🦋အခန်း ၂၆ မှ အခန်း ၂၈ 🦋

  



ချစ်လိပ်ပြာလေး တဝဲလည်လည်

                             အခန်း၂၆


"အထဲကို ကြွပါခင်ဗျာ...."

ကမ်းနားလမ်းမှ ခြံ၀န်းကြီးတစ်ခုအရှေ့ကိုရောက်တော့ အ၀င်မှာကောင်လေးတစ်ယောက်က ၀င်ခွင့်ဖိတ်စာကဒ်တွေကို စစ်နေလေသည်။
ဘုန်းမြတ်ကက ထိုဧည့်ကြိုကောင်လေးအား ဖိတ်စာကဒ်ကိုပြလိုက်ရာ ချက်ချင်း၀င်ခွင့်ပြုလေသည်။

"မကြောက်နဲ့နော်...ဘာမှမဖြစ်ဘူး...."

သူမပုံစံလေးက ကြောက်နေတဲ့ပုံပေါ်တာကြောင့် သူ့လက်ကို ချိတ်ထားတဲ့ ဘူမလက်ကလေးကို
 ဖွဖွပုတ်လိုက်ပြီး အားပေးလိုက်သည်။
တကယ်တော့ ဒီနေ့ဟာသူမအတွက် ကြီးမားတဲ့လက်ဆောင်တစ်ခုကို သူပြင်ဆင်ထားပြီးသားပင်။

"လိပ်ပြာကို ဘာလို့ဒီနေရာကိုခေါ်လာရတာလည်း..."

"လာ...ကိုကိုပြစရာရှိတယ်...."

ရှင်းမွှေးလွန်းစာအုပ်တိုက်ရဲ့ နှစ်ပတ်လည်ပါတီသည် ရောင်စုံမီးတွေတစ်ဖျတ်ဖျတ်လင်းလက်နေတာမျိုးမဟုတ်ပဲ ညနေစောင်းအချိန်ဖြစ်၍ လမ်းမီးတိုင်လိုမျိုး မီးတိုင်အရှည်ကြီးတွေကို ခြံ၀န်းရဲ့နေရာအစုံမှာ စိုက်ထူထားခြင်းမျိုးပါ။

ခြံ၀န်းရဲ့အလည်နားလောက်မှာ ရေကူးကန်အကြီးကြီးရှိပြီး ရေပြင်ပြာပြာလေးက မီးအရောင်ဟပ်ပြီး ပိုလို့ကြည်လင်လှပနေသည်။

လူတွေအကုန်လုံးကလည်း အေးဆေးတည်ငြိမ်စွာပဲ စားရင်းသောက်ရင်း ထိုင်စကားပြောသူများလည်းရှိကြသလို ဝိုင်ခွက်ကလေးတစ်ကိုင်ကိုင်နဲ့ ရေကူးကန်ကြီးဘေးနားမှာ ဟန်ပါပါရပ်ရင်း ဝိုင်လေးကို မြည်းလိုက်၊စကားစမြည်လေးပြောလိုက် လုပ်နေသူတွေကလည်း အများသားပင်။

"ဒီမှာကြည့်..."

ကိုကိုကလိပ်ပြာကို ရေကူးကန်ကြီးဘေးနားမှာ ထောင်ထားသည့် စာအုပ်တွေစီတင်ထားရာစင်ကြီးဆီသို့ ခေါ်လာလေသည်။

"ဟင်...ဒါ....ဒါ...လိပ်ပြာရဲ့...."

မယုံကြည်နိုင်လွန်းစွာကိုကို့အားကြည့်မိတော့ နှစ်လိုဖွယ်ပြုံးပြပြီး ခေါင်းငြိမ့်ပြလာသည်။
စင်ကြီးအပေါ်မှာ ပြထားတဲ့ ရှင်မွှေးလွန်းစာပေမှ စာရေးဆရာများ၏၀တ္ထုများဆိုတဲ့ ခေါင်းစဥ်အောက်မှာ စီရီထားသော စာအုပ်များထဲမှ တစ်ခုသောစာအုပ်လေးဟာ လိပ်ပြာကိုအံ့ဩစေတဲ့ ကိစ္စပါပဲ။
လိပ်ပြာဆီကနေ ကိုကိုလုသွားခဲ့တဲ့
"မြမေ"ဆိုတဲ့ ၀တ္ထုစာအုပ်လေးက ထိုခေါင်းစဉ်အောက်မှာ ရှိနေသည်။

"လိပ်ပြာရဲ့ မြမေ ဆိုတဲ့၀တ္ထုကိုမနက်ဖြန်မှာ ဈေးကွက်ထဲကို စပြီးဖြန့်ဝေတော့မှာ အုပ်ရေ
တစ်ရာကနေ စမယ်တဲ့..."

"အုပ်ရေတစ်ရာကြီးတောင်...ကိုကိုလိပ်ပြာကို နောက်နေတာတော့မဟုတ်ပါဘူးနော်..."

ကိုကိုကပြုံးပြီး လိပ်ပြာရဲ့ပုခုံးလေးကို ညာလက်နဲ့သိုင်းဖက်လာသည်။ပြီးနောက် မြေပြင်မှာပဲ ခပ်နိမ့်နိမ့်ထိုးထားသည့် စင်ကိုလက်ညှိုးလှမ်းထိုးပြသည်။

"ခဏနေရင် အယ်ဒီတာချုပ် ကိုမိုးဇော်ကြေငြာလိမ့်မယ်...အဲ့ကြသိရမှာပေါ့...."

ထိုစကားကြောင့် ကိုကိုနမ်းခဲ့တုန်းက ရင်တုန်ပန်းတုန်တဲ့ခံစားချက်ကြီး ပြန်ပေါ်လာပြန်သည်။

"ဟော...ဟိုမှာကိုမိုးဇော်...."

တိုက်ပုံအနက်နဲ့ ယောပုဆိုးခဲပုပ်ရောင်ကို ခပ်တိုတို၀တ်ဆင်ပြီး စင်ပေါ်ကိုမိုက်ကိုင်ကာ တက်သွားတဲ့လူက ကိုမိုးဇော်ပါတဲ့လေ။

"အားလုံးပဲ...မင်္ဂလာညချမ်းလေးပါခင်ဗျာ...ဒီကနေ့လေးဟာ ကျွန်တော်တို့ရှင်မွှေးလွန်းစာအုပ်တိုက်ရဲ့ နှစ်ပတ်လည်နေ့လေး မင်္ဂလာရှိတဲ့နေ့လေးဆိုလည်း မှားနိုင်မယ်မထင်ပါဘူး...
ရှင်မွှေးလွန်းစာအုပ်တိုက်ဟာ ဒီနေ့ဒီအချိန်မှာ နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်အမျိုးမျိုးကိုဖြန့်ချီခဲ့သလို...စာရေးဆရာလက်သစ်လေးတွေရဲ့ စာပေတွေကိုလည်း ပန့်ပိုးထုတ်ဝေပြီး...ဒီလိုရပ်တည်လာနိုင်တာဖြစ်တဲ့အတွက်....
ကြွရောက်လာကြတဲ့ ‌စာရေးဆရာ၊ဆရာမများနှင့် အမြဲကူညီထောက်ပံ့ပေးကြတဲ့လူတွေ တက်ရောက်လာပေးကြတဲ့ ဧည့်ပုရိတ်သတ်တစ်ဦးချင်းဆီကို ကျေးဇူးအထူးပဲ တင်ရှိပါ‌တယ်ဗျာ...မနက်ဖြန်မှာနှစ်ပတ်လည်နေ့အထိန်းအမှတ်အနေနဲ့ ဆရာမလိပ်ပြာဖြူရဲ့ "မြမေ" ဆရာဥဒေါင်းရဲ့ "ကျွန်တော့်ဘ၀ ကျွန်တော့်စာမျက်နှာ"
ဆရာသုတရဲ့ "မချစ်ပဲ မုန်းရက်သလား"
ဆရာကျော်ဦးရဲ့ "ယုံရမည့် အရေး"ဆိုတဲ့ စာအုပ်အသီးသီးကို စတင်ဖြန့်ချီပေးတော့မှာပဲ ဖြစ်ပါတယ်..."

လိပ်ပြာရဲ့စာအုပ်ကလေးကို ဖြန့်ချီပေးမယ်လို့ ကြေငြာလိုက်ချိန်မှာတော့ အံ့ဩလွန်းလို့ ပါးစပ်တောင်ပြန်မစိနိုင်‌ဖြစ်နေရပြီး လက်ဖဝါးနဲ့ ကိုယ့်ပါးစပ်ကိုပြန်အုပ်နေမိသည်။
အခုမှသတိရတယ် ဒါကိုကို့စနက်များပါနေမလား။

"ကိုကို..."

"ဗျာ..."

"ဒီစာအုပ်ကိုဖြန့်ဖို့ ကိုကိုပဲပိုက်ဆံဆိုက်ထားတာတော့မဟုတ်ပါဘူးနော်..."

"မဟုတ်ရပါဘူးလိပ်ပြာရယ်...လိပ်ပြာလေးအရည်အချင်းရှိလို့သာ ဒီလိုမျိုးဖြန့်ဖို့ လက်ခံတာပါ...ကိုယ်ကစကားနည်းနည်းလေးပြောယုံပဲ ပြောခဲ့တာ..."

တကယ်လည်း ဘုန်းမြတ်ဘက်ကစကားနည်းနည်းပဲပြောခဲ့တာပါ။"ကိုမိုးဇော်..ဒီစာအုပ်ကို အုပ်ရေတစ်ရာလောက် ဈေးကွက်ထဲကို ဖြန့်ချင်တယ် မဖြစ်ဖြစ်အောင် လုပ်ပေးပါ"လို့လေးပဲ ပြောခဲ့ယုံပါ။

ကိုမိုးဇော်ကလည်း အရေးအသားနဲ့ စာအုပ်ရဲ့
အကြောင်းအရာကို ကြိုက်သွားပြီးသဘောတူခဲ့တယ်။ဖြစ်နိုင်ရင် တစ်ရာမက ထုတ်ပေးချင်တာ သူမသံသယ၀င်သွားမှာဆိုးလို့သာ။

"လိပ်ပြာ...ကိုကို ဟိုဘက်ခဏသွားလိုက်အုံးမယ် ကိုမိုးဇော်နဲ့ လိပ်ပြာကိုတွေ့ပေးရအောင်..."

"လိပ်ပြာပါလိုက်မယ်လေ..."

"နေခဲ့ပါ...အဲ့ဘက်မှာက ယောက်ျားတွေကြီးပဲ စုနေတာ ကိုယ်ခေါ်လာခဲ့မယ်နော်...."

ကိုကိုက လိပ်ပြာခေါင်းလေးကို ကလေးတစ်ယောက်သဖွယ် ဖွဖွလေးပုတ်သွားပြီး ပြုံးပြကာထွက်သွားသည်။
ယောက်ျားတွေအများကြီးရှိလို့ပါတဲ့။ပိုကိုပိုတဲ့ကိုကိုပါလေ။

"လိပ်ပြာ ဝိုင်သောက်ပါအုံးလား..."

အသံလာရာကို လှည့်ကြည့်မိတော့ မဒေလီယာဖြစ်နေသည်။

"မဒေလီယာ...တိုက်ဆိုင်လိုက်တာ...ဘယ်လိုကနေဘယ်လိုဒီကိုရောက်နေတာလဲ...."

"ကိုမိုးဇော်ရဲ့ညီမက ‌ယာယာနဲ့ကျောင်းနေဖက်လေ သူဖိတ်လို့...ခုဏကကြေငြာတာကြားလိုက်တယ်...ကွန်ဂရက်ကျူလေးရှင်း...ဂုဏ်ပြုပါတယ်နော်...မကြာခင်မှာတိုင်းသိပြည်သိ စာရေးဆရာမကြီးဖြစ်တော့မယ်ဆိုတော့လေ..အဟင်း..."

‌မဒေလီယာ့ထံမှ အပြုံးသည် လှောင်ရယ်နေတာလား၊တကယ်ပဲ၀မ်းသာလို့လားဆိုတာ မခွဲတတ်အောင်ပါပဲ။

"ရော့...ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်အတူသောက်ကြရအောင်..."

"ဟို...လိပ်ပြာမသောက်တတ်လို့ပါ...စိတ်မရှိပါနဲ့နော်..."

"အို...ဘယ်ရမှာလည်း ယာယာကဂုဏ်ပြုတာပဲဥစ္စာ..မသောက်ရင်စိတ်ဆိုးမှာနော်..."

"တကယ်ပါ..လိပ်ပြာမသောက်ပါရစေနဲ့..."

ဝိုင်ခွက်ကို အတင်းအရှေ့တိုးတိုးပေးနေတဲ့ မဒေလီယာရဲ့အပြုအမူတွေကြောင့်  လိပ်ပြာအနေခက်လာသည်။
မသောက်မချင်းအတင်းတိုက်မည့်ပုံစံနဲ့ အရှေ့တိုးတိုးလာတဲ့ သူမကြောင့် လိပ်ပြာလည်းအနောက်ကိုနှစ်လှမ်းလောက်ဆုတ်လိုက်မိရာ ...

"အား!!!!!!!ဗွမ်း..."

"လိပ်ပြာ!!!!!!!"

အော်လိုက်သူက ထွန်းဝေပင်။ကိုမိုးဇော်နဲ့ရင်းနီးတာကြောင့် သူဒီပွဲကိုတက်လာခဲ့တာပါ။
ခပ်လှမ်းလှမ်းက‌နေသူတွေ့ပါတယ်။
ယာယာက လိပ်ပြာကိုဝိုင်အတင်းတိုက်နေတာကိုပေါ့။
ဘာကိုမှ မစဉ်းစားနိုင်စွာပဲ ရှူးဖိနပ်ကိုအမြန်ချွတ်ကာ ရေထဲသို့ ဒိုင်ပင်ထိုးချပစ်လိုက်သည်။

"အား...ကယ်ကြ...ကယ်ကြပါအုံး..."

လိပ်ပြာဟာရေထဲမှာ ခြေတွေလက်တွေကိုရုန်းကန်နေရင်း ရေပေါ်ကိုပြန်ပေါ်လာတဲ့အချိန်မှာ အော်ဟစ်အကူအညီတောင်းနေမိသည်။

ထိုစဉ်လိပ်ပြာအနားကိုလူတစ်ယောက်ကပ်လာတယ်ဆိုရင်ပဲ ထိုလူရဲ့လည်ပင်းကို သိုင်းဖက်ပစ်လိုက်သည်။လိပ်ပြာရဲ့ လက်သည်းတွေနဲ့ထိုလူရဲ့ အသားတွေကို ကုတ်ခြစ်မိပြီလားလည်းမသိပါပဲ အတင်းဖက်တွယ်ထားမိသည်။

"ကောင်မလေးကို အရင်တင်...."

"လက်ပေး...လက်ပေး...."

ကန်ဘောင်‌အပေါ်မှ လူတစ်ချို့ကလည်း လက်ကမ်းပေးသူကပေး စုတ်သပ်ပြီးသနားသူကသနားဖြစ်နေကြသည်။ထိုအထဲတွင်တော့ ဒေလီယာမပါပေ။သူမကမဲ့ပြုံးတစ်ချက်ပြုံးပြီး ဝိုင်ခွက်တွေကို ရေထဲသိုပစ်ချကာ ခပ်ဝေးဝေးကိုထွက်သွားလေသည်။

"ဘာဖြစ်ကြတာလဲ...ဟင်...လိပ်ပြာ..."

