ဖမ်းဆုပ်ပစ်လိုက်သည်။
"ကိုကို...ဒီလိုမလုပ်ပါနဲ့ကိုကိုရယ်...လိပ်ပြာတောင်းပန်ပါတယ်...မလုပ်ပါနဲ့နော်..."
"လိပ်ပြာ...မာမီ့ကို ကိုယ်သတ်ခဲ့တာ...
ညီမလေးကလည်း ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် ဆုံးသွားခဲ့တာ ကိုယ်ကလူသတ်သမား..ဟုတ်တယ်
...ကိုယ်ကလူသတ်သမား...ကိုယ့်ကြောင့်အားလုံးနစ်နာခဲ့ရတာ...ကိုယ့်ကြောင့်...ကိုယ့်ကြောင့်..."
ကိုယ့်ခေါင်းကိုပြန်ထုရိုက်နေတဲ့ ကိုကို့လက်တွေကိုလိပ်ပြာအမြန်တားလိုက်သည်။မဟုတ်ရင်ကိုကိုနာကျင်သွားမှာကိုလိပ်ပြာသိပ်စိုးရိမ်တယ်။
ကိုကိုဟာ ဒီခံစားချက်ကြီးနဲ့ နှစ်ပေါင်းများစွာ
ကြာအောင် ဘယ်လောက်အထိ နာကျင်ခံစားခဲ့ရ
မလဲဆိုတာ အခုလိပ်ပြာရဲ့အရှေ့မှာ ပေါက်ကွဲငိုယိုနေတဲ့ကိုကို့ပုံစံကို မြင်ယုံနဲ့တင် သိနိုင်ပါတယ်။
"မပြောပါနဲ့တော့ ကိုကိုရယ်...လိပ်ပြာမခံစားနိုင်တော့ဘူး...ကိုကိုလည်း အရမ်းပင်ပန်းနေပါပြီ..
ကိုကိုရယ်...မပြောပါနဲ့တော့နော်...ကိုကို့ဘေးနားမှာ လိပ်ပြာအမြဲရှိတယ်နော် ကိုကိုအားမငယ်ပါနဲ့
ဖြစ်ခဲ့တာတွေအားလုံးကလည်း ကိုကို့ဘက်က
တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာတွေမှမဟုတ်တာ
ကံကြမ္မာကသူ့ဘာသာဖန်တီးခဲ့တာပဲကိုကိုရယ်
ကိုကို့ရဲ့အတိတ်မှာ လိပ်ပြာပါဝင်ခွင့်မရခဲ့ပေမယ့် အနာဂတ်မှာတော့ ကိုကို့ဘေးနားမှာလိပ်ပြာရှိနေပေးချင်ပါတယ်..."
နူးညံ့ညင်သာတဲ့သူမရဲ့စကားလုံးလေးတွေကြောင့် သူမရဲ့မျက်ဝန်းလေးကို သူကြည့်လိုက်ရင်း ပြုံးလိုက်မိတယ်။
သူ့စိတ်ကိုနူးညံ့လာစေတာကလည်း ဒီမိန်းကလေးကြောင့်ပဲ။ကိုယ့်ရင်ထဲမှာ တစ်ခါမျှမခံစားခဲ့ရဖူးတဲ့ ပျော်ရွှင်ခြင်းအသီးအပွင့်တွေကိုပွင့်ဖူးစေတာ
ကလည်း လိပ်ပြာကြောင့်ပါပဲ။
နူးညံ့လွန်းတဲ့သူမရဲ့အပြုံး အမြဲပန်းရောင်သန်းနေတတ်တဲ့သူမရဲ့ပါးပြင်လေး ကိုယ့်ရဲ့စိတ်ကို
ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့ သူမမျက်ဝန်းလေးတွေ အရာအားလုံးကိုသူနှစ်သက်တယ်။
လိပ်ပြာ တနေ့နေ့မှာ ကိုယ်တို့နှစ်ယောက်ထဲကနေ
တစ်ယောက်ယောက်က ပြတ်သုန်းမှရမယ်ဆိုရင်တောင် အဲဒီ့လူက ကိုယ်ဖြစ်ပါရစေ။
ဘာဖြစ်လို့လဲဆိုတော့ အထားခဲ့ခံရတဲ့ဝေဒနာကို
ကိုယ်မခံစားနိုင်လို့ပဲ။
"လိပ်ပြာ ကိုယ်ဆယ်တန်းတတ်တဲ့နှစ်မှာ ဒယ်ဒီကကိုယ့်ကိုစင်ကာပူကိုခေါ်သွားခဲ့တယ်..ကံဆိုးချင်တော့ ဒယ်ဒီဟာကားအက်ဆီးဒန့်ဖြစ်ပြီး..
ကိုမာရောဂါဝေဒနာသည်အဖြစ် စင်္ကာပူကဆေးရုံမှာ အခုအချိန်အထိ သတိရမလားခဲ့ဘူး..အဲ့ဒီ့နောက်ပိုင်းမှာ ကိုယ်ရဲ့စိတ်ရောဂါဝေဒနာက ပိုပြင်းထန်လာခဲ့တယ်..ဒါကြောင့် စင်ကာပူကကိုယ့်အဒေါ်နဲ့သိတဲ့ စိတ်ပညာပါမောက္ခကြီး
ဆရာဦးအောင်ကြည်ဆီကိုသွားခဲ့တယ် ဆရာဦးအောင်ကြည်က ကိုယ့်ကိုစမ်းသပ်မှုအမျိုးမျိုးလုပ်ပေးပြီးနောက်မှာတော့ ကိုယ့်ကအတိတ်ဖြစ်ရပ်တွေမှာ ပိတ်မိနေပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့ ဝေဒနာတစ်ရပ်ကိုခံစားနေရတယ်လို့ မှတ်ချက်ချခဲ့တယ်
ဒါကြောင့်ပဲ ဆရာကြီးက ကိုယ့်ကိုသူ့အိမ်မှာခေါ်ထားပြီးအနီးကပ်ကုသပေးခဲ့တယ် မမဆုက ဆရာဦးအောင်ကြည်ရဲ့သမီးပဲလိပ်ပြာ..
ကိုယ်ဟာညတိုင်းညတိုင်း ခြောက်ခြားစရာအိပ်မက်တွေကိုမက်နေခဲ့ပြီး အိပ်မရတဲ့ရောဂါဝေဒနာကို ခံစားလာခဲ့ရတယ် အဲဒီ့နေ့ရက်တွေမှာ ကိုယ့်ရဲ့ဘေးနားမှာဆရာကြီးရယ် မမဆုရယ်ကပဲ အားပေးပြုစုပေးခဲ့ကြတယ် ဒါကြောင့်အခုချိန်မှာ လိပ်ပြာစိတ်ဆိုးနေမယ်ဆိုတာသိပေမယ့်
ကိုယ်မမဆုကို သူစိမ်းဆန်ဆန်မပြောချင်ခဲ့ဘူး စိတ်ချပါလိပ်ပြာ ကိုယ့်ဘဝမှာ လိပ်ပြာ
တစ်ယောက်ထဲကပဲ ကိုယ့်အသက်၊ကိုယ့်ခန္ဓာ၊
ကိုယ့်ရဲ့စိတ်အားလုံးကို ပိုင်ဆိုင်ခွင့်ရမယ့် တစ်ဦးတည်းသောမိန်းကလေးပါပဲ အနာဂတ်မှာ လိပ်ပြာအပေါ်ကို ကိုယ်အများကြီးကောင်းပေးပါ့မယ်လို့ ကတိပေးပါတယ်..ကိုယ့်ကိုယုံပေးပါနော်..."
ကိုကိုက လိပ်ပြာဆီမှအဖြေကို စောင့်ဆိုင်းနေဟန်နဲ့ လိပ်ပြာကိုကြည့်လာ လေသည်။
လိပ်ပြာလည်း ကိုကို့မျက်ဝန်းတွေကို ရီဝေစွာကြည့်လိုက်ပြီး ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်မိသည်။
"ကိုကိုသိပ်၀မ်းသာတာပဲ လိပ်ပြာရယ်.."
ညရဲ့တိတ်ဆိတ်မှုဟာ ချစ်သူနှစ်ဦးအား တစ်စိတ်တည်း၊တခန္ဓာတည်းဖြစ်အောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားစေပြီး အနမ်းပွင့်တွေ ကြွေလွင့်စေကာ ချစ်ခြင်းလိပ်ပြာလေးတွေဟာလည်း အရောင်တစ်ဖြတ်ဖြတ်နဲ့ ကောင်းကင်မှာပျံသန်းနေစေပါတော့တယ်။
"သိပ်ကို လှပလွန်းတဲ့ ညလေးပါပဲ..."
🦋🦋🦋🦋🦋🦋
"ကျွီ"
ကားတစ်စီးက လိပ်ပြာရဲ့ဘေးနားမှာလာရပ်လိုက်တာကြောင့်ကြည့်လိုက်မိတော့ ကိုထွန်းဝေဖြစ်နေသည်။
ကိုထွန်းဝေက ကားပေါ်မှချက်ခြင်းဆင်းလိုက်ပြီး
လိပ်ပြာဆီသို့လျှောက်လာလေသည်။
"လိပ်ပြာဘယ်ကိုသွားမလို့လဲ.."
"ဟို..သူငယ်ချင်းတွေဆီကိုသွားလည်မလို့ပါ.."
"ဒါဆိုရင်ကိုယ့်ကားနဲ့တခါတည်းလိုက်ခဲ့လေ..
လမ်းကြုံတာပဲဥစ္စာ.."
"အားနာစရာကြီး လိပ်ပြာဘာသာ ဘက်စ်ကားစီးပြီးသွားလိုက်ပါ့မယ်.."
"ဟာ...မဟုတ်တာလိပ်ပြာရယ်...ကိုယ့်ကိုမိတ်ဆွေအဖြစ်သဘောထားရင်လိုက်ခဲ့ပါနော်..
လမ်းလည်းကြုံနေတာပဲဥစ္စာ..လိုက်ခဲ့ပါကွာ...လာပါ.."
လိပ်ပြာတွေးမိတာက လမ်းလဲကြုံနေတယ်၊
ဘက်စ်ကားခသက်သာရင်လည်း နည်းသလားဆိုပြီး ကိုထွန်းဝေရဲ့ကားပေါ်ကိုတက်လိုက်တယ်။
"ဒါနဲ့လိပ်ပြာ..ကိုယ်UDCမှာ ဘုန်းမြတ်ဆီကနေ
ဖိုင်လ်တွဲတစ်ခုယူစရာရှိလို့ ခဏဝင်ရအုံးမယ်နော်
ခဏလေးပါပဲ..."
"ရပါတယ် လိပ်ပြာလည်း အလျှင်လိုသေးတာမှမဟုတ်ဘဲ.."
"အိုကေ ဒါဆိုရင်ထိုင်ခုံခါးပက်ပတ်လိုက်အုံးနော်.."
"ဟုတ်ကဲ့..."
ကားမောင်းနေရင်းနဲ့ လိပ်ပြာ ကိုထွန်းဝေကိုကြည့်မိသည်။ ကိုထွန်းဝေဟာ သဘောမနောကောင်းပြီး အေးချမ်းတည်ငြိမ်တဲ့လူတယောက်လို့စိတ်ထဲကနေ သတ်မှတ်လိုက်တယ်။
လိပ်ပြာတွေးနေမိတာက ကိုကိုသာ ကိုထွန်းဝေလို
အေးချမ်းတဲ့ဘဝနဲ့ ကြီးပြင်းလာခွင့်ရခဲ့မယ်ဆိုရင်
အသက် 24 နှစ်အရွယ်မှာ သူများနည်းတူ
ပျော်ပျော်နေတတ်ပြီး စိတ်လွတ်ကိုလွတ်နေတတ်တဲ့ ကောင်လေးတယောက်များဖြစ်နေမလားပဲ။
"လိပ်ပြာ ကိုယ့်မျက်နှာမှာတစ်ခုခုပေနေလို့လား.."
"ဟမ်..မဟုတ်..မဟုတ်ပါဘူး ဒီအတိုင်းလိပ်ပြာအတွေးလွန်သွားလို့ပါ.."
သူမျက်နှာကိုအကြာကြီးစိုက်ကြည့်နေပြီးမှ သူမေးလိုက်တဲ့စကားကြောင့် ရှက်ပြီးအခြားဘက်ကိုမျက်နှာလွှဲသွားတဲ့သူမအား သူပြုံးမိသွားတယ်။
တကယ်တော့လိပ်ပြာက သူပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့မိန်းခလေးတစ်ယောက်ဖြစ်ပေမယ့် သူ့စိတ်ထဲမှာစောင့်ရှောက်ပေးလိုစိတ်၊ကာကွယ်ပေးလိုစိတ်တွေကတော့ ရှိနေဆဲပါပဲ။
နှစ်ပေါင်းများစွာကြာနေလည်းပဲ ဒီပန်းလေးကို
အဝေးကနေလှမ်းကြည့်နေရရင်တောင် ပျော်နေဆဲပါပဲလေ။
"ဝေါ!!!!ကျွီ..."
ကားလေးကိုUDCကုမ္ပဏီကြီးရဲ့ကားပါကင်မှာ
ပါကင်ထိုးလိုက်တာကြောင့် လိပ်ပြာလည်း ကိုထွန်းဝေနည်းတူ ကားပေါ်မှဆင်းလိုက်တယ်။
"လိပ်ပြာပါ လိုက်ခဲ့မလို့လား.."
"အင်း လိပ်ပြာလည်းလိုက်ခဲ့မယ်လေ..."
"ကောင်းပါပြီဗျာ.."
ဒီလိုနဲ့ပဲ လိပ်ပြာတို့နှစ်ယောက်အတူတူ ဓာတ်လှေကားနဲ့ ကိုကို့ရုံးခန်းတည်ရှိတဲ့ အလွှာဆီသို့ တက်လာခဲ့လိုက်တယ်။
၁၂ လွှာသို့ရောက်တဲ့အခါမှာတော့ ကိုထွန်းဝေက
ကိုကို့ရုံးခန်းထဲကို လိုက်ခဲ့အုံးမလားလို့မေးပေမယ့် လိပ်ပြခေါင်းခါပြလိုက်တယ်။
ကိုထွန်းဝေကလည်း လိပ်ပြာကိုပြုံးပြပြီး ရုံးခန်းထဲကို ဝင်သွားလေသည်။
"ဒီမှာဂျိုး..မင်းကစကားကိုနားမထောင်ဘူးပေါ့ဟုတ်လား..ကောင်းပြီလေ ဒါဆိုလည်း မင်းစောင့်ကြည့်နေလိုက် မကြာခင်မှာ မင်းထက်အစစအရာရာသာပြီး ငယ်ရွယ်တဲ့
CEOတစ်ယောက်ကို မင်းရှေ့အရောက် ငါခေါ်လာပြမယ် နင်မှတ်ထားလိုက်
သူ့နာမည်က ဘုန်းမြတ်သူရတဲ့ ..."
"ဝုန်း!!!!!"
"ဟင်..."
ဘုန်းမြတ်သူရဆိုတဲ့ နာမည်ကိုကြားကြားခြင်း
မှာပဲ လိပ်ပြာတံခါးကိုစောင့်တွန်းဖွင့်ပစ်လိုက်တယ်။
"အော်..အရေးပေါ်လှေကားမှာ စကားပြောနေတာဘယ်သူများလဲလို့ လတ်စသတ်တော့ မမဆုဖြစ်နေတာကို.."
"နင်..နင်..ဘယ်လိုကနေဘယ်လို ဒီနေရာကိုရောက်လာတာလဲ "
သူ့ရဲ့အပုပ်နံ့တွေပေါ်မှာစိုးလို့ မျက်လုံးကြီးပြူးပြီး ကြောက်လန့်နေတဲ့ ထိုမိန်းမမျက်နှာကို အကြည့်ဆူးဆူးနဲ့ ဆိုက်ကြည့်ပစ်လိုက်ပြီး နှုတ်ခမ်းကိုမဲ့ပစ်လိုက်တယ်။
"ကျမဘယ်လိုရောက်နေတယ်ဆိုတာထက် ရှင် သူများရည်းစားကိုမှ ဘာလို့ကြောင်တောင်
လာနှိုက်ချင်ရတာလဲဆိုတာ အရင်သိပါရစေ..."
"ဒီမှာလိပ်ပြာဖြူ ငါနင့်ထက်အများကြီးအသက်ကြီးတယ်ဆိုတာ နင်မသိဘူးလား
စကားပြောတာ မမိုက်ရှိုင်းနဲ့.."
