🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၂၀
🎵ကြင်နာသလို မကျင်နာသူနေနိုင်ရက်တဲ့ ချစ်သူလေး🎵
🎵အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်🎵
လိပ်ပြာ မျက်နှာသစ်ပြီး အင်္ကျီလဲနေစဉ်မှာ ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ ကိုထွန်းဝေဖြစ်နေသည်။
နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲပဲရှိသေးတယ်။
📞"ဟယ်လို...."
📞"ဟယ်လို...လိပ်ပြာလား..."
📞"ဟုတ်ပါတယ်...ကိုထွန်းဝေ..."
📞"လိပ်ပြာ..ကိုယ်ဟိုတယ်အရှေ့မှာစောင့်နေမယ်...အမြန်ထွက်လာခဲ့..ကိုယ်တို့မနက်စာအတူထွက်စားကြရအောင်...ပြီးရင်ကမ်းခြေမှာ မြင်းစီးကြမယ်လေ..."
📞"မဖြစ်ဘူးထင်တယ်...လိပ်ပြာသူဌေးဆီကိုသွားရအုံးမယ်..."
📞"ဟာ...အဲ့အတွက်တော့စိတ်မပူနဲ့တော့ ဘုန်းမြတ်ကမနက်အစောကြီးထဲက မော်တော်နဲ့ဘိုချိုကျွန်းကိုသွားပြီ...ညနေလောက်မှ ပြန်ရောက်မှာ...လိပ်ပြာရေကြောက်တတ်တာကြောင့် မခေါ်သွားတော့ဘူးတဲ့...."
📞"အော်...အင်း..အဲ့ဒါဆိုရင် လိပ်ပြာအခုပဲထွက်လာခဲ့မယ်နော်....ဒါပဲနော်"
"တူ...တူ..."
ဒီနေ့အလုပ်မရှိဘူးဆိုတော့ ဂါ၀န်လှလှလေးကိုရွေး၀တ်ဖို့ဆုံးဖြတ်လိုက်သည်။
ထုံးစံအတိုင်း အဖြူရောင်ပါပဲ။ခြေမျက်စိအထိရှည်ပြီး ရင်မဟိုက်တာကိုရွေး၀တ်လိုက်သည်။
ဆံပင်တွေကို အကုန်ဖြန့်ချပစ်လိုက်ပြီး ဦးထုတ်လေးဆောင်းလိုက်တော့ အ၀တ်အစားကိစ္စက ပြီးသွားလေပြီ။
မျက်ခုံးမွှေးဆွဲတာတို့၊မျက်တောင်ကော့တာတို့လုပ်မနေပဲ ပေါင်ဒါလေးပါးပါးရိုက်ပြီး နှုတ်ခမ်းနီပန်းနုရောင်လေးကို ခပ်ပါးပါးဆိုးလိုက်တော့
ပြင်ဆင်ချယ်သခြင်းပြီးဆုံးသွားသည်။
ပိုက်ဆံအိတ်ရယ်၊ဖုန်းရယ်၊နားကျပ်ရယ်ကိုကျောပိုးအိတ်အသေးလေးထဲမှာ ထည့်ပြီး လွယ်ကာ ဟိုတယ်ရှေ့သို့ထွက်လာလိုက်သည်။
*
*
*
*
ထွန်းဝေတစ်ယောက်တော့ နေကာမျက်မှန်ကြီးကိုတောင်ကျော်ပြီး နူးညံ့စွာရွေ့လျားလာတဲ့ အဖြူရောင်လိပ်ပြာလေးကို တငေးတည်းငေးနေတော့သည်။
မျက်မှန်ကြီးတပ်ထားပြီး မျက်လုံးကြီးလှန်ကာ လိပ်ပြာဖြူကိုကြည့်နေတဲ့ မောင့်ကိုဒေလီယာတောင်အမြင်ကပ်ချင်လာတယ်။
"မောင်...နင့်ဟာကမျက်လုံးကြီးလည်းလှန်ထွက်သွားပါအုံးမယ်ဟယ်...အိန္ဒြေလေးဘာလေး ထိန်းပါအုံးလား..."
ထွန်းဝေရဲ့ကျောကုန်းကြီးကို ဘုန်းကနဲပိတ်တီးပြီး ယာယာပြောလိုက်သည်။
"နင်အသာနေစမ်းပါယာယာရယ်...ဟိုကောင်နင့်ကို
မခေါ်သွားတိုင်း ငါ့အပေါ်လာပုံချမနေနဲ့...ကိုယ့်အကန့်နဲ့ကိုယ်နေနော်..."
သိပ်လှပြီး သိပ်ချစ်စရာကောင်းတဲ့ လိပ်ပြာဖြူလေးက သူတို့အနားလည်းရောက်လာရော ကားအရှေ့ခန်းတံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
"ကိုထွန်းဝေ..စောင့်နေရတာကြာပြီလား..."
"ဟာ..မကြာပါဘူးဗျာ...ကိုယ်တို့အလောတကြီးဖုန်းဆက်လိုက်လို့ လိပ်ပြာပြင်ဆင်ချိန်မရဘူးထင်ပြီးအားတောင်နာနေတာ...ကြည့်ပါလား
ယာယာဆိုရင် နှစ်နာရီပေးလည်း ဒီပုံပဲ..သုံးနာရီ
ကြာအောင်ပြင်ဆင်ထားလည်း...ဒီပုံပဲထွက်တယ်...လိပ်ပြာကတော့...ခဏလေးအတွင်းပြင်ဆင်တာတောင် အရမ်းကိုလှနေတာပဲ..."
"ဟဲ့...မောင်..နင့်ရုပ်ကသာ အီကြာကွေးကို
ပေါင်းတင်ထားတဲ့ရုပ်ဟဲ့...."
"အောင်မာ...ယာယာ..နင့်ရုပ်ကသာ ဖားမကြီးကိုပေါင်ဒါရိုက်ပေးထားတဲ့မျက်နှာသိလား..."
"မောင်!!!!...နင့်ဖာသာအခြားဟာနဲ့နှိုင်းချင်နှိုင်း ဖားနဲ့တော့ ယာယာ့ကိုလာမနှိုင်းနဲ့နော်...မကြိုက်ဘူးသိလား..."
ဒေလီယာခမျာ ဒေါသတွေအလိပ်လိုက်တက်လာပြီး ထွန်းဝေကိုပိတ်အော်ပစ်လိုက်သည်။
ကလေးကလားနဲ့ ကားပေါ်တက်ရမဲ့အရေးရန်ဖြစ်နေလေတော့ လိပ်ပြာက မတ်တက်ကြီးရပ်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ဖြစ်နေသည်။
"ကိုထွန်းဝေ...ဒီနေ့အဖို့သွားအုံးမှာလား...မသွားတော့ဘူးဆိုလဲ...ကျွန်မဟိုတယ်ကနေဖုန်းနဲ့လှမ်းဆက်ပြီးပဲ မှာစားလိုက်တော့မယ်..."
"ဟာ...မလုပ်ပါနဲ့ကွာ...ကဲ..ဖားမကြီးရေ မြည်တာရပ်တော့..."
"ထွန်းဝေ!!!!!!!"
"မောင်"ကနေ "ထွန်းဝေ"ဆိုပြီး ဒေလီယာ အော်ပစ်လိုက်လည်း ထွန်းဝေကမသိချင်ယောင်ဆောင်ကာ လိပ်ပြာဖြူအတွက် ကားတံခါးကို တွန်းပေးထားပြီး သူမလေးခေါင်းနဲ့အမိုးနဲ့တိုက်မိမှာဆိုးလို့ လက်ဖဝါးလေးပါခံပေးထားလိုက်သေးသည်။
ဒေလီယာကတော့ ထိုအပြုအမူတွေကြောင့်နှုတ်ခမ်းကိုလည်း မဲ့ပစ်လိုက်သလို၊နှာခေါင်းပါရှုံ့ပစ်လိုက်သည်။
စိတ်ထဲကလည်း "အလကားအပိုတွေဆိုပြီး...
"အပြစ်တင်ဝေဖန်ပစ်လိုက်သည်။
စင်္ကာပူမှာလည်း မောင်ဟာရည်းစားအရမ်းများတဲ့လူပါ ဒါပေမဲ့သူ့ရဲ့ရုပ်ရည်နဲ့ ငွေကြေးချမ်းသာကြွယ်၀မှုတို့ကြောင့် ကောင်မလေးတွေဘက်ကပဲ သူ့ကိုစပြီး ချည်းကပ်လာကြတာများတယ်။
အခုလို သူ့ဘက်ကနေစပြီး ရည်းစားလည်းမဖြစ်သေးပါပဲ ဒီလိုသဲ၊ကဲပြနေတာကိုတော့ ယာယာပထမဆုံးမြင်ဖူးခြင်းဆိုရင် လွှဲနိုင်ဖွယ်ရာမရှိပါဘူး။
ကောင်မလေးက သူ့ထက်လည်းနှနှစ်ငယ်တယ်။မျက်နှာလေးကလည်း ပါးချိုင့်လေးတွေနဲ့ နုရွပြီး ချစ်စရာလေးဆိုတော့ မောင်ပစ်ကြွေတာတော့
မဆန်းပါဘူးလေ။
ယာယာ့အတွက်ကတော့ ကိုမြတ်စိတ်၀င်စားမှုရလာအောင် ဘယ်လိုနည်းလမ်းတွေသုံးသုံး အရာမ၀င်ဖြစ်နေတာ စိတ်ဓာတ်တွေပါကျတယ်။
ကိုမြတ်ဟာ ဘယ်လိုမိန်းကလေးမျိုးကိုမှ သူ့နှလုံးသားကလက်ခံနိုင်မှာလဲ။
ယာယာ့ကိုလက်ခံလာအောင် ဘယ်အချိန်ထိ၊ဘယ်လောက်အထိ ကြိုးစားပြရမှာလည်း ကိုမြတ်ရယ်။
မိန်းကလေးတန်မဲ့ အတင်းလိုက်ကပ်ပြီး ကိုမြတ်ရဲ့အနီးဆုံးကနေ ထွက်မသွားရလေအောင် ကြိုးစားရတာလည်း နှစ်တွေကြာလှပါပြီ။
ဒါနဲ့တောင် ယာယာ့ကိုဘာလို့ပြန်မချစ်နိုင်ရတာလဲ။
ကိုမြတ် ရှင်သိပ်ကိုမောက်မာလွန်းတယ်။
ရှင့်နှလုံးသားက ဘာသားနဲ့ထုထားလို့ဒီလောက်တောင် မာကျောပြနေရတာလဲ။
🦋🦋🦋🦋🦋🦋🦋🦋
"ဟာ..အမှီးနဲ့ မျက်နှာကိုမပွတ်နဲ့လေ..."