ရေကူးကန်ကို ဝိုင်းပတ်ပြီးအုံကြွနေတဲ့ လူအုပ်ကြားမှ ဘုန်းမြတ်တိုး၀င်လိုက်ရာ မြင်ရသည့်မြင်ကွင်း‌က စိတ်ဝိဉာဉ်တွေ လွှင့်ထွက်သွား‌စေလောက်ပါရဲ့။

ထွန်းဝေရဲ့ရင်ခွင်ထဲမှာ ရေတွေတစ်ကိုယ်လုံးစိုရွှဲပြီး တုန်ရီနေတဲ့ သူ့ချစ်သူကိုကြည့်ရင်း
သူ့လက်သီးတွေကိုအလိုလိုဆုပ်ပစ်လိုက်မိသည်။
လိပ်ပြာရှိရာဆီသို့ ချက်ချင်းသွားလိုက်ပြီး  ရေကန်ရဲ့ဘောင်ပေါ်မှာပဲ မုဆိုးဒူးထောက် ထိုင်ချလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ..."

"လိပ်ပြာ မတော်‌တဆရေကန်ထဲပြုတ်ကျလို့...
တော်သေးတယ် ငါအချိန်မှီကယ်လိုက်မိလို့ပေါ့..."

တုန်ရီနေတဲ့လိပ်ပြာကိုသူကြည့်လိုက်ရာ ရင်ထဲမှာနာကျင်မှုနဲ့ နောင်တတစ်ခုကကြီးစိုးလာသည်။
သူလိပ်ပြာကို တစ်ယောက်ထဲထားခဲ့မိပြန်ပြီ။အားလုံးဟာ ကိုယ့်အပြစ်တွေချည်းပါပဲ။

ထွန်းဝေက လိပ်ပြာကိုတွဲထူပေးပြီး သူ့ကိုကြည့်လာသည်။

"လိပ်ပြာကို ငါပြန်ပို့လိုက်မယ် ဘုန်းမြတ်..."

ထွန်းဝေရဲ့စကားကြောင့် ဘုန်းမြတ်ရင်ထဲ
မြတ်ကနဲအောင့်တက်သွားသလိုပဲ။
တုန့်ဆိုင်းမနေပဲလိပ်ပြာရဲ့ နောက်ထပ်လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ထွန်းဝေ...ငါ့ကောင်မလေးကို ငါပဲပြန်ပို့လိုက်မယ်..."

"ဘာ..."

ထွန်းဝေမှာ အံ့ဩမှုနှင့်အတူ လိပ်ပြာကိုကိုင်ထားမိတဲ့လက်တွေက အလိုအလျှောက်  ဖြေလွှတ်ပေးမိသွားသည်။
ဘုန်းမြတ်ကတော့ လိပ်ပြာကိုလက်ကိုင်ယုံတင်မဟုတ်ပဲ ပုခုံးပါဖက်ပြီးခေါ်သွားတာကြောင့် မယုံချင်ပဲယုံလိုက်ရတော့သည်။

ပုံမှန်ဆိုရင်ဘုန်းမြတ်အတွက် သူ၀မ်းသာလွန်းလို့ထခုန်မိနိုင်ပေမဲ့ အခုတော့ လိပ်ပြာကြောင့်ပဲ သူ့အသဲတွေ ထပ်မံ‌ကွဲကြေရပြန်ပါပြီ။
အသဲခွဲရက်သူကတော့ သူ့အချစ်ဆုံးသူငယ်ချင်းပေါ့။သူ့ရင်ထဲက စူးနင့်တဲ့ခံစားချက်တစ်ခုက အော်ဟစ်ငိုပစ်ချင်လောက်အောင် ပြင်းထန်လွန်းသည်။

ကံကြမ္မာရယ် ကျွန်တော့်ကို ဘယ်တော့မှမျက်နှာသာပေးမှာလည်းဗျာ။
လိပ်ပြာကို မေ့ဖျောက်ပစ်နိုင်ဖို့ ကိုးနှစ်တာဆိုတဲ့ ကာလအတွင်းမှာ ရည်းစားတွေထည်လဲတွဲပြီး အာရုံပြောင်းကြည့်ခဲ့တယ်။

ဒါပေမဲ့ ဘာကြောင့်လဲ??? ရှစ်တန်းအခန်းကအသားခပ်ညိုညို၊ဆံပင်အရှည်ကြီးတွေနဲ့ ပြုံးလိုက်တိုင်းပါးချိုင့်လှလှလေးတွေ ပေါ်ပေါ်လာတဲ့ ရှစ်တန်းကျောင်းသူလေးကပဲ သူ့ရင်ထဲအမြှစ်တွယ်နေမိခဲ့တယ်။
လိပ်ပြာရယ် မင်းရဲ့ရွေးချယ်မှုက နှစ်ဘယ်
လောက်ကြာကြာ ဘုန်းမြတ်တစ်ယောက်ထဲပဲလားကွာ။

💔💔💔💔💔💔💔💔💔

"လိပ်ပြာ ရေချိုးလိုက်...ပြီးရင်တရေးအိပ်လိုက် နိုးမှကိုယ်ပြန်လိုက်ပို့ပေးမယ်နော်..."

လိပ်ပြာရဲ့တကိုယ်လုံးကရေတွေစိုရွှဲနေတာကြောင့် ကမ်းနားလမ်းမှ ကိုကိုပိုင်တဲ့ ကွန်ဒိုသို့လိပ်ပြာကိုခေါ်လာလေသည်။

ရေချိုးခန်းထဲသို့ အမြန်၀င်ကာ တုန်ရင်နေသေးတဲ့စိတ်အစဉ်ကိုဖြေလျော့ပစ်လိုက်သည်။
ရေကြောက်တဲ့ လိပ်ပြာကဘာလို့ရေနဲ့မှကံစပ်နေရတာလည်း ဒီအတိုင်းဆိုမဖြစ်ဘူး ရေကူးသင်မှဖြစ်မယ်လို့ တေးထားလိုက်သည်။

လာဗန်ဒါရနံ့ပါသည့် အမွှေးဆပ်ပြာနဲ့ ရေချိုးလိုက်ပြီး ကိုကိုပေးလိုက်တဲ့ တီရှပ်အပွနဲ့အားကစားဘောင်းဘီကို တန်းပေါ်မှယူပြီး ၀တ်ကြည့်လိုက်သည်။

ကိုကို့အရပ်ကဘယ်လောက်ရှည်သလဲဆိုရင်
တီရှပ်ကလိပ်ပြာရဲ့ ပေါင်အလည်တောင်ကျော်တယ်။ ဘောင်းဘီကလည်း ၀တ်လိုက်တိုင်းပြန်ပြန်ကျွတ်ကျနေတာကြောင့် ခေါင်းစည်းကွင်းကိုဖြုတ်ပြီး ထုံးထားလိုက်သည်။

ရှည်လွန်းတဲ့ဘောင်းဘီအောက်အနားစကို လိပ်တင်လိုက်ရတာများ ဒူးခေါင်းအနားမှာ ‌ခေါက်သားအထူကြီးဖြစ်နေသည်။
‌မှန်ထဲမှာ ကိုယ့်ပုံကိုယ်ပြန်ကြည့်လိုက်တော့...

"ဟင်...အရူးမကြီးလိုပဲ..."

"ဂျောက်...."

ရေချိုးခန်းတံခါးပွင့်လာ၍ ကုတင်အပေါ်မှာ
သပါတ်တစ်ထည်ကိုင်ရင်း ထိုင်စောင့်နေတဲ့ဘုန်းမြတ်မှာ အံ့ဩလွန်းလို့ စကားတောင်ဘယ်ကစပြောရမှန်းမသိဖြစ်နေသည်။
တီရှပ်အပွကြီးရယ်၊ဘောင်းဘီအပွကြီးကိုခါးမှာဘုထုံးကြီးလုပ်ထားတဲ့ကလေးမဟာ ဆံပင်တွေဖားလျားချထားတာကြောင့် ကျပ်မပြည့်တဲ့အရူးမလေးလိုပဲ။

"ဘာဖြစ်လို့ အဲ့လောက်ကြည့်နေတာလဲ ကိုယ်ရုပ်ဆိုးမှန်း ကိုယ်သိတယ်...."

"လိပ်ပြာကိုဘယ်သူက ရုပ်ဆိုးတယ်ပြောလို့လဲ...ချစ်ဖို့ကောင်းလွန်းလို့ကြည့်နေတာ..."

အမြှောက်ကောင်းလွန်းတဲ့ ကိုကို့ထံသို့လိပ်ပြာ မျက်စောင်းထိုးပစ်လိုက်သည်။

"ဆံပင်တွေရေစိုနေတယ်မှတ်လား...လာ..ကိုကိုသုတ်ပေးမယ်..."

ကိုကိုဟာလိပ်ပြာကို မှန်တင်ခုံအရှေ့မှာထိုင်စေပြီး ဆံပင်တွေကို နာမှာဆိုးလို့ဖြည်းဖြည်းလေး သုတ်ပေးနေရင်း စကားပြောလေသည်။

"လိပ်ပြာ နောက်နေ့ကျရင်ရေကူးသင်ရမယ်နော်...ရေကူးကန်ကိုလိုက်ပို့ပေးမယ်..."

"အလုပ်ဆင်းရမဲ့ဥစ္စာကို ဘယ်လိုရေးကူးသင်ရမှာလည်း..."

"အခုကစပြီး လိပ်ပြာအလုပ်ဆင်းစရာမလိုတော့ဘူးလေ..."

"ဘာ..ဘယ်လို..."

လိပ်ပြာအနောက်လှည့်ပြီး ကိုကို့အားမော့ကြည့်လိုက်တာကြောင့် ကိုကိုကလည်း လက်ပိုက်ပြီး ပြန်ကြည့်လာသည်။

"အလုပ်ထုတ်လိုက်ရင် လိပ်ပြာကဘယ်လိုရပ်တည်ရမှာလည်း...နေစရိတ်၊စားစရိတ်ကရှိသေးတယ်လေ..."

"လိပ်ပြာစာပဲရေးရမယ်...စာမူခရမှာပေါ့ကွာ...ဘာလို့ပူနေတာလည်း...ကိုကို့ပိုက်ဆံအိတ်ကိုလိပ်ပြာပိုင်တယ်လေ...ကိုယ်တင်ကြွေးထားမှာပေါ့...."

"ဟွန့်...သူနဲ့လည်းဘာမှမဆိုင်သေးပဲနဲ့..."

သူမလေးရဲ့စကားကြောင့် သူဒူးထောက်ထိုင်ချလိုက်ပြီး သူမမျက်နှာအနားသို့ တိုးကပ်သွားလိုက်သည်။
သူ့ရဲ့ ၀င်သက်၊ထွက်သက်ကိုလာရောက်ရိုက်ခတ်နေတာက လာဗန်ဒါရနံ့သင်းသင်း‌လေးဖြစ်‌နေ
သည်။
သူမရဲ့ပါးလေးကို နှုတ်ခမ်းပါးလေးနဲ့
ဖွဖွနမ်းလိုက်ကာ သူမရဲ့နားဘေးနားသို့ ရွေ့လိုက်သည်။

"ဆိုင်တာပေါ့...သိပ်ဆိုင်..တစ်ချိန်မှာလိပ်ပြာက ကိုယ့်အပိုင်ဖြစ်လာရမှာလေ...မဟုတ်ဘူးလား..."

"မဟုတ်ပါဘူး...သွား...လိပ်ပြာအိပ်တော့မယ်...နိုးရင်သာ ပြန်လိုက်ပို့ပေး..."

အတင်းကုတင်ပေါ်သို့ ပြေးတက်ကာ ဆောင်ခေါင်းမြီးခြုံလိုက်တဲ့ သူမကြောင့်
သူတစ်ချက်ပြုံးလိုက်ပြီး အခန်းအပြင်သို့ထွက်လာလိုက်သည်။

"တီ...တီ...တီ...တီ..."

ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းမြည်သံကြား၍ ကြည့်လိုက်ရာ ထွန်းဝေဆီမှဖြစ်နေသည်။

📞"ဟယ်လို...ထွန်းဝေ..."

📞"ဘုန်းမြတ်...ငါမင်းနဲ့အေးဆေးစကားပြောချင်တယ်...မင်းပိုင်တဲ့ဘားကိုပဲ လာခဲ့...."

"တူ...တူ..."

အရက်မူးသံစွတ်နေတဲ့ ထွန်းဝေကို
သူအနည်းငယ်စိတ်ပူသွားသည်။
ဒီကောင်ဘာဖြစ်နေတာလဲ သူသိတာပေါ့။
သူ့ပရောဂလည်းမကင်းတာကြောင့် ကားသော့ကိုယူကာ သူပိုင်တဲ့စားသောက်ဆိုင်သို့ မောင်းထွက်လာခဲ့လိုက်သည်။

ဘုန်းမြတ်စားသောက်ဆိုင်ကိုရောက်တာနဲ့ ဟိုတယ်ဘက်အခြမ်းက ဘားသို့ကူးလာလိုက်သည်။
ထွန်းဝေဟာ ရှန်ပိန်ကို တစ်ခွက်ပြီးတစ်ခွက်မနားတမ်းသောက်နေတာမို့ ရှန်ပိန်ကိုမော့မည့် ထွန်းဝေ၏လက်အား သူဟန့်တားလိုက်သည်။
ထွန်းဝေကရီ ဝေတဲ့အကြည့်တွေနဲ့သူ့ကို လှည့်ကြည့်လာလေသည်။

"ဟာ...သူငယ်ချင်း..ဘုန်းမြတ်...မင်းတကယ်လာတယ်ပေါ့...၀မ်းသာလိုက်တာသူငယ်ချင်းရာ...
ရော့မင်းလည်း သောက်ကွာ..."

"ငါမသောက်ချင်ဘူး ထွန်းဝေ...ပြန်ကြရအောင်.."

ထွန်းဝေရဲ့အိင်္ကျီဂုတ်စကို လှမ်းဆွဲလိုက်တဲ့ ဘုန်းမြတ်ရဲ့ လက်ကို ထွန်းဝေကပုတ်ထုတ်ပစ်လိုက်သည်။

"သွားစမ်းပါကွာ...မင်းကအောင်နိုင်သူကြီးဆိုတော့ လေသံကမာနိုင်ပြီပေါ့...ငါ့မှာ...ငါ့မှာသာအသဲဟက်တက်ကွဲရတာ...နှစ်ခါ...နှစ်ခါတောင်ပါကွာ..ဘုန်းမြတ်..သူငယ်ချင်း...မင်းငါ့ကိုစာနာပြီး..
လိပ်ပြာလေးကို ငါ့လက်ထဲ...."

"ထွန်းဝေ!!!!!မင်းရူးနေလားဟေ့ရောင်.."

ထွန်းဝေမှာ သူ့အိင်္ကျီရင်ဘတ်စကို ဆောင့်ဆွဲပြီး လက်သီးနဲ့အရွယ်ခံနေရလည်း ခပ်မဲ့မဲ့ပြန်ပြုံးပြရင်း...

