🦋အခန်း ၂၉ မှ အခန်း ၃၁ 🦋

 



 ချစ်လိပ်ပြာလေး တဝဲလည်လည်

                             အခန်း၂၉


🎶တကယ်လို့များ 🎶
🎶မင်းအပြုံးလေးများမရှိရင်🎶
🎶ဘယ်ပွင့်မလဲ ပန်းကလေးတွေ🎶
🎶အလှကင်းမဲ့ လောကအလည်🎶
🎶ကိုယ်ဘယ်လို နေရမလဲ🎶

အိပ်ယာအပြောင်းအလဲကြောင့် အိပ်မရဖြစ်နေတဲ့အချိန်မှာ နားထဲကိုသီချင်းသံစဉ်တစ်ခုကတိုး၀င်လာ၍ လိပ်ပြာထထိုင်လိုက်မိသည်။

"ကိုကို ဆိုနေတာများလား..."

လိပ်ပြာအခန်းထဲကနေအပြင်ကိုတိတ်တိတ်လေးထွက်လိုက်ပြီး သီချင်းသံကြားရာအခန်းကိုလိုက်ရှာ မိပြန်သည်။
ကိုကို့ကွန်ဒိုမှာက အခန်းသုံးခန်းရှိပြီး လိပ်ပြာနေတဲ့အခန်းကတော့ အကျယ်ဆုံးပဲ ကျန်နှစ်ခန်းက စာဖတ်ခန်းရယ်၊အိပ်ခန်းခပ်ကျဉ်းကျဉ်းနှစ်ခန်းရယ်ပါ။

🎶တကယ်လို့များ🎶
🎶အိပ်မက်လေးများထဲမှာ🎶
🎶စုံဆည်းခွင့်မရှိခဲ့ရင်🎶
🎶ကိုယ်အိပ်စက်မဲ့ ညတွေ🎶
🎶အို...ဘယ်လိုကုန်ဆုံးမလဲ🎶

ဟောတွေ့ပါပြီ။ကိုကိုကစာဖတ်ခန်းရဲ့လသာဆောင်မှာ ထွက်ပြီး ဂစ်တာကိုခေါက်ကာသီချင်းညည်းနေခြင်းပင်။လသာဆောင်ကိုကူးတဲ့ စာကြည့်ခန်းရဲ့ ပြူတင်းအ၀မှာ လိုက်ကာအဖြူလေးတွေက တလူလူလွှင့်နေပြီး အဖြူရောင်ရှပ်လက်တို၊ဘောင်းဘီဒူးအုပ်၀တ်ထားတဲ့ကိုကိုဟာ CEOကြီး ပုံစံမဟုတ်တော့ပဲ သာမန်ကောင်လေးတစ်ယောက်လို ပုံမျိုးဖြစ်နေသည်။
ဒါပေမဲ့ လိပ်ပြာတို့ရဲ့လမ်းထိပ်အုတ်ခုံမှာ ညညဆိုတစ်ဒေါင်ဒေါင် တဒင်ဒင်နဲ့  ဂီတကိုဖြစ်သလိုခံစားနေတဲ့ ကောင်တွေနဲ့တော့ဘယ်တူမှာလဲ။

ထိန်ထိန်သာပြီး ရှူမညီးတဲ့စန္ဒာလမင်းကြီးကလည်း ကိုကို့တစ်ယောက်တည်းကိုပဲ ကွက်ပြီးသာနေ
သယောင်ပင်။လရိပ်ထိုးနေတဲ့ ကိုကို့ပုံစံဟာ တကယ်ပဲလနတ်သားတစ်ပါးအလားထင်မှတ်ရပါတယ်။
လိပ်ပြာဟာ ဘယ်ဘ၀ကကုသိုလ်ကောင်းမှုကံတွေကြောင့် ဒီလောက်ချောမောတဲ့ မင်းသားလေးကိုချစ်သူတော်ခွင့်ရတာပါလိမ့်။
ကိုယ့်ကိုကိုယ်လည်း ပြန်ချီးကျူးနေမိပြန်ရော။

ကိုကိုမှီပြီထိုင်နေတဲ့ အခန်းနံရံဘေးမှ မီးအိမ်ထားတဲ့ သစ်သားစင်လေးအပေါ်မှာလက်ထောက်ရင်း
မေးတင်ကာ နူးညံ့ညင်သာပြီး အေးချမ်းတဲ့ကိုကို့သီချင်းအသံကို ခိုးနားထောင်နေလိုက်သည်။

🎶တကယ်ဆို တို့နှစ်ဦး🎶
🎶ဝေးလို့တော့ မဖြစ်နိုင်ဘူး🎶
🎶ကိုယ့်ရဲ့အနားမှာ မင်းအမြဲရှိနေ🎶

🎶တကယ်လို့များ ကိုယ့်အတွေးလေးများထဲမှာ
🎶အချစ်ဆုံး မင်းမရှိခဲ့ရင်🎶
🎶ဆိုညည်းမယ့် သီချင်းလေးတွေ🎶
၊🎶ဘယ်လို ချိုနိုင်အုံးမလဲ....🎶

လိပ်ပြာတွေးနေမိတာက ကိုကိုဒီသီချင်းကိုဆိုရခြင်းရဲ့အကြောင်းကိုပဲ။
ကိုကို့လို အလုပ်များတဲ့လူတစ်ယောက်က ခံစားချက်နဲ့မတိုက်ဆိုင်ပဲ သီချင်းတစ်ပုဒ်ကိုညည်းပါ့မလား။
ဒါဆိုရင် ကိုကိုလိပ်ပြာကိုရည်ရွယ်ပြီးဆိုနေတာများလား။

"အာ့..."

ကိုယ့်အတွေးနဲ့ကိုယ် အရမ်းတွေကျေနပ်ပြီးပါးစပ်ထဲကိုထည့်ထားတဲ့ လက်ညှိးအား ယောင်ပြီးကိုက်မိသွားသည်။နာလိုက်တဲ့ဖြစ်ခြင်း။တော်ပါသေးတယ် ကိုကိုမကြားလို့။မီးအိမ်တင်ထားတဲ့စင်အရှည်လေးအပေါ်ကိုသာ မေးထောက်ပြီး ဆက်နားထောင်နေလိုက်တယ်။

🎶တကယ်လို့များ...🎶
🎶ရက်စက်တဲ့ လောကအလယ်🎶
🎶ကြွေကျမဲ့သစ်ရွက်လို ကိုယ်တမ်းတမိခဲ့အချိန်
🎶ဘယ်ရင်ခွင်ခိုနားမလဲ.….🎶
🎶တကယ်ဆို တို့နှစ်ဦး🎶
🎶ဝေးလို့တော့ မဖြစ်နိုင်ဘူး🎶

🎶မင်းမရှိတဲ့ကမ္ဘာ... စွန့်ခွာ..မယ်လေ..🎶
🎶ဟိုအဝေး.......🎶

"အား...."

"ဂလုန်း..."

"ကိုကိုရေ....ကိုကို...ကယ်ပါအုန်း...."

"ဟင်...ဘာဖြစ်တာလဲ..."

အော်သံကြားလို့ ထရပ်ကြည့်လိုက်တော့ တံခါးအ၀မှာ လိပ်ပြာက ပက်လက်ကြီးလန်နေပြီးမီးအိမ်တင်ထားတဲ့စင်ကြီးကလည်း သူမအပေါ်ကိုပိနေသည်။
ဒီမီးအိမ်ကို ဒီအနားမှာထောင်ထားတာဖြင့် နှစ်တွေမနည်းတော့ဘူး အခုမှဘာလို့ထလဲရတာလဲ။
မဟုတ်တော့ မဟုတ်သေးဘူး။

"ကိုကို့!!!!!အား...အဲ့မှာဘာရပ်လုပ်နေတာလဲ...
ငုတ်တုတ်ကြီးမေ့နေတာလား...လာထူပေးအုံးလေ..."

"ဟုတ်သားပဲ...ကိုယ်ထူပေးမယ်..."

ရုတ်တရက်ဆိုတော့ သူ့လည်းကြောင်ကုန်ပြီး လူကိုပဲအရင်မရမလား ကိုယ်‌အပေါ်မှာပိနေတဲ့ စင်ကိုပဲ
အရင်မရမလားနဲ့ ဗျာများနေရသည်။

"ဘုန်း!!!!!!!"

"အာ့..."

လိပ်ပြာစိတ်မရှည်တော့တဲ့အဆုံး လက်တစ်ဖက်ကစင်ကိုမထားပြီး အခြားလက်နဲ့ကို့ကို့ကျောကုန်းကြီးကို ပိတ်ကာတီးပြစ်လိုက်သည်။

"ဟိုဟာကိုင်လိုက်၊ဒီဟာကိုင်လိုက်နဲ့ မစရာရှိတာမဘူး...သေမဲ့မသာဆိုရင် သေနေတာကြာပြီ...စင်ကိုအရင်မလေ...အား...သီချင်းဆိုတာနဲ့အလုပ်လုပ်တာပဲတော်တယ်...ကျန်တာဘာမှကိုအဖြစ်မရှိဘူး..."

"အေးပါကွာ...ကိုကိုမပေးပါ့မယ်..."

"မမယ်ဆိုလည်း..ပါးစပ်ကပဲတစ်မမလုပ်မနေနဲ့ လက်ကပါ မစမ်းပါ...အီဟီး...ဒီမှာနာလို့သေတော့မယ်..."

"ဟာ...မငိုပါနဲ့ကွာ.."

"အော်...ဒီလောက်ပြောနေတာ စင်ကိုမလို့ဆိုနေ..."

အရေးထဲ မျက်ရည်ကိုလာသုတ်ပေးနေလို့ ခေါင်းကြီးကိုပိတ်ခေါက်ပစ်လိုက်သည်။
ဟုတ်တယ်နာရတဲ့ကြားထဲ စိတ်ကသိပ်ရှည်တာမဟုတ်ဘူး။

ဘုန်းမြတ်လည်းစင်ကိုအရင်မပေးလိုက်ပြီး။
သူမကိုထူပေးကာ စာကြည့်ခန်းထဲကဆိုဖာအပေါ်မှာထိုင်ခိုင်းလိုက်သည်။

"ပြစမ်း ဘယ်နားတွေဒဏ်ရာရသေးလည်း..."

လိပ်ပြာတံတောင်ဆစ်အကွေးနေရာမှာ ပွန်းသွားတာနဲ့ နဖူးမှာမီးအိမ်လဲပြီး ခိုက်မိသွားတာကိုပြလိုက်တော့ ကိုကိုကဆေးသေတ္တာအမြန်သွားယူပြီး စာကြည့်ခန်းထဲကို အပြေးလေးပြန်၀င်လာသည်။

"အရက်ပြန် စွတ်ရင်နည်းနည်းတော့ စပ်မယ်နော်..."

"အမယ်လေး...ဒီလောက်ကတော့...အား...
ဖြေးဖြေးလုပ်ပါကိုကိုရယ်..."

သတ္တိရှိချင်ယောင်ဆောင်ပြီးခါမှ အရက်ပြန်လည်းတကယ်စွတ်လိုက်ရော စပ်လိုက်တာမှ ကိုကိုသာ ရုပ်မချောရင် ကုတ်ဖဲ့ပစ်လိုက်ချင်တယ်။

"နေပါအုံး...သူ့ဘာသာထောင်ထားတဲ့စင်ကြီးကဘယ်လိုကနေ ဘယ်လိုလဲသွားတာလည်း..."

အမှန်တော့ ကိုကို့သီချင်းအသံကိုခံစားချက်အပြည့်နဲ့နားထောင်နေရင်းကနေ စင်ကိုထောက်ထားတဲ့တံတောင်စစ်ကချော်ထွက်သွားတာကြောင့်ပါ။
လူကလဲမလိုဖြစ်တော့ စင်ကနံရံနဲ့အသေတွဲထားတယ်ထင်ပြီး လှမ်းဆွဲလိုက်ခါမှ စင်ရော၊မီးအိမ်ရော အကုန်လိပ်ပြာရဲ့အပေါ်ကို ပြုတ်ကြလာတော့တာပဲ။အမှန်အတိုင်းပြောပြလို့တော့မဖြစ်ဘူး။
အရှက်တွေကွဲမှာသေချာတယ်။

"သရဲ...ကိုကို့အိမ်မှာ သရဲမများရှိနေသလားမသိဘူး...အဲ့နေရာမှာလိပ်ပြာရပ်နေတဲ့အချိန် ရုတ်ရက် "ဝုန်း!!!"ဆိုပြီး အဲဒီ့စင်ရော မီးအိမ်ရောက လဲသွား တော့တာပဲ..."

"တကယ်ရော ဟုတ်လို့လားကွာ.."

"ဟာ..တကယ်ပေါ့ ညာပြောစရာလား..ကိုကိုလည်း ညဘက်အိပ်ရင်သတိထားနော် တော်ကြာသရဲမကြီးက ကုတင်အပေါ်ထိတက်လာပြီး...မဟုတ်မတရားကြံလိုက်မှ လူကြားမကောင်းဖြစ်နေမယ်.."

"ဟာ..တော်စမ်းပါကွာ ကြံကြံဖန်ဖန်..."

မဟုတ်မဟက်တွေလျှောက်ပြောနေတဲ့ကောင်မလေးကို ဘုန်းမြတ်ရယ်ချင်နေမိသည်။
ဟန်ပန်အမူအရာတွေနဲ့  မျက်လုံးပြူးပြလိုက် သရဲတွန်းလိုက်တဲ့ပုံစံတွေ လုပ်ပြလိုက်နဲ့ တတ်လည်းတတ်နိုင်တဲ့ကောင်မလေး။

"ဟမ်...နေပါအုံး...သရဲကအထီးလား အမလားဆိုတာ ဘယ်လိုလုပ်သိတာလည်း.."

"အော်...အဲ့ဒါက စဉ်းစားကြည့်လေ ကိုကိုကအထီးဆိုတော့ အထီးရှိတဲ့နေရာမှာ သရဲမပဲနေမှာပေါ့လို့..."

"ဟာ..လိပ်ပြာရ‌ယ်...မင်းနဲ့ကျမှ ကိုယ်လည်း
တိရိစ္ဆာန်ကြီး လုံးလုံးကိုဖြစ်ရော..."

