🦋အခန်း ၁၇ မှ အခန်း ၁၉ 🦋

  



🦋 ချစ်လိပ်ပြာလေး တဝဲလည်လည်🦋

                             အခန်း၁၇


ညနေစောင်းနေ၍ လိပ်ပြာဖြူကိုထမင်းစားရန်ဘကြီးလှစိန်ကအခေါ်ခိုင်းလိုက်ရာ သူအိပ်ခန်းထဲသို့ ၀င်လာမိသည်။

"အာ...ဆောရီး..."

အခန်းထဲ၀င်လာလာချင်း ထမီရင်လျှားနဲ့သူမကြောင့် ချက်ချင်းပဲ မျက်နှာလွှဲပြစ်လိုက်သည်။
သရဲတောင် ကြောက်တတ်ရမှန်းမသိပေမဲ့။
ဒါမျိုးကျတော့ ရင်တွေပန်းတွေပါတုန်သွားရသည်။
သက်ပြင်းတွေလည်း အကြိမ်ကြိမ်ချနေရတဲ့ အဖြစ်ရောက်နေသည်။

ရုတ်တရက်အခန်းထဲ ၀င်လာတဲ့သူ့ကြောင့် လိပ်ပြာပုဆိုးတစ်ထည်ကို ကောက်ခြုံလိုက်ရသည်။

"ရှင်.. အခန်းထဲ၀င်လာတာ..အသံလေးဘာလေးပေးပါအုံးလား..."

"ဆောရီး ကိုယ်တောင်းပန်ပါတယ်..."

တောင်းပန်ပါတယ်လည်း ပြောသေးတယ်အခုထိ မသွားသေးတဲ့ သူ့ကိုရှက်ဒေါသကအတော်ထွက်လာသည်။

"အဲ့မှာ ဘာရပ်လုပ်နေတာလဲ..ရှင်အခုထိ မသွားသေးဘူးလား.."

"အာ..ဟုတ်..ဟုတ်သားပဲ..."

အတင်းပဲ ကြမ်းပြင်ကြီးတောင် တစ်ဂျုန်း
ဂျုန်းမြည်အောင် ပြေးထွက်သွားတဲ့ သူ့ကြောင့်လိပ်ပြာလည်း မျက်နှာတွေပူနေမိသည်။

ခဏအရှက်ပြေနေပြီးနောက်  အိမ်ရှေ့သို့ထွက်လာလိုက်သည်။
ဘကြီးလှစိန်နဲ့ ကိုဘုန်းမြတ်က အိမ်ရှေ့
ကွပ်ပစ်မှာစကားပြောနေကြတော့ ဘကြီးလှစိန်ကိုမေးဖို့ မြန်းဖို့တောင် ရှက်အမ်းအမ်းဖြစ်နေရသည်။

"လုံမလေး..ရေသွားချိုးမလို့လား..."

"ဟုတ်တယ်ဘကြီး အဲ့ဒါ..ရေချိုဘယ်နားမှာရှိလည်း လိပ်ပြာကိုညွှန်းပါလားဟင်..."

"ဟ..ပင်လယ်ကြီးတစ်ခုလုံးရှိနေတာ
သွားမချိုးပဲ ဘယ့်နှယ်ရေချိုလိုက်ရှာနေတာလဲ..."

"ဒီမှာ ကျွန်မဖာဟာဘယ်ရေနဲ့ ချိုးချိုးပေါ့ ရှင့်အပူလား..."

မာန်‌ဆောင်‌နေတဲ့ နှစ်ယောက်ကြောင့်ဘကြီး
လှစိန်လည်း အနီးမှာဆော့နေကြတဲ့ ကရင်ကလေးငယ်တွေကို သူတို့ဘာသာစကားနဲ့တောထဲမှ စိမ့်စမ်းချောင်းဆီသို့လိုက်ပို့ရန်ပြောလိုက်သည်။

မိန်းမကိုစိတ်မချ၍ဆိုပြီး ကလေးတွေနဲ့ရောယောင်ကာ လိုက်သွားတဲ့ဘုန်းမြတ်ကိုကြည့်ပြီး ဘကြီးလှစိန်ကတော့ ပြုံး၍သာနေတော့သည်။

"တယ်လည်း မိန်းမချစ်တဲ့ကောင်လေးပဲ..
တစ်စက်မှကို မျက်စိရှေ့ကအပျောက်မခံတာ...
ငါငယ်ငယ်ကအတိုင်းပဲ..
အော်..သူတို့လေးတွေကြောင့် အတိတ်ကကြည့်နူးစရာတွေကို ပြန်အမှတ်ရနေမိပေမဲ့..မင်းကတော့မရှိရှာတော့ဘူးပေါ့ကွယ်..
မင်းမရှိတော့ပေမဲ့ မင်းခေါင်းချခဲ့တဲ့ ဟောဒီ့ကျွန်းလေးမှာပဲ လှစိန်အမြဲရှိနေပါ့မယ်..
သစ္စာကိုမိုးကောင်ကင်မှာအခြေတည်ထားပြီး..
မေတ္တာတွေကိုတော့ မိန်းမရေ မင်းအိပ်စက်နေတဲ့ မြေကြီးထဲမှာပဲ မြှုပ်နှံလိုက်ပါပြီကွယ်...
နောင်ဘ၀များမှာ ပြန်တွေ့ခဲ့ကြရင် ဟောဒီ့ပင်လယ်ပြင်ပြာကြီးထဲမှာ တို့ရဲ့အချစ်‌လှေကလေးနဲ့
ကူးခပ်ယှက်သန်းကြတာပေါ့ကွယ် "
*
*
*
*
ရေချိုးစရာရှိတာမချိုးပဲ ကလေးတွေနဲ့ ရေဆော့နေသည့်သူမကို အံ့ဩတကြီးဖြစ်နေရသည်။
ငယ်ငယ်ကလို ကလေးစိတ်ပဲမကုန်သေးတာလားမသိဘူး။
တွေ့တဲ့နေရာဟာ သူမရဲ့ကစားကွင်းလိုပဲ ‌ထင်နေပုံရတယ်။
တောကောင်တွေနဲ့ မသမာသူတွေရဲ့ရန်ကို သူကသာစိုးရိမ်ပြီး လိုက်လာမိတာ သူမကတော့ ဗိုလ်နေမြဲ၊ကျားနေမြဲပဲ။

"ဟာ...မပတ်နဲ့လေ...အဟား..ရတယ်..
ဒီလိုလား..ကဲဟာ...ကဲ..."

"ဗွမ်း...ဗွမ်း...."

ရွာမှာတုန်းကတော့ ရှက်သလို၊ကြောက်သလိုလုပ်နေပြီး အခုကျတော့ ကလေးတွေနဲ့ရေပတ်တိုင်းကစားနေလိုက်တာ သူ့ကိုတောင်ရှိတယ်ထင်သေးရဲ့လားမသိ။
စိတ်မရှည်တဲ့အဆုံး သူမတို့ရှိတဲ့စမ်းချောင်း အနီးမှာ ခါးထောက်ရပ်ပြီး အော်ဖို့လုပ်ရသည်။

"လိပ်ပြာဖြူ..ကလေးတွေနဲ့ရောယောင်ပြီးဆော့မနေနဲ့ ရေချိုးစရာ ရှိတာချိုး..."

အမယ် အခုမှမယ်မင်းကြီးမလေးက သူမရင်ဘတ်ကိုလက်နဲ့ကာပြီး သူ့ကိုပေစောင်းစောင်းပြန်ကြည့်လာသည်။

"ဒီမှာ ရှင့်ကိုခပ်ဝေးဝေးမှာ သွားနေဖို့ပြောထားတယ်လေ...နောက်ပြီးရှင်ကစိတ်မရှည်ရအောင် ရှင့်ကိုဘယ်သူကလိုက်လာခိုင်းလို့လဲ...အခုချက်ချင်းထွက်သွားနော်..."

"အဟာ့...ငါကလည်း မင်းကိုသိပ်ကြည့်ချင်လွန်းလို့မဟုတ်ဘူး..အချိန်ကိုလည်းကြည့်အုံး..
ညနေစောင်းတော့မယ်...မှောင်ရင် တောထဲမှာကပိုးမွှားတွေပေါတယ်တဲ့..အေး..ငါကတော့ မှောင်တာနဲ့ ပြန်ပြေးမှာပဲ...မင်ဖာသာ‌အဲ့မှာနေခဲ့..."

"ရှင်..ရှင်..တစ်ကိုယ်ကောင်းဆန်လှချည်လား..
လုပ်မယ်..လုပ်မယ်...ရှင်သာဝေးဝေးမှာနေ အခုချက်ချင်းရေချိုးပြီးတက်လာခဲ့မယ်...
ဟွန့်..."

အစောင်းစောင်း ၊အမဲမဲနှင့် ပြန်ရန်တွေ့နေသည့် ကောင်မလေးကို ကျောခိုင်းပြီး ခပ်လှမ်းလှမ်းမှ ကျောက်ဆောင်ကြီးဆီသို့ ပြန်သွားကာ ကျောက်ဆောင်ပေါ်မှာပဲ လှဲအိပ်နေလိုက်သည်။
*
*
*
*
အကျယ်ငါးပေပတ်‌လည်လောက်ပဲ ရှိသည့်ကျဉ်းမြောင်းလှတဲ့ နေရာကြီးကြောင့်
ဘုန်းမြတ်ဟာ အကြောက်တရားကိုခံစားနေရသည်။
ထိုနေရာကြီးက အေးစက်ပြီး ရေညှိ၊ရေမှော်တွေဟာ ရွံစရာကောင်းလောက်အောင် နေရာတိုင်းမှာ တွယ်ကပ်ပေါက်ရောက်နေကြသည်။
အော်ရလွန်းလို့ သူ့လည်ချောင်းတွေဟာ အက်ကွဲစပြုလာပြီ ၊ ကုတ်ဖဲ့တွယ်တက်ရလွန်းလို့ သူ့လက်ထိတ်ကလေးတွေဟာ သွေး‌စတွေတောင် ထွက်နေသည်။
တစ်ချို့ လက်သည်းတွေက အုတ်နံရံနဲ့ပွတ်တိုက်မိလွန်းလို့ ကျိုးပဲ့ပျက်စီးကုန်ချေပြီ။
သူအခုရောက်နေသည့်နေရာဟာ ခြောက်ခြားဖွယ်ရာရေတွင်းပျက်ကြီးတစ်ခုဖြစ်နေခြင်းကြောင့် သူ့ငိုသံ၊ ညည်းသံ ၊အကူအညီတောင်းခံသံတွေကို ဘယ်သူတစ်ဦး‌တစ်ယောက်ကများ ကြားနိုင်မတဲ့လည်း။
ကြားပါစေဦးတော့ မြိုင်ဟေ၀န် အိမ်ကြီး၏ ချောင်ကျကျနေရာတစ်ခုမှ ရေတွင်းပျက်ကြီးထဲမှာ ကလေးတစ်ယောက်ပိတ်မိနေတာကို ဘယ်သူကသိနိုင်ပါမည်လဲ။