"အော်...ကျွန်မကမိုက်ရှိုင်းတယ်ပေါ့ ကျွန်မချစ်သူတစ်ယောက်လုံးကို အလစ်သုတ်ဖို့ကြံစည်နေတဲ့ မိန်းမကို ကျွန်မကမိုက်ရိုင်းမပြလို့
ထိုင်ကန်တော့နေရမှာလား...ပြောပြစမ်းပါအုံး.."
"မင်းငါ့ကို ဘယ်လိုပြောလိုက်တယ်...ထပ်ပြောရင်အသက်ငယ်လည်း ညှာနေမှာမဟုတ်ဘူးနော်..."
"အဟင်း..လိပ်ပြာတို့က ဂရုကိုမစိုက်တာ..
ကျေးဇူးရှင်ဆိုတဲ့ ခေါင်းစဉ်လှလှလေးတပ်ပြီး
စိတ်ဓာတ်အောက်တန်းကျတဲ့ ရှင့်လိုမိန်းမကို
ကျွန်မကဘာလို့ကြောက်နေရမှာလဲ..စိတ်ကိုမ၀င်စားတာ...ရှင်းတယ်နော်..."
လှေကားထိပ်မှာ စကားအခြေအတင်ဖြစ်နေကြတဲ့ နှစ်ယောက်ကို ချောင်းမြောင်းကြည့်နေတာကတော့ ဘုန်းမြတ်ရဲ့အတွင်းရေးမှူးနှစ်ယောက်ပင်။
"အိမ့်သက် ပွဲကြီးပွဲကောင်းတော့ ချနေကြတယ် ငါတို့CEOကို သွားပြောကြရင်ကောင်းမလား..."
"ဟဲ့ ဟိုအစ်မကြီးက CEOဆီကိုလာတဲ့သူလေ ငါသွားပြောလိုက်အုံးမယ် နင်ဒီမှာစောင့်နေ"
"အေးအေး..မြန်မြန်သွား...မြန်မြန်ပြန်လာခဲ့..."
အတွင်းရေးမှူးမလေး ကြည့်နေစဉ်မှာပဲ မမဆုဟာ လိပ်ပြာရဲ့ရှေ့တည့်တည့်မှာရပ်လိုက်ပြီး ပါးကိုရိုက်ဖို့လက်တွေကို မြှောက်ချလိုက်လေသည်။
လိပ်ပြာကလည်း ထိုလက်တွေကိုဖမ်းချုပ်လိုက်ပြီး အနောက်သို့တွန်းထုတ်လိုက်တာမို့ မမဆုယိုင်ကျသွားသည်။
"ရှင်ကကျွန်မကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့
ကြိုးစားတယ်ပေါ့ ရှင့်အသက်အရွယ် ၊ရှင့်ရဲ့ပညာအရည်အချင်းတွေကို ရှင်အားမနာဘူးလား..ရှင့်ကိုမွေးပေးခဲ့တဲ့မိဘတွေကိုအားမနာဘူးလား...ကျွန်မလေ ရှင့်နေရာမှာဆိုရင် ကိုယ့်မျက်နှာကိုယ်တောင် ဓားနဲ့မွှန်းပစ်ချင်လောက်တဲ့အထိ ကိုယ့်လုပ်ရပ်ကိုပြန်ရွံမိမှာပဲ..."
လိပ်ပြာဖြူရဲ့ ထိုးနှက်ချက်တွေကသိပ်ပြင်းထန်လွန်းလို့ ဆိုဖီ့မျက်၀န်းမှ မျက်ရည်တွေဟာ တားဆီးမရအောင်ကျဆင်းလာသည်။
လိပ်ပြာဖြူကို ဆိုဖီသိပ်မုန်းတယ်။
သူက ဆိုဖီ့ခံစားချက်တွေကို ဘာနားလည်လို့လဲ။
သူကဆိုဖီ့အကြောင်းကိုဘယ်လောက်သိလို့လဲ။
"ဂျိုးဆိုတာဘယ်သူလဲ သူကရှင့်ရည်းစားလား ရှင့်ယောက်ျားလား သူနဲ့ရှင်ဘယ်လိုပြဿနာတွေဖြစ်နေတာလဲ...ကျွန်မကိုပြောပြပါ...ကျွန်မ..."
"မပြောနဲ့ အဲ့ဒီ့နာမည်ကို မကြားချင်ဘူး..
မပြောနဲ့...အား!!!!..."
"ဒုန်း...ဒုန်း!!!"
နားတွေကိုလက်နဲ့ပိတ်ကာ အသားကုန်အော်ပြီးအနောက်ကိုဆုတ်သွားတာကြောင့် ဒေါက်ဖိနပ်ချော်ပြီး အနောက်သို့လန်သွားသည့် နည်းတူ လိပ်ပြာရဲ့အင်္ကျီလည်ပင်းအစကိုပါ ဆောင့်ဆွဲလိုက်သလိုဖြစ်တာကြောင့် နှစ်ယောက်သား လှေကားအပေါ်မှ
ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားကျသည်။
"မမဆု...မမဆု..အား...မမဆု သတိရရဲ့လား..."
လိပ်ပြာကအပေါ်မှထပ်ကျတာကြောင့် ခေါင်းမထိပဲ လှေကားလက်ရမ်းနဲ့ ရိုက်မိသွားတဲ့ လက်ကောက်၀တ်က ညိုမဲသွားပြီး ဒူးတွေ၊တံတောင်တွေ စုတ်သွားသည်။
မမဆုကတော့ ခေါင်းနဲ့ ကြမ်းပြင်နဲ့ဆောင့်ချက်ပြင်းသွားပုံရတဲ့ ခေါင်းမှသွေးစအချို့ကိုတောင် တွေ့နေရတာကြောင့် လိပ်ပြာအရမ်းတုန်လှုပ်သွားတယ်။
"ဒီမှာ..ဒီမှာဆရာ..အမယ်လေး!!!!"
"ဘာဖြစ်ကြတာလဲ...ဟာ..မမဆု...လိပ်ပြာ..."
"သွေးတွေ..."
လှေကားအောက်ခြေမှ သွေးကွက်တွေကို မြင်လိုက်တာနဲ့ ဘုန်းမြတ်ရဲ့ခြေလှမ်းတွေဟာ ရှေ့ကိုလည်းတိုး၍ မရတော့သလို နေရာမှာတင်မလှုပ်မယှက်ရပ်နေမိတယ်။သူ့အမြင်အာရုံတွေကလည်း ဝေဝါးလာသလို ကမ္ဘာကြီးက သူ့တစ်ယောက်ထဲကိုသာ လှည့်ပတ်နေသလိုဖြစ်ပြီး ခေါင်းတွေမူးနှောက်လာသည်။အတိတ်မှာထင်ကျန်ခဲ့တဲ့ ညီမလေးရဲ့ ဦးခေါင်းမှသွေးတွေ သုံးထပ်တိုက်ပေါ်ကနေ ကြည့်နေတဲ့ မာမီ့ရဲ့အပြုံး အားလုံးကသူ့ခေါင်းထဲမှာ ပြန်ရှင်သန်လာသလိုပဲ။
ထွန်းဝေခေါ်ခိုင်းထားတဲ့ ၀န်ထမ်းတွေက မမဆုကိုလာပြီး ခေါ်ထုတ်သွားတာကိုလည်း သူမမြင်နိုင်တော့သလို ပတ်၀န်းကျင်ရဲ့အသံတွေကိုလည်း သူလုံး၀မကြားရဘူး။သူ့ဦးနှောက်ထဲမှာ ရှိနေတာက သွေးတွေ လွှမ်းနေတဲ့ လောကကြီး။
"ကိုကို့..ကိုကို့..."
မျက်လုံးတွေကို စုံမှိတ်ထားပြီး လှုပ်ရှားမှုတစ်ခုတောင်မရှိတဲ့ ကိုကို့လက်ကို ကိုင်လှုပ်လိုက်တော့ လိပ်ပြာကို စူးရဲတဲ့မျက်၀န်းနီနီတွေနဲ့ ကြည့်လာလေသည်။ကိုကို့ မျက်၀န်းအကြည့်တွေထဲမှာ ရွံရှာမှုတွေ၊မုန်းတီးနာကျည်းမှုတွေ ရောနှောပါ၀င်နေတာ ဘာကြောင့်လဲ။
"မင်းလုပ်လိုက်တာလား..."
"ကိုကို ဘာတွေပြောနေတာလည်း...လိပ်ပြာကဘာကိုလုပ်ရမှာလဲ...."
လိပ်ပြာကို သူစိမ်းဆန်စွာခေါ်လိုက်တဲ့ နာမ်စားက"မင်း"တဲ့ ကိုကိုဘာလို့ ဒီလိုခေါ်ရတာလဲ။
ဧကန္တ မမဆုကိုလိပ်ပြာတွန်းချလိုက်တယ်လို့ ထင်သွားတာများလား။
"လိပ်ပြာဖြူ...မင်းကိုငါဒီလောက်ရှင်းပြထားရက်နဲ့ မင်းဘာလို့ ဒီလောက်ရက်စက်နိုင်ရတာလဲ...ဟမ်!!"
"မဟုတ်ဘူး!!!ကိုကို လိပ်ပြာပြောပြမယ်..."
"မင်းကလေ မာမီ့ထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့ မိန်းမပဲ...ငါ့ဘ၀မှာအမုန်းဆုံးက သူတစ်ပါးကိုသွေးထွက်အောင်လုပ်နိုင်တဲ့ မင်းလိုလူမျိုးတွေကိုပဲ မင်းကိုငါသိပ်စိတ်ပျက်တယ်..."
လိပ်ပြာရဲ့ မျက်နှာတည့်တည့်ကို လက်ညှိုးထိုးပြီး ရွံရှာမုန်းတီးမှုအပြည့်နဲ့ပြောလိုက်တဲ့ ကိုကို့စကားကြောင့် လိပ်ပြာရဲ့အသဲကို မြှားတစ်စင်းထိုးဆိုက်သွားသလို ဆက်ဆက်ခါအောင်နာသွားတယ်။
"ကိုကို...အကြောင်းအရင်းတစ်ခုကို သေချာမမေးပါပဲနဲ့ ဘာလို့ဒီလိုစွတ်စွဲရတာလဲ...လိပ်ပြာအပေါ်ကိုအဲ့လောက်တောင် မယုံကြည်နိုင်ဖြစ်နေတယ်ပေါ့...
သိပ်အံ့ဩဖို့ကောင်းတာပဲ...
ဟုတ်တယ်လိပ်ပြာလုပ်လိုက်တာ.. လိပ်ပြာကိုယ်တိုင် တွန်းချပစ်လိုက်တာ အဲ့တော့ ကိုကိုဘာလုပ်ချင်လဲ...လိပ်ပြာကိုသတ်ပစ်ချင်သလား...သိပ်မုန်းသွားသလား...ရတယ်...လိပ်ပြာကိုမယုံကြည်ပေးနိုင်တဲ့ ကိုကို့ရဲ့အမုန်းတွေကို ကျေနပ်စွာပဲ ခံယူလိုက်မယ်...ဒီမှာကိုကို အချစ်ဆိုတာထိုက်တန်တဲ့လူကိုပေးမိမှ တန်ဖိုးထားခြင်းခံရတာ လိပ်ပြာကိုကို့လိုလူကို ချစ်မိတာသိပ်မှားသွားတယ်..."
"လိပ်ပြာဖြူ...မင်း..."
"ဘုန်းမြတ်!!!!"
ကိုကိုက လိပ်ပြာရဲ့ပုခုံးကို ကိုင်လှုပ်ပြီး တွန်းလိုက်တာကြောင့် လိပ်ပြာအနောက်သို့ယိုင်သွားရာ
ကိုထွန်းဝေက လှမ်းဆွဲထားလေသည်။
ကိုထွန်းဝေကို အမှီပြုပြီး နာကျင်နေတဲ့ ဒူးဒဏ်ရာကိုလည်း မမှုပဲ အားတင်းပြီးမတ်တက်ရပ်ပစ်လိုက်သည်။ကိုကို့ရဲ့ မျက်လုံးတွေကိုလည်း တန်ပြန်ကြည့်လိုက်တယ်။၀မ်းနည်းလွန်းလို့ ကျဆင်းလာတဲ့ မျက်ရည်တွေဟာလည်း လိပ်ပြာရဲ့လည်တိုင်မှတစ်ဆင့် တစ်ပေါက်ပေါက် စီးကျနေသည်။
လိပ်ပြာသိပ်၀မ်းနည်းတယ်။လိပ်ပြာချစ်ရတဲ့လူ၊တစ်ဘ၀လုံးစာအတွက် ပုံအပ်ထားတဲ့လူတစ်ယောက်က ဒီလိုမုန်းရက်လိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့မိဘူး။
ကိုကို့ အကြည့်တွေကို လိပ်ပြာမခံစားနိုင်တော့သလို ကိုကို့နှုတ်ကထွက်ကျလာမဲ့ စကားလုံးတွေကိုလည်း လိပ်ပြာဆက်ပြီး နားထောင်နိုင်မယ်မထင်ဘူး။
"ကိုထွန်းဝေ..လိပ်ပြာဒီနေရာမှာ တစ်စက်မှမနေချင်တော့ဘူး လိပ်ပြာကို ခေါ်ထုတ်သွားပေးပါ..."
"ကောင်းပါပြီ..."
ထွက်သွားတဲ့လိပ်ပြာတို့ရဲ့ ကျောပြင်တွေကို ကြည့်နေရင်းမှာ မျက်ရည်ပေါက်တွေကြောင့် မြင်ကွင်းတွေက မှုန်ဝါးလာသည်။
"အား!!!!!ဘာကြောင့်လဲ..ဘာကြောင့်လဲ...."
စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့တဲ့အဆုံး နံရံကိုလက်သီးနဲ့အချက်ပေါင်းများစွားထိုးပစ်လိုက်သည်။လက်ဆစ်ကွဲလို့ သွေးစိမ့်သွားတဲ့ အနာထက် ရင်ဘတ်ထဲကအနာက ကိုပြင်းနေတော့ သူ့ရင်တွေပေါက်ထွက်တော့မယ်လို့တောင် ခံစားနေရတယ်။
"ဘာကြောင့်လဲ..ငါ့ကံကြမ္မာက ဘာကြောင့်ဒီလောက်အထိဆိုးရတာလဲ...မာမီ...ကျွန်တော်လိပ်ပြာကို မာမီ့လိုမမုန်းပါရစေနဲ့ဗျာ...ကံကြမ္မာရယ် ကျွန်တော့်ကို နဲနဲလောက်သက်ညှာပေးပါ...
ကျွန်တော် သိပ်ပင်ပန်းနေပြီ..."
ကြမ်းပြင်မှာ ဒူးထောက်ကျကာငိုနေမိတဲ့ ဘုန်းမြတ်ရဲ့ မျက်ရည်မှအပူဓာတ်တွေကို လက်ခံရယူလိုက်တဲ့ ဖြူဖြူဖွေးဖွေး ကြွေပြားလေးတွေကသာအသိဆုံးဖြစ်နေပါလိမ့်မည်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋
ရေးနေရင်းနဲ့ ငိုနေပြီ၊🥹
ဘယ်သူ့ကို ပိုသနားလည်း
=========================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၃
အ၀တ်၊အစားအသုံးအဆောင်တွေအားလုံးကို
လက်ကေ့ထဲကိုထည့်ပြီးနောက် လိပ်ပြာခွဲခွာရတော့မဲ့ဒီအခန်းလေးကို နောက်ဆုံးအနေနဲ့ဝေ့ဝဲကြည့်မိတယ်။
ဒီအခန်းလေးရဲ့ ၀ရန်တာမှာပဲ ကိုကိုဟာ သူ့ရဲ့ကံကြမ္မာဆိုးကြီးအကြောင်းကို လိပ်ပြာကိုရင်ဖွင့်ခဲ့တယ်။
လိပ်ပြာရင်ထဲမှာ ကိုကို့အပေါ်ကိုအကြွင်းမဲ့ ယုံကြည်ဖို့ ကြိုးစားပြင်ဆင်နေတဲ့အချိန်မှာပဲ အရင်ဆုံးယုံကြည်မှုကင်းမဲ့ သွားတဲ့လူက ကိုကိုဖြစ်နေပါရောလား။
လိပ်ပြာမှာ လူတစ်ယောက်လုံးကို သတ်ပစ်နိုင်လောက်အောင် သတ္တိတွေမရှိပါဘူးကိုကိုရယ်။
ဘာကြောင့်များကိုကိုက လိပ်ပြာကိုဒီလိုထင်ရက်ရတာလဲ။
ပါးပြင်အပေါ်မှာ ကျဆင်းလာတဲ့မျက်ရည်စတွေကိုလက်ဖဝါးနဲ့ အသာသုတ်လိုက်ရင်း လိပ်ပြာစိတ်ကိုပြန်တင်းလိုက်တယ်။
"ကိုကိုကမှမကြည့်ဖြူတော့တာလေ..အဲ့ဒီတော့ကိုကို့ဘဝထဲကနေ လိပ်ပြာထွက်သွားပါတော့မယ် ကိုကိုနောက်တမရပါစေနဲ့..လိပ်ပြာကတော့
ချစ်မိပြီဆိုရင်လဲ တစ်သက်လုံးအတွက်သစ္စာရှိပေးနိုင်သလို နာကျည်းမိပြီဆိုရင်လဲ အဲဒီ့လူဆီကို
ဘယ်တော့မှခြေဦးပြန်မလှည့်တော့ဘူး ကိုကိုမှတ်ထားပါ..."