"ဟယ်...ကြည့်နေတာကလဲ သနားစရာလေး..."
ထွန်းဝေမောင်ကတော့ တစ်ရူးရူးမြည်သံပေး၍ နှာမှုတ်ထုတ်နေကြသည့် မြင်းညိုကြီးနှစ်ကောင်ကို ဝိုင်းကြီးပတ်ပတ်တူဝေဝေကစားနေသလို လှည့်ပတ်ကြည့်နေတဲ့ လိပ်ပြာဖြူကြောင့် ကျေနပ်ပီတိ ၀မ်းဆီထိနေတော့သည်။
ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ ကောင်မလေးလဲ။
မြင်းကြီးကို အမှီးပွတ်လိုက် ၊ခေါင်းပွတ်လိုက်လုပ်နေပြီး ရယ်လိုက် ၊နှုတ်ခမ်းလေးတွေစုပြီး အံ့ဩဟန်လုပ်လိုက်နဲ့ တကယ်ကိုအသဲယားဖို့ကောင်းတဲ့ ကောင်မလေးပါ။
သူမကတော့ ကိုယ့်ကိုကိုယ်ဘယ်လောက်အထိချစ်စရာကောင်းလဲဆိုတာ သိပုံလည်းမပေါ်ပါဘူး။
"မောင်...တို့မြင်းစီးချင်စိတ်မရှိလို့..ယူတို့ဖာသာပဲ စီးတော့ဟယ်..ငါကမ်းခြေက ဒရင်းဘတ်ပေါ်မှာပဲ စောင့်နေတော့မယ်..."
စကားပြန်ဖော်တောင်မရပဲ ဟိုကောင်မလေးကိုပဲ တစ်ပြုံးပြုံးနဲ့ အရိပ်တစ်ကြည့်ကြည့်လုပ်နေတဲ့ မောင့်ကို ယာယာအမြင်ကပ်ပြီးရင်း ကပ်လာသည်။
ဒီလောက်အထိပဲ မွှန်နေရသလား။
ကိုမြတ်နဲ့များကွာပါ့ ဟိုကဘယ်မိန်းကလေးကိုမှ သိပ်ဂရုမဆိုက်တတ်တဲ့လူပါ။
ဒါကြောင့်လဲ မာနခဲကြီးကို ယာယာသိပ်ကြွေနေရတာပေါ့။
ယာ့ယာ့အတွက် ယောက်ျားတွေဟာ ကြွေလိုခင်းပြီး ကစားလို့ရတဲ့အမျိုးဆိုရင် သေချာတာကတော့အဲ့အထဲမှာ ကိုမြတ်မပါဘူး။
ဒါကြောင့်လည်း ယာယာ့လိုမိန်းမကိုတောင်
ဂရုမဆိုက်တဲ့ ကိုမြတ်ကို ရအောင်ယူပြမယ်လို့စိတ်ဆုံးဖြတ်ပြီးတော့ကို ဒီကိုရောက်လာတာဆိုရင် မမှားပါဘူး။
*
*
*
*
"ကိုထွန်းဝေ...အဆင်ပြေမယ်မထင်ဘူးနော်...
လိပ်ပြာက ဂါ၀န်ကြီးနဲ့..."
"ဟုတ်သားပဲ..."
သူမတစ်ယောက်ထဲကို သီးသန့်သင်ပေးမလို့ဥစ္စာ ဂါ၀န်အရှည်ကြီး၀တ်ထားတာကြောင့် ခြေနင်းကွင်းအမြင့်ကြီးကို ခြေလှမ်းတင်ဖို့ အဆင်မပြေဖြစ်နေသည်။
"ဒီလိုလုပ်...လိပ်ပြာကိုယ်နဲ့အတူ စီးလိုက်..အဲ့ဒါပိုကောင်းမယ်..."
"ဖြစ်ပါ့မလား...ကိုယ်ထွန်းဝေရယ်...တော်ကြာနှစ်ယောက်လုံး ဒုက္ခရောက်နေပါအုံးမယ်..."
"ဖြစ်ပါတယ်..လာ...တက်..."
"ဟင်..."
ရုတ်တရက် လိပ်ပြာရဲ့ခါးကနေ မြှောက်ချီပြီး မြင်းပေါ်ကို ဘေးစောင်းတင်ပေးလာသည်။
သူကိုယ်တိုင်ကလည်း ကျွမ်းကျင်စွာပဲ မြင်းပေါ်ကိုခွတက်လိုက်ပြီးနောက် မြင်းဇက်ကြိုးကိုညှင်သာစွာကိုင်ဆွဲလိုက်သည်။
မြင်းဇက်ကြိုးကို ကိုင်ထားတဲ့သူ့လက်တွေက လိပ်ပြာရဲ့ ခါးနားမှာဖြစ်တာကြောင့် ခန္ဓာကိုယ် တစ်ချက်တုန်သွားသလို ဖြစ်လေရာ သူ့ရဲ့အခြားလက်နဲ့ လိပ်ပြာရဲ့ ခါးကို လှမ်းဖက်ပြီး ထိန်းပေးလာသည်။
"လိပ်ပြာ...မကြောက်နဲ့နော်...ခြေနင်းကွင်းတစ်ဖက်ကို နင်းထားလိုက်...ဒါဆိုစိတ်သက်သာရာ ရလိမ့်မယ်...မြင်းသွားရင် ရှေ့ကိုမကုန်းနဲ့ နောက်ကိုနဲနဲယိုင်ထားနော် ဒါမှမြင်းရဲ့အရှေ့ပိုင်းကပေါ့သလိုဖြစ်နေမှာ..."
"ဟုတ်ကဲ့ပါ..."
မြင်းလေးဟာ သဲပြင်ဖြူဖြူပေါ်မှာ ရေလှိုင်းလုံးလေးတွေကို သူ့ရဲ့ခွာတွေနဲ့တို့ထိကျီစားရင်း ငြိမ့်ညောင်းစွာ သွားနေသည်မှာ အလွန်ကြည့်ကောင်းသည့်မြင်ကွင်းပင်။
လိပ်ပြာကတော့ ဘေးစောင်းကြီးဖြစ်နေတာကြောင့် မြင်းတစ်ချက်ခုန်လိုက်တိုင်း ပြုတ်ကျသွားမလားဆိုပြီး ဘုရားတနေရတယ်။
ပိုဆိုးတာက ကိုထွန်းဝေရဲ့ညာဘက်ခြေထောက်က လိပ်ပြာရဲ့ ဒူးခေါင်းနဲ့ထိကပ်နေပြီး မြင်းခုန်လိုက်တိုင်း လာလာပွတ်တိုက်မိနေသည်။
သူ့ရဲ့လက်တွေကလည်း လိပ်ပြာရဲ့ ခါးဘေးနားမှာဖြစ်တာကြောင်း နဂိုကမှယားတတ်ပါတယ်ဆို
ကြိတ်မှိတ်ပြီး နေရတာ မသာယာလှပါဘူး။
အရေးထဲ ရှေ့ကိုမကုန်းရဘူးဆိုလို့ အနောက်ကိုတောင့်တောင့်ကြီး ယိုင်ထားရတာ သူ့ရင်ဘတ်နဲ့ ကိုယ့်ကျောက ထိကပ်လွန်းနေသည်။
"ကိုထွန်းဝေ..."
"ဗျာ...."
"လိပ်ပြာ...စီးချင်စိတ်မရှိတော့လို့...ဆင်း..ဆင်းပါရစေတော့နော်...ဟို...မဒေလီယာနဲ့ပဲ သွားစကားပြောတော့မယ်...သူလည်းတစ်ယောက်ထဲပြင်းနေမှာပေါ့...ခဏရပ်ပေးပါနော်...ပြီးမှ...
အစ်ကိုဆက်စီးချင်စီးပေါ့...."
"လိပ်ပြာလေး...သဘောပါဗျာ..."
"ရီး!!!!....."
မြင်းဇက်ကြိုးကိုဆွဲပြီး ရပ်လိုက်ကာ သူကအရင်ဆင်းလိုက်သည်။
ပြီးနောက် လိပ်ပြာကို ခါးမှပွေ့ချီပြီး ချပေးသည်။
လိပ်ပြာချက်ချင်းပဲ မဒေလီယာရှိနေတဲ့ နေရာသို့ ပြေးဖို့ လုပ်တော့ ညာဘက်လက်ကို အနောက်မှလှမ်းဆွဲခံလိုက်ရလေသည်။
"ဘာဖြစ်လို့လဲ...ကိုထွန်းဝေ..."
မျက်လုံးလေးပြူးပြီး သူတစ်ခုခုလုပ်မှာကို စိုးရိမ်နေတဲ့ သူမပုံစံလေးကြောင့် ထွန်းဝေတစ်ချက်ပြုံးလိုက်မိသည်။
"လိပ်ပြာမှာ အခုလက်ရှိရည်းစားရှိလား..."
သူ့မေးခွန်းကြောင့် လိပ်ပြာမျက်ခုံးတွေတောင် တွန့်ချိုးသွားရသည်။ဘယ်လို မေးခွန်းကြီးပါလိမ့်။
"လိပ်ပြာ...တစ်ခါမှရည်းစားမထားဖူးဘူး..."