"ဟုတ်တယ်...ငါးရူးသွားပြီး...ရူးနေလို့လည်း မိန်းကလေးတစ်ယောက်ကို ကိုးနှစ်တာလုံး
မေ့မရခဲ့တာပေါ့...ဘုန်းမြတ် မင်း လိပ်ပြာကို ဘယ်လောက်ပဲ ချစ်ပါတယ်လို့တစ်ဖွဖွပြောနေလည်းပဲ ငါ့ကိုမမှီနိုင်ပါဘူးကွာ...ဒီမှာ ငါကမင်းထက်အရင် လိပ်ပြာဖြူကိုစတွေ့ခဲ့တာ...မင်းထက်အရင်သူမကို မြတ်နိုးခဲ့မိတာကွ..သိရဲ့လား.. ဟမ်...မင်းသိရဲ့လား..."

ဒီတစ်ခါတော့ ဘုန်းမြတ်ရဲ့အိင်္ကျီရင်ဘတ်စကို ဆောင့်ဆွဲတာက ထွန်းဝေဖြစ်နေသည်။
ဘုန်းမြတ်ကတော့ ခပ်တည်တည်ပဲ နေလိုက်သည်။

"ဒီမှာထွန်းဝေ...လိပ်ပြာကို မင်းအရင်တွေ့ခဲ့တာ...မင်းအရင်မြတ်နိုးခဲ့တာဆိုရင် သိပ်မှားသွားမှာပေါ့...ငါသူမကိုစတွေ့တဲ့နေ့က သူမက
ခုနှစ်တန်းပဲရှိသေးတယ်ဆိုရင်ရော မင်းဘာလုပ်မှာလဲ...."

"မဖြစ်နိုင်ဘူး...မင်းညာနေတာ..."

ထွန်းဝေရဲ့စကားကို မသိကျိုးကျွန်ပြုကာ သူဆက်ပြောလိုက်သည်။

"ထွန်းဝေ...မင်းရဲ့ဘေးနားမှာ မိန်းကလေးတွေအများကြီးရှိပါလျှက်နဲ့ ဘာလို့လိပ်ပြာကိုမှလည်းကွာ..."

"ဒီမှာဘုန်းမြတ်...ကမ္ဘာပေါ်မှာ မိန်းမတွေဘယ်လောက်များနေပါစေ လိပ်ပြာဖြူဆိုတာက တစ်ယောက်ပဲရှိတယ်ကွ..."

"အေး...တစ်ယောက်ပဲရှိတဲ့သူမကို ငါခွဲဝေမပေးနိုင်ဘူး...ထွန်းဝေ...မင်းလက်လျော့လိုက်ပါတော့
ငါချစ်တတ်တဲ့အချိန်မှာ မင်းအသဲကွဲရတာကြောင့် စိတ်တော့မကောင်းပါဘူး...ဒါပေမဲ့ တစ်ခြားဟာတောင်းချင်တောင်းပါ...လိပ်ပြာကိုတော့ လာမတောင်းပါနဲ့...ငါပေးနိုင်မဲ့အရာမဟုတ်လို့..."

ထွန်းဝေနဲ့ ဆက်ပြီးရင်မဆိုင်လိုတော့တာကြောင့် ၀န်ထမ်းတစ်ယောက်ကို ဒီကောင်အရမ်းမူးလာရင် ဟိုတယ်ရဲ့ အခန်းထဲသို့သာခေါ်သွားဖို့ပြောခဲ့လိုက်သည်။

ကွန်ဒိုကိုပြန်ရောက်တော့ သူ့ကောင်မလေးက
မွှေ့ယာပေါ်မှာအိပ်မောကျနေလေပြီ။
သူမရဲ့ပါးပေါ်မှ ဆံစလေးတွေကို ညှင်သာစွာသပ်တင်ပေးလိုက်ရင်း နဖူးလေးကို ဖွဖွနမ်းရှိုက်လိုက်သည်။

"ကိုယ့်ရင်ထဲမှာ နာကျင်စရာအတိတ်တွေနဲ့ ဒဏ်ရာတွေပဲ ပြည့်နေခဲ့လို့...ကြည်နူးစရာဆံချည်တစ်မျှင်ဖြစ်တဲ့ လိပ်ပြာကို ကိုယ်လက်မလွှတ်နိုင်ဘူး..
ဘယ်သူ့ကိုမှလည်း မပေးနိုင်ဘူး..ကိုယ့်အနားမှာ အမြဲရှိနေပေးပါနော်...ကိုယ့်ကိုမချန်ထားရစ်ခဲ့ပါနဲ့ လိပ်ပြာ...မင်းမုန်းတဲ့နေ့...မင်းထားရစ်ခဲ့တဲ့နေဟာ..ကိုယ်ရူးတဲ့နေ့ပဲ..."

သူ့ရဲ့ရင်ဖွင့်စကားသံတွေကို သူမလေးကတော့မကြားနိုင်စွာ အိပ်မက်ကမ္ဘာထဲမှာ ပျော်ပါးနေပြီထင်ပါရဲ့။
သူဆုတောင်းနေမိသည်က "အိပ်မက်ထဲမှာ ကိုယ့်ကိုပါ ထည့်မက်ပေးပါလိပ်ပြာ မင်းနဲ့ပတ်သတ်တဲ့နေရာတိုင်းမှာ ကိုယ်ရှိနေချင်တယ်..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

💔💔💔💔💔💔💔

ထွန်းဝေကိုလည်း စာနာမိသလို ဘုန်းမြတ်ကိုလည်းသနား ဇာတ်ရဲ့အစ၊အဆုံးက သိတဲ့လူကကိုယ်ဆိုတော့ ကိုယ်ကပိုခံစားရတယ်


=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၂၇


နံနက်ခင်းရဲ့နေမင်းကြီးဟာ အရှိန်အဝါကြီးစွာနှင့်
ထွန်းတောက်နေလေသည်။
အခန်းဖွဲ့စည်းပုံဟာ နေထွက်ရာဘက်တွင် မှန်ချက်များကာရံကာ လိုက်ကာများချထားပါသော်လည်း နေ‌အလင်းရောင်ရဲ့ထိုးဖောက်လာမှုကို ဘယ်သူကများတားဆီးနိုင်မှာလဲ။

လိပ်ပြာရဲ့မျက်နှာဟာ ပူလောင်လာပြီး ကျိန်းစပ်နေသည်။
နူးညံ့အိထွေးနေသည့် မွေးယာရဲ့အထိအတွေ့ကြောင့် ထပ်ပြီးအိပ်စက်ချင်နေပေမဲ့ ပူလောင်စပ်ဖျင်းလာတဲ့ ခံစားချက်ဟာ လိပ်ပြာကိုလှုပ်နိုးလိုက်သလိုဖြစ်နေသည်။
လိပ်ပြာမခံနိုင်‌တော့တဲ့အဆုံး မျက်၀န်းတွေကိုဖွင့်ချလိုက်တဲ့အချိန်မှာတော့.....

"ဟင်...ဒါ...ဒါကိုကို့ကွန်ဒိုပဲ......"

လိပ်ပြာဟာ ခေါင်းချလိုက်တာနဲ့ အိပ်မောကျလွယ်သလို အိပ်ပြီဆိုရင်လည်း နိုးစက်ပေးမထားရင် မနက်နေထွက်မှနိုးတက်သူပါ။
လိပ်ပြာခန္ဓာကိုယ်ကို တစ်ချက်စစ်ဆေးကြည့်လိုက်တော့ ဘာမှမဖြစ်လို့တော်သေးတာပေါ့။
ကိုကိုက စည်းစောင့်တဲ့လူလိမ္မာလေးပဲလို့ မှတ်ချက်ချလိုက်သည်။

"ဟာ...သွားပြီ...ငါပြန်မလာတာနဲ့ ဟိုမိန်းမတွေ ငါ့ကို ခိုးရာလိုက်သွားပြီလို့ ထင်ကုန်ကြတော့မှာပဲ...ဘယ်လိုလုပ်ရမလဲ....တွေးစမ်း...တွေးစမ်း...."

ဉာဏ်နီ၊ဉာဏ်နက်၊ဉာဏ်ပြာတွေနဲ့ စုံနေအောင်တွေးပြီးနောက်မှာတော့ လိပ်ပြာအကြံတစ်ခုရသွားသည်။

"ဟုတ်ပြီ...ညက နှစ်ပတ်လည်ပွဲတတ်တာ နဲနဲညဉ့်နက်နေလို့ ကမ်းနားလမ်းကအသိတစ်ယောက်အိမ်မှာ တည်းလိုက်တယ်လို့ပြောရမယ်..."

လိပ်ပြာဖုန်းကိုယူလိုက်ပြီး contact listမှာသဲနုရဲ့ဖုန်းနံပါတ်ကိုရွေးပြီးနှိပ်လိုက်သည်။
သဲနုဆိုရင်တော့ ဒီလိုကိစ္စတွေကို ပိုနားလည်ပေးနိုင်မယ်လေ။
ဖုန်းခေါ်တိုင်းမရတဲ့သဲနုမက အခုတော့ခေါ်တာနဲ့တန်းကိုင်တော့တာပဲ။

"ဟယ်လို သဲနုလား..."

"အေး..ဟုတ်တယ်..."

‌သဲနုဘာဖြစ်နေတာလဲ။လေသံကမာလှချည်လား။

"ဟို..ငါပြောစရာရှိလို့..."

"ဘာမှ လာပြောမနေနဲ့...လိပ်ပြာမနင်အခုချက်ချင်း ပြန်လာခဲ့တော့ ရည်းစားရနေတာကို လျှိုထားတယ်ပေါ့ ဟုတ်လား...အေးတွေ့မယ်...နင်ငါတို့ကို ဟော့ပေါ့အကြီးစားကြီးနဲ့ ထိုင်ကန်တော့မှ ကျေနပ်မှာနော်...ဒါပဲ..."

"တူ...တူ..."

ဖုန်းကျသွားတာနဲ့ လိပ်ပြာမှာ ဘာပြောလို့ပြောရမှန်းမသိအောင်စွံ့အသွားသည်။သဲနုဘာတွေပြောသွားတာလဲ။လိပ်ပြာမှာ ရည်းစားရှိတာဘယ်လိုသိသွားတာလဲ။ဟိုတစ်နေ့ညက လိပ်ပြာသူတို့ကိုသေချာမပြောလိုက်မိပါဘူး။
စိတ်ရှုပ်လိုက်တာနော်။အိပ်ယာထခါစမို့ အစောတည်းကပွနေတဲ့ ကောက်ရိုးပုံဆံပင်တွေကို ထပ်ဖွပြစ်လိုက်သည်။
ပြီးနောက် ‌အိပ်ယာပေါ်မှဆင်းလိုက်ပြီး စောင်ခေါက်က အိပ်ယာအခင်းကိုပြေပြစ်အောင်ဖြန့်လိုက်သည်။ကိုကို့အိမ်ဆိုတော့ လိပ်ပြာကိုညစ်ပက်ပြီး ဖြစ်သလိုနေတယ်လို့တော့ အထင်မခံနိုင်ပါဘူး။

အိပ်ခန်းရဲ့အပြင်ကိုထွက်လာတော့ ဧည့်ခန်းထဲမှာလည်းကိုကို့အား မတွေ့ရပေ။ကိုကိုဘယ်တွေများသွားနေတာပါလိမ့်။ချစ်သူတစ်ယောက်လုံးကိုမင်္ဂလာနံနက်ခင်းပါလို့‌တောင်မပြောပဲထားခဲ့ရက်တယ်ပေါ့လေ။

"ဟင်း...သူ့ကွန်ဒိုကြီးကလည်း တောက်ပပြီးသန့်ရှင်းသပ်ရက်လွန်းတာတော့ မှန်ပါတယ်...
ဒါပေမဲ့ လူနေတဲ့ပုံမပေါ်ပဲ...ဘာလောဘလိုအင်ဆန္ဒမှမရှိတဲ့ စက်ရုပ်ကြီးနေတဲ့အတိုင်းပဲ..
ဧည့်ခန်းကလည်း တိဗွီမ‌‌ပြောနဲ့ပန်းအိုးတစ်လုံးတောင်မရှိဘူး...ပြောင်ရှင်းနေတာပဲ...မဖြစ်ဘူး
ကိုကို့အတွက် ပုံစံပြောင်းပေးမဲ့လူတစ်ယောက်တော့လိုနေပါပြီ..."

ဧည့်ခန်းမှာ အကျအနခါးထောက်ပြီး၊ခေါင်းတစ်ခါခါလုပ်ပြီးမှ ရေဆာလာ၍ မီးဖိုချောင်ကိုသွားလိုက်သည်။ရေခဲသေတ္တာထဲမှ ရေတစ်ဘူးယူပြီး ပြန်အလှည့်....

"အမယ်လေး!!!!မြတ်စွာဘုရား...."

"ကိုယ်က အဲ့လောက်ပဲကြောက်စရာကောင်းနေသလား..."

ကိုကို့အသံကြောင့် စုံမှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိသည်။
လိပ်ပြာရဲ့မျက်နှာဟာ ကိုကို့ရင်အုံအနားမှာ ဖြစ်နေပြီး ကိုကို့ဆီမှယောက်ျားဆန်တဲ့ရေမွှေးနံ့တစ်မျိုးကို ရှူရှိုက်မိလိုက်ပါတယ်။
လိပ်ပြာမော့ကြည့်လိုက်တော့ ကိုကို့မျက်နှာကိုအောက်မေးရိုးမှတစ်ဆင့် ရှင်းလင်းပြတ်သားစွာ အနီးကပ်မြင်နေရတာကြောင့် ရင်ခုန်သံလေးခမျာ  ရေစိုအင်္ကျီကို မီးပူတိုက်ပစ်လိုက်သလို တစ်ရှဲရှဲမြည်နေပါလေရဲ့။ပူလောင်တာလား၊အေးမြကြည်နူးတာလား ဘယ်လိုခံစားချက်ကြီးပါလိမ့်။

ကိုကိုကပြုံးရွှင်ပြီး လိပ်ပြာကိုကြည့်နေလိုက်တာများ မျက်လုံးလေးတွေက စူးရှပြီးရွှေရောင်လက်နေသလိုပဲ။
ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းထောင့်လေးကအပေါ်ကို ကွေးညွှတ်သွားပြီးသိပ်မကြာပါဘူး ပုလဲလုံးလေးတွေလို သွားတက်ဖွေးဖွေးလေးတွေ ပေါ်လာတဲ့အထိ ပြုံး‌ပြလာသည်။
ကိုကို့အပြုံးက ကြက်မောက်ကျွန်းမှာရှိတဲ့ အသဲပုံရေကန်ကြီးထက်တောင် ပိုလှပြီး၊ပိုနှစ်သက်ဖို့ကောင်းနေသလိုပဲ။နှာတံလေးကလည်း ဖြောင့်စင်းပြီး အဖျားလေးမှာကော့သွားတာများ ရေ လွှာလျောစီးပစ်လိုက်ချင်ပါဘိ။

မိန်းမဆန်တာလည်းမဟုတ်၊ယောက်ျားဆန်သော မေးရိုးကားကား၊လေးထောင့်ကျကျလည်းမဟုတ်သလို ထောင့်ချိုးညီညီပြေစင်းသွားတာကြောင့် အရမ်းဆွဲဆောင်မှုရှိတာပဲ။ဆံပင်တွေက အရင်လို‌ ရွှေဝါရောင်လေးပြန်ဆိုးလိုက်ရင် "အို..ကိုကိုက ကမ္ဘာ့နံပါတ်တစ် အလှလေးဖြစ်နေမှာပဲ..."ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်လေ သဘောကျလေမို့ ပါးချိုင့်တွေပေါ်အောင် ပြုံးမိသွားသည်။

"ဟိတ်ကောင်မလေး...သွားမတိုက်၊မျက်နှာမသစ်တော့ပဲ...ကိုယ့်ကိုပဲ ကြည့်နေတော့မှာလား..."