ဟုတ်ပါရဲ့ ရှေ့မကြည့်နောက်မကြည့်နဲ့ပြောလိုက်မိတာ။ကိုယ့်ရည်းစားကိုယ် တိရိစ္ဆာန်ဘ၀
အရောက်ပို့လိုက်သလိုပဲ။
ဘာပဲဖြစ်ဖြစ်ကိုကိုက လိပ်ပြာပြောတာတွေကို
ဗွေမယူသလို  လိပ်ပြာသူ့ကို ရိုက်ခဲ့တာ၊ခေါက်ခဲ့တာအတွက်လည်း လုံး၀စိတ်ဆိုးပုံမပြတဲ့အတွက်အရမ်းပျော်နေမိတယ်။ကိုကိုကလိပ်ပြာကို သိပ်သည်းခံ‌နားလည်ပေးတာပဲလို့ တိတ်တိတ်လေးအမှတ်တိုးပေးလိုက်မိသည်။

လိပ်ပြာရဲ့နဖူးဒဏ်ရာကိုဆေးနီလေးထည့်ပေးနေရင်းမှ စပ်မှာလည်းစိုးကာ တစ်ဖူးဖူးမှုတ်ပေးနေတဲ့ ကိုကို့နှုတ်ခမ်း‌စူစူလေးက လိပ်ပြာရဲ့ မျက်လုံးတည့်တည့်မှာ ရောက်နေသည်။
ကိုကို့နှုတ်ခမ်းကနေ အကြည့်ဖယ်လိုက်တော့မှ အဖြစ်ကပိုဆိုးနေသည်။
ကိုကို့ရဲ့ လည်ပင်း‌‌ ဖွေးဖွေးမှာလှပစွာတည်ရှိ‌‌နေတဲ့ လည်စလုတ်လေးက တက်လိုက်ကျလိုက်နဲ့ဖြစ်နေရာ လိပ်ပြာတို့ထိကျီစယ်ချင်လာသည်။

ဘုန်းမြတ်မှာ နဖူးလေးကိုလေမှုတ်ပေးနေရင်းမှ လည်စလုတ်အ‌ပေါ်ကို ခပ်နွေးနွေး နှုတ်ခမ်းတစ်စုံကထိကပ်လာပြီး အနမ်းတစ်ပွင့်ခြွေချခဲ့တာကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးဟာ အလိုလိုရပ်တန့်သွားသည်။
နှလုံးသားမှာ စီးဆင်းနေတဲ့ သွေးကျောမျှင်တွေဟာ တင်းမာလာသလိုဖြစ်နေပြီး ခန္ဓာကိုယ်ထဲကသွေးတွေဟာလည်း မီးပြင်းပြင်းထိုးလိုက်သလိုဆူပွက်သွားသည်။
လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်မိတာကြောင့် လက်ထဲမှာကိုင်ထားတဲ့ ဂွမ်းအတံလေးတောင် ကွေးသွားပြီထင်ပါရဲ့။
သူ့နှလုံးသားကိုနဂိုအတိုင်း ညင်သာစွာ စီးချက်မှန်စေဖို့ နည်းလမ်းကတစ်ခုထဲသာရှိပါတယ်။

"ဟင်..ကိုကို ဘာလုပ်တာလဲ..."

လိပ်ပြာရဲ့နဖူးကို‌လေမှုတ်ပေးနေရင်းနဲ့ ရုတ်တရက် ပုခုံးကနေဖိချပြီး အပေါ်မှ အုပ်မိုးလိုက်တဲ့ ကိုကို့ကြောင့် အူတွေ၊အသဲတွေတုန်အောင်အထိ လန့်သွားသည်။

"ကိုကို ဘာလုပ်တာလဲ ဖယ်ပေးနော်..."

လိပ်ပြာရုန်းတော့ ကိုကိုကလိပ်ပြာရဲ့ပုခုံးနှစ်ဖက်ကို အားပြုကဖိလိုက်တာကြောင့် လိပ်ပြာရဲ့ခန္ဓာကိုယ်ဟာ ဆိုဖာနဲ့ ကိုကို့ရဲ့ခန္ဓာကိုယ်အကြားမှာ ညှပ်သွားသလို ဖြစ်နေသည်။

လိပ်ပြာရဲ့နှလုံးသားတွေဟာ ကြည်နူးစွာ နူးနူးညံ့ညံ့လေး ရင်ခုန်နေတာမျိုးမဟုတ်ပဲ ထိတ်လန့်မှု၊ရှက်ရွံ့မှုတွေကြောင့် "တဒုန်းဒုန်း"မြည်ဟီးလို့နေသည်။
ရင်ဘတ်နှစ်ခုဟာ ထိစပ်နေတာမဟုတ်ပေမဲ့ နီးကပ်လွန်းနေသည်။လိပ်ပြာကိုကို့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်တော့ ကျော့ကွင်းထဲကို၀င်ရောက်လာတဲ့ ယုန်သူငယ်အတွက် နူးညံ့လှပလွန်းတဲ့ မုဆိုးရဲ့အပြုံးမျိုး၊ အကြည့်မျိုးတွေနဲ့  
ကြည့်နေလေသည်။

ကိုကိုဟာလည်း သားရဲတစ်ကောင်ပဲဆိုတာကို မေ့လျှော့နေခဲ့ပြီး လိပ်ပြာဘက်ကနေဇာတ်လမ်းစလိုက်မိတာကိုက အပစ်ပါပဲ။
အခုတော့ဘယ်နှယ့်ရှိစ မိလိပ်ပြာရေ။
ဒီထောင်ချောက်ကနေ လွှတ်မြောက်နိုင်ပါ့မလား။
ဘုန်းမြတ်သူရဆိုတဲ့ ကိုကိုမုဆိုးကြီးက အရှိန်အဝါတွေ သိပ်ပြင်းလွန်းတဲ့ လူတစ်ယောက်မဟုတ်လား။

"ကိုကို့!!!!!!"

ကိုကို့ရဲ့ မျက်၀န်းတွေကို ဆိုက်ကြည့်နေမိတုန်းမှာပဲ လိပ်ပြာရဲ့ပါးပြင်ထက်ကို ကိုကို့ရဲ့နှုတ်ခမ်းမှအနမ်းတစ်ပွင့်က ကျရောက်လာသည်။
လိပ်ပြာသိတယ် ဒီညမှာ ကိုကိုဟာနမ်းယုံတင်ကြံစည်နေတာမဟုတ်မှန်းပေါ့။
ထိုစဉ်မှာ ကိုကို့မျက်နှာဟာ လိပ်ပြာရဲ့မျက်နှာအနားကို နီးကပ်လာတာကြောင့် မျက်လုံးတွေကို စုံမှိတ်ချပစ်လိုက်သည်။
ရင်ဘတ်နှစ်ခုဟာ ထိစပ်သွားတောင်ကြောင့် လိပ်ပြာတစ်ချက်တုန်တက်သွားစဉ်မှာ ညာဘက်နားဆီသို့ လေငွေ့နွေးနွေးလေးက ကျရောက်လာသည်။

"အဖြစ်မရှိဘူးလို့ လိပ်ပြာပြောတာနော်..
ကိုကို အဖြစ်ရှိလားဆိုတာ မသိချင်ဘူးလား..."

"အဟက်...ဟား.. ဟား..."

"ဘာ..ဘာဖြစ်လို့လဲ..."

ရုတ်တရက်ထရယ်တဲ့ သူမကြောင့် ဘာထဖြစ်တာလဲဆိုကာ ဘုန်းမြတ်တောင် လန့်သွားသည်။

ဦးဘုန်းမြတ်ကြီးကို တမင်စချင်လို့ လိပ်ပြာကအခွင့်ကောင်းကိုစောင့်နေမှန်း မသိရှာပါလား။
လိပ်ပြာရဲ့ခြေထောက်တစ်ဖက်က ကိုကို့ခွကြားအောက်မှာ ရောက်နေမှန်းမသိရှာတဲ့ကိုကိုရယ်ပါ။

"ကိုကို အဖြစ်ရှိလား၊မရှိလားမသိရခင်..
လောလောဆယ်ကိုကို့ဘ၀က လိပ်ပြာရဲ့လက်ထဲမှာ..မဟုတ်ပါဘူး..လိပ်ပြာရဲ့ခြေထောက်အပေါ်မှာနော်...ဒူးတစ်ချက်တော့လိုက်တာနဲ့ ကိုကိုဘာဖြစ်သွားမယ်ထင်လည်း...ခန့်မှန်းကြည့်မလား...
ခံစားကြည့်မလား...တစ်ခုပဲရွေးလိုက်...
တစ်ခုမှမရွေးချင်ရင်တော့ ‌အပေါ်ကနေဖယ်လိုက်တော့..."

လိပ်ပြာခြေထောက်ကိုနည်းနည်းလှုပ်ပြလိုက်တော့ ကိုကိုကရယ်သည်။ရယ်တာမှ သဘောတကျနဲ့ သွားတက်တွေပါပေါ်တယ်။

"ကဲ...ကြောက်ပါတယ်ဗျာ..ကြောက်ပါတယ်
မကြံစည်ရဲတော့ပါဘူး...ကြောက်လွန်းလို့..."

သူလည်းထပေးလိုက်ရော ချက်ချင်းတန်းပြီး စာကြည့်အခန်းမှထွက်ပြေးသွားသည်။
တကယ်‌တော့ ယောက်ျားအားနဲ့မိန်းမအားဘယ်ယှဉ်လို့ရမှာလဲ။
သူ့စိတ်ထဲမှာလည်း ရမ္မက်ကြီးလွန်းလို့မဟုတ်ပဲ ကိုယ်ချစ်ရတဲ့ မိန်းကလေးမို့သာ စိတ်ရဲ့အလိုကိုလိုက်မိတာပါ။သူမကိုယ်တိုင်မှ ဆန္ဒမရှိတာ ဘုန်းမြတ်လည်းအတင်းအကျပ်ဖိအားမ‌ပေးချင်ပါဘူး။

"ဘာတဲ့ ခန့်မှန်းကြည့်မလား...ခံစားကြည့်မလား..
ဟား..ဟား..ပြောလည်းပြောတတ်ပါတယ်.."

စိတ်ထဲမှာတော့ သူ့လိုလူကိုခြိမ်းခြောက်သွားတဲ့သူမရဲ့ စကားလေးတွေကိုပဲ ကြားယောင်နေမိတယ်။
စိတ်ကပိုရွှင်မြူးလာတာကြောင့် လသာဆောင်ကိုပြန်ထွက်ပြီး ဂစ်တာကို ပြန်ခေါက်နေ‌လိုက်သည်။
စိတ်အစဉ်မှာတော့ လပြည့်၀န်းကြီးကလည်း ပိုလှနေ‌သယောင်ထင်မှတ်ပြီး ဒီညမှကြယ်တွေကလည်း ပိုလို့အရောင်စုံနေသလို  တစ်ဖြတ်ဖြတ်လင်းလက်နေမှုဟာ သူ့နှလုံးသားထဲအထိ ရိုက်ခက်လာပြီး သံစဉ်တွေအဖြစ် တသွင်သွင်စီးဆင်းနေပါတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

"ကိုကို..အိပ်ယာနိုးပြီလား.."

"အင်း...လိပ်ပြာအိပ်ယာထတာ စောလှချည်လား.."

မနက်ခြောက်နာရီအတိဆိုတာနဲ့ ဘုန်းမြတ်ကအိပ်ယာနိုးပြီးသားပင်။မျက်နှာသစ်သွားတိုက်ပြီး ရေသောက်ဖို့ ထွက်လာတော့ သူမကမီးဖိုချောင်ထဲမှာ ချက်ပြုတ်နေ‌လေသည်။

"လိပ်ပြာရယ်...အပင်ပန်းမခံပါနဲ့  ကိုကိုဆိုင်ကနေလှမ်းမှာလိုက်လို့ရတာပဲကို..."

"အော် လိပ်ပြာရဲ့လက်ရာကိုစားစေချင်လို့ပေါ့...
ကိုကိုဘာကြိုက်တတ်မှန်းမသိလို့ မနက်စာကိုထမင်း‌ကြော်ထားတယ်...ပေါင်မုန့်မီးကင်ထားတယ်,ကြက်အူချောင်းကြော်ထားတယ်...
ဆန်း၀ှစ်(sandwich )လေးလုပ်ပေးထားသေးတယ် မုန့်ဟင်းခါးလုပ်ကြွေးချင်တာ ကိုကိုမကြိုက်မှာဆိုးလို့..."

"ဟာ...အများကြီးပဲကွာ ကိုကိုဆန်း၀ှစ်(sandwich)တော့စားပါတယ်..
နောက်တစ်ခါအဲ့ဒါပဲလုပ်နော်...အခုတော့လေ့ကျင့်ခန်းသွားလုပ်လိုက်အုံးမယ်...ရှစ်နာရီအလုပ်ချိန်လေ..လိပ်ပြာရောအတူလေ့ကျင့်ခန်းလုပ်ကြမလား..."

"နောက်နေ့မှပေါ့...ကိုကိုရယ်..."

"အိုကေလေ...ဒါဆိုသွားပြီနော်..."

လိပ်ပြာရဲ့ခေါင်းလေးကိုဖွဖွပုတ်ရင်း ကိုကိုကသူ့အိပ်ခန်းထဲသို့ပြန်၀င်သွားတော့သည်။
သိပ်မကြာပါဘူး အားကစားဘောင်းဘီနဲ့အင်္ကျီ၀တ်ပြီးပြန်ထွက်လာသည်။
ဖိနပ်စင်မှ သူ့ရဲ့အားကစားဖိနပ်ကိုစီးပြီးနောက်မှာတော့ လိပ်ပြာကိုအနမ်းတစ်ပွင့်ပေးခဲ့ကာ ထွက်သွားလေသည်။
လိပ်ပြာအခုမှပဲ ကိုကို့ရဲ့နေ့စဉ်လူနေမှုပုံစံကို မြင်တွေ့ခွင့်ရတော့တယ်။

လိပ်ပြာသူငယ်ချင်းတွေကိုလည်းသတိရနေမိတယ်။
မနက်မိုးလင်းတာနဲ့ အေးအေးကမနက်စာချက်ပြုတ်ထားလေ့ရှိသလို သူဇာကတော့ ကျောင်းဆရာမဖြစ်တာကြောင့် သူမရဲ့ထမင်းချိုင့်ကိုထည့်ရင်းနဲ့ လိပ်ပြာအတွက်ပါထည့်ပေးလေ့ရှိတယ်။
သဲနုက‌တော့ ပိတ်ရက်လူစုံရင် သူ့ကောင်လေးနဲ့ လည်ခဲ့တဲ့နေရာတွေကို အမြဲတကာခံပြီး ခေါ်သွားလေ့ရှိတယ်။
ကြည်ပြာကတော့ ပိုက်ဆံချမ်းသာတဲ့မိသားစုကမွေးခဲ့တဲ့လူဆိုတော့ မိတ်ကပ်၊အ၀တ်အစားဆိုတာ အပြင်သွားရင်သူ့ဆီကနေဆွဲဆွဲယူ၀တ်၊ယူလိမ်းသွားကြတာပါပဲ။သဲနုဆို ပိုတောင်ဆိုးပါသေးတယ်။ဒါပေမဲ့ ကြည်ပြာဟာတစ်ခါမှ စိတ်ကွက်လေ့မရှိပဲ လိပ်ပြာတို့လိုအပ်တာတွေကိုတောင် ၀ယ်ထားပေးတတ်တဲ့သူပါ။

အခုကြည်ပြာနဲ့ ဒီလိုတွေဖြစ်ထားတော့ လိပ်ပြာစိတ်ထဲမှာ ဟာတာတာကြီးဖြစ်နေသလိုပဲ။
မနက်ခင်းမှာ ဆူညံနေတတ်တဲ့လိပ်ပြာတို့သူငယ်ချင်းတွေရဲ့ တိုက်ခန်းလေးနေရာမှာ လိပ်ပြာတစ်ယောက်ထဲသာရှိနေတဲ့ တိတ်ဆိတ်လွန်းတဲ့ အခန်းကျယ်ကြီးက သူစိမ်းဆန်လွန်းနေသည်။
မနက်ဆို နှိုးစက်နဲ့မှထတတ်တဲ့လိပ်ပြာက ကိုကို့အတွက်ဆိုပြီး အစောကြီးထပြီးချက်ပြုတ်နေမိသည်။

"လွမ်းလိုက်တာ သူငယ်ချင်းတို့ရယ်...နင်တို့နဲ့စကားတွေဖောင်ဖွဲ့ပြီးရယ်မောခဲ့ရတဲ့အချိန်တွေကိုလွမ်းတယ်...ငါငိုတဲ့အချိန်၊ပျော်ရွှင်တဲ့အချိန်မှာလည်း နင်တို့အတူရှိပေးကြသလို နင်တို့အတွက်ဆိုလည်းငါ
အမြဲအဆင်သင့်ရှိနေပေးခဲ့တယ်...
ကိုကို့နဲ့သာ ချစ်သူမဖြစ်ခဲ့ရင်..အို..ငါဘာတွေတွေးနေတာလည်း... "

အတွေးတွေကို ဖျောက်ပစ်လိုက်ပြီး ပါးပြင်မှာကျဆင်းလာတဲ့ မျက်ရည်စတွေကိုလည်းသုတ်ပစ်လိုက်ပါသည်။
ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဖြစ်လာတဲ့လောကဒဏ်တရားကြီးအတိုင်း ကျင်လည်ရမှာက
လူ့သဘာ၀ပါပဲလေ။

🦋🦋🦋🦋🦋🦋🦋🦋

"ကျွီ..."