"ဟား...တ.. တကယ်လား..."
"လိပ်ပြာရဲ့ပုံက...လိမ်နေတဲ့ပုံပေါက်နေလို့လား..."
တမင်ရွဲ့ပြောလိုက်တာပါ။ရည်းစားမထားဖူးလို့
မထားဖူးဘူးပြောတာကို မယုံသင်္ကာလာဖြစ်နေသေးတယ်။
"လိပ်ပြာ... လိပ်ပြာကို ၀န်ခံစရာ..
ပြောပြစရာတွေ အများကြီးရှိတယ်...လိပ်ပြာနားထောင်ပေးနိုင်မလား..."
"ဟို...နောက်မှပေါ့နော်...နောက်မှ..."
သူ့လက်ကိုအတင်းရုန်းနေတဲ့ သူမလက်ကလေးနာသွားမှာစိုးလို့ လွတ်ပေးလိုက်မိတယ်ဆိုရင် ဆံနွယ်လေးတွေ ယိမ်းထိုးနေအောင် ပြေးသွားလိုက်တာများ တစ်ချိုးထဲပဲ။
"လိပ်ပြာဖြူ...မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ...
ကိုယ်မိန်းကလေးတွေအများကြီးတွေ့ဖူးတယ်...
ဒါပေမဲ့ မင်းလောက်ချစ်ဖို့ကောင်းတဲ့ကောင်မလေးကိုတော့ မတွေ့ဖူးသေးဘူး...ကိုယ်တကယ်ချစ်မိပြီ ထင်တယ်...ဘယ်လိုလုပ်ရမလဲ"
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"ထွန်းဝေကလည်း လက်သွက်တယ်နော်...ဘုန်းမြတ်မရှိတုန်းမို့ပါ..."😀
=========================================================================
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၂၁
"မေမေ...သားသားလည်း စွန်လွှတ်မယ်နော်..."
"သားအဖေကိုသွားပြောပေါ့..."
"ဟွန့်...မေမေကလည်း..."
လိပ်ပြာတို့ထိုင်နေတဲ့ ဘေးကနေဖြတ်သွားရင်း
စွန်လွှတ်ဖို့အရေး ပူဆာနေတဲ့ ကလေးလေးကိုကြည့်ပြီး လိပ်ပြာအသဲယားနေမိသည်။
သိပ်ချစ်ဖို့ကောင်းတာပဲ နှုတ်ခမ်းလေးကိုဆူထော်ပြီး အမေဖြစ်သူကိုပူဆာနေတာ ပါးလေးတွေကို လိမ်ဆွဲလိုက်ချင်တယ်။
ဒီကလေးလေးကိုတွေ့တော့ မောင်လေးကိုတောင် သွားသတိရတယ်။
လိပ်ပြာဟာ ငယ်ငယ်ကအရမ်းအဆော့မက်တာ။
မောင်လေးကို ထိန်းရင်မဆော့ရမှာဆိုးလို့ဆိုပြီး
ကလေးခြေထောက်နဲ့ အိမ်တိုင်နဲ့ကို ကြိုးချည်ထားခဲ့ပြီးကို သွားဆော့ခဲ့ဖူးတာ။
အမေလည်း ပြန်လာရော "လိပ်ပြာဖြူ..သေနာမ"
ဆိုပြီး ကြိမ်လုံးကြီးကြီးနဲ့ကို တွယ်တော့တာပဲ။
ဒါလည်း မမှတ်တဲ့လိပ်ပြာကတော့ ကလေးကမြေကြီးပေါ်မှာ သေးတွေစိုရွှဲပြီး မြေကြီးတွေကောက်စားနေလည်း သစ်ပင်အတက်မပျက်ခဲ့တဲ့ မျောက်မဖြစ်ခဲ့တာပါ။
သူများကမြင်ပြီး"ဟဲ့ နင့်မောင်လေးမြေကြီးတွေကောက်စားနေတယ်"ဆိုပြီးအော်ခါမှ ကလေးကိုကောက်ချီလိုက်တော့ ညစ်ပေတူးလေးက တဟဲဟဲရယ်ပြလာသည်။
*
*
*
*
"လိပ်ပြာ...လိပ်ပြာ..."
"ဟင်...ဘာဖြစ်လို့လဲ...မဒေလီယာ..."
"ယူဘာတွေ...တွေးနေတာလဲ...တို့ခေါ်နေတာကြာလှပြီ..."
"ဟုတ်လား...လိပ်ပြာအတွေးများသွားလို့ပါ...
ဆောရီးပါနော်..."
"ရပါတယ်...ဒါနဲ့ယူ့ကို..တို့တစ်ခုမေးလို့ရမလား..."
"မေးပါ...လိပ်ပြာဖြေနိုင်တာဆိုရင် ဖြေပါ့မယ်..."
မဒေလီယာက သောင်ပြင်ပေါ်မှာ မြင်းကိုဒုန်းစိုင်းစီးကာ ဟန်ရေးပြနေတဲ့ ကိုထွန်းဝေကို တစ်ချက်ကြည့်လိုက်သေးသည်။
"လိပ်ပြာ...မောင့်ကိုဘယ်လိုမြင်လဲ..."
"ကိုထွန်းဝေမောင်ကို ပြောတာလား..."
"အင်း..."
"သူက ပျော်ပျော်နေတတ်တယ်..စိတ်ထားကောင်းတယ်...ခင်ဖို့လည်းကောင်းတယ်..."
ဝေဖန်ခြင်းပြီးဆုံးသွားတာကြောင့် လိပ်ပြာတိတ်ဆိတ်သွားလေရာ မဒေလီယာကမယုံနိုင်စွာ လိပ်ပြာကိုလာကြည့်သည်။
"အဲ့လောက်ပဲလား..."
"အင်း...ကိုထွန်းဝေနဲ့ပတ်သတ်ပြီးတော့ လိပ်ပြာခံစားမိသလောက်ကတော့ အဲ့လောက်ပဲ..."
ယာ့ယာ့စိတ်ထဲမှာတော့ "မောင်ရေ...ငါစိတ်မကောင်းဘူးဟာ..ဒီအတိုင်းဆိုရင် နင်အငြင်းခံရဖို့က ကိုးဆယ်ရာခိုင်းနှုန်းတော့ သေချာနေပြီ..."ဆိုတဲ့အတွေးက ရောက်လာရာ ယာယာကြိတ်ပြုံးလိုက်မိသည်။
"ဒါဆိုရင်...ယာယာတို့...တစ်ခြားအကြောင်းအရာကို ပြောင်းရအောင်...လိပ်ပြာအချစ်ဆိုတာကို...
ဘယ်လိုမြင်လဲ..."
"အချစ်.…"
လိပ်ပြာကမ်းစပ်ဆီသို့ ကြည့်လိုက်ပြီး တက်လာလိုက်ပြန်ကျသွားလိုက်နှင့် ဂဏာမငြိမ်ဖြစ်နေတဲ့ လှိုင်းလုံးလေးတွေကို ငေးကြည့်ရင်း
အချစ်ဒဿနတွေကို ဆွေးရင်းတွေးကြည့်နေမိသည်။
"လိပ်ပြာအတွက်ကတော့...အချစ်ဆိုတာထက်...
မေတ္တာ...ချစ်ခြင်းမေတ္တာလို့ပဲ...သုံးနှုန်းချင်တယ်.."
"မေတ္တာဟုတ်လား..."
"ဟုတ်တယ်..မဒေလီယာ...အချစ်ဆိုတဲ့အရာနဲ့ပတ်သတ်ရင် ..လူတွေဟာကိုယ့်ကိုကိုယ်သာအချစ်ဆုံးမို့..အဓိပ္ပာယ်ဖွင့်စရာတစ်မျိုးပဲရှိတယ်..အဲ့ဒါက "ငါ.."ဆိုတဲ့အစွဲပဲ...ဒါပေမဲ့အခြားသူတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ အဲ့ဒါကို မေတ္တာထားတယ်လို့...
လိပ်ပြာသတ်မှတ်တယ်..
ချစ်ခြင်းမေတ္တာပေါ့...ကိုယ်မဟုတ်တဲ့ အခြားလူတစ်ယောက်ကို ချစ်မိဖို့ မေတ္တာထားမိဖို့...လိပ်ပြာအတွက် အချက်သုံးချက်ပဲလိုတယ်..."
"အဲ့အချက်တွေက ဘာတွေလဲဟင်...ယာယာ့ကိုပြောပြလို့ရမလား..."
"ရပါတယ်...အဲ့အချက်သုံးချက်က နားလည်မှု၊ယုံကြည်မှုနဲ့ ပွင့်လင်းမှုပဲ...."
"ဘယ်လို..."
"ဟုတ်တယ်..လူတစ်ယောက်ရဲ့အကြောင်းကို နားလည်နိုင်မှ ယုံကြည်လို့ရမှာ..ထိုနည်းတူပဲ အဲ့လူကိုယုံကြည်လာလေ...လူနှစ်ယောက်ကြားမှာ ပွင့်လင်းမှုဆိုတာ ဖြစ်လာလေပဲ...ချစ်ခြင်းမေတ္တာဆိုတာအမျိုးမျိုးရှိတယ်...မိဘနဲ့သားသမီးအကြားက ချစ်ခြင်းရယ်၊...ညီအစ်ကို မောင်နှမကြားကချစ်ခြင်းရယ်...သမီးရည်းစားတွေကြားကချစ်ခြင်းဆိုပြီး အများကြီးကွဲပါတယ်..."
"ဒါဆို..သမီးရည်းစားကြားကချစ်ခြင်းဆိုရင်ရော..."
