🦋အခန်း ၂၃ မှ အခန်း ၂၅ 🦋

  



ချစ်လိပ်ပြာလေး တဝဲလည်လည်

                             အခန်း၂၃


"သားဘုန်းမြတ်...သားအိတ်တွေကိုရှင်းရင်းနဲ့ ဘောင်းဘီအနက်တစ်ထည်ရဲ့ အိတ်ကပ်‌ထဲမှာ ဒါလေးတွေ့တယ်...အန်တီယဉ်...လျှော်လိုက်ရမလား...လွှင့်ပစ်လိုက်ရမလားဟင်...."

သူ့အခန်းကျယ်ကြီးထဲက မွှေ့ယာပေါ်မှာ မျက်လုံးမှိတ်ရင်း ခဏမှေးနေရာမှ ဒေါ်ယဉ်မေ၏ အသံကြောင့် ဘုန်းမြတ်လန့်နိုးသွားသည်။

"ဘယ်ဟာလဲ..."

"ဒီမှာပါသား...."

"ဟင်...ပေး...ကျွန်တော့်ကိုပေးစမ်း...."

ဒေါ်ယဉ်မေရဲ့လက်ထဲမှ ထိုအရာလေးကို သူသေချာကြည့်မိတော့မှ တစ်ခုခုကိုသွားသတိရမိလိုက်သည်။သူ့အာရုံထဲကို ရပ်တန့်ပစ်၍မရအောင်၀င်လာတဲ့ ထိုအဖြစ်အပျက်ကြောင့် နောင်တကြီးစွာ ကိုယ့်နှဖူးကိုယ်ပြန်ရိုက်ရသည့်အဖြစ်။

"ဟာ သွားပါပြီကွာ...ဒါဆိုတကယ်ပေါ့..."

"ဟင်...ဘာသွားတာလဲ သား..."

"ဟို...ဘာမှမဟုတ်ပါဘူး...ဒေါ်ယဉ်မေလုပ်စရာရှိတာသွားလုပ်ပါ..."

"အေးပါကွယ်..."

ဒေါ်ယဉ်မေအခန်းထဲမှ ပြန်ထွက်သွားသည်နှင့် မွှေ့ယာပေါ်ပြန်လှဲချလိုက်ပြီး ကရင်ခေါင်းစည်းပဝါ
စလေးကို လေထဲမှာဝေ့ရမ်းကာ သေချာကြည့်လိုက်မိသည်။

မီးပုံပွဲကျင်းပတဲ့ညက ကမ်းခြေမှာသူမနဲ့အတူရှိခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူးပေါ့။
လိပ်ပြာကို သူရည်းစားစကားပြောလိုက်တာဟာလည်း တကယ်ဖြစ်နေခဲ့တာပဲ။
ကိုယ့်ကိုကိုယ်တော့ အိပ်မက်လှလှလေးပဲ မက်ခဲ့တယ်ထင်ပြီး သူမကို ဘာမှမမှတ်မိပါဘူးလို့ပြောလိုက်မိတာ။
အဲ့ဒီ့မနက်က သူမဒေါသထွက်ချင်လည်းထွက်စရာပဲကို။
မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောပြီး အပြောင်အပျက်အဖြစ်သဘောထားလိုက်သလို ဖြစ်သွားခဲ့တယ်။

ဒီကရင်ခေါင်းစည်းစလေးက သူမထွက်သွားပြီးနောက် ကမ်းခြေမှာရေတွေစိုရွှဲပြီး သဲထဲနစ်နေပေမဲ့ အမှတ်တရအဖြစ်သူကောက်လာခဲ့မိတာပါ။

"ဟာ...သွားပြီ...လိပ်ပြာကို ငါနမ်းလိုက်သေးတာပဲ...ဟာကွာ...ဘာလို့မမှတ်မိခဲ့ရတာလည်း...
ဘုန်းမြတ်ရာ..မင်းတော်တော်ပေါ့လျော့တဲ့
ကောင်ပဲ..."

"တီ...တီ...တီ...တီ..."

ဖုန်းမြည်သံကြား၍ ကြည့်လိုက်ရာ ရှင်မွှေးလွန်းစာအုပ်တိုက်မှ အယ်ဒီတာချုပ် ကိုမိုးဇော်ဖြစ်နေသည်။

📞"ဟယ်လို...ပြော..ကိုမိုးဇော်.."

📞"ကိုဘုန်းမြတ်...ခင်ဗျား‌ဟိုတစ်ခါပြောထားတဲ့စာအုပ်လေ...အဲ့ဒါကိုကျွန်တော်တို့ဘက်ကထုတ်ဝေဖို့ စဉ်းစားပြီးပါပြီ...ဒါပေမဲ့ဒီစာအုပ်ပြီးတာနဲ့ နောက်ထပ်အဆက်မပြတ်ပဲ လူပိုသိလာအောင် ထပ်ထုတ်ဖို့ စာအုပ်တွေလိုတယ်နော်..."

📞"စိတ်ချပါ အဲဒီ့ကိစ္စကို ကျွန်တော်တာ၀န်ယူတယ်..."

📞"ဟုတ်ကဲ့ ကျန်တာတော့ စာရေးဆရာနဲ့ ကျွန်တော်ဆက်ဆွေးနွေးချင်သေးတယ် ကိုဘုန်းမြတ်..."

📞"စိတ်ချပါဗျာ...."

📞"ဟုတ်ပြီ...အာ့ဆိုဒါပဲနော်..."

📞"နေ...နေပါအုံး...ကိုမိုးဇော် ခင်ဗျားဆီကအကြံတောင်းစရာလေးရှိလို့ ကျွန်တော့်အနေနဲ့အရမ်းအလှမ်းဝေးနေတဲ့ ကိစ္စမို့ပါ..."

📞"ဟာ့...ဒီ‌ လောက်စကားပလ္လင်ခံနေစရာမလိုပါဘူးဗျာ..‌..."

ဘုန်းမြတ်ခမျာ ပြောဖို့အရေး ခပ်ရှက်ရှက်ဖြစ်နေတာမို့  မျက်ခုံးနှစ်ဖက်ကြားကို အလုပ်မရှိအလုပ်ရှာ လက်နဲ့ပွတ်နေတာ အသားတောင်ရဲတက်လာသည်။

📞"ဟို....မိန်းကလေးတစ်ယောက်ဆီကနေ အဖြေတစ်ခါတည်း တန်းရအောင်ရည်းစားစကားပြောနည်းလေး သိချင်လို့ဗျာ...."

📞"ဟေ...ခင်ဗျားဟာက အဆန်းပါလား...
ဟိုအရင်ခောတ်ကဆို သုံးနှစ်သုံးမိုးတွေတောင်စောင့်ခဲ့ရတာပါဗျာ..ခင်ဗျားကြမှ..ဘယ့်နှယ်...
မပြောမရှိနဲ့ ကျုပ်မိန်းမ ငရုတ်ကျည်ပွေ့မကြီးကိုတောင် နှနှစ်လောက်လိုက်ခဲ့ရတာဗျ...."

📞"ဟာ...ဘာတုံးငရုတ်ကျဉ်ပွေ့က..."

📞"ခင်ဗျားကသဘောပေါက်မလွယ်ပါလားကိုဘုန်းမြတ်ရယ်...တင်မရှိ..ရင်မရှိ..ခါးမရှိပဲ အဖျားကျရှူးနေတာကို ပြောတာဗျာ..."

📞"ဟာဗျာ...ကြံကြံဖန်ဖန်...ကဲ...ပြောမှာသာပြောပြစမ်းပါ...."

📞"အင်း‌ပြောပြီနော်...တစ်ချို့ကတော့ ပန်းစည်းလေး၊ချောကလက်လေးလက်ဆောင်ပေးရုံနဲ့ အဖြေတန်းရကြတာပဲ...တစ်ချို့ကတော့ စားသောက်ဆိုင်ကောင်းကောင်းမှာ မုန့်လိုက်၀ယ်ကျွေးရင်းတို့၊
လည်စရာနေရာလှလှလေးတွေမှာ ဖွင့်ပြောကြတာတို့ပေါ့ စုံနေတာပါပဲ...တစ်ချို့ကတော့လည်း ရို့မန့်ဆန်ချင်လွန်းလို့ ဇာတ်လမ်းထူးထူးဆန်းဆန်းလေးတွေ ဖန်တီးပြီး ဖွင့်ပြောတာတို့...ဘာတို့ရှိကြတယ်...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကိုယ့်လူ...
ကောင်မလေးစိတ်ကြည်တဲ့အချိန်မှ ဖွင့်ပြောနော်...
မဟုတ်ရင်...ကျွန်မကတော့ နိုးပါဖြစ်သွားမယ်..."

"အင်း...ဒီလောက်ဆိုရင် ကျွန်တော်နားလည်ပြီထင်တယ်...ကျေးဇူးပဲဗျာကိုမိုးဇော်..."

"ဟာ..ရပါတယ်ဗျာ...ကိုယ့်ဘော်ဒါကြီးစွံဖို့အရေးပဲ...ဖိုက်တင်းကိုဘုန်းမြတ်...ခင်ဗျားလို..လူမျိုးဆိုရင်တော့ ရွာရန်ရာခိုင်နှုန်းက ကိုးဆယ်‌ဒီဂရီလောက်တော့ သေချာမှာပါ..."

"ဟုတ်ကဲ့ပါ...အာ့ဆိုဒါပဲနော်..."

"တူ..တူ...တူ..."

ဟိုဘက်ကဖုန်းကျသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းမွှေ့ယာပေါ်မှ ထရပ်လိုက်ပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရန်လုပ်ရတော့သည်။
ထိုနေ့ကတော့ ဘုန်းမြတ်အတွက် ဘ၀တစ်သတ်တာမှာ ခေါင်းအစားရဆုံးနေ့ဆိုရင်မှားနိုင်မယ်မထင်ဘူး။

🦋🦋🦋🦋🦋🦋🦋🦋

"ဒေါက်..."

"ဟင်..ဒီဘောပင်ကတစ်မျိုး...."

လိုအပ်တဲ့ အချက်အလက်တွေကို သေချာအောင်ပြန်ဖတ်နေတဲ့အချိန်မှာ စားပွဲပေါ်မှကြည်ပြာ့ရဲ့ဘောပင်လေးကို လက်နဲ့တိုက်မိသွားသည်။

ဘောပင်လေးကအရှိန်နဲ့လှိမ့်သွားပြီး လျှောက်လမ်းအလယ်ခေါင်ကို ရောက်သွားသည်။
ကြည်ပြာဘောပင်လေးကို ကောက်မယ်ကြံကာမှ ပြောင်၀င်းနေသောရူးဖိနပ်စီးထားတဲ့လူတစ်ယောက်က လမ်းလျှောက်လာရင်း ဘောပင်လေးကိုတက်နင်းမိသွားသည်။
ထို့နောက် သူ့ရဲ့လက်ချောင်းဖွေးဖွေးလေးတွေနဲ့ ကောက်လိုက်ပြီး ကြည့်ပြာ့ဆီသို့ အေးဆေးတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့လျှောက်လာ‌သည်။

"ဒါ..ညီမဘောပင်လား..."

"ဟုတ်ပါတယ်ရှင်...ဘောပင်ကောက်ပေးလို့ ကျေးဇူးပါနော်..."

"အင်း..."

တစ်ခြားတစ်ယောက်သာဆိုရင်"ရပါတယ်...ကိစ္စမရှိပါဘူးလို့ ပြောမှာပေမဲ့ သူကတော့"အင်း"
တစ်လုံးထဲသာပြောသွားတယ်။
ရုပ်ရည်နဲ့ ၀တ်ပုံစားပုံကလည်း ဖက်ရှင်လည်းကျ၊လူကြီးလူကောင်းလည်းဆန်ပြီး အတော်ခန့်ညား‌ ချောမောတဲ့လူပင်။

"...CEOရောက်ပြီဖြစ်လို့ ယှဉ်ပြိုင်မဲ့ကုမ္ပဏီအသီးသီးက တာ၀န်ရှိသူတွေ၀င်လို့ရပါပြီ..."

အစည်းအဝေးအခန်းထဲသို့ ၀င်လိုက်တယ်ဆိုရင် ကြည်ပြာအလွန်အံ့ဩသွားရသည်။ခုဏက ကြည်ပြာ့ဘောပင်ကိုကောက်ပေးတဲ့ လူဟာ ကျွန်းခုံအရှည်ကြီးရဲ့ ထိပ်ဆုံးမှာမိန့်မိန်ကြီးထိုင်နေခြင်းကြောင့်ပင်။
 UDCကုမ္ပဏီရဲ့ CEOဘုန်းမြတ်သူရဆိုတာသူလား။
ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုကုမ္ပဏီကြီးကို အုပ်စီးနိုင်တာ တကယ်ချီးကျူးစရာပဲ။

ကြည်ပြာဒီကိုရောက်နေရခြင်းအကြောင်းကတော့ ကော့သောင်းဘက်က ဟိုတယ်တွေအတွက် အတွင်းပိုင်း အလှပြုပြင်ရေးကုမ္ပဏီအသီးသီးထဲကမှ သူတို့ကြိုက်နှစ်သက်တဲ့ ကုမ္ပဏီနဲ့လက်တွဲမယ်ဆိုလို့ လာရောက်ယှဉ်ပြိုင်မိတာပါ။UDCလို ကုမ္ပဏီမျိုးနဲ့ လက်တွဲမလုပ်ချင်တဲ့ သူဆိုတာ ခပ်ရှားရှားရယ်ပါ။
အကျိုးအမြတ်ကလည်း တကယ်ကြီးတာကို။နောက်ထပ်သူတို့ရဲ့ ပရောဂျက်တွေနဲ့လည်း ဆက်ပြီးလက်တွဲခွင့်ရမဲ့အခွင့်အရေးကို လက်လွှတ်ခံလို့ဘယ်ဖြစ်မှာလဲ။

"Shining ကုမ္ပဏီက မကြည်ပြာမိုး...ရှိပါသလား"

"ရှိပါတယ်...."

