ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၃
အချိန်ရာသီတွေဟာ မျက်လုံးတစ်မှိတ်၊လျှက်တစ်ပြတ်အတွင်းမှာများ ပြန့်လွှင့်ကုန်ဆုံးသွားလေသလားလို့ ထင်မှတ်ရလောက်အောင် အကုန်မြန်လွန်းနေသည်။နွေရွက်ဝါတို့ ကြွေကျပြန့်လွှင့်ပြီးသွားပြန်လေတော့ မိုးသီး၊မိုးပေါက်တို့ကိုခေါ်ဆောင်လာရင်း မုတ်သုန်ဟာအရိုင်းဆန်စွာ ကပြကျီစယ်ခဲ့ပြန်ပါတယ်။
ဟော မျက်စိတစ်မှိတ်အတွင်းမှာပါပဲ မြန်မာနိုင်ငံတစ်ခွင်မှာမြူတွေ ရစ်ဆိုင်းလာပြီး အအေးလှိုင်းလေးက ဖြတ်သန်းကူးလူးသွားပြန်ရော။ရာသီတွေ ဘယ်လိုကူးပြောင်းပြောင်း၊အချိန်အခါတွေက ဘယ်လိုပဲဖြတ်သန်းကူးခက်သွားပါစေ ကိုကိုနဲ့လိပ်ပြာရဲ့အချစ်ရေးက တည်မြဲစဲ၊ ချစ်ကြည်နူး၍မ၀စဲလို့ ခံစားရတဲ့ အခိုက်အတန့်တွေဟာ
နေ့ရပ်တိုင်းလိုပါပဲ။
အချိန်တွေ ကုန်တာမြန်လာတာနဲ့အမျှ လိပ်ပြာရဲ့ပတ်၀န်းကျင်မှ လူတွေဟာလည်း ပြောင်းလဲမှုတွေ တစ်ခုခုပြီးတစ်ခု ဖြစ်လာကြသည်။ကျောင်းဆရာမလေးဖြစ်တဲ့ သူဇာဟာ ပဲခူးဘက်ကိုပြောင်းရွေ့စာကျတာကြောင့် လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက လိပ်ပြာအပါအ၀င် ကျန်သူငယ်ချင်းသုံးယောက်လုံး ပဲခူးသို့ကိုယ်တိုင်
လိုက်ပို့ကြရင်းနဲ့ ပဲခူးမြို့လေးကို လည်ပတ်ခဲ့ကြပါသေးတယ်။
ဂျပန်ဘာသာဆရာမတွေဖြစ်ကြတဲ့ သဲနုနဲ့အေးအေးကလည်း လုံးချင်းတိုက်ခန်းလေးဌားပြီး ကိုယ်ပိုင်သင်တန်းလေး ဖွင့်နေကြတာ တော်တော်လေးကို အဆင်ပြေနေလေရဲ့။
ကြည်ပြာကတော့ ကမာရွတ်က သူ့တိုက်ခန်းလေးမှာ သူငယ်ချင်းတွေတစ်ယောက်မှ မရှိကြလေတော့ သူလည်းမိဘတွေအိမ်ကို ပြန်နေရတာပေါ့။
မင်းမင်းကလည်း တတိယနှစ်ကျောင်းသားကြီး ဖြစ်နေသလို အစ်ကိုကြီးနဲ့အစ်ကိုလေးကလည်း
စင်္ကာပူကနေပြန်လာကြပြီး လိပ်ပြာတို့ရဲ့အိမ်ရှေ့မှာပဲ လက်လီ၊လက်ကားလျှပ်စစ်ပစ္စည်းဆိုင်ကြီး တည်ထားတာများ ဟီးလို့ပေါ့။
လိပ်ပြာကိုမှ မရရင်သေရပါတော့မယ်ဆိုတဲ့
ကိုမိုးစက်ကြီးကလည်း စင်္ကာပူကနေပြန်လာပြီးမကြာပါဘူး မိန်းမတန်းယူပစ်လိုက်တာများ
သူ့မိန်းမတောင် ကို၀န်ခြောက်လရှိနေလေပြီ။
လိပ်ပြာကလည်း နှနှစ်အတွင်းမှာ လုံးချင်း၀တ္ထုအရှည် ခြောက်အုပ်နဲ့၀တ္ထုတိုသုံးအုပ်လောက်ထွက်ထားပြီးတာကြောင့် စာဖတ်ပရိသတ်လည်းတိုးလာခဲ့သလို လိပ်ပြာရေးသမျှလုံးချင်း၀တ္ထုတွေဟာလည်း တစ်နှစ်တာရဲ့ ရောင်းအားအကောင်းဆုံးစာအုပ်တော့ပ်တန်းစာရင်းမှာ အမြဲလိုလိုပါ၀င်လာလေသည်။ဒါကြောင့် အချို့နယ်များမှ စာပေဟောပြောပေးရန်ဖိတ်ကြားကြတာကြောင့်လိပ်ပြာလည်း ခရီးတွေပိုထွက်လာရ
သလို ကိုယ့်စာအုပ်အတွက်ပဲ အာရုံစိုက်လာရဖန်များလေတော့ ကိုကိုနဲ့ချိန်းတွေ့ဖို့ကိုလည်း လစ်ဟင်းလာရတယ်။ တစ်နေရာဆီရောက်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံဆည်းကြဖို့ တစ်နှစ်နေမှ တစ်ခါသာအချိန်ပေးနိုင်သလို ဖြစ်နေသည်။
အသက်အရွယ်ကြီးရင့်လာလေ အချိန်ရှားပါးလာလေ ဖြစ်လာတဲ့ကိုကိုနဲ့လိပ်ပြာရဲ့ ချစ်သူသက်တမ်းဟာလည်း နှနှစ်တောင် ပြည့်ပါတော့မယ်။ ကိုကိုကလည်း သူ့ရဲ့လုပ်ငန်းတိုးချဲ့မှုတွေဘက်ကိုပဲ လှည့်နေရတာများလာတော့ တစ်ခါတစ်လေ ချိန်းတွေ့ဖို့အချိန်မပေးနိုင်ရင် လိပ်ပြာအတွက်ကထူးခြားပြီးလွမ်းနေစရာမရှိပါဘူး။ကိုကိုကလိပ်ပြာဆီကို မလာနိုင်ရင် လိပ်ပြာက