ကိုကိုပြောမှပဲ သတိရတယ် လိပ်ပြာသွားမတိုက်ရသေးဘူးပဲ။မျက်နှာမသစ်ရသေးတော့ မျက်ချီးတွေများ ရှိနေသလားမသိဘူး ရှက်လိုက်တာနော်။

"ဟိတ်...ဟာ...ဘယ်ပြေးတာလည်း ဒါယူသွားအုံးလေ..."

မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်ပြီးပြေးသွားတဲ့ ကောင်မလေးကို လက်လည်းလှမ်းဆွဲလို့မရ‌တာကြောင့် ခါးလေးကိုအနောက်မှဖက်ပြီး တားလိုက်ရသည်။
သူ့ရင့်အုံနဲ့ ထိခတ်နေတဲ့ကျောပြင်‌လေးက သေးသေးလေးပေမဲ့ ရင်ခုန်မှုတွေကတော့ ကြီးမားလွန်းပါတယ်။

"ဒီမှာ...ပါဆယ်ထုပ် အဲ့အထဲမှာ ဂါ၀န်တစ်ထည်ရှိတယ်...၀တ်လိုက်နော်...ရေချိုးခန်းထဲမှာလည်း လိပ်ပြာအတွက် သွားတိုက်တံပန်းရောင်လေးထုတ်ပေးထားတယ်ပြီးရင်မနက်စာစားဖို့ ထွက်လာခဲ့ ကိုကိုရုံးမသွားခင် အိမ်ပြန်လိုက်ပို့ပေးမယ်...အော်..မနက်ကလိပ်ပြာရဲ့ဖုန်းလာသံကြားလို့ ကိုကိုကိုင်လိုက်မိတယ်..."

"အင်းပါ... ဘာ!!!!!..."

အာပုပ်ဆော်နံနေလည်း နံပါစေတော့ လိပ်ပြာ
ကိုကို့ဘက်သို့လှည့်မိသွားသည်။

"သူတို့က ဘာပြောသေးလဲ..."

"ဘယ်သူလဲလို့ မေးတယ်..."

"အဲ့တော့ ကိုကိုကဘာပြန်ပြောလိုက်လဲ.."

"လိပ်ပြာရဲ့ ရည်းစားပါလို့.."

"ဟာ....သွားပါပြီ...ဒါကြောင့်ကို..."

ဆံပင်စုတ်ဖွားလေးနဲ့ ကိုယ့်နဖူးကိုယ်ပြန်ရိုက်နေတဲ့ကောင်မလေးကို အသဲယားလာပြီး သူမရဲ့ခါးလေးကို ပိုတိုးလို့ဖက်ထားမိသည်။
သူဟာအသန့်ကြိုက်လွန်းတဲ့သူဖြစ်တာကြောင့် ခံစားချက်တွေကဘယ်လိုမှရှေ့ဆက်မရဖြစ်နေသည်။သူမသာ မျက်နှာသစ်၊သွားတိုက်ပြီးသူဆိုရင် သေချာတယ် ဒီထမင်းစားခန်းလေးကို သူ့အချစ်တွေနဲ့ ပိုမိုလှပအောင်မွန်းမံမိမှာပဲ။
သူ့ကောင်မလေးဟာ မျက်နှာလေးရှုံ့တွနေပြီး စိတ်သိပ်မကြည်ပုံပေါ်လေသည်။

"ဘာဖြစ်လို့လည်း လိပ်ပြာရဲ့..."

"ဘာ...ဘာမှမဖြစ်ပါဘူး...လိပ်ပြာမျက်နှာသစ်ချင်လို့ လွှတ်ပေးတော့နော်..."

မလွှတ်ပေးချင်ပေမဲ့ သူလွှတ်ပေးလိုက်ရပြန်သည်။အတင်းပြေးပြီး ရေချိုးခန်းဘက်သို့ပြေးသွားတဲ့ကောင်မလေးရဲ့ နောက်ကျောကိုကြည့်ပြီး သူ့လက်နှစ်ဖက်အား လေထဲမှာ အရွယ်အစားတစ်ခုကို တိုင်းကြည့်နေဟန်လုပ်‌နေမိသည်။

"အဟင်း...ခါးလေးကလည်းသေးသေးလေး..."

တစ်ဖက်မှာတော့ လိပ်ပြာဖြူဟာ ရေချိုးခန်းထဲမှာ သွားတိုက်မျက်နှာသစ်‌ပြီးတဲ့နောက် ပါဆယ်အထုပ်ထဲမှ ဂါ၀န်လေးကိုထုတ်ကြည့်မိသည်။

"အဖြူရောင်လေးပဲ...ဟင်..ဒါမနေ့က ကိုကိုနဲ့အတူသွားခဲ့တဲ့ ဆိုင်ကပဲ.."

‌ပါဆယ်အထုပ်ထဲမှာ ပြေစာ စာရွက်လေးကိုတွေ့လို့ ထုတ်ကြည့်လိုက်မိတော့ ....

"ဆယ်သိန်း...အမ‌ယ်လေး!!!!.."

လိပ်ပြာသွေးတွေတိုးကုန်ပြီး နားထင်ကိုသွေးတက်ဆောင့်ပါတော့တယ်။ကိုကိုဟာ သိပ်အသုံးအဖြုန်းကြီးတာပဲ။

"ကိုကို..ကိုကို...အပြောနဲ့အလုပ်နဲ့တကယ်ညီတဲ့လူပဲ...သူ့အပေါ်မှာအကြွေးတွေ တနင့်တပိုးကြီးတင်အောင်တကယ်လုပ်နေတာ...ဟူး...မဆပ်နိုင်ရင်
ဘယ့်နယ့်လုပ်ပါ့မလဲ...ငါ့ကို တစ်မျိုးပြီး တစ်မျိုးရင်တုန်အောင်လုပ်လည်း လုပ်နိုင်လွန်းပါတယ်..."

သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်းအရသာကလည်း လိပ်ပြာအတွက် ဘာလိုမှမနေတော့သလိုဖြစ်နေသည်။
စိတ်အစဉ်က မနေ့ညနေကသိန်းသုံးဆယ်နဲ့ ဒီနေ့မနက်ရဲ့ ဆယ်သိန်းဆီမှာပဲ ရောက်လို့နေပါတော့တယ်။လိပ်ပြာတို့ မတော်တဆများ ကွဲသွားခဲ့ရင် ဒီပိုက်ဆံတွေကို ပြန်မဆပ်နိုင်တဲ့အကျိုးက နောင်ဘ၀‌ရောက်လို့ရှိရင် ကိုကို့အိမ်မှာ အိမ်စောင့်တဲ့ခွေးမကြီးများဖြစ်နေမလား။ကို့ကိုအိမ်မှာ ‌မကျွတ်မလွတ်တဲ့ သရဲမကြီးများ သွားဖြစ်နေမလားပဲ။
ကိုကိုရယ် လိပ်ပြာအကြွေးဆိုရင် ကြောက်လှပါတယ်။

💰💰💰💰💰💰💰💰

"လိပ်ပြာ ကိုကိုနေ့ခင်းကြရင် ဖုန်းဆက်လိုက်မယ်နော်..."

"အင်းပါ...ကိုကိုရဲ့...တာ့တာနော်...လိပ်ပြာအပေါ်တက်တော့မယ်...ကိုကိုလည်း...အလုပ်သွားတော့လေနော်..."

"အင်း..ကိုကိုသွားပြီ..."

လိပ်ပြာကို နှုတ်ဆက်ကာ ကားထဲပြန်၀င်ပြီး မောင်းထွက်သွားသည့် ကားပြေးလမ်းတစ်လျှောက် လိုက်ကြည့်ရင်း လိပ်ပြာသက်ပြင်းချနေမိသည်။အပေါ်မှာ ရှင်းရမဲ့အဖွဲ့ကရှိနေသည်လေ။

ကြည်ပြာ၊အေးအေး၊သဲနုနှင့် သူဇာမှာတော့ ၀ရံတာမှနေပြီး လှမ်းမြင်နေရတဲ့ အတွဲကြောင့် အကုန်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကုန်ကြသည်။

"ကြည်ပြာ...အဲ့ဒါ..နင်ပြတဲ့ပုံထဲက CEOဆိုတဲ့လူမဟုတ်လား....လိပ်ပြာနဲ့ကဘယ်လို..."

အေးအေးရဲ့လက်မောင်းကို သဲနုကလှမ်းပုတ်ပြီးသတိပေးလိုက်ရာ အေးအေးလည်းဆက်မပြောတော့ပဲ ကြည်ပြာ့မျက်နှာကိုသာကြည့်လိုက်သည်။

ကြည်ပြာဟာ အင်မတန်စိတ်ဆိုး၊ဒေါသထွက်နေဟန်ပေါ်နေပြီး နှုတ်ခမ်းတွေကို ဖိကိုက်ခါ မဲ့ပစ်လိုက်သည်။ကျက်သရေရှိပြီး ယဉ်တင့်ပါတယ်ဆိုသည့် ကြည်ပြာ့ရဲ့အလှဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တောရိုင်းတကောင်နယ် ပြောင်းလဲသွားတော့သည်။

"အဟင်း...ဒင်းက..ဒီလိုလား...တွေ့မယ်...တွေ့မယ်"

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြီး စိတ်ဆိုး၊မာန်ဆိုးနဲ့ ခြေဆောင့်ကာ ဧည့်ခန်းထဲသို့ထွက်သွားသော ကြည်ပြာကြောင့် ကျန်ခဲ့တဲ့သုံးယောက်မှာပါ စိတ်မသက်မသာဖြစ်ကုန်ကြသည်အထိ ဖြစ်လာကြသည်။

"ဒုက္ခပဲ...ပြဿနာတွေတော့ တက်ကုန်တော့မှာပဲ.."

"သဲနုရေ...ဘယ်လိုလုပ်ကြမလဲ...."

"မတတ်နိုင်ဘူး...ရင်ဆိုင်ဖြေရှင်းသင့်တာက ရှင်းကိုရှင်းရမှာပဲ...ဒီ့ထက်လွဲမှားမှုတွေပိုများလာရင်သာ ပြဿနာပိုကြီးမှာ...ထိခိုက်နစ်နာမှုမကြီးမားပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့....."
*
*
*
"ဂျောက်"

တိုက်ခန်းတံခါးကြီးက ပွင့်နေတာကြောင့် လိပ်ပြာလည်း အထဲသို့ ဘဲလ်မနှိပ်ပဲ တန်း၀င်လာမိသည်။
ဖိနပ်စင်မှာ ဖိနပ်ကိုချွတ်တင်ပြီးနောက် ဧည့်ခန်းအရှေ့ကို အဖြတ်မှာ သူငယ်ချင်းမလေးယောက်ဟာ ဧည့်ခန်းထဲမှာ အသီးသီးထိုင်နေကြလေသည်။
သူတို့မျက်နှာတွေကလည်း မသာမယာနဲ့ ဘာဖြစ်လို့ပါလိမ့်။

"အဟင်း...လူစုံနေပါလား...."

လိပ်ပြာကရယ်ပြလည်း တုံ့ပြန်မှုပြန်မပေးတဲ့ သူငယ်ချင်းတွေကြောင့် စိတ်ထဲမှာခိုးလို့ခုလုကြီးဖြစ်သွားသည်။
ထိုစဉ် ကြည်ပြာဟာ ခြေထောက်ကိုချိပ်၍ထိုင်နေရာမှ လိပ်ပြာဆီသို့ပြေးလာပြီး လက်ကိုလေထဲသို့မြှောက်ချလိုက်သည်။

"ဖြန်း!!!!!!"

"ကြည်ပြာ့!!!!!"

လှမ်းအော်လိုက်တဲ့ လူကသူဇာပါ။လိပ်ပြာရဲ့ပါးတစ်ဖက်ဟာ ပြင်းထန်တဲ့ရိုက်ချက်ကြောင့် ညာဘက်ပါးပြင်တစ်ခုလုံးထူပူကျိန်းစက်သွားပြီး နားမှညှပ်နားကပ်ကလေးတောင် လွှင့်ထွက်သွားလေသည်။

"ကြည်ပြာ...နင်ဘာလို့ကိုယ်ထိလက်ရောက်လုပ်ရတာလည်း...စကားနဲ့ပဲဖြေရှင်းပါဟာ...ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား..."

လက်ချောင်းအရာတွေထင်သွားတဲ့အထိ နီရဲသွားတဲ့ လိပ်ပြာရဲ့ပါး‌ပြင်ကိုကြည့်ပြီး သူဇာမှာမျက်ရည်ဝဲသွားရတဲ့အထိပင်။

သဲနုနဲ့အေးအေးကလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ကိစ္စကို လုပ်လိုက်တဲ့ကြည်ပြာ့အား မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ကြည်ပြာမှာ ‌ဒေါသထွက်လွန်းလို့ အောက်မေးရိုးနဲ့ အပေါ်သွားများပင် ရိုက်ခက်လောက်အောင်အထိ နှုတ်ခမ်းတွေတစ်ဆက်ဆက်တုန်ယင်နေကာ လိပ်ပြာကို လက်ညှိုးငေါက်ငေါက်ထိုးပစ်လိုက်သည်။

"ဘာသူငယ်ချင်းလည်း...သူငယ်ချင်းဆိုရင် ဒီလိုလုပ်ရက်မျိုးကိုမလုပ်ဘူး...ငါသည်းခံနေတာကြာပြီ..လိပ်ပြာ နင့်အကျင့်က နှစ်တွေဘယ်လောက်ကြာကြာ ပြောင်းလဲမသွားတာ ငါအံ့ဩလို့မဆုံးနိုင်ဘူး..."

"ကြည်ပြာ...နင်ငါ့ကိုအဲ့ဒီ့လိုမပြောနဲ့..."

"ပြောမှာပဲ...ဘာဖြစ်လည်း..."

လိပ်ပြာအံ့ဩလွန်းတာရော၊မယုံကြည်နိုင်မှုတွေပါ ပေါင်းစုံသွားပြီး မျက်၀န်းမှမျက်ရည်တွေဟာ ဘယ်လိုပဲအားတင်းကာ ထိန်းထားနေပေမဲ့ ကျဆင်းလာတာပါပဲ။
ယောက်ျားတစ်ယောက်အတွက် လိပ်ပြာအရမ်းခင်မင်တွယ်တာရပါတယ်ဆိုတဲ့ သူငယ်ချင်းတွေက သစ္စာဖောက်တစ်ယောက်လို၊ရွံရှာစရာလူတစ်ယောက်လို အကြည့်ခံ၊အထင်ခံရတာလောက် ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး။
လိပ်ပြာရည်စားထားမိတာအပြစ်တဲ့လား။
မဟုတ်ဘူး လိပ်ပြာရဲ့ချစ်သူဟာ ကိုကိုဖြစ်နေတာကိုက အပြစ်တစ်ခုဖြစ်နေတာပါ။

"ကြည်ပြာ...ငါရှင်းပြတာကို နားထောင်ပေးပါအုံးဟာ..."