အိပ်ခန်းထဲမှထွက်လာပြီးနောက် တံခါးကိုဖြည်းညှင်းစွာ ပိတ်လိုက်သည်။စာကြည့်ခန်းကို
ဖြတ်လာရပြန်တော့လည်း လိပ်ပြာရဲ့ခြေထောက်တွေဟာ တုံ့ဆိုင်းသွားရပြန်ပါတယ်။
ဒီအခန်းလေးထဲမှာပဲ ကိုကိုရဲ့သီချင်းသံလေးကို ပထမဦးဆုံး နားဆင်ခွင့်ရခဲ့သလို ရင်ခုန်ကြည်နူးစရာ အချစ်ကမ္ဘာလေးကိုလဲ အတူတူဖန်တီးခဲ့ကြဖူးတယ်။
"ထားလိုက်ပါတော့ လိပ်ပြာ နင်အခုလိုတွေ
တုံ့ဆိုင်းနေရင် သူမရှိပဲ ရှေ့ဆက်ရမယ့်ဘဝမှာ
ဘယ်လိုလျှောက်လှမ်းမှာလဲ..."
လိပ်ပြာ မျက်လုံးတွေကို စုံမှိတ်လိုက်ပြီး အရာအားလုံးကို ချန်ထားရစ်ကာ ကွန်ဒိုထဲမှ ထွက်လာလိုက်တယ်။
"တင်..."
စိတ်ကိုတင်းထားပြီး ဓာတ်လှကားထဲကို၀င်လိုက်ရပေမယ့် ဓာတ်လှကားတံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် လိပ်ပြာထိုင်ငိုမိပါတော့တယ်။
" အဟင့်... အီဟီး...ပြောတော့ အနာဂတ်မှာအများကြီးကောင်းပေးမယ်ဆို ဘာကောင်းတာလဲ...အလကား...မျက်နှာမှာပါးစပ်တပ်ထားတိုင်း
အီးပေါက်သလို တစ်ဘူဘူနဲ့လျှောက်ပေါက်ပြနေတာ..အလကားဟာကြီး...သူဘ၀ရဲ့အရာအားလုံးကိုငါ့ဆီမှာပုံအပ်ထားတာပါဆို အခုတော့ဟိုကခေါင်းလေးကွဲသွားတာနဲ့ ငါ့ကိုစိတ်ပျက်တယ်တဲ့...ပျက်ပေါ့..လိပ်ပြာတဲ့ဆယ်ခါပြန်တောင်ပျက်လိုက်ဦးမယ်...အဟင့်..အီဟီး!!...လူလိမ်,လူညာ,
လူ့ဂွစာကြီး...
သူ့အပေါ်ကိုဘယ်လောက်ကောင်းပေးပေး ဒီအချိုးကတစ်စက်မှမပြောင်းဘူး...ရှင်ကြီးက ဟိုမိန်းကကြီးလို လူမျိုးနဲ့ပဲတန်တာ...အဲ့မှာ ရှင့်ဟာမကြီးနဲ့ပဲ ပျော်နေခဲ့တော့...
လိပ်ပြာတို့များ ချစ်ချင်၊ကြိုက်ချင်တဲ့လူတွေမှပုံလို့ ...အီဟီး!!!!!"
"တင်"
ဓာတ်လှေကားထဲမှာအားရအောင်အော်ငိုပစ်လိုက်ပြီး တံခါးပွင့်သွားတာနဲ့ လိပ်ပြာမျက်ရည်တွေရော၊နှက်ရေတွေရော သုတ်ပစ်လိုက်ပြီး မငိုမိအောင်တင်းခံနေလိုက်တယ်။
"လိပ်ပြာ ကိုယ့်ကိုပေး..."
ကိုထွန်းဝေက လိပ်ပြာကိုမြင်တာနဲ့ ကားပေါ်မှအတင်းဆင်းပြီး လိပ်ပြာရဲ့အထုပ်တွေကို လာကူဆွဲပေးလေသည်။
ကိုထွန်းဝေရှိလို့သာပေါ့ မဟုတ်ရင်လိပ်ပြာ လမ်းမှာတင်ငိုပွဲဆင်နွှဲနေရမှာပါ။
"ကျေးဇူးတင်ပါတယ်...ကိုထွန်းဝေ.."
"အာ..ရပါတယ်လိပ်ပြာရယ်...အခုလိပ်ပြာဘယ်ကိုပြန်မှာလည်း..."
"ကမာရွတ်မြို့နယ်ဘက်ကိုပဲ မောင်းပေးပါ..
ရောက်ခါနီးမှလိပ်စာပြောပြမယ်နော်..."
"ကောင်းပါပြီ..."
ကားလေးမောင်းထွက်သွားတာနဲ့ ကိုကို့ကွန်ဒိုဟာလည်း အရိပ်သဏ္ဍန်သာ ကျန်ရစ်ခဲ့ပါတော့တယ်။
အစက ဒီကွန်ဒိုမှာ တစ်ပတ်နေဖို့စဉ်းစားခဲ့တာပါ။အခုတော့ ချစ်သူသတ်တမ်းအချိန်ခဏလေးမှာတင် ရင်နာစရာနဲ့အဆုံးသတ်ခဲ့ရပြီပေါ့။ကံကုန်တော့လည်း မဆုံကြရုံသာ ရှိတာပေါ့။
ရှစ်တန်းနှစ်ကတည်းကစပြီး ကိုကို့နဲ့ပတ်သက်ပြီး
လိပ်ပြာရဲ့ရင်ထဲမှာ ထူးခြားတဲ့ခံစားမှုတွေရှိခဲ့တယ်။
ဒါပေမယ့် ကိုကို့အနားကို လိပ်ပြာမလာရဲခဲ့သလို
ကိုကိုနဲ့မျက်နာချင်းဆိုင်တောင် လိပ်ပြာအကြည့်မဆုံရဲခဲ့ပါဘူး။
လိပ်ပြာရဲ့စိတ်ထဲမှာ ကိုကိုဟာခမ်းနားကြီးကျယ်တဲ့ ရွှေနန်းတော်ကြီးထဲက မင်သားလေးတစ်ပါးလိုနဲ့ အရောင်စုံပန်းဥယျာဉ်ထဲက အလှပဆုံးပန်းကလေးတပွင့်လို့ လိပ်ပြာသတ်မှတ်ခဲ့တာပါ။
ဒါ့ကြောင့် လိပ်ပြာဖြူဆိုတဲ့ကျွန်မက ကိုကို့အနားမှာ ဝဲလို့တောင်မပျံရဲခဲ့ပါဘူး။အဝေးကကြည့်နေရုံလေးပဲ လိပ်ပြာတတ်နိုင်ခဲ့တာပါ။
ကိုကို လိပ်ပြာကို ချစ်ခွင့်ပန်ခဲ့တဲ့နေ့ကဆိုရင် လိပ်ပြာရဲ့ရင်ထဲမှာ ကမ္ဘာကြီးတခုလုံးရုတ်တရက်ပေါက်ကွဲထွက်သွားသလိုမျိုး၊ကုမုဒ္ဒရာရေတွေ ပြောင်းပြန်စီးဆင်းနေသလိုမျိုးလို့ ထင်မှတ်မိတဲ့အထိပဲ။
ဘာဖြစ်လို့ဒီလိုထင်ရသလဲဆိုရင် ကိုကို့ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို လိပ်ပြာတစ်သတ်လုံး ကြားနိုင်လိမ့်မယ်လို့ စိတ်ကူးနဲ့တောင်မတွေးခဲ့မိလို့ပဲ။
တစ်နေ့နေ့မှာ ဒီလိုအဆုံးသတ်ရလိမ့်မယ်လို့ လိပ်ပြာကြိုတွေးထားပြီးသားပါ။
ဒါကြောင့်လဲ လိပ်ပြာတို့ရဲ့ အချစ်ရေးကို သူများတွေသိမှာ သိပ်ကြောက်ခဲ့တာပေါ့။
ထွန်းဝေမှာ ကားမောင်းနေရင်းနဲ့ လိပ်ပြာဘက်ကိုလှည့်ကြည့်လိုက်မိတော့ သူမရဲ့ပါးပြင်မှ မျက်ရည်ပေါက်လေးတွေ တွဲခိုကျလာတာကိုမြင်ရတော့ သူ့ရင်ထဲမှာလဲ အလိုလိုနာကျင်လာရတယ်။
"လိပ်ပြာ"
"ဟင်...ဘာဖြစ်လို့လဲ"
"ရော့ ဒီပုဝါလေးနဲ့ မျက်ရည်တွေကိုသုတ်လိုက်ပါ...နောက်ပြီး ငိုချင်တာကိုလည်း တင်းခံ
မထားပါနဲ့ အားရအောင် အော်ငိုချင်ရင် အော်ငိုပစ်လိုက်ပါ ကိုယ့်ကိုအားမနာပါနဲ့..."
"လိပ်ပြာကို အခုလို ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."
🎶ကြင်နာသလို မကြင်နာသူ နေနိုင်ရက်တဲ့ ချစ်သူလေး အနိုင်ယူတတ်တဲ့
သူ့စိတ်တွေကိုကွယ် ကိုယ်မညိုညင်ခဲ့ဘူး တကယ်၊🎶
ပုဝါနဲ့ မျက်ရည်ကိုသုတ်နေတုန်းမှာ ဖုန်းမြည်သံကြားတာကြောင့် အိတ်ထဲမှဖုန်းကိုကြည့်လိုက်တော့ မောင်လေးမင်းမင်းဖြစ်နေသည်။
📞"ဟယ်လို မင်းမင်း.."
📞"မမရေ အရေးကြီးသတင်း အရေးကြီးသတင်း.."
"ဟမ်..ဘာအရေးကြီးသတင်းလည်းဟယ်..
ရင်တောင်တုန်လာပြီ..."
"ဟာ..မမကရင်ပဲတုန်တာ...ဒီမှာကျွန်တော်က
ဖင်ပါတုန်နေရပြီဗျ သိရဲ့လား..."
"ဘာ..ဘာဖြစ်လို့လည်းဟယ်...မေမေနဲ့ဖေဖေများ တစ်ခုခုဖြစ်လို့လား.."
"ဟာ..ဘယ်ကလာ...အခုကအဲ့နှစ်ယောက်ထက်ဆိုးတဲ့ဗျို့..."
"ငနာလေး..ပြောမှာဖြင့် မြန်မြန်ပြောစမ်းပါဟယ်...စိတ်ညစ်ရတဲ့အထဲ..."
"အေး..အခုဆို စိတ်ညစ်ယုံတင်မကဘူး စိတ်ပါ
မီးဟုန်းဟုန်းတောက်သွားစေရယ်
ကိုကြီးနဲ့ကိုလေး အိမ်ပြန်ရောက်နေပြီဗျ..."
"ဘာ!!!"
လိပ်ပြာရဲ့"ဘာ"ကထွန်းဝေတောင် ကားမောင်းနေရင်းနဲ့ တုန်တက်သွားသည်အထိ အားကောင်းလွန်းနေသည်။လိပ်ပြာကို လှမ်းကြည့်လိုက်တော့ ခုဏက ၀မ်းနည်းနေပြီး အခုတော့ကြောက်ချေး တောင်တန်းပါချပစ်လိုက်တော့မယ့် ပုံပေါက်နေသည်။
"မင်းမင်း...နင်..အစ်ကိုလေးကို ငါသူငယ်ချင်းတွေနဲ့ စုနေတဲ့အကြောင်းပြောလိုက်သေးလား..."
"ဟားဟား...အဲ့ဒါတော့ စိတ်ချပါမမရယ်.."
"ဟယ်..အာ့ဆိုမပြောလိုက်ဘူးပေါ့..."
"ပြောလိုက်တယ်..."
"အား!!!!ငနာလေး..သေချင်းဆိုးလေး..ဘာလို့ပြောလိုက်ရတာလည်းမသာလေးရဲ့...အီဟီး..
ငါတော့ ကြိုသေထားလိုက်ရကောင်းမလားပဲ..."
"ဒါများဘာခက်တာမှတ်လို့ ဗျာ...အလုပ်နဲ့နီးလို့ ပြောင်းနေတာပါလို့ ပြောလိုက်ပေါ့..."
"အေး...ဟုတ်သားပဲ ဒီအကြံမဆိုးဘူး...ငါ့မောင်လေးတော်တယ်..ဒါနဲ့အမေကရောဘယ်လိုပြောထားလဲ..."
"နံ့ကျောဆွဲပြီး ပြောင်းနေတာလို့ ပြောထားတယ်..."
"သေချင်းဆိုးလေး အဲ့တာများ ဘာလို့အကြံ ဉာဏ်တွေ လာပေးနေရသေးလည်းဟဲ့ အိမ်ရောက်ရင် အရိုက်ခံရမှာပဲကို..."
"အဲ့ဒါကြောင့် ကျွန်တော်ဖုန်းဆက်လိုက်တာ ဒီနေ့မှရောက်ခါစမို့ စိတ်ကြည်တုန်းပြန်လာခဲ့ နို့မို့ဆိုရင် သိတယ်မှတ်လား..."
"အေးဟေ့..သိတယ်သိတယ်..ဖုန်းချလိုက်တော့မယ်..ဒါပဲ..."
"တူ...တူ..."
ဖုန်းကျသွားတာနဲ့ လိပ်ပြာရဲ့စိတ်ညစ်မှုတွေက အသဲကွဲ ဒဏ်ရာထက်တောင်ဆိုးနေပါသေးတယ်။
အိမ်မှာ သမီးမိန်းကလေးဆိုလို့ လိပ်ပြာတစ်ယောက်တည်း ရှိတာကြောင့် အစ်ကိုတွေကသည်းသည်းလှုပ်ကြသလို ရည်းစားထားတာလည်းမကြိုက်ဘူး။
အခုလို အသဲကွဲလာရတာသာသိရင် ကိုကို့မျက်နှာဟာ အစ်ကိုလေးတို့ရဲ့လက်ချက်နဲ့ ပျားတုတ်တာထက်ဆိုးတဲ့ အဖြစ်ကိုရောက်မှာ သေချာတယ်။
ငယ်ငယ်တည်းက အစ်ကိုတွေနဲ့ နေပါများလို့ လိပ်ပြာရဲ့ ပုံစံကပုံတုံးကြီးဖြစ်နေရတယ်ဆိုလည်း မှားမယ်မထင်ဘူး။
လူတွေကြည့်တော့သာ ကျားကျားယားယားကြီးတွေပေမဲ့ သူတို့ညီမကိုကျတော့ ဆံပင်ဆိုလည်းအရှည်ထားမှ၊အ၀တ်အစားဆိုလည်း ရိုးတာ၊ယဉ်တာမှ ကြိုက်တဲ့လူတွေပါ။
အခုဆိုရင် လိပ်ပြာရဲ့ဆံပင်တွေကတင်ပါးအုပ်လောက် ရှိနေပေမဲ့ ၀တ်စားဆင်ယင်မှုကတော့
စကပ်တို့၊ဘောင်းဘီတို့၀တ်စားတတ်လာတာသာ သိရင် ဘယ်လောက်ဆူကြမလဲမသိဘူး။စိတ်ညစ်လိုက်တာနော်။
"လိပ်ပြာ..ကိုယ်အခုဘယ်ကိုဆက်မောင်းရမလဲ..."