ကိုကို့ ရုံးခန်းအထိသွားပြီး ၀တ္ထုရေးနေလိုက်တာပါပဲ။
တစ်နေရာမှာ စားသောက်ဖို့ချိန်းတွေ့၊ပျော်စရာတွေကြံဖန်ရှာ ဒါတွေဟာလိပ်ပြာတို့နှစ်ယောက်အတွက်တော့ ရိုးအီနေပါပြီ။ကိုကိုကလိပ်ပြာရဲ့ အနားမှာရှိနေရင်လုံလောက်သလို ကိုကိုကလည်း အလုပ်မအားတဲ့ကြားကနေ လိပ်ပြာကိုလွမ်းရင် ကိုကို့ရုံးခန်းထဲမှာရှိတဲ့ လိပ်ပြာထိုင်နေကြ စားပွဲဆီကိုလာပြီး လိပ်ပြာကိုစက္ကန့်ပိုင်းစာလောက်ပဲဖြစ်ဖြစ် အလွမ်းပြေနမ်းလိုက်၊လာဖက်လိုက်လုပ်တတ်သလို လိပ်ပြာကလည်း ကိုကို့ရဲ့ထိုယုယမှုသေးသေးလေးကိုတောင် တန်ဖိုးထားတတ်နေပါပြီ။
တစ်ခါတစ်လေမှာ လိပ်ပြာစဉ်းစားကြည့်မိတယ်။လိပ်ပြာတို့သာလက်ထပ်လိုက်မယ်ဆိုရင်
မနက်ခင်းတိုင်းမှာ ကိုကို့ကိုနှုတ်ဆက်အနမ်းတွေ တစ်၀ကြီးပေးနိုင်သလို ညအိပ်ရာ၀င်ချိန်မှာလည်း ကိုကို့ရင်ခွင်ထဲမှာ နူးညံ့နွေးထွေးစွာ အိပ်စက်အနားယူခွင့် ရမှာသေချာတယ်လို့ပေါ့။
ဒါပေမဲ့ ကိုကိုဟာလိပ်ပြာကိုအခုထိလက်ထက်ခွင့်မတောင်းသေးဘူး။ချစ်သူသက်တမ်းနှနှစ်ဆိုတာ တိုတောင်းသေးတယ်လို့ပြောနိုင်ပေမဲ့ လိပ်ပြာကိုကို့ကို ချစ်လာခဲ့ရတာဟာ ဆယ့်တစ်နှစ်တောင်ရှိခဲ့ရောပေါ့။
လက်ထပ်လက်စွပ်ကလေးကို ဘယ်အချိန်များ စွပ်ပေးလေမလဲလို့ စောင့်လိုက်ရတာလည်း တစ်နေ့တစ်နေ့မောတောင်လာသလိုပါပဲ။
သို့ပေမဲ့ ဆောင်းရာသီထက်ပိုအေးခဲလွန်းလှတဲ့ လိပ်ပြာရဲ့ကိုကိုရေခဲတုံးကြီးကတော့
"ကိုကိုရေ...လိပ်ပြာရဲ့လက်သူကြွယ်လေးမှာ လက်စွပ်လှလှလေး..ရှိရင်သိပ်ကောင်းမှာပဲ.."လို့ အရိပ်ပြလဲအကောင်မမြင်သလို
"ဟိုတစ်လောက သူငယ်ချင်းတွေနဲ့တွေ့တော့...
နင့်အသက်နှစ်ဆယ့်လေးနှစ်ပြည့်တော့မယ်...
နင့်ရည်းစားကလည်း အသက်နှစ်ဆယ့်ခုနှနှစ်ပြည့်တော့မယ်...လက်မထပ်ကြသေးဘူးလား.."
မေးကြတယ်လို့ လိပ်ပြာဘက်ကနေ အရှက်မရှိ ရင်ကိုခွဲပြီး ထုတ်ဖော်ပြသပါသော်လည်း ကိုကိုဟာအထဲကကလီဆာတွေ လှုပ်ရွနေတာကိုပဲ မြင်ပုံရတယ်။
"အမြန်လက်ထက်ပါတော့.."လို့ တည့်ပြောပြန်ရင်လည်း အရှက်မရှိဘူးဖြစ်အုံးမယ်။
တစ်ခါတစ်ခါ ကိုယ့်ရည်းစားကိုယ် လူနုံ၊လူအကြီးများလားလို့တောင် မြင်တတ်နေမိတဲ့အထိဖြစ်နေပါပြီ။
🎶"အချိန်ရာသီများ ပြောင်းနွေ မိုးဆောင်း
ဟောင်းလို့သွားလည်း..."
"ရင်မှာ မင်းတစ်ယောက်ထဲသာ ထာ၀ရ
မပြောင်းလဲ..."🎶
🎶"ရှင်သန်ချိန်ခရီး..ဘယ်လောက်ဖြစ်ဖြစ်
ကိုယ်အမြဲ စောင့်စားမယ်..."
"တစ်ချိန်မှာ မင်းနဲ့နီးရာ မျှော်လင့်ခြင်းကဗျာ"🎶
ဆောင်းရာသီဖြစ်ပေမဲ့ စာရေးချင်စိတ်ကပြင်းပြနေလေတော့ စောင်ကြီးကို ကိုယ်မှာပတ်ထားပြီး ဈာန်အပြည့်၊ ခံစားချက်အပြည့်နဲ့စာရေးနေမိချိန်ကျမှ ဖုန်းက၀င်လာပြန်တော့ စိတ်ညစ်စွာပဲကိုင်လိုက်ပါသည်။
အခြားသူဆိုရင်တော့ ကိုင်ချင်မှကိုင်ဖြစ်မှာပေမဲ့ ကိုကိုဖြစ်နေလေတော့ ဖုန်းမကိုင်ရင်စိတ်ဆိုးမှာ စိုးရိမ်ရတယ်။
"ဟယ်လို...အမိန့်ရှိပါရှင်...
တမင်မသိချင်ယောင်ဆောင်ပြီး ထူးလိုက်ပေမဲ့ ကိုကို့ရယ်သံကို ကြားရတော့လိပ်ပြာလည်းရယ်ချင်လာသည်။
"လိပ်ပြာ...ကိုကို လိပ်ပြာရဲ့အိမ်ရှေ့မှာစောင့်နေမယ်..."