ရုံးခန်းတံခါးဖွင့်သံရဲ့အဆုံးမှာ အတွင်းရေးမှူးအိမ့်သက်၀င်လာလေသည်။

"ဆရာ...အပြင်မှာ ဆိုဖီယာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဆရာ့ကိုတွေ့ခွင့်တောင်းနေပါတယ်..."

"ဘယ်ကဆိုဖီယာလဲ..."

UDC ရဲ့ရုံးခန်းထဲမှာ အလုပ်ရှုပ်နေတုံး ကိုယ်မသိတဲ့နာမည်ကိုလာပြောနေသည့် အတွင်းရေးမှူး
အိမ့်သက်အား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

"ဘာလုပ်ဖို့လာတာလဲ..."

"ဆရာနဲ့တွေ့ချင်လို့ပါတဲ့ ဆိုဖီယာကိုမမှတ်မိရင်
မမဆုလာပါတယ်လို့ ပြောခိုင်းလိုက်ပါတယ်..."

"ဘာ!!!!...မမဆု..."

မမဆုဆိုတဲ့အမည်နာမကြောင့် အတိတ်ရဲ့အချိန်တစ်ခုကို ပြန်ပြောင်းသတိရသွားမိသည်။
"မမဆု" သူတစ်ချိန်ကအရမ်းခင်မင်တွယ်တာခဲ့ပြီး သူ့အတွက်အရေးပါတဲ့ လူနည်းစုထဲက အမျိုးသမီးတစ်ယောက်ပေါ့။

"မမဆုကို တံခါးဖွင့်ပေးလိုက်ပါ..."

"ဟုတ်ကဲ့ဆရာ..."

မမဆုဆိုတဲ့နာမည်နဲ့အတူ အတိတ်မှာအားငယ်ခဲ့၊ကြောက်ရွံ့ခဲ့မိတဲ့ ဘုန်းမြတ်သူရဆိုတဲ့ ကောင်လေးကို ပြန်မြင်ယောင်‌လာရပြန်ပါပြီ။
မမဆုနဲ့ ဆုံတွေ့ခဲ့တဲ့အချိန်တွေဟာ သူ့စိတ်တွေ အမှောင်ထုကြီးစိုးနေပြီး ဆောက်တည်ရာမရဖြစ်နေခဲ့တဲ့နေ့ရက်တွေပေါ့။
ကိုယ့်ကိုကိုယ် နောင်တတွေ၊၀မ်းနည်းမှုတွေနဲ့ပဲ
ရစ်နှောင်ထားတဲ့နေ့ရက်တွေမှာ မမဆုတို့သားအဖက ဘုန်းမြတ်ကိုဖြေဆေးဖော်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေပါပဲ။

"ဒေါက်...ဒေါက်...ဒေါက်..ဒေါက်..."

ဒေါက်ဖိနပ်အသံရဲ့လားရာကို ဘုန်းမြတ်ကြည့်လိုက်မိတော့ စတိုင်ပန်အနက်ရောင်နှင့် မိန်းမ၀တ်ကုတ် လက်ရှည်အနက်ကိုစတိုင်လ်ကျစွာ တွဲဖက်၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ လက်ကေ့အဝါရောင်လေးကို ဆွဲကိုင်ရင်း ရုံးခန်းထဲသို့ ၀င်လာလေသည်။

"ဟိုင်း...ပြန်တွေ့ကြပြီဘုန်းမြတ်ရေ...တို့မင်းကိုသိပ်လွမ်းနေတာ..."

ဘုန်းမြတ်လည်းပဲ မမဆုရှိရာကို လျှောက်သွားလိုက်ရာ မမဆုကသူ့အားပွေ့ဖက်နှုတ်ဆက်လာသည်။

"မမ..ဆရာကြီးရော..ကျန်းမာရဲ့လား..."

"အင်း...ဒယ်ဒီကတော့ သွက်လက်နေတာပါပဲ...
ဒါနဲ့အခုကနေ့လည်ရှိနေပြီမို့ မမတို့အေးအေးတစ်ခုခုသွားစားရင်းနဲ့  စကားတွေပြောကြတာပေါ့..."

"ဟာ...ဒါဆိုအတော်ပဲဗျာ...ကျွန်တော့်ကောင်မလေးကိုပါ ခေါ်လိုက်မယ်...မမနဲ့တစ်ခါတည်းမိတ်ဆက်ပေးရတာပေါ့..."

ကောင်မလေးဆိုတဲ့အသံကိုကြားတာနဲ့ မမဆုကသူမရဲ့ပါးစပ်ကိုလက်ဖဝါးနဲ့အုပ်‌ရလောက်တဲ့အထိ အံ့ဩသွားသည်။

"ဘုန်းမြတ်မှာ ရည်စားရှိနေပြီပေါ့...ကမ္ဘာ့အံ့ဖွယ်ပဲ တို့တော့သိပ်တွေ့ချင်တာပဲ "

"အဲ့ဒါဆို ကျွန်တော်ဖုန်းဆက်လိုက်အုံးမယ်နော်..."

မမဆုကိုခွင့်တောင်းပြီး လိပ်ပြာဆီသို့ဖုန်းဆက်လိုက်သည်။
ဖုန်းကခေါ်တာနဲ့သိပ်မကြာဘူး တန်း၀င်လို့တော်ပါသေးတယ်။

📞"ဟယ်လိုလိပ်ပြာ..."

📞"အင်း...ကိုကိုဘာကျန်ခဲ့လို့လဲဟင်.."

📞"ဘာမှမကျန်ခဲ့ဘူး...အရေးကြီးတဲ့လူတစ်ယောက်နဲ့နေ့လည်စာထွက်စားမလို့ အဲ့ဒါလိပ်ပြာကိုပါခေါ်ချင်လို့..."

📞"အဲ့ဒါဆို အိမ်ကိုခေါ်လာခဲ့လေ..လိပ်ပြာဒီနေ့ပျင်းနေတာနဲ့ ဟင်းအမယ်တွေစုံနေအောင်ချက်ထားတယ်..."

လိပ်ပြာရဲ့စကားကြောင့်မမဆုဘက်သို့လှည့်
ကြည့်လိုက်သည်။

"လိပ်ပြာက ဟင်းချက်ထားလို့အိမ်မှာလိုက်စားပါလားတဲ့..."

"အိုကေလေ...တို့လည်းမြန်မာဟင်းတွေလွမ်းနေတာနဲ့အတော်ပဲ..."

လိပ်ပြာကအပင်ပန်းခံပြီးချက်ထားတာကို မမဆုက စားမယ်ဆိုတော့ဘုန်းမြတ်အရမ်း၀မ်းသာသွားသည်။

📞"ဟယ်လို...လိပ်ပြာ..ကိုယ်အခုပဲ အိမ်ပြန်လာခဲ့မယ်နော်..."

📞"ဟုတ်...လိပ်ပြာအဆင်သင့်လုပ်ထားလိုက်မယ်..ဒါပဲနော်ကိုကို..."

📞"Love you❤️ လိပ်ပြာ..."

ဖုန်းချသွားတဲ့အသံရဲ့အဆုံးမှာ လိပ်ပြာရဲ့ရယ်သံသဲ့သဲ့လေးကိုလည်း ကြားလိုက်တာကြောင့် သူပါပြုံးသွားမိသည်။

ပြုံးနေတဲ့ဖုန်းမြတ်ရဲ့ မျက်နှာကိုကြည့်ပြီး ဆိုဖီယာကတော့မဲ့ပစ်လိုက်သည်။
ဘုန်းမြတ်က အရင်တုန်းကလိုကြောက်တတ်တဲ့၊အားငယ်တတ်တဲ့ကောင်လေးမဟုတ်တော့ဘူးပဲ။
ပိုခန့်၊ပိုချောပြီး လူကြီးဆန်တဲ့ပုံပေါက်နေတယ်။
ပြီးတော့ ပြုံးလည်းပြုံးတတ်လာပါလား။
ဒီကောင်လေးဟာ အရင်ကဆို တစ်နေ့ နေလို့မှစကားတစ်ခွန်းကို မနဲဖျစ်ညှစ်မေးခဲ့ရတဲ့အထိ စိတ်ဒဏ်ရာကြီးမားလွန်းခဲ့တဲ့ကောင်လေးပါ။
ဘာကြောင့်ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။

"လိပ်ပြာ"တဲ့ ဆိုဖီ ဒီနာမည်ကိုရင်းနှီးနေသလိုပဲ။
မြန်မာပြည်ကိုပြန်လာရတဲ့ရည်ရွယ်ချက်ကတော့ ရှေးဟောင်းရာဇ၀င်သမိုင်း‌‌ တွေကို သုတေသနလာလုပ်ပြီး နှစ်နိုင်ငံပူးပေါင်းမှုပရောဂျက်တစ်ခုအတွက်ရော ဂျိုးဇက်ကိုလက်စားချေပြဖို့ရော‌‌ပေါ့။
ဂျိုးက သူမ‌နောက်ကွယ်မှာဖောက်ပြန်ပြီးအခုဆိုကောင်မလေးချောချောလေးနဲ့ သာယာနေတာ သိပ်ကိုမုန်းဖို့ကောင်းတယ်။ဆိုဖီ့ကိုယ်၀န်ကိုတောင်
မငဲ့ခဲ့တဲ့ဂျိုးကိုနားကြဉ်းမှုရဲ့အဆုံးသတ်မှာ လက်စားချေမှုတွေပါလာရတော့တာပေါ့။

ဂျိုးရေ ရှင်စောင့်ကြည့်နေလိုက်။
ရှင့်ထက်သာ၊ရှင့်ထက်ချောပြီး ရှင့်ထက်ငယ်ရွယ်နုပျိုနေတဲ့ကောင်လေးနဲ့ ရှင့်မျက်စိအရှေ့မှာတင်လက်ထက်ပြမယ်။
မကြာခင်စင်္ကာပူကိုပါလာမဲ့ ကျွန်မရဲ့အချစ်သစ်ကို ရှင်စောင့်မျှော်နေပေတော့လို့ စိတ်ထဲကနေကျိန်ဆိုလိုက်သည်။

ဘုန်းမြတ်မှာ ရည်းစားရှိတာ၊မရှိတာကို ဆိုဖီစိတ်မ၀င်စားဘူး။
မြန်မာမလေးတွေက သိပ်ရှက်တတ်၊ကြောက်တတ်၊အားနာတတ်တာတဲ့ အဲ့အချက်ကိုကိုင်နိုင်ဖို့ ဆိုဖီ့အတွက်မခက်ခဲပါဘူး။
လိပ်ပြာဆိုတဲ့ ကောင်မလေးရေ၊မင်းအတွက်တော့စိတ်မကောင်းပေမဲ့ တို့ကတော့မင်းအပေါ်မှာ
အပြစ်ကျူးလွန်မှကိုရပါတော့မယ်။
ဘာဖြစ်လို့ဆို မင်းကဖုန်းမြတ်နဲ့ ချစ်သူဖြစ်နေတဲ့အတွက်ကြောင့်ပဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

ဗီလိန်အကြီးစားကြီးလာပါပြီး ဆိုဖီကဘယ်လိုမွှေမှာပါလိမ့်

=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၀


"လာ...မမ....."

လိပ်ပြာထမင်းပွဲပြင်နေရင်းနဲ့ အိမ်ရှေ့မှကိုကို့အသံကြားတာကြောင့် လက်အမြန်ဆေးကာ ထမင်းစားခန်းထဲမှ ထွက်လာလိုက်သည်။
ဧည့်ခန်းထဲကို ရောက်သွားတဲ့အခါမှာ ဆံပင်အတိုဂုတ်ခွဲနဲ့အမျိုးသမီးတစ်ယောက်ကို အနောက်မှဦးစွာမြင်လိုက်ရသည်။
ဒါဆို ကိုကို့ဧည့်သည်ဆိုတာက မိန်းကလေးပေါ့။
လိပ်ပြာက ယောက်ျားလေးလို့ထင်နေခဲ့တာ။

"လိပ်ပြာ...လာလေ...မိတ်ဆက်ပေးရအုံးမယ်...
ဒါက မမဆိုဖီယာတဲ့ မမဆုလို့လည်းခေါ်လို့ရတယ်...ကိုကိုနဲ့စင်္ကာပူမှာ သိခဲ့ကြတာလေ..."

"ဟုတ်ကဲ့...တွေ့ရတာ၀မ်းသာပါတယ် ညီမနာမည်ကလိပ်ပြာဖြူပါ..."

လိပ်ပြာကသာ စကားပြန်ပြောတာ မမဆုဆိုတဲ့အမျိုးသမီးက  ခေါင်းလေငြိမ့်ပြပြီး ပြုံးရုံသာပြုံးပြ လေသည်။
ဘာလဲ အခြေကြီးတာလား။ပုံစံကတော့ တကယ့်ဆိုက်ပြည့် ဂိုက်ပြည့်သဌေးမကြီးပုံစံပါပဲ။
နှာတံခပ်စင်းစင်းနဲ့ မျက်နှာခပ်သွယ်သွယ်ဖြစ်သည်။ကြည့်ရတာလိပ်ပြာတို့ထက် ရှစ်နှစ်၊ကိုးနှစ်လောက်ကြီးနိုင်တယ်။
မမဆုရဲ့မျက်နှာမှာ ခပ်ထန်မှုတွေရှိနေပေမဲ့ ညင်သာ၊နူးညံ့မှုနဲ့ တမင်ဖုံးထားတဲ့ပုံစံမျိုးလို့ စိတ်ထဲကနေအလိုလိုထင်နေမိသည်။

"လိပ်ပြာ...ထမင်းပွဲပြင်ပြီးပြီလား..."

"အင်း...အားလုံးအဆင်သင့်ပဲ စားချင်ရင်စားလို့ရပါပြီ..."

"မမဆု...ကျွန်တော်တို့ ထမင်းစားခန်းထဲကိုသွားရအောင်..."

"အဟင်း...ဘုန်းမြတ်ရဲ့‌ကောင်မလေးလက်ရာကို စားကြည့်ရသေးတာပေါ့ကွယ်..."