"ဟို...လိပ်ပြာတို့အိမ်ကိုသာ တန်းမောင်းပါတော့
အော်..ဒါပေမဲ့ လမ်းထိပ်မှာပဲကားကိုရပ်နော်...
အစ်ကိုတွေမြင်ရင် ကိုထွန်းဝေနဲ့လိပ်ပြာကိုတစ်မျိုးထင်ကုန်ကြလိမ့်မယ်...အဲ့ဒါဆိုရင်မလွယ်ဘူး..."
"အော်...လိပ်ပြာရဲ့အစ်ကိုတွေက တော်တော်ဆိုးလို့လား..."
"အောင်မာ သူများအစ်ကိုတွေကိုများ..လိပ်ပြာတို့ရပ်ကွက်ထဲမှာစုံစမ်းကြည့်လိုက် အဲ့ရပ်ကွက်ထဲက ဘယ်ယောက်ျားလေးကများ ကျွန်မရဲ့အစ်ကိုတွေလောက် အနေအေးပြီး၊လိမ္မာတဲ့စံပြသားကောင်းတွေ ရှိသလဲလို့ သူတို့ကဒေါသကြီးတာလေးတစ်ခုပဲ လိမ္မာလိုက်တာမှ ဆေးလိပ်၊အရက်၊ကွမ်း လုံး၀ကင်းရှင်းပဲ ချောလိုက်ကြတာမှမှုန်လို့ လိပ်ပြာရဲ့အထက်က အစ်ကိုလတ်ဆိုရင် လိပ်ပြာထက်တောင်မိန်းမချောချောသေးတယ်..
အဲ..တစ်ခုပဲ သူကရုပ်ကသာချောတာ စိတ်ကတော့ တစ်အိမ်သားလုံးသူ့အာဏာကို ကြောက်ကြရတဲ့အထိ စိတ်ကြီးပြီး အာဏာပြင်းတယ်..."
"မသိလို့ပါဗျာ..."
ထွန်းဝေမှာ မေးလိုက်တာကတစ်ခွန်းတည်းပါ။ခါးထောက်ပြီး ပြန်ရန်တွေ့ခံရတဲ့ စကားလုံးတွေကတော့ သူ့နားနဲ့တောင်မဆံ့ဘူး။အစ်ကိုတွေပဲ နှမထိဓားကြည့်လို့ ကြိမ်းတတ်ကြတယ်ထင်တာ။ နှမလုပ်သူကလည်း အစ်ကိုတွေကို ထိရင်မခံဘူးပဲ။ပိုးဖလံမလေးလို ဖလက်၊ဖလက်နဲ့ပြန်ရန်တွေ့နေလိုက်တာများ သူတောင်ကြောက်တယ်။
🦋🦋🦋🦋🦋🦋🦋🦋
"ဟာ..အမေ..အမေ့သမီးကမရောက်သေးဘူးလား..."
"မင်းမင်း ဖုန်းဆက်ထားတယ်လေဟယ်..ခဏနေကျရင် ရောက်လာမှာပေါ့ နင်တို့ဘာသာ ထမင်းအရင်းစားနှင့်ပြီး စောင့်ကြပါလားဟယ်..."
ဒီသားနှစ်ယောက်နဲ့တော့ ဒေါ်မြဖြူစိတ်တွေကို ညစ်နေတာပါပဲ။အိမ်ကိုပြန်ရောက်ထဲက သူတို့ညီမကိုပဲ တမေးတည်း မေးနေလိုက်တာများ
ဒီအမေကိုတောင် အဲ့လောက်မတကြဘူး။
"အငယ်မကလည်း ကြာလိုက်တာအစ်ကိုကြီးရာ
ဘယ်တွေကို လျှောက်သဝေထိုးနေသလဲမသိဘူး
အဲ့ဒါအမေတို့ကြောင့်လည်းပါတယ် သမီးမိန်းကလေးမွေးထားပြီး ဟိုကပါးစပ်ကနေပြောသမျှ အကုန်လုပ်ခိုင်းနေတယ် အမေလည်းသတိထားနေ..."
ဒေါ် မြဖြူတစ်ယောက်မှာတော့ ကိုယ်လည်းဘာမှမလုပ်ပါပဲနဲ့ အလကားနေလာဟောက်နေတဲ့ သားအလတ်ရဲ့စကားကြောင့်ဒေါသကထောင်းကနဲထွက်သွားသည်။ဒီသားတွေနဲ့တော့ ခက်ပါတယ်။
သူတို့ကအမေလား ငါကအမေလားဆိုတာ ပြန်ဆန်းစစ်ရမယ့်ပုံပေါက်နေပြီ။
"နေပါဦး နင်တို့ညီမက ဘွဲ့ရပြီးလို့အသက်ပဲ
နှစ်ဆယ်ကျော်နေပြီ..သူ့ဘာသာသူခြေထောက်ပါလို့သွားချင်တဲ့နေရာကိုသွားမှာပေါ့ ဒီအိုကြီးအိုမ
အမေက အနောက်ကနေတုတ်တစ်ချောင်းနဲ့ လိုက်ကြောင်းနေရဦးမှာလား..ပြောကြစမ်းပါဦး..
နင်တို့ညီမ လင်ယူသွားတဲ့အခါကျရင် နင့်တို့ခွဲရမှာပဲမဟုတ်ဘူးလား..."
"အမေ့..ပေါက်ကရတွေလျှောက်မပြောနဲ့နော်.."
ရန်အောင်မင်းနှင့် ကောင်းကျော်မင်းတို့ ညီအစ်ကိုနှစ်ယောက်မှာ သူတို့ညီမ လင်ယူမယ်ဆိုတဲ့အသံလည်းကြားရော အမေကိုတောင်မခံ ရန်ထတွေ့ကုန်ကြတော့သည်။
"အောင်မယ်..ပေါက်ကရပြောတာမဟုတ်ဘူး နင်တို့နဲ့အတူပြန်လာတဲ့ မိုးစက်ရဲ့အမေကိုယ်တိုင်..ငါ့ကိုဟိုတစ်လောက...သူသားမိုးစက်ပြန်လာရင် လိပ်ပြာလေးနဲ့စေ့စပ်ပေးချင်တယ်ဆိုပြီး..နားလာဖောက်တယ်သိရဲ့လား..
ကဲ..ဘယ့်နှယ့်လည်း...နင်တို့ညီအကိုသုံးယောက်
ဖင်ကြိမ်းဖို့သာ ပြင်ထားကြတော့..."
"ဟာ..အမေနော်..လုပ်ရဲရင်လုပ်ကြည့်လိုက်စမ်းပါ...အမေ့ခေါင်းပြုတ်သွားမယ်နော်..."
"အောင်မာ..နင်တို့ကများ ငါ့ကိုလာကျိန်းမောင်းရတယ်လို့..ကံကြီးထိုက်မဲ့ဟာတွေ..အင့်ဟယ်..
အင့်ဟယ်.
"ဟား..ဟား..ဟား.."
အမေကတော့ ခရီးရောက်မဆိုက် အကိုတွေကို
တစ်ယောက်တစ်ချက်ဆီတီးနေတာကိုကြည့်ပြီး
မင်းမင်းကတော့ ဒိုင်ခံကာပြုံးဖြီးနေရပါတော့တယ်။
ထိုအခါအကိုလတ်က ဒေါသထွက်သွားသောမျက်နှာကြီးနဲ့ အမေ့ကိုပြန်ကြည့်လာသည်။
"အမေကရော ဘာလို့မဟုတ်တာတွေပြောနေသေးလဲ ညီမလေးက အခုမှအသက်၂၂နှစ်ပဲရှိသေးတာလေ အဲ့ဒါကိုယောကျာ်းယူဖို့ အမေကဘာလို့ဒီလောက်တိုက်တွန်းနေရတာလဲ
အဲ့လောက်တောင်ဖြစ်နေရင်လည်း အမေ့ယောက်ျားကြီးနဲ့ အပေါက်အလမ်းတည့်ရင်သာ အမေ့ဘာသာနောက်ယောက်ျားယူလိုက် ...
ကျွန်တော်တို့ကတော့ သဘောတူတယ်
ဟုတ်ပြီလား.."
"ကောင်းကျော်မင်း နင်ဟာလေ ပြောလေကဲလေ မန်းလေပြဲလေပါလား ..."
"အမေ့လည်းဘာထူးလို့လဲအမေရာ..အမေ့ဘာသာ ငယ်ငယ်လေးနဲ့ယောက်ျားယူခဲ့တိုင်း ကျွန်တော့်ညီမကိုလာလာမပေးစားနဲ့ဗျာ..."
"အောင်မယ်..ငါဘယ်မှာ ငယ်ငယ်လေးနဲ့ ယောက်ျားယူခဲ့လို့လဲ..ငါနင့်အဖေနဲ့ယူခဲ့တုန်းက
အသက်၂၆နှစ်ဟဲ့..."
"အဲဒါဆိုလဲဗျာ..လိပ်ပြာကိုလဲ..၂၆နှစ်ရောက်မှ
အိမ်ထောင်ချပေးလိုက်ပေါ့ အခုတော့မရသေးဘူး.."
"ဟဲ့..ဘယ်ဖြစ်မှာလဲ...ငါတို့ကအသက်ကြီးနေပြီလေ..မြေးလေးဘာလေးစောစောချီချင်တာပေါ့..
"အမေရယ်..အရှေ့မှာသားသမီးလေးယောက်ကြီးတောင် ထိန်းလာခဲ့ရတာမဝသေးဘူးလား
..မသိရင် ကျွန်တော့်ညီမလေးက ကလေးမွေးပေးတဲ့စက်ကြီးကျနေတာပဲ..အဲ့လောက်တောင်ကလေးချီချင်နေရင်လဲ....အမေ့ယောက်ျားနဲ့သာ
အတိုင်အဖောက်ညီအောင်လုပ်ဗျာ..အမေ့ယောက်ျားကိုသာပူဆာလိုက်...ထွက်လာလိမ့်မယ်
နောက်တစ်ယောက်...ဟောဘယ်လောက်မိုက်သလဲ အမေလည်းနောက်ထပ်လုပ်ကြွေးမယ့်လူတစ်ယောက်ရ...သားတို့လည်းမောင်နှမတစ်ယောက်တိုး..ဒီလောက်မိုက်တာတောင်အဲ့လောက်မမိုက်တော့ဘူး..ဟား..ဟား.."
"ဂွမ်..."
ဒေါမြဖြူ ဘယ်လိုမှသည်းမခံနိုင်တော့ပဲ ရေနွေးဓာတ်ဗူးတင်တဲ့ လင်ဗန်းနဲ့အလတ်ကောင်ရဲ့ ခေါင်းကိုထုချပစ်လိုက်တယ်။
"မှတ်ပလား...နင်တို့ကလုပ်ကြွေးနေရတယ်ဆိုပြီး ငါ့ကိုမခန့်လေးစား လုပ်နေတယ်ပေါ့လေ...ဒီမှာ နင်တို့အဖေလို အိုကြီးအိုမ လူ့ဂွစာကြီးကို
မကောင်းတတ်လို့ ပေါင်းနေရတာဟဲ့..."
"ဟေ့..ဟေ့..မမြဖြူ ပြောချင်ရင်မင်းဘာသာအခြားစကားပြောနော် ငါ့ကိုတော့လာဆွဲမထည့်နဲ့ ငယ်ငယ်တုန်းကတော့ ဒီကျောင်းဆရာကိုမှကြိုက်လှပါချည်ရဲ့ဆို အခုလည်းငါကမသန်ပေမဲ့ စွမ်းပါသေးတယ်ကွ..."
"ဟား..ဟား...မသန်ပေမဲ့စွမ်းတယ်တဲ့..."
အဖေ့စကားကြောင့် မင်းမင်းမှာမနေနိုင်တော့ပဲ ရယ်ရတာအူတွေကိုလှိမ့်နေရော။
အဲ့လိုပဲ အိမ်မှာလူစုံပြီဆို တစ်ယောက်တစ်ပေါက်နဲ့ဆူကိုညံနေတာပဲ။အကုန်လုံးကလည်း တစ်ယောက်မှ တပည့်မရှိဘူးလေ။ဆရာကြီးတွေချည်းပဲ ဆိုတော့ကာ။
"အမေရေ..လိပ်ပြာပြန်လာပြီ..."
"ဟော နောက်ထပ်ဆရာကြီးတစ်ယောက်ပြန်လာပါပြီလို့ စိတ်ထဲကနေပြောပစ်လိုက်တယ်။
"ဟော..အစ်မတော်..ကြွပါခင်ဗျာ..."
အိမ်ထဲကိုစ၀င်လိုက်တာနဲ့ မင်းမင်းကပါလာသမျှ အ၀တ်ထုပ်တွေကို လာသယ်ပေးပြီးခနဲ့လေသည်။ခေါင်းမီးလောင်တော့မှာကို သိနေပေမဲ့ မျက်နှာကို အစွမ်းကုန်ပြုံးလိုက်ပြီး ဧည့်ခန်းထဲသို့ အခွန်မာကိုထမ်းထားရတဲ့ လိပ်မကြီးလို
တရွေ့ရွေ့နဲ့သွားလိုက်ပါတယ်။
ဧည့်ခန်းထဲကို ရောက်ရောက်ချင်းပဲ အစ်ကိုနှစ်ယောက်က ရုပ်တည်ကြီးတွေနဲ့ ခြေချိတ်ထိုင်နေကြသည်။
အမေ့ကို တပ်ကူခေါ်မယ်လို့ကြည့်လိုက်တော့
အမေ့မျက်နှာကြီးကလည်း ဆူပုပ်နေပြီး၊အဖေ့မျက်နှာကြီးကလည်း သိုးဆော်တောင်နံနေလောက်တဲ့အထိ ရှုံ့တွနေပြန်သည်။
တစ်ခုပဲ ရှိပါတော့တယ်။အဲ့ဒါကတော့ အကယ်ဒမီရအောင် သရုပ်ဆောင်ပစ်လိုက်ဖို့ပေါ့။
"အမယ်လေး...လွမ်းနေတာ အစ်ကိုကြီးနဲ့ အစ်ကိုလေးရေ!!!!!"
"အဲ့ဒီ့ခုံမှာ ၀င်ထိုင်လိုက်..."
သရုပ်ဆောင်ပြီး ပြေးဖက်မလို့ပြင်နေတဲ့ လိပ်ပြာကို အစ်ကိုလေးကအမိန့်ပေးလိုက်တာကြောင့် ခပ်ကြောက်ကြောက်နဲ့ပဲ ခုံမှ၀င်ထိုင်လိုက်ရတယ်။
"နင်..ဘာဖြစ်လို့အဲဒီ့မြို့ထဲမှာ သွားနေနေတာလဲ..
နင့်မှာ မိသားစု,အဖေ၊အမေ မရှိတော့လို့လား..
နင့်အိမ်နင့်ယာမရှိတော့လို့လား..ဟမ်.."
ဇာတ်လမ်းကစပြီမို့ အမေ့ကိုငိုမဲ့မဲ့ကြီးနဲ့လှမ်းကြည့်လိုက်တော့လည်း အစ်ကိုလေးကိုမျက်စောင်းပဲကူထိုးပေးလေသည်။
"ငါပြောနေတယ်..ငါ့ကိုကြည့်စမ်း!!!!!"
"ဟုတ်..ဟုတ်ကဲ့ပါ..."
"လိပ်ပြာဖြူ..နင့်အသက်ဘယ်နှနှစ်ရှိပြီလဲ..."
"နှစ်ဆယ့်နှစ်ပါ...လာမဲ့လထဲမှာ နှစ်ဆယ့်သုံးပြည့်ပါတော့မယ်..."
"အေး..အသက်ကအခုမှ လက်တောက်လောက်ပဲရှိသေးတယ်..အိမ်ခွဲနေတာတို့ဘာတို့နဲ့...နင့်ကိုနင်ဘာမှတ်နေလည်း...တော်တော်လူတတ်ကြီးလုပ်နေတယ်ပေါ့...ဟုတ်လား..."
အစ်ကိုလေးက ထိုင်ပြောလို့အားမရဘူးနဲ့တူပါတယ်။မတ်တက်ရပ်ပြီး ခါးထောက်ကာပြောလာသည်။အမှန်တကယ်တော့ လိပ်ပြာအတွက်စိတ်ပူလို့ ပြောနေတယ်ဆိုတာ သိပါတယ်။
"ဟို အလုပ်နဲ့နီးလို့ သွားနေတာပါ ယာယီပါအစ်ကိုလေးရယ်...အခုလည်းအလုပ်ကနေထွက်လာပါပြီ.."