"လိပ်ပြာပြောခဲ့ပါရောလား..အချက်သုံးချက်ပဲလိပ်ပြာသတ်မှတ်ပါတယ်လို့...သူစိမ်းတစ်ယောက်ကို မေတ္တာအစစ်နဲ့ချစ်မိဖို့ဆိုရင် အရင်ဆုံးအဲ့လူရဲ့ အတွင်းစိတ်အထိနားလည်နိုင်ရမယ်...
သူ့ရဲ့ကိုယ့်အပေါ်မှာထားတဲ့ ကောင်းတဲ့စိတ်သဘောထားကို ပိုနားလည်လာလေ...သူ့အပေါ်ကိုပိုယုံကြည်လာလေဖြစ်မယ်..သူကလည်းကိုယ့်အပေါ်နားလည်၊ယုံကြည်နိုင်ရမယ်..."
"နောက်တစ်ခုက ပွင့်လင်းမှု ချစ်နေကြပေမဲ့၊အတူရှိနေပေမဲ့ ပွင့်လင်းမှုမရှိဘူး...သူ့လျှို့ဝှက်ချက်၊
သူ့နာကျည်းမှု၊သူ့စိတ်ခံစားချက်ကို
သူဖာသာထိန်းသိမ်းထား...ငါလည်းငါ့ဖာသာထိန်းထားမယ်ဆိုရင်...သူတို့အကြားမှာ ပွင့်လင်းစွာ မျှဝေခံစားမှုပျောက်နေပီဆိုတာသေချာတယ်...
ဒါဆိုရင်သူတို့တစ်ယောက်ကိုတစ်ယောက်မယုံကြလို့ပဲ....ဘာလို့မယုံတာလည်း...နားလည်မှုမရှိကြလို့..."
"နားလည်မှုရှိလွန်းတဲ့ လူနှစ်ယောက်က သူတို့ရဲ့နှလုံးသားတွေလည်းထပ်တူကြနေလိမ့်မယ်...
နှလုံးသားနှစ်ခုကထပ်တူကြပြီဆိုမှတော့ ခံစားချက်တွေကို ထုတ်ဖော်ပြစရာတောင်မလိုပဲ...
မျက်လုံးချင်းစကားပြောရင်တောင် ကြားရနိုင်ပါတယ်....အဲ့ဒါဟာအချစ်ပဲ..."
လိပ်ပြာဖြူရဲ့စကားကြောင့် ယာယာတစ်ခုခုကိုသဘောပေါက်လိုက်သလိုပါပဲ။
ကိုမြတ်ကယာယာ့ကို ဘာဖြစ်လို့မချစ်နိုင်ရလဲဆိုရင် သူယာယာ့ကို မယုံကြည်လို့၊နားမလည်လို့ဆိုတာ သေချာပါတယ်။
ကိုမြတ်ကိုလည်း ယာယာလုံး၀နားမလည်ပါဘူး။
ယာယာမှမဟုတ်ပါဘူး တစ်လောကလုံးကလူတွေလည်း ဘယ်သူမှသူ့ကိုနားလည်နိုင်မယ်မထင်ဘူး။
ကိုမြတ်ရဲ့ ယုံကြည်မှုကိုရဖို့ ယာယာဘယ်လိုကြိုးစားရမှာလဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋
🎵ကြင်နာသလို မကျင်နာသူနေနိုင်ရက်တဲ့ ချစ်သူလေး🎵
🎵အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်🎵
ဖုန်းမြည်သံကြား၍ လိပ်ပြာကြည့်လိုက်တော့
မဒေလီယာဖြစ်နေသည်။
အချိန်အားဖြင့် ညနေခြောက်နာရီထိုးလောက်ရှိနေပြီဖြစ်သည်။
"ဟယ်လို..."
"လိပ်ပြာဖြူလား...တို့ဒေလီယာပါ.. မင်းအားရင် ကမ်းခြေမှာ လေညှင်းခံရင်းလမ်းအတူလျှောက်ရအောင်လား....ဟို...ယူအဆင်ပြေမှပါနော်..."
"အဆင်ပြေပါတယ်...လိပ်ပြာထွက်လာခဲ့မယ်..."
"တူ...တူ......"
ညနေကလည်းစောင်းနေပြီဆိုတော့ တီရှပ်ပွပွနှင့် ဘောင်းဘီဒူးကျ အပွကိုပဲ၀တ်ပြီး ပုဝါကြီးကြီးတစ်ထည်ခြုံကာ ထွက်လာလိုက်သည်။
*
*
*
*
"လိပ်ပြာ...ဟိုမှာကြည့်စမ်း...ညဘက်မှာ လှိုင်းလုံးတွေက ပိုအရောင်လက်ပြီး ပိုလှသလိုပဲနော်..."
မဒေလီယာကို လိပ်ပြာကြည့်လိုက်မိသည်။
ဆံပင်မဟော်ဂနီအရောင်ကို လှိုင်းတွန့်လေးတွေ ကောက်ထားပြီး အရပ်ကထောင်ထောက်မောင်းမောင်းနဲ့ဖြစ်သည်။
လေးထောင့်ဆန်ဆန်မျက်နှာပေါ်မှာ ထူထဲသည့်မျက်ခုံးမွှေးတန်းတွေရှိနေသည်က နိုင်ငံခြားမင်းသမီးတစ်ယောက်လိုမျက်နှာကျမျိုးဖြစ်သည်။
မျက်နှာက အရမ်းခက်ထန်တာမျိုးမဟုတ်ပေမဲ့ ပျက်သားပြီး၊မာကျောတဲ့မျက်နှာထားမျိုးမှန်းပေါ်လွင်လွန်းပါသည်။
"လိပ်ပြာ.. လိပ်ပြာ..."
"ဘာ...ဘာဖြစ်တာလဲ.."
"ဟိုးမှာကမ်းကပ်လာတဲ့...မော်တော်ပေါ်က ဆင်းလာတာ...ကိုမြတ်မဟုတ်လား...."
ဟုတ်ပါရဲ့ ကိုဘုန်းမြတ်တို့ဘိုချိုကျွန်းကနေပြန်လာတာထင်တယ်။
အလုပ်ကိစ္စအဆင်ပြေရဲ့လားဆိုတာ လိပ်ပြာသိချင်နေမိပေမဲ့ ကိုဘုန်းမြတ်ဆီကိုအတင်း ပြေးသွားနေတဲ့ မဒေလီယာကြောင့် လိပ်ပြာရဲ့ခြေလှမ်းတွေက အလိုလိုရပ်တန့်သွားမိသည်။
သူတို့ချစ်သူအချင်းချင်း လွတ်လပ်စွာနေပါစေဆိုပြီး လိပ်ပြာကျောက်ဆောင်တွေဘက်ကို အကြည့်လွှဲပစ်လိုက်သည်။
"ဟင်...."
လိပ်ပြာရဲ့မြင်ကွင်းထဲမှာ မိန်းကလေးတစ်ယောက်က ပင်လယ်ရေပြင်ဆီသို့ တရွေ့ရွေ့နဲ့သွားနေသည်။
ပုံမှန်လူဆိုရင် ဒီအချိန်ရေကူးမှာမဟုတ်လောက်ဘူး။
နောက်ပြီး သူမမှာဘောကွင်းလည်းမပါဘူး။
"ဟာ...သွားပြီ...."
လိပ်ပြာရဲ့ခြေလှမ်းတွေဟာ ပြေးနှုန်းအမြန်ဆုံးနဲ့ပြေးသွားနေမိသည်။
ရေထဲကိုဆင်းသွားတဲ့ မိန်းကလေးဟာ ရေများကသူမရဲ့ ရင်ဘတ်နားအထိရောက်နေပေမဲ့ ရပ်တန့်ခြင်းမရှိတာကြောင့် လိပ်ပြာစိုးရိမ်လာသည်။
လိပ်ပြာကိုယ်၌ကရေမကူးတတ်တာကိုမေ့သွားပြီး သူများသေကြောင်းကြံစည်မည့်အရေးကို တွေးပူပေးနေတာကတော့ သဘာ၀ကျချင်မှကျပေလိမ့်မည်။
ဒါပေမဲ့ လိပ်ပြာရဲ့အကျင့်ကဖျောက်ဖြတ်မရတာတော့ ခက်တယ်။
🦋🦋🦋🦋🦋🦋🦋
ဘုန်းမြတ်နှင့်UDCမှအဖွဲ့တွေမော်တော်ပေါ်မှဆင်းပြီး ဟိုတယ်သို့ပြန်ရန်ပြင်ကြရသည်။
တစ်နေကုန် မြေအနေအထားကို ကြည့်ဖို့လည့်ပတ်သွားနေရတာကြောင့် တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲ နေတာ လှုပ်တောင်မလှုပ်ချင်ဘူး ဖြစ်နေသည်။
"ကိုမြတ်...ပြန်လာပြီလား"
"အော်...ဒေလီယာ...လမ်းလျှောက်ထွက်လာတာလား..."
"ဟုတ်တယ်...ပျင်းနေတာနဲ့ပဲ..."
"အင်း...ထွန်းဝေရောမပါဘူးလား..."
"အဲ့ကောင်နဲ့ရန်ဖြစ်ထားတယ်..လိပ်ပြာဖြူနဲ့လာတာ..."
လိပ်ပြာဖြူဆိုတဲ့ နာမည်လေးကြောင့် ပင်ပန်းနေလို့ ခေါင်းငိုက်ဆိုက်ချထားရာမှ ခေါင်ထောင်ပြီး ဟိုရှာ၊ဒီရှာလုပ်နေမိသည်။
"ဒေလီယာ...လိပ်ပြာဖြူက ဘယ်မှာလဲ...မတွေ့မိပါလား..."
"ဟိုမှာ...ဟင်...ဘယ်ရောက်သွားတာလဲမသိဘူး..."
ယာယာမျက်လုံးဝေ့ရမ်းပြီး သေချာရှာကြည့်တော့ အံ့ဩလွန်းပြီးမျက်လုံးပြူသွားသည်။
"ကိုမြတ်...ဟိုးမှာလိပ်ပြာဖြူ...ရေထဲကိုပြေးဆင်းနေတယ်..."