ဤနေရာတွင် အလင်းရောင်ဆို၍ ရေတွင်းကြီး၏ အ၀တွင်ပိတ်ဆို့ထားသော သစ်သားပြားကြီး၏ အပေါက်ငယ်များမှ ထိုးထွက်လာသည့် အလင်းအမျှင်တန်းလေးတွေသာရှိပါသည်။
အခုဆိုသူဒီအထဲမှာ ပိတ်မိနေတာ ငါးရက်တိတိရှိသွားပြီ။
ရေတွင်းအ၀တွင်ရှိသော သစ်သွားပြားကြီးမှ
အလင်းတန်းလေးတွေ ပျောက်ကွယ်သွားတဲ့အခါကို ညလို့သတ်မှတ်လိုက်ပြီး ထိုအလင်းတန်းလေးတွေပေါ်လာပြန်ရင် နေ့လို့သတ်မှတ်ပြီးသာ တစ်နေ့တာကို ရေတွက်နေရသည်။

ဖေဖေကလည်း လာမခေါ်သလို၊မေမေကလည်း
"မေမေ..မေ့မေ့ကိုသူသိပ်ကြောက်တယ်" မေမေမဟုတ်ဘူး သူမကစုန်းမကြီးပဲ။
ဟုတ်တယ် မေတ္တာတရားခေါင်းပါးလွန်းတဲ့စုန်းမကြီး။
အဲ့ဒါဟာ သူ့အမေတဲ့လား။သူအသက် ရှစ်နှစ်လောက်တုန်းက မေမေဟာသားလေးလာအုံးဆိုပြီးခေါ်တယ်။
ထို့နောက် သူ့ပါးကိုဘယ်ပြန်၊ညာပြန်နမ်းရှိုက်ပစ်တယ်။
အားရစွာနမ်းရှိုက်ပြီးတဲ့နောက် သူမရဲ့လက်နှစ်ဖက်နဲ့ ဘုန်းမြတ်ရဲ့ပါးနုနုလေးတွေကို  သူမရဲ့လက်သည်းတွေ စူးနစ်နေတဲ့အထိ ညှစ်ပစ်တယ်။
"မေမေ..သားသားနာတယ်လို့ ငိုတော့.."
မေမေစုန်းမကြီးက တစ်ဟားဟားရယ်ပစ်ပြီး ဘုန်းမြတ်ရဲ့ပါးတွေကို ပြင်းထန်စွာတစ်ချက်ပြီး၊တစ်ချက်ရိုက်ပစ်တယ်။

ပါးစောင်တွေမှာလည်း သွေးတွေရဲတွတ်လာပြီး အစိမ်းရောင်အကြောအမျှင်တန်းလေးတွေ ထနေတတ်တဲ့ ဘုန်းမြတ်ရဲ့ပါး‌‌နုနု‌လေးမှာ လက်ဝါးရာနီနီကြီးတွေစွန်းထင်းကုန်ကြသည်။

"အား..."

ကြွက်တစ်ကောင်က သူ့ခြေဖမိုးအပေါ်မှ ဖြတ်လျှောက်သွားတာကြောင့် လက်ရှိရေတွင်းပျက်ကြီးထဲမှာ အစာရေစာငတ်ပြတ်စွာနေရတဲ့ဘ၀ကိုပြန်ရောက်ရှိလာသည်။

ရုတ်တရက် သူ့နဖူးပေါ်မှ အေးစက်မှုလေးတစ်ခုကို ခံစားလိုက်ရသည်။
သူမော့ကြည့်လိုက်တော့ သစ်သားပြားကြီးရဲ့ အပေါက်ငယ်လေးတွေကြားမှ မိုးစက်ကလေးများပင်ဖြစ်သည်။
"ဒါဆို အပြင်မှာအခုမိုးရွာနေတာပေါ့.."

သူမျက်လုံးများကို မှိတ်ချလိုက်ရင်း မစို့မပို့မိုးစက်လေးတွေရဲ့အရသာကိုသာခံစားနေမိသည်။
မိုးခြိမ်းလျှင် ကြောက်တတ်သလို့၊မိုးရွာရင် အပြင်ဘယ်တော့မှ ထွက်ခွင့်မရတဲ့ ဘုန်းမြတ်အတွက် ဒီအေးချမ်းမှုလေးက ဘုရားပေးတဲ့ဆုလာဒ်ပါပဲ။

"ကိုဘုန်းမြတ်..ကိုဘုန်းမြတ်ထအုံးလေ..."

တစ်ယောက်ယောက်ရဲ့ လှုပ်နှိုးမှုကြောင့် ခြောက်ခြားစရာအိပ်မက်မှ သူလန့်နိုးသွားရသည်။
လူတစ်ယောက်ဟာ သူ့ကိုလှုပ်နှိုးနေတာဖြစ်ပြီး ထိုလူရဲ့ဆံပင်များမှ ရေစက်များက သူ့အပေါ်သို့ တစ်ပေါက်ပေါက်ကျနေသည်။
အမြင်တွေဝေ‌ဝါးနေသလို ဖြစ်နေတာကြောင့် ထိုလူ၏ လက်မောင်းကို သူဆောင့်ဆွဲပစ်လိုက်သည်။

"အာ့...ရှင်..ရှင်...ဘာလုပ်တာလဲ...."

"ဟင်..မင်း..လိပ်ပြာဖြူ..."

သူဆွဲလိုက်တဲ့လူဟာ လိပ်ပြာဖြူဖြစ်လိမ့်မယ်လို့ သူမထင်ထားမိဘူး။
သူ့ရင်ခွင်ထဲမှာ သူမကိုပွေ့ထားသလိုဖြစ်နေပြီး ပုဆိုးခြုံထားပေမဲ့ လစ်ဟာသွားတဲ့ သူမရဲ့ ပုခုံး
ဖြူဖြူနုနုလေးကို သူ့ညာဘက်လက်ကတို့ထိမိနေ၍ လက်ဖျား‌တွေတောင်တုန်ရင်သွားရသည်။

အခုမှသူမရဲ့မျက်နှာကို သေချာကြည့်မိသည်။
သူမမှာ ကျဉ်းမြောင်းတဲ့နဖူးလေးရှိပြီး အဖျားတိုပြီး ဖြောင်းစင်းတဲ့နှာတံလေးရှိနေသည်။
ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေမှာ ခပ်ပြေပြေကော့ညွှန်နေတဲ့ မျက်တောင်တိုစိတ်စိတ်လေးတွေက နေရာယူထားသည်။
ထို့နောက် သုံးရက်လမင်းကွေးသဏ္ဍန်မျက်ခုံးလေး နဲ့ ပါးဖောင်းဖောင်းလေးတွေက တို့ထိကြည့်မည်ဆိုပါကအတော်လေးနူးညံ့လိမ့်မည်။

ထို့နောက် ပန်းသွေးရောင်သန်းနေသည့် အပေါ်နှုတ်ခမ်းပါးလေးနှင့် အောက်နှုတ်ခမ်းလုံးလုံးလေးက မျက်နှာလေးကို ပိုလို့ရုပ်လုံးကြွ လှပစေသည်။
ထို့နောက် သူမရဲ့လက်တိုင်ကြော့ကြော့လေး၊ပြီးတော့...

"ဟင်...ဘယ်ကိုလာကြည့်နေတာလဲ နှာဘူးရဲ့"

"‌ဒေါက်..."

"အာ့..လိပ်ပြာဖြူ မင်းကိုယ့်ခေါင်းကိုခေါက်တယ်.."

"ခေါက်ရုံတင်မဟုတ်ဘူး..အမွှေးတစ်မွှေးမှမကျန်အောင်ကို ဆွဲနှုတ်ပစ်ချင်တာ...
လာ..ကလေးတို့သွားမယ်..."

ကလေးအုပ်စုအနောက်မှ လိုက်သွားတဲ့သူမကိုကြည့်ပြီး သူလည်းခေါင်းနာနာနဲ့ပဲ ထရပ်လိုက်ရသည်။

တကယ်ပဲ ခုဏကသူဘာဖြစ်သွားတာလဲ။
သူဦးနှောက်ရဲ့ အခန်းလေးခန်းမှ တစ်ခန်းလွှတ်သွားပုံရတယ်။
ဒါပေမဲ့ တစ်ခါမှမထိတွေ့ဖူးတဲ့ လှပတဲ့အရာ
တစ်ခုကိုထိတွေ့ခွင့်ရလိုက်တာကတော့
သေချာတယ်သူ့ဦးနှောက်ထဲမှာ ဖျောက်လို့ရမှာမဟုတ်တော့ပါဘူး။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ကဲ ...လုံမလေးရေ ပြီးပြီလား..."

"ပြီးပါပြီ...အဘရဲ့..."

မီးပုံပွဲသို့သွားဖို့အရေး ပြင်နေဆင်နေလိုက်တာမပြီးနိုင်တဲ့သူမကို စိတ်မရှည်ဖြစ်နေရသည်။
ဘကြီးလှစိန်နှင့်သူ အိမ်ရှေ့မှာစကားပြောရင်းစောင့်နေရတာပဲ နာရီ၀က်လောက်ရှိနေပြီ သူမကထွက်မလာသေး။

"လာပြီ...အဘရေ...လာပြီ..."