"မရှင်းပြနဲ့...နင့်ရဲ့အလိမ်အညာစကားတွေကို ကျောင်းတုန်းကလည်း တစ်ခါခံခဲ့ရပြီးပြီ...အခုတစ်ခါကတော့ ကြည်ပြာငတုံးမဟုတ်တော့ဘူးသိရဲ့လား...ဘာလဲ..နင်က ငါကြိုက်တဲ့လူတိုင်းကို ၀င်လုရမှနေသာထိုင်သာ ရှိတာလား...အဲ့ဒါနင့်ဝါသနာလား..."

"ကြည်ပြာ!!!!နင်ငါ့ကိုအဲ့လိုလာမစွပ်စွဲနဲ့ ...
ကိုကို...ကိုဘုန်းမြတ်နဲ့က နင်စပြီးရင်ဖွင့်တဲ့နေမှာပဲ ချစ်သူတွေဖြစ်ခဲ့တာ...ငါအဲ့နေ့က နင်တို့အားလုံးကိုဖွင့်ပြောပြမလို့ပဲ ဒါပေမဲ့..."

လိပ်ပြာရဲ့စကားကြောင့် ကြည်ပြာဟာအရင်ကထက်နှစ်ဆ ပိုဒေါသထွက်သွားပြီး လိပ်ပြာကိုမျက်ထှောက်နီကြီးနဲ့ ကြည့်ပစ်ကာ လိပ်ပြာရဲ့ပုခုံးကိုတစ်ချက်ဆောင့်တွန်းပစ်လိုက်သည်။

"နင်ပြောတဲ့စကားတိုင်းကို ငါကယုံပေးရမယ်ပေါ့..ဟား..ဟား..လိပ်ပြာ နင်ကလေ စကားတတ်တိုင်း လျှာဖျားလေးနဲ့ လှည့်လိမ်နေတာပဲနော်...ကျောင်းတုန်းကလည်း ကိုမြင့်သူကိုအကျင့်စာရိတ္တမကောင်းတဲ့ လူပါဆိုပြီး ငါ့ကိုသွေးထိုးတယ်..အခုလည်းလာပြန်ပြီ..အဟင်း နင့်ကိုနင်လည်း ပြန်ကြည့်ပါအုံး...ငါ့ထက်ဘယ်နေရာကများ သာနေလို့လည်း၊ နင့်မှာနေစရာမရှိလို့ ငါ့တိုက်ခန်းမှာလာကုတ်ကပ်နေရတာမဟုတ်ဘူးလား..အဲ့လိုဘာဆို၊ဘာမှမရှိတဲ့နင့်လိုလူကို သူ့လိုCEOတစ်‌ယောက်က ပစ်ကြွေလာအောင် ဘယ်လိုနည်းလမ်းတွေများ သုံးခဲ့တာလဲ..အဟင်း
နည်းလမ်းကောင်းလေးများရှိရင် ပေးပါအုံး..."

"ကြည်ပြာ...နင်လိပ်ပြာကို အဲ့လောက်‌တောင်ချိုးဖဲ့ပြီးမပြောသင့်ပါဘူးဟာ...ငါတို့အတူတူနေလာတာပဲ သုံးနှစ်လောက်ရှိပြီ...အကုန်ဆိုးအတူကောင်းအတူ နေလာကြတာမဟုတ်ဘူးလား..."

"အေးလေ...နင်အခုပြောလိုက်တဲ့စကားက ငါတို့ကိုပါထိခိုက်တယ်...လိပ်ပြာဟာငါတို့အပေါ် ဘယ်တုန်းကမှထိခိုက်အောင် မလုပ်ခဲ့ပါဘူးဟာ.."

သူဇာကစကားစလိုက်တာနဲ့ အေးအေးကပါ၀င်ပြောလာလေသည်။လိပ်ပြာအပေါ်မှာယုံကြည်ပေးတဲ့သူတို့နှစ်ယောက်ကို လိပ်ပြာသိပ်ကျေးဇူးတင်နေမိသည်။
အေးအေးနဲ့ သူဇာတို့နှစ်ယောက်ရဲ့အလည်မှ ဖြတ်လျှောက်ပြီး ကြည်ပြာ့အရှေ့မှာ လိပ်ပြာရပ်လိုက်သည်။

"ကြည်ပြာ...ငါတကယ်စိတ်ထဲမှာမကောင်းဘူး..နင်ငါ့အပေါ်မှာတစ်ချိန်လုံး ဒီလိုအထင်သေးရွံရှာနေတာပေါ့...‌ကိုမြင့်သူနဲ့ကိစ္စမှာလည်း ငါ့အနေနဲ့ လီဆယ်ပြီးပြောခဲ့တဲ့စကားတစ်လုံးမှမရှိဘူး..မယုံရင်သူဇာ့ကိုမေးကြည့်..ကိုမြင့်သူဟာဘယ်လိုလူမျိုးလည်းဆိုတာ... တတိယနှစ်ကကျောင်းသားတွေအားလုံးသိတယ်......နင်တစ်ယောက်ထဲကပဲမျက်စိပိတ်နားပိတ်ဖြစ်နေခဲ့တာ...ငါလိမ်ပြောရင် အသေဆိုးနဲ့သေရပါစေလို့ ကျိန်ရဲတယ်ကြည်ပြာ...အဲ့ဒါ ငါ့သစ္စာစကားပဲ..
လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ကိုယ်ပိုင်ခံယူချက်အသီးသီးရှိကြမှာပဲ နင်ဒါကိုလက်ခံသင့်တယ်...အဲ့လိုပဲ ငါ့မှာကိုဘုန်းမြတ်နဲ့ချစ်သူ၊ရည်းစားဖြစ်ဖို့လည်း အခွင့်အရေးအပြည့်ရှိတယ် ကြည်ပြာ..တစ်ရက်ပါပဲ...နင်သာငါ့ကိုတစ်ရက်ကြိုပြီး ကိုဘုန်းမြတ်အပေါ်မှာထားတဲ့ နင့်ရဲ့ခံစားချက်တွေကို ပြော‌ပြပေးခဲ့ရင်...ငါလေ..ဘယ်လောက်ပဲချစ်မိနေပါစေ..ငါ့ရဲ့သူငယ်ချင်းအတွက်..ငါ့အချစ်ကိုစတေးပေးနိုင်ပါတယ်..."

"အပိုတွေ..ပါးစပ်ရှိတိုင်းတော့...နင်ပဲပြောတတ်တာလား..."

လိပ်ပြာဟာ ပါးအရိုက်ခံရလည်း သူငယ်ချင်းဆိုတဲ့စိတ်ကြောင့် လေသံတောင်မမာပါ‌ပဲရှင်းပြနေမိသည်။
ကြည့်ပြာ့စိတ်ထဲမှာတော့ လိပ်ပြာဖြူရဲ့ပါးစပ်မှထွက်သမျှ စကားလုံးတိုင်းဟာ သူ့ရဲ့မာကျောခက်ထန်နေတဲ့ နှလုံးသားကိုတိုးလို့မဖောက်နိုင်ပဲ ပိုလို့သာ ခက်ထန်မာကျောလာရသည်။
လိပ်ပြာသိလိုက်ပါပြီး ကြည်ပြာဟာ လိပ်ပြာအပေါ်ဘယ်လိုမှ နားလည်မပေးနိုင်တော့ဘူးဆိုတာကိုပေါ့။

"ကောင်းပြီ..ကြည်ပြာ...နင့်အနေနဲ့ငါ့အပေါ်မှာ ဒီလိုသဘောထားတွေရှိနေမှာတော့ ငါဘာမှထပ်မပြောလိုတော့ပါဘူး...ငါအခုပဲနင့်တိုက်ခန်းကနေ ဆင်းပေးပါ့မယ်...ငါ့မျက်နှာကိုမမြင်ရင် နင်လည်းအကုသိုလ်မတက်တော့ဘူးပေါ့...."

"လိပ်ပြာ...လိပ်ပြာ...အဲ့လိုမလုပ်ပါနဲ့ဟာ.."

ကျန်သူငယ်ချင်း သုံးယောက်ကလိုက်လံတားဆီးကြပေမဲ့  လိပ်ပြာကတော့ အ၀တ်ဗီဒိုထဲမှ အ၀တ်အစားတွေကိုထုတ်ပြီး လက်ကေ့အကြီးထဲကို ဆန့်သလောက် ထည့်နေလိုက်သည်။
အားလုံးပြီးစီးသွားတဲ့နောက်မှာတော့ ဇစ်ဆွဲလိုက်ပြီး သူဇာ၊သဲနုနှင့် အေးအေးတို့သုံးယောက်အား လိပ်ပြာမျက်ရည်ဝဲရင်း ကြည့်မိသည်။

"ကိုယ့်ကိုကိုယ် ဂရုဆိုက်ကြပါ...ငါနင်တို့ကိုတော့ဆက်သွယ်ပါ့မယ်...ငါ့မှာလည်းမာနနဲ့မို့...သည်းခံပြီးဆက်မနေနိုင်တဲ့အတွက် ခွင့်လွှတ်ပေးကြပါ..ကြည့်ပြာ့ကိုလည်း ဂရုဆိုက်ပေးလိုက်ကြပါအုံးနော်...ငါတို့တွေ..တစ်နေ့နေ့မှာပေါ့...ဖြူစင်တဲ့ချစ်ခြင်းနဲ့ ထာ၀ရသူငယ်ချင်းတွေအဖြစ် အတူထပ်မံစုံစည်းကြတာပေါ့..."

"လိပ်ပြာ...နင်မသွားပါနဲ့ဟာ...လိပ်ပြာ!!!.. "

သူငယ်ချင်းသုံးယောက်ခမျာ ဘယ်လိုပဲ တောင်းပန်တိုးလျှိုးကြပေမဲ့ အိမ်မကြီးတံခါးကတော့ ဖြည်းညှင်းစွာပိတ်သွားခဲ့လေပြီ။
အေးအေးရဲ့စိတ်ထဲတွင်တော့"လိပ်ပြာရယ် နင်ဘယ်လောက်အထိ စိတ်နှလုံးသား ဖြူစင်လည်း ဆိုတာငါသိပါတယ်ဟာ..ထွက်သွားတာတောင် တံခါးကိုအသံမမြည်အောင် ပိတ်ပေးသွားတဲ့ နင့်ဘ၀လေးလည်း သာယာနိုင်ပါစေ...ငါအမြဲဆုတောင်းပေးတယ်" အေးအေးမှာ မျက်ရည်ဝဲနေရသလို သဲနုနဲ့သူဇာမှာလည်း မခံစားနိုင်စွာ ငိုမိပါတော့တယ်။

ကိုဘုန်းမြတ်ကို သူမအစ်ကိုရဲ့သူငယ်ချင်းအနေနဲ့စတွေ့တဲ့နေ့က ရင်မခုန်မိပေမဲ့ လိပ်ပြာပြောတာသာမှန်ရင် တိုက်ဆိုင်လွန်းစွာ ထိုနေ့မှသူမရင်ခုန်မိခဲ့တယ်။သူငယ်ချင်းတွေတွေ့ဆုံကြတဲ့နေ့မှာ ကိုဘုန်းမြတ်ဟာ အလုပ်မအားလို့ဆိုပြီးလိပ်ပြာနဲ့ရှေ့ဆင့်၊နောက်ဆင့်ထွက်သွားခဲ့တာကြောင့် ခင်မင်ခွင့်မရခဲ့သလို ကြာတော့မေ့သွားမိခဲ့တယ်။
ကြည်ပြာသူ့ကိုမှတ်မိနေခဲ့ရမှာ ဘာကြောင့်လည်း??ဘာကြောင့်ဒီလောက်တောင် တိုက်ဆိုင်နေခဲ့ရတာလဲ??

သူမရဲ့လုပ်ရပ်အတွက် နောင်တမရမိရန် တင်းထားရင်းမှ ကြမ်းပြင်ပေါ်မှာ မှောက်ချလိုက်ပြီး ငိုရှိုက်နေပါတော့တယ်။
သူမဟာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို ရက်စက်စွာ ပါးရိုက်မိလိုက်သလို သာမန်လူတစ်ယောက်အတွက် နင့်သီးလွန်းတဲ့စကားလုံးတွေနဲ့လည်း နာကျင်အောင်ထိုးနက်မိခဲ့တယ်။
ဆုံးရှုံးမှုတစ်ရက်ကို သိစိတ်ကတင်းခံနိုင်ပေမဲ့ မသိစိတ်ကတော့ အလိုလိုမျက်ရည်ကျမိနေခြင်းပင်။
ဒါပေမဲ့သူမမမှားဘူးလို့ မာနတရားကတော့ တောင့်ခံထားဆဲပါပဲ။

လူတွေဟာ ကိုယ့်ရဲ့လိုအင်ဆန္ဒတစ်ခုတည်းကိုပဲ ကြည့်မိတဲ့အခါ ကိုယ်ချစ်တဲ့၊မြတ်နိုးတဲ့အရာတွေ ကို ကိုယ့်လက်နဲ့ပဲပြန်ဖြတ်စီးတတ်ကြတယ်။
ကိုယ့်ဘက်ကကြည့်တော့လက်ဖမိုး သူ့ဘက်ကကြည့်တော့ လက်ဖဝါးဆိုပေမဲ့ နှစ်ဖက်လုံးကိုမြင်တတ်မှာသာ ဆုံးရှုံးနစ်နာမှုတွေကို လျော့ချနိုင်မှာ‌ သေချာပါတယ်။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

💔💔💔💔💔💔💔💔

"သူငယ်ချင်အဖွဲ့လေး😢"


========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၂၈


"ဟင်.. တံခါးကဘာလို့ ပွင့်နေတာလည်း ငါပိတ်ခဲ့တာသေချာပါတယ်...လိပ်ပြာများရောက်နေတာလား..."

ဘုန်းမြတ်ဟာ သူ့ဒယ်ဒီရဲ့အိမ်ကိုမပြန်ချင်တဲ့ အခါတိုင်း အင်းယားလမ်းမှဒီအဆင့်မြင့်ကွန်ဒိုကြီးတွင် လာနေလေ့ရှိသည်။
ဒီကွန်ဒိုလိပ်စာကို သူ့သူငယ်ချင်း၊မိတ်ဆွေတွေကိုတောင်ပေးမသိထားပါဘူး။
လိပ်ပြာလေးတစ်ယောက်ထဲကိုသာ မနက်ကသူသော့အပိုတစ်ချောင်းပေးထားတာပဲရှိတယ်။
အခန်းထဲကို ၀င်လိုက်တော့ အခန်းမီးတွေအားလုံးကလည်း သူပိတ်ထားခဲ့တဲ့အတိုင်းပါပဲ။အခန်းကပြူတင်းလိုက်ကာတွေအားလုံးချထားတာကြောင့် မှီးမဖွင့်ထားရင် နေ့အလင်းမ၀င်ပဲ မှောင်နေတတ်သည်။

"ချလောက်..."

ဧည့်ခန်းနဲ့ လျှောက်လမ်းမီးတွေကို ဖွင့်လိုက်ပြီးနောက် နက်တိုင်ကို ဖြေလျှော့ကာချွတ်ပစ်လိုက်ရင်း အိင်္ကျီအပေါ်ကြယ်သီးကို နှစ်လုံးလောက်ဖြုတ်လိုက်သည်။
အလုပ်အိတ်ကို စင်ပေါ်မှာတင်လိုက်ပြီးနောက် ရေသောက်ရန် မီးဖိုခန်းထဲသို့၀င်လာလိုက်သည်။

"လိပ်ပြာ..."