"ဘာ!!!!!...."
ဒေလီယာလက်ညှိုးထိုးတဲ့နေရာကို လိုက်ကြည့်ပြီးနောက် ဘုန်းမြတ်ရင်ထိတ်သွားမိသည်။
ကျောမှာလွယ်ထားတဲ့ လွယ်အိတ်ကြီးကို သဲပေါ်ကို ပစ်ချထားခဲ့ပြီး သောင်ပြင်ပေါ်မှာ အသားကုန်ပြေးသွားနေမိသည်။
"လိပ်ပြာဖြူ!!!!!!လိပ်ပြာဖြူ!!!!!"
လိပ်ပြာဖြူ၏နာမည်ကို အသားကုန်အော်နေတဲ့သူ့ကြောင့် ညဘက်အပြင်ထွက်လာတဲ့ လူတွေလည်း အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်ကြသည်။
"ဆရာ...ဆရာ..."
သူ့အနောက်မှ တပည့်တော်တွေကလည်း ဘာမှန်းညာမှန်းမသိပဲ ပြေးလိုက်လာကြသည်။
ဒေလီယာ့ခမျာမှာတော့ ဘုန်းမြတ်ပစ်ချထားခဲ့တဲ့ကျောပိုးအိတ်ကြီးနားမှာ မတုန်မလှုပ်ရပ်နေမိပြီး သူမတစ်ခါမှ မမြင်ဖူးတဲ့၊မြင်ဖို့မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ ဘုန်းမြတ်၏ အမူအရာတွေကြောင့် တုန်လှုပ်မှုကြီးတစ်ခုဖြစ်လာသည်။
"ကိုမြတ်...ပြောင်းလဲသွားပြီ...အဲ့ဒါဟာ..
လိပ်ပြာဖြူကြောင့်လား...ဟင့်အင်းယာယာလုံး၀
လက်မခံနိုင်ဘူး...ကိုမြတ်က...ယာယာ့အတွက်ပဲဖြစ်ရမယ်...."
*
*
*
*
"အစ်မ...ဘာလုပ်တာလဲ..."
သေကြောင်းကြံစည်ဖို့ ကြိုးစားနေတဲ့ ထိုအစ်မလက်ကို လိပ်ပြာဖမ်းဆုပ်လိုက်ပြီး အတင်းဆွဲထားလိုက်သည်။
"ကျွတ်...သေကြောင်းကြံမလို့ပါဆိုနေ...အဖြတ်သမားကရောက်လာပြန်ပြီ...ဖယ်...ငါကမ်းပေါ်ပြန်တက်တော့မယ်..."
လိပ်ပြာကို တွန်းဖယ်ပြီး ကမ်းပေါ်ပြန်တက်သွားသည့် ထိုအမျိုးသမီးရဲ့အပြုအမူတွေကို လိပ်ပြာမယုံနိုင်အောင် ဖြစ်နေရသည်။
"အော်...စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ကြပါလား..."
လိပ်ပြာကမ်းပေါ်ပြန်တက်ဖို့လုပ်တော့ ခုဏကရပ်တာနဲနဲကြာသွားတာကြောင့် ခြေထောက်ကသဲထဲမှာ နဲနဲနစ်နေသည်။
လိပ်ပြာအားပြုပြီး ခြေထောက်ကို တအားဆောင့်ထုတ်လိုက်ရာ ကိုယ်ကယိုင်ပြီး ရေထဲကိုပတ်လက်လန်ကြသွားသည်။
"ဗွမ်း...!!!!!!"
"အား!!!!!...ကယ်...ကယ်ကြ..."
"ကယ်ကြပါ!!!!!"
ရင်ဘတ်လောက်အထိရေအနက်ပိုင်းကို ရောက်နေတာကြောင့် ခြေထောက်ပြန်ထောက်ဖို့လုပ်ပေမဲ့ ကြောက်စိတ်ကြောင့် ခြေထောက်ကထှောက်လို့မရဖြစ်နေသည်။
ရေငန်တွေဟာ လိပ်ပြာရဲ့ နှား၊နှာခေါင်းနဲ့ ပါးစပ်တွေထဲကို ၀င်လာတာကြောင့် အသက်ရှုကျပ်သလို ခံစားလာရသည်။
ပိုရုန်းလေ ရေနက်ပိုင်းကို ပိုရောက်လာလေလို့ ခံစားနေရသည်။
ခြေထောက်တွေဟာ ရုန်းရင်ဆန်ခက် လှုပ်ရမ်းနေပေမဲ့ ကြာလာလေ အားအင်မဲ့လာလေဖြစ်နေသည်။
ရေပေါ်ကို တစ်ချက်တစ်ချက်ပြန်ရောက်သွားပေမဲ့ ခြေတွေ၊လက်တွေရဲ့ရုန်းကန်မှုရပ်တန့်လိုက်တာနှင့် ရေမျက်နှာပြင်အောက်ကို ပြန်ပြန်ရောက်သွားသည်။
မျက်လုံးတွေဟာလည်း ကျိန်းစက်နေပြီး။ခြေထောက်တွေကလည်း ရေပြင်ရဲ့ဆွဲငင်အားကို လွန်ဆန်၍ မရဖြစ်လာသည်။
လက်တွေကိုလည်း ကံကြမ္မာဆိုးကြီးက ဆွဲငင်ဖမ်းချုပ်လိုက်သလို ဖြစ်သွားရာ လှုပ်ရှား၍လည်း ထူးမည်မဟုတ်တော့ပါဘူး။
အသက်ရှုလိုက်တိုင်း ၀င်လာတာက မွန်းကျပ်စရာ ရေသီးလုံးကြီးတွေပါ။
သူမရဲ့ အရာအားလုံးဟာ အမှောင်အတိဖုန်းလွှမ်းသွားပြီး သူမရဲ့ ခန္ဓာကိုယ်ဟာလည်း ရေထုဆွဲအား၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်ကို ဘယ်သူသိနိုင်ပါမည်လဲ။
#စာရေးသူ_ဆောင်းငွေ့ဝေ
🦋🦋🦋🦋🦋🦋🦋
ဘယ်လိုလဲ ကြိုက်နှစ်သက်ရဲ့လား
=========================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၂၂
လိပ်ပြာရဲ့ ရင်ထဲမှာအရမ်းမွန်းကျပ်လာတယ်။အလွန်ကျဉ်းမြောင်းပြီး အလင်းရောင်လေးတစ်ပေါက်တောင် မမြင်ရတဲ့အခန်းထဲမှာပိတ်မိနေသလို ခံစားနေရတယ်။
တံခါးဘယ်မှာလဲ။ အမှောင်ထဲကနေလွတ်မြောက်နိုင်မဲ့ တံခါးကိုရှာဖွေစမ်းသပ်မိပေမဲ့ အချည်းနည်းပါပဲ။
ဒီနေရာဟာ ဘယ်လိုနေရာမျိုးလဲ။တံခါးမရှိ၊အကာအရံကိုမမြင်ရပါပဲ အမှောင်အတိဖုံးလွှမ်းနေတာ ဘယ်လိုနေရာမျိုးလဲ။
"အာ့....အား!!!!!..."
ရုတ်တရက် ခြေထောက်တွေကို လှမ်းဆွဲလိုက်တာဘာကြီးတွေလဲ။
မဟုတ်မှလွဲရော လိပ်ပြာသေသွားပြီလား။
ရင်ထဲ၊အသဲထဲကနေ အကူအညီတောင်ခံချင်နေပေမဲ့ အသံကထွက်မလာပေ။
လိပ်ပြာဘာဖြစ်သွားတာလဲ။
"ဟင်......"
ခြေထောက်ကိုလှမ်းဆွဲထားတဲ့ အရာကြီးက ခြေသလုံးတွေအထိပါရောက်လာပြီး ဆောင့်ဆွဲလိုက်ရာ အားနဲ့ခန္ဓာကိုယ်ကို ကိုင်အရိုက်ခံလိုက်ရ
သလို ပက်လက်လန်ကျသွားသည်။
ကြမ်းပြင်နဲ့ဦးခေါင်းကအရှိန်ပြင်းစွာ စောင့်ချခံလိုက်ရတဲ့ဒဏ်ကြောင့် မူးဝေပြီး ထမရဖြစ်နေသည်။
ကယ်ကြပါအုံး။တစ်စုံတစ်ယောက် လိပ်ပြာကိုလာကယ်တင်ပေးပါ တောင်းပန်ပါတယ်။
မျက်၀န်းကနေ မျက်ရည်တွေစီးကျသွားတဲ့ မျက်ရည်စီးကြောင်းရဲ့အဆုံးမှာ ကြမ်းပြင်ပေါ်မှထိုးထွက်လာတဲ့ လက်မည်းကြီးနှစ်ခုက လိပ်ပြာရဲ့မျက်လုံးတွေကို အုပ်ကိုင်လိုက်တယ်ဆိုရင် အာခေါင်ခြစ်ပြီး အော်လိုက်မိသည်။
"အား!!!!!!!ကယ်...ကယ်ကြပါ...."
"ဟင်...လိပ်ပြာ...လိပ်ပြာ..နိုးလာပြီလား...."
"ကယ်ကြပါ..."
"လိပ်ပြာ...သတိထားအုံးလေ...."
"ရေတိုက်လိုက်ပါလား..."
လိပ်ပြာမျက်လုံးပွင့်သွားတဲ့အချိန်မှာ ဟိုတယ်မှလိပ်ပြာရဲ့အခန်းကိုပြန်ရောက်နေသည်။
"ရေ..ရေပေးပါ..."