ခြေတံရှည်အိမ်လေးပေါ်မှဆင်းလာတဲ့ သူမကိုလည်းတွေ့လိုက်ရော ခုဏကတိုနေတဲ့စိတ်တွေဟာ ဘယ်ကမ္ဘာရောက်လို့ရောက်‌မှန်းမသိဖြစ်သွားရသည်။

ကရင်ရိုးရာအင်္ကျီအနီရောင်လေးနဲ့ ကရင်လုံချည်အနီလေးကို ၀တ်ဆင်ထားတဲ့သူမဟာ သိပ်ကိုလှလွန်းတဲ့ တိုင်းရင်းသူလေးတစ်ယောက်လိုပါပဲ။

ခေါင်းစည်းစလေးကို ခေါင်းမှာမစည်းပဲ သူမရဲ့ဆံပင်အရှည်ကြီးမှာ ခပ်လျော့လျော့လေးစည်းနှောင်ထားတာကလည်း ကျက်သရေတစ်မျိုးပင်။
မျက်နှာလေးက အခြယ်အသကင်းမဲ့နေရပေမဲ့ ဖြူစင်သည့်သူမရုပ်လွှာကို ဖုံးကွယ်ထားလို့မရပေ။

"ဘာကြည့်နေတာလဲ...သွားမယ်လေ..."

"အော်...အင်း...သွားကြတာပေါ့..."

သူ့ဆံပင်တွေကို ထိုးဖွပစ်ပြီး ဘကြီးလှစိန်
၏အနောက်မှ လမ်းလျှောက်နေတဲ့သူ့ကို မျက်စောင်းထိုးပစ်လိုက်သည်။
လိပ်ပြာသိတာပေါ့ သူ့စိတ်ထဲမှာ ကြိတ်ဝေဖန်နေမယ်ဆိုတာ။
သနပ်ခါးမလိမ်းထားတဲ့ကိုယ့်ရုပ်က ပြောင်ချော်နေပြီး၊ ကိုယ်နဲ့မတော်တဲ့ ခပ်ပွပွရိုးရာ၀တ်စုံကြောင့် အရုပ်ဆိုးနေမှန်းသိပါတယ်။
ဒါပေမဲ့ ဒီလိုလာကြည့်ရင်တော့ မကြိုက်ပါဘူး။
*
*
*
🦋🦋🦋🦋🦋🦋🦋🦋🦋🦋

သဲသောင်ပြင်အေးအေးပေါ်မှာ လေတစ်ဖြူးဖြူကို အရသာခံရှူရှိုက်ရင်း ရိုးရာတေးသံသာတွေကို နားဆင်ရတာဟာလည်း တကယ်ချိုမြိန်တဲ့အရသာဟု ပြောမည်ဆိုပါက လွန်မည်မဟုတ်ပေ။
အဘလှစိန်ဟာ ကရင်လူမျိုးတွေကြားမှာ သဲ‌ပြင်ပေါ်မှာပဲ အကျအနထိုင်ချရင်း မယ်ဒလင်ကို လက်ရာမြောက်စွာတီးပြနေသည်မှာ မခေလှပေ။

ဆလုံလူမျိုးများတွင် သူတို့သက်ဆိုင်ရာဘာသာစကားနှင့် ‌နှီးနှောဖလှယ်နေကြသူတွေလည်းရှိကြသလို အလျှံတစ်ငြီးငြီး ထိန်ထိန်ဟီးနေတဲ့ မီးပုံကြီးကိုပတ်၍ ကခုန်‌သူတွေကလည်း ရွှင်ပြသောမျက်နှာထားများနှင့် အင်မတန်ချစ်စရာ‌ကောင်း
သည့် မြင်ကွင်းလေးပင်။

ဤကျွန်း၏ထူးဆန်းမှုမှာ ရေပြင်မှာကျက်စား၊ ပထဝီမြေကြီးကို သခင်လုပ်၊သဘာ၀ကို သူငယ်ချင်းဖွဲ့ထားသည့် အသားညိုသောဆလုံလူမျိုးများနှင့် သဘောမနောကောင်းတဲ့မျက်နှာထားလေးတွေကို ပိုင်ဆိုင်ထားကြသည့် အသားဖြူဖြူ ကရင်လူမျိုးတို့ ရောယှက်နေကြခြင်းပင်ဖြစ်သည်။

"ဟေ့...ဟေ့..ဟေ့.."

အလျား၆ပေ ၊အနံ၆ပေလောက်ရှိသည့်
မီးညွှန့်တလူလူတက်နေပြီး မီးပွင့်များ
တဖောက်ဖောက်လွှင့်ပျံနေသည်ကို မမှုပဲ ပျော်ပါးကခုန်နေကြသူတွေကို ကြည့်နေရင်းမှ လိပ်ပြာဖြူတို့ထိုင်နေရာဆီသို့ အကြည့်ရောက်သွားမိသည်။

ကရင်ကြီးတို့ အတင်းတိုက်ကြတဲ့အရက်အရှိန်ကြောင့်ရော လူကနဲနဲထွေချင်နေသည်။
သူချက်ချင်းထရပ်လိုက်ပြီး မီးပုံကြီးကို လက်ယာရစ်ကာ သူ့ကိုလွှမ်းမိုးထားတဲ့ အနီရောင်လေးဆီသို့ သူ့ခြေလှမ်းတွေကဦးတည်နေသည်။
*
*
*
"ဟင်....ဘာလုပ်တာလဲ..."

ပျားရည်တွေသောက်ပြီး လက်လုပ်မုန့်ကလေးတွေကို နှိုက်၍မြည်းကြည့်နေသည့် လိပ်ပြာရဲ့လက်ကို အကြမ်းပတမ်းဆွဲကိုင်လိုက်သူကို မော့ကြည့်လိုက်တော့ ကိုဘုန်းမြတ်ဖြစ်နေသည်။

"ကိုယ်တို့..စကားခဏပြောရအောင်..."

"ဟာ...ဒီမှာမုန့်..."

လိပ်ပြာရဲ့စကားမဆုံးခင်မှာပဲ တရကြမ်း‌ဆွဲခေါ်ခံလိုက်ရတာကြောင့် ကိုင်ထားပြီးသားမုန့်ကလေးတွေတောင် သဲထဲကိုပြုတ်ကျကုန်သည်။

ဘာစကားမှမပြောပဲ အတင်းလက်ကိုပဲဆွဲပြေးတဲ့သူ့ကြောင့် လိပ်ပြာရဲ့ဆံပင်မှာ ခပ်ပြေပြေစည်းထားတဲ့ပုဝါလေးတောင် လေနှင့်လွှင့်ပြီး ရေလှိုင်းတွေအနောက်သို့ လိုက်ပါသွားပြီ ထင်ပါရဲ့။

"ရှင်...ဘယ်အထိပြေးနေအုံးမှာလည်း..ကျွန်မလက်ကိုလွှတ်..."

လေတစ်ဟူးဟူးတိုက်ခတ်နေ၍ သူ့မရဲ့ဆံနွယ်လေးတွေဟာလည်း ကဗျာဆန်စွာ လေပြေနဲ့အပြိုင်ယိမ်းနွဲ့နေတာကပင် ဘုန်းမြတ်အတွက်လှပလွန်းတဲ့ ပုံရိပ်လွှာလေးဖြစ်နေသည်။

လရိပ်ထင်နေသည့် ရေလှိုင်းတွေကို ကျောပေးပြီး သူမမျက်နှာလေးကို သူတစိမ့်စိမ့်ကြည့်နေမိသည်။

"ကျွန်မမျက်နှာကို ဘာလို့အဲ့လောက်ကြည့်နေတာလဲ.."

"လှလို့ပေါ့.."

"ဟင်..."

ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်ပြီး သူ့ကိုကြည့်လိုက်တော့ လိပ်ပြာရဲ့နှလုံးသားလေးဟာ တစ်ဒုန်းဒုန်းထခုန်တော့သည်။

သူ့အကြည့်တွေကတစ်မျိုးပဲ။ဒီလိုအကြည့်မျိုးကို သူ့ထံမှာတွေ့ရတာ လိပ်ပြာအတွက်တော့ဒါပထမဆုံးပဲ။
လိပ်ပြာကသာပျားအုံကြီးဆိုရင် ချိုမြိန်လွန်းလှချည်ရဲ့လို့ တစ်ဆာဆာအော်ဟစ်နေသည့်
ပျားဖွတ်သမား၏အကြည့်မျိုးတွေက သူ့မျက်၀န်းမှာအထင်းသားမြင်နေရသည်။

"ပထမဦးဆုံး..ကိုယ်ပြောချင်တာက ...
ဒီကျွန်းမှာ ကိုယ်ခံစားချက်မျိုးစုံကို ရရှိလိုက်တယ်ဆိုတာပဲ..
နွေးထွေးကြင်နာမှု၊ ပျော်ရွှင်လွတ်လပ်မှု၊
မိသားစုဆိုတဲ့ချိုမြိန်မှုလေးနဲ့..ပြီးတော့..."

"ပြီးတော့..ပြီးတော့ဘာဖြစ်လဲဆက်ပြောလေ..."

ရေလှိုင်းတွေထဲမှာ ရပ်နေရာမှ လိပ်ပြာရဲ့ရှေ့တည့်တည့်ဆီသို့ သူလျှောက်လာလေသည်။
ပြီးနောက် လိပ်ပြာကိုရွှန်းရွှန်းစားစားကြည့်လာသည်။

"အချစ်....ကိုယ်အချစ်ဆိုတာကို ရှာတွေ့ခဲ့တယ်.."

သူ့စကားကြောင့် လိပ်ပြာကြောင်တောင်
တောင်ဖြစ်နေစဉ်မှာပဲ ရေစပ်အနားသို့တဖန်ပြေးသွားပြီး ကလေးတစ်ယောက်လို ထအော်သည်။

"ပင်လယ်ကြီးရေ ကျွန်တော်လိပ်ပြာကိုသိပ်ချစ်မိသွားပြီဗျာ....ကျွန်တော်ပြောတာကို ခင်ဗျားတို့ကြားရဲ့လား...ကျွန်တော်အချစ်ကိုရှာတွေ့ပြီဗျို့."

"ရှင်မူးနေတာလား...ဘာတွေလျှောက်အော်နေတာလဲ..."