ဘုန်းမြတ်မယုံကြည်နိုင်လွန်းစွာ ပါးစပ်မှထွက်သွားတဲ့ အသံကနည်းနည်းကျယ်သွားသည်။
မနက်ကမှ သူကိုယ်တိုင် အိမ်ပြန်လိုက်ပို့ပေးထားတဲ့ကောင်မလေးက အခုတော့သူ့ထမင်းစားပွဲပေါ်မှာ လက်ကိုကွေးတင်ပြီး ထိုလက်ပေါ်မှာမျက်နှာမှောက်ကာ အိပ်နေတဲ့ ပုံစံလို ငြိမ်လွန်းလှသည်။

အခုမှပဲသူသတိရတယ်။ ခုဏကအခန်းတံခါးဖွင့်ဖွင့်ချင်း ထောင့်တစ်ခုမှာ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့တဲ့အရာက လက်ကေ့ကြီးတစ်ခုပဲ။
သေချာတယ် သူမ‌ရဲ့သူငယ်ချင်းတွေနဲ့တစ်ခုခုဖြစ်လာတာပဲနေမယ်။

"လိပ်ပြာ...လိပ်ပြာ...ဒီမှာမအိပ်နဲ့လေ
...လိပ်ပြာ...အခန်းထဲမှာသွားအိပ်လေကွာ..."

သူမရဲ့ပုံခုံးလေးကို ခပ်ဖွဖွလေး လှုပ်ပေးလိုက်တာနဲ့ ခန္ဓာကိုယ်သေးသေးလေးကလှုပ်ရွလာပြီး
မပွင့်သေးတဲ့ မျက်လုံးလေးတွေကို လက်နဲ့ပွတ်သပ်ကာ သူ့ထံသို့ မျက်မှေးလေးနဲ့ကြည့်လာသည်။

"လိပ်ပြာ...ဒါ...ဒါကဘာဖြစ်ထားတာလည်း..."

"ဘယ်ဟာကိုပြောနေတာလည်း..ကိုကိုရယ်..."

ဘုန်းမြတ်ဟာ ချစ်သူလေးကို အမြဲဂရုတစိုက်ရှိနေသူဖြစ်တာကြောင့် သူမဆီမှပြောင်းလဲသွားတဲ့ အရာရာတိုင်းကို ချက်ချင်းတန်းမြင်သည်။
သူမရဲ့ ညာဘက်ပါးပြင်လေးက အနီရာကြီးထင်ကျန်နေပြီး ပါးရိုးနဲ့နားရဲ့ကြား‌နေရာမှာလည်း သွေးစို့ကာခြောက်နေပြီဖြစ်တဲ့ ရှ‌ရာလေးတစ်ခုက သူ့ကိုအတော်စိတ်ခြောက်ခြားသွားစေသည်။
ဘုန်းမြတ်ကသာ မျက်လုံးပြူး၊မျက်ဆံပြူးပြီး အတင်းမေးနေတာ သူမကတော့အိပ်ချင်မူးတူးပုံစံလေးနဲ့ ဘာမေးလို့မေးမှန်းလည်း ချက်ချင်းရိပ်မိပုံမပေါ်‌ပေ။

"ဒီမှာလေ...ညာဘက်ပါးမှာ နီနေတယ်...ဘာဖြစ်ခဲ့တာလည်း ကိုယ့်ကိုပြောစမ်းပါကွာ..."

ဘုန်းမြတ်ရဲ့စကားသံက စိုးရိမ်မှုများကြောင့် အဖျားမှာတုန်ယင်မှု လှိုင်းထသွားသည်။
ကောင်မလေးကတော့ သူမရဲ့ညာဘက်ပါးပြင်
‌လေးကို ခဏစမ်းလိုက်ပြီးမှ သတိရသွားပုံပေါ်သည်။

"အော်...ဒါလား...အရိုက်ခံ...."

"ဘာ..."

"မဟုတ်ဘူး..မဟုတ်ဘူး...ချော်လဲပြီးခုံစောင်းနဲ့ မျက်နှာနဲ့ ဆောင့်မိသွားတာ...."

" သေချာလို့လား..."

"သေချာပါတယ် "

"ဒါဆိုရင် တံခါးဘေးနားက အိတ်ကရောဘာလို့ပါလာတာလည်း...သူငယ်ချင်းတွေနဲ့ရန်ဖြစ်လာတာလား..."

ကိုကိုကလိပ်ပြာရဲ့ မျက်လုံးတည့်တည့်ကိုကြည့်ပြီးမေးလာသည်။
ကြည်ပြာ့ရဲ့တိုက်ခန်းကနေထွက်လာတဲ့အချိန်မှာ လိပ်ပြာဘယ်ကိုသွားရမှန်းမသိပဲ တွေဝေနေခဲ့မိတယ်။လကုန်ရက်လည်း မဟုတ်သလို၊အလုပ်ပိတ်ရက်လည်း မရောက်သေးတာကြောင့်
အ၀တ်ထုပ်ကြီးတွေဆွဲပြီး သူငယ်ချင်းနဲ့ရန်ဖြစ်လာလို့ပါ၊အလုပ်ထွက်လိုက်ပြီလို့လည်း အိမ်ကိုမပြောရဲဘူး။ဒါကြောင့်အရင်ဆုံးစဉ်းစားမိတာက ကိုကို့တိုက်ခန်း မနက်ထဲကကို့ကိုတိုက်ခန်းမှာ လာငိုနေရင်းနဲ့ ထမင်းစားပွဲမှာ အိပ်ပျော်သွားတာ ဘယ်အချိန်တောင်ရောက်နေပြီလဲမသိဘူး။

"အခုဘယ်နှစ်နာရီ ထိုးနေပြီလဲဟင်..."

"လိပ်ပြာ..ကိုယ့်ကိုဒေါသထွက်အောင်မလုပ်နဲ့...
ကိုမေးတာကိုဖြေ...သူငယ်ချင်းတွေနဲ့ ဘာဖြစ်လာတာလဲ..."

"လိပ်ပြာကို အဲ့လိုလာမအော်ပါနဲ့
ကိုကိုကပါ လိပ်ပြာကိုအော်နေပြီပေါ့..အီဟီး..."

ဒီနေ့တစ်နေ့လုံး အငိုနဲ့ဓာတ်တည့်နေတဲ့လိပ်ပြာရဲ့စိတ်ကဘယ်လိုမှ ထိန်းမရတော့ပဲ ထပ်ငိုချင်လာပြန်သည်။လိပ်ပြာ စားပွဲပေါ်ကို ခေါင်းမှောက်ပြီး ထပ်ငိုမိပြန်ပါပြီ။

"ဟာ...လိပ်ပြာ..ဘာလို့ငိုနေတာလည်း..ကိုယ့်ကိုကြည့်ပါအုံးကွာ..."

မှောက်ငိုနေတာကြောင့် တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးကို ပုခုံးမှဆွဲမလိုက်ရာ သူ့ကိုမျက်လုံးပြူးလေးနဲ့ပြန်ကြည့်လာသည်။
ဘယ်တည်းက ငိုထားမှန်းမသိတဲ့ မျက်ခွံလေးတွေက အနည်းငယ်မို့နေပြီး မျက်၀န်းဝိုင်းလေးတွေမှာလည်း မျက်ရည်သီးလေးတွေ ခိုတွဲနေသည်မှာ ပူတင်းလုံးလေးလို ပုံမျိုးဖြစ်နေသည်။

သူမရဲ့ပါးပြင်လေးကို သူ့လက်ဖဝါးနှစ်ဖက်ထဲမှာ နစ်မြှုပ်အောင်အထိ ညှပ်ထားလိုက်ပြီး ပါးပြင်
အိအိမှမျက်ရည်စက်‌တွေကိုလက်မနဲ့ညင်သာစွာ သုတ်ပေးမိသည်။

"ကိုကိုလိပ်ပြာကို မဆူတော့ဘူး...အဲ့အစား ကိုကိုဘာလုပ်ပေးရမလဲ..လိပ်ပြာဖြစ်ချင်တာအကုန်လုပ်ပေးမယ်...ကဲပြော..."

"ကိုကိုတကယ်...အကုန်လုပ်ပေးမှာလား..."

မျက်လုံးလေးတွေ မို့အစ်ပြီး နှုတ်ခမ်းလေးဆူကာ မေးလာတဲ့ကလေးမကြောင့် အသဲနှလုံးထဲမှ ယားကျိကျိဖြစ်လာပြီး သူတစ်ချက်ပြုံးပြကာ နီနေပါတယ်ဆိုတဲ့ ပါးအိအိလေးကိုပဲ နမ်းပစ်လိုက်သည်။

"ပြော..ဘာလုပ်ပေးရမလည်း..."

"လိပ်ပြာဗိုက်ဆာတယ်...မုန့်ထွက်စားချင်တယ်..
လိုက်ပို့ပါလား..."

"အင်း..ဒါဆို စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကို ဘိုကင်လှမ်းချိတ်လိုက်မယ်..."

"မဟုတ်ဘူး..."

ဖုန်းထုတ်ပြီး ဆက်တော့မည့်ကိုကို့လက်ကို လိပ်ပြာလှမ်းတားလိုက်မိသည်။

"ကိုကိုကသိပ်အသုံးအဖြုန်းကြီးတာပဲ...
အလကားနေပိုက်ဆံအများကြီးကုန်မှ စိတ်ချမ်းသာရမယ်ထင်နေတာ...ဗိုက်ပြည့်ဖို့အရေး နာမည်ကြီးစားသောက်ဆိုင်မှာ လက်တစ်ဆုတ်စာဟင်းပွဲလေးအတွက်...ဘာလို့အများကြီးအကုန်ခံနေမှာလည်း...ပိုဈေးကြီးလေ ပိုအရသာရှိလေဆိုပေမဲ့ လိပ်ပြာကတော့သဘောမကျပါဘူး...ဈေးသက်သာပြီး စားလို့ကောင်းတဲ့ဆိုင်တွေမှ အများကြီးရယ်..."

"ကဲ...ဒါဆိုလည်း သဘောရှိသာစိတ်ကြိုက်လုပ်စေဗျာ..လိပ်ပြာခေါ်တဲ့နောက်ပဲ ကိုကိုလိုက်ပါတော့မယ်..ငရဲပြည်လား...နတ်ပြည်လား..ဧ၀ရတ်တောင်ထိပ်ကိုလား...မြင့်မိုလ်တောင်ကိုရှာပုံတော်ထွက်ကြမလား..."

"ဟား...ကိုကိုနော်..."

သူ့အပြောကြောင့် ပြုံးသွားတဲ့သူမကိုကြည့်ပြီး အနည်းငယ်စိတ်သက်သာရာရသွားသည်။မဟုတ်ရင် ဒီငရစ်လေးက သူ့ကိုအမျိုးမျိုးရစ်နေမှာလေ။

"အခုမှပဲ ချစ်စရာလိပ်ပြာလေးပြန်ဖြစ်တော့တယ်...ပြော ဘယ်ကိုလိုက်ပို့ပေးရမလဲ..."

"အင်း....လှည်းတန်းကိုသွားကြမယ်..အဲ့မှာမုန့်သွားစားကြမယ်..."

"လှည်းတန်း..ဟုတ်လား..."

"အင်း...ခဏလေးစောင့်အုံးနော်...မျက်နှာနီနေတာကို...မိတ်ကပ်နဲ့သွားဖုံးလိုက်အုံးမယ်..."

မီးဖိုခန်းထဲမှထွက်သွားသောလိပ်ပြာကိုကြည့်ပြီး သူသက်ပြင်းချမိသည်။
လိပ်ပြာဘာတွေများ ဖြစ်လာခဲ့တာလဲ။သိခွင့်ရမယ်ဆိုရင် သူမနဲ့ပတ်သတ်တာမှန်သမျှအားလုံးကို သိချင်နေမိတယ်။
သူမရဲ့ပါးပြင်မှာရှိနေတဲ့ အနီစင်းကြောင်းကြီး သူခန့်မှန်းမိတယ် ဒါ‌တစ်ယောက်ယောက်ရိုက်လွှတ်လိုက်တာပဲ။လိပ်ပြာတို့ သူငယ်ချင်းတွေကြားမှာ ဒီလိုကိုယ်ထိလက်ရောက် ကျူးလွန်ရလောက်တဲ့အထိဖြစ်ခဲ့တဲ့ပြဿနာက ဘာများလဲ။

"တောက်!!!!ဘယ်သူလည်း သိလို့ကတော့အသေပဲ...."

🦋🦋🦋🦋🦋🦋🦋🦋

"ကိုကို ကားရပ်လိုက်တော့...ဒီနားကလမ်းဘေးတစ်နေရာမှာပဲ ပါကင်ထိုးလိုက်...."

ဒီနေ့မှာသူမကိုစိတ်ချမ်းသာအောင်ထားမယ်လို့ တွေးထားတာကြောင့် သူမပြောတဲ့စကားတိုင်းကို ဘုန်းမြတ် တသွေမတိမ်းလိုက်နာရတော့တာပါပဲ။
စံရိပ်ငြိမ်လမ်းရဲ့ လမ်းဘေးတစ်နေရာမှာ ကားကိုပါကင်ထိုးထားလိုက်သည်။
ပါကင်ထိုးပြီးတာနဲ့ သူမကကားပေါ်မှအတင်းဆင်းတာကြောင့် သူပါလိုက်ဆင်းရသည်။

"ကိုကို...လိပ်ပြာတို့ ဒီကနေလှည်းတန်းကုန်းကျော်တံတားကို လမ်းလျှောက်ကြမယ်နော်..."

"လိပ်ပြာသဘောဗျာ..."

သူမအနားကိုလျှောက်သွားလိုက်ပြီး လက်ဖဝါးလေးကို ဆုတ်ကိုင်ကာ အတူယှဉ်တွဲ၍ ကားလမ်းမရဲ့ဘေးပလက်ဖောင်းပေါ်မှာ လျှောက်ဖြစ်ကြလေသည်။
ဖုန်းမြတ်အတွက် အိမ်နဲ့အလုပ်၊အလုပ်နဲ့အိမ် တစ်နေ့တစ်နေ့ ဒီလိုနဲ့ပဲတစ်နေ့တာပြီးဆုံးနေကြပါ။ဒါပေမဲ့ ချစ်သူရှိလာပြီဆိုကတည်းက သူမအတွက်အချိန်ပေးဖို့ကိုလည်း သူတွေးတတ်နေပါပြီ။အမှန်တော့ ဒီနေ့မှအစည်းအဝေးပြီးတော့ ခေါင်းတွေအရမ်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်လာလို့ ကွန်ဒိုမှာခဏအနားယူဖို့ပြန်လာခဲ့ခြင်းပင်။ဒါပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းကိုက်တာတွေကို မေ့နေခဲ့ပြီး ချစ်သူနဲ့မုန့်ထွက်စားဖို့ဖြစ်လာခဲ့တယ်။

"ကိုကို...လိပ်ပြာဖုန်းကာဗာလေးခဏကြည့်ချင်လို့ ဒီဆိုင်ထဲကို ခဏ၀င်ရအောင်..."