ပြောရင်းဆိုရင်း ကိုကို့ပုခုံးအပေါ်ကို လက်နဲ့လှမ်းပုတ်လိုက်တာကြောင့် အနောက်မှာရပ်နေတဲ့လိပ်ပြာ မျက်လုံးတွေတောင် ပြူးသွားရသည်။
နိုင်ငံခြားသူတွေဆိုတော့ ပွင့်လင်းမြင်သာရှိကြတာကြောင့်လို့ပဲ စိတ်ဖြည်လိုက်ရပါတယ်။

"ဟာ့...ဟင်းတွေကိုစုံနေတာပဲ...ဒါတွေအားလုံးကို လိပ်ပြာချက်ထားတာလား..."

"အင်း...‌အိမ်မှာတစ်ယောက်ထဲရှိနေတော့ ‌ပျင်းတာနဲ့ ပဲဈေးကိုသွားပြီးစုံနေအောင် လျှောက်၀ယ်ချက်ပစ်လိုက်တာ...
ဒါက ၀က်ပုန်းရည်၊,ဒါကချည်ရည်ဟင်း..ဒါကငါးဖယ်ခြစ်လေးတွေကို ဂျင်းရယ်ကြက်သွန်ရယ်နဲ့ထောင်းပြီး ကိုင်းခရမ်းချဥ်သီးနဲ့ ချက်ထားတာ
ဒါက အမဲသားကိုအချိုနှပ်ထားတာ ,ဒါက ငါးပေါင်းထားတာ...ဒါကတော့ ပုစွန်ငါးချဉ်ကိုငရုတ်သီးစိမ်းရယ် ရှောက်ရွက်ကလေးရယ်နဲ့ရောပြီးသုပ်ထားတာ...ဒါကကြက်သားကို ဆိုင်မှာ‌ကြော်နည်း ကျွတ်ရွနေအောင် ကြော်ထားတာ...ဒါကတော့ခံတွင်းတွေ့အောင် ပုစွန်ကိုထောင်းပြီး မန်ကျဥ်းသီးလေးနဲ့  ချက်ထားတာ....မမဆုကြိုက်ပါ့မလားမသိဘူး..."

"အို...ဘုန်မြတ်ရယ်...တို့ကအစားဂျီးမများပါဘူး..."

ထိုင်ခုံမှာ၀င်ထိုင်ရင်း ကိုကို့ဘက်ကိုပဲလှည့်ပြီး စကားပြောလေသည်။လိပ်ပြာဒီလောက်ရှင်းပြနေတဲ့ဟာကို မသိရင်လိပ်ပြာက ကိုယ်ပျောက်လူသားကျနေတာပဲ။ဘယ်လိုမိန်းမလဲ။လူမှုရေးအရ သိတတ်ဖို့တော့ကောင်းပါတယ်။ကိုကို့ဧည့်သည်မို့သာ သည်းခံနေရတာ။စိတ်ကတော်တော်ကိုအဆင်မပြေတော့ဘူး။

"မမ...စားနော်...အားမနာနဲ့..."

"အင်းပါ..."

မမဆုကိုဟင်းခပ်ထည့်ပေးနေတဲ့ ကိုကို့ပန်းကန်ထဲမှာ ဘာဟင်းမှသိပ်မရှိတာကြောင့် မန်ကျဉ်းနဲ့ပုစွန်ထောင်းထားတာလေးကို ကိုကို့ပန်းကန်ထဲသို့ လိပ်ပြာတစ်စွန်းခပ်ထည့်ပေးလိုက်သည်။
ကိကိုကလိပ်ပြာကို ပြန်ပြုံးပြလာပြီး ထိုပုစွန်ဟင်းကို ထမင်းနဲ့ရောကာ တစ်စွန်းခပ်စားလိုက်သည်။

"ဟာ...ဘုန်းမြတ်...မင်းပုစွန်နဲ့ဓာတ်မတည့်ဘူးလေ...သွား..သွား..သွားထွေးထုတ်လိုက်..."

".. ဘာဖြစ်လို့လဲ..."

မမဆုက ကိုကို့လက်ကိုအတင်းဆွဲပြီး ဘေစင်ဆီကိုခေါ်သွားလေသည်။ကိုကိုကလည်း ဘေစင်ထဲသို့
ခုဏကစားထားတဲ့ ထမင်းလုတ်ကိုပြန်အန်နေရာ လိပ်ပြာမှာဖြင့်ရင်ကိုထိတ်နေရော။
လိပ်ပြာ ပါးစပ်သုတ်တဲ့ လက်ကိုင်ပုဝါလေးကို ယူပြီး ဘေစင်မှာရပ်နေတဲ့ကိုကို့အား ကမ်းပေးလိုက်ပေမဲ့ ....

"ပေး..တို့ကိုပေး...ရော့ဘုန်းမြတ်ပါးစပ်သုတ်လိုက်အုံး..."

"ကိုကိုက တကယ်ပဲပုစွန်နဲ့ဓာတ်မတည့်ဘူးလား.."

"ဟ...ကိုယ့်ရည်းစားတစ်ယောက်လုံး ဘာကြိုက်တယ်၊မကြိုက်ဘူး၊ဘာနဲ့ဓာတ်မတည့်ဘူးလဲဆိုတာကို မင်းမသိဘူးလား မင်းတော်တော်ညံ့တာပဲ လိပ်ပြာဖြူ..."

လိပ်ပြာကကိုယ့်ချစ်သူကိုမေးနေတဲ့ဥစ္စာ ကြားကနေမဆိုင်ပဲ ၀င်နာနေတယ်။လိပ်ပြာ ထိုမိန်းမကြီးကို မျက်စောင်းထိုးပြီး ကြည့်ပစ်လိုက်သည်။
ကိုကို့မိတ်ဆွေမို့ပေါ့ ဒါမှမဟုတ်ရင်"ရှင့်အပူလား"လို့ ပြောပြစ်လိုက်တယ်။

"ကိုကို လိပ်ပြာတောင်းပန်ပါတယ်နော်.."

"ကိုကိုအဆင်‌ပြေတယ်လိပ်ပြာ..."

ကိုကိုကအဆင်ပြေကြောင်း ပြုံးပြပေမဲ့ ဟိုမိန်းမကတော့ မဲ့ကာရွဲ့ကာနဲ့လိပ်ပြာရဲ့အရှေ့ကိုရောက်လာသည်။

"အို...ဘယ်နေရာကို အဆင်ပြေတာလဲ..
အခန့်မသင့်ရင်ဆေးရုံကို‌တောင်ရောက်မဲ့ကိစ္စလေ...
စင်္ကာပူမှာတုန်းကလည်း ပုစွန်စားမိလိုက်လို့ ဆေးရုံတက်လိုက်ရသေးတယ် ဒီမှာလိပ်ပြာဖြူ နောက်တစ်ခါဆင်ခြင်ပါ..."

"ရှင်နဲ့ဘာဆိုင်လို့ ၀င်ပြောနေရတာလဲ..."

"လိပ်ပြာ အဲ့လိုမပြောရဘူးလေ....."

ကိုကို၀င်တားတာ‌ကြောင့် အလိပ်လိုက်ထွက်လာတဲ့ဒေါသတွေကို ပြန်မျိုချပြီး လိပ်ပြာတစ်ထစ်လျှော့ပြီး ငြိမ်နေလိုက်သည်။ဒါကိုဟိုမိန်းမက အလိုက်ကန်းဆိုးမသိပဲ ၀မ်းနည်းဟန်မျက်နှာအသွင်ဆောင်ပြီး ကိုကို့ဘက်သို့မျက်နှာလှည့်လိုက်တော့ လိပ်ပြာဖြင့်အံ့ဩသွားတာပဲ။သူကသာလိပ်ပြာကိုမ‌ချေမငံဆက်ဆံနေတာမဟုတ်ဘူးလား။

"ဘုန်းမြတ်ရယ် တို့ကမင်းအတွက်စိုးရိမ်သွားလို့ပါ...မင်းနဲ့တို့က သူစိမ်းတွေမှမဟုတ်ပဲ..စင်္ကာပူမှာတုန်းကအရမ်းရင်းနှီးခဲ့ကြတာမဟုတ်လား..ဒါကြောင့်မို့ စိတ်ဆိုးမိသွားတာပါ...စိတ်မရှိပါနဲ့ နော်.."

"ရပါတယ်...အခုကျွန်တော်လည်း ဘာမှဖြစ်တာမှမဟုတ်တာ လိပ်ပြာမှာလည်းအပြစ်မရှိပါဘူး...
လိပ်ပြာထမင်းဆက်စားကြရအောင်..."

ကိုကိုကတော့ ဘယ်လိုနေလည်းမသိပေမဲ့ ဒီမိန်းမရဲ့မျက်နှာကြီးကိုကြည့်ပြီးတော့ စားချင်စိတ်တွေပါပျောက်နေပါပြီ။

"ဘုန်းမြတ်...တို့အားနာနာနဲ့ပဲပြောချင်တယ်ကွယ်"

"ဟုတ်ကဲ့...ပြောပါမမဆု..."

"အားနာပေမဲ့ တို့ကိုအနောက်တိုင်းအစားအစာရမဲ့ဆိုင်ကိုပဲ ခေါ်သွားပေးပါလားကွယ်..မြန်မာစာတွေကို မစားတာကြာပြီဆိုတော့ လိပ်ပြာဖြူချက်တဲ့ဟင်းတွေက နဲနဲစပ်နေသလိုပဲ...တို့ပါးစပ်ထဲမှာ သိပ်ခံတွင်းမတွေ့ဘူး ဖြစ်နေတယ်..."

မမဆုရဲ့စကားကြောင့် လိပ်ပြာကိုအားနာသွားရသည်။ဘယ်လိုပဲဖြစ်ဖြစ် လိပ်ပြာရဲ့အရှေ့မှာတော့ ဒီလိုမပြောသင့်ပါဘူးလေ။ကိုယ့်‌ချစ်သူအပင်ပန်းခံချက်ထားတာကို ဒီလိုပြောတော့ သူ့စိတ်ထဲမှာလည်း အလိုမကျတော့ဖြစ်မိတယ်။
လိပ်ပြာရဲ့လက်ရာက စားလို့ကောင်းပါတယ်။
ဟင်းဂျီးများတဲ့ သူကိုယ်တိုင်တောင် နှစ်ခြိုက်နေမိတဲ့အထိပဲ။

ဘယ်လိုပဲဖြစ်ဖြစ် မမဆုတို့သားအဖက ကိုယ့်အပေါ်မှာ ကျေးဇူးတွေအရမ်းများခဲ့တဲ့လူတွေပါပဲ။သူမတို့အိမ်မှာ ရှိနေစဉ်ကလည်း သူ့ရဲ့သောင်းကျန်းမှုဒဏ်တွေကို မမဆုတို့သားအဖကသည်းခံပေးခဲ့တာဆိုတော့ မြန်မာကိုလာလည်တုန်း ၀တ္တရားကျေပွန်အောင်လုပ်ပေးရမှာပဲ ဆိုတဲ့စိတ်နဲ့အတူ သူသက်ပြင်းချလိုက်မိသည်။

"‌ကောင်းပါပြီ...ကျွန်တော်ဆိုင်ကောင်းကောင်းတစ်ခုကို လိုက်ပို့ပေးပါ့...လိပ်ပြာ ဒါတွေကူသိမ်းပေးခဲ့မယ်လေ..."

ကိုကို့စကားကြောင့် လိပ်ပြာမသိမသာလေးမဲ့ပစ်လိုက်သည်။

"ရပါတယ်...ကိုကိုတို့သာ သွားချင်တဲ့နေရာကိုသွားကြ..."

လိပ်ပြာရဲ့ အရွဲ့တိုက်တဲ့စကားလုံးက ဘုန်းမြတ်ရင်ကို ဆစ်ကနဲနာကျင်သွားစေသည်။လိပ်ပြာသူ့အပေါ်မှာ အထင်လွဲပြီး စိတ်ကွက်မှာကိုလည်း ပူပန်သလို မမဆုကိုလည်း သူစိမ်းဆန်စွာပြောဆို မဆက်ဆံချင်တာက သူ့ဆန္ဒပါ။

"ဒါဆို...ကိုကိုသွားမယ်နော်...."

ကိုကိုက လိပ်ပြာရဲ့ခေါင်းကို လှမ်းကိုင်ပေမဲ့ တမင်အနောက်ကိုတိုးပြီး ရှောင်ပြစ်လိုက်သည်။
ကိုကိုတို့နှစ်ယောက်ထွက်သွားပြီးနောက်မှာတော့ စားပွဲအပေါ်မှာ ရှိနေတဲ့အမယ်စုံနေတဲ့ ဟင်းခွက်တွေကိုကြည့်ရင်း အံကိုကြိတ်ပစ်လိုက်သည်။
ဟိုမိန်းမရဲ့ မျက်နှာကိုမြင်ယောင်မိတိုင်းလည်း ဒေါသထွက်နေရတာပြောမနေပါနဲ့။

"ဗမာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာအစားအစာကိုရှုံ့ချနေတာများ အံ့ဩဖို့တောင်ကောင်းသေးတယ်..ပြောတော့ ဟင်းဂျီးမများပါဘူးတဲ့ သူ့ပါးစပ်ပေါက်ကြီးကပဲပြောပြီး...
ဗ‌‌လောင်းဗလယ်နဲ့...ငါ့ဟင်းတွေကစပ်တယ်လို့‌ ပြောရအောင် မွေးကတည်းက ငရုတ်သီးကိုမမြင်ခဲ့ဖူးဘူးလား..အပိုတွေလာလုပ်နေတယ်...
ကိုကို..ကိုကို..ဘယ်လိုလူကို အိမ်ခေါ်လာမှန်းမသိဘူး..."

အချိန်အားဖြင့် နေ့ခင်းတစ်နာရီနီးပါးလောက်ဖြစ်နေပါပြီ။လိပ်ပြာလည်း ဆေးစရာရှိတဲ့ပန်းကန်တွေကို ဆေးကြောလိုက်ပြီးအိပ်ခန်းထဲသို့သာ ၀င်လာလိုက်တယ်။လသာဆောင်မှာ ခဏထွက်ထိုင်ပြီး
လက်ပ်တော့နဲ့ စာရေးဖို့ဆုံးဖြတ်လိုက်မိလေသည်။
အခုဆိုရင် ကိုကို့ကွန်ဒိုကြီးမှာ လိပ်ပြာတစ်ယောက်တည်းပါပဲ ။
လိပ်ပြာရဲ့ဘေးမှာ အဖော်ဆိုလို့ ငှက်ငယ်တစ်ကောင်တစ်လေတောင် ပျံသန်းလာခြင်းမရှိတာဟာ အရမ်းကိုအထီးကျန်ဆန်လွန်းနေသည်။

စိတ်ရဲ့အလိုအတိုင်းရေးမိတဲ့ ၀တ္ထုလေးထဲမှာတော့ "နှင်း"ဆိုတဲ့ကောင်မလေးဟာ လောကကြီးထဲကိုအထီးကျန်မှု၊ကံဆိုးမှုပေါင်းများစွာနဲ့ ရောက်ရှိလာပြီး အသက်အရွယ်နဲ့မလိုက်အောင်ကို ကြမ်းတမ်းတဲ့လောကဓံကို ခံစားနေရတာဟာ အလွန်သနားစရာကောင်းလွန်းပါတယ်။
သူမကိုနှိပ်စက်ညှင်းပန်းသူတွေနဲ့ပဲ   ပြည့်နှက်နေတဲ့ ပတ်၀န်းကျင်မှာ ကံကောင်းစွာနဲ့ကိုကိုဆိုတဲ့ ကောင်ငယ်လေးက သူမအပေါ်မှာနွေးထွေးမှု၊ချိုမြိန်မှုတွေကို ခေတ္တပေးသနားခဲ့တယ်။ဒါပေမဲ့ ကိုကိုဟာလည်း သူမအပေါ်ကိုအခြားသူတွေနည်းတူ ရက်စက်တတ်တဲ့လူဖြစ်လာလိမ့်မယ်လို့သူမ မထင်ထားခဲ့မိတာ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ။
ကိုကို့ကြောင့်ပဲ ငိုရှိုက်ခဲ့ရတဲ့နေ့ရက်တွေဟာ ပိုများလာခဲ့တဲ့ သနားစရာ"နှင်း"လေးပါပဲ။
၀တ္ထုထဲမှ "နှင်း"လေးရဲ့ရင်ထဲမှာအမြဲကိန်းအောင်းနေတဲ့ အတွေးလေးတစ်ခုကတော့"ကိုကိုဟာ နှင်းကိုသိပ်အထင်သေးလွန်းတယ်...နှင်းရင်ထဲမှာရှိတဲ့ ဝေဒနာရဲ့နက်ရှိုင်းမှုကို နှင်းသာအသိဆုံးမို့ ကိုကိုဘယ်တော့မှစာနာနိုင်မှာမဟုတ်ပါဘူး...ကိုယ်တိုင်ခံစားဖူးမှသိမှာပါလေ.."