လိပ်ပြာသူ့ကိုအော်ပြောလိုက်တော့ လိပ်ပြာအနားသို့ သူပြန်ပြေးလာပြန်သည်။

"လိပ်ပြာ...ကိုယ်တစ်ခါမှချစ်သူမထားဖူးဘူး..ဒါကြောင့်မိန်းကလေးတစ်ယောက် သဘောကျအောင်ဘယ်လိုဖွဲ့နွဲ့ပြီး ဖွင့်ပြောရမလဲဆိုတာလည်း..ကိုယ်မသိဘူး...ဒါပေမဲ့ ချစ်သူတစ်ယောက်အနေနဲ့တော့ လိပ်ပြာကျေနပ်အောင်ကိုယ်အတတ်နိုင်ဆုံးကြိုးစားပါ့မယ်လို့ ကတိပေးနိုင်ပါတယ်.."

"ကျွန်မက လက်မခံဘူးဆိုရင်ရော..."

"ကိုယ်ဟာလွယ်လွယ်နဲ့အရှုံးပေးတတ်တဲ့လူလို့ ထင်နေတာလား..."

လာပြန်ပြီးနောက်တစ်ယောက်။ယောက်ျားတွေဟာ တစ်ကိုယ်ကောင်းသမားတွေပဲ မိန်းကလေးတစ်ယောက်က မချစ်မနှစ်သက်လို့ငြင်းလိုက်ရင် နောက်ဆုတ်ပေးရမယ်ဆိုတဲ့ ဉာဏ်မပါလာကြဘူးလား။

"ကျွန်မကရုပ်လည်းမချောဘူး...ဘာဆိုဘာမှမတော်တဲ့မိန်းမ...ရှင့်ပတ်၀န်းကျင်မှာ ကျွန်မထက်သာတဲ့ လူတွေမှတစ်ပုံကြီးပဲ..ဘာကြောင့်ကျွန်မလဲ..."

သူမရဲ့စမ်းသပ်ချက်က လွယ်ကူလွန်းလို့
ဘုန်းမြတ်တစ်ချက်ပြုံးလိုက်သည်။

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး...
ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..
ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်...
အဲဒီ့မိန်းက‌လေးကလည်း မင်းတစ်ယောက်ပဲရှိတယ်..
ရုပ်ရည်ပိုင်းဆိုင်ရာအရ..ကိုယ့်မျက်လုံးထဲမှာတော့ မင်းကသာအလှဆုံးပဲ...
အရည်အချင်းပိုင်းဆိုင်ရာမှာဆိုလည်း...
ကိုယ့်နှလုံးသားကိုနွေးအောင်လုပ်ပေးနိုင်တဲ့ အရည်အချင်းဟာ
လိပ်ပြာ...မင်းတစ်ယောက်ထဲမှာပဲရှိတယ်..."

ချစ်စကား၊ကြိုက်စကားမပြောတတ်လို့ပဲ။
ဒီနေရာမှာ အခြားသူသာဆိုရင် ပစ်ကြွေပြီးမေ့လဲလောက်တယ်။

သူဟာလွန်ခဲ့တဲ့ကိုးနှစ်လောက်က လိပ်ပြာကို ခင်မင်မှုတစ်ချက်ကလေးတောင်မပြခဲ့သူဖြစ်သလို လိပ်ပြာရဲ့ဖွင့်ဟ၀န်ခံမှုလေးကိုတောင်
မသိကျိုးကျွံပြုခဲ့တဲ့လူပါ။
ဒီလူကပဲ အခုလိပ်ပြာကို သိပ်ချစ်ပါသတဲ့။
ယုံလိုက်ရင် လိပ်ပြာသိပ်ရူးမိုက်သွားမှာပေါ့။
လူတစ်ယောက်ထဲဆီမှရတဲ့နှောင်တ တရားကို တစ်ခါပဲ ခံယူပါရ‌စေ။

မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းကို
ဥပက္ခာပြုခဲ့တဲ့ရှင့်လိုလူကို လိပ်ပြာယုံရင်သိပ်မှားသွားမှာပေါ့။

"လိပ်ပြာ...စဉ်းစားပေးပါ့မယ်...ဒါပေမဲ့ ..နိုးဆိုရင်လည်း ရှင်လက်ခံရမယ်..."

ဒီစကားတစ်ခွန်းသာပြောပြီး ထွက်သွားတဲ့သူမကိုကြည့်ကာ သူတစ်ချက်ပြုံးလိုက်မိသည်။

"လိပ်ပြာ...မင်းကိုယ့်ကို သိပ်အထင်သေးတာပဲ
ကိုယ့်အတွက်..နိုးဆိုတဲ့စကားလုံး...မရှိဘူး..."

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋

"ဇာတ်လမ်းက အခုမှစတာ..."

"ဒီဇာတ်မှာ ဘုန်းမြတ်ရဲ့နောက်ကြောင်းကိုဝှက်ထားတာ Uတို့သတိထားမိလား"


========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၁၈


ကောင်းကင်မှမှိတ်တုတ်၊မှိတ်တုတ်ကြယ်ကလေးတွေဟာ စိန်စီထားသည့်နယ် လှပလွန်းနေပါသည်။
ဖိုးလမင်းကြီးကလည်းထိန်ထိန်သာလို့ ဒီလို ကြည်လင်လွန်းတဲ့ ညကောင်းကင်ယံရဲ့အလှကို မြို့မှာဆိုရင် အပြည့်အ၀ခံစားနိုင်မယ်မထင်ဘူး။

လရောင်ရိပ်ကိုမှီခိုရင်း ဘကြီးလှစိန်ကအရှေ့ကလမ်းပြနေပြီး ကရင်လူလတ်ပိုင်းနှစ်ယောက်က အမူးလွန်နေတဲ့ ကိုယ်တော်ချောကို ဟိုဘက်တစ်ယောက်၊ဒီဘက်တစ်ယောက်မကာ အိမ်အရောက်လိုက်ပို့နေကြ‌လေသည်။

လိပ်ပြာစိတ်ညစ်လိုက်တာ သူများဒေသကိုလာပြီး အရက်ကိုမူးရူးအောင် သောက်ရတယ်လို့ သူ့မှာဘာဝေဒနာတွေများ အဲ့လောက်အကြီးအကျယ် ခံစားနေရလို့လဲ။

"ကဲ လုံမလေးရေ အိမ်ရှေ့ခန်းမှာပဲ ခြင်ထောင်ထောင်သိပ်လိုက်..လုံမလေးကတော့ အခန်းထဲမှာ၀င်အိပ်ပေါ့..

"ဟုတ်ကဲ့ အဘ..."

လိပ်ပြာမှာ ဖျာအမြန်ခင်းပြီး သူ့ကိုအရင်လှဲခိုင်းရသည်။
ခြင်ထောင်ထောင်ပေးပြီးနောက် ခြင်၀င်မှာဆိုးလို့ သူ့ခြင်ထောင်ထဲသို့၀င်ပြီး အောက်အနားစတွေကိုဖျာအောက်သွင်းပေးရပြန်တယ်။

"လိပ်ပြာ..ကိုယ့်ကိုချစ်တယ် မဟုတ်လားဟင်..."

အိပ်နေရင်းမှ လက်ကောက်၀တ်ကိုလှမ်းဆွဲပြီး သူ့ပါးမှာကပ်ကာ လာချွဲနွဲ့ပြနေသည်။
လိပ်ပြာခပ်ရှက်ရှက်နဲ့ အဘကိုကြည့်လိုက် လက်ကိုမရမကရုန်းလိုက်လိုက်နေရသည့်အဖြစ်က တော်တော် ကိုးရိုးကားယားနိုင်လှသည်။

"ကိုဘုန်းမြတ်!!!!!ရှင်ဘယ်လိုဖြစ်နေတာလဲ...အခုချက်ချင်း လက်ကိုလွှတ်နော်..."

"ဟင့်အင်း..လွှတ်ဘူး..လွှတ်ဘူး..."

"ကဲ..ကဲ...လုံမလေးရေ...အဘမီးပုံပွဲကို ပြန်ပြီး
တစ်ပွဲထပ်နွှဲလိုက်အုံးမယ်...အေးဆေးနေကျပေါ့နော့်..."

ပြုံးစိစိလုပ်ပြီး ထွက်သွားတဲ့အဘလှစိန်ကြောင့် လိပ်ပြာအရှက်ပိုပြီး လက်ကိုအတင်းဆောင့်ဆွဲလိုက်ကာမှ ကိုယ်တော်က မျက်လုံးပွင့်သွားပြီးချက်ချင်းငုတ်တုတ် ထထိုင်လာသည်။

လိပ်ပြာရဲ့ လက်ကလေးကိုပိုမိုတင်းကျပ်စွာဆုပ်ကိုင်လာပြီး သူ့နှလုံးသားရှိရာ ဝဲဘက်ရင်အုံဆီသို့ ထိကပ်လိုက်သည်။

"ကိုယ်..လိပ်ပြာကိုသိပ်မြတ်နိုးတယ်...တစ်နေ့နေ့မှာ လိပ်ပြာနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ကိုယ်ပြောပြမယ်..."

"ဘာလျှို့ဝှက်ချက်လည်း..."

လိပ်ပြာရဲ့အမေးကြောင့် သူကသွားချွန်ချွန်လေးတွေပေါ်အောင် ပြုံးပြလာသည်။
တကယ်ပါပဲ နဂိုကမှပြုံးယောင်သန်းနေတဲ့ သူ့နှုတ်ခမ်းလေး တစ်ချက်ကွေးညွှတ်ပြီး ရယ်လိုက်တိုင်း လိပ်ပြာအမြဲသတိလက်လွှတ်ငေးမောနေမိတာပါ။

"အဟာ့...လျှို့ဝှက်ချက်ပါဆိုနေမှ ပြောပြလို့မရဘူးလေ.. ပြောပြစေချင်ရင် အဖြေပေး..."

"ဟာ..မပေးချင်သေးဘူးလို့..."

"ဘာလို့လဲ..."

"ရှင့်ကိုမယုံသေးလို့ပါလို့..."ပြောလိုက်ချင်ပေမဲ့ ရင်ထဲမှာသာထားလိုက်ပါသည်။

ဘာမှပြန်မဖြေပဲ ခေါင်းကြီးသာတွင်တွင်ငုံ့ထားသည့် သူမရဲ့ညာဘက်ပါးပြင်လေးကို ပြူတင်းပေါက်မှ ကျရောက်နေတဲ့ လရဲ့အလင်းရောင်က တိုက်ရိုက်သက်ရောက်နေသည်။
အရက်ရဲ့ လှုံ့ဆော်မှုကြောင့်ရော ဟော်မှုန်းဓာတ်တို့ရဲ့တွန်းအားကို သူဘယ်လိုမှမတွန်းလှန်နိုင်ဖြစ်နေရကာ ထိုပါးပြင်လေးကို သူနမ်းရှိုက်ပစ်လိုက်သည်။

"ရှင်...ရှင်...ဘာလုပ်တာလဲ..."