ကြည်ပြာ့အလှည့်ကျမှ ထူးဆန်းစွာဝိုင်းကြည့်လာကြသည်။
ဘာဖြစ်လို့လဲ။ကြည်ပြာကအရမ်းအသက်ငယ်နေလို့လား။စိတ်ကအလိုမကျပေးမဲ့ မိုက်ကိုကိုင်ကာ တင်ဆက်စရာရှိတာကို ဆက်လုပ်လိုက်သည်။

"ဟုတ်ကဲ့...ကျွန်မကShiningကုမ္ပဏီမှ မကြည်ပြာမိုးဖြစ်ပါတယ်...အရင်ဆုံးကျွန်မတို့ကုမ္ပဏီရဲ့လက်သုံးစကားကိုပြောပြချင်ပါတယ်...
 Self_respectပါ... ကျွန်မတို့က ကိုယ့်ရဲ့ဂုဏ်သိက္ခာကို အလေးထားသလို ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုလည်း အင်မတန်တန်ဖိုးထားပါတယ်..ကျွန်မတို့ကုမ္ပဏီနဲ့လက်တွဲမယ်ဆိုရင် လူကြီးမင်းတို့အကျိုးအများကြီးဖြစ်ထွန်းစေရမယ်လို့အာမခံပါတယ်...ကျွန်မတို့ကုမ္ပဏီနဲ့လက်တွဲဖူးတဲ့ လူတိုင်းက feedback ကောင်းတွေပြန်ပေးပြီး ကျေနပ်အားရမှုရှိကြလို့ပါပဲ..."

ထို့နောက်ကြည်ပြာဟာ ကုမ္ပဏီရဲ့ ၀န်ဆောင်မှုအပိုင်းနဲ့ပတ်သတ်ပြီး တစ်ခုချင်းဆီ အသေးစိတ်တင်ပြလိုက်ပါတယ်။
ကြည်ပြာတို့ကုမ္ပဏီက သက်တန်းမကြာသေး‌ပေမဲ့မှန်ကန်တိကျတဲ့ ၀န်ဆောင်မှုစနစ်ကြောင့် ဈေးကွက်ထဲမှာ လျှင်မြန်စွာ နာမည်ရနေတယ်ဆိုတာ ဒီနယ်ပယ်ကလူတွေ သိပြီးသားကိစ္စပါ။

"UDCမှ  မဲအများဆုံးနဲ့ ရွေးချယ်ခံရတဲ့ကုမ္ပဏီကတော့... Shining ကုမ္ပဏီပဲ ဖြစ်ပါတယ်...ဂုဏ်ယူပါတယ်..."

"ဖြောင်း...ဖြောင်း...ဖြောင်း..."

မဲစနစ်နဲ့ဆုံးဖြတ်ပြီးတဲ့နောက် ကြည်ပြာဟာ၀မ်းမြောက်စွာ မတ်တက်ထရပ်လိုက်ပြီး အားလုံးကိုအလေးပြု အရိုအသေပေးလိုက်ပါတယ်။
CEOဘုန်းမြတ်ဆိုသူထံကို အကြည့်တစ်ချက်ရောက်သွားတော့ သူ့ရဲ့နဂိုကပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးကို အနည်းငယ်ကွေးညွှတ်ပြီး အသိအမှတ်ပြုကြောင်းခေါင်းတစ်ချက်ငြိမ့်ပြလာသည်။
ဘာကြောင့်ရယ်မသိ ထိုတည်ကြည်လွန်းတဲ့အမူအရာကို ကြည်ပြာသဘောကျမိသွားတယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

🎵ကြင်နာသလို မကြင်နာသူ နေနိုင်ရက်တဲ့ချစ်သူလေး...🎵
🎵အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုကွယ် ကိုယ်မငြိုငြင်ခဲ့ဘူးတကယ်..."

သူဌေးမရှိတုန်း  စားသောက်ဆိုင်ဘက်အခြမ်းမှာ ဟော့ပေါ့လေးအေးဆေးထိုင်စားနေတုန်း ဖုန်းက၀င်လာသည်။

"ဟင်...သူဌေး..."

ပါးစပ်ထဲက ပလုတ်ပလောင်းစားထားတာတွေကို အမြန်မျိုချလိုက်ရသည်။

"ဟယ်လို...ကိုဘုန်းမြတ်..အဲ..သူဌေး.."

"လိပ်ပြာဖြူ...ကိုယ်ပြောတာသေချာနားထောင်နော်...အခုပဲမင်းကိုကြိုဖို့ ကိုယ်ကားလွှတ်လိုက်ပြီ.....ချက်ချင်းအဲ့ကားပေါ်တက်ပြီး လိုက်လာခဲ့ပါ..အရေးကြီးတယ်နော်..."

"တူ...တူ..."

လိပ်ပြာဘာမှပြန်တောင်မပြောလိုက်ရ‌ပဲ ဖုန်းကချပစ်လိုက်သည်။ဘယ်လိုလူကြီးလည်း မသိဘူး။ဘာဖြစ်တာ၊ညာဖြစ်တာလို့လည်း နည်းနည်းပါးပါးရှင်းပြဖို့ကောင်းတာပေါ့။တော်တော်များ အရေးကြီးနေလို့လား။

"မောင်လေးရေ...‌ဒါတွေရှင်းလိုက်ပါအုံး...."

စားပွဲထိုးကောင်လေးကို လှမ်းမှာခဲ့ပြီး ကိုယ့်ပစ္စည်းတွေကိုယ်ပြန်တက်ယူကာ စားသောက်ဆိုင်အရှေ့မှစောင့်နေလိုက်တယ်။
သိပ်မကြာလိုက်ပါဘူး အနက်ရောင်ကားတစ်စီးက မြင်ကွင်းထဲမှာတစ်လှုပ်လှုပ်နဲ့လာနေ‌လေသည်။

"ဝေါ...ကျွီ..."

"ညီမ..ညီမကလိပ်ပြာဖြူလား..."

"ဟုတ်ပါတယ်ရှင်..."

"ဒါဆိုကားပေါ်တက်ဗျာ..."

ကားပေါ်တက်ဆိုတော့လည်း တက်ရတာပေါ့။
လိုက်သာလာရတယ် ။
စိတ်ထဲမှာတော့ ခပ်ကြောက်ကြောက်ရယ်ပါ။

"ဒါနဲ့...အခုကျွန်မတို့ကဘယ်ကိုသွားနေတာလဲ.."

"ဆရာက...မပြောဖို့မှာလိုက်လို့..ဟို...ကျွန်တော်ပြောပြလို့မရလို့ပါ...စိတ်မရှိပါနဲ့..."

"တစ်မျိုးတော့မထင်ပါနဲ့နော်...ရှင်တို့ဆရာဆိုတာက CEOဘုန်းမြတ်သူရကိုပြောတာလား..."

"ဟုတ်တယ်လေအစ်မရဲ့...ဘာဖြစ်လို့လဲ..."

"ဘာ...ဘာမှမဖြစ်ပါဘူး...."

နာမည်လည်းမှန်တယ်၊သူပိုင်တဲ့ကားဆိုတာလည်းမှန်‌တယ်။ဒါဆိုဘာကလွှဲနေတာလဲ။လိပ်ပြာစိတ်ထဲမှာ ထင့်နေသလိုပဲ။တစ်ခုခုတော့ တစ်ခုခုပဲ။
🦋
🦋
🦋
🦋
ကားလေးက အလွန်ကိုကြီးမားလှပသည့် ခြံ၀န်းတစ်ခုအရှေ့မှာ ရပ်လိုက်လေသည်။
လိပ်ပြာအမြန်ဆင်းလိုက်ပြီး ကြည့်လိုက်တော့ ခြံ၀န်းရဲ့ ထိပ်ဆုံးမှာပန်းခွေလေးတွေနဲ့အလှဆင်ထားတဲ့ Angel's Wings[နတ်သမီးရဲ့အတောင်ပံများ)ဆိုတဲ့ ဆိုင်းဘုတ်လေးကိုဖတ်လိုက်မိသည်။
ဒါအွန်လိုင်းမှာ အရမ်းနာမည်ကြီးနေတဲ့ စားသောက်ဆိုင်လေးပဲ။

"အစ်မအထဲကို၀င်သွားလိုက်ပါ...ဆရာစောင့်နေပါတယ်..."

"ဝေါ..."

"ဟင်...နေ...နေအုံးလေ...ဟာ..ဘာတွေမှန်းလည်းမသိဘူး..."

ကားဆရာကလည်း ပြောပြီး ပြီးရောဆိုပြီး မောင်းထွက်သွားသည်။
၀င်ဆိုတော့လည်း ၀င်ရသေးတာပေါ့။

ခြံထဲကို၀င်လိုက်တယ်ဆိုရင်ပဲ ဘယ်ကမှန်းမသိတဲ့နေရာမှ တစ်ယောသမားတွေထွက်လာပြီး လိပ်ပြာသွားတဲ့လမ်းတစ်လျှောက်မှာ လာဖျော်ဖြေကြလေသည်။

"ဘာလဲဟ...ဒီဆိုင်ကဒီလောက်တောင်ပဲ..၀န်ဆောင်မှုကောင်းရလား..."

လမ်းတစ်လျှောက်လုံးကိုလည်း နှင်းဆီအဖြူရောင်တွေ ကြဲခင်းထားပြီး ခြံထဲမှာလည်း လူမပြောနဲ့ ခွေးတစ်ကောင်တစ်လေတောင် မမြင်ရတာအံ့ဩစရာကောင်းလှသည်။
လိပ်ပြာအရှင်လတ်လတ် နတ်ပြည်ရောက်နေတာများလား။

🎵အရှုံးတွေထဲ ငါ လဲပြိုရင်း🎵
🎵အတိတ်တွေထဲငါ ပျောက်ဆုံးချိန်🎵
🎵မြင်နိုင်တယ် ငါ့အနာဂတ်တို့မှေးမှိန်
    ငါဟာ ကျဆုံးချိန်🎵

🎵ငါ့ရဲ့နံဘေးကို မင်း၀င်လာပြီး🎵
🎵လဲပြိုကျသူ ငါ့ကိုထူပြီး...🎵
🎵အဆီအငေါ်မတည့်တဲ့ ငါ့ရဲ့စကားတွေ🎵
🎵နင်ဟာ ခွင့်လွှတ် သည်းခံရင်း....🎵

ဂစ်တာသံကြားရာကို လိပ်ပြာလှည့်ကြည့်လိုက်တော့ တရုတ်စကားပန်းပင်တွေ တန်းစီဆိုက်ထားတဲ့နေရာမှ ဂစ်တာလေးကိုတီးရင်းထွက်လာသူက အရမ်းကိုချောလွန်းတဲ့ အဖြူရောင်နတ်သားလေးဖြစ်နေသည်။

အနောက်တိုင်း ၀တ်စုံအဖြူရောင်လေးကို၀တ်ထားပြီး နက်ကတိုင်မပါပဲ တီရှပ်ကော်လံကို ကြယ်သီးနှစ်လုံးဖြုတ်ပြီး ၀တ်ထားတာကြောင့် အရမ်းကို သန့်ခန့်နေသည်။
သူ့မျက်လုံးတွေဟာ ချစ်ခြင်းအပြည့်၀န်းရံထားသလို ပြုံးနေသဏ္ဍန်လေးဖြစ်နေပြီး လိပ်ပြာရပ်‌ နေသည့်နေရာသို့ လေးဖြူ၏ ငါ့ရဲ့လမင်းဆိုတဲ့ သီချင်းလေးကိုဆိုလည်းဆို ဂစ်တာလည်းကိုယ်တိုင်တီးရင်း လျှောက်လာလေသည်။

🎵တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘ၀
🎵မင်းရဲ့လက်မှာ ငါ တစ်ခါပြန်လည်ကာ    
    အသက်၀င်တောက်ပ🎵

🎵နင်ဟာအရှုံးတွေထဲမှာ မျောနေခဲ့သူ
    ငါ့ကိုဆယ်ရင်း🎵
🎵ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ
     တံဆိပ်လိုကပ်ရင်း🎵
🎵နင်ဟာ ငါ့အတွက်တော့🎵
🎵နင်ဟာ ငါ့အတွက်တော့🌞
     
       🎶ငွေလမင်း....🎶

ငွေလမင်းဆိုတဲ့စာသားအဆုံးမှာ လိပ်ပြာရဲ့မျက်၀န်းတွေကို သူတည့်တည့်ကြည့်ပြီး နူးညံ့စွာ‌ဆိုလိုက်သည်။
ပြီးနောက် ဂစ်တာတီးတာကို ရပ်လိုက်ပြီး လိပ်ပြာရဲ့ကျော်ဘက်အခြမ်းမှာ သူလာရပ်တာကို လိပ်ပြာခံစားမိလိုက်သည်။
ဒါပေမဲ့ လိပ်ပြာလှုပ်လို့မရဘူး အငြှို့ခံထားရတဲ့လူတစ်ယောက်လို အရာအားလုံးကိုမယုံနိုင်စွာ ငူငူကြီးရပ်လို့နေမိသည်။

"ဟင်...."

လိပ်ပြာရဲ့လည်တိုင်လေးအပေါ်မှာ အဖြူရောင်ပလက်တီနမ်ဆွဲကြိုးလေးလာထိတွေ့လိုက်မှ သတိ၀င်လာသည်။
ထိုဆွဲကြိုးလေးကို သူကိုယ်တိုင်၀တ်ပေးနေခြင်းပင်။

"လိပ်ပြာကို ကိုယ်အရမ်းချစ်တယ်...ဟိုတစ်ခါကျွန်းပေါ်မှာ ကိုယ်ပြောခဲ့တဲ့ စကားတွေအားလုံးဟာ ကိုယ့်ရင်ထဲကလာခဲ့တဲ့စကားတွေပဲ..."

လိပ်ပြာရဲ့မျက်နှာချင်းဆိုင်မှာ မဟုတ်ပဲ လိပ်ပြာရဲ့အနောက်နားမှရပ်နေပြီး နားဘေးနားကို ကပ်ကာလေနုအေးနဲ့လာပြောနေခြင်းဖြစ်သည်။

"ကိုယ်လေ...ဘယ်မိန်းကလေးရဲ့အလှအပကိုမှ မမြတ်နိုးခဲ့ဖူးဘူး...ဒါပေမဲ့လိပ်ပြာရဲ့ရယ်လိုက်တိုင်း ချိုင့်၀င်သွားတဲ့ ပါးချိုင့်လေးတွေ၊အမူအရာလေးတွေ ပြောရရင်လိပ်ပြာရဲ့အရာအားလုံးကို ကိုယ်မြတ်နိုးတယ်...လိပ်ပြာရော ကိုယ့်အပေါ်ပြန်ချစ်နိုင်မလားဟင်..."