"အေး...အဲ့ဒါဆိုလည်းပြီးရော...ဒီတစ်ခေါက်ငါတို့စင်္ကာပူကို သွားရင်နင်ပါလိုက်ဖို့ပြင်ဆင်တော့ passport လုပ်ထားတယ်မှတ်လား...ဟိုကငါ့ရဲ့မိန်းကလေးသူငယ်ချင်းဆီမှာ နေပြီးအလုပ်ရှာပေါ့...အစ်ကိုကြီးတို့အလုပ်ထဲမှာ စာရင်းကိုင်လူလိုရင်လည်း ထည့်ပေးလို့ရတယ်..."
"ဟုတ်ကဲ့..."
စင်္ကာပူကို မသွားချင်ပေမဲ့လည်းလောလောဆယ်တော့ အဆူခံလွတ်အောင် "ဟုတ်ကဲ့"ထားမှပါလေ။
အစ်ကိုလေးရဲ့စိတ်ကို လိပ်ပြာအသိဆုံးပင်။
ငယ်ငယ်ကဆို စကားနားမထောင်လို့ဆိုပြီး လက်တစ်ဖက်တည်းကနေ ကိုင်ဆွဲပြီး လွှင့်ပစ်ခံရတာများ ဈာန်နဲ့ကြွသွားရသလို မြောက်တက်သွားခဲ့ရတာ သက်သေပါပဲ။
ဆူတာလည်းသူ့အပြင်မရှိသလို့ သူညီမကို
ထိရင်မခံတာလည်း သူ့အပြင်မရှိပါဘူး။
ငယ်ငယ်က သူများနဲ့ရန်ဖြစ်ပြီး လိပ်ပြာအိမ်ကိုငိုလည်းပြန်လာရော "ငါ့ညီမကို ဘယ်သူလုပ်လိုက်တာလည်း.."ဆိုပြီး ဝါးရင်းတုတ်ကြီးဆွဲကာ လမ်းမှာထွက်အော်ပစ်လိုက်တဲ့ အစ်ကိုလတ်ပါ။
လိပ်ပြာတို့မောင်နှမတွေထဲမှာ အလုပ်လုပ်ခဲ့ရဆုံးကတော့အစ်ကိုကြီးပဲ။ဟိုအရင်စီးပွားရေးကျစဉ်အခါက ခန္ဓာကိုယ်ခပ်သွယ်သွယ်နဲ့ အစ်ကိုကြီးက ဆယ်ကျော်သက်ကလေးပေမဲ့ မိန်းမတွေနဲ့လည်းလိုက်ပြီး ငရုပ်သီးခြွေတဲ့ စက်ရုံမှာငရုပ်သီး
ခြွေခဲ့ဖူးသလို့ ရွာဘက်မှာနေစဉ်ကလည်း ကောက်စိုက်၊ပျိုးနှုတ်ကအစလုပ်ဖူးပါသတဲ့။
ပိုက်ဆံမတတ်နိုင်လို့ ကျူရှင်မနေခဲ့ရပေမဲ့
ဆယ်တန်းကိုနှစ်ချင်းပေါက်နဲ့ အောင်ခဲ့တဲ့အပြင် အဝေးသင်တက်ရင်းနဲ့ မုန့်စက်ရုံမှာ အလုပ်လုပ်ခဲ့ရတဲ့ အစ်ကိုကြီးပါ။
ဉာဏ်ကောင်းချက်ကတော့ ဆယ်တန်းစာမေးပွဲဖြေမဲ့ညမှာတောင် ဘောလုံးပွဲသွားကြည့်ခဲ့ပါသတဲ့။အဲ့ဒါလည်းအောင်တာပါပဲ။
ကံကောင်းတာကတော့ လိပ်ပြာတို့အငယ်နှစ်ကောင်ပေါ့။
လိပ်ပြာကတော့ ဂုဏ်ထူးပါပေမဲ့။ဆရာကောင်းတွေ အိမ်မှာတောင်ခေါ်သင်ခဲ့တဲ့ မင်းမင်းက ဒီတစ်လုံးမှကိုမပါတာပါ။
"ကဲ...မှာတမ်းခြွေလို့ ၀ရင်လည်း ထမင်းစားကြမယ်ဟေ့..."
အမေ့ရဲ့အသံလေးကလိပ်ပြာကိုကယ်တင်လိုက်တာပါပဲ။
"ဘာဟင်းချက်လဲ အမေ..."
"ပုစွန်ခြောက်ကိုထောင်းပြီး တောငန်ပြာရည်ချက်ရယ်၊အမဲသားနဲ့ခရမ်းချဉ်သီးချက်ရယ်, ငါးရံ့နဲ့ချဉ်ပေါင်ရယ်ချက်ထားတယ်,ပဲရေပွကြော်ထားတယ် ငါးပိရည်၊ချဉ်ဖက်စုံအတို့နဲ့..."
"ဟာ...နားထောင်ရင်းနဲ့တောင် ဗိုက်ကဆာလာပြီ..."
ထမင်းစားခန်းက အရမ်းမကျယ်ပေမဲ့ လိပ်ပြာတို့မိသားစုအတွက်ကတော့ အနေတော်ပါပဲ။
လိပ်ပြာတို့ မိသားစုကထမင်းကိုလက်နဲ့သာ အားရပါးရစားတတ်ကြတဲ့လူတွေဖြစ်တာကြောင့် လက်ဆေးဇလုံထဲမှာ လက်ကိုအသီးသီးဆေးလိုက်ကြတယ်။
လိပ်ပြာကအလိပ်သိစွာပဲ အမဲသားဟင်းကို လိုက်ဦးချလိုက်သည်။
"ကဲ..အဖေကြီတစ်တုံး..အမေကြီးတစ်တုံး...
အစ်ကိုကြီးနဲ့..အစ်ကိုလေးတစ်တုံးစီ..အားမနာနဲ့စားကြနော် စင်္ကာပူကချိုစိစိတရုတ်ဟင်းတွေထက် အမေ့လက်ရာက ပိုမြိန်တာနော်..."
"ဟုတ်တယ်...အမေရေ...ဟိုကအစားအစာတွေက အမေ့လက်ရာလောက်...စားမကောင်းဘူး...
အစ်ကိုကြီးကထပြောတော့ အမေ့မျက်နှာကြီးက ပြုံးလို့ဖြီးလို့ ပီတိဖြစ်နေလေသည်။
"ဟာ...မမ ထည့်ပေးဖို့ကျွန်တော်တစ်ယောက်ပဲ ကျန်တော့်တာလေဗျာ...ကျွန်တော့်ကိုလည်းထည့်ပေးမှပေါ့...."
"ဆုတောင်းလေ...နောက်ဘ၀ကျရင် ငါ့ထက်အကြီးဖြစ်ဖို့ ဆုတောင်းလိုက်ပေါ့...အခုနင်က
ငါ့ကိုပြန်ထည့်ပေး..."
"အမေရေ..အမေ့သမီးကို ဗိုက်ထဲသာပြန်ထည့်လိုက်ပါတော့..."
"ဒီကောင်လေးကတော့လေ..."
အမေက မင်းမင်းကို ဟင်းခပ်ထည့်ပေးလိုက်လေသည်။အခုလိုမိသားစုလေး စုံစုံညီညီနဲ့နေလိုက်တော့လည်း အသဲကွဲဒဏ်ရာတောင် နာလို့နာမှန်းမသိအောင် ဖြစ်နေလေတော့သည်။
နာအောင်လုပ်တဲ့လူက ရှိနေပေမဲ့ ပျောက်အောင်ကုသပေးတဲ့ မိသားစုသမားတော်တွေရှိနေလို့ နာရကောင်းမှန်းမသိတော့ပါဘူး။
🦋🦋🦋🦋🦋🦋🦋🦋
"လိပ်ပြာ...လိပ်ပြာ...ကိုယ်ခေါ်နေတာကြားလား..."
ဘုန်းမြတ်မှာ ကွန်ဒိုကိုရောက်ရောက်ချင်း ရှာနေမိတာက လိပ်ပြာဖြူကိုပါပဲ။သူမအခန်းအရှေ့မှခေါ်နေပေမဲ့ ထူးသံမကြားတာကြောင့် တံခါးကိုဖွင့်လိုက်တော့ တံခါးကလော့မချထားပေ။
"ဟင်...လိပ်ပြာ...လိပ်ပြာထွက်သွားတာလား..."
အခန်းထဲမှာ လိပ်ပြာရဲ့အထုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုတစ်လေကိုတောင် မတွေ့ရတော့တာကြောင့် ဘုန်းမြတ်ခေါင်းမီးတောက်သွားရသည်။
"လိပ်ပြာဖြူ...မင်းဘယ်ရောက်နေတာလည်းကွာ"
ဖုန်းကိုထုတ်ပြီး လိပ်ပြာဖြူရဲ့နံပါတ်ကိုရိုက်နှိပ်လိုက်သည်။
📞"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့် ခေါ်ဆိုမှုလုပ်ဆောင်ရန်..."
ငါးခါလောက်ခေါ်ကြည့်တော့လည်း ဒီအတိုင်းပဲဖြစ်နေသည်။
"ထွန်းဝေ...ဟုတ်တယ်...ထွန်းဝေကိုခေါ်ကြည့်ရမယ်.. "
📞လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့်...
"ဟာကွာ!!!!တောက်!!!"
ထွန်းဝေကိုလည်း ချက်ချင်းခေါ်လို့မကိုင်တာကြောင့် သူ့ကားသော့ကိုယူကာ လိပ်ပြာရဲ့သူငယ်ချင်းတွေနေကြတဲ့ တိုက်ခန်းဆီသို့မောင်းထွက်လာလိုက်သည်။
"အရေးထဲမှကွာ ကားလမ်းကလည်းလာပိတ်နေတယ်...တောက်!!!"
ယာဉ်ကြောပိတ်ဆို့မှုနဲ့သွားတိုက်ဆိုင်နေတာကြောင့် သူ့စိတ်တွေက တကယ့်ကိုကသောင်းကနင်းပါပဲ။
စိတ်ကျဉ်းကျပ်မှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေပေါင်းစုံနေတဲ့ သူ့ရင်ဘတ်ကြီးဟာ ပေါက်ကွဲတော့မဲ့မီးတောင်ကြီးတစ်ခုလိုပါပဲ။
ကားချောင်သွားတာနဲ့ အမြန်မောင်းထွက်လာလိုက်ပြီး လိပ်ပြာတို့ရဲ့တိုက်ခန်းအပေါ်သို့တက်လာလိုက်သည်။
"တင်း..တောင်..."
လူခေါ်ဘဲလ်ကို သုံးချက်လောက်နှိပ်အပြီးမှာတော့ မိန်းကလေးတစ်ယောက်က အတွင်းတံခါးကို ဖွင့်လာပေးလေသည်။
"လိပ်ပြာရဲ့ ချစ်သူ ကိုဘုန်းမြတ်မှတ်လား..."
"လိပ်ပြာရှိလားမသိဘူး..."
အေးအေးလည်း ကိုယ့်ကိုစကားတောင်ပြန်မိတ်
မဆက်ပဲ မေးချင်တာမေးလာတဲ့ ထိုလူကြောင့်နည်းနည်းတော့ တင်းသွားသည်။
"မရှိဘူး...သူ့အစ်ကိုတွေ စင်္ကာပူကပြန်လာလို့ သူ့အိမ်ကိုပြန်သွားတယ်..နေ့ခင်းကဖုန်းဆက်မှ ကျွန်မလည်းသိတာ.. ရှင်လိုက်သွားလို့တော့မရဘူးနော်...သူ့အစ်ကိုတွေက သူ့ညီမကိုသိပ်တိုတာ"
"အဲ့ဒါဆို လိပ်ပြာဖုန်းဆက်ရင် ကျွန်တော်လာသွားတယ်လို့ပြောပေးပါနော်..."
"ဟုတ်ကဲ့ ပြောပေးပါ့မယ်..."
အေးအေးလည်း ဘုန်းမြတ်ကျောခိုင်းသွားတာနဲ့ တစ်ပြိုင်နက် တံခါးကိုပြန်ပိတ်လိုက်သည်။
ဘုန်းမြတ်ခမျာမှာတော့ တက်လာခဲ့တုန်းကလို ခွန်အားအပြည့်နဲ့ ခြေလှမ်းတွေမဟုတ်တော့ပဲ နှေးကွေး၊ထိုင်းမှိုင်းတဲ့ ခြေလှမ်းတွေနဲ့သာ လှမ်းနေမိပါတော့တည်။
ကားပေါ်ကိုပြန်ရောက်တဲ့ အခါမှာတော့ကား
စတီယာရင်ပေါ်ကို ခေါင်းမှောက်ချလိုက်မိပါတော့တယ်။လိပ်ပြာကိုစိတ်ဆိုးပြီး ပြောခဲ့ပေမဲ့ ကွန်ဒိုကနေ ထွက်သွားဖို့အထိတော့ မလိုလားခဲ့ပါဘူး။လိပ်ပြာသာ မရှိရင်သူ့ဘ၀ကြီးက ဗလာနတ္ထိဖြစ်နေမှာ အသေအချာပဲ။
"လိပ်ပြာ...ကိုယ့်ကို တကယ်ပဲ ထားသွားရက်တယ်ပေါ့...ကိုယ့်ဆီကိုပြန်လာခဲ့ပါကွာ..."
12:49AM
Thu,June,15
🦋🦋🦋🦋
အစ်ကိုတွေပါလာပြီနော် ဇာတ်ကောင်တွေအကုန်စုံသွားပါပြီ
=========================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၄
"တီ...တီ..တီ...တီ..."
"ဟင်..ဒယ်ဒီ..."
ဆေးရုံရဲ့လူနာကုတင်အပေါ်မှာ အိပ်မလို့ကြံခါရှိသေးတယ် ဖုန်းမြည်သံကြောင့် ဆိုဖီလန့်နိုးသွားလေသည်။ဖုန်းကိုကြည့်လိုက်ရာ ခေါ်နေတာက
ဒယ်ဒီ့ရဲ့နိုင်ငံခြားဖုန်းကောလ် ဖြစ်နေသည်။
📞"Hi...Dad..."
📞"ဆုနေခြည်!!!!...နင်အခုဘာတွေလျှောက်လုပ်နေတာလည်း...ဟမ်!!!!"
ဖုန်းကိုနားမှာ ကပ်လိုက်တာနဲ့ ကြားလိုက်ရတဲ့အသံကြောင့် ဆိုဖီသက်ပြင်းချလိုက်မိသည်။
ဒယ်ဒီကဆိုဖီ့ကိုဘယ်တော့မှာ နိုင်ငံခြားနာမည်ကို
မခေါ်ဘူး"သမီးဆု..."ဆု..စသဖြင့်ပဲခေါ်လေ့ရှိတယ်။
"ဆုနေခြည်"လို့ နာမည်အပြည့်အစုံခေါ်နေပြီဆိုရင်တော့ သေချာတယ်..ဒယ်ဒီသိပ်ဒေါသထွက်နေ
ပါပြီ။
📞"ဒယ်ဒီရယ်...ဆိုဖီက ဘာတွေများလုပ်နေလို့လည်း..."
📞"ဘာတွေလုပ်နေလို့လည်း ဟုတ်လား...ငါ့ကိုနင်ဘာမှတ်နေလည်း...ပြောစမ်း..ဂျိုးနဲ့ကွာရှင်းလိုက်ပြီလား..ဟုတ်လား..."