"နမ်းလိုက်တာလေ..."

"ဘာ...နမ်းချင်အုံး...အင့်ဟယ်..အင့်ဟယ်..."

"အာ့..အာ့...ကြောက်ပါပြီဗျ..."

"သွား...အဲ့အဖြေလည်း...တစ်သက်လုံးမပေးဘူးမှတ်...."

သူ့ရင်ဘတ်ကို တစ်အားထုရိုက်ပြီး ထွက်ပြေးသွားတဲ့ ကောင်မလေးကြာင့် နာရမှန်းတောင်မသိတော့ပဲ ပြုံးပြီးသာကျန်နေခဲ့တော့သည်။

သူမထုရိုက်သွားတဲ့ ရင်ဘတ်လေးအပေါ်ကို လက်တင်ပြီး အတွေးပေါင်းများစွာနှင့် ထိုညမှာတော့ သူအိပ်စက်လို့ကောင်းခဲ့ပါပြီ။

🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"ကိုဘုန်းမြတ်...ကိုဘုန်းမြတ်..."

"အင်...ဘာ...ဘာလဲ...ဘာဖြစ်လို့လဲ..."

"ဘာမှမလဲနဲ့ အဘလှစိန်ရဲ့မော်တော်ဆိုက်နေပြီ...ရှင်ထပြီးပြင်ဆင်တော့..."

"..တကယ်..."

"အင်း...ထ..မျက်နှာသစ်၊သွားတိုက်...ရေချိုးချင်ရင်ချိုးလိုက်...ပြီးရင်ရှင်အမူးပြေအောင် လိပ်ပြာ‌ ရေနွေးနဲ့ဂျင်းဖျော်ထားမယ်..မီးဖိုတဲထဲမှာလာယူ..
ကြားလား..."

"အင်း...ကြားတယ်..."

‌သစ်သားယောက်မကြီးကို လက်တစ်ဖက်ကကိုင်ပြီး အိမ်အောက်ကိုပြန်ဆင်းသွားတဲ့ သူမကို
အိပ်မှုန်ဆုံမွှား မျက်လုံးများနဲ့ကြည့်နေမိသည်။

ခြင်ထောင်အပြင်ကိုထွက်လိုက်တော့မှ သူရောက်နေတာအိမ်ရှေ့ခန်း၊ဘုရားစင်အောက်မှာဖြစ်နေမှန်းသိလိုက်ရသည်။

ကြည့်ရတာ ဘကြီးလှစိန်ရဲ့ခြင်ထောင်ဘေးမှာသူ့ကို ခြင်ထောင်နဲ့သိပ်ထားတာပဲ။
ညကသူဘယ်လိုကနေ ဘယ်လိုဒီအိမ်ကိုပြန်ရောက်လာလဲတောင် သူမမှတ်မိဘူးဖြစ်နေသည်။

လက်ဖဝါးကိုနားထင်ပေါ်တင်ပြီး နားထင်ကြောတွေကိုနှိပ်ရင်း ပြန်စဉ်းစားနေမိသည်။
ညတုန်းက အရက်သောက်လိုက်တာတော့သူမှတ်မိတယ်။
အဲဒီ့နောက်ပိုင်း သူဘာတွေလုပ်ခဲ့လဲဆိုတာ လုံး၀ကို အစဖော်မရဖြစ်နေသည်။

လက်ကနာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီထိုးနေပြီ။
မော်တော်ရောက်နေပြီဆိုမှ သူလုပ်ရမည့်အလုပ်တာ၀န်တွေကိုသွား၍ သတိရမိသည်။

ချက်ချင်းထရပ်ပြီး အိမ်ပေါ်မှဆင်းလာတော့ ဘကြီးက အိမ်ရှေ့ကွပ်ပစ်မှာ ရေနွေးကြမ်းလေးသောက်လိုက် ဆေးလိပ်လေးဖွာလိုက်လုပ်နေပြီး
ရနောင်းမှာ ကုန်သွားချခဲ့ဟန်တူသည့် လူကြီးနှစ်ယောက်နှင့် စာရင်းအင်းတွေ‌တွက်ချက်နေလေသည်။

"ဟော...လူလေး..နိုးပြီလားကွ..."

"ဟုတ်ကဲ့...အဘ..."

"အေးအေး..မော်တော်လည်းပြန်ရောက်ပြီဆိုတော့ နေထွက်ရင် လူလေးတို့သွားလိုရာကို လိုက်ပို့ပေးလို့ရပါပြီ...
လုံမလေးကတော့ မနက်လေးနာရီထဲက မီးဖိုတဲမှာအလုပ်ရှုပ်နေလေရဲ့..
အဘကိုချက်ပြုတ်ပေးခဲ့ဖို့တဲ့...
မလုပ်ပါနဲ့ဆိုတာဘယ်လိုပြောပြောကိုမရတာကွယ်..
ကဲ..ကဲ..လူလေးလည်း မျက်နှာသစ်ပြီး..သိမ်းစရာရှိတာသိမ်းတော့..ဟုတ်ပြီလား....."

"ဟုတ်ကဲ့အဘ..အဘလည်းလုပ်စရာရှိတာဆက်လုပ်ပါ...အကူအညီလိုလည်း..
ကျွန်တော့်ကိုပြောပေါ့..."

"ရပါတယ်ကွာ..ကဲ..ကဲ..သွား..တော်ကြာမင့်မိန်းမဆူနေအုံးမယ်..."

🦋🦋🦋🦋🦋🦋🦋🦋🦋

မျက်နှာသစ်၊သွားတိုက်ကာ ကိုယ်လက်ဆေးကြောလိုက်ပြီးနောက် မီးဖိုတဲထဲသို့သူ၀င်လာလိုက်သည်။
မီဖိုတဲဆိုပေမဲ့ အမိုးလေးနဲ့ ဘေးအကာလေးပဲရှိကာ ကြမ်းခင်းမပါသည့်အဆောက်အဦးလေးဖြစ်သည်။
လျှပ်စစ်မီးဆိုတာလည်း မရှိတာကြောင့် ရေနံဆီထဲကိုမီးစာထည့်ပြီး မီးခွက်နှင့် ထွန်းထားမှသာ မှိန်ပြပြအလင်းရောင်ကို ရလေသည်။

မိန်းကလေးတစ်ယောက်ဟင်းချက်နေတာကို ကြည့်ကောင်းကောင်းနဲ့ကြည့်မိနေတာ ဘုန်းမြတ်အတွက်ဒါပထမဆုံးပဲ။
လိပ်ပြာဖြူဟာမှောင်မဲနေတဲ့ မီးဖိုတဲလေးထဲမှာ လက်တစ်ဖက်ကမီးခွက်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်က ဟင်းအိုးကိုမွှေခတ်နေ‌သည်။

"အဟွတ်...အဟွတ်.."

တဲတစ်ခုလုံး ဟင်း‌ညော်နံ့တွေ မွှန်ထွက်နေ၍ သူအရမ်းအသက်ရှူကြပ်လာပြီး ချောင်းဆိုးမိတော့သည်။

"ဟင်..ရှင်ရောက်နေတာလား..အသံလေးဘာလေး..မပေးဘူး.. ရော့..ရေနွေး‌ထဲမှာဂျင်းကိုလှီးပြီးစိမ်ထားတယ်...သောက်လိုက်..ဒီမှာတော့အမူးပြေအောင်..ဒါပဲဖျော်တိုက်လို့ရမယ်..."

သစ်သားပန်ကန်စင်လေးအပေါ်မှ သူမပြောတဲ့ခွက်ကလေးကို သူကိုင်ကြည့်ပြီးမှ သောက်ရမဲ့အရေးကိုတွေးပြီးကြောက်နေတော့သည်။

ညကအရက်သောက်ထား၍ ခေါင်းကိုက်နေတာကတော့ အမှန်ပါ။
ဒါပေမဲ့ ဒီဟာကိုသာသောက်လိုက်ရင် ပိုခေါင်းကိုက်မှာသေချာတယ်။

လိပ်ပြာငါးပြာ‌ရေကြော်ချက်နေရင်းမှ သူ့ကိုလှမ်းကြည့်လိုက်တော့ မျက်နှာက ဘီလူးသံပုရာသီးကိုက်မိသလို ရုပ်မျိုးဖြစ်နေသည်။

"ရှင့်မျက်နှာက ရှုံ့တွပြီးဘာဖြစ်နေတာလဲ..
သောက်မှာလား..မသောက်ဘူးလား...
ဒီက မအားတဲ့ကြားက လုပ်ပေးထားတဲ့ဟာကို...မသောက်ချင်လဲ သွန်လိုက်တော့မယ်..."

"ဟာ..မလုပ်...မလုပ်နဲ့လေ..သောက်မှာပေါ့..."

မယ်စိတ်တိုကလည်း လူကောင်သေးသလောက် စိတ်ကပါလူစဉ်မမှီပါလား။
သူ့လက်ထဲကခွက်ကို သွန်မယ်တကဲကဲလုပ်ပြီး အတင်းလာလုနေလို့ မနည်းပြန်လုယူရသည်။

သူ့‌ရှေ့မှာ ခါးထောက်၊မျက်လုံးပြူးပြပြီး သောက်မှာလား၊မသောက်ဘူးလားဆိုကာ မေးငေါ့ပြနေတဲ့သူမကြောင့် နှာခေါင်းကို လက်နဲ့ပိတ်ပြီး တစ်ချိုးထဲမော့သောက်ပြလိုက်ရသည်။

"ကျေနပ်ပြီလား..."

"အင်း..."

သူ့လက်ထဲက ခွက်ကိုပြန်ယူကာ ရေဆေးလိုက်ပြီး သူမချက်စရာရှိတာဆက်ချက်နေလေသည်။

"မင်း..လေးနာရီထဲကထတာဆို.."

"အင်း..."