သူမနဲ့မျက်နှာချင်းဆိုင်မှာဆိုရင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေမှာဆိုးလို့  သူမရဲ့ကျောပြင်မှာရပ်ပြီး ဆွဲကြိုးဖြူဖြူလေး၀တ်ပေးထားတဲ့ လည်တိုင်လှလှလေးကို ကြည့်၍သာ အားတင်းကာပြောမိသည်။‌

"အဟင့်..အဟင့်...အီဟီး..."

"ဟင်...လိပ်ပြာငိုနေတယ်...ဘာဖြစ်လို့လဲကွာ..
ကိုယ့်ကိုပြန်မကြိုက်နိုင်လို့လား...ကိုယ်ကရပါတယ်...လိပ်ပြာပြန်မကြိုက်နိုင်လည်း...."

"ရှင့်ကိုပြန်မကြိုက်နိုင်မှတော့ငိုမလားလို့...
ပါးရိုက်ပြီး ငြင်းပစ်လိုက်မှာပေါ့..."

"ဟင်...ဒါဆိုကိုယ့်ကိုပြန်ချစ်နိုင်တယ်ပေါ့နော်..."

လိပ်ပြာသူ့ကိုမော့ကြည့်မိတော့ အရမ်းကိုပျော်ရွှင်နေတဲ့ပုံစံနဲ့ လိပ်ပြာကို သွားတက်ကလေးတွေပေါ်အောင် ပြုံးပြလာသည်။

"ဒါတွေအားလုံးကို ကိုဘုန်းမြတ်ပြင်ဆင်ထားတာလား..."

"ဟုတ်တယ်...ဒီဆိုင်တစ်ခုလုံးကို ဒီနေ့အတွက်ကိုယ်ငှားလိုက်တာ...အားလုံးကိုလည်း ကိုယ်ပဲပြင်ဆင်ထားတာ...လိပ်ပြာကြိုက်.."

ဘုန်းမြတ်ရဲ့စကားမဆုံးခင်မှာပဲ သူမလေးကခြေဖျားလေးထှောက်ပြီး သူ့လည်ပင်းကိုသိုင်းဖက်လိုက်သည်။

"အစကတော့ ငြင်းမလို့ပဲ...ဒါပေမဲ့ ဒီလိုတွေပြင်ဆင်ပြီးတော့ ချစ်စကားလာပြောတည်းက လိပ်ပြာအပေါ်ရှင်ဘယ်လောက် တန်ဖိုးထားလည်း
သိလိုက်ပါပြီ....ကျွန်မလည်းရှင့်ကိုချစ်ပါတယ်..."

လိပ်ပြာရဲ့စိတ်ထဲမှာတော့ "ရှင့်ထက်တောင် ပိုချစ်တာပါလို့.."ပြောလိုက်ချင်ပါတယ်။
လိပ်ပြာရဲ့စကားအဆုံးမှာ နူးညံ့နွေးထွေးလွန်းတဲ့ လက်တစ်စုံဟာ လိပ်ပြာရဲ့ခါးပေါ်ကိုရောက်လာပြီး တင်းကျပ်စွာဖက်တွယ်ထားခြင်းခံလိုက်ရတာကြောင့် လိပ်ပြာရဲ့ခြေထောက်တွေဟာ မြေကြီးနဲ့အနည်းငယ်လွတ်သွားလေသည်။
ပြီးနောက် လိပ်ပြာရဲ့လည်တိုင်လေးမှာ လာထိကပ်တဲ့သူ့ရဲ့အနမ်းနွေးနွေးကို လိပ်ပြာခံစားလိုက်မိသည်။
နှစ်ပေါင်းများစွာ တိတ်တခိုးချစ်ခဲ့ရသူရဲ့ရင်ခွင်ထဲမှာ မှီခိုခွင့်ရတာဟာ "အို...လှပလိုက်တဲ့ နေ့လေးပါလေ။"

🦋🦋🦋🦋🦋🦋

လိပ်ပြာတို့တော့ အချစ်ဦးကြီးကို ပိုင်ဆိုင်ခွင့်ရသွားပါပြီ။
ကိုယ်တွေသာ😭😁


========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၂၄


"ကဲ....အပျိုကြီးတို့အဖွဲ့အတွက် လက်ဖက်သုပ်ရပါပြီရှင်..."

"ဟေး...ဒါမှသူဇာကွ...ချစ်လိုက်တာ..မွ...မွ..."

"အမယ်လေး...အေးအေးရယ်...နင့်မွမွတော့မလိုချင်ပါဘူး...ကိုယ်ဖာသာပဲ..ဇာတ်လမ်းတွဲကြည့်ပါ...."

ညရှစ်နာရီဆိုတာ လိပ်ပြာတို့တိုက်ခန်းလေးထဲမှာ လူစုံတက်စုံနဲ့ ပွဲစည်တဲ့အချိန်ဆိုမမှားပါဘူး။
အိမ်တွေမှာ တီဗွီကိုဧည့်ခန်းမှာထားတတ်ကြပေမဲ့ လိပ်ပြာတို့အဖွဲ့ကတော့ လိပ်ပြာရယ်၊သူဇာရယ်အိပ်တဲ့အခန်းထဲမှာပဲထားပြီးကြည့်ကြပါတယ်။
အကြောင်းကတော့ မွှေ့ယာလေးအပေါ်လှဲရင်း ဇိမ်ခံပြီး တီဗွီကြည့်ချင်ကြတာကြောင့်ပါ။

"ဟဲ့..သူဇာ..နင့်လက်ဖက်သုပ်ကကောင်းလှချည်လား..."

"ကောင်းဆို...ငါသုပ်တာကို...ဒါတောင်အစွမ်းကုန်ထုတ်မသုံးထားသေးဘူး...နင်တို့ရဲ့လျှာတွေဘုရားဖူးလည်ထွက်သွားရင်...အရသာခံမရမှာဆိုးလို့နော်.."

"ဟာ...ဟ..လက်ဖက်သုပ်စားရင်းများ ဘုရားဖူးလည်ခွင့်ရရင်...လည်စမ်းပါစေဟယ်
ကျိုက်ထီးရိုးတောင်ပေါ်ကိုခြေအညောင်းခံပြီးတက်စရာမလိုတော့ဘူးပေါ့..."

"ဟား..ဟား...အေးဟေ့..ဈာန်နဲ့ကြွနိုင်အောင်ပါလုပ်ပေးမယ်..."

သူငယ်ချင်းတွေစုပြီးတီဗွီကြည့်ရတဲ့အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူးလေ။
ကုတင်ပေါ်မှာအကုန်စုထိုင်နေကြပြီး မှောက်
လျှက်ကြည့်သူကကြည့် ပက်လက် အနေအထားနဲ့ကြည့်သူကကြည့် လက်ဖက်သုပ်အစားမပျက်၊စကားပြောမပြတ်နှင့် ရှိသူက‌လည်းရှိပါသေးတယ်။

ဒီလိုလွှတ်လပ်တဲ့ခံစားမှုမျိုးက လိပ်ပြာတို့ အိမ်ထောင်ကျသွားရင် ဒီလိုသူငယ်ချင်းတရုန်းရုန်းနဲ့ဘယ်နေနိုင်ပါ့မလဲလေ။
အိမ်ထောင်တစ်ခုစတည်ထောင်လိုက်တာနဲ့ မယားမှု၊သားမှု၊လင်ယောက်ျားမှု အိုစုံနေအောင်လိုက်လံပူပန်နေရတာနဲ့ပဲ ဘ၀ကြီးကိုအဆုံးသတ်ရမှာမလွှဲဘူး။

ဒါကြောင့် ရခဲလှတဲ့လူ့ဘ၀လေးမှာ လွတ်လပ်တဲ့အပျိုစင်ဘ၀၊လူငယ်ဘ၀ကို လိပ်ပြာတို့အဖွဲ့ကတော့ တစ်၀ကြီးခံစားပစ်လိုက်ကြတာပဲ။
အရမ်းကိုထူးချွန်ထက်မြတ်တဲ့ပုဂ္ဂိုလ်‌တွေမဖြစ်ခဲ့‌ပေမဲ့လို့ ကျောင်းသားဖြစ်စဉ်မှာ ကျောင်းသားတစ်ယောက်ရဲ့တာ၀န်ကို ကျေပွန်ခဲ့သလို လုပ်ငန်းခွင်၀င်တဲ့အရွယ်ကျပြန်တော့လည်း ကိုယ့်တာ၀န်၊ကိုယ့်လုပ်ပိုင်ခွင့်အတွက် အပြည့်အ၀ကြိုးစားကြရတာပါပဲ။

တစ်ဖက်မှာလည်း လူငယ်တို့သဘာ၀ပျော်စရာလေးတွေကိုလည်း ကြံဖန်ရှာကြရတာ‌ပေါ့။
အမြဲတမ်းဒီအလုပ်တာ၀န်ကြီးအပေါ်မှာပဲ စိတ်အလုံးစုံနှစ်ထားပြန်တော့ စိတ်ကိုလွှတ်လပ်ခွင့်ပေးဖို့တစ်ခါတစ်ရံမှာမေ့နေတတ်ပြန်ရော။
ဒီလိုနဲ့ ကြာလာရင်မွန်းကျပ်မှုတွေဖြစ်လာနိုင်တာကြောင့် ကိုယ့်စိတ်ကိုဖြေလျော့တဲ့နည်းလမ်းဟာ ပျော်ပျော်နေမယ်၊စိတ်ကိုလွတ်လပ်စွာတွေးခွင့်၊ငေးခွင့်လည်းပေးတယ်။

အခုဆိုလိပ်ပြာဘ၀မှာ အရာအားလုံးမပြည့်စုံသေးပေမဲ့ ချစ်သူလေးရှိနေတယ်ဆိုတဲ့ ခံစားချက်ကတော့ တွေးလေကြည်နူးလေပါပဲ။
ညနေက သူ့ရဲ့ရို့မန့်ဆန်လွန်းတဲ့ ချစ်ခွင့်ပန်မှုလေးက လိပ်ပြာအဖို့စိတ်ကူးထဲကထက်တောင် ကဗျာဆန်နေပါသေးတယ်။
ဒါမျိုးကို တီဗွီထဲကမင်းသား၊မင်းသမီးတွေပဲလုပ်ကြတယ်မှတ်ခဲ့တာ အခုကိုယ်တိုင်အပြင်မှာကြုံခဲ့ရတော့ ယုံတောင်မယုံနိုင်ဘူး။

"ဟဲ့....မင်းသားကလည်းဟယ်...ဒီလိုရုပ်မျိုးကိုဘာကြည့်ကြိုက်သလဲမသိဘူးနော်လိပ်ပြာ"

သူဇာ့မှာတော့ ဇာတ်ကားကြည့်ရင်းနဲ့ လိပ်ပြာဘက်ကိုလှည့်လှည့်ပြီး စကားတွေ‌ရေမထိအောင်ပြောနေပေမဲ့ လိပ်ပြာမကတော့ တီဗွီကိုကြည့်နေတာလား၊ဘယ်ဟာကိုကြည့်နေတာမှန်းမသိပဲ ပြုံးစိစိဖြစ်နေသည်။

"ဟဲ့...လိပ်ပြာမ..ဟဲ့..."

"ဟင်...ဘာ...ဘာဖြစ်လို့လည်း.."

"ဘာဖြစ်ရမှာလည်း ငါဒီလောက်စကားပြောနေတာကို တစ်ခွန်းတစ်လေတော့ပြန်ပြောပါအုံးလား..ဘာမှန်းမသိဘူး...ပြုံးစိစိလုပ်ပြီးတစ်ယောက်ထဲရယ်နေတာ ပြောစမ်း နင်ထီပေါက်လာတာမှတ်လား..."

"ဟာ...ဘယ်ကလာ..ထီပေါက်ရမှာလည်း..."

"အာ့ဆိုဘာလို့ ဒီလောက်ပြုံးဖြီးနေတာလဲ...မိန်းမမှန်မှန်ပြောစမ်း နင်ရည်းစားရနေပြီမလား...ဟမ်..."

"အင်း..."

"ဘာ!!!!!!...."

သူဇာ့ရဲ့"ဘာ"ကတော်တော်ကျယ်သွားတာကြောင့် ဘာဖြစ်တာလည်းဆိုကာ သဲနုကတီဗွီအသံကိုတိုးပစ်ပြီး အကုန်းလုံးလိပ်ပြာကို ဖိကြိတ်ပြီး သတ်ပစ်ကြတော့မည့်နှယ် အတင်းတိုးကပ်လာကြလေရော။

"ဟဲ့လိပ်ပြာမ...နင်ကလျှိုထားတယ်ပေါ့လေ..
ဟုတ်လား..."

သူဇာကလက်ကိုအတင်းလာလှုပ်ပြီး ခုနှစ်သံဆင့်ပြီး အော်မေးသည်။

"ပြောစမ်း...ပြောစမ်း..ဘယ်တုန်းတည်းကလည်း...
ဘယ်သူနဲ့လည်း...ငါတို့နဲ့အသိထဲကလား..ချောလား...ပိုက်ဆံရှိလား...ဆင်းရဲလား...ဘယ်လိုပုံစံလဲ..."

"ဟာ...အေးအေးရယ်...နင့်ဟာကများလိုက်တဲ့မေးခွန်းတွေ..ငါကဘယ်ဟာကိုအရင်စဖြေရမှာလည်း..."

"လိပ်ပြာမ..နင်အိုက်တင်ခံမနေနဲ့..ဖြေချင်တဲ့နေရာကနေစဖြေ..ငါတို့မအိပ်ပဲနဲ့ကိုထိုင်စောင့်နေမယ်..."