၀တ္ထုကိုရေးတာခဏရပ်လိုက်ရင်းနဲ့ လသာဆောင်ရဲ့ ဒရင်းဘတ်အပေါ်မှာပဲပက်လက်လှန်ချလိုက်သည်။ရာသီဥတုက ကြည်လင်လွန်းနေပေမဲ့ လိပ်ပြာရင်ထဲမှာတော့ ရှုပ်ထွေးပွေလီနေမိတယ်။
မမဆုပြောချင်လည်း ပြောစရာပါပဲ။ကိုကိုနဲ့ပတ်သတ်ပြီးတော့ လိပ်ပြာအခုထိဘာကိုမှသိပ်မသိသေးဘူး။ကိုကို့ဒယ်ဒီက စင်္ကာပူရဲ့ဆေးရုံတစ်ခုမှာ ကိုမာ၀င်နေတာနဲ့ ၊ကိုကိုဟာUDCရဲ့ CEOတစ်ယောက်ဆိုတာကိုပဲ လိပ်ပြာသိတယ်။ကိုကို့ရဲ့အမေကဘယ်သူလဲ။ ညီအစ်ကိုမောင်နှမဘယ်နှစ်‌ ယောက်ရှိသလဲဆိုတာကိုတောင် လိပ်ပြာမသိဘူး။လိပ်ပြာဟာချစ်တာတစ်ခုတည်းကြောင့်ပဲ အရာအားလုံးကို မေ့ချင်ယောင်ဆောင်ထားခဲ့မိတယ်။လိပ်ပြာ သိပ်ညံ့လွန်းရာများကျနေသလား။

🦋🦋🦋🦋🦋🦋🦋🦋🦋

🎶"ကြင်နာသလို မကြင်နာသူ နေနိုင်ရက်တဲ့ချစ်သူလေး...🎶

🎶အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုကွယ်...
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်...🎶

🎶ညာနေတာတွေ ရင်ထဲက.…..

ဖုန်းလာနေတဲ့အသံကြောင့် လိပ်ပြာလန့်နိုးသွားသည်။ပတ်၀န်းကျင်ကိုကြည့်လိုက်တော့ လိပ်ပြာကအိပ်ခန်းထဲမှ ကုတင်အပေါ်မှာရောက်နေသည်။
မနေ့ကညခြောက်နာရီအထိ လိပ်ပြာစာထိုင်ရေးနေရင်းနဲ့ လသာဆောင်ရဲ့ဒရင်းဘတ်အပေါ်မှာအိပ်ပျော်သွားတာပါ။
ဒါဆို လိပ်ပြာကိုကုတင်အပေါ်ပြန်ရွေ့ပေးတဲ့ လူကကိုကိုများလား။
လိပ်ပြာစိတ်ထဲမှာနဲနဲပျော်သွားမိတယ်။ကိုကိုကလိပ်ပြာကိုဂရုစိုက်‌သေးတာပဲ။

ကိုကို့အကြောင်းတွေးနေမိတာနဲ့ ဖုန်းလာနေတာကိုတောင် မေ့နေသည်။ဖုန်းကိုကြည့်လိုက်တော့ သူဇာ့ဆီမှဖြစ်နေသည်။
အချိန်ကလည်း မနက်၇နှစ်နာရီကြီးကို ဘာဖြစ်လို့ဆက်တာပါလိမ့်။

"ဟယ်လို...သူဇာ..."

"လိပ်ပြာရေ နင့်အတွက်၀မ်းသာစရာသတင်းရှိတယ်ဟေ့..."

"ဟမ်...ဘာသတင်းများလည်း...နင်ယောက်ျားယူတော့မလို့လား..."

"ဟာ...ဘယ်ကလာ...ယောက်ျားယူဖို့မပြောနဲ့ မူးလို့
ရှူစရာတောင်မရှိပါဘူး...အခုပြောမှာက
ကြည်ပြာ့ကိစ္စ အခုကြည်ပြာငါ့အဆောင်ကို ရောက်နေတယ် မနေ့ညကငါ့ဆီကိုလာပြီး ငါ့ကိုတောင်းပန်လိုက်တာလည်းအကြီးအကျယ်ပဲ
ကိုမြင့်သူကိစ္စကိုလည်း ငါတို့ကျောင်းတုန်းကဟယ် ဘုတ်ဆုံမအိမြတ်...နင်သိတယ်မှတ်လား..."

"ဟာ...သိတာပေါ့ဟာ...လှည်းလုပ်ရင်ကြာပါ့မယ်
အိမြတ်ရဲ့တင်ပုဆုံကြီး လှည်းလုပ်လို့စီးဆိုပြီး
အစခံရတဲ့တစ်ယောက်မှတ်လား..."

"အေးဟေ့...အဲဒီ့အိမြတ်နဲ့ ကြည်ပြာမ မနေ့က Time City မှာတွေ့ကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းနဲ့ ကိုမြင့်သူကိစ္စပြောဖြစ်ကြရော အဲ့မှာ အိမြတ်ကအကုန်ပြောပြလိုက်တော့မှ ကိုမြင့်သူရဲ့အပုပ်တွေကို သူအကုန်သိပြီး ငါ့ဆီကိုရောက်လာတယ်...ငါလည်းကိုဘုန်းမြတ်ကို နင်အရင်ထဲကကြိတ်ကြွေခဲ့တဲ့အကြောင်းတွေ ပြောပြလိုက်တာပေါ့...အဲ့ဒီမှာ ကြည်ပြာမက..."

"လေကြောရှည်လိုက်တာ သူဇာရယ် ငါ့ကိုပေးစမ်းပါ..."

သူဇာ့အသံတင်မဟုတ်ပဲ ဟိုဘက်အခြမ်းမှ
ကြည်ပြာ့အသံကိုပါ လိပ်ပြာရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်။

"လိပ်ပြာ ငါတောင်းပန်ပါတယ် ငါစိတ်လိုက်မာန်ပါ လုပ်လိုက်၊ပြောလိုက်မိတယ် နင်ငါ့တိုက်ခန်းကိုသာပြန်လာခဲ့ပါဟာ ငါအုန်းပွဲ၊ငှက်ပျောပွဲနဲ့ကို နင်ကျေနပ်တဲ့အထိ ထိုင်တောင်းပန်ပါ့မယ်နော်...အခုလေငါ့အတွက် CEOဘုန်းမြတ်ဆိုတာလည်းမလိုဘူး...နင်တို့ကိုသာငါ့ဘေးနားမှာ ရှိစေချင်တာပါ"

ကြည်ပြာ့အပြောကြောင့် လိပ်ပြာရယ်ချင်သလို ငိုချင်သလိုဖြစ်နေရသည်။

"ကြည်ပြာရယ်...ငါလေ နင့်အပေါ်မှာဘယ်လိုမှ အပြစ်မယူပါဘူးဟာ...ငါနားလည်ပါတယ်.."

"နင်တကယ်ပြောတာနော် လိပ်ပြာ..."

"တကယ်မဟုတ်ဘူး နှစ်ကယ်ဟာ...ဒါပေမဲ့ငါနင့်တိုက်ခန်းကိုပြန်လာလို့မရသေးဘူး ငါဒီမှာရှင်းရမဲ့ကိစ္စလေးရှိနေတယ်လို့ ထင်တယ်...အဲ့ဒါပြီးတာနဲ့ ငါပြန်လာခဲ့ပါ့မယ်နော်..."

"အေးပါဟာ နင်ပြန်လာမယ်ဆိုရင် ပြီးတာပဲ..."

"အေး...အဲ့ဒါဆိုဒါပဲနော် ..."

"တူ...တူ..တူ.."

ဖုန်းကျသွားတာနဲ့ လိပ်ပြာရဲ့စိတ်တွေလွတ်လပ်သွားသလို ခံစားနေရသည်။မှန်ချပ်တွေမှာ ချထားတဲ့လိုက်ကာတွေကို ဘေးသို့တွန်းပစ်ပြီး ပြူတင်းပေါက်ကို ဖွင့်ကာ သန့်ရှင်းလတ်ဆတ်တဲ့လေထုကို တစ်၀ကြီးရှူရှိုက်ပစ်လိုက်မိသည်။

"ဟင်.. ကိုကိုနဲ့ မမဆု..."

ကွန်ဒို‌ရဲ့ အောက်ခြေ လူသွားစင်္ကြန်လမ်းမပေါ်မှာ ကိုကိုနဲ့မမဆုက အားကစား၀တ်စုံတွေကို ၀တ်ကာ လေ့ကျင့်ခန်းလုပ်ပြီးလို့ ပြန်လာကြဟန်တူသည်။
ရယ်လို့၊မောလို့ပေါ့။
ကိုကိုက ဘာအချိုးချိုးတာလဲ။လိပ်ပြာနေရာမှာ
မမဆုကဘာလို့ရှိနေရတာလဲ။ကြည်လင်နေတဲ့ စိတ်တွေဟာ ထုံး၀င်မွှေလိုက်သလို နောက်ကျိသွားတော့သည်။

"...စိတ်ရှုပ်တယ်ဟာ...မျက်နှာသစ်တာပဲကောင်းတယ်..."

လိပ်ပြာမျက်နှာသစ် သွားတိုက်ပြီး မနက်စာပြင်ဆင်ဖို့ ထမင်းစားခန်းထဲကို၀င်လာတော့ ကိုကိုနဲ့ မမဆုက မနက်စာတောင်စားနှင့်နေကြပါလား။

"လိပ်ပြာနိုးပြီလား...ကိုယ်တို့နဲ့မနက်စာအတူလာစားလေ..."

ကိုကိုကထိုင်ရာမှ ထလာပြီး လိပ်ပြာရဲ့ပုခုံးကိုလာဖက်လေသည်။အဲ့ဒါကိုဟိုမိန်းမကြီးက မျက်နှာရှုံ့မဲ့သွားတာကိုလည်းလိပ်ပြာတွေ့လိုက်ပါတယ်။
ဒီမိန်းမက ကိုကိုနဲ့ဆိုရင်ရုပ်ကတစ်မျိုး လိပ်ပြာနဲ့ဆိုရင် တစ်မျိုးပြောင်းသွားရော။

"လာလေ...မမဆုက တကူးတကပါစတာလုပ်လာပေးတယ်..."

"ပါစတာ..."

"မင်းမသိဘူးလား...ဘုန်းမြတ်ကမနက်စာကို
ပါစတာနဲ့စားရမှ စား၀င်တာလေ ဒါကြောင့်ဘုန်းမြတ်ကိုစားစေချင်လို့ လုပ်လာပေးတာ အများကြီးကျန်သေးပါတယ် မင်းလည်းကြိုက်ရင်ယူစားပေါ့..."

ဒီယုန်မြင်လို့ ဒီချုံထွင်နေတာများ မသိရင်ခက်မယ်။နွားအိုမြက်နုကြိုက်တဲ့ နွားမကြီး မဟုတ်ပါဘူး မိန်းမကြီးမှန်း စတွေ့ကတည်းကသိပြီးသားပါ။
"ဘုန်းမြတ်ကိုစားစေချင်လို့"ဆိုပြီး ကြော်ငြာ၀င်လိုက်တည်းက လိပ်ပြာကိုတော့ တစ်စက်မှ မသဒ္ဒါဘူးလို့ပြောချင်တာပေါ့လေ။
အကျင့်ကိုက နောက်ချေးထဲကပိုးကောင်လောက်တောင် အဆင့်မရှိဘူး။ပုပ်အဲ့နံဆော်နေတာပဲ။

"‌မမဆုလက်ရာဆိုတော့ သိပ်ကောင်းမှာပဲနော်
ကိုကို့လို ဘိုရူး...အဲမဟုတ်ပါဘူး...ကိုကို့လိုဘိုစာမှဘိုစာဖြစ်နေတဲ့ လူတွေကပဲ ဘိုစာကြိုက်ချင်ကြိုက်မှာပေါ့ လိပ်ပြာကတော့ မြန်မာစာonlyမို့ ကိုယ်ဘာသာထမင်းပဲကြော်စားလိုက်တော့မယ်..."

မမဆုဆိုတဲ့ မိန်းမကြီးကို ပြုံးသလိုမဲ့သလိုနဲ့ပြောပစ်လိုက်ပြီး ကိုကို့ဘက်ကိုလှည့်ကာ ကိုကို့လက်မောင်းကို ညင်ညင်သာသာလေး ဖက်ပြလိုက်သည်။ပြီးတော့ ကိုကို့မျက်လုံးကိုတည့်တည့်ကြည့်ပြီး ခံစားချက်တွေကို တစ်လုံးချင်းဖော်ပြပစ်လိုက်သည်။

"ကိုကိုကလေ...ပါစတာကိုသိပ်ကြိုက်တာပဲလား...
ဟုတ်လား...အဟင်း ဒါဆို ၀အောင်စားနော် မ၀သေးရင်လေ...မမဆုကိုထပ်ချက်ခိုင်းလိုက်ပေါ့ လိပ်ပြာကတော့ ဒီနေ့ကစပြီး ကိုယ်စားဖို့ပဲကိုယ်ချက်တော့မယ်..."

"ဟာ...လိပ်ပြာ...လိပ်ပြာ.."

သူ့ကိုရွဲ့စောင်းကာပြောပစ်ခဲ့ပြီး ကွန်ဒိုအပြင်ကိုထွက်သွားတဲ့သူမကြောင့် သူခေါင်းနပန်းကြီးသွားသည်။

"မမ...တောင်းပန်ပါတယ်နော်...လိပ်ပြာက ကလေးသိပ်ဆန်တာ ကျွန်တော် သွားချော့လိုက်အုံးမယ်..."

"အဟင်း...ကိစ္စမရှိပါဘူး...သွားချော့သွား..."