သူ့ထက်တောင် စကားနည်းပြနေတဲ့သူမကြောင့် ဘုန်းမြတ်မျက်ခုံးတစ်ဖက်ပင့်တက်သွားရသည်။

"ဘာဟင်းတွေ..ချက်နေတာလဲ.."

"ပုစွန်ငါးပြာရည်ကြော်ရယ်၊ငါးခြောက်ကိုဖုတ်ပြီး ထွင်ထားလိုက်မယ်..ပြီးရင်ဖန်ပုလင်းထဲမှာဆီစိမ်ထားလိုက်မယ်လေ...ဒါဆိုနှစ်ရက်၊သုံးရက်လောက်တော့ စားလို့ရလောက်တယ်..."

"အခုချက်နေတာဘာဟင်းလဲ..ဂုံးလား..မွှေးနေတာပဲ"

"အင်း..ဂုံးကိုကြက်သွန်ဖြူများများလေးနဲ့ အခြောက်ကလေးချက်ထားခဲ့မလို့..."

"ဘကြီးလှစိန်ကတော့..မင်းကိုသိပ်ကျေးဇူးတင်နေတော့မှာပဲ..."

"အို့...ကျွန်မတို့ကသာသူ့ကို ကျေးဇူးတင်ရမှာပါ..
ဘကြီးရှိနေလို့ ဒီကျွန်းပေါ်မှာမပူမပင်ပဲ
နေနိုင်တာ..မဟုတ်ရင်..သူများစကားလည်းကိုယ်နားမလည်..ကိုယ့်စကားလည်း သူများနားမလည်နဲ့...သေချင်ဆော်ကိုနံနေမှာ သေချာတယ်..."

"အင်း..ကိုယ်လည်းဘကြီးလှစိန်ကို ကျေးဇူးဆပ်ဖို့ တစ်ခုခုကြံအုံးမှပဲ..
အော်...ဒါနဲ့..ညက ကိုယ့်ကိုဘယ်သူခေါ်လာခဲ့တာလဲ...
အမူးလွန်ပြီး ညကကိစ္စတွေကို တစ်ခုမှ
မမှတ်မိတော့ဘူး ဖြစ်နေတယ်..."

သူ့စကားကြောင့် ဟင်းအိုးကိုမွှေမဲ့ သစ်သားယောက်မတောင် အိုးထဲသို့ "ဂလွမ်" ဆိုပြီးပြုတ်ကျသွားရသည်။
အယောင်ယောင်အမှားမှားတွေဖြစ်ပြီး ယောက်မကြီးကို ချက်ချင်းကောက်ကိုင်လိုက်ရာ အိုးနဲ့လက်သွားထိမိမှ ပူမှန်းသိတော့သည်။

"ဟာ..လိပ်ပြာ...ဘာလို့သတိမထားရတာလဲကွာ..ပူသွားတာလား...ပြစမ်း..."

ဘယ်နေရာပူမှန်း သိတာလည်းမဟုတ်ပဲ လိပ်ပြာရဲ့လက်ကို သူ့ပါးစပ်အနားသို့တေ့ကာ "တဖူးဖူး"လာမှုတ်နေသည်။

"ရှင်..တကယ်ပဲ..မနေ့ညကအကြောင်းတွေကို
ဘာဆို..ဘာမှ..မမှတ်မိဘူးလား...
ရှင်...ညာနေတာတော့ မဟုတ်ပါဘူးနော်..."

သူမလက်ကလေးကို လေမှုတ်ပေးနေရာမှ
ဘုန်းမြတ်‌မော့ကြည့်လိုက်တော့ မျက်မှောင်ကြုံ့ပြီး သူ့ကိုဆိုက်ကြည့်နေတာများ ဝါးစားတော့မတတ်ပဲ။

"ကိုယ်တကယ်ပဲ..ဘာကိုမှ မမှတ်မိဘူးဖြစ်နေတယ်...ကိုယ်ကအဲ့လိုပဲ မူးပြီးပြောခဲ့လုပ်ခဲ့တာတွေဆိုရင် မနက်ကျရင်မမှတ်မိတတ်ဘူး..."

လိပ်ပြာသူ့ကို ဒေါသေမီးတောက်နေတဲ့မျက်လုံးတွေနဲ့ ပိတ်ကြည့်ပစ်လိုက်ပြီး ချက်ချင်းမျက်နှာလွှဲလိုက်မိသည်။
မဟုတ်ရင် လက်ထဲကယောက်မက လူသတ်
လက်နတ်ဖြစ်နေမှာဆိုးတယ်။

ခုဏကတော့ သူ့ကိုသေချာရှင်းပြပြီး
နူ့ညံ့ညင်သာနေတဲ့သူမက အခုတော့ အမေကြမ်း၀င်စီးနေသလို ပုံစံဖြစ်နေသည်။
ဒယ်အိုးကို ‌ယောင်းမနဲ့ "တဂွမ်ဂွမ်" မြည်အောင်မွှေနေလိုက်တာများ နားတွေကိုအူထွက်နေတာပဲ။

"ဟို..ညတုန်းက ကိုယ်တစ်ခုခုအမှားလုပ်မိလို့လား..."

"ရှင်ဒီနေရာက‌နေ အခုထွက်သွားလိုက်ရင်ကောင်းမယ်...
မဟုတ်ရင် ဟော ဟိုမှာ ဓားမကြီးကိုတွေ့လား.."

"အင်း..တွေ့တယ်လေ..."

"အေး..အဲ့ဓားမနဲ့..ရှင့်ကိုအပိုင်းပိုင်းခုတ်ထစ်ပြီး..အိုးထဲကို တစ်ခါထဲထည့်ကြော်ပစ်လိုက်မယ်..သွား..ရှင့်မျက်နှာကြီးကို မမြင်ချင်ဘူး"

ခါးထောက်ပြီး သူ့ကိုတည့်တည့်ကြည့်ကာ ကြိမ်းမောင်းနေတဲ့ သူမကြောင့် ဘုန်းမြတ်ခမျာခေါင်းကုတ်နေရသည်။
သေချာတယ် သူတစ်ခုခုတော့အမှားလုပ်မိထားတယ်ဆိုတာ။

"ကိုယ်ဘာလုပ်မိထားလို့လဲ..ပြောပြပါကွာ‌..."

"လုံး၀မပြောပြဘူး..ကိုယ့်ဖာသာစဉ်းစား..
စဉ်းစားလို့မရလည်း...
သောင်ပေါ်မှာကျွင်းတူးပြီးသာ ၀င်အိပ်နေလိုက်တော့...ထကိုမလာနဲ့.."

ခါးခါးသီးသီးဖြစ်နေတဲ့ သူမရဲ့အမူအရာတွေကြောင့် သူလည်းစိတ်ရှုတ်စွာပဲ တဲအပြင်ထွက်လာခဲ့လိုက်သည်။

သူလည်းထွက်သွားရော လိပ်ပြာတဲထဲမှာ ငုတ်တုတ်ထိုင်ချပစ်လိုက်သည်။
ဒါဆို လိပ်ပြာကသာအရာအားလုံးမှတ်မိနေတဲ့ တစ်ဦးထဲသောသူပေါ့။

လိပ်ပြာရင်ခုန်ခဲ့တာတွေကသာ အစစ်အမှန်ဖြစ်နေခဲ့ပြီး သူပြောခဲ့တဲ့ စကားတွေအားလုံးက မူးတုန်းပြောတဲ့ မုသာဝါဒစကားတွေပေါ့လေ။

ကိုဘုန်းမြတ်သူရရေ ရှင်မမှားဘူး၊ရှင်လုံး၀မမှားဘူး ၊မှားတာက ကျွန်မပါ။
အမူးသမားရဲ့ စကားကိုယုံမိတာကိုက ကျွန်မအမှားပါ။
ညကဆို တစ်ညလုံးတောင် အိပ်လို့မပျော်ဘူး။
ရှင်ကတော့ စပါးစေ့တစ်စေ့စာတောင် မမှတ်မိတော့ဘူးပေါ့။
သိပ်ကို ဟုတ်နေတာပါပဲ။မဟုတ်တာကကျွန်မရယ်ပါလေ။
အေးလေ သူ့လိုသမာဓိ၊သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်ကြီးက ကမ်းခြေမှာ လိပ်ပြာကိုချစ်တယ်ဆိုပြီးတကယ့်တကယ်ဘယ်အော်ရဲပါ့မလဲ။

နောက်တစ်ခါဆိုရင် အရူးစကား၊အမူးစကား
မယုံ‌တာပဲ‌ကောင်းတယ်။

တော်သေးတာပေါ့ အဖြေပြန်မပေးခဲ့မိလို့။
ဒါမှမဟုတ်ရင် ကိုယ့်ဟာကိုယ် တစ်ဖက်သတ်ရည်းစားတော်ပစ်ပြီး ကိုယ်ဖာသာရူးနေရမှာ။
မနက်ကျတော့ မမှတ်မိတော့ဘူးဆို ဂွမ်းရောပဲ။
တော်သေးတာပေါ့ လိပ်ပြာဖြူရေ နင်မှန်ကန်စွာစဉ်းစားနိုင်ခဲ့လို့။

လိပ်ပြာကိုယ့်ကိုကိုယ်သာ ပြန်ချီးကျူးနေရသည်။
ဇာတ်လမ်းအဆုံးသတ်မှာတော့ သူကလိပ်ပြာကိုတစ်ပတ်ရိုက်သွားတာပါပဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋🦋🦋

"လိပ်ပြာဖြူအတွက် မျက်ရည်တစ်စက်😢"

ဘုန်းမြတ်ရေ အဲ့လိုကြည့်ကြပ်လုပ် တစ်သက်လုံးမိန်းမမရပဲနေမယ် 😁


========================================================================

ချစ်လိပ်ပြာလေး တဝဲလည်လည်
                          အခန်း၁၉


"အေးကွယ်..သွားလမ်းသာလို့..လာလမ်းဖြောင့်ကြပါစေ...ဒီလင်၊ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နဲ့ နေသွားနိုင်ကြပါစေ...စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး စီးပွားလာဒ်လာဘလည်း ဒီရေအလား..ပွားများနိုင်ပါစေကွယ်..."

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေအဘ..."