ဆရာမကြီးတွေက အတည်ပေါက်ကြီးတွေနဲ့တကယ်လုပ်မဲ့ရုပ်တွေပါလား။လိပ်ပြာအကုန်လုံးကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘယ်ကနေဘယ်လိုစပြောရမလဲစဉ်းစားနေရတယ်။
ရှစ်တန်းတုန်းကအကြောင်းကိုအရင်စပြောရကောင်းမလား၊ကော့သောင်းကကိစ္စကနေအရင်ပြောရမလား၊ဒါမှမဟုတ် သူ့ဆီမှာအလုပ်၀င်တဲ့အချိန်ကနေစပြောရင်ကောင်းမလား။

"ငါအရင်ပြောမယ်..ငါလည်းဒီနေ့ရင်ခုန်တက်ခဲ့ပြီ.."

"ဟင်ကြည်ပြာ...."

ကြည်ပြာ့အသံကြောင့် လိပ်ပြာကိုအာရုံဆိုက်နေကြရာကနေ လိပ်ပြာအပါအ၀င်ကြည်ပြာ့ဆီသို့အကုန်အကြည့်ရောက်သွားကြသည်။

"ဟယ်..ကြည်ပြာမ..နင်ကတကယ်ကြီးလား..."

"တကယ်ပေါ့...ငါဒီနေ့သူနဲ့ဆုံခဲ့တယ်...."

"ဘယ်သူနဲ့လည်း ပြောစမ်း..ပြောစမ်း.."

သဲနုရဲ့အမေးကြောင့် ကြည်ပြာ့မျက်နှာလေးက ရှက်သွေးဖြာသွားပြီး ပါးမို့လေးတွေတောင်နီလာသည်။ကြည်ပြာဟာဆံပင်ကုတ်ထှောက်လေးနဲ့ မျက်လုံးတွေဟာ ဝိုင်းတာမျိုးမဟုတ်ပေမဲ့ စူးရှပြီးဆွဲဆောင်မှုရှိတဲ့မျက်လုံးမျိုးကိုပိုင်ဆိုင်ထားတဲ့သူပါ။နှာတံ အရမ်းမဖြောင့်ပဲ ခပ်လုံးလုံးလေးဖြစ်ပြီး မေးစေ့မှာမှဲ့လေးတစ်လုံးနဲ့ ကျက်သရေရှိတဲ့အလှမျိုးဆိုရင်မှားနိုင်ဖွယ်မရှိပါဘူး။

"ဒီလိုဟာ...ငါဒီမနက်UDCကုမ္ပဏီကိုသွားခဲ့တာလည်း နင်တို့သိတယ်မဟုတ်လား..."

"အင်းသိတယ်လေ..ဘာလည်းအဲ့မှာတွေ့ခဲ့တာလား.."

"အင်း..ငါအချက်အလတ်တွေလိုက်ဖတ်နေတုန်း..
ဘောပင်လေးကပြုတ်ကျသွားရော..ပြီးတော့ငါ့ဘော့ပင်ကိုသူကခြေထောက်နဲ့တက်နင်းမိတယ်ဆိုပါတော့..."

"ဒါဆိုဘော့ပင်လေးကစတဲ့ဖူးစာပေါ့လေ...ဒါနဲ့သူကအဲ့ကုမ္ပဏီမှာ ဘာရာထူးလည်း....."

"သဲနုရယ်...သူ့ဖာသာပြောပါစေဟာ...နင်ကဖြတ်ဖြတ်မေးနေတာနဲ့ လိုရင်းကိုမရောက်နိုင်တော့ဘူး"

သဲနုကိုစိတ်မရှည်တဲ့အဆုံးပြောလိုက်တဲ့လူက လိပ်ပြာရယ်ပါ။

"သူ့နာမည်က ဘုန်းမြတ်သူရတဲ့ သူကအဲ့ကုမ္ပဏီရဲ့CEO..."

ဘုန်းမြတ်သူရဆိုတဲ့ အမည်နာမကြောင့်လိပ်ပြာရဲ့စိတ်ထဲမှာ တုန်လှုပ်မှုတစ်ခုဖြစ်သွားသလို ခံစားလိုက်ရသည်။
ကိုကိုက ကြည်ပြာနဲ့ဘယ်လိုပတ်သတ်နေတာလဲ။

"နင့်ဟာကလည်း ကြည့်လုပ်ပါအုံးကြည်ပြာရယ်...ဒီလောက်နာမည်ကျာ်ကြားနေတဲ့ ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားတဲ့လူက ထိပ်ပြောင်အဖိုးကြီးဖြစ်နေပါအုံးမယ်...."

"ဟာ..ဘယ်ကလာထိပ်ပြောင်ရလည်း...ဆံပင်တွေမှနက်မှောင်နေတာပဲသိရဲ့လား...မျက်နှာလေးကလည်း တည်ခန့်နေပေမဲ့ မိန်းမချော၊ချောတာမျိုးဟဲ့...အ၀တ်အစား၀တ်တာကလည်း.. လုံး၀
စတိုင်ကျပြီး သန့်ခန့်နေရော...အရပ်ကြီးကလည်းရှည်လိုက်တာဆိုတာ ကိုရီးယားမင်းသားကျနေတာပဲ....သူပြုံးရုံလေးပြုံးပြလိုက်တာတောင် ငါ့ရင်ထဲကိုစွဲသွားတာပဲ...သေချာတယ်ငါသူ့ကိုကြိုက်မိနေပြီဟာ...နေအုံးငါနင်တို့ကိုဓာတ်ပုံပြမယ်...."

ကြည်ပြာကသူ့ဖုန်းကိုထုတ်ပြီး google မှာနာမည်ရိုက်ရှာနေလေသည်။ပြီးနောက် ဓာတ်ပုံတစ်ပုံကိုရှာလည်းတွေ့သွားရော လိပ်ပြာတို့ဘက်သို့ ဖုန်းကိုထောင်ပြလာသည်။

"ဟယ်...နင်ပြောတဲ့ဘုန်းမြတ်သူရဆိုတာသူလေးလား..."

သဲနုကတအံ့တဩပြောရင်း ကြည်ပြာ့ဖုန်းကိုလှမ်းလုပေမဲ့ ကြည်ပြာကဖုန်းကိုကျောနောက်မှာ ဖွက်ထားလိုက်ပြီး ပြုံးစိစိလုပ်ပြသည်။

"သဲနု...သူ့ကိုငါအရင်ဦးတာနော်...နင်တို့...နင်တို့
တစ်ယောက်မှကြံစည်လို့မရတော့ဘူး...သူကငါ့အပိုင်ပဲ..."

"အမယ်လေးကြည်ပြာရယ်...ဓာတ်ပုံလေးချောလို့ကြည့်မလိုပါဟယ်...အဖြစ်ကိုသည်းနေတာပဲ...
နင်တို့ကြိုက်များကြိုက်သွားရင်...ငါတို့နေစရာတောင်ရှိပါတော့မလားမသိဘူး...."

အေးအေးရဲ့စကားပြောသံအဆုံးမှာတော့ လိပ်ပြာသန့်စင်ခန်းထဲသို့သာ ၀င်လာမိလိုက်တော့တယ်။
လိပ်ပြာငုတ်တုတ်ထိုင်ချလိုက်ပြီး စိတ်ထဲမှာလည်း
ဂယောက်ဂယက်ဖြစ်နေမိတယ်။
လိပ်ပြာထက်ကြည်ပြာက အရင်ဖွင့်ပြောလိုက်တော့ ကိစ္စတွေကပိုရှုတ်ထွေးသွားသလိုပဲ။
တော်ကြာ အဲ့ဘုန်းမြတ်သူရဆိုတာက လိပ်ပြာရဲ့ရည်းစားပါလို့ဆိုရင် သူငယ်ချင်း‌တွေကရောယုံပါ့မလား။လိပ်ပြာလို သာမာန်လူတစ်ယောက်က သူလိုလူမျိုးနဲ့ ချစ်သူတွေဆိုတာ ဟာသလောက်တောင်ရယ်စရာကောင်းမနေမှာသေချာတယ်။
ကြည်ပြာနဲ့လည်း အခင်အမင်ပျက်လောက်အောင် ဖြစ်သွားမှာပဲ။မဖြစ်ဘူး လိပ်ပြာတို့ရဲ့အချစ်ရေးကို တစ်ခြားသူတွေသိလို့မဖြစ်ဘူး။

🦋🦋🦋🦋🦋🦋🦋🦋

"လိပ်ပြာ...ကိုယ်အစည်းအဝေးလုပ်လိုက်အုံးမယ်...ပျင်းရင် လှည့်ပတ်ကြည့်ပေါ့..နော်...စားချင်တာရှိရင်လည်း ...‌မှာစား..."

"အင်းပါ...ဘယ်နှစ်ခါတောင်မှာနေအုံးမှာလည်း..."

အစည်းအဝေးအခန်းထဲ၀င်ဖို့အ‌ရေးမှာတမ်း‌ခြွေလို့ကိုမပြီးနိုင်တော့ဘူး။ရှယ်ယာရှင်တွေနဲ့သီးသန့်အစည်းအဝေးလုပ်မှာမို့ လိပ်ပြာတို့ UDCကုမ္ပဏီကိုရောက်နေတာပေါ့။

"အင်းပါ...ဒါဆိုကိုယ်သွားတော့မယ်နော်..."

"သွားပါဆို...ဟိုမှာရှယ်ယာရှင်တွေ စုံနေလောက်ပြီ..."

"အင်း..သွားပြီ..."

လိပ်ပြာရဲ့ ခေါင်းလေးကိုဖွဖွပုတ်ပြီး ထွက်သွားတဲ့ သူ့ကျောပြင်ကိုကြည့်နေရတာကပင် လိပ်ပြာအတွက် ကြည်နူးစရာကိစ္စလေးတစ်ရပ်ပါပဲ။

သူမရှိတုန်းသူ့ရုံးခန်းကြီးကို လှည့်ပတ်ကြည့်နေမိသည်။သူ့ရုံးခန်းကလည်း လိပ်ပြာတို့သူငယ်ချင်း‌တွေစုနေတဲ့ တိုက်ခန်းထက်တောင် ကျယ်နေပါသေးတယ်။
ပြီးတော့သပ်ရပ်သန့်ရှင်းနေတာပဲ။ဖိုင်တွေထားဖို့ စင်ကနှစ်ခုလောက်ရှိသလို့ အဖြူရောင်ဆေးသုပ်ထားတဲ့ စင်လေးထဲမှာ  သူရခဲ့တဲ့ဆုတွေကလည်းအများကြီးပဲ။
တော်တော်အကြွားသန်တဲ့ ကိုကိုရယ်ပါလို့လိပ်ပြာတွေးလိုက်မိတယ်။
ရုံးခန်းထဲမှာပဲ သန့်စင်ခန်း၊ရေချိုးခန်းသီးသန့်ရှိပြီး မှန်ဘောင်ကြီးပဲ သီးသန့်ကာထားတဲ့ ဘေးနားလေးမှာ တစ်ယောက်အိပ်ဆိုဖာအရှည်ကြီးရှိနေလေသည်။
လိပ်ပြာထိုအပေါ်ထိုင်ချလိုက်တော့ အိပြီးနေလို့အရမ်းကောင်းတာပဲ။

"တော်တော်‌ဈေးကြီးမယ့်ပုံပဲ...ဆိုဖာနဲ့တောင်မတူပဲ မွှေ့ယာလေးလိုအိနေတာပဲ...အင်း...ဒီအတိုင်းနေရင် ပျင်းစရာကြီး အပြင်ထွက်ပြီး လျှောက်ကြည့်ရမယ်...."

လိပ်ပြာ အပြင်ထွက်ပြီး ဓာတ်လှေကားနဲ့ အလွှာတစ်ဆယ်ကိုဆင်းလာလိုက်မိသည်။
အလွှာတစ်ဆယ်ကိုရောက်ရောက်ခြင်းပဲ ဩချရလောက်အောင်အံ့ဩနေမိတယ်။လူတွေဆိုတာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ သူ့အလုပ်နဲ့သူအပြေးအလွှားလုပ်နေကြရတာ မမောမပန်းတဲ့အတိုင်းပဲ။

"ဟိတ်...ဟိုကောင်မလေး အဲ့မှာဘာရပ်လုပ်နေတာလည်း...ရော့ဒီစာရွက်တွေကို ဟိုမိတ်တူစက်မှာသွားကူးပေးစမ်း...."

"ဟင်..ကျွန်မကိုလား..."

"ဒီနေရာမှာ နင်ပဲရှိတာနင့်မပြောလို့ ငါကဘယ်သူ့ပြောရမှာလည်း..သွားသွား...မြန်မြန်သွား..
အလကားအချောင်ခိုဖို့ပဲတတ်တယ်..."

လိပ်ပြာကိုအသားလွတ်လာဆူနေတဲ့ အစ်မကြီးကြောင့် စာရွက်တွေတစ်သီတစ်တန်းကြီးကို ပိုက်ပြီး မိတ်တူစက်ဆီသွားရသည်။
သူ့ဟာက အထပ်လိုက်ကြီးဆိုတော့ မိတ်တူစက်ဘေးမှာ မက်တပ်ကြီးရပ်နေရတာ နာရီ၀က်တောင်ကျော်တယ်။
အကုန်လုံးမိတ်တူဆွဲပြီးတာနဲ့ ဖိုင်လ်လိုက်လေးတွေ စီပြီး စတာပလာနဲ့ညှပ်ပေးလိုက်သည်။
ပြီးနောက်ခုဏက အစ်မကြီးထံသွားပြီး ပြရသေးတယ်။

"နင်အလုပ်လုပ်တာမဆိုးဘူး.. စည်းစနစ်ကျသားပဲ...ငါတောင်ဖိုင်လ်တွဲဖို့မပြောလိုက်မိဘူး...လုပ်လာတာ...မဆိုးဘူး...အော်ဒါနဲ့...ရော့ပိုက်ဆံ ကုမ္ပဏီရဲ့ ဟိုဘက်တစ်လမ်းကျော်မှာ ဒီနေ့လည်ပရောဂျက်အတွက် စာရင်းတွေ‌ပြီးရင် ဂုဏ်ပြုရအောင် ငါပါဆယ်ထုတ်တွေမှာထားတာ နင်ပဲသွားယူလိုက်...အထုတ်၁၀ထုပ်ပဲရှိပါတယ်...ဆိုင်နာမည်က Magic စားသောက်ဆိုင်တဲ့..."