အာခေါင်တွေခြောက်ကပ်လွန်းတာကြောင့် ရေတောင်းလိုက်ရာ ကိုဘုန်းမြတ်ကရေတစ်ခွက်
အမြန်လာပေးပြီး ကုတင်ဘေးစွန်းလေးမှာလာထိုင်သည်။
အခန်းထဲကိုသေချာကြည့်မိတော့မှ ကိုဘုန်းမြတ်ရယ်၊ကိုထွန်းဝေရယ်၊မဒေလီယာနဲ့ ဟိုတယ်
၀န်ထမ်းယူနီဖောင်းနဲ့ မိန်းကလေးတစ်ယောက်၊လူလတ်ပိုင်းမျက်နှာစိမ်းအမျိုးသားတစ်ယောက် အားလုံးပေါင်း လူငါးယောက်ရှိနေကြသည်။
ထိုအထဲကလူ လေးယောက်ဟာ လိပ်ပြာကိုစိုးရိမ်နေသည့် မျက်လုံးများနှင့် သနားဂရုဏာသတ်စွာကြည့်နေကြသည်။
လူတွေဘယ်လောက်ပဲများများ လိပ်ပြာကတော့ ကိုဘုန်းမြတ်တစ်ယောက်ထဲကိုပဲ အားကိုးစွာပြန်ကြည့်မိသည်။
"မလိပ်ပြာ...သူတို့ဘယ်သူတွေလည်းရော မှတ်မိလား..."
"မှတ်မိပါတယ်..."
"ဟူး...တော်သေးတာပေါ့..."
လိပ်ပြာမသိတဲ့လူက လိပ်ပြာကိုမေးမြန်းမှုအမျိုးမျိုးလာလုပ်သည်။"နေထိုင်ကောင်းရဲ့လား...ရင်ထဲမှာဘယ်လိုနေလည်း...မောတာတွေ,အသက်ရှူကျပ်တာတွေရှိလား...စုံနေတာပါပဲ..."လိပ်ပြာစိတ်ရှုပ်လာတာရယ်၊အရမ်းအိပ်ချင်လာတာရယ်ကြောင့်
ကိုဘုန်းမြတ်ကိုသာကြည့်ပြီးပြောလိုက်သည်။
"လိပ်ပြာအိပ်ချင်တယ်..."
"..ကျွန်တော်ခုဏက ထိုးဆေးထဲမှာအားဆေးထည့်လိုက်တယ်...တော်ကြာညဘက်လန့်နိုးပြီး အိပ်မရဖြစ်နေမှာဆိုးလို့...ကဲစိတ်ချရပြီဆိုတော့ အားလုံးပြန်နားလို့ရပါပြီ...ကျွန်တော်လည်း သွားလိုက်ပါအုံးမယ်..."
"ကျေးဇူးတင်ပါတယ်...ဒေါက်တာ..."
"ဟာ...ရပါတယ်ဗျာ...ဒါကျွန်တော်ရဲ့တာ၀န်ပါ...."
ဘာကြောင့်ရယ်မသိ ကိုဘုန်းမြတ်က ထိုလူစိမ်းအစ်ကိုကို လက်ဆွဲနှုတ်ဆက်ရင်း မျက်လုံးမှလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေပုံရတယ်။
"အားလုံးပဲ စိတ်ချပါ...ကျွန်မသေချာစောင့်အိပ်ပေးပါ့မယ်...မနက်လေးနာရီကျမှ ကျွန်မသွားမှာပါ..."
ဟိုတယ်၀န်ထမ်းကောင်မလေးပြောသံကို လိပ်ပြာမျက်လုံးတွေ မှိတ်ထားရင်းမှကြားလိုက်ရသည်။
"ဟုတ်ကဲ့...ကျွန်တော်စိတ်ချမယ်နော်..."
စိတ်ချမယ်နော်ဆိုပေမဲ့ သူလုံး၀စိတ်မချနိုင်စွာပဲ အခန်းထဲမှထွက်လာလိုက်သည်။
ထွန်းဝေကတော့ လိပ်ပြာဖြူရဲ့အခန်းနဲ့တော်တော်ဝေးဝေးကိုရောက်မှ သူ့အရှေ့ကနေအေးဆေးစွာ လမ်းလျှောက်နေသည့် ဒေလီယာ့လက်ကို လှမ်းဆွဲလိုက်သည်။
"မောင်...နင်ဘာလုပ်တာလဲ...ဒီမှာယာယာ့လက်နာသွားပြီ..."
"အပိုတွေမပြောနဲ့ယာယာ...လိပ်ပြာဒီလိုဖြစ်တာ နင်အပြင်ခေါ်ထုတ်လို့ပဲ..နင့်ပရောဂလည်းမကင်းဘူးနော်..."
ထွန်းဝေကိုကြည့်နေရာမှ မျက်နှာလွှဲလိုက်ပြီး
ယာယာမဲ့ပစ်လိုက်သည်။
"အရေးမပါတာတွေလာပြောနေတယ်...ယာယာ့
ပရောဂမကင်းဘူးပြောရအောင် သူ့ကိုရေနှစ်သတ်တဲ့လူကယာယာလား...မဆိုင်တာတွေလာ
မပြောနဲ့..."
ထွန်းဝေယာယာ့ပုံစံကိုကြည့်ပြီး အံဩတကြီးဖြစ်သွားသည်။ယာယာပြောင်းလဲသွားသလိုပဲ။
"ဘာပဲ ဖြစ်ဖြစ် သူနဲ့အတူတူနင်စောင့်ပြီး အိပ်ပေးသင့်တာပေါ့..."
"အိုး....မအိပ်ပေးနိုင်ပါဘူး...သူနဲ့ယာယာကဘာတော်တာမှတ်လို့...သူများအပူကို...ကိုယ့်အပူ
မလုပ်ပေးနိုင်ဘူး...သူ့ထိုက်နဲ့သူ့ကံပဲ...."
"ယာယာ...မင်း!!!!!!!!"
ထွန်းဝေ ဒေါသထွက်လွန်းလို့ အံကြိတ်သံကြီးနဲ့ အော်ပစ်လိုက်သည်။
"ယာယာ့ကို လာမအော်နဲ့နော်...ဒေလီယာဆိုတဲ့မိန်းမကဘယ်သူ့ကိုမှငဲ့ညှာမသနားတတ်ဘူး...
အထူးသဖြင့် ကိုယ့်ရဲ့ပြိုင်ဘက်တစ်ယောက်ကို
ကျောလေးပုတ်ပေးပြီး...သနားဂရုဏသတ်ပေးရလောက်အောင်အထိ...မအဘူး...လွှတ်..."
ထွန်းဝေရဲ့လက်ထဲမှ အတင်းဆောင့်ရုန်းကာ ထွက်သွားတဲ့ ယာယာ့ရဲ့ကျောပြင်ကိုကြည့်ပြီး
သူနားမလည်နိုင်ဖြစ်နေသည်။
ပြိုင်ဘက် ၊ လိပ်ပြာကဘာလို့ ယာယာ့ရဲ့ပြိုင်ဘက်ဖြစ်သွားရတာလဲ။
ယာယာဘာတွေတွေးနေတာလဲ။ဒီလောက်ဖြူစင်တဲ့ကောင်မလေးကို သူမမို့ဒီလိုပြောရက်တယ်။
သူ့စိတ်ထဲမှ ယာယာ့ကိုအမြင်ကပ်သွားသည်။
🦋
🦋
🦋
🦋
🦋
"ဂျောက်...."
"ဟင်..အစ်ကိုလာတယ်...သူအိပ်နေတုန်းပဲ..."
"ရှူး...ညီမသွားစရာရှိတာသွားပါ..ကျွန်တော်စိတ်မချလို့လာကြည့်တာ..."
"ဟုတ်...ဟုတ်ကဲ့ပါ...."
သူမကို လက်ညှိုးလေးထောင်ပြီးနှုတ်ခမ်းမှာ တေ့ပြကာ ဟိုအစ်မရဲ့အခန်းထဲ၀င်သွားတဲ့
ထိုအစ်ကိုချောချောအား ငေးကြောင်ကြည့်ရင်းသာ အခန်းအပြင်မှာ ကျန်ခဲ့သည်။
အချိန်က လေးနာရီထိုး နေလေပြီ။
မနက်အလုပ်ဆင်းရမှာမို့ အိမ်သို့ပြန်ရန်အခန်းအပြင်သို့အထွက် ထိုအစ်ကိုနဲ့ထိပ်တိုက်တိုးခြင်းဖြစ်သည်။
"အော်...သူများအတွဲတွေများ...အားကျစရာကောင်းလိုက်တာနော်..."
🦋
🦋
🦋
🦋
"အဟင်း...အိပ်နေတာကလည်း ကလေးလေးလိုပဲ.."
မွှေ့ယာပေါ်မှာ ခြေကားယား၊လက်ကားယားနဲ့အိပ်ပျော်နေတဲ့ သူမကိုခါးထောက်ကာ ကြည့်ပြီး ရယ်မိသည်။
ခုဏကကောင်မလေး ညတုန်းကအိပ်လို့မှ ပျော်ရဲ့လားလို့ သံသယ၀င်ရတဲ့အထိပါပဲ။
မွှေ့ယာတစ်ခုလုံးက သူမတစ်ယောက်ထဲနဲ့ကိုပြည့်နေတော့တာပါ။
ထိုခြေ၊လက် ကားကားတွေကို ပုံစံပြန်ပြင်ပေးလိုက်ပြီး စောင်ကိုရင်ညွှန့်အထိဆွဲခြုံပေးလိုက်သည်။
သူမကတော့ အိပ်မက်ထဲမှာအရေးကြီးအစည်းအဝေးတက်နေတဲ့ပုံပါပဲ။
ဘယ်လိုလှုပ်လှုပ်ကိုမနိုးတာ။
ပြီးနောက် ကုတင်အောက်မှာသူထိုင်ချလိုက်ပြီး
အိပ်ရင်း ဘာတွေစားနေမှန်းမသိ ပါးစပ်ကပွစိ၊ပွစိဖြစ်နေတဲ့ ကောင်မလေးကို အေးဆေးကြည့်နေလိုက်သည်။
"လိပ်ပြာ..ကိုယ်ဘယ်လောက်စိတ်ပူသွားလည်း မင်းသိလား...ကိုယ့်ဘ၀မှာ ဒဏ်ရာတွေများခဲ့တယ်...အဲ့ဒဏ်ရာတွေကို ဖုံးကွယ်ပြီး ဘယ်သူမှ ဘယ်လိုအကြောင်းမျိုးနဲ့မှ မမြင်နိုင်အောင်...ကိုအမြဲနေခဲ့တယ်...စကားတွေပြောပါများရင်..ရင်ထဲကဝေဒနာတွေကို မျှဝေမိမှာကြောက်လို့...ငယ်ငယ်ကဘယ်သူနဲ့မှ စကားအများကြီးမပြောမိအောင် ကြိတ်မှိတ်ကြိုးစားခဲ့တယ်...ဖေဖေတစ်ခါပြောဖူးတယ်....ငါ့သားဟာငယ်ငယ်က သိပ်ရွတ်နှောက်နှောက်နိုင်တဲ့ကောင်တဲ့...ဒါပေမဲ့ကံကြမ္မာကြီးက ကိုယ့်ကိုမပျော်စေချင်ဘူးထင်ပါတယ်...