ဂျိုးရဲ့ နာမည်ကိုကြားတာနဲ့ ဆိုဖီ့ရဲ့ရင်ထဲ၊အသဲထဲကနေကို နာကျင်လာလေသည်။
အိမ်ထောင်ကျပြီးတည်းက ဒယ်ဒီနဲ့မနေပဲ ဂျိုးနဲ့လိုက်နေခဲ့မိတယ်။ယူပြီးကာစကတော့ ဂျိုးဟာဆိုဖီ့အပေါ်ကိုသိပ်ဂရုစိုက်ပေးသလို,သိပ်ချစ်ရှာတယ်။
ဆိုဖီလည်း ဂျိုးရဲ့အချစ်နွံထဲမှာနစ်ပြီး ဘာကိုမှသတိမထားမိခဲ့ဘူး။
စိတ်ချမ်းသာမှုကပဲကြာကြာမခံတာလား၊ဆိုဖီ့ကံကြမ္မာကိုက ဒီလိုဖြစ်ရမယ်လို့ ရေးထားပြီးသားမို့လားတော့မသိဘူး။
ဂျိုးရဲ့အပြုအမူတွေဟာ သိသာစွာပဲ မူပြက်လာခဲ့တယ်။
နောက်ဆုံးမှာ ဆိုဖီသိလိုက်ရတာက ဆိုဖီ့ယောက်ျားဟာ ဖောက်ပြန်နေပြီဆိုတာပါပဲ။
ရင်အနာရဆုံးကတော့ ဂျိုးနဲ့ဖောက်ပြန်နေတယ်ဆိုတဲ့မိန်းမက ဂျိုးသွားနေကြ ဘားကမိန်းမပျက်တစ်ယောက်နဲ့တဲ့။
ဆိုဖီ့လို သမိုင်းသုတေသနဌာနက ပါမောက္ခဖြစ်တဲ့အပြင် အငြိမ်းစားစိတ်ပညာဒေါက်တာတစ်ယောက်ရဲ့ သမီးကိုသစ္စာဖောက်ပြီး ပိုက်ဆံပေးရင်ယောက်ျားတိုင်းနဲ့ လိုက်အိပ်တတ်တဲ့ အကျင့်ပျက်မိန်းမတစ်ယောက်နဲ့ တွဲနေပါတယ်တဲ့။
ဆိုဖီအသဲနာတာထက် မခံချင်စိတ်ကပိုကြီးထွားလာခဲ့တာပါ။
📞"ဂျိုးနဲ့မကွာရှင်းရသေးဘူး ဒယ်ဒီ...
ဒါပေမဲ့...သူဖောက်ပြန်နေတယ်...သမီးကသတိပေးတော့ သူကပိုအရွဲ့တိုက်ပြတယ်လေ..."
📞"...အဲ့ဒါနဲ့ပဲ မြှားဦးက ဘုန်းမြတ်ဆီကိုချိန်ရွယ်လိုက်တယ်ပေါ့...ဟုတ်လား..."
📞"ဟင်...ဒယ်..ဒယ်ဒီကဘယ်လိုလုပ်ပြီး သိသွားတာလဲ....."
"ဟာ..သွားပြီ...
ဆိုဖီကိုယ့်နဖူးကိုယ်ပြန်ရိုက်မိတော့သည်။ဒယ်ဒီကစွတ်စွဲရင်တောင် ဇွတ်ငြင်းပစ်ရမဲ့ကိစ္စကို အခုတော့ အငိုက်မိပြီး ဖြေလိုက်မိပြီ။
📞"မနေ့ညကတင် ထွန်းဝေငါ့ဆီကို အီးမေးလ်ပို့တယ်...သူပြောပုံအရဆိုရင် ဘုန်းမြတ်တို့ချစ်သူနှစ်ဦးကို ကတုံးကတိုက်တွေလုပ်နေတယ်ဆိုတာ ငါခန့်မှန်းမိတယ်...နေပါဦး နင့်ရည်ရွယ်ချက်က
ဘာလဲ...ဘာလို့ဒယ်ဒီ့လူနာဟောင်းကို ထိခိုက်အောင်လုပ်နေရတာလဲ...မြန်မာနိုင်ငံအထိသွားပြီး ငါ့အရှက်ကို ရစရာမရှိအောင် သွားခွဲတာလား
ဟမ်..နင်ကငါ့သမီးမှဟုတ်ရဲ့လား..."
ဒယ့်ဒီ့ရဲ့ အသံကတဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလိုပဲ ဆိုဖီ့နားထဲမှာ ပူလောင်လွန်းလှတယ်။
ကျဆင်းလာတဲ့ မျက်ရည်တွေကိုသုတ်ပစ်လိုက်ပြီး ဆိုဖီစကားပြောရန် ပြန်အားတင်းလိုက်သည်။
📞"သမီးလည်း ဘုန်းမြတ်အပေါ်မှာ မောင်လေးတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ ဒါပေမဲ့ဂျိုးကအရွဲ့တိုက်လွန်းတော့ ပြန်ပြီးအရွဲ့တိုက်ဖို့ဆုံးဖြတ်ခဲ့မိတာပါ..."
📞"ဒီမှာ..မီးဆိုတာ ရေနဲ့ဖြန်းမှငြိမ်းနိုင်တာ...
ကိုယ်တိုင်ကမီးစာထက်ထည့်နေမှတော့ ဆုရယ်..
သမီးပဲပိုပူလောင်ရမှာပေါ့...ဒယ်ဒီတစ်ခုပဲအကြံပေးချင်တယ်...ဂျိုးကိုဆက်ပေါင်းချင်သေးလား...ဒါဆိုရင်သည်းခံ..သည်းမခံနိုင်ရင် ကွာရှင်းလိုက်တော့ဆု...ဒယ်ဒီလည်း ဒီကောင့်ကိုကောင်းကောင်းဆုံးမအုံးမယ်...ဒါနဲ့အခုဆေးရုံရောက်နေတယ်ဆို...
တကယ်ပဲ ဘုန်းမြတ်ရဲ့ကောင်မလေး တွန်းချလိုက်တာလား..."
📞"မဟုတ်ပါဘူး ဒယ်ဒီ...ကိုယ့်ဘာသာခြေချော်ပြီး ပြုတ်ကျသွားတာပါ...သုံးချက်တော့ချုပ်လိုက်ရတယ်..."
📞"ဟမနည်းပါလား...ဆေးရုံးကနေဆင်းတာနဲ့
ဘုန်းမြတ်တို့ကို တောင်းပန်ပြီး စင်္ကာပူကိုပြန်လာခဲ့တော့..ကြားလား..ငါခိုင်းတဲ့အတိုင်းမလုပ်လို့ကတော့ ငါ့ကိုဒယ်ဒီလို့တစ်သက်လုံးလာမခေါ်နဲ့...
ငါ့အိမ်ဘက်ကိုလည်း ခြေဦးတောင်လှည့်ဖို့
မစဉ်းစားနဲ့ ကြားလား.."
📞"ဟုတ်..ဟုတ်ကဲ့..ကြားပါတယ်..."
📞"အေး...အဲ့ဒါဆိုရင်...ဒါပဲ..."
"တူ...တူ..."
ဒယ်ဒီ့ဘက်ကနေ ဖုန်းချလိုက်တာနဲ့ ထိုးကိုက်လာတဲ့ခေါင်းကိုနှိပ်ရင်း ဆိုဖီသက်ပြင်းချနေမိတယ်။
"ဒုန်း!!!"
"ဟင်...ဘုန်းမြတ်..."
ဘုန်းမြတ်ဟာ VIPအခန်းတံခါးကိုဆောင့်တွန်းဖွင့်ပစ်လိုက်ပြီးနောက် ကြမ်းတမ်းလွန်းတဲ့ခြေလှမ်းကျဲကြီးတွေနှင့် ဆိုဖီ့ဆီသို့ လှမ်းလာလေသည်။
"ဘုန်းမြတ်.. မမကိုစိတ်ပူလို့ သတင်းလာမေးတာလား..."
မမဆုရဲ့စကားကြောင့် ဘုန်းမြတ်နှုတ်ခမ်းတွေကို မဲ့ပစ်လိုက်ပြီး မယုံကြည်နိုင်စွာ မျက်မှောင်တွေကြုံ့ပစ်လိုက်မိသည်။
"အဟင်း...အခုထိ ခင်ဗျားပါးစပ်ကနေ အရှက်မရှိပဲ ဒီလိုမေးရဲသေးတယ်နော်...ခုဏကခင်ဗျားအဖေနဲ့ပြောနေတာတွေကို ကျုပ်အကုန်ကြားပြီးပြီ..
တောက်!!!...
ဒီနေရာမှာ မိန်းမတစ်ယောက်ဖြစ်နေလို့ သက်သာသွားတယ်မှတ်ပါ...ယောက်ျားလေးတစ်ယောက်သာဆိုရင် ခင်ဗျားရဲ့မျက်နှာကို ရစရာမရှိအောင် ဆွဲထိုးပစ်လိုက်ပြီ..."
ဆိုဖီ့ကို ဒေါသတကြီးနဲ့ လက်ငြိုးထိုးပြီး ပြောနေတာကြောင့် ကုတင်ပေါ်ကနေ ထွက်ပြေးချင်လာတဲ့အထိ ကြောက်လန့်တုန်လှုပ်နေမိသည်။
ဘုန်းမြတ်ရဲ့ မျက်နှာအမူအရာဟာ သူ့စကားလုံးတွေနဲ့ ထပ်တူကျနေတာကြောင့် အင်မတန်ကြောက်စရာကောင်းနေသည်။
"တို့...တို့တောင်းပန်ပါတယ်နော်...တို့ကိုခွင့်လွှတ်ပေးပါ...တို့အနူးအညွှတ်တောင်းပန်ပါတယ်..."
"ဒီမှာ...ခင်များတောင်းပန်ရမှာက ကျုပ်ကိုမဟုတ်ဘူး...လိပ်ပြာကိုသိရဲ့လား...ခင်များဗျာ..
သာယာနေတဲ့ ကျုပ်တို့ချစ်သူနှစ်ဦးရဲ့ဘ၀ကို
အပ်ကွဲကြောင်းတွေဖြစ်အောင်ဘာလို့လုပ်ရက်
ရတာလည်း...ကျုပ်ကိုကညံ့တာပါ...ခင်များလို မိန်းမကိုမှ ကျေးဇူးရှင်အဖြစ် ဦးညွှတ်ခဲ့မိတဲ့ ကျုပ်ကိုကညံ့တာ..."
"တို့...တို့တောင်းပန်ပါ့မယ်...တို့လိပ်ပြာကို
အနူးအညွှတ်တောင်းပန်ပါ့မယ်...တို့ဖြေရှင်းပေးပါ့မယ်...ကျေနပ်တဲ့အထိ ဖြေရှင်းပေးပါ့မယ်နော်..."
ဒီလိုမှမပြောရင် ဘုန်းမြတ်ရဲ့ပုံစံက လူသတ်မဲ့အရိပ်အယောင်တွေ ထင်ဟပ်နေတာကြောင့် နောက်ထပ်ခေါင်းအကွဲခံရမှာကို ဆိုဖီသိပ်ကြောက်မိနေသည်။
"ဆရာကြီးရဲ့မျက်နှာကိုထောက်ပြီးကျုပ်ခွင့်လွှတ်လိုက်မယ်...နောက်တစ်ခါဒီလိုစိတ်ကူးမျိုးရှိလာခဲ့ရင်...ရောက်လေရာနေရာမှာ ကြွင်းတူးထားလိုက်.. အရှင်လတ်လတ်မြေမြှုပ်ပေးမယ်..ကြားလား.."
"ကြား...ကြား..ကြားပါတယ်..."
"ဒုန်း!!!!"
တံခါးကို တစ်အားဆောင့်ပိတ်သွားတဲ့ ဘုန်းမြတ်ရဲ့ကျောပြင်ကိုကြည့်ပြီး ဆိုဖီ့မှာကြောက်လွန်းလို့ သေးပါထွက်ချင်လာသည်အထိပင်။
ဒီနေ့တစ်နေ့ထဲမှာတင် ဒယ်ဒီကလာခြိမ်းခြောက်လိုက်၊ဘုန်းမြတ်ကလာခြိမ်းခြောက်လိုက်နဲ့ နှလုံးရောဂါအခံသာရှိရင် ခေါင်းကွဲဒဏ်ရာကြောင့်မဟုတ်ပဲ နှလုံးကွဲပြီးသေမှာကျိန်းသေတယ်။
ကိုယ့်ရဲ့ရင်ကွဲနာကို ကုစားဖို့အခြားသူတွေရဲ့ အချစ်ခရီးလမ်းမှာ ထောင်ချောက်တွေ၊
ဆူးညှောင့်ခလုတ်တွေ ထွင်ခဲ့မိတယ်။
လိပ်ပြာဖြူပြောတာက သိပ်ကိုမှန်ပါတယ်။
ဆိုဖီရှက်ရကောင်းမှန်း၊အားနာရကောင်းမှန်းမသိပဲ ကိုယ့်ရဲ့တစ်ခဏတာပျော်ရွှင်မှုလေးအတွက်
ကိုယ့်ဂုဏ်သိက္ခာတွေအားလုံး မြောင်းထဲကို လွှင့်ပစ်လိုက်မိသလို ဖြစ်သွားခဲ့တယ်။
ဘုန်းမြတ်ပေါက်ကွဲတာလည်း မမှားပါဘူး။
ကျေးဇူးတရားနဲ့ ချည်နှောင်ပြီး ဘုန်းမြတ်ကို
မြူဆွယ်တိုင်း လွယ်လွယ်ပါလာမယ်လို့ ထင်ခဲ့မိတာ သိပ်မှားသွားတယ်။
သူတို့ရဲ့အချစ်ကြိုးလေးကို ဆိုဖီဖြတ်တောက်ခဲ့မိတာက ကြီးမားတဲ့အမှားတစ်ခုဆိုတာ အသေအချာပါပဲ။
🦋🦋🦋🦋🦋🦋🦋🦋
"အန်တီမြရေ...အန်တီမြ..."
"ဟေ..."
အန်တီမြနှင့် ဦးလေးကြည်ကဧည့်ခန်းဘက်မှာ တီဗွီဖွင့်ပြီး လင်မယားနှစ်ယောက် မြန်မာကားထိုင်ကြည့်နေကြလေသည်။
"မိုးစက်လာလေ..ဒီမှာတီဗွီကနေ ကျော်ဟိန်းဇာတ်ကားလာနေလို့ ကြည့်နေကြတာကွဲ့..."
မိုးစက်မှာ လာရတဲ့ရည်ရွယ်ချက်ကိုက လိပ်ပြာလေးအတွက် ဖြစ်နေတာကြောင့် လိပ်ပြာကိုတွေ့လို တွေ့ငြား အိမ်ထဲသို့ ချောင်းကြည့်နေမိသည်။
"ဟဲ့..မိုးစက်...လာထိုင်လေ...အဲ့မှာဘာရပ်လုပ်နေတာတုံး..."
"ချောင်းနေတာ..."
"ဘာ!!!!..."
"အာ...မဟုတ်...မဟုတ်ပါဘူး အန်တီမြရယ်...
လိပ်ပြာများရှိလားလို့ ကြည့်ကြည့်တာပါ..."
"မရှိဘူးဟေ့...မရှိဘူး...အပြင်သွားတယ်"
အသံကုန်ဟေ့ပြီး အော်ပြောလိုက်သူက အလတ်ကောင် ကောင်းကျော်မင်းဖြစ်နေသည်။
မိုးစက်အဖို့ ဒီအိမ်တွင်အကြောက်ရဆုံးက အစ်ကိုလေးပါပဲ။
လိပ်ပြာဖြူရဲ့အစ်ကိုလို့မပြောရဘူး အသက်ကသာနှစ်ဆယ့်ခုနှစ် မျက်နှာက ကလေးမျက်နှာနဲ့လူပင်။သို့ပေမဲ့ ရုပ်တည်ကြီးနဲ့ နေတတ်တာကြောင့် မိုးစက်လည်းအစ်ကိုလေးဆိုရင် ငယ်ငယ်ထဲကကို ကြောက်တဲ့ငယ်ကြောက်ပါ။
ဘာမှအလုပ်မခံရဖူးလည်း ကြောက်တာပါပဲ။
"အစ်ကိုလေးလည်း အိမ်မှာရှိနေတာလား..."
"အောင်မာ...ငါ့အိမ်မှာ ငါရှိနေတာ မင်းအပူလား.."
ငယ်ငယ်ကတော့ ကလေးမို့ကြည့်လို့ရပေမဲ့ အခုကကိုယ့်ညီမကို လာပတ်သတ်ချင်နေတယ်ဆိုတဲ့အသိကြောင့် ထွက်သမျှစကားလုံးတိုင်းက ချိုမနေမှာတော့အမှန်ပဲ။
"ဟေ့ကောင်မိုးစက်...ဘာရပ်လုပ်နေတာလည်း..
ထိုင်လေ..."
"ဟုတ်..ဟုတ်ကဲ့ပါ..."
အစ်ကိုလေးက ထိုင်ခုံမှာ ခပ်မိန့်မိန့်ကြီး ၀င်ထိုင်နေပြီး အော်လိုက်တာကြောင့် မိုးစက်လည်းခပ်လန့်လန့်နဲ့ပဲ ၀င်ထိုင်လိုက်ရသည်။
"မင်းကိုငါမေးစရာရှိတယ်..."