လိပ်ပြာကိုပိုက်ဆံတွေပေးပြီး ထွက်သွားတဲ့ထိုအစ်မကြီးကို မကျေနပ်ဖြစ်မိပေမဲ့ လိပ်ပြာလည်းအလုပ်သမားပဲဆိုတော့ လုပ်ပေးရမှာတာ၀န်ပါပဲလေ။

လိပ်ပြာဓာတ်လှေကားနဲ့ အမြန်ဆင်းပြီး ကားလမ်းကူးကာ ထိုMagicစားသောက်ဆိုင်ကို ထွက်လာခဲ့လိုက်သည်။
ဆိုင်ကလည်း မှတ်တိုင်နှစ်ခုစာလောက်ဝေးတာကြောင့် လမ်းလျှောက်လာမိတာတောင် မှားတယ်။ဆိုင်ကိုလည်းရောက်ရော အမောမဆို့တာကံကောင်းတယ်ပြောရမယ်။

"ဟို...အစ်ကို UDCကုမ္ပဏီက မှာထားတဲ့ပါဆယ်ထုပ်၁၀ထုပ်ရပြီလားရှင်..."

"အော်...ရပါပြီဗျာ...ဒါနဲ့...ညီမတစ်ယောက်ထဲနိုင်လို့လား..."

"အထုပ်တွေကအရမ်းကြီးလို့လား..."

"မကြီးပါဘူး...ဒီလိုလုပ်လိုက်ပါလား...တစ်ထုပ်ကိုနှစ်ခုပေါင်းထည့်ပေးလိုက်မယ်လေ..."

"ဟုတ်ကဲ့အဆင်ပြေသလိုသာ လုပ်ပေးပါရှင်..."

အထုပ်တွေကိုစောင့်ရင်းနဲ့ အအေးတစ်ခွက်လောက်တော့ ၀ယ်သောက်ပစ်လိုက်သည်။
၀န်ထမ်းကောင်လေးက အထုပ်တွေလည်းလာပို့ရော လိပ်ပြာအမြန်ယူပြီး ထွက်လာကာ တိုက်တစ်ခုအောက်မှဖြတ်အလျှောက်....

"ဗွမ်း...."         "အား..."

"ဟာမမဆောရီး...ဆောရီးပါနော်...သမီးမမြင်လိုက်လို့ပါ..."

"ရပါတယ်...သိပ်မစိုပါဘူး..."

တိုက်အပေါ်ထပ်မှာ ကလေးမလေးတစ်ယောက်က စည်းမရှိစွာရေတွေသွန်ချပစ်လိုက်ရာ လိပ်ပြာကိုယ်တစ်ခြမ်းနဲနဲစိုသွားသည်။
တော်သေးတာပေါ့ ညစ်ညမ်း‌တဲ့ရေတွေမဟုတ်လို့။
အပြန်ကြတော့ အထုပ်တွေနဲ့ဖြစ်နေလို့ တက္ကစီခအကုန်ခံပြီး ပြန်လာခဲ့လိုက်တယ်။

"အမအထုပ်‌တွေရပါပြီ..."

"ပြစမ်း...ဟင်..ပါဆယ်ထုပ်တွေက ရေစိုနေပါလား...ဘယ်လိုဖြစ်တာလဲ..."

"ဟို...တိုက်အပေါ်ထပ်ကကောင်မလေးတစ်ယောက်က မတော်တဆရေတွေလိပ်ပြာအ‌ပေါ်ကိုလောင်းချမိသွားလို့ပါ...ဟိုအထဲကဗူးတွေကတော့မစိုပါဘူးရှင်...."

"အို...စိုစို မစိုစိုပေါ့...လမ်းလျှောက်တာကြည့်မလျှောက်တဲ့သည်းအပြစ်ပဲ...ဘယ်ကရည်းစားအကြောင်းတွေးနေလို့ ကြံကြံဖန်ဖန်ရေစိုခဲ့လည်းမှ
မသိတာ..."

"ဒီမှာအစ်မ...ကျွန်မရဲ့ ငယ်ထိတ်မှာ မျက်စိအပိုပါနေတာမဟုတ်ဘူးသိရဲ့လား...သူ့ဖာသာဖြစ်သွားတာကျွန်မဘယ်တတ်နိုင်မှာလည်း..."

"အစ်ပိုတွေ ဆင်ခြေလာပေးမနေနဲ့  နင့်နာမည်ဘယ်သူလည်း လစာဖြတ်ပစ်မယ်...ငါတို့ဌာနကတော့မဟုတ်ဘူးမှတ်လား...."

ဘုန်းမြတ်အစည်းအဝေးအခန်းထဲကထွက်လာပြီး  ဓာတ်လှေကားဆီသွားဖို့ စာရင်းစစ်ဌာနသို့အဖြတ် ၀န်ထမ်းကိုဆူနေသံကြား၍ ကြည့်လိုက်မိရာ အ၀တ်အစားပုံစံကိုနောက်ကျောမှမြင်နေရတာက သူ့လိပ်ပြာလေးနဲ့တောင်တူနေသည်။
ခြေလှမ်းသွက်သွက်လေး လှမ်းသွားလိုက်ပြီး ထိုကောင်မလေး ကိုဘေးစောင်းကြည့်လိုက်ရာ..

"ဟင်..လိပ်ပြာ...ဒါဘယ်လိုဖြစ်တာလည်း...."

သူ့ကောင်မလေးရဲ့ ခန္ဓာကိုယ်တစ်၀က်က ရေတွေစိုနေတဲ့ပုံပေါ်ပြီး လက်ထဲမှာလည်း ပါဆယ်ထုပ်တွေအများကြီးနဲ့ပါလား။
ဘေးနားမှ လိပ်ပြာကိုဆူနေတဲ့ စာရင်းစစ်ဌာနမှူး
ခင်မေသီကို သူအရမ်းဒေါသထွက်သွားသည်။

"မခင်မေသီ...ဒါဘယ်လိုဖြစ်တာလည်း ခင်ဗျားမှာဘာအခွင့်အရေးရှိလို့ သူ့ကိုဆူနေရတာလည်း သူကကျွန်‌တော့်ရဲ့ PA ကျွန်တော်တစ်ယောက်တည်းပဲ သူ့ကိုအမိန့်ပေးခွင့်ရှိတယ်ဆိုတာ မသိဘူးလား...ဟမ်
"

ပိတ်အော်ပစ်လိုက်တဲ့ဘုန်းမြတ်ရဲ့အသံအားကဘယ်လောက်အထိတောင် တုန်ခါသွားလည်းဆိုတာ ရှိသမျှအလုပ်သမားတွေအကုန် မျက်လုံးပြူးပြီး ကြည့်လာကြတဲ့အထိပါပဲ။

"ဟို...ကျွန်မသူ့ကို သူဌေးရဲ့PAမှန်းမသိလို့ပါ..သူကလည်းပြောမှမပြောတာ..."

"ခင်ဗျားကရော မေးခဲ့လို့လား..."

"ဟို သူ့ပုံစံကအရမ်းငယ်နေတဲ့ပုံစံဆိုတော့  ဒီကအလုပ်သင်လေးလို့ ထင်မိလို့ပါ နောက်မဖြစ်စေရပါဘူး သူဌေးရယ်..."

"ခင်ဗျားအခုမှ ဆင်ခြေတွေလာမပေးနဲ့ အတွင်းရေးမှူးကိုလွှတ်လိုက်မယ် ခင်ဗျားအတွက် ဘယ်လိုပစ်ဒဏ်ပေးမလည်းဆိုတာ စောင့်နေလိုက်တော့...အားလုံးပဲမှတ်ထား ဒီမိန်းကလေးကကျွန်တော့်ရဲ့PAဆိုတာထက် ကျွန်တော့်ရဲ့...."

"ဟင်...သူဌေး..ဟို...လိပ်ပြာအဆင်ပြေပါတယ်..
ဒေါသတွေသိပ်မထွက်ပါနဲ့ အလုပ်ကိစ္စဆွေးနွေးစရာတွေ ရှိသေးတယ်မဟုတ်လား ...လာပါ...သွားရအောင်...လာပါ..."

လိပ်ပြာသူ့ကိုအတင်းဆွဲခေါ်ပြီး ဓာတ်လှေကားဆီ လျှောက်လာလိုက်သည်။
မဟုတ်ရင် မနေ့တစ်နေ့ကမှရည်းစားဖြစ်တယ် ဒီနေ့ပဲ တစ်ကမ္ဘာလုံးသိအောင် ကြေငြာမဲ့ရုပ်ဖြစ်နေလို့ပါ။

ဆယ့်နှစ်လွှာမှာရှိတဲ့ သူ့ရုံးခန်းထဲလည်း ပြန်ရောက်ရော ကိုယ်တော့်ရုပ်က မုန့်အလုခံလိုက်ရတဲ့ ကလေးလေးလို ဆူတင်းနေတာပဲ။
မျက်နှာကြီးဆူပြီး တစ်ယောက်အိပ်ဆိုဖာအရှည်ကြီးအပေါ်မှာထိုင်ချကာ အပြင်ဘက်ရှုခင်းကို ခပ်တည်တည်ငေးနေတဲ့ သူ့ဘေးနားမှာ လိပ်ပြာကပ်ထိုင်လိုက်သည်။ဘယ်လိုချော့ရပါ့မလဲ။

"စိတ်ဆိုးသွားတာလား..."
"လိပ်ပြာတောင်းပန်ပါတယ်နော်..."

သူ့ကိုတောင်းပန်လိုက်တော့ လည်ပင်းက
နက်ကတိုင်ကို ဖြေချလိုက်ပြီး လိပ်ပြာရဲ့မျက်လုံးတွေကို တည့်တည့်ဆိုက်ကြည့်လာသည်။

"ဘာလို့လဲ...ဘာလို့ကိုယ်တို့ကချစ်သူတွေပါလို့ မပြောခိုင်းတာလဲ..."

"လိပ်ပြာတို့ကမနေ့ကမှ ချစ်သူစဖြစ်တာလေ...အဲ့တော့ လူတွေအများကြီးကို ပေးသိဖို့လိပ်ပြာအဆင်သင့်မဖြစ်သေးဘူး...ဟိုအခုလောလောဆယ်တော့ လိပ်ပြာတို့ဒီကိစ္စကို လျှို့ဝှက်ထားရ‌အောင်ပါနော်...‌ခဏလေးပဲ...ခဏလေးပါပဲ....
ရတယ်မလား...ဟင်..."

သူ့မျက်ခုံးတွေကတွန့်ကြုံ့သွားပြီး ခေါင်းငုံ့ချသွားရာ သူ့ပါးလေးနှစ်ဖက်ကို လက်ဖဝါးနဲ့အုပ်ကိုင်ပြီး လိပ်ပြာကိုကြည့်စေလိုက်တယ်။

"နာမည်ကြီးအနုပညာရှင်တွေဆိုရင် လက်ထက်မှလူသိတာတွေရှိတာပဲ...လိပ်ပြာတို့လည်းတိတ်တိတ်လေးချစ်ကြမယ်လေ...နော်..."

"ဒါဆို...ကိုယ်တို့လက်ထပ်ကြမယ်လေ..."

သူမလေးရဲ့ ခါးသေးသေးလေးကိုဖက်ပြီး သူပြောလိုက်တော့ မျက်လုံးလေးပြူးပြီး သူ့ကိုပြန်ကြည့်နေတာ အသဲယားစရာလေးပါ။

"မနေ့ကပဲချစ်သူတွေဖြစ်တယ်...ချက်ချင်းကြီးလက်ထပ်တယ်ဆိုရင် ကမ္ဘာ့အံ့ဖွယ်ကြီးဖြစ်နေမှာပေါ့ ပြီးတော့လိပ်ပြာက နှစ်ဆယ့်နှစ်၊ကိုကိုက နှစ်ဆယ့်လေးပဲရှိသေးတဲ့ ဥစ္စာ..."

"ကိုယ်ကစတာပါ အဲ့လောက်ကြီးလည်း စိတ်ပူမသွားပါနဲ့...လိပ်ပြာသဘောကျဖြစ်စေရမယ်နော်..."

သူမရဲ့ နှာထိပ်ဖျားလေးကို လက်ညှိုးလေးကွေးပြီးစလိုက်တော့ ရှက်မျက်နှာလေးက သူ့ကိုစိန်ခေါ်နေသလိုပဲ။ပထမဆုံးအနမ်းက သူမရဲ့ပါးပြင်လေးမှာကြွေခဲ့ပြီး၊ဒုတိယအနမ်းတစ်ပွင့်ကတော့ သူမရဲ့လည်တိုင်ကျော့ကျော့လေးမှာ ခြွေချခဲ့တယ်ဆိုရင် တတိယအနမ်းအတွက် အဖြူရောင်လိပ်ပြာလေးရဲ့ နှုတ်ခမ်းလေးကိုသူ့အကြည့်တွေရောက်သွားမိသည်။
ပန်းနုရောင်လေးသန်းနေပြီး အောက်နှုတ်ခမ်းလေးက အသဲပုံသဏ္ဍန် နှစ်လုံးလေးဖြစ်နေတာ တကယ်လှလွန်းပါတယ်။
သူမရဲ့ ခေါင်းလေးကို လက်ဖဝါးနဲ့မှေးကိုင်လိုက်တဲ့အချိန်မှာ...

"ဟင်...ခေါင်းတွေ..ရေစိုနေပါလား..."

"ဟုတ်တယ်..တိုက်ပေါ်ကနေလောင်းချလိုက်တာဆိုတော့ ခေါင်းနဲနဲစိုသွားတယ်..."

"ခဏလေးနော်..ဒီအတိုင်းလေးပဲထိုင်နေ...."