"ဟင်...တကယ်ကြီးလား..."
လိပ်ပြာကုတင်ပေါ်ကနေ စောင်အထူရဲရဲကြီးကို ခြုံလျှက်သားနှင့်ပင် ၀ရန်တာသို့ပြေးထွက်လိုက်တော့ အိမ်ရှေ့မှာ ကားကိုရပ်ထားပြီး ကားဘေးနားမှာ စမတ်တကျမှီရပ်ရင်း "ဖုန်းကိုခါပြ"ကာ အလှဆုံးပြုံးပြနေတဲ့ အမျိုးကောင်းသားလေးကို မြင်ရလေသည်။
အသက်တစ်နှစ်ကြီးလာလေ ပိုချောမောခန့်ညှားလာလေဖြစ်တဲ့ ကိုကိုဟာ ဂျင်းဘောင်းဘီအပွအရှည်နဲ့ တီရှပ်အဖြူကိုတွဲဖက်၀တ်ဆင်ထားပြီး ခေါင်းစွပ်အနွေးထည်အနက်ရောင်လေးကို အပေါ်မှာထပ်၀တ်ထားလိုက်သေးသည်။
တကယ်ပါ ရုပ်ပြစာအုပ်ထဲမှာ အလှပဆုံးရေးခြစ်ထားတဲ့ ဇာတ်လိုက်မင်းသားလေး အပြင်ထွက်လာသလိုပဲ။
ကိုကိုက ဖုန်းကိုလက်ညှိုးထိုးပြပြီး "နားထောင်ပေး"ဆိုတဲ့ အမူအရာလုပ်ပြတာကြောင့် လိပ်ပြာလည်းငေးနေမိရာမှ ဖုန်းကိုနားနဲ့ကပ်လိုက်သည်။
"ကိုကို...ဘာပြောမလို့လဲဟင်..."
"လိပ်ပြာ ကိုကိုတစ်နေရာကိုခေါ်သွားချင်လို့ လိပ်ပြာအားလား..."
"အို....အားသမ သိပ်အား...သုံးမိနစ်ပဲစောင့်..."
လိပ်ပြာရဲ့စကားကြောင့် ကိုကိုဟာသွားတက်
ချွန်ချွန်ကလေးတွေ ပေါ်အောင်ရယ်လိုက်တာကို မြင်လိုက်ရတော့ လိပ်ပြာထံကိုပါ အပျော်တွေကူးကုန်သလိုလို။
"ဘာ၀တ်ရရင်ကောင်းမလဲ...."
အခုတလော ရန်ကုန်ကိုအအေးလှိုင်းဖြတ်သွားမယ်လို့ ကြေငြာထားတာကြောင့် ရာသီဥတုကတော့ စောင်ထဲမှာပဲအမြဲတစေ ကွေးနေချင်စရာအခြေအနေမှာပေါ့။
အရင်ကဆိုရင် လိပ်ပြာကအောက်ထပ်မှာနေရပေမဲ့ မေမေကဒူးတွေသိပ်မကောင်းတော့ဘူးဆိုလို့ လိပ်ပြာရဲ့အခန်းကို ဖေဖေနဲ့မေမေ့အားပေးလိုက်သည်။
"အင်း...ဒါလေးအဆင်ပြေမယ်ထင်တယ်..."
နောက်ဆုံးမှာ လိပ်ပြာရွေးချယ်လိုက်တာက ကိုကိုနဲ့ဆင်တူ ဂျင်းပင်န်အပွလေးနဲ့ ခါးတိုတီရှပ်ပန်းရောင်လက်စက လေးကို ၀တ်လိုက်ပြီး အပေါ်၀တ်အနေနဲ့ အမွှေးပွအနွေးထည်လေးကို ၀တ်လိုက်သည်။ သိုးမွှေးဦးထုပ်အဖြူရောင်လေးကိုဆောင်းလိုက်ပြီး ဆလင်းဘတ်အသေးလေးကို သိုင်းလွယ်လိုက်ရင်း ကိုယ်လုံးပေါ်မှန်ထဲမှာ ခန္ဓာကိုယ်ကို တစ်ပတ်လောက်လှည့်လိုက်တဲ့အခါမှာတော့ စာရေးဆရာမကြီးမဟုတ်တော့ပဲ ပန်းရောင်မင်းသမီးလေးရှင်သန်လာသလိုဖြစ်နေသည်။
"လှလိုက်တဲ့ ငါပါလား...သွားကြစို့..."
ဖားလျားချထားတာကြောင့် အရှေ့ကိုကျလာတဲ့ဆံပင်အရှည်ကြီးတွေကို အနောက်ကိုပို့ပစ်လိုက်ပြီး အခန်းတံခါးကို ပိတ်ခဲ့ကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။
ထူးဆန်းတာက အိမ်သားတွေအကုန်လုံးဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိကြတာပဲ။
ကိုကိုနဲ့လည်ဖို့ကသာ အဓိကမို့ ဘာမှတွေးမနေပဲ ခြံတံခါးကိုသာ ဂျက်ချလိုက်သည်။
"ကိုကို့ သွားကျမယ်လေ..."
လိပ်ပြာက ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ပြောလိုက်တာကြောင့် ဘုန်းမြတ်လည်းအသဲတွေယားလာသလို ချစ်ချင်းတွေပြည့်နှက်နေတဲ့ခြေလှမ်းတွေက သူ့မအနားသို့အလိုလိုရောက်သွားစေတာကတော့ သူလည်းမတားလိုက်နိုင်ပေ။
သူမအရပ်ကလေးက သူ့အတွက်ပုနေလေတော့ ခန္ဓာကိုယ်ကို လေးကိုင်းသဏ္ဍာန်လုပ်လိုက်ကာ သူမရဲ့မျက်နှာနုနုလေးဆီသို့ တိုးကပ်သွားလိုက်မိသည်။
"လိပ်ပြာ...ကိုကိုလိပ်ပြာကိုနမ်းလို့ရမလား..."
"ဘယ်နေရာကိုလည်း..."
"ဒီနေရာလေးကိုလေ..."