ကိုယ့်ရဲ့နေ့ရက်တိုင်းကို မျက်ရည်တွေနဲ့ပဲ ဖြတ်သန်းစေခဲ့တယ်...ကြာတော့ကိုယ်မငိုတတ်တော့ဘူး...မျက်ရည်ကျရမှာကြောက်သလို...ငိုရမှာကိုပါရှက်ရွံ့လာတယ်...ဒါပေမဲ့ ညကအဖြစ်အပျက်မှာ...ကိုယ့်စိတ်ရဲ့အနက်ရှိုင်းဆုံးကနေကို အော်ဟစ်ငိုပြစ်လိုက်ချင်စိတ်တွေဖြစ်လာတယ်..လိပ်ပြာ နောက်တစ်ခါ ကိုယ့်ကို စိတ်ပင်ပန်းအောင်မလုပ်ပါနဲ့နော်...ကိုယ်လည်းလိပ်ပြာကို ကိုယ့်ကြောင့် ဘယ်လိုနည်းနဲ့မှ အထိခိုက်မခံတော့ဘူး...."
ညကအဖြစ်ကိုသူပြန်တွေးနေမိသည်။ရေထဲကနေ သူဆယ်ယူလိုက်တဲ့ သူမရဲ့ခန္ဓာကိုယ်လေးဟာ အရုပ်ကြိုးပြတ်သလိုပျော့ခွေပြီး သတိပျောက်နေခဲ့တယ်။
ကမ်းပေါ်ကိုရောက်တော့ နှုတ်ခမ်းချင်းတေ့ကာ တော်တော်ကြာအောင်CPRလုပ်ပြီး လေမှုတ်သွင်းလိုက်မှ ရေတွေအံချလာခဲ့တယ်။
ခဏလေးပဲ သတိပြန်လည်လာပြီး ပြန်မေ့သွားတဲ့သူမကို ဟိုတယ်ရောက်တဲ့အထိ သူ့မှာအပြေးတစ်ပိုင်း ကျောပိုးလာခဲ့ပြီး ဟိုတယ်ရဲ့ဆေးပေးခန်းမှ ဆရာ၀န်နဲ့ပြခဲ့ရတယ်။
ဆရာ၀န်ကခဏစောင့်ကြည့်ပြီး သတိမရသေးရင်တော့ ဆေးရုံတင်ရမယ်လည်းဆိုရော သူ့စိတ်ထဲမှာ တစ်စစ်စစ်နာကျင်လာမှုက ငယ်ငယ်ကကြုံခဲ့ရတဲ့ ပုံစံအတိုင်းတစ်ထပ်တည်းပါပဲ။
သူမကိုအတူခေါ်သွားခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ကိုယ့်ကိုကိုယ် အပစ်တင်စိတ်ကြောင့်
သူနေမထိ ထိုင်မသာဖြစ်ခဲ့ရတယ်။
ကိုယ်တောင်းပန်ပါတယ်။ကိုယ့်ကိုခွင့်လွှတ်ပါ။
🦋
🦋
🦋
"ဝါး...ဒီနေ့မှ...အိပ်လို့ကောင်းလိုက်တာ..."
"ဟင်...."
လိပ်ပြာရဲ့မွှေ့ယာဘေးစွန်းလေးမှာ လက်ခုံပေါ်မျက်နှာမှောက်ပြီး အိပ်နေတဲ့ကိုဘုန်းမြတ်ကြောင့်လန့်ပြီး ခန္ဓာကိုယ်တောင် တွန့်ကြုံ့သွားသည်။
သူကဘယ်လိုကနေဘယ်လို လိပ်ပြာရဲ့အခန်းထဲကိုရောက်နေတာလဲ။
လိပ်ပြာဆိုတာ အိပ်နေရင်း ဆင်တက်နင်းတောင်မနိုးတဲ့သူမို့ သူစိမ်းယောက်ျားတစ်ယောက် အခန်းထဲ၀င်လာတာတောင် မသိလိုက်ဖြစ်နေသည်။
ကိုယ့်ကိုကိုယ်အပစ်တင်ဝေဖန်ရင်း မျက်နှာလေးစောင်းပြီးအိပ်နေတဲ့သူ့ကိုသေချာကြည့်မိသည်။
ချောလိုက်တဲ့ မျက်နှာပိုင်ရှင်လေး။ဘယ်ပန်းပုဆရာကများ ပန်းပုထုလွှတ်လိုက်လည်းမသိဘူး။ဒါမျိုးရုပ်က ပြတိုက်ထဲမှာထားရင်ကိုပိုက်ဆံမနည်းဘူးရမှာ။
စိတ်ထဲမှာမနေနိုင်တော့တဲ့ အဆုံး အခွင့်အရေးရတုန်းယူထားလိုက်မယ်ဆိုကာ သူ့ရဲ့မျက်တောင်မွှေးလေးတွေကို တို့ထိကြည့်မိသည်။
နူးညံ့ပြီး ကော့ကော့လေးတွေ ၊ပြီးတော့ နှာတံလှလှလေးကို လက်ကရောက်မယ်ကြံခါမှ လှုပ်ရွလာတဲ့သူ့မျက်လုံးကြောင့် လက်ကိုပြန်သိမ်းလိုက်သည်။
"အဟင်း...."
"ဟင်...လိပ်ပြာနိုးနေတာလား..."
"အဲ့ဒါတွေအသာထားပါ..ကျွန်မအခန်းထဲကို ဘယ်လိုလမ်းမှားလာလည်းပဲသိချင်တယ်...."
ကိုယ့်ကအပစ်လုပ်ထားတော့ သူ့ကိုတမင်အပစ်ဖို့လိုက်တာပါ။
ဖုန်းမြတ် လက်တစ်ဖက်ကခါးကိုထောက်မိကာ တစ်ခြားလက်တစ်ဖက်က အကြောင်းမရှိ၊အကြောင်းရှာ လည်ဂုတ်ကိုပွတ်နေမိသည်။
"ကိုယ်နေချင်လို့ နေတာမဟုတ်ဘူးနော်...ညကမင်းအခန်းထဲကို ခဏလေး၀င်ကြည့်လိုက်တာ အိပ်နေရင်းနဲ့ ကျွန်မကိုမထားခဲ့ပါနဲ့...အရမ်းကြောက်လို့ပါ...မသွားပါနဲ့...မထားခဲ့ပါနဲ့ဆိုပြီး...တစ်ချိန်လုံးအော်နေတာနဲ့ပဲ...ကိုယ်စောင့်ပေးရင်း...အိပ်ပျော်သွားတာ..."
ဟန်အမူအရာနဲ့ ကိုဘုန်းမြတ်ပြောပြနေတဲ့ တစ်ယောက်က လိပ်ပြာမှဟုတ်ရဲ့လားလို့ သံသယဖြစ်ရတဲ့အထိ အိုဗာဖြစ်လွန်းနေသည်။
ပြောပြီး ချက်ချင်း အခန်း၀သို့သူရောက်သွားပြီး
အခန်းတံခါးကိုဆွဲဖွင့်ကာ လိပ်ပြာကိုပြန်ကြည့်လာသည်။
"သိမ်းစရာရှိတာတွေ သိမ်းတော့ ဒီနေ့ပဲ ရန်ကုန်ပြန်ကြမယ်..."
"တ..တကယ်..."
"အင်း..."
သူ့စကားကြောင့် လိပ်ပြာသိပ်ပျော်သွားတာပဲ။
ဒီမှာနေရတဲ့ရက်အတွင်းမတော်တစ်ဆမှုက နှစ်ခုတောင်ဖြစ်ပြီးသွားပြီ။ဒီကအမြန်ပြန်တာပဲအေးတယ်။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
တိုက်ခန်းအရှေ့ကို ရောက်တာနဲ့ လက်ဆောင်အထုပ်တွေ တစ်သီတစ်တန်းကြီးကို ပိုက်ပြီး လူခေါ်ဘဲလ်ကိုတီးလိုက်သည်။
"တင်း..တောင်..တင်း..တောင်..."
"ဟယ်...လိပ်ပြာပြန်လာပြီ...အတော်ပဲ အိမ်မှာနင့်မောင်တွေ..ရောက်နေတယ်..."
"ငါ့မောင်တွေ..."