ရေချိုးခန်းထဲမှ သပါတ်အဖြူတစ်ထည်သွားယူလာပြီး သူ့ရဲ့အိင်္ကျီလက်တွေကို ခေါက်တင်ကာ အနောက်မှ မက်တပ်ရပ်ပြီး နူးညံ့စွာ ဆံပင်လေးတွေကို  ရေသုတ်ပေးလာလေသည်။
တစ်ချက်၊တစ်ချက် သူ့လက်ချောင်းလေးတွေကလိပ်ပြာရဲ့ပါးလေးတွေကို ထိခက်သွားတယ်ဆိုရင် လိပ်ပြာကြက်သီးထထ သွားတာဘာဖြစ်လို့ပါလိမ့်။
အလှပြင်ဆိုင်မှာတောင် ကြာလို့ခေါင်းတစ်ခါမှသွားမလျှော်ဖူးတဲ့လိပ်ပြာ၊ကိုယ့်ဆံပင်ကို မေမေကလွှဲပြီး ငယ်ငယ်တည်းက ဘယ်သူမှတယုတယဆံပင်ရေသုတ်ပေးတယ်ဆိုတာ မရှိခဲ့ဖူးဘူး။

"ဟင်...ဘာဖြစ်လို့လည်း..."

အဖြူရောင်သပါတ်နဲ့ ခေါင်းကိုရေသုတ်ပေးနေရင်းနဲ့မှ နားရွက်နားလေးတွေကို သူ့လက်ဖဝါးနဲ့ ခပ်ဖွဖွဖိကာ ခေါင်းကို‌မော့လှန်စေပေမဲ့ ဆိုဖာပေါ်မှာထောက်ထားတဲ့သူ့ဒူးခေါင်းခံနေတာ‌ကြောင့် လိပ်ပြာခေါင်းတော့မညောင်းပါဘူး။

"အရမ်းချစ်စရာကောင်းနေလို့...အပြစ်ပေးတာ...."

လိပ်ပြာရဲ့မျက်နှာအနားကိုနီးကပ်လာတဲ့သူ့ကြောင့် မျက်လုံးကိုစုံမှိတ်ချပစ်လိုက်သည်။
သူကလိပ်ပြာကိုချည်ပြီးတုတ်ပြီးလုပ်နေတာပဲ။
လိပ်ပြာရဲ့ခေါင်းကလည်း သူ့လက်ဖဝါးထဲမှာ လိပ်ပြာထိုင်နေတာကလည်း သူ့ဆိုဖာပေါ်မှာဖြစ်နေတော့ အခက်သားလား။
လိပ်ပြာရဲ့ နှဖူးလေးကနူးညံ့နွေးထွေးတဲ့ နှုတ်ခမ်းတစ်စုံနဲ့ထိတွေ့လိုက်တာကို သိလိုက်တာကြောင့် ပါးတွေတောင်ထူပူပြီး နီတက်ကုန်ပြီထင်ပါရဲ့။
ပြီးတော့ သူကလိပ်ပြာရဲ့နားအနားကိုကပ်ပြီး လေသံတိုးတိုးနဲ့ပြောသည်က...

"ဒီနေ့တော့ နှဖူးလေးပဲနော်...."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"နောက်နေ့ဘာလဲ...ပြောပြ..."

ဂျင်းထည့်တယ်လို့မပြောနဲ့နော် ငရုတ်သီးပါထည့်မှာ😀


=========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၂၅


"ပွန်...ပွန်.."

အမေ့အိမ်ကိုပြန်ဖို့ကားဂိတ်ကိုအသွား  အနောက်မှဟွန်းတီသံကြား၍ လှည့်ကြည့်လိုက်မိရာ ကိုထွန်းဝေဖြစ်နေသည်။
ကိုထွန်းဝေက ပြိုင်ကားအဝါရောင်လေးကို လိပ်ပြာရှိတဲ့ ပလက်ဖောင်းဘေးမှာ ရပ်လိုက်ပြီး ကားတံခါးဖွင့်ကာ ဆင်းလာသည်။

"လိပ်ပြာ...ဘယ်သွားမလို့လဲ..."

"အိမ်ပြန်မလို့ပါ ဒီနေ့အလုပ်ပိတ်တယ်လေ..."

"ဟာ...ဒါဆိုကိုယ်လိုက်ပို့ပေးမယ်လေ..."

"ရပါတယ်...အားနာစရာ...ပုံမှန်လည်း ဘက်စ်ကားစီးနေကြပါ...ကိုထွန်းဝေသွားစရာရှိရင်သာသွားပါ...လိပ်ပြာလည်းသွားတော့မယ်နော်..."

ဘယ်လိုပဲဖြစ်ဖြစ်သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ နှစ်ယောက်ထဲအတူတူမသွားသင့်ဘူးမဟုတ်လား။
နောက်ပြီး ကိုယ့်အိမ်ကလူတွေအကြောင်းကို ကိုယ်အသိဆုံးပင်။
ယောက်ျားလေးသူငယ်ချင်းများခေါ်လာပြီဆို မေးလိုက်၊မြန်းလိုက်၊စပ်စုလိုက်ကြမှာ ‌ပြောမနေနဲ့။

ကိုယ့်ဘာသာလမ်းလျှောက်နေတဲ့ လိပ်ပြာရဲ့လက်မောင်းကို အတင်းလာဆွဲတဲ့လူကိုကြည့်လိုက်မိတော့ ကိုထွန်းဝေပါပဲ။

"လာပါလိပ်ပြာရယ်...တစ်ခါတစ်လေလေးကူညီရတာပဲကို ကိုယ်လည်းပျင်းနေတာနဲ့အတော်ပဲ လိပ်ပြာတို့အိမ်ကိုလိုက်လည်မယ်‌နော်..."

"ဘယ်လို..."

ထိုလမ်းပလက်ဖောင်းဘေးမှာ လေပွေတိုက်သွားသည့်နှယ် လိပ်ပြာကိုအတင်းကားထဲကို ထိုးသိပ်ထည့်ပြီး သူလည်းကားပေါ်တက်ကာ ကားလေးကအရှိန်နဲ့မောင်းထွက်သွားတော့သည်။

လိပ်ပြာတို့ရဲ့နှစ်ထပ်အိမ်လေး အရှေ့မှာကားလေးကိုရပ်လိုက်ပြီးနောက် လိပ်ပြာကအရင်ဆင်းလိုက်သည်။
ကိုထွန်းဝေကတော့ လက်ဆောင်ထုပ်တွေ
တနင့်တပိုးသယ်နေတာများ ကြည့်နေတဲ့လိပ်ပြာတောင် လက်မောင်းလေးလာရတယ်။
အိမ်ကမိသားစုတွေအတွက် အမှတ်တရဟုဆိုကာ
စူပါမားကပ်တစ်ခုမှာ လက်ဆောင်တွေ၀င်၀ယ်ခဲ့ခြင်း‌ဖြစ်သည်။

"အမေရေ...အမေသမီးပြန်လာပြီ..."

"ဟေ...လာပြီ...လာပြီ..."

ကိုယ့်အိမ်မို့အသံသာပေးရတယ် လူကအိမ်ထဲကိုရောက်နေပြီးသာပင်။အမေကညာသံပေးပြီး ငါးခုတ်တဲ့ဓားမကြီးကိုင်ကာ မီးဖိုချောင်ထဲမှ ပြေးထွက်လာသည်။
အဖေကတော့ ကြိမ်ကုလားထိုင်မှာ ခြေထောက်ကိုချိတ်ထိုင်ရင်းသတင်းစာဖတ်နေရာမှာ လန့်ဖြန့်ပြီးထရပ်တော့ လိပ်ပြာတောင်ရင်ထိတ်သွားသည်။

"သူ...သူကဘယ်သူလဲ..."

အမှန်တော့အဖေလန့်ရခြင်းအကြောင်းက အနောက်မှအထုပ်တွေတစ်သီကြီးဆွဲပြီး ရယ်ပြနေတဲ့ ကိုထွန်းဝေကြောင့်ပါပဲ။
အဖေ့အသံကြောင့် ကော်ကုလားထိုင်အရှည်အပေါ်မှာ ခေါင်းချင်းဆိုင်ပြီးဂိမ်းထိုင်နှိပ်နေတဲ့ ဖိုးချွန်နဲ့မောင်လေးမင်းမင်းပါ မျက်လုံးလှန်ကြည့်ပြီး အံ့ဩကုန်ကြသည်။

"မမ...ဒီအစ်ကိုကြီးက ဘယ်သူလည်း..."

"နင်တို့ကလည်းဟယ်...အိမ်ထဲ၀င်၀င်ခြင်း အမောပြေ ရေလေးဘာလေးခပ်တိုက်ကြမယ်မရှိဘူး...
စပ်စုကြတာကအရင်..."

"မမမှာလက်ပါတာပဲ ကိုယ့်ဖာသာခပ်သောက်ပေါ့..."

"အောင်မာ...ငနာလေးတွေ့မယ်နင်...ဒေါက်..."

"အာ့...မမနော်...အကြီးဆိုပြီး ငြိမ်ခံနေမယ်မထင်နဲ့ ဖနှောင့်နဲ့ပေါက်လိုက်ရင် တစ်ချက်စာပဲ..."

"အောင်မာ...နင်ကများငါ့ကို......."

လိပ်ပြာဒေါသအလိပ်လိုက်ထွက်လာပြီး နောက်ဆုံးတော့ လက်ကမင်းမင်းရဲ့နားရွက်ပေါ်ကိုရောက်သွားပြီး ဆွဲလိမ်ပစ်လိုက်သည်။

"အာ့...အား...အမေ...အမေရေ အမေ့သမီးကိုလုပ်အုံး...အီဟီး..."

ယောက်ျားကြီးတန်မဲ့နားရွက်ကလေးဆွဲလိမ်တာကိုတောင် ငိုကြီးချက်မဖြစ်နေသည်။
အမေကမနေနိုင်တော့ပဲ ဓားမကြီးတကိုင်ကိုင်နဲ့ သူ့သားငယ်ကိုထိတော့ လိပ်ပြာရဲ့ကျောကို"ဘုန်း"ကနဲမြည်အောင်ပိတ်တီးပစ်လိုက်ရာ လိပ်ပြာကျောလေးကို ပွတ်ကာရှုံ့မဲ့မဲ့နဲ့ ကြိမ်ကုလားထိုင်အပေါ်ထိုင်ချလိုက်သည်။
ထိုအခြင်းအရာကို ပြုံးစိစိနဲ့ကြည့်နေတာကတော့ ကိုထွန်းဝေနဲ့ ဖိုးချွန်တို့နှစ်ယောက်ရယ်ပါ။

"ဒီမောင်နှမကဒီလိုပဲကွယ့်...သိပ်ဆိုးကြတာ...
မောင်ရင်...လာ...ထိုင်လေ..."

"အော်ဟုတ်သားပဲ...ကိုထွန်းဝေကိုလိပ်ပြာမေ့နေတာ...ကိုထွန်းဝေ...လာ...ဒီမှာထိုင်..."

ကိုထွန်းဝေကအားလုံးကိုပြုံးပြကာ လိပ်ပြာ‌ဘေးနားမှာ၀င်ထိုင်လေသည်။

"မိတ်ဆက်ပေးရအုံးမယ်...ဒါကလိပ်ပြာရဲ့အမေ
 ဒေါ်မြဖြူ,ဒါကဖေဖေဦးကြည်လွင်လို့ခေါ်တယ်...သူကတော့အောင်ကျော်မင်းလို့ခေါ်တယ် လိပ်ပြာရဲ့မောင်လေး..သူကတော့ လိပ်ပြာတို့အိမ်နီးချင်း ဖိုးချွန်တဲ့..."

"ဟုတ်ကဲ့ ကျွန်တော့်နာမည်က ထွန်းဝေမောင်ပါခင်ဗျာ..."

"တောဆန်လိုက်တဲ့ နာမည်ကြီး..."

မဲ့ရွဲ့ကာစကားပြောလိုက်တာက ဖိုးချွန်ပါ။
မင်းမင်းကတော့ သိနေပြီးသားပင်။ကိုဖိုးချွန်ဟာ အစ်မကိုကြိုက်ကြိုက်နေတယ်ဆိုတာ ကိုဖိုးချွန်တို့ကတော့ စချွန်ပါပြီလို့ တွေးလိုက်မိသည်။။
ဖိုးချွန်တင်မပြီးသေးပဲ အဖေကပါကိုထွန်း‌ဝေမျက်နှာကို တည့်တည့်ကြည့်ကာတစ်စခန်းထလာလေသည်။

"ဒါနဲ့...မောင်ရင်က...ဘယ်ဇာတိလည်း..."

"ကျွန်တော်က ရန်ကုန်ဇာတိပါ..."

"အခုရော..ဘယ်မှာနေတာလည်း..."

"ကျွန်တော်ရွှေတောင်ကြားလမ်းမှာနေပါတယ်..."

"ကိုယ်ပိုင်အိမ်လား...ငှားနေတာလား..."

"ဗျာ..."

ကိုထွန်းဝေမှာ အဖေ့ရဲ့စစ်စစ်ပေါက်ပေါက်မေးမှုကြောင့် ‌စိတ်ရှုပ်သွားပုံရသည်။

"သူ့ဖာသာငှားနေနေ...‌၀ယ်နေနေပေါ့အဖေရာ...ဘာလဲအဖေလိုက်နေမလို့လား..."

"မဟုတ်ပါဘူး...ငါကသိချင်လို့...ဒါနဲ့မောင်ထွန်းဝေ..."

"ကိုကြည်လွင်!!!!!"

အမေ့ရဲ့"ကိုကြည်လွင်"ဆိုတဲ့အသံအဆုံးမှာတော့ အဖေဟာ သူ့သတင်းစာကိုပဲပြန်ကောက်ဖတ်နေလိုက်သည်။သူ့မိန်းမကြီးအကြောင်း သူသာအသိဆုံးပါ။ကျီးကန်းမကြီးလိုပဲ အော်လိုက်ရင်ဆိုးလိုက်တဲ့ နား၀င်...

"ဒီကမောင်ရင်ကို အားလည်းနာပါတယ်...ဒီလူကြီးကအဲ့လိုပဲ...ငယ်ငယ်ကဆယ်တန်းကို "ခ"နဲ့အောင်ခဲ့တော့ ရှေ့နေမဖြစ်တာနဲ့ပဲ...ဥပဒေယောင်ယောင်ဘာယောင်ယောင်နဲ့ သူများကိုတွေ့တာနဲ့ကို လိုက်ကျပ်နေတာ..."

"ရပါတယ်...အန်တီ‌ရယ်..ဒီမှာအန်တီတို့အတွက် ကျွန်တော်လက်ဆောင်တွေ၀ယ်လာတယ်..."