လိပ်ပြာရဲ့နှုတ်ခမ်းဖူးဖူးလေးအပေါ်ကိုဘုန်းမြတ်က လက်ညှိုးလေးနဲ့တို့ထိပြလိုက်တော့ သူမလေးကပါးချိုင့်ခွက်ခွက်လေးတွေ ပေါ်အောင်အထိရယ်ပြလာလေရာ ထိုအပြူအမူလေးတွေကပင်သူ့စိတ်ကိုနှိုးဆွသလိုဖြစ်နေသည်။
"မရဘူး...လမ်းမကြီးမှာလေ...မြန်မြန်...မြန်မြန်သွားကြမယ်..."
သူမကတော့ ကားပေါ်ကိုတက်သွားပေမဲ့ သူ့မှာတော့ ခါးကြီးကိုင်းပြီးကျန်နေခဲ့ရတာတော်တော်ကို ဖီးလ်ငုတ်လေသည်။
ဒါပေမဲ့လည်း ဘယ်တတ်နိုင်မှာလဲ။
သူလည်းကားထဲသို့ ၀င်လိုက်ပြီး ယာဉ်မောင်းနေရာမှာ ၀င်ထိုင်လိုက်သည်။သူမကို တစ်ချက်ငဲ့ကြည့်လိုက်တော့ မယ်မင်းကြီးမလေးက ခါးပတ်ကိုအကျအနပတ်ထားပြီး လက်ကိုပိုက်ထားကာသူဌေးမကြီးစတိုင်လ်ဖမ်းနေလေသည်။
"လိပ်ပြာ...ပါးမှာတစ်ခုခုပေနေသလိုပဲ ..."
"ဟင်...ဟုတ်လား...ဘယ်နေရာမှာလဲ..."
"လိပ်ပြာမြင်ရမှာ မဟုတ်ဘူးလာကိုကိုသုတ်ပေးမယ်..."
ကားနောက်ကြည့်မှန်ကို ကြည့်မလို့လုပ်နေစဉ်မှာ ကိုကိုက လိပ်ပြာရဲ့ပါးလေးကို သူ့ရဲ့ညာဘက်လက်နဲ့ အုပ်ကိုင်လိုက်သည်။ကိုကို့လက်ဖဝါးကြီးက လိပ်ပြာရဲ့ ဘယ်ဘက်ပါးနဲ့မေးစေ့ကိုနှစ်မြှုပ်စေလောက်တဲ့အထိ ကြီးမားတာကြောင့် လိပ်ပြာလည်းကိုကို့အား ကြောင်ကြည့်နေမိသည်။
တကယ်ပဲ ပါးပေါ်မှာပေနေတာကို သုတ်ပေးမယ်အထင်နဲ့ မျက်နှာကို ကိုကို့ဘက်လှည့်ပေးလိုက်ချိန်မှာ မေးစေ့ကိုညှစ်ပြီး ဆွဲယူခံလိုက်ရတဲ့ လိပ်ပြာဟာ ကိုကို့နှုတ်ခမ်းပါးနဲ့ထိကပ်သွားသည်။
ရမ္မက်ဆန်တာမဟုတ်ပဲ "ချစ်လွန်းလို့နမ်းတာ"ဆိုတဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က
ကိုကို့ရဲ့စကားကိုလည်း ပြန်ကြားယောင်နေမိတာကြောင့် နူးညံ့စွာလှုပ်ရှားနေတဲ့ အနမ်းနွေးနွေးလေးကို လိပ်ပြာတဒင်္ဂမျှ ယစ်မူးနေမိသည်။
"တစ်..နှစ်..သုံး..လေး..."လိပ်ပြာရဲ့စိတ်ထဲမှာ စက္ကန့်တွေကို ရေတွက်နေမိရင်းမှ စက္ကန့်ခြောက်ဆယ် အကြာမှ နူးညံ့ချိုမြိန်လှတဲ့ အနမ်းကမ္ဘာထဲမှ လိပ်ပြာလွတ်မြောက်သွားလေသည်။
ကိုကိုကလည်း အောင်နိုင်သူကြီးလို ကျေနပ်စွာပြုံးလို့ပေါ့။
ကားမောင်းနေရင်းနဲ့ ကိုကိုက"လိပ်ပြာဒီနေ့ဘာနှုတ်ခမ်းနီဆိုးထားတာလဲလို့ "မေးလာလေတော့ လိပ်ပြာလည်း ကြောင်တက်တက်ကလေးနဲ့ပဲ လိပ်ပြာနှုတ်ခမ်းနီမဆိုးထားဘူးလို့ဖြေလိုက်တယ်။
ဘာကြောင့်ရယ်မသိ ကိုကိုကသွားတက်တွေပေါ်အောင် ရယ်လာပြန်ပြီး"နှုတ်ခမ်းနီမဆိုးထားတဲ့ သဘာ၀အရသာက သိပ်ချိုတာပဲ"လို့ပြောလာလေတော့ လိပ်ပြာခပ်ရှက်ရှက်နဲ့ ကိုကို့ကိုလှမ်းထုလိုက်ရာ ကိုကိုကတစ်ဟားဟားနဲ့ အသားကုန်ရယ်လာသည်။လိပ်ပြာစိတ်ထဲမှာတော့ ဒီနေ့ကိုကိုသိပ်အူရွှင်နေသလားလို့ တွေးလိုက်မိသည်။
ကိုကိုကအဝေးကြီးကိုမောင်းမယ်ထင်နေတာ သိပ်ကြာကြာမမောင်းလိုက်ရပဲ ခြံကြီးတစ်ခုထဲသို့ ကားကိုမောင်း၀င်လိုက်သည်။ခြံကြီးနေရှိရာနေရာဟာ လှိုင်မြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ အောင်ဇေယျတံတားကြီးနဲ့ သိပ်မဝေးသလို လှိုင်မြစ်ကြီးနဲ့လည်း အရမ်းကိုနီးကပ်လွန်းနေသည်။
ခြံကြီးက ဟော်တယ်အကြီးစားကြီးဆောက်လို့ရသလောက် ကျယ်၀န်းပြီး လိပ်ပြာတို့အိမ်နဲ့လည်း သိပ်မဝေးလှဘူး။
ကားနဲ့နန်းတော်တမျှခန်းနားတဲ့ အိမ်ကြီးဆီကိုမောင်းသွားရာလမ်းတစ်လျှောက်မှာလည်း မြက်ခင်းပြင်အကျယ်ကြီးကို တွေ့နေရပြီး အုန်းပင်တွေတောင် စိုက်ထားတာမနည်းမနောပဲ။မသိရင် ကမ်းခြေမှအပန်းဖြေစခန်းကို ရောက်နေရသလိုထင်မှတ်မိသည်။
ပြီးတော့ စကားဝါးပင်တွေဆိုတာလည်း ဖွေးဖွေးကိုလှုပ်လို့ တကယ့်ကိုဥယျာဉ်ခြံထဲကို လာလည်နေရသလို စိတ်ကြည်လင်လိုက်တာပြောမနေပါနဲ့။
"လိပ်ပြာ...ဆင်းတော့လေ..."