ထွက်သွားတဲ့ဘုန်းမြတ်ရဲ့ ကျောပြင်ကိုကြည့်ပြီး
ဆိုဖီ ခုံကိုတစ်ချက်ပိတ်ထုပစ်လိုက်သည်။
ကောင်မလေးက ကြည့်တော့သာကလေးရုပ်နဲ့
အကျောကမသေးဘူးပဲ။မူယာမာယာတွေ လုပ်ပြနေလိုက်တာများ ဘုန်းမြတ်နဲ့ သူ့လိုအဆင့်နဲ့ကတန်လို့လား။ရုပ်ကလေး ဗန်းပြပြီးခြူစီလုပ်နေတာပဲ နေမယ်။

🦋🦋🦋🦋🦋🦋🦋

တိုက်ခန်းထဲမှ ထွက်လိုက်ပြီး အဖြူရောင်လိပ်ပြာလေးကို လိုက်ရှာမိတော့ လိပ်ပြာကဓာတ်လှေကားစောင့်နေဟန်တူသည်။ဒီကောင်မလေးဘယ်ကိုထွက်ပြေးမလို့ပါလိမ့်။

"အမေ့..."

ဓာတ်လှေကားတံခါးပွင့်လာတာနဲ့ လိပ်ပြာ၀င်မယ်လုပ်တော့ လူကလေထဲကိုမြောက်တက်သွားသည်။

"ကိုကို ဘာလုပ်တာလဲ လိပ်ပြာကိုအောက်ချပေးနော်..."

"ချပေးလိုက်ရင် ဒီငရစ်လေးကထွက်ပြေးသွားမှာပေါ့..."

ကိုကိုက လိပ်ပြာရဲ့ကျောပြင်နဲ့ ဒူးအကွေးနေရာမှနေပြီး လေ့ကျင့်ခန်းလုပ်ရင်မ‌တဲ့အလေးတုံးလိုပဲ အသာလေးပွေ့ချီထားလေသည်။

"အဟင်း...မရစ်စေချင်ရင် ဆင်ခြင်လေ...လိပ်ပြာမှာတော့ သူ့ကိုချစ်လွန်းလို့ ဟင်းမျိုးစုံချက်ကြွေးလိုက်ရတာ သူကတော့ သူများလုပ်တဲ့ ပါစတာကိုမှကြိုက်ပါတယ်တဲ့ အဲ့လောက်တောင်ကြိုက်နေရင်လည်း အိမ်မှာသာအပြီးခေါ်ထားလိုက်တော့ လေ...
လိပ်ပြာဒီနေ့ပဲဆင်းပေးမယ်..."

မျက်နှာလေးကမသာမယာနဲ့ သ၀န်တိုမှုတွေကို ပေါက်ကွဲထွက်ပြနေတဲ့ သူမကိုကြည့်ပြီး သူစိတ်မကောင်းတော့ဖြစ်မိသည်။

"ကိုယ်တောင်းပန်ပါတယ်လိပ်ပြာရယ် မမဆုကကိုယ့်ကျေးဇူးရှင်ရဲ့သမီးမို့ ကိုယ်လိုက်လျောပေးမိတာပါ ...ကိုယ်တကယ်စိတ်မကောင်းပါဘူး..."

ညှိုးကျသွားတဲ့ ကိုကို့မျက်နှာကိုကြည့်ပြီး လိပ်ပြာသနားသွားမိတယ်။လိပ်ပြာရွဲ့တာများသွားပြီထင်ပါရဲ့။လိပ်ပြာကိုယ်တိုင်ကလည်း ကိုကို့အပေါ်ကို အကြာကြီးစိတ်မဆိုးနိုင်ပါဘူးလေ။
ကိုကို့လည်ပင်းကိုလက်နှစ်ဖက်နဲ့ဖက်ထားရင်းမှ
ကိုကို့ရဲ့ပါးပြင်လေးကို နမ်းရင်းနှစ်သိမ့်ပေးလိုက်သည်။

"စိတ်မကောင်းဖြစ်ရင် ဒီနေ့လိပ်ပြာကို ဈေး၀ယ်ဖို့
စူပါမားကပ်ကိုလိုက်ပို့ရမယ် ပြီးရင်နေ့လည်စာအတူစားကြမယ်...မမဆုကိုမခေါ်ရဘူးနော်..."

"လိပ်ပြာရဲ့ သဘောဗျာ..."

ဒီလိုနဲ့ ဓာတ်လှေကားထဲကိုလည်းမ၀င်ဖြစ်တော့ပါပဲ ငယ်ရွယ်တဲ့ချစ်သူနှစ်ဦးဟာ အချစ်အသိုက်အမြုံကြီးရှိရာ တိုက်ခန်း‌လေးဆီသို့သာ  ခြေဦးပြန်လှည့်မိကြပါတော့တယ်။
အဖော်‌မဲ့နေတဲ့ ဓာတ်လှေကားကြီးရဲ့ တံခါးချက်ဟာလည်း အလိုလိုပြန်ပိတ်သွားလေသည်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်

=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၁


"ကိုကို...ဒီဟာလေး..."

"ဘုန်းမြတ်...မမဆုကို ဒီကော်ဖီဘူးလေး ယူပေးပါလား..မမှီဘူးဖြစ်နေတယ်.."

ကိုကိုနဲ့နှစ်ယောက်ထဲ အတူရှိချင်လို့ စင်တာမှာဈေးလာ၀ယ်ပါတယ်ဆိုနေမှ ဟိုမိန်းမကြီးက အလိုက်ကန်းဆိုးမသိပဲ သူများချစ်သူစုံတွဲကြားမှာ ကန့်လန့်၊ကန့်လန့်နဲ့ပါလာလေရဲ့။
ဘယ်ဥကပေါက်လာလို့ ဒီလောက်လက်ပေါက်ကပ်တာလည်း မသိတော့ပါဘူး။ဘယ်ဂျိုပေါ်ကနေ ရောက်လာလို့ ဒီလောက်အထိလူမှုရေးနားမလည်ရတာလဲ။

သူ့ကြည့်တော့ ‌သုံးလက်မဒေါက်ဖိနပ်ကြီးစီးထားပြီး ဟိုဟာမမှီဘူး ဒီဟာယူလို့မရဘူးနဲ့  ကောင်းတော့လည်း ကောင်းပါတယ် အမြင်ကပ်ဖို့။

ကိုယ့်ပစ္စည်းကိုယ် အပိုင်ကိုင်ထားရမယ်ဆိုတဲ့ စိတ်နဲ့ ကိုကိုတို့ရပ်နေတဲ့ နေရာဆီကို လိပ်ပြာ‌ လျှောက်သွားလိုက်တယ်။

"ဘေးကို..ဘေးကို ဖယ်ကြပါ...တိုက်မိမယ်
ဖယ်ပေးကြပါ..."

အသံကြားရာကို ကြည့်လိုက်တော့ မုန့်ပုံးတွေသယ်လာတဲ့ လှည်းကအရှိန်နဲ့ လိပ်ပြာရပ်နေတဲ့ နေရာဆီကိုတည့်တည့်ကြီး လာတိုးနေသည်။
 လိပ်ပြာကြောက်ပြီး မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တော့ ရုတ်တရက် လက်မောင်းကနေလှမ်းအဆွဲခံလိုက်ရတာကြောင့် အနောက်ကိုနည်းနည်းယိုင်သွားလေသည်။

"ဟာ..ညီမလေးကို တိုက်မိသွားသေးလား...
အစ်ကိုက မုန့်ပုံးတွေနဲ့ ကွယ်နေလို့ ရှေ့ကိုသိပ်မမြင်ရဘူး...ဒါကြောင့်ကြိုဖယ်ခိုင်းတာပါ...
တောင်းပန်ပါတယ်နော်..."

"ရတယ်အစ်ကို..."

တွန်းလှည်းတွန်းတဲ့ ၀န်ထမ်းကို စကားပြောပြီးနောက်မှာ ကိုကို့ဆီအကြည့်ရောက်သွားတော့ ဟိုမိန်းမကြီးက တွန်းလှည်းအတိုက်ခံရမှာဆိုးလို့ ကိုကို့ဘေးနားမှာ ကပ်ပြီးမတ်တက်ရပ်နေ လေသည်။

"လိပ်ပြာ..လန့်သွားသေးလား..."

"ဟင်...ကိုထွန်းဝေ..."

 လိပ်ပြာရဲ့လက်ကို အနောက်ကနေဆွဲလိုက်တဲ့ သူအား  အခုမှပဲသေချာကြည့်မိတယ်။
ကိုထွန်းဝေက လိပ်ပြာကိုစိုးရိမ်ဟန်နဲ့ မေးနေလေသည်။

"ထွန်းဝေ..တိုက်ဆိုင်လိုက်တာ..မင်းရောဈေးလာ၀ယ်တာလား..."

အခုမှ ကိုကိုက လိပ်ပြာဘေးနားကိုရောက်ချလာပြီး ကိုထွန်းဝေ ကိုင်ထားတဲ့လိပ်ပြာရဲ့လက်ကိုပြန်ဆွဲယူပြီး မေးလေသည်။

"အေး..တစ်ပတ်စာဈေးလာ၀ယ်တာ.."

"ဟိုင်း..ထွန်းဝေ.."

"ဟာ...မမဆိုဖီ..."

ဒီမိန်းမကြီးက ပါလေရာငါးပိချက်ပါလား။အခုလည်းကိုထွန်းဝေကို "ဟိုင်း"ပဲပြောရသေးတယ် လူကအရင်ဖက်ပြီး နှုတ်ဆက်နေပြီ။
တော်တော် လက်ရဲဇက်ရဲနိုင်တယ်။

"မမဆိုဖီ..ဒီကိုရောက်နေတာ ကြာပြီလား..."

"မကြာသေးပါဘူး..မနေ့ကမှရောက်တာ..."

"အခုရော...ဘယ်မှာတည်းနေတာလည်း..."

"ဘုန်းမြတ်ပိုင်တဲ့ Royal ဟိုတယ်မှာပဲလေ..ဘုန်းမြတ်က တို့ကိုအလကားတည်းခွင့်ပေးတော့ အကုန်အကျသက်သာတာပေါ့..."

အခုဆိုရင် လိပ်ပြာရဲ့ဘေးမှာ တစ်ယောက်မှမရှိတော့ပါဘူး။အကုန်လုံးက ဟိုမိန်းမကြီးဆီကိုပဲ အာရုံရောက်နေကြတယ်။ကိုကိုနဲ့ လိပ်ပြာရဲ့သီးသန့် ဒိတ်လုပ်တာကလည်း ပျက်ပြီလို့ပဲသတ်မှတ်လိုက်ပါတော့တယ်။
၀မ်းနည်းမှုနဲ့အတူ စိတ်ဓာတ်တွေက အောက်ဆုံးအထိထိုးကျသွားပြီး အခြားကိုအကြည့်လွှဲလိုက်မိတော့ လိပ်ပြာရဲ့မြင်ကွင်းထဲမှာ ကံကောင်းခြင်းနတ်သားလေး တစ်ပါးက အလိုလိုရောက်ရှိလာ‌ သည်။
‌မုန့်တွေ စီတန်းထားတဲ့ စင်တွေကြားမှာ ရှိနေတာက  တော့ လူငယ်ဆန်ဆန် ကျောပိုးအိတ်ကို တစ်ကြိုးပဲလွယ်ကာ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကိုယ်ကြပ်အနက်‌ရောင်လေးကို ၀တ်ထားတဲ့ကယ်တင်ရှင်နတ်သားလေး ဖိုးချွန်ပါပဲ။

"ဖိုးချွန်!!!!!..."

လိပ်ပြာက အသံကျယ်ကျယ်နဲ့အော်ခေါ်လိုက်တာကြောင့် ဖိုးချွန်ကလည်း မျက်လုံးပြူးလေးနဲ့  ပြန်ကြည့်လာသလို ဘေးနားကသုံးယောက်ကလည်း လိပ်ပြာဆီသို့ အကြည့်ရောက်လာကြ‌ လေသည်။
ကိုကိုဆုပ်ကိုင်ထားတဲ့ လက်ကိုရုန်းလိုက်ပြီး
ဖိုးချွန်ရှိရာဆီသို့သာ ခပ်မြန်မြန်လျှောက်သွားလိုက်တယ်။

"ဖိုးချွန်...နင်ဒီကိုဘာလာလုပ်တာလဲ..."

"ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆီကို အလည်လာတာ သူကအပြင်သွားနေတာနဲ့
ပျင်းလို့ စင်တာထဲမှာ လျှောက်ပတ်ကြည့်နေတာ.."

"ဒါဆိုရင် အခု နင်တစ်ယောက်တည်းဆိုတာ သေချာတယ်ပေါ့..."

"သေချာတယ်လေ...ဘာဖြစ်လို့လည်း..."

ဖိုးချွန်ကနားမလည်စွာ မေးလာတော့ လိပ်ပြာရဲ့ခေါင်းထဲကို အကြံတစ်ခုကရောက်လာသည်။
ချက်ချင်းပဲ ဖိုးချွန်ရဲ့ လက်ကိုဆွဲပြီး ကိုကိုတို့ရပ်နေတဲ့ နေရာဆီသို့ ခေါ်လာလိုက်တယ်။
ဖိုးချွန်ကတော့ သူ့လက်ကိုလာဆွဲတဲ့ မမကြောင့် ကြက်သီးတွေပါ တဖြန်းဖြန်းထကုန်ကာ ဖျားပါဖျားချင်လာတဲ့ အထိပါပဲ။

"လိပ်ပြာ...သူက..."

သူ့ကောင်မလေးက အခြားကောင်လေးတစ်ယောက်ရဲ့လက်ကို တွဲထားတာမို့ ဘုန်းမြတ်သဘောမကျစွာ မေးလိုက်မိသည်။မျက်မှောင်ကြီးကိုလည်း သိသာစွာ အစွမ်းကုန်တွန့်ကုတ်ပစ်လိုက်မိသည်။

"ဒါက..လိပ်ပြာရဲ့ငယ်ပေါင်း၊ကြီးဖော် အိမ်နီးချင်းလေး..ဖိုးချွန်တဲ့...ကိုကိုက လိပ်ပြာထက်နှနှစ်ကြီးသလို ဖိုးချွန်ကလည်းလိပ်ပြာထက် နှနှစ်ငယ်တယ်...နော်...မောင်လေး..."

အမြဲတမ်း တစ်ဖိုးတည်းချွန်နေပြီး အခုမှမောင်လေး လုပ်နေတဲ့ မမလိပ်ပြာကို ဖိုးချွန်ခမျာ နားမလည်နိုင်စွာ ကြည့်လိုက်သလို ဘုန်းမြတ်မှာလည်း လက်သီးတွေကိုဆုပ်လိုက်မိသည်မှာ အကျောစိမ်းစိမ်းတွေပါ ထင်းခနဲပေါ်လာလေသည်။
မကောင်းတတ်လို့သာ ကြည့်နေရတာ။

"ကိုထွန်းဝေလည်း...ဖိုးချွန်နဲ့ခင်တာပဲလေ..ဟုတ်တယ်မှတ်လား..."

"ဒီကောင်နဲ့တော့ မခင်ချင်ပါဘူး..."

"ခင်ဗျားနဲ့လည်း ကျွန်တော်က မခင်ချင်ပါဘူး..."