"ဟာပွတာပဲဟေ့..."

လက်ဆောင်ထုပ်တွေဆိုတာနဲ့ မင်းမင်းကထအော်လေရာ ဖိုးချွန်ကတံတောင်နဲ့ပိတ်တို့ပစ်လိုက်သည်။

"မောင်ရင်...ရောက်တုန်းလေး...ထမင်းစားသွားပေါ့ဟုတ်လား..."

"ရပါတယ်အန်တီ...ကျွန်တော်..."

"မစားတော့ဘူးထင်တယ်..."

"ကျွေးရင်စားမယ်လို့...."

"ဟား..ဟား...ဟုတ်ပါပြီကွယ်...ကဲ..လိပ်ပြာရေ...ဧည့်သည်ပါတယ်ဆိုတော့ ဝိုင်းကူဦး...မြန်မြန်ပြီးအောင်လို့..."

"ဟုတ်ကဲ့...အမေ..."

"ဟာကျွန်တော့်ကို ဧည့်သည်လိုသဘောမထားပါနဲ့ ကျွန်တော်လည်း ကူလုပ်ပေးပါ့မယ်..."

"သားလည်းကူပေးမယ် မေမြ..."

ထွန်းဝေမှာသူ့အတိုင်းလိုက်ပြောနေသည့် ဖိုးချွန်ဆိုသည့် ငနဲလေးကိုတစ်ချက်စောင်းကြည့်လိုက်မိသည်။
အသားခပ်ညိုညိုနဲ့ လူချောလေးပါပဲ။ကိုယ့်ထက်လည်းငယ်မဲ့ပုံပဲ။ဒါပေမဲ့ ကျားအချင်းချင်းဖြစ်တာကြောင့် အတက်သိလိုက်တာက လိပ်ပြာအပေါ်ကိုဒီကောင်လေးမရိုးသားဘူး။

မီးဖိုချောင်လေးအထဲမှာတော့ လူလေးယောက်ရှိနေသည်။
လိပ်ပြာဖြူ၊ဒေါ်မြဖြူ၊ထွန်းဝေနှင့် ဖိုးချွန်တို့လေးဦးပေါ့။

"သမီး..ဒီခရမ်းချဉ်သီးလေး...ဘေစင်မှာသွားဆေးပေးစမ်းပါအုံး..."

"ဟုတ်ကဲ့..."

လိပ်ပြာခရမ်းချဉ်သီးအထုပ်နဲ့ စတီးဇလုံတစ်လုံးကိုယူကာ ဘေစင်သို့သွားလိုက်သည်။
🍅ခရမ်းချဉ်သီးတွေကို ဇလုံထဲထည့်ပြီး ရေဆေးဖို့အလုပ် ကိုထွန်းဝေနဲ့ဖိုးချွန်ကဘေးနားကိုယောင်လည်လည်နဲ့ လာကပ်ရပ်ကြသည်။

"လိပ်ပြာ..ကိုယ့်ကိုပေး...ကိုယ်ဆေးပေးမယ်..."

"မမ...ကျွန်တော့်ကိုပေး...ကျွန်တော်ကဒါမျိုးတွေလုပ်နေကြ..."

"ဟေ့ကောင်...ငါမင်းထက်ကြီးတယ်နော်...အဲ့တော့ငါပဲဆေးမယ်...."

"ဒီမှာ ကျုပ်ကအိမ်မှာလုပ်နေကြ...ခင်ဗျားကြည့်ရတာ ဘဲဥတောင်ဖြောင့်အောင်‌ကြော်တတ်မဲ့ပုံလည်းမပေါ်ပါဘူး...."

"အမယ်...ဘဲဥကြော်တာပဲ...ခွက်ကနဲခွဲပြီး...ကြော်ပစ်လိုက်ပြီးရော..တော်တော်ခက်နေလို့လား..
ဟုတ်လား..."

"အဲ့ဒါပြောတာ...ဘဲဥတောင်ခွက်ကနဲ ခွဲပြီးကြော်တာတစ်မျိုးပဲသိတာမှတ်လား...အဟင်း..ဘဲဥဘယ်ကလာမှန်းတောင်သိရဲ့လားဗျာ..."

"ဟ...ဘဲဥဆိုတာ..ဘဲမကြီးရဲ့ဖင်ထဲကထွက်လာတာပေါ့...ဟုတ်မဟုတ်...
ငါကိုယ်တိုင် ဘဲမဖင်သွားနှိုက်ပြရမလား...."

"ကဲတော်ကြပါတော့!!!!!...နားကိုညီးနေတာပဲ...ဘယ်လိုဖြစ်နေကြတာလဲ..."

လိပ်ပြာကိုအလည်မှာထားပြီးနှုတ်သီးကောင်း
လျှာပါးဖြစ်နေတဲ့နှစ်ယောက်ကို သည်းမခံနိုင်တော့တဲ့အဆုံးပိတ်အော်ပစ်လိုက်သည်။
တကယ်ပဲ ခရမ်းချဉ်သီးဆေးရမဲ့အရေး ဘဲဖင်တွေရော၊ဘဲဥကြော်တာတွေရော ဘာတွေလာပြောနေကြမှန်းမသိဘူး။

"ဟော..မင်းကြောင့်လိပ်ပြာစိတ်ညစ်နေရပြီ...ပေးပေး လိပ်ပြာကိုယ်ဆေးမယ်..."

"မမကျွန်တော့်ကိုပေး..ကျွန်တော်ဆေးမယ်..."

"ဒီခရမ်းချဉ်သီးကိုပဲ သိပ်ဆေးချင်နေကြတယ်ဟုတ်လား...အေး..ဆေးရမယ်...နှစ်ယောက်စလုံးဆေးရမယ်စိတ်ချ..."

ထောင်ထားတဲ့ ဓားတစ်ချောင်းကို လှမ်းယူလိုက်ပြီး ဆင့်နီတုံးပေါ်တင်ကာ ခရမ်းချဉ်သီးတွေအားလုံးကို တစ်ခြမ်းဆီခြမ်းပစ်လိုက်သည်။

"ရော့...အဲ့မှာ တစ်ယောက်တစ်ခြမ်းဆီဆေးကြ ဒါမှထပ်လုနေရင်တော့ နှစ်ယောက်စလုံးဓားစာမိမယ်..."

လိပ်ပြာဓားကြိမ်းကြိမ်းခဲ့ပြီး အမေ့ဆီပြန်သွားရာ မီးဖိုချောင်အပေါက်၀မှ မင်းမင်းကတီးတိုးလှမ်းစသည်။

"ဒီအတိုင်းဆို အိမ်ဖော်တောင် တမင်ခေါ်ခန့်စရာမလိုတော့ဘူးဟေ့...အိမ်ရှေ့မှာအစ်မပုံလေးပဲ ချိပ်ထားလိုက်တော့မယ်...တစ်နေ့တစ်ယောက်၊တစ်နေ့တစ်ယောက် ဟား‌..ရေလည်မိုက်တယ်ဗျာ.."

"အောင်ကျော်မင်း!!!ဒီဓားမကိုနင်အရင်မြည်းချင်နေတာလား..."

"ဟာ..အပိုပြောနေတာမဟုတ်ဘူး...
အဟုတ်..အဟုတ်..ခုပဲကြည့်လေ...အိမ်ဖော်မကြီးနှစ်ယောက်က ခရမ်းချဉ်သီးတွေဆေးနေကြတာများ အလုအယက်..."

ကိုထွန်းဝေနဲ့ ဖိုးချွန်ကိုမျက်စပစ်ပြပြီး လှစ်ခနဲပြေးထွက်သွားတဲ့ အကောင်နောက်ကို လိုက်နေလည်း မထူးပြီမို့ အမေနဲ့သာကူလုပ်နေလိုက်သည်။
ဒါလည်းမပြီးသေးပဲ အမေကပါစကားစလာပြန်သည်။

"ကောင်လေးက အလိုက်သိသားပဲ...ရုပ်လေးကလည်းမဆိုးဘူး...ညည်းနဲ့သူနဲ့ကဘယ်အဆင့်ရောက်နေပြီလည်း...အိမ်တောင်ခေါ်လာတယ်ဆိုတော့..."

"ဟာ...အမေရယ်...လမ်းမှာတွေ့လို့သူ့ဘာသာလိုက်လည်တာပါ...ရိုးရိုးမိတ်ဆွေအဆင့်ပါပဲ..."

"ညည်းနယ်...ငါ့သမီးဖြစ်ပြီးညံ့လိုက်တာ...ဒါမျိုးဆိုတာရှားတယ်အေ့...ဆွဲထားမှတော်ခါကြမှာ...နောက်တစ်ခါဆိုရင် အဆင့်တက်လာတာပဲ ငါလိုချင်တယ်...အဆင့်နိမ့်သွားရင် ညည်းငါ့ကို
အမေလို့လာမခေါ်နဲ့...ငါအမေသိင်္ခါကျတယ်..."

‌အမေရယ်ရည်းစားထားတာကို စာမေးပွဲဖြေတာနဲ့မှားနေပုံရတယ်။
ကျွန်မမှာရည်းစားရှိတယ် အမေရေ့လို့အော်ပြောလိုက်ရမကောင်းရှိတော့မယ်။
အိမ်ကိုလည်း တစ်ခါမှယောက်ျားလေးသူငယ်ချင်းခေါ်မလာခဲ့ဖူးတော့ သူတို့မှာမြင်မြင်လေရာသားမက်တော်နေတော့တာပဲ။
စင်္ကာပူမှာ အလုပ်လုပ်နေတဲ့အစ်ကိုနှစ်ယောက်ကတော့ ပြောင်းပြန် သူတို့ညီမရည်းစားထားတာသာသိရင် အခုချက်ချင်းတောင် ဈာန်နဲ့ကြွပြီးပြန်လာကြမှာသေချာတယ်။
ခက်တော့ခက်နေပါပြီ။

🍅🍅🍅🍅🍅🍅🍅

"ဘယ်လိုလည်း...လိပ်ပြာနဲ့လိုက်ရဲ့လား..."

ရှင်မွှေးလွန်းစာအုပ်တိုက်ရဲ့ နှစ်ပတ်လည်ပွဲကို သွားဖို့ သူမမှာပွဲတက်အ၀တ်အစားမရှိဘူးဆို‌တာကြောင့် အမျိုးသမီးအ၀တ်အစားသီးသန့်ရောင်းတဲ့ဆိုင်လေးကို သူခေါ်လာခဲ့ခြင်းဖြစ်သည်။

"ဘယ်လိုလဲ ကြည့်ကောင်းလားလို့..."

သူ့ရှေ့ကအမျိုးသမီးလေးက ခြေမျက်စိဖုံးသည့်ပန်းရောင်ဂါ၀န်လေးကို ၀တ်ထားပြီး ဂါ၀န်စလေးကို လက်ကကိုင်ကာဝေ့ရမ်းပြနေလေသည်။
ခါးမှာစိန်လုံးလေးတွေ ထိုးထားသည့် ခါးအပတ်လေးကို ပတ်ထားပြီး ထိုခါးအပတ်လေးမှာအနက်ရောင်ဖဲကြိုးလေးကပါနေသည်။
ဆံထုံးလေးကို လှပသေသပ်စွာထုံးထားပြီး သူမရဲ့လည်တိုင်ရှင်းရှင်းလေးအပေါ်ကို ဆံပင်အတိုအစလေးတွေ ကျနေတာကပင်ဆွဲဆောင်မှုတစ်မျိုးလိုပါပဲ။
ပန်းရောင်နှုတ်ခမ်းနီအဆီလေးဆိုးထားတာကြောင့် အောက်နှုတ်ခမ်းနှစ်လုံးလေးက ပိုပေါ်
လွင်လာပြီး အသဲယားဖို့တောင်ကောင်းသေးတယ်။
ပါးမို့မို့လေးမှ ခပ်ရေးရေးပါးနီလေးကြောင့် တကယ်ပါ ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ပါးချိုင့်လေးတွေနဲ့ သိပ်ကိုလိုက်ဖက်တာပဲ။

"တီ...တီ...တီ..."

ရုတ်တရက်ဖုန်းထမြည်မှ ဘုန်းမြတ်ရဲ့အသိအာရုံတွေဟာ ပန်းရောင်နတ်သမီးလေးဆီမှ လက်ရှိကမ္ဘာကိုပြန်ရောက်လာသည်။

"ကိုယ်ဖုန်းခဏသွားပြောအုံးမယ်နော်...လိပ်ပြာကြိုက်တာကို ထပ်ကြည့်ထားလိုက်..."

ဖုန်းဆက်ရင်းအလောတကောထွက်သွားတဲ့ ကိုကို့ကြောင့် လိပ်ပြာနှုတ်ခမ်းလေးဆူပစ်လိုက်သည်။
အမြဲတမ်း အလုပ်၊အလုပ်ဆိုတာကြီးပဲ။အခုမှအသက်ကနှစ်ဆယ့်လေးပဲ ရှိသေးတာကိုသူ့မှာလွတ်လပ်မှုတစ်စက်မှမရှိဘူး။

ဘာ၀တ်စုံမှလည်း ထပ်မရွေးနေတော့ပဲ ဂါ၀န်လေးကိုချွတ်ကာ ကောင်တာသို့သာတန်းသွားလိုက်သည်။

"ဟယ်...ငါရှာနေတဲ့MIU MIUဂါ၀န်ပန်းရောင်လေး...လှလိုက်တာဟယ်..."

ဆိုင်ထဲကိုမိန်းမတစ်‌ယောက်၀င်လာပြီး ကောင်တာမှာတင်ထားတဲ့လိပ်ပြာရဲ့ဂါ၀န်ကို ပိုင်စိုးပိုင်နင်း အတင်းယူ၊အတင်းကိုယ်မှာတိုင်းကြည့်နေသည်။

"အစ်မ ဒါကျွန်မယူမလို့ပါ...အခုပဲငွေရှင်းတော့မလို့..."

ထိုမိန်းမက အတင့်ရဲစွာလိပ်ပြာရဲ့၀တ်စားပုံကို ခြေအဆုံးခေါင်းအဆုံးကြည့်လာသည်။

"နင်က ဒီလိုဘရန်းမျိုးကို ၀ယ်နိုင်မှာသေချာလို့လား..."