ခြံရဲ့အရှေ့ဘက်အခြမ်းလေးမှာတင် မြင်မြင်သမျှကိုငေးနေမိတဲ့ လိပ်ပြာမှာ ကားလေးစက်ရပ်လိုက်တာတောင်သတိမထားမိနိုင်ဖြစ်နေသည်။လိပ်ပြာကားပေါ်မှ ဆင်းလိုက်တော့ ကိုကိုကလိပ်ပြာရဲ့လက်ကလေးကို ဆွဲပြီး အသင့်ဖွင့်ထားတဲ့ အိမ်မကြီးတံခါးမှ အိမ်ထဲသို့ခေါ်လာလေသည်။
"ဝါး...အိမ်အတွင်းပိုင်းကလည်း သိပ်မိုက်တာပဲနော် ဘယ်လိုအိုင်ဒီယာတွေနဲ့များ တွေးပြီးဆောက်ထားသလဲမသိဘူး နန်းတော်ကြီးကျနေတာပဲ..."
"လိပ်ပြာ ဒီအိမ်ပုံစံလေးနဲ့ ဒီခြံကိုသဘောကျလား..."
"သဘောကျတာပေါ့ကိုကိုရာ. .."
လိပ်ပြာအိမ်အတွင်းပိုင်းကိုပဲ ငေးနေမိရင်း ကိုကို့ကိုတောင် လှည့်မကြည့်ပဲဖြေလိုက်သည်။
ဒီလောက်လှ၊ဒီလောက်ခမ်းနားထည်ဝါတဲ့ အိမ်ကြီးကိုဘယ်လို သူဌေးတွေကများပိုင်တာပါလိမ့်။
"ကိုကို...ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ..ဘယ်ရောက်နေတာလဲ..တွေ့လည်းမတွေ့မိဘူး..."
"ဒီအိမ်ပိုင်ရှင်နာမည်က လိပ်ပြာဖြူတဲ့ အခုကိုကို့အရှေ့မှာ ရှိနေတဲ့သူလေးပေါ့..."
"ဟမ်..."
ကိုကိုဘာတွေပြောနေပါလိမ့်လို့တွေးပြီး ကိုကို့ဘက်ကိုလှည့်ကြည့်လိုက်တော့ လိပ်ပြာကိုယ့်ပါးစပ်ကိုယ်လက်နဲ့ ပြန်အုပ်မိကာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
ကိုကို့ရဲ့ ဒူးတစ်ဖက်ဟာ ပြောင်လက်နေတဲ့ ကြွေပြားချပ်ကြီးအပေါ်မှာ ကွေးညွှတ်ကာထောက်ထားပြီး ကျန်ဒူးပေါ်မှာတော့ ကတ္တီပါဘူးအပြာလေးကို ကိုင်ထားတဲ့ လက်အားတုန်ယင်မသွားစေအောင် ထိန်းထားလေသည်။
ထိုကတ္တီပါ ဘူးလေးထဲတွင်တော့ မောင်းကွင်းလေးတစ်ကွင်းနှင့် စိန်ငါးလုံးစီခြယ်ထားသောလက်စွပ်လေးတစ်ကွင်းရှိနေသည်။
ကိုကိုဟာ လိပ်ပြာကို ဟိုအရင်ကထက် လေးနက်လွန်းတဲ့ တန်းဖိုးကြီးအရာတစ်ခုအား နှစ်သက်မြတ်နိုးသလို ကြည့်လာသည်။
ပြီးနောက် သထွေးကိုတစ်ချက်မြိုချလိုက်ဟန်တူပြီး ပြုံးကာပြောလာသည်က...
"လိပ်ပြာ...ကိုကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ဒီခြံကြီးထဲမှာ လိပ်ပြာနဲ့ကိုကို့ရဲ့အနာဂတ်အိမ်လေးကို ပုံဖော်နေခဲ့တာပါ...ဖေဖေ့အိမ်မှာက ကိုကို့မိထွေးတွေကို မောင်းထုတ်လိုက်ပေမဲ့ ကိုကို့အတွက်အတိတ်ဆိုးတွေရှင်သန်နေတာကြောင့် လိပ်ပြာကို ကိုကိုမနေစေချင်ခဲ့ဘူး
...ဒါကြောင့် လိပ်ပြာရဲ့မိသားစုအိမ်နဲ့လည်း သိပ်မဝေးတဲ့နေရာလေးမှာ အိမ်တစ်လုံးနဲ့ပန်းဥယျာဉ်တစ်ခုကို အလှဆုံးပုံဖော်လိုက်မိတယ်...လိပ်ပြာကိုအံ့ဩစေချင်လို့ ကိုကိုမပြောခဲ့တာပါ...လိပ်ပြာစိတ်မဆိုးဘူးမဟုတ်လား..."
ကိုကို့အမေးစကားကို လိပ်ပြာပါးစပ်ကနေတောင် ဖြေနိုင်စွမ်းမရှိတော့တာမို့ ခေါင်းတွေသာ တွင်တွင်ခါပစ်လိုက်သည်။
"ဒါဆိုရင် လိပ်ပြာကို...ကိုကိုလက်ထပ်ပါရစေ
...လိပ်ပြာလက်ခံပေးနိုင်မလားဟင်..."