တစ်ယောက်နဲ့ တစ်ယောက်စောင်းမဲမဲလုပ်နေတဲ့ ဖိုးချွန်နဲ့ ထွန်းဝေကိုကြည့်ပြီး ဘုန်းမြတ်ဇာတ်ရည်မလည်ဖြစ်သွားလေသည်။
လိပ်ပြာရဲ့ အိမ်နီးချင်းနဲ့ ထွန်းဝေနဲ့ကဘယ်လိုလုပ်ပြီးသိသွားတာလဲ။

"ထွန်းဝေ...လိပ်ပြာရဲ့အိမ်နီးချင်းနဲ့ မင်းကဘယ်လိုလုပ်ပြီး သိသွားတာလဲ..."

"အဲ..အဲ့ဒါက..ဒီလိုရှိတယ်..."

"ဟိုတစ်ခါလိပ်ပြာ အိမ်ပြန်တဲ့လမ်းမှာ ဆုံကြပြီး အိမ်ကိုလိုက်လည်တာလေ..ဖိုးချွန်နဲ့တင်မဟုတ်ဘူး လိပ်ပြာတို့ တစ်မိသားစုလုံးကပါ ကိုထွန်းဝေကို ခင်သွားကြလို့ နောက်တစ်ခါလာလည်ပါအုံးတဲ့ ဖိတ်လိုက်တယ်နော်..ကိုထွန်း..."

"ဟင်..."

ကိုထွန်းဝေကနေ ကိုထွန်းဖြစ်သွားတဲ့ လိပ်ပြာကို အမျိုးသားသုံးယောက်လုံးက ဝိုင်းပြုံကြည့်လာကြသည်။ထိုအထဲမှာ ဒေါသမီးတဟုန်းဟုန်းတောက်လောင်နေတာကတော့ ဘုန်းမြတ်ပေါ့။
လိပ်ပြာကလည်း ကိုကို့ပုံစံကို ကျေနပ်သွားပြီး
ဂရုမစိုက်ဟန်ဆောင်ကာ ဖိုးချွန်ကိုပဲ ကြည့်လိုက်တယ်။

"မောင်လေး...မမတို့နေ့လည်စာ သွားစားကြမလို့ လိုက်ခဲ့ရမယ်နော်...ကိုထွန်းဝေလည်း လိုက်ခဲ့ပေါ့...လူစုံတပ်စုံဆိုတော့ ပျော်စရာသိပ်ကောင်းမှာပဲ..ဟုတ်တယ်မှတ်လား မမဆု..."

"အဟင်း..သိပ်ဟုတ်တာပေါ့...."

ကိုကို့ကိုမကြည့်ပဲ မမဆုကိုသာဒဲ့ကြည့်ပြီး မေးပစ်လိုက်တယ်။လိပ်ပြာတို့ရဲ့ နှစ်ယောက်သီးသန့်ဒိတ်လေးကို လူစုံအောင်လုပ်ပစ်လိုက်တာ သူလေ။
အဲ့တော့ သူကအဓိကတရားခံပဲ။

"ဘုန်းမြတ်..ငါက ကားပါလာတယ်...မင်းတို့သွားချင်တဲ့ဆိုင်ကို ရှေ့က‌နေလမ်းပြ ငါနောက်ကနေ မောင်းလာခဲ့မယ်..."

"ကောင်းပြီလေ..."

"လိပ်ပြာနဲ့ ဖိုးချွန်လည်း ကိုထွန်းရဲ့ကားနဲ့ပဲ လိုက်ခဲ့မယ်..."

"လိပ်ပြာဖြူ!!!!"

ကိုကိုကလိပ်ပြာကို အော်လိုက်ပေမဲ့ လိပ်ပြာကတော့ မျက်နှာတည်၊မျက်နှာထားနဲ့ပဲ ဂရုမစိုက်သလို နေပြလိုက်ပြီး ကိုထွန်းဝေကိုသာ ကြည့်လိုက်သည်။

"လိပ်ပြာနဲ့ ဖိုးချွန်ကို ကိုထွန်းရဲ့ကားနဲ့ တင်ခေါ်သွားမယ်မှတ်လား..."

"လိပ်ပြာက ဘုန်းမြတ်တို့နဲ့ မလိုက်ဘူးလား..."

ဘုန်းမြတ်ကို တစ်ချက်လှမ်းကြည့်ပြီး မေးသာမေးရတယ် ဘုန်းမြတ်ရဲ့အကြည့်စူးစူးကိုကြည့်ပြီး ထွန်းဝေလည်း နဖူးမှာချွေးပါစို့ချင်ချင်ဖြစ်လာရတယ်။

"ဘာလဲ...လိပ်ပြာတို့ကို တင်မခေါ်ချင်ဘူးလား..."

"ဟာ...မဟုတ်ပါဘူး...လိပ်ပြာလိုက်ချင်တယ်ဆိုရင် ခေါ်မှာပေါ့...."

"‌ဘုန်းမြတ် မမတို့သွားကြရအောင်လေ...လိပ်ပြာကသူတို့နဲ့စီးမယ်ဆိုတော့...."

အခွင့်အရေးလေး ပေးလိုက်တာနဲ့ ကိုကို့လက်ကိုချိတ်ပြီး အတင်းဆွဲခေါ်သွားတဲ့ မိန်းမကြီးကို လိပ်ပြာမဲ့ပစ်လိုက်သည်။စိတ်ကမခံနိုင်လို့သာ အရွဲ့တိုက်လိုက်ရတာ။ကိုယ့်ဟာလေး ပါသွားတော့လည်း နှမျောသလိုလို၊တွန့်တိုသလိုလို ဖြစ်နေရတယ်။

"ကဲ...လိပ်ပြာ ကိုယ်တို့လည်း ကားပါကင်ကိုသွားကြမယ်..."

"အင်း..."

"အင်း"တစ်လုံးသာ ပြောပြီးခေါင်းငိုက်ဆိုက်ချကာ အရှေ့မှထွက်သွားနှင့်တဲ့ သူမကို နားမလည်နိုင်စွာ ဖိုးချွန်နဲ့ထွန်းဝေခမျာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။

"မမလိပ်ပြာ...ဘာဖြစ်နေတာလည်း..ခင်းဗျားသိလား...ဟိုလူကရောဘယ်သူလည်း..."

"လိပ်ပြာ ဘာဖြစ်နေသလဲတော့ ငါမသိဘူး မင်းပြောတဲ့ ဟိုလူက ဘုန်းမြတ်သူရတဲ့ လိပ်ပြာရဲ့ရည်းစား
မသိရင်မှတ်ထား..."

"အော်..မမလိပ်ပြာရဲ့ရည်းစားကို...ဘာ!!!!
မ..မ..မမလိပ်ပြာမှာ ရည်းစားရှိနေပြီ.."

အံ့ဩပြီး မျက်လုံး၊မျက်ဆံပြူးသွားတဲ့ ဖိုးချွန်ကိုဘ၀တူချင်းမို့ စာနာစွာ ပုခုံးကိုတစ်ချက်ပုတ်ပြီး အားပေးလိုက်တယ်။

"မင်းနဲ့ငါ့အတွက် မျှော်လင့်ချက်မဲ့သွားပြီမို့
ငါတို့ရန်ဖြစ်လည်း မထူးတော့ပါဘူးငါ့ကောင်ရေ...
ဟိုက ဘဲရသွားပြီ...စိတ်သာလျှော့လိုက်ပါတော့..
ဘုန်းမြတ်ဆိုတာ ငါတို့ယှဉ်နိုင်တဲ့ကောင် မဟုတ်လို့ ငါလည်းကျန်စစ်သားနဲ့အမျိုးတော်ပစ်လိုက်ပြီ..အခုကစပြီး ငါ့နာမည်လည်း...ကျန်‌ထွန်းဖြစ်သွားပြီလို့ပဲ မှတ်လိုက်ပါ‌တော့ကွာ..."

"ဟာ..စိတ်အချဉ်ပေါက်နေရတဲ့ ကြားထဲ အခြောက်အသံနဲ့ လာငိုပြနေတယ်...သွားဗျာ"

ထွန်းဝေက ငိုသံပါကြီးနဲ့စလိုက်တော့ ဖိုးချွန်မှာ
ဘုန်းမြတ်အပေါ်မကျေနပ်နေတာတွေကို ထွန်းဝေအပေါ်သို့ ပုံချပစ်လိုက်မိ‌လေသည်။
ဒါမှန်းသိရင် မမလိပ်ပြာကို ဟိုးအရင်တည်းက ချစ်ရေးဆိုခဲ့တာပေါ့။ငယ်ငယ်တည်းက အတူသွား၊အတူစားဖြစ်ခဲ့တာကြောင့် မမဟာ မေမေပြီးရင်
ဖိုးချွန်အတွက်အရေးအပါဆုံး အမျိုးသမီးပဲ။မမကို ဖိုးချွန်သိပ်တန်ဖိုးထား၊မြတ်နိုးလွန်းလို့ ချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောဖို့သတ္တိမရှိခဲ့ဘူး။
မမတစ်ခါကပြောဖူးတယ် "ငါတို့ကအလုပ်မရှိ အကိုင်မရှိဆန်ကုန်မြေလေးတွေကို စိတ်မ၀င်စားဘူးတဲ့လေ"။ထိုစကားကို ဖိုးချွန်အသဲထဲကနေ စွဲနေအောင်ကို မှတ်ထားခဲ့တယ်။
ဒါကြောင့် အလုပ်တစ်ခုအတည်တကျဖြစ်တော့မှ ဖွင့်ပြောမလို့ စဉ်းစားထားတဲ့ ဖိုးချွန်ရဲ့ အိပ်မက်ကလေးဟာလည်း တစ်နေ့တည်းနဲ့ ကျေပြတ်သွားပါတော့တယ်။

💔💔💔💔💔💔💔😢💔💔

လိပ်ပြာကားပေါ်မှဆင်းဆင်းခြင်း ရှမ်းရိုးရာရဲ့ ဆိုင်ခွဲဖြစ်တဲ့ မနော်ဟရီရှမ်းစားသောက်ဆိုင်လေးကို ဝေ့ဝဲကြည့်မိလေသည်။အရမ်းလှတာပဲ။တကယ့် ရှမ်းစော်ဘွားတွေနေတဲ့ အဆောက်အဦးလို ခံစားသက်၀င်ပြီး ဆောက်ထားတာကြောင့် နိုင်ငံခြားခရီးသွားတွေ လာစားသင့်တဲ့ နေရာလေးပါပဲ။
၀န်းထမ်းတွေကလည်း ရှမ်းရိုးရာ၀တ်စုံလေးတွေကို ၀တ်ထားကြပြီး တကယ်ဖော်ရွေကျပါတယ်။

လိပ်ပြာတို့အဖွဲ့က အဆောက်အဦးထဲကိုမ၀င်တော့ပဲ အပြင်ဘက်မှ ခုံတန်းတွေမှာနေရာ၀င်ယူလိုက်သည်။

ဘုန်းမြတ်မှာ စိတ်ဆိုးနေတဲ့ ချစ်သူလေးကို
ဒီလူအုပ်ထဲကနေ ဆွဲခေါ်ပြီးဘယ်လိုချော့ရမလည်း စဉ်းစားနေရတာ ခေါင်းကိုခြောက်ရောပဲ။

"ဘုန်းမြတ် မမ ဒီမှာထိုင်မယ်နော်..."

"ဗျာ..."

"ဘာလဲ မရဘူးလား..."

"ရ..ရပါတယ်..."

"ဘာလုပ်နေတာလဲ...ဘုန်းမြတ်လည်း ထိုင်လေ..."

တကယ်တော့ လိပ်ပြာနဲ့အတူထိုင်ဖို့ ခုံလေးတစ်လုံးကို အဆင်သင့်လုပ်ပေးထားတဲ့ဟာကို မမဆုက၀င်ထိုင်လိုက်လေသည်။သူလည်း‌ပြောရင်မကောင်းတတ်လို့ မပြောပဲနေလိုက်ရတယ်။
နောက်ဆုံးတော့ သူ့ကိုပါအတင်းထိုင်ဖို့ ပြောနေတာကြောင့် စိတ်အိုက်စွာပဲ ထိုင်ချလိုက်ရတယ်။

ကိုကိုက ဟိုမိန်းမဘေးကခုံမှာ ၀င်ထိုင်လိုက်တော့ ဒေါသကထောင်းကနဲထွက်သွားမိသည်။
နဂိုကမှ အပူချိန်က အနှုတ်အောက်ရောက်နေပါတယ်ဆိုနေမှ ထပြီးပေါက်ကွဲအောင်လာလုပ်နေတယ်။
ဒါမျိုးတော့ ဘယ်ရမလဲ။ဖိုးချွန်နဲ့ ကိုထွန်းဝေတို့နှစ်ယောက်ကြားမှာ လွတ်နေတဲ့ခုံမှာ ၀င်ထိုင်ပစ်လိုက်တယ်။

"ဘာ‌များသုံးဆောင်ကြမလဲရှင်..."

ရှမ်း၀တ်စုံနဲ့ ၀န်ထမ်းမလေးရဲ့ အမေးကြောင့် ကိုကိုရော ကိုထွန်းဝေရောက မီနူးကိုကြည့်ပြီးမှာကြလေသည်။

"ရှမ်းမြောက်ဟော့ပေါ့ပရီမီယမ်ရယ်,
ဖက်စောလောလေးတစ်ပွဲ,လားရှိုးကြီး၀က်စတူးတစ်ပွဲ,ငါးရနံ့မွှေးချက်တစ်ပွဲ,ဖက်တီးတော့တစ်ပွဲ
ငှက်ပျောဖူးထောင်း,ပဲတောင့်ရှည်ထောင်းတစ်ပွဲ
,ပြည်ကြီးငါးပဲပုတ်ကြော်,ကြက်ကချင်ချက်ရယ်,အင်းလေးဟင်းထုပ် နှစ်ပွဲ,ရှမ်းတို့ဖူးသုပ်,ကင်ပေါင်းကြော်,ခေါပုတ်ကြော်ရယ်..
လိပ်ပြာ ပုစွန်စားချင်ရင် ကိုယ်ပုစွန်ပွကြော်ထပ်မှာပေးမယ်လေ အဲ့ဒါက အစပ်လည်းမပါဘူး..."

"...မလိုပါဘူး..ရှင်အခုမှာ‌နေတာတွေနဲ့တင် စားပွဲ‌ တောင်ဆန့်ပါ့မလားမသိဘူး...ကျွန်မကစပ်လည်းစားတယ်,ချိုလည်းစားတယ်..ဟင်းဂျီးမများတတ်ဘူး.."

တမင်အမြင်ကပ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်သည်။

"အာ့ဆို ညီမလေး ခုဏကမှာထားတာတွေရယ် ထမင်းဖြူ ငါး‌ပွဲ လိုက်ပွဲပါချပေးနော်..."

"ဟုတ်ကဲ့ရှင့်..."

၀န်ထမ်းကောင်မလေး ထွက်သွားပြီးနောက်မှာတော့ စားပွဲဝိုင်းကြီးက မိနစ်နှစ်ဆယ်လောက်ကြာအောင် တိတ်ဆိတ်သွားလေသည်။
ထိုတိတ်ဆိတ်မှုကို  ဖြိုခွင်းလိုက်သူကတော့
ဖိုးချွန်ပါပဲ။

"မမလိပ်ပြာ ဒီလူကမမရဲ့ ရည်းစားဆို..."

"နင့်ကိုဘယ်သူပြောလဲ..."

"ကိုထွန်းဝေမောင်ပြောတာ...."