ဆိုင်ထဲကို၀င်လိုက်ပြီးနောက် ဖုန်းကာဗာတွေလိုက်ရွေးနေရင်းမှ လိပ်ပြာအကြံတစ်ခုရသွားသည်။
ဆိုင်၀န်ထမ်းကောင်‌မလေးကို ခေါ်လိုက်ပြီး ကိုယ်ကြိုက်တဲ့ပုံနဲ့ ကာဗာသီးသန့်လုပ်လို့ရမရမေးလိုက်သည်။

"ဟုတ်ကဲ့ရပါတယ်  ညီမလေးကြိုက်တဲ့ပုံနဲ့ လုပ်ပေးလို့ရပါတယ် ဖုန်းအမျိုးအစားရယ်ရိုးရိုးလား မှန်သားနဲ့လားဆိုတာပါပြောခဲ့ပါနော်...ပြီးတော့ဖုန်းအမျိုးအစားသိအောင် ဆက်တင်ထဲက about phoneဆိုတာကို အစ်မတို့ကဓာတ်ပုံရိုက်ပြီး ယူထားရပါမယ်..."

"ဟုတ်အစ်မ..ခဏလေးနော်..."

ဆိုင်ထဲမှာ တောင့်တောင့်ကြီးလက်ပိုက်ပြီးရပ်နေတဲ့ကိုကို့ဆီသို့ သွားလိုက်သည်။
ကိုကိုဟာလေ မနေတတ်မထိုင်တက်ကြီးလားမသိဘူး။မသိရင် ဓာတ်တိုင်ကြီးဆိုက်ထူထားသလိုပဲ ဘယ်မှကိုမရွေ့ဘူး။
ဟိုဟာ၊ဒီဟာ လျှောက်ကြည့်နေလိုက်တော့ ဘာဖြစ်မှာမှတ်လို့လဲ။

"ကိုကို...လိပ်ပြာကို ဖုန်းခဏပေးဓာတ်ပုံရိုက်ရအောင်..."

"ဟမ်...ဘာလုပ်ဖို့လည်း..."

"ပေးမှာသာပေးစမ်းပါ..."

ကြောင်တောင်ပုံကြီးဖြစ်နေတဲ့ ကိုကို့အားစိတ်မရှည်ဖြစ်လာပြီး ကိုကိုကုတ်အိင်္ကျီရဲ့အတွင်းဘက်အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ဖုန်းကို နှိုက်လိုက်သည်။
ကိုကို့ရင်ဘတ်နဲ့ လက်ကအနည်းငယ်ယှက်တိုက်သွားတာကြောင့် လိပ်ပြာနားထင်ကြောတွေ ထောင်ချင်သွားပေမဲ့ ခပ်တည်တည်ပဲဟန်ဆောင်နေလိုက်သည်။

"ဝိုး... Apple 🍎ကြီးပါလား 2018ထုတ် iPhone X Plusပေါ့ ကိုကိုဒါကို၀ယ်တော့ ဘယ်လောက်ပေးရလဲ.."

"သိန်းနှစ်ဆယ်..."

"အဟွတ် အဟွတ်..."

လိပ်ပြာမှာ ကိုကို့ရဲ့ငွေအသုံးအဖြုန်းကြီးမှုကြောင့် ချောင်းဆိုးရပြန်ပါပြီ။‌ သွေးမပါလို့တော်ပါသေးတယ်။
လိပ်ပြာရဲ့ဖုန်းက Samsungပါ ‌ခြောက်သိန်းလောက်ပေး၀ယ်ခဲ့ရပေမဲ့ အိမ်ရောက်တော့ကိုယ့်ဟာကို နှမျောပြီး အဲဒီ့တစ်နေ့လုံးထိုင်ငိုလိုက်ရတဲ့အဖြစ်။အမေကတော့အားပေးရှာပါတယ်  
"ကိုယ့်ဖာသာ တွင်းထဲကနေပိုက်ဆံနှိုက်လို့ရ
သလိုပုံနဲ့ လျှောက်၀ယ်ပြီး အခုမှကြက်မကြီးအစာနင်သလိုဆန့်ငင် ဆန့်ငင်နဲ့လာငိုပြမနေနဲ့တဲ့လေ..."
ကိုကိုနဲ့လိပ်ပြာဟာ အရာရာမှာတူညီမှုလုံး၀ရှိမနေပါလား။

ဆိုင်၀န်ထမ်းအစ်မကြီးကို ကိုကို့ဖုန်းနဲ့လိပ်ပြာရဲ့ဖုန်းအမျိုးအစားကို ဓာတ်ပုံရိုက်ခိုင်းလိုက်ပြီးနောက် လိပ်ပြာလိုချင်တဲ့ပုံလေးကိုပြောလိုက်သည်။

"ဟုတ်ကဲ့ နောက်နှစ်ရက်နေရင်ရပါပြီ...
ကိုယ်တိုင်လာမယူနိုင်ရင် deliသမားနဲ့ပို့ပေးပါ့မယ် လိပ်စာလေးပေးခဲ့ပါနော်..."

လိပ်စာဆိုတော့ ကမ်းနားလမ်းမှ ကိုကို့ရဲ့ကွန်ဒိုလိပ်စာကိုပဲပေးခဲ့လိုက်သည်။

"ကိုကို သွားကြမယ်..."

ခုဏကနေရာမှာပဲ စက်ရုပ်ကြီးလိုတောင့်တောင့်ကြီးရပ်နေပြန်တဲ့ကိုကို့ကို လက်ဆွဲပြီး ဆိုင်ထဲမှထွက်လာလိုက်သည်။

"လိပ်ပြာ ဗိုက်ဆာတယ်ဆို ဆိုင်တစ်ဆိုင်မှာ ၀င်စားကြမယ်လေ..."

"အင်း လိပ်ပြာတို့သူငယ်ချင်းတွေ မျက်စိအစာကျွေးရင်း ၀င်စားနေကြဆိုင်တစ်ဆိုင်ရှိတယ်...လာအဲ့ကိုသွားမယ်...

ကိုကိုနဲ့အတူ ဦးထွန်းလင်းခြံလမ်းထဲသို့ ၀င်လိုက်ပြီး ကိုရီးယားအစားအစာတွေရောင်းတဲ့ အို့ပါးဟော့ဒေါ့ခ်ဆိုင်သို့ ခေါ်လာလိုက်သည်။

ဆိုင်ထဲကို၀င်လိုက်တာနဲ့ ဝါကျင့်ကျင့်မီးရောင်လေးက အိပ်မက်ကမ္ဘာထဲရောက်နေသလိုလေးဖြစ်နေကာ အိပ်မက်ဖမ်းတဲ့ dream catcher
လေးတွေကို ဆိုင်ထဲမှာချိတ်ဆွဲထားတာကြောင့်ကဗျာဆန်လွန်းနေသည်။
ပိုပြီးကဗျာဆန်တာကတော့ ကိုရီးယားအိုင်ဒေါလ် ပုံတွေကို ဆိုင်အပြည့်ကပ်ထားသောကြောင့် လိပ်ပြာတို့သူငယ်ချင်းတွေကတော့ အစားလေးစားလိုက် လူချောလေးတွေကိုငမ်းလိုက်နဲ့ ဇိမ်ကိုရှိနေတာပါပဲ။
အမှတ်တရစာရေးပြီး ကပ်ထားကြတဲ့နဲရံကြီးရဲ့ဘေးမှာ ရပ်လိုက်မိပြီး ပန်းရောင်အသံပုံစာရွက်ကလေးကိုကြည့်လိုက်မိသည်။
"ထာ၀ရသူငယ်ချင်း"ဆိုပြီး ထိုစာရွက်ကလေးပေါ်မှာ သူငယ်ချင်းငါးယောက်လုံးလက်မှတ်တွေဝိုင်းထိုးပြီး နံရံမှာကပ်ခဲ့ကြတယ်။

"လိပ်ပြာ...ထိုင်ရအောင်လေ..."

"အော်...အင်း..."

 ဆိုင်ရဲ့အတွင်းထောင့်ဘက်ခုံမှာနေရာ၀င်ယူလိုက်ပြီး အားလူးပါတဲ့ Potato Hotdog ,
 Sweetrello hotdog နဲ့ Premium ဟော့ဒေါ့ခ်တို့ကိုမှာလိုက်ပြီး teokbokki ပွဲကြီးတစ်ပွဲနဲ့
 ကီဝီသီးဖျော်ရည်တစ်ခွက်၊ ဘလူးဘယ်ရီတစ်ခွက်မှာလိုက်သည်။

"သုံးဆောင်လို့ရပါပြီရှင်..."

စားပွဲထိုးကောင်မလေးက မှာထားတာတွေလာချပေးပြီးနောက်မှာတော့ ကိုကို့မျက်နှာကို မျက်လုံးထောင့်စွန်းလေးမှ ကြည့်ရင်းပြုံးသွားတာကို လိပ်ပြာတွေ့ဖြစ်အောင် တွေ့လိုက်ပါတယ်။
အေးလေ ဒီလိုဆိုင်မျိုးကို ဒီလိုလူကြီးဆန်ဆန်
၀တ်စားပြီးဘယ်သူကလာမှာလဲ။
ကိုကိုကတီရှပ်ကော်လံလက်ရှည်အဖြူပေါ်မှာ ကုတ်အနက်၀တ်ထားရာမှ ပူလို့ထင်တယ် ကုတ်ကိုချွတ်ပြီး ခုံပေါ်တင်ထားလိုက်သည်။
ကိုကို့အိင်္ကျီမှာ ကြယ်သီနှစ်လုံးဖြုတ်ထားမှန်းလိပ်ပြာအခုမှသေချာကြည့်မိတယ်။

"ကိုကို...မတ်တက်ခဏရပ်အုန်း..."

"ရပ်ပါဆို..."

"ကောင်းပါပြီ..."

မက်တက်ထရပ်လိုက်တယ်ဆိုရင်ပဲ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ကိုကိုပုံစံက အပေါ်မှာချိတ်ဆွဲထားတဲ့ မီးအဝါရောင်ကသွားဟပ်ပြီး အရှိန်အဝါတွေ သိပ်ထွက်လွန်းနေသလိုပဲ။

"ရှေ့နည်းနည်းကုန်း..."

"ဟမ်...ဘာလို့လဲ..."

"ကုန်းဆိုကုန်းပေါ့...အရမ်းမေးတာပဲ..."

ဘေးချင်းကပ်လျှက်ထိုင်နေတာမဟုတ်ပဲ ခုံကိုအလည်မှာထားပြီး မျက်နှာချင်းဆိုင်ထိုင်နေတာကြောင့် ခုံကိုလက်ထောက်ကာ သူမမျက်နှာအနားအထိ ကိုင်းညွှတ်ပေးလိုက်သည်။

လိပ်ပြာကတော့ထိုင်လျှက်ကနေပဲ ကိုကို့ရင်ဘတ်မှ ဖြုတ်ထားတဲ့ကြယ်သီးနှစ်လုံးကိုပြန်တက်ပေးလိုက်သည်။အခုမှပဲ ကျေနပ်သွားတော့တယ်။ယောက်ျားလေးတွေကပဲ
ကိုယ့်ကောင်မလေးတွေ အတိုအပြတ်၀တ်ရင်သ၀န်တိုတတ်တာမဟုတ်ပါဘူး။လိပ်ပြာလည်း သ၀န်တိုတတ်တာပေါ့။
ကြယ်သီးတက်အပြီးမှာ ပါးချိုင့်တွေပေါ်အောင် ပြုံးပြလိုက်ပြီး...

"ရပြီ...ပြန်ထိုင်တော့..."

"ဟား...ဘာများလည်းလို့...ကြံကြံဖန်ဖန်..."

ချစ်စနိုးနဲ့သူမရဲ့ ဆံပင်တွေကိုဖွပစ်လိုက်ပြီး ပြန်ထိုင်လိုက်သည်။

အစားစားတဲ့အချိန်မှာတော့ ကိုကို့လည်းမမြင်နိုင်တော့ဘူး အစောတည်းကဗိုက်က တဂွီဂွီနဲ့မို့
တော့ပိုကီတွေရော အသားပြားတွေကိုပါ တစ်ခုပြီးတစ်ခုယူစားပစ်လိုက်သည်။
မိန်းကလေးသဘာ၀အစပ်ကြိုက်တာမို့ ရှူးရှူးရှဲရှဲစပ်နေလည်း ဖျော်ရည်သောက်လိုက်၊စားလိုက်ပါပဲ။
ချက်လာခါစမို့ ခပ်ပူပူဖြစ်နေတဲ့ အားလူးဟော့ဒေါ့ခ်တစ်ချောင်းကို မှုတ်လိုက်၊စားလိုက်နဲ့ပဲ တစ်ချောင်းလုံးအစကိုပျောက်သွားတော့တာပဲ။
အစားစားပြီးမှ ကိုယ့်ရည်းစားကိုယ်သတိရပြီးကြည့်မိတော့ ကိုကိုကလိပ်ပြာစားနေတာကိုပဲ ကြည့်နေပြီး တစ်စက်မှကိုစားခြင်းမရှိဘူး။

"ကိုကိုစားလေ....တရားမှတ်နေတာလား..."

"ကိုကို...ဒါတွေကိုမစားတတ်ဘူး...အမှန်အတိုင်းပြောရရင်လိပ်ပြာကိုလည်းမစားစေချင်ဘူး...
ဒီတော့ပိုကီ ပွဲကအရမ်းစပ်မဲ့ပုံပဲ ငရုပ်သီးတွေချည်းပဲထည့်ဖျော်ထားသလိုမျိုး နီရဲနေတာပဲ ကိုကိုဒီတစ်ခါပဲ ခွင့်ပြုမှာနော် နောက်တစ်ခါဆို မစားရတော့ဘူး.."

သူများစားနေတာကို အဲ့ကိုကိုဟာလေ အာရုံပျက်အောင်သိပ်လုပ်တာပဲ။လိပ်ပြာစားပွဲမှ ချက်ချင်းထရပ်လိုက်ပြီး ဆိုင်အပြင်သို့ထွက်လာလိုက်သည်။

"ဟာ လိပ်ပြာ..."

ဘုန်းမြတ်ခေါ်နေတာလည်း ပြန်မထူးပဲ အရှေ့မှ
မပြေးရုံတမယ်ထွက်သွားတဲ့သူမအနောက်မှ လိုက်ရပြန်ပါသည်။
လမ်းဘေးဆိုင်လေးတစ်ဆိုင်အရှေ့လည်းရောက်ရော သူမခြေထောက်တွေက အလိုလိုရပ်သွားပြီး ထိုဆိုင်ရဲ့ အမိုးအောက်သို့၀င်ကာ ကော်ထိုင်ခုံအပုလေးမှာ၀င်ထိုင်လေသည်။
ဘုန်းမြတ်လည်း သူမနည်းတူ အမိုးအောက်ကိုငုံ့၀င်ပြီး သူမ‌ရဲ့ဘေးမှာ ၀င်ထိုင်လိုက်ရသည်။

"လိပ်ပြာကိုယ့်ကို စိတ်ဆိုးသွားတာလား..."

"အန်တီကြာဇံချက်နှစ်ပွဲ တစ်ပွဲကိုငရုတ်သီးများများလေးနဲ့ သံပုရာသီးနှစ်စိတ်ထည့်ပေးနော်.."

ဘုန်းမြတ်ရဲ့မျက်နှာကိုတောင်မကြည့်တော့ပဲ ခပ်၀၀နဲ့ဆိုင်ပိုင်ရှင် အန်တီကြီးကိုသာ လှမ်းပြောလေသည်။

"ဒီမှာ ကြာဇံချက်ရပါပြီ..."

ကလေးတစ်ယောက်က ကြာဇံချက်နှစ်ပွဲကို ခုံပေါ်လာတင်ပေးလို့အပြီးမှာ လိပ်ပြာကဘုန်းမြတ်ဘက်သို့ အစပ်မပါတဲ့ပွဲကို တိုးပေးလေသည်။

"ရော့...အဆီမပါသလို..အစပ်လည်းမပါဘူး...ဒီဟာမှမသောက်ရင်တော့ ကိုကိုနဲ့စကားမပြောတော့ဘူး..."