"ဟုတ်...ဟုတ်ကဲ့ မေး..မေးပါ..."
"ဟ...ဘယ်လိုဖြစ်ပြီး စကားတွေထစ်ကုန်တာလဲ.."
"ကျော်ကျော်ရယ်...နင်နဲ့စကားပြောရင် မထစ်တာဆိုလို့ ဒီအိမ်ကလူတွေပဲရှိတယ်...နင့်ရုပ်ကိုက
တစ်တိုင်းပြည်လုံးကလူတွေအားလုံး နင့်ဆီမှာဈေးလာ၀ယ်နေရသလို ရုပ်မျိုးကိုဟဲ့...."
"ဟာ...အမေ..အသာနေစမ်းပါဗျာ...ကျွန်တော် ဒီမှာစကားကောင်းပြောမလို့..."
ဒေါ်မြဖြူမှာ အလတ်ကောင်ကိုမျက်စောင်းသာ ပိတ်ထိုးပစ်လိုက်သည်။
တကယ်ပါပဲ သူများကိုပြူးပြဲခြောက်ဖို့ဆိုရင် နှစ်ယောက်မရှိဘူး။
"အမေရေ...ကျွန်တော်ဒီမှာ အမေ့အတွက်
...ဟင်...မိုးစက်ရောက်နေတာလား..."
"ဟုတ်တယ်...အစ်ကိုကြီး...အစ်ကိုကြီးလည်း ခဏလာထိုင်အုံး ..."
"အေး..အေး..."
မိုးစက်ရဲ့စိတ်ထဲမှာတွေးနေမိတာကတော့..."သေပြီဆရာ..ညီအစ်ကိုနှစ်ယောက်စလုံး ငါ့ကိုချောင်ပိတ်ရိုက်ကြတော့မှာပါလား...အသက်တော့ရှင်နိုင်ဖွယ်ရာမရှိတော့ဘူး...."
ဧည့်ခန်းထဲမှာတော့ ရန်အောင်မင်းနဲ့ကောင်းကျော်မင်းတို့ ညီအစ်ကိုနှစ်ယောက်က ထိုင်ခုံတစ်ခုတည်းအပေါ်မှာ နှစ်ယောက်ထိုင်နေကြပြီး
မိုးစက်ကို ဆူးဆိုက်ကြည့်နေကြလေသည်။
ဒေါ်မြဖြူနဲ့ ဦးကြည်လွင်ကတော့ ကျော်ဟိန်းဇာတ်ကားကို ဟန်ပြကြည့်နေကြပြီး သူ့တို့သားတွေ ဘယ်လိုမွှေကြမလဲဆိုတာကို နားဆိုက်ထောင်နေကြလေသည်။
"ဟိုတစ်လောက မင်းအမေကနေတစ်ဆင့် လိပ်ပြာကို တောင်းရမ်းဖို့နားဖောက်ခိုင်းတယ်ဆို...
ဟုတ်လား.."
မေးလိုက်တဲ့လူက အစ်ကိုလေးရယ်ပါ။မိုးစက်မှာ အားခေါင်တွေခြောက်လာတာကြောင့် သထွေးတစ်ချက်မျိုချလိုက်ပြီး...
"ဟုတ်ပါတယ် အစ်ကိုလေး ကျွန်တော်လိပ်ပြာကို တကယ် လက်ထပ်ဖို့စိတ်ကူးထားလို့ပါ..."
"ဒီမှာ မိုးစက်...မင်းနဲ့ငါ့ညီမကို သဘောမတူဘူးဆိုရင်ရောကွာ..."
"ဟာ...ဘာ..ဘာဖြစ်လို့လဲ အစ်ကိုကြီးရာ..."
"ဘာဖြစ်လို့လည်းဆိုတော့ မင်းကအသက်အရမ်းငယ်တယ်...နောက်ပြီးငါတို့သတ်မှတ်ထားတဲ့ စံချိန်တွေနဲ့လည်း ကိုက်ညီမနေဘူး..."
"ဗျာ...ဘာ..ဘာစံချိန်တွေလဲ..."
"အသိရင်မှတ်ထား...ငါ့ညီမနဲ့ပေးစားမဲ့လူက နိုင်ငံခြားမှာ ဘွဲ့ရပြီးတဲ့လူဖြစ်ရမယ်...ရုပ်ရည်ကလည်းချောမောနေရမယ် ဒါမှညဘက်အိပ်နေရင်းနဲ့ တစ်ရေးနိုးသွားရင် ညီမလေးမလန့်မှာပေါ့..."
"မသိလို့မေးပါရစေ ယောက်ျားက အစ်ကိုတို့ ညီမယူမှာလား အစ်ကိုတို့ယူမှာလားဟင်..."
"ငါတို့ယူမှာပေါ့....ဟာ...ဟေ့ကောင် အကြီးကစကားကောင်းပြောနေတာကို ...ငါကယောက်ျားယူစရာလား..."
အစ်ကိုလေးက ပိတ်ဟောက်လိုက်တော့လည်း မိုးစက်မှာ ကိုယ့်ပါးစပ်ကိုယ် ပြန်စိလိုက်ရလေသည်။
"နောက်ထပ်လိုအပ်ချက်တွေကတော့ ကုမ္ပဏီတစ်ခုခုရဲ့ CEOဖြစ်မနေရင်တောင် လုပ်ငန်း၊ကိုင်ငန်း ကြီးကြီးမားမားကို ဦးစီးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ရမယ်...ဒါမှညီမလေးအတွက် စိတ်အေးနိုင်မယ်..."
"ဟာ...အစ်ကိုရယ်...အခုလည်းကျွန်တော်က စင်္ကာပူမှာအလုပ်ကြိုးစားနေတာပါပဲဗျာ..တစ်နေ့နေ့တော့ ကျွန်တော်လည်း လုပ်ငန်းရှင်တစ်ယောက် ဖြစ်အောင်ကြိုးစားမှာပေါ့..."
"အဲ့ဒါဆိုရင် မင်းရဲ့တစ်နေ့နေ့က ဘယ်နေ့ကိုပြောတာလဲ..."
"ဟို...နောက်ထပ်ကိုးနှစ်..ဆယ်နှစ်လောက်ကျရင်တော့ ဖြစ်နိုင်ပါတယ်..."
"ဟေ့ကောင်...နောက်ထပ်ဆယ်နှစ်ဆိုရင်ပဲ ငါ့ညီမက ကလေးတစ်ဒါဇင်လောက်မွေးပြီးလို့ အသက်ပဲသုံးဆယ်ကျော်နေပြီ...မင်းကလူလည်ကျပြီး
ငါ့ညီမလေးကို ယူမှာပဲ..."
"ဟာ...အဲ့လိုတော့မဟုတ်ရပါဘူးဗျာ..အစ်ကိုတို့မှ ကျွန်တော့်ကိုမချစ်နိုင်တာ...အစ်ကို့ညီမသာ
ချစ်ရင် စောင့်ပေးမှာပေါ့ အစ်ကိုတို့ရယ်..."
"ဟေ့ကောင် မင်းဘာသာမင်း...အဲ့မှာတိုင်နဲ့ခေါင်းနဲ့စောင့်ပြီးသေ...ဒီမှာအပြတ်ပဲပြောလိုက်တော့မယ်..
ငါ့ညီမနဲ့ မင်းကိုသဘောမတူနိုင်ဘူး....ကျန်တာတွေအတွက်တော့ အားနာချင်ပေမဲ့ ဒီလိုကိစ္စမျိုးမှာတော့ အားမနာနိုင်ဘူး...ဒီနေ့အတွက်တော့ မင်းအိမ်ကို ပြန်လို့ရပြီ..."
အလတ်ကောင်ရဲ့ နှင်ချသလို ရှိုင်းသွားတဲ့စကားအတွက် ဒေါ်မြဖြူလည်း မနေသာတော့ပဲ မိုးစက်ကိုကြည့်လိုက်မိသည်။ကလေးခမျာသနားပါတယ် ။ခေါင်းလေးငိုက်ဆိုက်ချပြီး ငိုတော့မဲ့ရုပ်နဲ့ဖြစ်နေသည်။
"အားနာလိုက်တာ သားရယ်...ဒီကောင်တွေကဒီလိုပဲကွဲ့...သူတို့ညီမနဲ့ပတ်သတ်ရင်
လူတစ်ဖက်သားကို အားနာရကောင်းမှန်းသိတာ မဟုတ်ဘူး...သားစိတ်မဆိုးပါနဲ့ကွယ်.. နော်..."
"ရပါတယ် အန်တီမြ...ကျွန်တော်သွားတော့မယ်..."
စိတ်မကောင်းစွာထွက်သွားတဲ့ မိုးစက်ရဲ့ကျောပြင်ကို ကြည့်ပြီး ဒေါ်မြဖြူ ခေါင်းကိုရမ်းမိလေသည်။
သားနှစ်ယောက်ဘက်ကိုကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် လက်ဝါးချင်းရိုက်ပြီး ကျေနပ်နေကြသည်။
"ရန်အောင်မင်း!!!ကောင်းကျော်မင်း!!!!နင်တို့ဘယ်လိုလုပ်လိုက်ကြတာလဲ..ဟမ်..မိုးစက်လေးသနားပါတယ်...ကြည့်စမ်း...သူ့ခမျာစိတ်ဓာတ်ကျသွားပုံရတယ်..."
"ယောက်ျားပဲအမေရယ် ညီမလေးကိုမရရင် နောက်တစ်ယောက်ထပ်ချိပ်လိမ့်မယ် မပူနဲ့..."
"သူကနောက်တစ်ယောက်နဲ့ ထပ်ချိပ်တော့
နင်တို့ညီမနဲ့လွဲပြီပေါ့...မိုးစက်ကအမေနဲ့ညီလေးကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေးပါ
...စိတ်ထားကလည်း ကောင်းရှာတယ် ဒီလိုကလေးမျိုးက ရှားတယ်ဟဲ့..."
"အမေရယ်...အဲ့လောက်တောင်ဖြစ်နေရင်လည်း
အမေပဲယူလိုက်တော့ ပေးစားလိုက်ရမလား အဖေ..."
"အေးကွ..ကောင်းသားပဲ.."
"ကိုကြည်လွင်...တော်ကဘာကောင်းနေတာလဲ..."
"ဟမ်...ဘာ..ဘာမှမကောင်းပါဘူး..ငါ့ဘာသာဇာတ်ကားကို ပြောနေတာ..."
ဦးကြည်လွင်လည်း ကိုယ့်ပါးစပ်ကိုလက်နဲ့ပိတ်ရင်း အသာငြိမ်နေလိုက်ရသည်။
"နောက်ပြီး ငါပြောပါအုံးမယ်...ဘာတဲ့CEOတွေရော လုပ်ငန်းရှင်တွေရော ပြောလိုက်ရင်စကားလုံးကြီးတွေက မိုးထိုးနေတာပဲ နင်တို့ကရော စီးပွားရေးလုပ်ငန်းဘယ်နှစ်ခုများ ရှိနေကြလို့လဲ...ပြောကြစမ်းပါအုံး...အလကားဆန်မရှိစောက်စားကြီးနေကြတာ..."
"နေပါအုံး...အမေကရော ဘာဖြစ်လို့ဒီလောက်တောင်ဖြစ်ပျက်နေတာလဲ...မိုးစက်ကိုမှမယူရရင်
အမေ့သမီးက ဒီတစ်သက်လင်မရတော့ဘူးတဲ့လား...အချိန်တန်တော့လည်း စီစဉ်ပေးမှာပေါ့ဗျာ..
ညီမလေးကအဲ့လောက်မဟုတ်ဘူး..
အမေကိုက တစ်ကဲကဲနဲ့ ပြောပြီးသားနော်..
ယူချင်ရင်အမေ့ဘာသာယူ..."
"ဂွမ်!!!!..."
"ဟာ...အမေ့..."
ရေနွေးဓာတ်ဘူးတင်တဲ့ လင်ဗန်းနဲ့ပဲ အလတ်ကောင်ကိုပိတ်တီးပစ်လိုက်တော့သည်။မသိရင် ဒီလင်ဗန်းက သူ့အတွက်၀ယ်ထားရသလိုပဲ။
"နင်တို့တွေ ကြပ်ကြပ်သတိထားနေနော်..."
"အမေလည်းကြပ်ကြပ်သတိထားနေပါ..အဖေ့.."
"ဟေ..."
"အဖေလည်း ကိုယ့်မိန်းမကိုယ် နိုင်အောင်ထိန်း..
မဟုတ်ရင် သူများနောက်ပါသွားမယ်..."
"အေးပါကွာ..."
"ကိုကြည်လွင်!!!!!တော်ကြီးပါ လင်ဗန်းစာမိချင်လို့လား..."
လင်ဗန်းဆိုတာနဲ့ ရန်အောင်မင်းနဲ့ ကောင်းကျော်မင်းတို့နှစ်ယောက်စလုံး အိပ်ခန်းထဲသို့ပြေး၀င်သွားကြလေသည်။
ဒေါ်မြဖြူမှာတော့ စိတ်ညစ်စွာပဲ ထိုင်ခုံမှာထိုင်ချလိုက်ရတော့သည်။
"ဟင်း...ဒီညီအစ်ကိုနှစ်ယောက်နဲ့တော့ ခက်ပါတယ်.
သူတို့ကြောင့် ငါ့သမီးလေးတော့ အပျိုကြီးဘ၀နဲ့ပဲ အရိုးထုတ်ရမလားမသိဘူး...နားရက် လေးဆယ့်ငါးရက်ကုန်ပြီး စင်္ကာပူကိုမြန်မြန် ပြန်သွားကြတာပဲအေးတယ်...မဟုတ်ရင် ငါနဲ့လည်းတည့်မှာမဟုတ်ဘူး..."
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ရှင်မွှေးလွန်းစာအုပ်တိုက်ထဲကို ၀င်လိုက်တယ်ဆိုရင် ၀န်ထမ်းအချို့ကိုတွေ့လိုက်ရတာကြောင့် လိပ်ပြာ၀မ်းသာသွားပြီး ထို၀န်ထမ်းဆီသို့သွားလိုက်လေသည်။
"ဒီကအစ်ကို..တိုက်ပိုင်ရှင်...ကိုမိုးဇော်ရှိလားမသိဘူး.."
"ညီမက သူနဲ့တွေ့ဖို့ချိန်းထားတာလား..."
"ဟုတ်ကဲ့...သူကလာဖို့ ဖုန်းဆက်ထားလို့ပါ..."
"ဟုတ်ပြီလေ..ဒါဆိုရင်..ဟိုမှာတွေ့နေရတဲ့ရုံးခန်းထဲကို ၀င်သွားလိုက်ပါ...အခြေအနေကတော့သိပ်မကောင်းဘူးနော်...ခုဏလေးတင်စာရေးဆရာတစ်ယောက်နဲ့ စကားများထားတာ...ကြည့်ကြပ်လုပ် ကြုတ်ကြပ်လိပေါ့ဗျာ..."
"ဟုတ်ကဲ့ပါ..."
ဒီနေ့ နေ့လည်က လိပ်ပြာဆီကိုတိုက်ပိုင်ရှင်
ကိုမိုးဇော်က ဖုန်းဆက်လာလေသည်။
လိပ်ပြာရဲ့ "မြမေ"ဆိုတဲ့စာအုပ်က ရောင်းအားတက်နေလို့ နောက်ထပ်အုပ်သုံးယာလောက် ထပ်ထုတ်ချင်တာရယ် အဆက်မပြတ်အောင် ရေးပြီးသားစာမူတွေ လာပို့ပေးဖို့ တောင်းဆိုလာတာကြောင့် ရောက်လာရခြင်းပင်။
ထုတ်ဝေသူက စိတ်အခြေအနေမကောင်းဘူးဆိုတော့ လိပ်ပြာလည်း စိတ်ညစ်လာသည်။
စိတ်ကို ပြန်တင်းပြီး ရုံးခန်းဆီသို့သာ သွားလိုက်သည်။
"ဒေါက်...ဒေါက်...ဒေါက်..."
"၀င်ခဲ့ပါ..."
လိပ်ပြာတံခါးကိုတွန်းဖွင့်လိုက်တော့ လန့်တောင်လန့်သွားတယ်။ရုံးခန်းကလည်း စင်ဒရဲလားနေတဲ့ ထပ်ခိုးလောက်တောင် သန့်ရှင်းမနေဘူး။စာအုပ်တွေဆိုတာ ဟိုတစ်ပုံ ဒီတစ်ပုံနဲ့ဖြစ်နေပြီး ထိုင်စရာနေရာတောင် ခပ်ရှားရှားရယ်။
"ဟို..ဆရာမလိပ်ပြာဖြူမှတ်လား..."