သူဇာက တံခါးလာဖွင့်ပေးပြီး ပြောလိုက်တာကြောင့် ပစ္စည်းအထုပ်တွေနဲ့ ဧည့်ခန်းသို့အပြေးသွားလိုက်မိသည်။
ဧည့်ခန်းမှာအကျအနထိုင်ပြီး ကော်ဖီသောက်လိုက်၊မုန့်စားလိုက်လုပ်နေကြတာက မင်းမင်းနဲ့ဖိုးချွန်ရယ်ပါ။
ကိုယ်တော်နှစ်ယောက်လုံးက လိပ်ပြာကိုမြင်တာနဲ့ ၀မ်းသာလုံးဆို့သည့်မျက်နှာတွေနှင့် ရယ်ပြလာကြသည်။
"မမပြန်လာတာနဲ့အတော်ပဲဗျာ...ကိုကြီးကသူ့ရည်းစား မချောကလျာနဲ့ အဆက်အသွယ်ပြတ်နေလို့တဲ့ အဲ့ဒါမမကိုခေါ်ပြီး သူ့ရည်းစားသတင်းသွားစုံစမ်းပေးဆိုတာနဲ့ ကျွန်တော်ဒီရောက်လာတာ...မမကမရှိတော့ မမသူဇာကိုခေါ်မလို့ အခုတော့အတော်ပဲပေါ့...လိုက်ခဲ့စမ်းပါဗျာ..
မိန်းကလေးအချင်းချင်းဆိုတော့ ပိုကောင်းတာပေါ့..."
"ဟဲ့...မင်းမင်း...နင်မမောဘူးလား...ပါးစပ်မှာမော်တာတပ်ထားတာကျနေတာပဲ...ခဏစောင့် ငါအ၀တ်အစားလဲပြီး လိုက်ခဲ့မယ်..."
"ဟဲ့လိပ်ပြာ...နင်အခုမှပြန်လာတာကို...နားပါအုံးဟယ်..."
"မရဘူးဟေ့...မနက်ဖြန်အလုပ်ပြန်ဆင်းရမှာ...ဒီမှာလက်ဆောင်ထုပ်တွေဟယ်...နင်တို့ဖာသာ ကြည့်ခွဲလိုက်ကြတော့...."
လိပ်ပြာအိပ်ခန်းထဲသို့အမြန်၀င်ကာ အ၀တ်အစားကိုခပ်သွက်သွက်လဲလိုက်ပြီး မောင်နှစ်ယောက်နှင့် YBSစီးကာ ရွှေပြည်သာသို့ ချီတက်ရတော့သည်။
🦋
🦋
🦋
"ဟဲ့..မင်းမင်း..ဒီအိမ်ဆိုတာ သေချာလား..."
"အင်းဒီအိမ်ပဲ..ကျွန်တော်နဲ့ဖိုးချွန် ကိုကြီးပို့ခိုင်းတဲ့ပစ္စည်း တွေလာလာပို့နေကြ...ဒီအိမ်ပဲသေချာတယ်...."
ဆယ်ပေခြံလေးထဲမှာ သစ်အိမ်သေးသေးလေးကို သံဇကာတွေနဲ့ ခြံခတ်ထားခြင်းဖြစ်သည်။
ခြံထဲမ၀င်ချင်တာကြောင့် ခြံအပြင်ကနေပဲ လိပ်ပြာတို့သုံးယောက် ချောင်းကြည့်နေရတာ အများမြင်ရင်သူခိုးထင်နေမှာအမှန်ပင်။
ထိုစဉ် ခြံထဲမှ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်လောက်ရှိမဲ့ မိန်းကလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖက်ရင်း ရယ်မောကာထွက်လာကြသည်။
"မမ..အဲ့ဒါအစ်ကိုကြီးရည်းစား မချောကလျာဆိုတာပဲ..."
လက်စသတ်တော့ ဒင်းကငါးစိမ်းမြင်ငါးကင်ပစ်တာကို အသစ်တွေ့တော့ ငါ့အစ်ကိုကြီးကိုပစ်ချခဲ့တာပေါ့လေ။
သူကိုဖက်ထားတဲ့ကောင်ကလည်း ငါးကြီးခြောက်ကို ဖနောက်နဲ့ပေါက်ထားတဲ့ရုပ်နဲ့ ခွက်ဆွဲပြီးတောင်းစားတဲ့ သူတောင်းစားတောင် သူ့ထက်ကြည့်ကောင်းအုံးမယ်။
ထိုအတွဲကလိပ်ပြာတို့ ဘေးနားကိုရောက်လာတော့ လိပ်ပြာခါးကိုထောက်ပစ်လိုက်ပြီး မျက်နှာကြောကို တင်းထားလိုက်သည်။
"ချောကလျာဆိုတာ...နင်လား..."
"ဟင်...နင်တို့ကဘယ်သူတွေလည်း..."
"မသိရင်မှတ်ထား...ငါကနင့်ရည်းစားရန်အောင်မင်းရဲ့ ညီမအရင်းခေါက်ခေါက်ဟဲ့...."
"ဘာ..ဘယ်ကရန်အောင်မင်းလည်း...ဒီမှာငါ့ရည်းစားက ဒီကကိုညို ချောဟဲ့...နင်တို့သူများခြံရှေ့မှာ ဘာလာချောင်းနေတာလည်း အခုထွက်သွားကြ..."
"အမယ်လေး...ဒီလို ငါးခြောက်ဖုတ်နဲ့ ငါးပိဖုတ်အတွဲဘေးမှာများ နေချင်လွန်းလို့...သွားမှာပါစိတ်ချ..."
"ဟဲ့ကောင်မ..နင်ဘာစကားပြောတာလည်း...."
"ဟာ...မမ..လွန်မယ်နော်..."
ခါးထောက်ထားတဲ့ လက်ကိုအတင်းလာဆွဲနေတဲ့ မင်းမင်းကြောင့် လက်အံတောင်လွဲချင်လာရာ မင်းမင်းဗိုက်ကို တံတောင်နဲ့ ပိတ်ထိုးပစ်လိုက်သည်။
လိပ်ပြာအရှေ့မှ ထိုမိန်းမကလည်း ခါးထောက်ပြီး ရန်ပြန်ထောင်လာသည်။
"နင်အသာနေစမ်း..မင်းမင်း...ဒီလိုသစ္စာမရှိ၊ဖောက်ပြန်တတ်တဲ့လူတွေကို...ငါကြည့်လို့ကိုမရတာ...ဒီမှာ..."
"ဘာလဲ .."
"ဒီမှာချောကလျာ..နင့်ကိုငါတစ်ခုပဲပြောလိုက်မယ်...ငါ့အစ်ကိုလို လူမျိုးကိုနိမ့်ကျပါတယ်ဆိုပြီး ပစ်ချခဲ့တဲ့နင်...နောက်တစ်ယောက်နဲ့တွဲပြီး သူတောင်းစားဘ၀ရောက်ခါမှာ ပြန်လာမဆက်နဲ့နော်..အေးအဲ့အခါကြမှ အရှက်မရှိလာကပ်ရဲလို့ကတော့...အစ်ကိုကြီးကိုတစ်ခွန်းတည်းပြောခိုင်းလိုက်မယ်..."
"မမကဘယ်လိုပြောခိုင်းမှာလည်း..."
"အတူတူတောင်းစားကြလို့..."
"ဟာ...မမ.. "
မင်းမင်းခမျာ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ဆိုသလို့ ကိုယ်မွှေးတဲ့မီး ကိုယ်မနိုင်ပဲ ပြန်လောင်နေရသည့်အဖြစ်ရောက်နေသည်။
"ကောင်မ...သတ္တိရှိရင်...နင်လာစမ်းပါ..."
"အမယ်လေး...သတ္တိရှိလို့...ကမာရွတ်မြို့နယ်ကနေ...ရွှေပြည်သာအထိ အရောက်လာခဲ့တာဟဲ့...နင့်လိုငါးပိဖုတ်မလောက်ကတော့ ငါကိုယ်တိုင်မသမဘူး....ငါ့မောင်နှစ်ယောက်လက်ထဲပဲထည့်ပေးလိုက်မယ်...ထွီ...ရွံလို့..."
"ကောင်မနင်...ဘာစကားပြောတာလဲ..."
"မမရယ်လာပါဗျာ....ရှက်စရာကြီး..."
မင်းမင်းအတင်းဆွဲခေါ်လာတာကြောင့် ခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့ ဟိုစွာကျယ်မကို မတီးထည့်လိုက်ရလေခြင်းဆိုပြီး အစ်မတော်က ရှေ့မှခြေဆောင့်တက်ခေါက်ပြီး သွားနှင့်လေသည်။
လူကောင်သေးသလောက် စိတ်ကလည်း လက်တစ်ဆစ်ဖြစ်တဲ့အစ်မကြောင့် မင်းမင်းတော့သေချင်ဆော်ကိုနံနေတာပဲ။ခေါ်လာမိတာကိုကမှားတာ မမကသူ့ရှေ့မှာမတရားတာတွေ့ရင်၀င်မပါရမနေတတ်တဲ့ ပါလေရာငါးပိချက်ဆိုတာ မင်းမင်းမေ့သွားခဲ့တာပါ။
"ဟား..ဟား...မမလိပ်ပြာက ရန်တွေ့တာတောင်ချစ်စရာလေး..."
"ကိုဖိုးချွန်ရေ...ခင်ဗျားပဲချစ်ဖို့ကောင်းနေလိုက်တော့...လိုချင်ရင်လည်း အပိုင်ပေးလိုက်မယ်...
ကိုယ့်ဖာသာထိန်းပေတော့..."
"အေးနော်...ငါတကယ်အပိုင်ယူတော့မှ ..မင်းတို့ညီအစ်ကိုသုံးယောက် ငှက်ကြီးတောင်ဓားဆွဲပြီး
မလိုက်ကြတဲ့..."
"အဟာ့...အိမ်မှာလည်း ဆွဲစရာငှက်ကြီးတောင်လည်းမရှိပါဘူးဗျာ..."
"ဟား...ဟား..."
ထိုနေ့ရဲ့ရန်ဖြစ်ပွဲလေးကတော့ နှမပေးပွဲလေးဖြစ်သွားလေတော့သတည်း။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋
တော်တော်လေးကို နောက်ကျသွားပါတယ်။
အခုမှရေးပြီးလို့ အခုတင်လိုက်တာပါ။
ဘ၀အမောတွေပြေကြပါစေ😀🙏

No comments:
Post a Comment