ဆရာမကြီးလိုအထာနဲ့ လက်ပိုက်ပြီးလာပြောနေတော့ မခံနိုင်ဖြစ်လာသည်။

"ဘာလို့ မတတ်နိုင်ရမှာလည်း ညီမ‌ ဒါဘယ်လောက်လည်း တစ်ခါတည်း‌ငွေရှင်းလိုက်မယ်..."

"သိန်းသုံးဆယ်ပါအစ်မ...."

"အော်...သိန်းသုံးဆယ်များ...ဘာ!!!!သိန်း..သိန်း...သိန်းသုံးဆယ်ဟုတ်လား..."

"ဟုတ်ပါတယ်အစ်မ...."

လိပ်ပြာစကားတွေတောင် ထစ်အကုန်ပါပြီ။သိန်းသုံးဆယ်တဲ့ လိပ်ပြာရတဲ့တစ်လစာတောင် ဆယ်သိန်းမပြည့်တာ အ‌မယ်လေး ဈေးနှုန်းကကျောပါချမ်းတယ်။

"မသိရင်တော့ သူ၀ယ်နိုင်တယ်ပေါ့...တကယ့်တကယ်ကျတော့ သောက်ဆံလည်းတစ်ပြားမှမရှိပဲ...ဟန်ရေးလာပြချင်နေတယ်...ဈေးကြီးတာတွေ၀တ်စားလည်း,အဆင့်အတန်းကမြင့်လာမှာကျလို့ ဖွတ်ကဖွတ်ပဲ..."

လိပ်ပြာကို လူတွင်ကျယ်ကြီးလာလုပ်ပြနေတဲ့ထိုမိန်းမကို ကုတ်ဖဲ့ပစ်လိုက်ချင်တယ်။ခုဏကစကားကြီးစကားကျယ်တွေပြောထားလို့သာ ရှက်လို့ငြိမ်နေတာ။

"ပေးပေး...အစ်မပဲယူလိုက်တော့မယ်...တစ်ချို့တစ်ချို့က၀ယ်မှမ၀ယ်နိုင်တာလေ..."

"မ၀ယ်နိုင်ဘူးလို့ ဘယ်သူပြောလည်း..."

"ကိုကို..."

အနက်ရောင်အနောက်တိုင်း၀တ်စုံအပြည့်၀တ်ထားပြီး တည်ခန့်သည့်သွင်ပြင်ကို‌ ဆောင်ကာခြေလှမ်းအကျဲကြီးတွေနဲ့ ကောင်တာဆီလျှောက်လာနေသည်က ကိုကိုရယ်ပါ။
ချက်ချင်းပြီး ဟိုမိန်းမလက်ထဲက ဂါ၀န်စကိုဆောင့်ဆွဲပစ်လိုက်ပြီး ကောင်တာမှQRကုဒ်ကို
စကန်ဖတ်ကာ မိုဘိုင်ဘဏ်ကင်းနဲ့ ငွေရှင်းလိုက်သည်။
ပြီးနောက် အကျင့်မကောင်းတဲ့မိန်းမကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်က...

"ဘယ်သူလည်းလို့ ဦးကျော်ဆွေရဲ့ မယားငယ်ကို  မင်းမသိဘူးလား..ဦးကျော်ဆွေမိန်းမနိုင်ငံခြားကပြန်ရောက်နေပြီဆိုတာ..."

ကိုကိုလည်းအဲ့လိုပြောလိုက်ရော ဟိုမိန်းမမျက်နှာကြီး နီရဲသွားပြီး တော်တော်လေးပျက်သွားသည်။
ခုဏက လိပ်ပြာကိုသူလာဖဲ့နေတာ အခုလိပ်ပြာအလှည့်ပေါ့။

"အော်..တစ်ချို့တစ်ချို့တွေများ သူများဆီကလုယူရမှကို နေသာထိုင်သာရှိပုံပေါ်တယ်နော်...
၀မရှိပဲဝိလုပ်ချင်ကြတော့ အဖိုးကြီးတောင်မရှောင်နိုင်ရှာဘူး..လာသွားမယ်ကိုကို...ဟွန့်..."

ဟိုမိန်းမကို မေးငေါ့ပြခဲ့ပြီး သူ့လက်ကိုဟန်
ပါပါလာတွဲတဲ့ကောင်မလေးကြောင့် ဘုန်းမြတ်ရယ်ချင်စိတ်ကိုထိန်းနေရသည်။
ကားထဲကိုလည်းရောက်ရော မားကပ်ထဲကသူမမဟုတ်တော့တဲ့အတိုင်း မျက်နှာကြီးရှုံ့မဲ့ပြီး ငြိမ်နေပြန်ရော။
သူမဘက်ကိုလှည့်လိုက်ပြီး သူမရဲ့မေးဖျားလေးကို ကိုင်ကာသူ့ဘက်လှည့်စေလိုက်သည်။

"ဘာဖြစ်လို့...မျက်နှာကြီးရှုံ့မဲ့နေတာလဲ..."

"ဖယ်ပါ...ရှင့်ကိုလုံး၀မကျေနပ်ဘူးနော်...."

"ဟောဗျာ...ဆိုင်ထဲမှာတစ်ယောက်ထဲထားခဲ့မိလို့လား..."

"အခုထိကိုယ့်အပစ်ကိုယ် မသိသေးဘူးပေါ့လေ.."

ဘုန်းမြတ်ရဲ့ပါးနှစ်ဖက်ကို သူမရဲ့လက်ဖဝါး‌
သေးသေးလေးနှစ်ဖက်နဲ့  လာဖိညှစ်ပြီး ကလေးတစ်ယောက်လို စိတ်ဆိုးပြီး မေးနေသည်။

"ဘာဖြစ်လို့ အဲ့လောက်ဈေးကြီးတဲ့ဆိုင်ကိုခေါ်သွားရတာလဲလို့...အခုတော့အရှက်ကွဲပြီ...
ပိုက်ဆံကိုသပ်သပ်ဖြုန်းတာ...."

"ကိုယ့်ပိုက်ဆံအိတ်ကိုပါ ကန့်သတ်ချင်နေပြီပေါ့လေ..."

ပြုံးပြီးပြန်မေးတဲ့ကိုကို့ကြောင့် ပါးပေါ်ကလက်ကိုဖယ်လိုက်ပေမဲ့ ထိုလက်ကိုပဲကိုကိုကဖမ်းဆုပ်ပြီး သူ့ဘက်သို့ ဆွဲလိုက်တာကြောင့် လိပ်ပြာအ‌ရှေ့သို့နည်းနည်းယိုင်သွားသည်။
သူ့မျက်နှာကိုမကြည့်ရဲတာကြောင့် ကိုကို့အသဲနှလုံးတည်ရှိရာဝဲဘက်ရင်အုံကိုသာ အကြည့်လွှဲလိုက်မိတယ်။

"ကန့်သတ်ချင်တာမဟုတ်ဘူး...အခုကိုကို့ဆီမှာ လိပ်ပြာအကြွေးသိန်းသုံးဆယ်တင်သွားပြီလေ...
အဲ့ဒါဘယ်လိုလုပ်ပြန်ဆက်ရမှာလည်း...
ဆင်းရဲပါတယ်ဆိုနေမှ...."

"ဟား...ဟား..."

ဒီကောင်မလေးရဲ့ညှို့ချက်ကိုသည်းမခံနိုင်တော့တဲ့အဆုံး လက်ညှိုးနဲ့လက်မကိုအသုံးပြုကာ သူမရဲ့‌မေးဖျားလေးကို မေ့ာလိုက်ပြီး သူ့မျက်နှာအနားသို့ဆွဲခေါ်မိသွားသည်။
ပြီးနောက် သွားတက်တွေပေါ်အောင် လှပစွာပြုံးလိုက်သည်။

"အဲ့အကြွေးတွေကို တစ်ခါထဲအကျေ ခြေလို့ရတဲ့နည်းရှိတယ်...သိချင်လား..."

"ဘာနည်းလမ်းလည်း..."

"သိချင်ရင် မျက်လုံးမှိတ်...တိုးတိုးလေးပြောပြမယ်..."

ကိုကိုဟာသွားတက်တွေပေါ်အောင်ပြုံးပြီး ပြောလာသည့်မျက်နှာအမူအရာဟာ အတည်ပေါက်ပုံစံနဲ့ဖြစ်နေသည်။
မှိတ်ဆိုတော့လည်း မှိတ်ရမှာပေါ့။

"ဟာ..ပြောပြတော့လေ...ဟင်..."

လိပ်ပြာရဲ့နှုတ်ခမ်းလေးအပေါ်ကိုဖြတ်ပြေးသွားတဲ့အနမ်းတစ်ပွင့် ချိုမြိန်တာလား၊နူးညံ့တာလား၊ဒါမှမဟုတ်ကြမ်းတမ်းခက်ထန်တာလားဆိုတာ မခွဲတတ်အောင်ပါပဲ။
တစ်ခါမှ တွေ့ကြုံမခံစားဖူးတာကြောင့် ရင်တွေတစ်လှပ်လှပ်တုန်ယင်လာပြီး လက်ဖျားတွေတောင်အေးစက်လာသည်။
ကြောက်တာရော  စိတ်လှုပ်ရှားတာပါ ရောထွေးနေပြီး ကိုကို့အနမ်းတွေကိုလိပ်ပြာမတုံ့ပြန်မိဘူး။
ပြောတော့ ရည်းစားတစ်ခါမှမထားဖူးဘူးဆို ဒါမျိုးကျအတွေ့အကြုံရင့်သန်လှချည်လား။
နှာခေါင်းကနေ အသက်ရှူလို့ရပေမဲ့ မွန်းကြပ်မှုကအလိပ်လိုက်တက်လာတာကြောင့် အနမ်းကြမ်းတွေနဲ့ အုပ်မိုးလာတဲ့ သူ့ကိုတွန်းထုတ်ပစ်လိုက်သည်။

"လိပ်ပြာကိုယ့်ကို စိတ်ဆိုးသွားတာလား..."

လိပ်ပြာသူ့မျက်နှာကိုမကြည့်ပဲ ဆက်မပြောရန်သာလက်ကာပြလိုက်သည်။

"အခုလောလောဆယ် ဘာမှလာမပြောပါနဲ့ ကျွန်မနှလုံးရောဂါရတော့မှာမို့..."

ဘုန်းမြတ်တစ်ချက်ပြုံးမိသွားသည်။
ငါ့‌ကောင်မလေးကတကယ့်အဖြူထည်လေးပါလား။

"အဲ့လောက်တောင် ဖြစ်သွားတာလား..."

"လူလည်ကြီး...ဘာမှလာမပြောနဲ့ ရှင့်အသံကိုတစ်စက်မှ မကြားချင်တာ..."

ကိုကိုကနေ "ရှင်"ဖြစ်သွားတဲ့သူမကြောင့်
ဘုန်းမြတ်မျက်ခုံးတစ်ဖက်တွန့်တက်သွားပြီး အားရအောင်ရယ်လိုက်ပါတော့သည်။
သူ့အပြစ်ကတော်တော်ကြီးသွားပုံရတယ် အသံတောင်မကြားချင်တော့တဲ့အထိဆိုတော့။

"မကြားချင်လည်း ကိုယ်ကတော့ပြောမှာပဲ နောက်‌ထပ်၊နောက်ထပ် အကြွေးတွေအများကြီးတင်အောင်ကိုလုပ်မှာ မယုံမရှိနဲ့...."

ရင်တုန်နေပါတယ်ဆိုမှ အသက်ပါထွက်အောင်လာကြေငြာနေတယ်။အမယ်လေး တွေးရင်းနဲ့ကြက်သီးမွှေးညှင်းတွေပါ ထလာသလိုပဲ။
ကိုကိုဟာလေ ခြိမ်းခြောက်တဲ့နေရာမှာတော့ ဆရာကြီးပါပဲ။
တစ်ခြားယောက်ျားတစ်ယောက်သာဆိုရင် နားရင်းကြီးကို ပိတ်ကာတီးလိုက်မှာပေမဲ့ ကိုကိုဆိုတော့လည်း မလုပ်ရက်ပါဘူး။

ကားလမ်းမကြီးအပေါ်မှ ဖြတ်ပြေးသွားတဲ့ကားလေးဟာ အရှိန်လျှင်မြန်လွန်းနေပေမဲ့ ချစ်ရသူနဲ့နှစ်ယောက်အတူရှိနေတာကြောင့် ရင်ထဲမှာနူးညံ့ညင်သာလွန်းတဲ့ အခိုက်အတန့်လေးပါပဲ။
ကားပြူတင်းပေါက်မှန်ကို နဲနဲချလိုက်ရာ တိုက်ခတ်လာတဲ့လေပြေရှိုင်းတွေကပင် ကဗျာဆန်ချင်နေသလိုပင်။

ရုတ်တရက်ပေါင်ပေါ်မှာတင်ထားတဲ့လက်ဖမိုး‌အပေါ်မှ နွေးထွေးမှုလေးကို ခံစားလိုက်မိတော့ ကိုကိုဖြစ်နေသည်။
မျက်လုံးကတော့ ရှေ့တည့်တည့်ကိုကြည့်နေပေမဲ့
သူ့ရဲ့လက်ဖဝါးကတော့ လိပ်ပြာရဲ့ သေးငယ်တဲ့လက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာပြီး နွေးထွေးမှုပေးနေလေသည်။
ကိုကိုဟာ လိပ်ပြာကိုသိပ်ချစ်တာပဲလား လိပ်ပြာမယုံနိုင်ဘူး။အခုလိပ်ပြာတို့ဟာ တကယ်ပဲချစ်သူတွေဖြစ်နေပါပြီ။စိတ်ထဲမှာတော့ အိပ်မက်မက်နေသလိုခံစားရတာကြောင့် လာလှုပ်နှိုးမဲ့သူမရှိပါစေနဲ့လို့သာ ဆုတောင်းမိပါတယ်။

🦋🦋🦋🦋🦋🦋🦋

ကြည်နူးစရာစုံတွဲလေးရဲ့အိပ်မက်ကို ဘယ်သူတွေကများ လာလှုပ်နှိုးမှာပါလိမ့်

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...