"ဟုတ်ပါတယ်ရှင်..."
"ဟာ..ဒါဆိုရင် ကျွန်တော်ဖုန်းခဏ ဆက်လိုက်အုံးမယ်နော်..."
"ရှင်..."
လိပ်ပြာဖြူဆိုတာနဲ့ ပြာပြာသလဲဖြစ်သွားပြီး အတင်းဖုန်းကိုထုတ်ဆက်နေတဲ့ ကိုမိုးဇော်ရဲ့ ပုံစံကြောင့် လိပ်ပြာနားမလည်နိုင်ဖြစ်နေရသည်။
ပြီးတော့ "လာလို့ရပြီ"ဆိုတဲ့ စကားလေးတစ်ခွန်းပဲပြောပြီး ဖုန်းချလိုက်တာမို့ ပိုလို့တောင် အံ့ဩနေရတယ်။ဘယ်သူကများ ဖုန်းပြောရင် ဒီလောက်စကားနည်းနည်းလေး ပြောလို့လဲ။
"ဆရာမလိပ်ပြာ...အေးဆေးထိုင်ပါဗျာ...
ကျွန်တော်ကော်ဖီဖျော်ပေးဖို့ သွားပြောလိုက်အုံးမယ်...
"ဟုတ်ကဲ့..."
ကိုဇော်ထွန်းက ရုံးအခန်းအပြင်သို့ထွက်သွားတာကြောင့် လိပ်ပြာလည်းထိုင်စောင့်နေရင်းနှင့် ဟိုဒီဝေ့ဝဲကြည့်နေမိသည်။
အခန်းနံရံတစ်ခုမှာ ကပ်ထားတဲ့ပန်ချီကားတစ်ချပ်က လိပ်ပြာရဲ့စိတ်ကိုဆွဲဆောင်နေလေတော့ ထိုပန်းချီကားချပ်ဆီသို့ ထသွားလိုက်ပြီး လက်ပိုက်ကာ ကြည့်နေလိုက်သည်။ကလောင်ရှင်နာမည်ကို ကြည့်လိုက်တည်းကလိပ်ပြာသိလိုက်ပါပြီ။
ဒါ ကိုကိုဆွဲထားတဲ့ ပန်းချီဆိုတာကိုပေါ့။
"ဒေါက်...ဒေါက်..ဒေါက်..."
အခန်းထဲကို၀င်လာတဲ့ဖိနပ်သံတစ်ခုကြောင့် လိပ်ပြာလှည့်ကြည့်မယ်ကြံလိုက်ရာ အနောက်မှသိုင်းဖက်ခြင်းခံလိုက်ရလေသည်။
လိပ်ပြာရဲ့ ကျောပြင်က ရင်ခွင်တစ်ခုနဲ့နီးစပ်သွားပြီး ထိူလူရဲ့လက်မောင်းတွေက လိပ်ပြာရဲ့ရင်ညွှန့်နားမှာ တင်းကြပ်စွာဖက်တွယ်ထားတာကြောင့် သူ့ရဲ့ကိုယ်သင်းရနံ့ကိုလည်း လိပ်ပြာရှူရှိုက်မိနေသည်။
"ကိုကို..."
"သိပ်လွမ်းတာပဲ လိပ်ပြာရယ်...ကိုယ်ဖုန်းခေါ်တာ ဘာလို့မကိုင်ရတာလဲကွာ"
လည်တိုင်ကို ခပ်နွေးနွေးထိကပ်လိုက်တဲ့ အနမ်းတစ်ပွင့်ကြောင့် လိပ်ပြာအတင်းရုန်းပြီး ကိုကို့ရင်ခွင်ထဲမှ ရုန်းထွက်ပစ်လိုက်သည်။
"ဒါဆို..ဒီနေရာကိုရောက်လာအောင် ရှင်..တမင်လုပ်လိုက်တာပေါ့...ဟုတ်လား..."
"ဟုတ်တယ်..ကိုကိုတမင်ဖန်တီးလိုက်တာ လိပ်ပြာဒီတိုက်ထဲကို ၀င်သွားတာကိုလည်း လမ်းဟိုဘက်က လက်ဖက်ရည်ဆိုင်ကနေ ကိုကို လှမ်းမြင်နေခဲ့တာ...လိပ်ပြာနဲ့တွေ့ခွင့်ရဖို့အတွက် ကိုယ်ကြိုတင်ကြံစည်လိုက်တာပဲ..."
ကိုကိုကစကားပြောနေရင်းနဲ့ လိပ်ပြာရဲ့အနားကိုတိုးကပ်လာပြီး လက်ကိုလာကိုင်လေသည်။
"လိပ်ပြာအပေါ်ကို ကိုယ်အထင်လွဲခဲ့တာတွေအတွက် ကိုယ်ဘယ်လိုတောင်းပန်ရမလဲ...
လိပ်ပြာပြောပါ...ကိုယ်လိပ်ပြာကိုတော့မစွန့်လွှတ်နိုင်ဘူး..."
လိပ်ပြာသူ့လက်တွေကို ဖယ်ပစ်လိုက်ပြီး သူ့ကိုခနဲ့တဲ့အပြုံးတစ်ခုအား ပြုံးပြလိုက်သည်။
"ရှင့်ရဲ့နှုတ်က အဲ့လိုစကားလေတွေနဲ့ လာလာအချိုသတ်ပြီး....ကျွန်မရဲ့စိတ်ကို..ရှင့်အပေါ်ပြန်ကိုင်းညွှတ်လာအောင် လုပ်နေတာတွေဟာ...
အသုံးမ၀င်တော့ဘူးရှင့်...ရှင့်ကိုကျွန်မအယုံအကြည်မဲ့သွားပြီ..သိရဲ့လား...ရှင်နဲ့လည်း ဘာစကားမှပြောစရာအကြောင်းမရှိတော့တဲ့အတွက်...ခွင့်ပြုပါအုံး..."
လိပ်ပြာမျက်နှာကို အစွမ်းကုန်တင်းထားလိုက်ပြီး ထိုင်ခုံပေါ်မှအိတ်ကို ယူကာစာအုပ်တိုက်အပြင်သို့ ခပ်မြန်မြန်ပဲ လှမ်းထွက်လာလိုက်သည်။
ကားလမ်းကူးမလို့ ကြည့်နေတုန်းမှာပဲ အနောက်မှလက်ကို လာကိုင်ဆွဲလိုက်တာကြောင့် လိပ်ပြာရဲ့ခန္ဓာကိုယ်ဟာ တစ်ပတ်လှည်ထွက်သွားပြီး သူနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားရသည်။
"လိပ်ပြာ ကိုယ့်ကိုရိုက်ချင်ရိုက်၊ဆူချင်ဆူပါ
...လိပ်ပြာကိုယ့်အပေါ် ကြိုက်သလိုနှိပ်စက်နိုင်တယ်...ဒီလိုတော့ဥပက္ခာမပြုပါနဲ့ကွာ...ကိုယ်တောင်းပန်ပါတယ်..."
"ရှင်ဘယ်လိုဖြစ်နေတာလည်း တစ်ခြားသူတွေကြည့်နေတယ်လေ...ကျွန်မလက်ကိုအခုလွှတ်နော်...လွှတ်!!!!!"
"မလွှတ်နိုင်ဘူး...ကိုယ့်အချစ်ကိုမယုံကြည်သရွေ့...ကိုယ့်ကိုခွင့်မလွှတ်နိုင်သရွေ့ ကိုယ်မလွှတ်နိုင်ဘူး..."
ကားလမ်းမကြီးရဲ့ဘေးမှာဖြစ်နေတာကြောင့် လမ်းသွား၊လမ်းလာအချို့ကလည်း ကွက်ကြည့်၊ကွက်ကြည့်လုပ်သွားကြလေသည်။
လိပ်ပြာရှက်တာရော ဒေါသဖြစ်တာပါရောထွေးလာပြီး ကိုကို့ရင်ဘတ်ကို တွန်းထုတ်ပစ်လိုက်သည်။
"ရှင်ကသာကျွန်မရဲ့အချစ်ကိုမယုံကြည်တာမဟုတ်ဘူးလား...ကျွန်မရင်ထဲမှာ အချစ်ဆိုတာနားလည်မှု၊ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတာရှင်သိရဲ့လား...အခုလိုကိစ္စလေးမှာတောင် ရှင်ကျွန်မကို ယုံကြည်မပေးနိုင်ရင် ရှေ့ဆက်ရမဲ့နေ့ရက်တွေမှာ ဘယ်လိုနားလည်မှုတွေနဲ့ ရှေ့ဆက်ကြမှာလဲ...ဟမ်
...ကိုဘုန်းမြတ်...ရှင်နဲ့ကျွန်မရဲ့အချစ်ရေးကို ဘာလို့ဖုံးကွယ်ထားခိုင်းတာလဲ သိလား...ရှင်နဲ့ကျွန်မရဲ့ကြားမှာ ခြားနားမှုတွေကသိပ်များလွန်းလို့ပဲ...ရှင့်ရဲ့မနက်စာက ဘိုစာဆိုရင် ကျွန်မရဲ့မနက်စာက မုန့်ဟင်းခါး...အဲ့ဒီ့မှာတင် ကျွန်မတို့ရဲ့ခြားနားမှုကသိပ်ကြီးနေပြီ...
မတူညီတဲ့အရာတွေကို ကျွန်မငြှိမယူချင်တော့ဘူး...အဲ့တော့လမ်းခွဲလိုက်ကြတာပဲကောင်းပါတယ်
...ရှင်နဲ့ကျွန်မ လမ်းခွဲကြတာပေါ့..."
ဒီဆုံးဖြတ်ချက်က ရင်နာရပေမဲ့ မှန်ကန်တဲ့အဆုံးအဖြတ်လို့ပဲ လိပ်ပြာမှတ်ယူလိုက်တယ်။
ကိုကိုကလည်း လိပ်ပြာကိုမယုံနိုင်စွာကြောင်ကြည့်နေလေသည်။
လိပ်ပြာ ချင်ချင်းမျက်နှာလွှဲပစ်လိုက်ပြီး ကားလမ်းဟိုဘက်ကိုသာ ကူးလာလိုက်တယ်။
"ကျွီ!!!!!!...."
"ဟယ်.. ဟိုမှာကောင်လေးတစ်ယောက် လမ်းကူးလာရင်းနဲ့ ကားတိုက်ခံလိုက်ရပြီထင်တယ်..."
"နင်တွေ့လိုက်လို့လား..."
"အေး...လှမ်းတွေ့လိုက်တယ်...လာသွားကြည့်ကြမယ်...."
ဟိုဘက်ကားလမ်းကိုအရောက်မှာ ကားရပ်စောင့်နေတဲ့အဒေါ်ကြီးတွေရဲ့အပြောကြောင့် လိပ်ပြာတစ်ဖက်ကားလမ်းကိုကြည့်လိုက်မိတော့ ကိုကိုမရှိတော့ဘူး။ပြီးတော့ လူတွေဝိုင်းအုံကြည့်နေကြတာက ဘယ်သူ့ကိုလဲ။
လိပ်ပြာမျက်ရည်တွေဝိုင်းချင်လာပြီး ကားလမ်းကိုပြန်ကူးရပြန်သည်။
"ဖယ်ပေးပါ...ခဏဖယ်ပေးကြပါရှင်..."
လိပ်ပြာလူအုပ်ကြားမှ တိုးပြီးကြည့်လိုက်မိတော့...
"ကိုကို့!!!!!!!"
ကိုကိုဟာ ရင်ခွင်ထဲမှာခွေးညိုကလေးတစ်ကောင်ကို ပိုက်ထားပြီး ကုန်းထနေလေသည်။
လိပ်ပြာကိုကို့အနားကို သွားလိုက်ပြီး ထူပေးလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ..."
"ဟို...ဒီခွေးလေးက လမ်းဖြတ်ကူးနေတဲ့အချိန်မှာ ဟိုကားက အကြမ်းပတမ်းမောင်းလာလို့ ကယ်ရင်းနဲ့ မတော်တဆဖြစ်သွားတာပါ..."
"ညီလေးရယ်...အစ်ကိုတောင်းပန်ပါတယ်...အစ်ကိုလည်းအလျှင်လိုနေတာနဲ့ ခွေးကိုမမြင်လိုက်မိဘူး..."
ကားသမားက ကားပေါ်မှဆင်းလာပြီးပြာပြာသလဲလာတောင်းပန်နေပေမဲ့ လိပ်ပြာကတော့ ကိုကို အနာတရဖြစ်သွားတာကြောင့်ဒေါသအရမ်းထွက်လာတာပဲသိတယ်။
"ဘာတောင်းပန်တာလဲ...လမ်းကိုအစောတည်းက သေချာကြည့်မောင်းပါ့လား...ဒါအသက်တစ်ချောင်းရှင့်...တစ်ခုခုဖြစ်သွားရင် ဘယ့်နှယ့်လုပ်မလဲ...."
"ဟုတ်တယ်...ဟုတ်တယ်.. အခုကဒီလောက်ပဲဖြစ်လို့တော်သေးတယ်"
သူ့အတွက်ကပ်ကပ်လန်အောင် ရန်တွေ့ပေးနေတဲ့ကောင်မလေးကြောင့် ဘုန်းမြတ်ရယ်ချင်ချင်ဖြစ်နေသည်။ ဘေးမှာ ရပ်ကြည့်နေတဲ့ လူတစ်ယောက်၊ နှစ်ယောက်ကလည်း ၀င်ပြောလာကြတာကြောင့် ကားသမားကြီးခမျာလည်း မျက်နှာတော်တော်ပျက်ယွင်းနေလေသည်။
"ဟို...ဒီကညီကို ကိုယ်ဘာလုပ်ပေးရမလဲ...ပြောပါအားမနာပါနဲ့..."
"ရပါတယ်...အစ်ကိုသွားစရာရှိတဲ့နေရာကိုသာ သွားပါ...ကျွန်တော်အဆင်ပြေပါတယ်..."
"အေး...အဲ့ဒါဆိုရင် အစ်ကိုသွားမယ်နော်...
ငါ့ညီ..."
"ဟုတ်ကဲ့..."
ကားသမားက ဘယ်တည်းကသွားချင်နေသလဲ
မသိပါဘူး ပြေးသွားလိုက်တာများ နောက်ကိုတစ်ချက်တောင် ပြန်လှည့်မကြည့်တော့တာပါ။
လိပ်ပြာလည်း သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အစ၊အဆုံး တစ်ချက်ကြည့်လိုက်မိသည်။
"အင်း...ရှင်ဘာမှမဖြစ်ဘူးဆိုတော့ ကျွန်မလည်းသွားတော့မယ်..."
"ဟာ...လိပ်ပြာ ကိုယ်လိုက်ပို့ပေးမယ်လေ..."
လက်မောင်းကို လာကိုင်ပြီးပြောနေတဲ့ သူ့ကို လိပ်ပြာဘီလူးမျက်စောင်းထိုးပစ်လိုက်သည်။
"ရတယ်...ကျွန်မမှာ ပိုက်ဆံပါတာမို့
ကိုယ့်လမ်းစရိတ်နဲ့ ကိုယ်ပဲ ပြန်လိုက်ပါ့မယ်..ရှင်သာဆေးခန်းသွားပြီး စစ်ဆေးကြည့်လိုက်အုံး..."
"ကိုယ့်ကို စိုးရိမ်လို့လား..."
"စိုးရိမ်လို့မဟုတ်ဘူး မကောင်းတတ်လို့ပြောတာ
...သိရဲ့လား"
သူ့ကိုအရွဲ့တိုက်ကာ ပြောသွားပြီး ကားလမ်းကူးသွားတဲ့ ကောင်မလေးကိုကြည့်ကာ ဘုန်းမြတ်တစ်ချက်ပြုံးလိုက်မိသည်။
အပြင်ဘက်ကသာ ဟန်ဆောင်နေပေမဲ့ သူ့အပေါ်ကိုစိုးရိမ်သွားတဲ့ သူမရဲ့ပုံစံလေးကိုပဲ ထပ်ခါတလဲလဲ မြင်ယောင်နေမိတယ်။
တစ်ခုပဲ သူမစိတ်ဆိုးပြေအောင် သူဘယ်လိုလုပ်ရပါ့မလဲ။
🦋🦋🦋🦋🦋🦋🦋

No comments:
Post a Comment