ဒီကျွန်းလေး‌ကို စရောက်ခါစအ၀တ်အစားတွေကိုပြန်၀တ်ပြီး ဘကြီးလှစိန်ကိုထိုင်ကန်တော့‌မိကြသည်။
ဘကြီးလှစိန်ဟာ လိပ်ပြာတို့နှစ်‌ ယောက်ကို
တကယ့်လင်မယားတွေလို့ အခုထိထင်နေပုံရတယ်။
စိတ်ထဲမှာတော့ သူနဲ့ကဘာဆို ဘာမှမဆိုင်ပါဘူးဘကြီးရယ်လို့ ပြောပြလိုက်ချင်စမ်းပါဘိ။

"နောက် ကံမကုန်လို့ ဟောဒီ့ကျွန်းကြီးကို ဖြတ်များသွားကြရင်..လှစိန်အသက်ရှင်တုန်းတော့..
လာလည်အုံးပေါ့ကွယ်...ဟုတ်လား..."

"ဟုတ်ကဲ့...အဘ...ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံးနော်..."

"အေး..အေးပါကွယ်...ကမ်းစပ်အထိတော့ လိုက်မပို့တော့ဘူး...အဘမျက်ရည်ကျမိရင်..
လူလေးတို့စိတ်ဆင်းရဲရမှာဆိုးလို့ကွယ်..."

အဘရဲ့ပြောစကားကြောင့် လိပ်ပြာမျက်ရည်ဝဲချင်လာရသည်။
အဘရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး ခွဲရတော့မဲ့ အဘရဲ့မျက်နှာကို တစ်၀ကြီးကြည့်နေမိသည်။

"အဘ...သမီးဟင်းတွေကို သုံး၊လေးရက်စာချက်ထားတယ် သိလား...မိန်းမကိုပဲလွှမ်းပြီးအိမ်မှာပဲအမြဲဓားသွေးမနေနဲ့နော်...ဟိုနား၊ဒီနားလည်းလျှောက်...အဲ့ဒါမှ ကျန်းမာရေးကောင်းမှာ..
နောက်ပြီးအရက်ဆီနဲ့ လျှောက်သီးနဲ့လည်းစိမ်ထားခဲ့တယ်...အဘညောင်း၊ညာ၊ကိုက်၊ခဲလာရင်.."

"ကဲ..အဘနားလည်ပါတယ်ကွယ်...အချိန်နှောင့်နှေးနေပါအုံးမယ်...သွားကြတော့နော်..."

"ဟုတ်ကဲ့အဘ...ဒါဆို ကျွန်တော်တို့သွားတော့မယ်နော်..."

"အေးအေး...လမ်းခရီးမှာ ဂရုဆိုက်ကြနော်...."

"ဟုတ်ကဲ့...အဘလည်းကျန်းမာရေးကို ဂရုဆိုက်ပါနော်..."

"အေးပါကွယ်..."

စက်လှေပေါ်ရောက်တဲ့အထိ တရှုံ့ရှုံ့ငိုနေသည့် သူမကို ဘုန်းမြတ်ပခုံးမှသိုင်းဖက်ထားလိုက်သည်။

"ချစ်တယ်..." "ချစ်တယ်...."

သူတို့မော်တော်ပေါ်ရောက်တဲ့အချိန်မှာ လိပ်ပြာဖြူ ဗမာစကားသင်ပေးထားတဲ့ကလေးတွေဟာ လက်ကိုအသဲပုံသဏ္ဍန်လေးလုပ်ပြီး နှုတ်ဆက်လာကြသည်။

မီးပုံပွဲမှာ ခင်မင်ရင်းနှီးမှုရခဲ့တာကြောင့် တစ်ရွာလုံးနီးပါးက သောင်ပြင်ပေါ်မှာရောက်နေကြပြီး သူတို့ရဲ့ စက်လှေကိုလာရောက်ဝိုင်းအုံကြည့်နေကြသည်။

စက်လှေ‌ပေါ်မှာလည်း လက်ဆောင်ထုပ်တွေဆိုတာမနည်းမနောပါပဲ။
စက်လှေမထွက်ခင်အထိ မီးပုံပွဲမှာခင်ခဲ့တဲ့ ဆလုံနဲ့ ကရင်အဒေါ်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် လိပ်ပြာကို လာနမ်းရှုံ့ကြသည်။
လိပ်ပြာလည်း တစ်နေ့နဲ့တစ်ညနေခဲ့ရပေမဲ့ စိတ်ထဲမှာ ဆွေမျိုးရင်းချာတွေလို သံယောဇဉ်တွယ်နေမိသည်။

"တာ့တာ..."

"တာ့တာ..."

စက်လှေကလေးဟာ ရေအလျှင်အတိုင်းထွက်သွားစဉ်မှာတော့ ကမ်းပေါ်မှာရှိနေကြတဲ့လူတွေဟာလည်း လက်ပြနှုတ်ဆက်နေကြသလို လိပ်ပြာနဲ့ကိုဘုန်းမြတ်ကလည်း ပြန်၍လက်ပြနှုတ်ဆက်မိကြသည်။

ကမ်းစပ်မှဆလုံမိသားစုများရဲ့ အိမ်ဟုခေါ်တွင်သော သစ်ထွင်းလှေကြီးများဟာလည်း အရိပ်သဖွယ်သာကျန်ရစ်ခဲ့ပါတော့တယ်။
ကံကြမ္မာဟာ တစ်ပတ်လည်ပြီး ဒီကျွန်းလေးကိုအမှတ်မထင်ရောက်ခဲ့ရပေမဲ့ အမှတ်တရတွေများစွာ ကျန်ရစ်ခဲ့ရပါတယ်။

စက်လှေပေါ်မှာ သူနဲ့လိပ်ပြာက မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းဖြစ်တာကြောင့် ကိုဘုန်းမြတ်ရဲ့မျက်နှာမှ၀မ်းနည်းမှုအရိပ်တွေကိုလည်း လိပ်ပြာတွေ့နေရသည်။

"ခုဏက..ကမ်းစပ်မှာ လူတွေအများကြီးလာနှုတ်ဆက်နေတဲ့ပုံနဲ့ မီးပုံပွဲညကပုံကို ပန်းချီဆွဲပေးပါလား..."

တိုးညှင်းစွာထွက်ပေါ်လာတဲ့ သူမရဲ့အသံလေးကြောင့် မော့ကြည့်လိုက်မိတော့ သူ့ရဲ့အဖြေကိုစောင့်ဆိုင်းနေဟန်လေးနဲ့ သူမကြည့်လာသည်။

"ကိုယ်ပန်းချီဆွဲတတ်တာ...ဘယ်လိုသိလဲ..."

"ဟိုတစ်ခါ မန္တလေးဟိုတယ်မှာတည်းက..."

"မင်းရော..ပန်းချီဆွဲတတ်လား..."

"ငယ်ငယ်တုန်းကတော့ ဆွဲတတ်ခဲ့တယ် ဒါပေမဲ့ပန်းချီ၀ါသနာကို စွန့်လွှတ်လိုက်တာကြာပြီမို့လို့..အခုသိပ်မဆွဲတတ်တော့ဘူး..."

"ဘာဖြစ်လို့ စွန့်လွှတ်လိုက်တာလည်း..."

"လူတစ်ယောက်ကြောင့်ပေါ့...ရှစ်တန်းတုန်းက မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲမှာ၀င်ပြိုင်ဖို့လုပ်ခဲ့ပေမယ့်...ကျောင်းအဆင့်မှာကျွန်မဒုတိယပဲရခဲ့တယ်..
ကလောင်နာမည် "wind "ဆိုတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကို...ကျွန်မရှုံးသွားခဲ့တယ်လေ...အဲ့ပြိုင်ပွဲမှာမနိုင်ရင်..ပန်းချီဆွဲတာကို စွန့်လွှတ်ပါ့မယ်လို့...ဖေဖေ့ကို ကတိပေးထားခဲ့မိတယ်..."

ဘုန်းမြတ်လက်သီးတွေကို ကျစ်နေအောင်ဆုပ်မိပြီး စိတ်ထဲမှာလည်း ၀မ်းနည်းမှုတစ်ခုဖြစ်တည်လာသည်။

"ကိုယ်စိတ်မကောင်းပါဘူး...အဲဒီ့"wind'ဆိုတာ ကိုယ်ပါပဲ...ကိုယ်တောင်းပန်ပါတယ်..."

"ရှင်ကဘာလို့ တောင်းပန်နေတာလဲ...အရှုံးဆိုတာ ရှုံးနိမ့်တဲ့လူတိုင်းခံစားရမဲ့ ဝေဒနာပဲ...ကျွန်မမှာ
ကိုဘုန်းမြတ်ကို အပြစ်တင်ပိုင်ခွင့်မရှိပါဘူး..."

သူမက ရေလှိုင်းတွေကိုငေးကြည့်နေပေမဲ့ သူကတော့ အဖြူရောင် လိပ်ပြာလေးကိုသာငေးကြည့်နေမိသည်။
လှေဘောင်ပေါ်မှာ တင်ထားတဲ့သူမရဲ့ လက်ဖမိုးဖြူဖြူလေးပေါ်ကို သူ့လက်ဖ၀ါးနဲ့ ညင်သာစွာအုပ်မိုးလိုက်တော့ သူမကသူ့ကိုအံ့ဩစွာကြည့်လာသည်။

"ကိုယ်ဆွဲပေးပါ့မယ်...လိပ်ပြာပြောသမျှ..ကိုယ်အကုန်လုပ်ပေးမယ်..."

"လုပ်ပေးမယ်ဆိုလည်းပြီးတာပဲ အသားလာမယူနဲ့ ရေထဲတွန်းချပစ်လိုက်မယ် ..."

အတင်းသူမလက်က‌လေးကိုပြန်ရုတ်သွားပြီး သူ့ကိုမျက်စောင်းလာထိုးတာကြောင့် သူအသံထွက်ပြီးတော့တောင် ရယ်မိသွားသည်။
အခုမှပဲ ရာသီဥတုကပုံမှန်ပြန်ဖြစ်လာသလို ခံစားရတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋🦋

ထွန်းဝေ‌မောင်နှင့် ဒေလီယာ ကမ်းခြေမှာ လေညှင်းခံရင်းလမ်းလျှောက်နေရာမှ ကမ်းလာကပ်တဲ့စက်လှေတစ်စီးကို အမှတ်တမဲ့ကြည့်မိလိုက်ကြသည်။

"ယာယာ...ဟိုးက..စက်လှေပေါ်မှာပါလာတာ...
ဘုန်းမြတ်လားလို့...."