"ဟာ...စကားမပြောပဲနဲ့တော့မနေပါနဲ့ကွာ...ဒီမှာကိုကိုလည်း ငရုတ်သီးထည့်သောက်မယ်ဟုတ်ပြီလား..."

"ဟာမလုပ်နဲ့လေ..."

ငရုတ်သီးအမှုန်တွေကို ကြာဇံချက်ခွက်ထဲကို ခပ်ထည့်လိုက်ပြီး တစ်ဇွန်းသောက်ပြသည်။

"အဟွတ်...အဟွတ်...အဟွတ်..အား...စပ်တယ်"

"ကိုကိုရယ် ဒီမှာရေနွေးသောက်..ရော့...ဘယ်သူကအတင်းထည့်ခိုင်းတာကျလို့...တကယ်ပါပဲ..."

‌လိပ်ပြာငှဲ့ပေးတဲ့ရေနွေးကို မော့သောက်နေတဲ့
ကိုကို့မျက်နှာဟာ ချွေးသီးပေါက်ကလေးတွေပါ တွဲခိုလာပြီး အသားဖြူတဲ့လူမို့ မျက်နှာကြီးကိုနီထွက်နေတာပဲ။လိပ်ပြာစားခဲ့တဲ့ တော့ပိုကီတွေထည့်ထားတဲ့ ငရုတ်သီးပန်းကန်ထဲကို ခေါင်းနှစ်ထားတဲ့အတိုင်းပဲ။

"ကိုကိုကအစပ်မစားချင်တာမှမဟုတ်ပဲ...အစပ်မစားနိုင်တာ ဟုတ်တယ်မှတ်လား..."

"မစားနိုင်ဘူးလို့ဘယ်သူကပြောလည်း ဟောဒီ့ပွဲမျိုး နှစ်ပွဲလောက်ဆင့်ပြီးစားပြလို့ရတယ် သိရဲ့လား...အဟွတ်...အဟွတ်...."

"စားနိုင်တယ်လည်းပြောသေး ချောင်းကဆိုးသေး..."

လိပ်ပြာရယ်ချင်လိုက်တာတအားပဲ။ကိုကိုဟာလေ အိုဗာတင်း‌တွေ သိပ်လုပ်တာပဲ။
အစပ်ကြောက်တယ်ဆို ကြောက်တယ်ပေါ့။
ဗလတောင့်တိုင်းလည်း အစပ်စားနိုင်တယ်လို့ မစွပ်စွဲပါဘူး။
လိပ်ပြာရေနွေးတစ်ခွက် ထပ်ငှဲ့ပေးလိုက်ပြီးတော့မှ အသိတစ်ခုက၀င်လာသည်။လိပ်ပြာကို့ကိုဆီကနေ ခွင့်တောင်းရအုံးမှာပဲ။

"ကိုကို...လိပ်ပြာ...ကိုကို့ကွန်ဒိုမှာ တစ်ပတ်လောက်နေလို့ရမလား...ဒီတစ်ပတ်ပါပဲ တစ်ပတ်ပြည့်တာနဲ့ တန်းဆင်းပေးမယ်...နော်..."

မသိရင်သူ့ကို အိမ်ငှားစားတဲ့လူကြီးကျနေတာပဲ။
ဘုန်းမြတ်ကိုလက်ညှိုးလေး တစ်ချောင်းထောင်ပြီး မျက်နှာငယ်လေးနဲ့  ခွင့်တောင်းနေတာကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်။

"ဒါပေမဲ့ အဲဒီ့ကွန်ဒိုက လူမရှိတော့လိပ်ပြာကိုတစ်ယောက်တည်း ကိုယ်စိတ်မချဘူး ဒီလိုလုပ် လိပ်ပြာနေတဲ့တစ်ပတ်လုံး ကိုယ်လည်းကွန်ဒိုမှာ အတူနေပေးမယ်လေ..."

"ဟမ်...ကိုကိုကကိုယ့်အိမ်မှာကိုယ်နေပေါ့...
အိမ်မရှိ ယာမရှိလားပြော.. "

"ဟာ...လူကို‌စော်ကားလှချည်လား...ဘာလည်း လိပ်ပြာက မနေစေချင်ဘူးလား..."

"အဲ့လိုတော့မဟုတ်ပါဘူး...."

ဘုန်းမြတ်ကခပ်တည်တည်နဲ့  စလိုက်တော့ ကောင်မလေးငြိမ်ကျသွားသည်။
လူတွေ ဟိုဒီလူးလား ဖြတ်သန်းသွားလာနေကြတဲ့ ဒီလမ်းကလေးမှာ ဘုန်းမြတ်ရဲ့မျက်၀န်းထဲမှာ ရှိနေတာက သူမလေးတစ်ယောက်ထဲရယ်ပါ။
ချစ်တယ်လိပ်ပြာ ကိုယ့်ဘ၀ကိုရသ‌မျိုးစုံပေးစွမ်းနိုင်လွန်းတာတင်မကဘူး ၊မင်းနဲ့အတူတူ ရှိနေရတာကိုက ကိုယ့်အတွက်တန်ဖိုးကြီးလွန်းတဲ့အခိုက်အတန့်လေးတွေပါပဲ။။

ဘုန်းမြတ်ရဲ့ဒယ်ဒီဟာအရမ်းစည်းကမ်းတင်းကြပ်ပြီး ဘယ်သူနဲ့မှအပေါင်းအသင်းပေးမလုပ်သလို ဘယ်ကိုမှလည်းတော်ရုံလိုက်ပို့လေ့မရှိဘူး။
အကြောင်းကတော့ ဒယ်ဒီဟာမာမီ့ကိုသာ နေ့ညမပြတ် စောင့်ကြည့်နေခဲ့ရတာကြောင့်ပါပဲ။
ဒါကြောင့် ညီမလေးဆုံးသွားတဲ့အချိန်ကစပြီး သူဟာကမ္ဘာပေါ်မှာ အထီးကျန်ဆုံးလူသားဖြစ်နေခဲ့တယ်။
ဆယ်တန်းရောက်တဲ့အထိ ဘယ်သူနဲ့မှလည်း အပေါင်းအသင်းသိပ်မလုပ်သလို ဘယ်သူ့ကိုမှလည်း သူ့စိတ်ထဲမှာမရှိခဲ့ဘူး။
ဒါပေမဲ့ နေသာတဲ့တစ်နေ့ အဒေါ့်အိမ်မှနေပြီးစက်ဘီးထွက်စီးတဲ့နေ့မှာ  ကောင်မလေးတစ်ယောက်က သူ့အာရုံထဲကိုစတင်၀င်လာခဲ့ပါ‌တော့တယ်။
အဲဒီ့နေ့ တစ်နေ့လုံးလည်း သူ့အာရုံထဲမှာထိုကောင်မလေးကပဲ စိုးမိုးနေခဲ့တယ်။
အဲဒီ့ကောင်မလေးရဲ့ နာမည်ကလိပ်ပြာဖြူတဲ့။

🦋🦋🦋🦋🦋🦋🦋🦋

"ကြည်ပြာ...ငါလည်းသွားတော့မယ်..."

"ဟင်...သူဇာ..နင်ကပါ ဘာလို့လည်း..."

ကြည်ပြာဟာ အ၀တ်အိတ်ကိုကိုင်ရင်းနဲ့ ထွက်သွားတော့မဲ့ သူဇာ့ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်။
သူဇာကတော့ ကြည်ပြာ့လက်ကိုဖြေချလိုက်ပြီး ကြည်ပြာ့ကို ၀မ်းနည်းစွာကြည့်လိုက်သည်။

"လိပ်ပြာနဲ့ငါက အတန်းငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့တာကြည်ပြာ နင်တို့ကိုလည်း ငါအရမ်းခင်ပါတယ်...နင်တို့ကလည်းငါ့အချစ်ဆုံးသူငယ်ချင်းတွေပါပဲ..ဒါပေမဲ့
နင့်တိုက်ခန်းမှာလာနေဖို့ကို ငါနဲ့သူနှစ်ဦးသဘောတူတိုင်ပင်ပြီးမှ လာနေကြတာ...
အခုသူမရှိတော့ ငါလည်းဆက်ရှိမနေသင့်တော့ဘူးလို့ထင်လို့ပါ...ကြည်ပြာ..အေးအေး..သဲနု...နင်တို့ကိုငါဘယ်တော့မှမမေ့ပါဘူး...ငါကျောင်းကပေးတဲ့အဆောင်မှာပဲ သွားနေတော့မယ်...မကြာခင်ငါကျောင်းပြောင်းလျှောက်ထားတာလည်း ကျတော့မှာမို့ ငါပဲခူးကိုတာ၀န်မကျခင် လိပ်ပြာအပါအ၀င်နင်တို့သုံးယောက်လုံးနဲ့ ချစ်ချစ်ခင်ခင်ပြန်စုံတွေ့ချင်ပါတယ်...သူငယ်ချင်းတို့ရယ်...ငါ့ကိုခွင့်ပြုကြပါ..."

"ငါတို့ကားပေါ် အထိလိုက်ပို့မယ်......"

တိုက်ခန်းထဲမှာကျန်ခဲ့သူက ကြည်ပြာတစ်ယောက်ထဲရယ်ပါ။မှားပြီ၊ငါမှားခဲ့ပြီ။
ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်ခဲ့မှုကြောင့် နောက်ထက်သူငယ်ချင်းတစ်ယောက်ကိုပါ ဆုံးရှုံးရတော့မှာပါလား။အမှန်တော့ ကြည်ပြာသိပါတယ်။လိပ်ပြာမရှိတော့တာကြောင့် သူဇာဟာတစ်ဖက်လှည့်နဲ့ သူ့တိုက်ခန်းကနေထွက်သွားခဲ့တာပါ။

အေးအေးနဲ့သဲနုကတော့ သူဇာ့အထုပ်‌တွေကိုတက္ကစီပေါ်အထိတင်‌ပေးလိုက်ပြီး "ကိုယ့်ကိုကိုယ်ဂရုစိုက်ရန်"မှားကြားကြလေသည်။

တက္ကစီကားလေးဟာ သူမတို့နဲ့ဝေးရာကိုရောက်ရှိသွားတဲ့နောက်မှာတော့ တစ်ယောက်မျက်နှာကို၊တစ်ယောက်ကြည့်လိုက်ကြသည်။

"အေးအေး...ငါလည်း သူငယ်ချင်းတွေလူမစုံတော့တဲ့ ဒီတိုက်ခန်းမှာနေချင်စိတ်မရှိတော့ဘူးဟာ..."

"ငါလည်းအတူတူပါပဲ သဲနုရယ်...အရင်ကငါတို့သူငယ်ချင်းတွေ စုံစုံညီညီနဲ့ မုန့်တွေလုပ်စားလိုက်ကြ...ဗဟုသုတတွေဖလှယ်ကြ...တစ်ယောက်ရဲ့အခက်အခဲကို ရင်ဖွင့်ခဲ့ကြတဲ့အချိန်တွေကို အောက်မေ့လိုက်တာဟာ...အခုတော့..."

"အဲ့ဒါကြည်ပြာမကြောင့်ပေါ့...သူမွှေလို့အခုလိုတွေဖြစ်ရတာ...ဟိုကသူနဲ့တောင်မခင်ပဲနဲ့...
အတင်းသ၀န်တိုပြီး ပြဿနာတွေကိုကြီးအောင်လုပ်ပစ်လိုက်တာကို..."

သဲနုရဲ့စကားကြောင့် အေး‌အေးလည်း‌သက်ပြင်းမောတွေကို မှုတ်ထုတ်ပစ်လိုက်သည်။

"အေးဟယ်...ကြည်ပြာသိပ်မှားတယ်...ပထမနှစ်တည်းကနေအခုချိန်အထိ ခြောက်နှစ်လောက်ပေါင်းလာတဲ့သူငယ်ချင်း အရင်းကြီးကိုဒီလိုလုပ်ရက်တာ သူ့မှာဘယ်လိုရက်စက်မှုတွေများ ကိန်းအောင်းနေလည်း ခန့်မှန်းလို့မရတော့ပါဘူး.."

"အေးအေးရယ်...မနက်က ငါသိပ်၀င်မပြောတာက ငါ့ပါးစပ်ဟလိုက်တာနဲ့ ပွဲကြီးပွဲကောင်းတွေ ဖြစ်ကုန်မှာဆိုးလို့ဟေ့...ကြည်ပြာ့ရဲ့စိတ်ဓာတ်ကိုတကယ်သိလိုက်ရတာပဲ...သူ့တိုက်ခန်းမှာနေရလို့ငါတို့အပေါ်မှာလည်း ဒီလိုပဲသဘောထားသလားမသိဘူး..."

"လူ့စိတ်ဆိုတာတယ်လည်း ခန့်မှန်းရခက်တာကို လိပ်ပြာကသူငယ်ချင်းတွေအပေါ်မှာ
အလျှော့ပေးတတ်လွန်းတဲ့လူမို့ပေါ့  အခြားသူစိမ်းသာဆိုရင် မိန်းမပျက်၊မိန်းမရွှင်တစ်ယောက်လိုအပြောခံတာ သူအဲ့နေရာမှာတင်ခေါင်းပြုတ်သွားမှာပေါ့..."

"အေးဟယ်...လိပ်ပြာအစား ငါတောင်အသားတွေတစ်ဆက်ဆက်တုန်တာပါဆို...သူပြောတာလည်းကြည့် "CEOတစ်ယောက်က ပစ်ကြွေလာအောင်ဘယ်လိုနည်းလမ်းတွေများ သုံးခဲ့တာလည်းတဲ့လေ"...အဲ့စကားကြားတော့ လိပ်ပြာတော့မသိဘူး ငါ့ရင်ထဲမှာ ကြက်သီးတောင်ထသွားတယ်...
ကြည်ပြာ ပြောရက်လိုက်တာလို့လည်း တွေးမိရတဲ့အထိပဲ...."

"ကဲ...ငါတို့လည်း တိုက်ခန်းကနေဘယ်ကိုပြောင်းကြမလည်း စဉ်းစားကြတာပေါ့...ငါတို့အခုသင်နေတဲ့ ဂျပန်သင်တန်းကအဆောင်မှာ ပြောင်းနေကြမလား..."

"အေး...အဲ့ဒါကောင်းတယ်..."

ကံကြမ္မာကတော့ အပစ်သားတစ်ယောက်ကိုအပစ်ပေးဖို့ နေ့တွင်းချင်းစီရင်ပစ်လိုက်သလိုပါပဲ။
ကြည်ပြာဟာ အပစ်သားတစ်ယောက်ဖြစ်ပြီး စွန့်ခွာသွားကြတဲ့သူငယ်ချင်းတွေဟာ ကံကြမ္မာရဲ့တရားသူကြီးတွေပေါ့။
အပစ်သားကြည်ပြာမှာတော့ လုပ်ရပ်တစ်ခုရဲ့အဆုံးသတ်ကို မတွေးခဲ့မိတာဟာ စွန့်ပစ်ခံရခြင်း၊အထီးကျန်ခြင်းဆိုတဲ့ အပစ်ဒဏ်ကိုမလွဲမ‌သွေ ခံယူရတော့ပါမည်လေ။

Tue, June 6,2023
3:7PM

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...