ဖိုးချွန်ကကိုထွန်းဝေကို မေးငေါ့ပြပြီးမေးနေတာကြောင့် လိပ်ပြာလည်းလက်ကိုပိုက်ပစ်ကာ တစ်လုံးချင်းစီဖြေပေးလိုက်တယ်။

"ဒီမှာ မောင်လေး..ငါ့ရည်စားဖြစ်မဲ့လူက ငါ့ကိုနားလည်၊အလိုလိုက်တဲ့လူမျိုးပဲ ဖြစ်ရမယ် သူ့လိုအသက်နှစ်ဆယ့်လေးနှစ်တည်းနဲ့ သက်ကျားအိုလိုပုံပေါက်ပြီး အလိုက်မသိ၊ကတိမတည်တတ်တဲ့လူမျိုးကို ငါကရည်းစားတော်ရမတဲ့လား...
ဝေးသေး..ဖိုးချွန် နင့်ဆီမှာရုပ်ရည်လည်းချော၊စိတ်သဘောကောင်း၊မနောကောင်းနဲ့ ကပ်လာတဲ့အင်းဆက်ပိုးမွှားတိုင်းကိုလေ အားမနာတမ်းဖယ်ချနိုင်တဲ့ သူငယ်ချင်းရှိရင်ရာ မိတ်ဆက်ပေးဖို့
မမေ့နဲ့..."

"လိပ်ပြာဖြူ!!!!!!..."

ဘုန်းမြတ်ရဲ့ဟောက်သံကြောင့် ထွန်းဝေမျက်ခုံးတစ်ဖက်တွန့်တက်သွားသည်။စိတ်ထဲမှာလည်း ကျေနပ်လိုက်တာ နှိုင်းပြစရာတောင်မရှိတော့ပါဘူး။
"မှတ်ပေတော့ သားကြီးရေ မင်းအရင်က
ငါအပါအ၀င် ရှိသမျှမိန်းကလေး၊ယောက်ျားလေး လူစုံတက်စုံအောင်ကို ချေမိုးပြလာခဲ့သမျှ တစ်ထိုင်တည်းနဲကို အတွယ်ခံနေရတာ ကျေနပ်လိုက်လေခြင်း.."လို့စိတ်ထဲမှ ပြောမိသလို အပြင်ကလည်း ပြုံးမိသွားလေသည်။

"မှာထားတာတွေ ရပါပြီ..ကျန်နေသေးတာတွေကိုတော့ ခဏနေရင်လာချပေးပါ့မယ်ရှင်..."

ဆိုင်၀န်ထမ်းက ဟော့ပေါ့ပွဲကြီးနဲ့ ရှမ်းရိုးရာဟင်းအချို့ရယ်,ထမင်းဖြူတွေရယ်ကို လာချပေးတာကြောင့် အစားစားခြင်းကို စတင်လိုက်ကြရသည်။

"ဘုန်းမြတ်..ပဲတောင့်ရှည်ထောင်းလေးစားကြည့်  မြေပဲလေးတွေနဲ့ စိမ့်နေတာပဲ..."

မမကဟင်းတွေကို တစ်မျိုးပြီး တစ်မျိုးလာထည့်ပေးနေတာကြောင့် ကျေးဇူးတင်ကြောင့် ခေါင်းပြန်ငြိမ့်ပြပြီး အပေါ်ကိုမော့အကြည့် မျက်စောင်းတစ်ခုနဲ့စုံလိုက်တာကြောင့် နေရာမှာတင်ပြာကျချင်သွားရသည်အထိ ထိတ်လန့်ရပြန်ပါပြီ။
သူ့အနေနဲ့ လိပ်ပြာကိုဟင်းလှမ်းခပ်ထည့်ပေးရအောင်လည်း ဘေးချင်းကပ်လျှက်မဟုတ်နေပဲ ကြားထဲမှာ ဟော့ပေါ့အိုးကခံနေလေသည်။
ဘုန်းမြတ်အဖို့ သက်ပြင်းတွေကို အခါခါချနေဖို့သာ ပဲတတ်နိုင်ပါတော့တယ်။

ကိုကို့ပန်းကန်ထဲကို ဟင်းမျိုးပေါင်းစုံအောင် ခပ်ထည့်ပေးရင်းနဲ့ ပြုံးပြလိုက်၊ကြာပစ်ပြလိုက်လုပ်နေတဲ့ ဟိုမိန်းမကိုရော ကျေနပ်နေသလိုမျက်နှာပေးမျိုးဖြစ်နေတဲ့ ဟိုလူကြီးကိုရော အမြင်ကပ်လာသည်။

"ရော့..မောင်လေးက ၀က်သားသုံးထပ်သားစား..."

ဟော့ပေါ့အိုးထဲမှ ၀က်သားသုံးထပ်သားကို ထမင်းအဖြူအပေါ်လာတင်ပေးတဲ့ မမကြောင့် ဖိုးချွန်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ထမင်းစားနေတဲ့ ဥစ္စာ ၀က်သားကိုအချဉ်ရေနဲ့ လာတို့စားခိုင်းနေတော့ ဟုတ်တော့မဟုတ်သေးပါဘူး။

"မမ..ကျွန်တော်က ထမင်းစားနေတာလေ ၀က်သားကြီးမစားချင်သေးဘူး..."

"လျှာမရှည်နဲ့ ငါစားဆိုစားလိုက်..."

"ညီမလေးရယ်..သူများကမစားချင်ရင် အတင်းမကျွေးနဲ့လေ..စားတဲ့သူကိုကျွေးရင်တော့ တစ်မျိုးပေါ့..."

သူနဲ့လည်းဘာမှမဆိုင်ပဲ လာ၀င်ပြောပြန်ပြီ။
ဟုတ်တာပေါ့ ကိုကိုကသူထည့်ပေးသမျှတစ်ခုမှ ငြင်းတာမှမဟုတ်တာ ပြောအားရှိမှာပေါ့။
လိပ်ပြာရဲ့စိတ်ထဲမှာ ငိုချင်လာတာပဲသိတယ်။

"ကိုကို အဲ့ဟင်းပွဲလေး..."

"ဘုန်းမြတ် မမကို ငှက်ပျောဖူးထောင်းပွဲလေး ကမ်းပေးပါလားကွယ်..."

ဆိုဖီ ဟင်းပွဲကို တမင်လှမ်းယူခိုင်းလိုက်တာပါ။
လိပ်ပြာဖြူရေ မင်းရဲ့ချစ်သူကိုရယူပြဖို့ တို့အတွက်ကြမ်းတမ်းပြစရာကို မလိုတာ။တစ်ဖြည်းဖြည်းနဲ့  လှိုက်စားပြီး မင်းရဲ့နေရာကို တို့ယူတော့မှာမို့ စိတ်တော့မကောင်းပါဘူး။
ဒါပေမဲ့ တို့ကဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့လူပဲ လိပ်ပြာဖြူ။

"အော်...ကိုထွန်းကိုလည်း ထည့်ပေးရအုံးမယ်...
ရော့..ကန်စွန်းဥလေးစားကြည့် အိနေတာပဲ..စားကြည့်နော်.."

ဟော့ပေါ့အိုးထဲကနေ ဖိုးချွန်ကို၀က်သားသုံးထပ်သား ယူကျွေးတာကတော့ ထားပါတော့။
ကိုယ့်အလှည့်ကျမှ ကန်စွန်းဥကို တစ်ကုတကလုပ်ပြီး လာထည့်ပေးနေတဲ့ ကောင်မလေးကိုကြည့်မိတော့ သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြလာသည်။

ထွန်း‌ဝေသိလိုက်ပါပြီ။ဒီပွဲမှာ ဖိုးချွန်နဲ့သူက ဓားစာခံတွေဖြစ်ပြီး လိပ်ပြာကခြိမ်းခြောက်သူဖြစ်ကာ
ဘုန်းမြတ်ကတော့ မျက်ရည်ယိုရမဲ့လူပေါ့။လိပ်ပြာချိန်ရွယ်နေတဲ့ လူဟာမမဆိုဖီဆိုတာလည်း သေချာနေပါပြီ။
ထွန်းဝေကြည့်နေတာ မမဆိုဖီကဘာလို့များ ဘုန်းမြတ်အနားမှာပဲ ကပ်နေရတာလဲ။
ဘုန်းမြတ်က အလိုက်သိတာကြောင့်ထားပါတော့ ဘုန်းမြတ်ရဲ့ကောင်မလေးတစ်ယောက်လုံးရှိနေတာကို ဒီလိုနေရာ၀င်ယူချင်တဲ့ ပုံစံမလုပ်သင့်ပါဘူးလေ။။ဆရာကြီးသာသိရင် သူ့သမီးဖြစ်သူရဲ့ လုပ်ရပ်တွေကို တော်တော်စိတ်ဆိုးမှာပဲ။

"လိပ်ပြာ သန့်စင်ခန်းကို ခဏသွားလိုက်အုံးမယ်..."

လိပ်ပြာသန့်စင်ခန်းကို သွားတာတွေ့တော့ ဘုန်းမြတ်လည်း အခွင့်ကောင်းကိုစောင့်ဆိုင်းနေသည့်အလျှောက် တုန့်ဆိုင်းမနေပဲ သူပါထထွက်လာခဲ့လိုက်သည်။

"လိပ်ပြာ..."

သန့်စင်ခန်းထဲကနေထွက်လာတော့ ကိုကိုကအပြင်မှာ ရပ်စောင့်နေလေသည်။

"ဘာလဲ...ရှင်နဲ့ကျွန်မကြားမှာ ဘာမှပြောစရာမရှိဘူး..."

"ကိုယ်ရှင်းပြတာကို နားထောင်ပါအုံးကွာ..."

လိပ်ပြာရဲ့လက်မောင်းကိုလှမ်းဆွဲထားတာကြောင့် ခြေလှမ်းတွေကိုရပ်ပစ်လိုက်ရသည်။
မဟုတ်ရင် ဆိုင်၀န်ထမ်းတွေက တစ်မျိုးထင်ကုန်ကြလိမ့်မယ်။

"မြန်မြန်ပြော "

"တကယ်တော့ မမဆုတို့သားအဖက ကိုယ့်အပေါ်မှာ ကျေးဇူးကျွေးတွေအရမ်းများခဲ့ပါတယ် .."

"အော် အဲ့ဒါနဲ့ပဲ ကျွန်မကိုပစ်ပြီး မမဆုဆိုတာနဲ့
ပတ်သတ်တော့မယ်ပေါ့ ကောင်းပါတယ်.."

"လိပ်ပြာ ကိုယ်အဲ့လို တစ်ခါမှမတွေးထားဖူးဘူး..
ကိုယ့်စိတ်ကအမြဲ လိပ်ပြာဆီမှာပါပဲ အခုက.."

"ဘာလဲ...ကျေးဇူးတရားပဲလာအုံးမှာမှတ်လား..
အဲ့လောက်တောင် ဖြစ်နေရင်လည်း အဲဒီ့ကျေးဇူးတရားတွေကို အတောင့်လိုက်မျိုချပြီး ရှင့်မမဆုကိုပဲအံကျွေးလိုက်တော့ ကျွန်မကတော့ ရှမ်းစာပဲကြိုက်တယ်..."

လိပ်ပြာက‌ အထင်အမြင်‌ တွေလွဲပြီး ပြောချင်တာတွေ ပြောခဲ့ကာထွက်သွားလေသည် ။
ဘယ်လိုပြောပြော မရတဲ့ချစ်သူကြောင့်
သူ့ကိုယ်သူလည်း မကျေမနပ်ဖြစ်မိသည်။ဒီအတိုင်းဆိုရင် ဆရာကြီးကလွဲရင် ဘယ်သူ့ကိုမှ ပြောမပြခဲ့တဲ့အမှန်တရားတွေ အားလုံးကို လိပ်ပြာကို ပြောပြမှဖြစ်တော့မယ်။
ဟုတ်တယ်။သူပြောပြမှ ဖြစ်မယ်။
 လိပ်ပြာအပေါ်မှာ လျှို့ဝှက်ထားတာတွေများလာရင် တစ်ချိန်ချိန်မှာ သူမပေါက်ကွဲပြီး သူ့ကိုစွန့်ခွာသွားမှာ သူသိပ်ကြောက်တယ်။
စိတ်ဓာတ်တွေကျစွာပဲ သူ့အဖွဲ့တွေစားသောက်နေကြတဲ့ စားပွဲဆီသို့သာ ပြန်လာခဲ့လိုက်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။

📳"တောင်..."

မက်ဆေ့အသံကြောင့် ဖုန်းကိုထုတ်ကြည့်မိတော့
ကိုကို့ဖုန်းနံပါတ်ဖြစ်နေသည်။တစ်စားပွဲတည်း ထိုင်နေတာကို ဘာလို့မက်ဆေ့လာပို့နေရတာလဲ။
စာကိုသေချာ ဖတ်ကြည့်လိုက်တော့...

✉️"လိပ်ပြာ ညကျရင် လိပ်ပြာကို ကိုယ်နဲ့ပတ်သတ်တဲ့ကိစ္စတိုင်းကို ပြောပြချင်တယ် ..
နားထောင်ပေးနိုင်မလား..ပြန်‌ဖြေပေးပါကွာ..."

ဖုန်းကိုကြည့်ပြီး ကိုကို့မျက်နှာကိုပြန်ကြည့်မိတော့ စိုးရိမ်မှုများနဲ့ တောင်းပန်းတိုးလျှိုးနေတဲ့ ကိုကို့ပုံစံလေးက လိပ်ပြာမသနားပဲမနေနိုင်အောင်ပါပဲ။
စိတ်ကောက်ပြနေပေမဲ့ပေါ့။

📳"တောင်..."

✉️"အင်း...နားထောင်ကြည့်တာပေါ့..."

လိပ်ပြာဆီမှ ပြန်စာကြောင့် ရင်ထဲမှာတော့
ပျော်ရွှင်မှု လှိုင်းလုံးလေးတွေ ပုတ်ခတ်လာသလိုခံစားလိုက်ရသည်။
အခုလို အထင်လွဲမှုတွေဖြစ်လာမှ သူမနဲ့ဝေးရမှာကိုပိုကြောက်သလိုလို၊သူမသူ့ကို စွန့်ခွာသွားမှာကို မခံစားနိုင်သလို စိတ်ခံစားချက်ကြီးက တော်တော်လေးကိုဆိုးမှန်းသိလိုက်ရတာ အမှန်ပါပဲ။
လိပ်ပြာ စိတ်ရှင်းအောင် မမဆုနဲ့သူ့ရဲ့ကြားထဲက အကန့်ကိုလည်း ထူထဲစွာ အုတ်မြှစ်ချမှရပါတော့မယ်။
မဟုတ်ရင် သူ့ကောင်မလေးက အရမ်းသ၀န်တိုတတ်တဲ့ မိန်းကလေးမို့ပါပဲ။ထွန်းဝေနဲ့ ဖိုးချွန်ကို  အရွဲ့တိုက်ပြီးလုပ်ပြ၊ပြောပြနေတဲ့ သူမရဲ့အပြုအမူတွေကြောင့် ငယ်ငယ်နဲ့သွေးတိုးရောဂါ ရနေမှာလည်းသေချာတယ်။

12:32AM

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋

တင်လိုက်ပါပြီ ည12ခွဲမှာ
ဇာတ်ကသိမ်းဖို့ လိုသေးတယ်နော်

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...