ဒေလီယာလည်း လေနဲ့အတူလွှင့်ပြီးသူမမျက်နှာကို လာရိုက်ခတ်နေတဲ့ ဆံပင်ကောက်လေးတွေကို လက်နဲ့ဖယ်လိုက်ကာ သေချာကြည့်လိုက်မိသည်။

"ဟုတ်တယ်...မောင်..အဲ့ဒါ..ကိုမြတ်ပဲ..."

ဘုန်းမြတ်ဆိုတာအတည်ပြုပြီးတာနဲ့ ထွန်းဝေဟာ လေလိုအလျှင်မျိုးနှင့် လှေဆီသို့ပြေးသွားလိုက်သည်။
အနောက်မှ ဒေလီယာကတော့ မီနီစကပ်အတိုလေးနဲ့မို့ ပြေး၍မဖြစ်ရာ အေးဆေးပဲ ကနွဲ့ကလျှလျှောက်လာလိုက်သည်။

"ဘုန်းမြတ်ရေ.......သူငယ်ချင်း...."

သံရှည်ဆွဲပြီး သူ့ဆီပြေးလာနေတဲ့ထွန်းဝေကြောင့် လိပ်ပြာဖြူရော၊ဘုန်းမြတ်ပါကြောင်အသွားသည်။
ဒီကောင်၊ဘယ်လိုကနေ ဘယ်လိုကော့သောင်းအထိရောက်ချလာတာလဲ။
သူတို့အနားကိုရောက်တော့ ဘုန်းမြတ်ကိုအတင်းပြေးဖက်ဟန်ပြင်တာကြောင့် တစ်ပတ်လှည့်ပြီးရှောင်ပြစ်လိုက်ရာ ကိုယ်တော်ခမျာသဲပေါ်ကိုမှောက်လျှက်သား လဲကျသွားသည်။

"အာ့...ဘုန်းမြတ်ရာ...သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက ဖက်တာတောင် မင်းကအိုက်တင်ခံနေတာပဲ...ဒီမှာ သဲတွေတောင်ပါးစပ်ထဲ ၀င်ကုန်ပြီ
ထွီ.....ဖီ...."

ဘုန်းမြတ်ကတော့ ခပ်တည်တည်ပဲ ဟိုကြည့်၊ဒီကြည့်လုပ်ပြီး လိပ်ပြာဖြူနှင့် ပုခုံးချင်းထိအောင်ကပ်ရပ်လိုက်သည်။

"မောင်ရယ်...သူရရဲ့အကျင့်ကိုလည်း သိရဲ့သားနဲ့ ဘာလို့ လေအကုန်ခံနေရတာလဲ..."

အသံလာရာဆီသို့လိပ်ပြာကြည့်လိုက်တော့  အင်္ကျီခါးတို လယ်ဟိုက်ကိုမှ ချက်ပေါ်အောင်၀တ်ထားပြီ၊ပေါင်သားဖွေးဖွေးလေးတွေပေါ်အောင်
စကပ်အတိုလေး၀တ်ထားသည့် မိန်းကလေးဖြစ်နေသည်။
အပေါ်ရော၊‌အောက်ရော ပေါ်နေတဲ့သူမကြောင့် ကြည့်နေတဲ့ လိပ်ပြာတောင် မျက်စိရှက်လာသည်။

သူမကမဟော်ဂနီရောင်ဆိုးထားတဲ့ ဆံပင်ကောက်ကောက်တွေကို ကျောမှာဖြန့်ချထားပြီး
ကနွဲ့ကလျှနဲ့ လမ်းလျှောက်လာနေတာဟာ ကော်ဇောနီထက်မှာ လျှောက်နေတယ်များ
ထင်‌နေသလားမသိပေ။
ထိုမိန်းကလေးက ကိုဘုန်းမြတ်ဘေးမှ လိပ်ပြာကိုလည်းမြင်ရော မျက်မှောင်ကြှုံ့သွားသည်။

"ကိုမြတ်...သူက..."

"သူက လိပ်ပြာဖြူတဲ့ ဘုန်းမြတ်ရဲ့PAလေ...ကိုယ်နဲ့လည်း သူငယ်ချင်းပဲ..."

"အော်..."

မဆီမဆိုင် ကိုထွန်းဝေကအတင်း၀င်ရှင်းပြနေသည်။
ထိုမိန်းကလေးက သူမရဲ့အညိုရောင်မျက်လုံးများနှင့် လိပ်ပြာကို ခြေဆုံး၊ခေါင်းဆုံးကြည့်လာသည်။
လိပ်ပြာကိုအထင်သေးတာမျိုးမဟုတ်ပေမဲ့ သူမမျက်၀န်းထဲမှာ အလိုမကျမှုတစ်ခုကိုတော့ တွေ့နေရတာ ကျိန်းသေတယ်။

"ဘုန်းမြတ်ရာ...မင်းကိုရှာမတွေ့လို့ UDCကအဖွဲ့ကလည်း ရဲတိုင်ထားလိုက်တယ်...မင်းကဘယ်တွေရောက်နေတာလဲ...ငါတို့မှာ စိတ်ပူနေရတာ"

"ငါတို့စီးတဲ့...မော်တော်ကပြဿနာဖြစ်ပြီး ကျွန်းတစ်ကျွန်းမှာ ၀င်ခိုနေရလို့ပါ...အဲ့ကိစ္စနောက်မှအေးဆေးပြောမယ်...ဒါနဲ့မင်းတို့ကရော ဘယ်လိုလုပ်ပြီး ကော့သောင်းကိုရောက်လာတာလဲ..."

"ဟဲ..ဟဲ...ယာယာကမင်းကို အရမ်းလွမ်းလို့..
တွေ့ချင်ပါတယ်ဆိုပြီး..ပူဆာနေတာနဲ့ပဲ..."

"မောင်နော်...ယူ..မဟုတ်တာတွေ..လျှောက်မပြောနဲ့...စိတ်ဆိုးလိုက်မယ်သိလား..."

"ဟာ...စိတ်တော့မဆိုးလိုက်ပါနဲ့ဟာ..ငါနားပူမခံနိုင်လို့ပါယာယာရယ်...."

"ဟွန့်..ယာယာ့အကြောင်း သိရင်ပြီးရော..."

သဲပြင်ပေါ်ကို ခြေဖနှောင့်ပေါက်ပြီး နှုတ်ခမ်းကိုဖိကိုက်ကာ ကလေးတစ်ယောက်လို မဲ့ရွဲ့စိတ်ဆိုးပြနေတဲ့ သူမရဲ့အမူအရာက အံ့ဩဖို့ကောင်းနေသည်။

လိပ်ပြာအဖို့တော့ ဒီလိုကနွဲ့ကလျှတွေလုပ်ပြရမှာလောက် ရှက်တာမရှိဘူး။
ဒီနေရာမှာ ဆက်နေရင် အကုသိုလ်တွေပွားရုံသာရှိတာမို့ ဟိုတယ်အခန်းမှာ ပြန်နားဖို့သာဆုံးဖြတ်လိုက်သည်။

"ဟို...လိပ်ပြာကို ခွင့်ပြုကြပါအုံး..."

"ဟာ...ကိုယ်လိုက်ပို့မှာပေါ့လိပ်ပြာရဲ့..."

"ရပါတယ်..လိပ်ပြာဖာသာသွားလိုက်ပါ့မယ်..."

ပြောစရာရှိတာပြောခဲ့ပြီး လိပ်ပြာချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။
ကိုထွန်းဝေကမှ "လိုက်ပို့ဖို့ "ပြောဖော်ရသေးတယ်။
ဟိုရေခဲတုံးကြီးကတော့ နေနိုင်လိုက်တာများ
အံ့ပါ့။

ခပ်ဝေးဝေးရောက်မှ သူ့တို့သုံးယောက်ကိုပြန်လှည့်ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ပြီး
စကားတွေပြောနေကြသည်။

ဟိုဆံပင်နီကြောင်ကြောင်နဲ့ မိန်းကလေးကတော့
ဘုန်းမြတ်ဆိုတဲ့ လူကြီးရဲ့လက်မောင်းကို လှမ်းဖက်ပြီး လှုပ်လိုက်၊မှီလိုက်နဲ့ အီစီကလီလုပ်နေတာတော့ သေချာတွေ့လိုက်ပါတယ်။

လိပ်ပြာ ထိုမြင်ကွင်းကို မြင်နိုင်စွမ်းမရှိတာကြောင့် ချက်ချင်းမျက်နှာကိုပြန်လှည့်လိုက်သည်။
လိပ်ပြာရဲ့ ရင်ထဲမှာအမည်မသိတဲ့ နာကျင်မှုတစ်ရပ်ကို ခံစားနေရတာ ဘယ်သူသိနိုင်ပါမည်လဲ။
၀မ်းနည်းသလို၊ငိုချင်သလိုမျိုးဖြစ်လာတာဟာ အတော်လေးကို ခံရခက်‌စေတယ်။

သူပြောတော့ ရည်းစားတစ်ခါမှမထားဖူးဘူးဆိုအခုကျ‌တော့သူ့ရည်းစားက မိုးပေါ်ကနေပြုတ်ကျလာတာလား။?

‌ရှင့်အပေါ်မှာ ဘယ်ဘ၀အဆက်ဆက်ကများ အကြွေးတင်မိခဲ့တာလဲ မသိပါဘူး။
ရှင့်ကြောင့် ကျွန်မနာကျင်နေရတာချည်းပဲ။
စိတ်ထဲကနေ ဒီခံစားချက်ကြီးကိုထုတ်ပစ်ဖို့ကြိုးစားနေခဲ့တာ ကိုးနှစ်တိတိရှိခဲ့ပြီ။
ရှင့်ကြောင့် နာကျင်နေရတဲ့နှလုံးသားဒဏ်ရာက ဘယ်တော့များမှ ပျောက်နိုင်မှာတဲ့လဲ။

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်

🦋🦋🦋🦋🦋🦋🦋🦋

"အချိန်တွေ ပြောင်းလဲသွားပေမဲ့
ခံစားချက်တွေ မပြောင်းလဲသေးတဲ့ လိပ်ပြာဖြူ.."

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...