တောင်းပန်တိုးလျိုးလွန်းတဲ့ကိုကို့အကြည့်၊အရမ်းချမ်းသာပြီး ဂုဏ်သတင်းကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်နေပါသော်လည်း ချစ်သူဆီမှ လက်ထပ်ဖို့ "သဘောတူ"ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားရဖို့အတွက်နဲ့ ကိုကို့ရဲ့အကြည့်တွေဟာကြောက်နေတာတွေရော၊စိတ်လှုပ်ရှားမှု တွေပါ ရောထွေးနေမှန် လက်စွပ်ဘူးလေးကို ခပ်တုန်တုန်ကိုင်ထားရတဲ့ ကိုကို့လက်တွေကို ကြည့်လိုက်တာနဲ့ တန်းသိလိုက်ပါတယ်။
"လိပ်ပြာ...ကိုကို့ကို လက်ထပ်ပါနော်...
ကိုကိုလိပ်ပြာကို တစ်သတ်လုံးတစ်ပြားတစ်ချက်တောင် မလျော့တဲ့အချစ်နဲ့ ချစ်သွားပေးချင်တယ်
..လိပ်ပြာ..."
ကိုကို့ရဲ့"လိပ်ပြာ"လို့ နောက်ဆုံးခေါ်လိုက်တဲ့အသံအဆုံးမှာတော့ လိပ်ပြာရဲ့မျက်၀န်းအိမ်တွင်မျက်ရည်တွေတစ်ပေါက်ပြီး တစ်ပေါက်ကျလာသည်။လိပ်ပြာ၀မ်းနည်းလို့မဟုတ်ဘူး။
ပျော်လွန်းလို့ငိုမိတာပါ။နောက်ဆုံးမှာ လိပ်ပြာရဲ့အချစ်ဦးက လိပ်ပြာကိုဒီလိုတန်ဖိုးထားပြီး လက်ထပ်ခွင့်တောင်းပါတယ်တဲ့။လူဘယ်နှစ်ယောက်လောက်ကများ ဒီလိုကြုံနိုင်ကြပါသလဲ။ကြုံဖူးတဲ့ လူတိုင်းဟာလည်း လိပ်ပြာလိုငိုမိကြမှာလား။
"လိပ်ပြာ...လက်ခံပါတယ်...လိပ်ပြာကိုကို့ကို လက်ထပ်ဖို့ သဘောတူတယ်..."
လိပ်ပြာက လက်စွပ်၀တ်ပေးဖို့ လက်ကိုရှေ့သို့ထုတ်ပေးလိုက်တော့ ကိုကိုကရွှေနဲ့လုပ်ထားတဲ့မောင်းကွင်းလေးကို အရင်၀တ်ပေးလာသည်။
ပြီးနောက်စိန်ဖြူလေးငါးလုံးခြံရံထားတဲ့ လက်စွပ်ကလေးကို ထပ်စွပ်ပေးသည်။
လိပ်ပြာစာထဲမှာဖတ်ဖူးခဲ့ပါတယ်။
ပြောင်ချောနေတဲ့ မောင်းကွင်းလေးကို စွပ်ပေးရခြင်းက အိမ်ထောင်ရေးခရီးလမ်း မှာ ဖြောင့်ဖြူးသာယာစေဖို့အတွက်ဖြစ်ပြီး၊ လက်ထပ်ခွင့်ပန်တဲ့ လက်စွပ်လေးမှာ စိန်တစ်လုံးပဲပါရင် "ချစ်တယ်"လို့ ဆိုပါတယ်။စိန်သုံးလုံးဆိုရင်တော့
"မင်းကိုငါချစ်တယ်"လို့ အဓိပ္ပာယ်သက်ရောက်သတဲ့။စိန်ငါးလုံးဆိုရင်တော့"မင်းကိုငါသိပ်ချစ်ပါတယ်"ဆိုပြီး အဓိပ္ပာယ်အသီးသီးဖွင့်ကြလေ့ရှိတယ်။အခု ကိုကိုကလိပ်ပြာကို "သိပ်ချစ်တယ်"
ဆိုတဲ့ အဓိပ္ပယ်ကိုဆောင်တာပေါ့။"သိပ်"ဆိုတဲ့စကားလုံးမှာ လေးနက်မှုတွေဟာ မနည်းမနောဆိုတာ လိပ်ပြာသိတာပေါ့။
"ကိုယ့်ဘ၀ထဲကို ၀င်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လိပ်ပြာ...."
လိပ်ပြာလက်စွပ်လေးကို အားရအောင်ကြည့်ပြီးနောက် ခေါင်းမော့လိုက်စဉ်မှာပဲ နဖူးပေါ်သို့ကျရောက်လာတဲ့ အနမ်းတစ်ပွင့် ပြီးတော့ စိုစွတ်မှုတစ်ခုကိုလည်း ခံစားလိုက်ရတယ်။
"ကိုကို...ငိုနေတယ်..."
"ဟေး!!!!!!!"
"ဖောင်း!!!!!...ဖောင်း!!!!..."
"အမယ်လေး!!!!!"
ရုတ်တရက် တစ်ခုခုပေါက်ကွဲတဲ့အသံကြီးနဲ့အတူ ရွှေမျှင်၊ငွေမျှင်ကြိုးလေးတွေဟာ လိပ်ပြာတို့အပေါ်ကို ပျံ့လွှင့်လာသည်။
"အစ်ကိုတို့...အစ်မတို့ရေဒီတစ်သက် ငိုလို့ရောပြီးကြအုံးမှာလား...သတို့သမီးကငိုပြီးတော့ ဟောသတို့သားကငိုပြန်ရော..."
အသံတွေလာရာဆီကို သေချာကြည့်လိုက်မိတော့ မှ "လိပ်ပြာတို့အိမ်ကလူတွေအကုန်လုံး ဘယ်ရောက်နေသလဲမှတ်တယ်...ဒီမှာကြိုတင်ပြီးလာပုန်းနေကြတာပါလားလို့ "သဘောပေါက်လိုက်မိပါတယ်။ ပြီးတော့လိပ်ပြာရဲ့သူငယ်ချင်းလေးယောက်....
"သူဇာ...အေးအေး..သဲနု...ကြည်ပြာ...နင်တို့တွေ အားလုံးရောက်နေကြတယ်..."
မဆုံဖြစ်တာကြာနေပြီ ဖြစ်တဲ့သူငယ်ချင်းများအား လိပ်ပြာမျက်ရည်ဝဲရင်း ပြောမိတော့ သူငယ်ချင်းတွေကလည်း လိပ်ပြာအား
ခေါင်းလေးကို တစ်ယောက်တစ်ချက်ဆီလာပုတ်ပြီး ပြုံးပြလာကြသည်။
"လာရတာပေါ့ဟာ...ကိုဘုန်းမြတ်ကြီးက နင့်ကိုလက်ထပ်ခွင့်တောင်းတော့မှာမို့ အသိသက်သေလာလုပ်ပေးကြပါလားဆိုပြီး ခွင့်တောင်းလာတာနဲ့ ငါတို့လည်းမလာပဲကို မနေနိုင်တာ...."
"အီဟီး...နင်တို့ငါ့အတွက် အလုပ်တွေပျက်ရပြီ...နင်တို့ကိုငါသိပ်လွမ်းနေတာ သိရဲ့လား..."
"လိပ်ပြာရယ်..ငါတို့အားလုံးကလည်း ဟိုအရင်ကသူငယ်ချင်းတွေ ပျော်ပါးခဲ့ကြတာလေးတွေကို ပြန်တွေးလိုက်မိတိုင်း ငိုရတာ...ပြောမနေပါနဲ့ဟာ..."
"အီဟီး...."
တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး လိပ်ပြာတို့သူငယ်ချင်းအုပ်စုကြီးမှာ ငိုလို့မဆုံးနိုင်ဖြစ်နေကြတော့ မင်းမင်းကတောင်"အစ်မဟာက လက်ထပ်ခွင့်တောင်းခံရလို့ ငိုတာလား..သူငယ်ချင်းတွေနဲ့ဆုံခွင့်ရလို့ ငိုတာလား.."ဆိုပြီး မေးခွန်းထုတ်လာသလို သူငယ်ချင်းတွေကလည်း "ငါတို့အဖွဲ့ထဲမှာ စွံဖို့ဘိတ်ချေးလို့ သတ်မှတ်ထားတဲ့လူက အရင်ယောက်ျားယူရတော့မယ်...ကျန်တဲ့လူတွေသေလို့ရပြီ.."ဆိုပြီး စကြလေသည်။ လိပ်ပြာလည်း ပြန်ပြောလိုက်ပါတယ်"ယောက်ျားရသွားတာ...
ဘ၀ကြီးပြောင်းသွားတာမှမဟုတ်တာ...
သူငယ်ချင်းနဲ့ ယောက်ျားကိုတစ်ကန့်စီထားမှာပါလို့" ကတိပေးလိုက်တယ်။
မေမေနဲ့ဖေဖေကတော့ သူ့သားမက်လေးကို
ချီးကျူးထောပနာပြုလို့ မဆုံးဖြစ်နေကြသလို စီးပွားရေးသမားအစ်ကိုလေးကလည်း
သူ့ယောက်ဖနဲ့ အဝေတည့်နေလိုက်တာများ ပြောမနေပါနဲ့ လိပ်ပြာနဲ့တစ်လနေလို့မှ စကားနှစ်ခွန်း လောက်ပြောရင် သူ့ယောက်ဖနဲ့တိုင်ပင်ဆွေးနွေးတာက အခွန်းတစ်ရာလောက်မကပေ။
တစ်ခါတစ်လေမှာ ကိုကိုဟာ ပုံစံပြောင်းလူသားတစ်ယောက်လို့ခံစားရစေတယ်။
တကယ်ပါ ကိုကိုဟာ လုံး၀ပြောင်းလဲသွားပြီဆို တာ သေချာပါတယ်။ရှစ်တန်းအရွယ်မှာ ဘယ်အရာကိုမဆို အဓိပ္ပာယ်မဲ့စွာ ကြည့်တတ်တဲ့ ကိုကို့မျက်၀န်းတွေဟာ အခုဆိုရင်ရွှန်းလဲ့ တောက်ပနေတတ်ပြီး အနာဂတ်အစီအစဉ်တွေကိုလည်း
ပလန်ဆွဲကာလိပ်ပြာကို စပရိုက်တိုက်တိုက်လာတတ်သလို သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း လိပ်ပြာအတွက်သာမကပဲ လိပ်ပြာရဲ့မိသားစုနဲ့ပါ အချိန်ဖြုန်းလာတတ်ခဲ့လေပြီ။
ကိုကိုဟာ အားတဲ့အချိန်တိုင်း လိပ်ပြာတို့အိမ်မှာပဲ အချိန်ဖြုန်းတာတို့ ထမင်းအတူလာစားတာတို့လုပ်တတ်တာကြောင့် လိပ်ပြာတို့ရဲ့မိသားစုအိမ်ကလေးဟာ ကိုကို့အတွက် ဒုတိယရိပ်မြုံကြီးလို ဖြစ်နေသည်ထင်ပါရဲ့။
မေမေကလည်း မိခင်မေတ္တာချို့တဲ့ခဲ့ရ၍ ချစ်သနားပိုပြီး သားလေး၊သားလေးဖြစ်နေသလို ဖေဖေကလည်း သူ့သားအရင်းတွေက သည်းမခံနိုင်တဲ့ သူ့ရဲ့အငြင်းသန်တဲ့စရိုက်ကို လက်ခံဆွေးနွေးပေးတတ်တဲ့ သားသမက်ကလေးကို သဘောကျမဆုံး ၊ရှုမ၀မဆုံးဖြစ်နေလေပြီ။
ပြောရရင်တော့ ဒီအိမ်ရဲ့တစ်ဦးတည်းသော မိန်းကလေးဖြစ်တဲ့ လိပ်ပြာထက် လိပ်ပြာရဲ့ သတို့သားလောင်းက ပိုအရေးပေးခံနေရတာ မြေကြီးကို လက်နဲ့ခပ်ရင်တောင်
မလွှဲစေသတည်း ဖြစ်နေရပါပြီ။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🎶🦋🎶🦋🦋🦋🦋👋
ပျော်ကြလေသတည်း
=======================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၄
"ဒီဟာလေး...ဒီဟာလေးဆိုလိပ်ပြာနဲ့သိပ်လိုက်မှာ..."
"မဟုတ်ဘူး အဖြူကြီးကရိုးနေပြီ...ပန်းရောင်
ကပိုလိုက်တယ်..."
"ဒီရေသူမ ဂါ၀န်လေးကခောတ်စားနေတာဟဲ့ လိပ်ပြာဒါလေးပဲယူနော်..."
"ဟဲ့...လိပ်ပြာဒီဂါ၀န်အဖြူကြီးကို၀တ်ကြည့်စမ်းပါဟာ..."
"အေးအေးရယ်...လိပ်ပြာကလူကောင်သေးသေးနဲ့ တော်ကြာကိုယ့်ဂါ၀န်ကိုယ်မနိုင်ပဲ ချော်လဲနေမှဖြင့်ဟယ်...."
"နင်တို့အင်တာနက်မှာ မမြင်ဖူးကြဘူးလား
...တော်ဝန်မင်းသမီးတွေလို ဂါ၀န်ထူထူကားကားကြီးတွေကို ၀တ်ပြီး ပန်းလှည်းပေါ်မှာသတို့သမီး လေးကထိုင်လို့..အောက်ကိုဖြေးဖြေး
ချင်းဆင်းလာပြီး...ပြီးရင်စက်တွေနဲ့မီးခိုးလေးတွေကို မှုတ်ထုတ်လိုက်တဲ့အခါ လျှောက်လမ်းလေးမှာ သတို့သမီးလေးက တစ်ရွေ့ရွေ့သွားနေတဲ့အချိန်.."
"ဟဲ့...နင့်ဟာက မင်္ဂလာဆောင်မှာလား၊သရဲကားရိုက်မှာလားဟယ်..."
"အော်...နင်တို့ဟာလေ...ရိုတယ်ဆိုတာ ဘာမှန်းမသိကြတဲ့ဟာတွေ...ဒါကြောင့်လည်းအခုထိ
ယောက်ျားမရကြသေးတာ..."
"အံမယ် သူကြတော့ ယောက်ျားရပြီးလို့ ကလေးတစ်ဒါဇင်လောက်မွေးပြီးတာကျလို့..."
နောက်နှစ်လလောက်နေရင် မင်္ဂလာဆောင်ရတော့မဲ့သတို့သမီးကလိပ်ပြာဖြစ်နေပေမဲ့ ၀တ်စုံရွေးပေးတဲ့ သူငယ်ချင်းတွေကပိုစိတ်လှုပ်ရှားနေကြလေရဲ့။သူဇာကတော့ သူ့ကျောင်းသားတွေကိုအကြာကြီးပစ်ထားခဲ့လို့မရဟုဆိုကာ ပဲခူးကိုပြန်သွားခဲ့ရပေမဲ့ ရန်ကုန်မှာကျန်ခဲ့တဲ့သူငယ်ချင်းတွေကတော့ မင်္ဂလာကိစ္စကို အကြိတ်အနယ်ဦးဆောင်စီစဉ်ပေးနေကြတာကြောင့် လိပ်ပြာတောင်၀င်ပါစရာမလိုလောက်တဲ့အထိပါပဲ။
ဒီလိုသူငယ်ချင်းတွေကို ပိုင်ဆိုင်ထားတဲ့ လိပ်ပြာဟာအင်မတန်ကို ကံကောင်းလွန်းတယ်လို့ တစ်ခါတစ်လေမှာ တွေးမိတယ်။လူတော်တော်များများဟာ သူတို့အကျိုးအတွက်ပဲကြည့်တတ်ကြတာကြောင့် ကိုယ့်အပေါ်ကိုဒီလိုစိတ်ရင်းမှန်နဲ့ဆက်ဆံပေးတဲ့ လူမျိုးတွေကို ရှာတွေ့ဖို့ဆိုတာ အရမ်းကိုခက်ခဲလွန်းပါတယ်။အဲ့ဒီ့ခက်ခဲတဲ့အထဲက ကံကောင်းခြင်းပန်းလေးတစ်ပွင့်က လိပ်ပြာရဲ့ လက်ထဲမှာပေါ့။
မင်္ဂလာခန်းမကိစ္စကတော့ ကိုကို့ရဲ့ အပန်းဖြေစခန်းတွေ တည်ရှိရာ ကော့သောင်းဘက်မှာကျင်းပဖို့စဉ်းစားထားတာကြောင့် လိပ်ပြာအဖို့ပင်လယ်ဘက်မှာ မင်္ဂလာဆောင်ရတော့မယ်လို့ တွေးလိုက်မိတိုင်း ကြည်နူးလိုက်ရတာလဲမပြောနဲ့။ထိမ်းမြားလက်ထပ်ခြင်းနဲ့ပတ်သတ်ပြီူ သတို့သားကိုကို့ရဲ့စိတ်ကိုတော့ လိပ်ပြာမခန့်မှန်းတတ်ပေမဲ့ လိပ်ပြာအတွက်တော့ တစ်သက်လုံးမှာ တစ်မင်္ဂလာဖြစ်သလို ကိုယ်ချစ်ရတဲ့သတို့သားလောင်းနဲ့ လက်တွဲရမဲ့နေ့ရက်လေးလည်း ဖြစ်တာကြောင့် ထိုမင်္ဂလာနေ့ရက်လေးအတွက် ရင်ထဲကကြည်နူးစရာစိတ်ကူးတွေကတော့ စီထွက်နေတာပါပဲ။
"ဒါပဲ ၀တ်ခိုင်းမှာဟာ...ပင်လယ်ကမ်းခြေမှာဆောင်ရမဲ့ဟာကို ဒါဘေးကအလွှင့်လေးဟဲ့..."
"မရဘူး...ဒီဟာလေး၀တ်လိုက်ရင် ဘိုမအရုပ်လေးလို သိပ်လှမှာ..."
လိပ်ပြာမှာမင်္ဂလာကိစ္စတွေကို တွေးလို့၀သွားလည်းပဲ အေးအေးနဲ့ သဲနုကတော့ ၀တ်စုံကိစ္စကို အဝေမတည့်သေးပေ။ကိုကို့မှာတော့ မင်္ဂလာပွဲအတွက် ရက်ရှည်အချိန်ပေးနိုင်ဖို့ရော ဟန်းနီးမွန်းအတွက်လည်း အချိန်မရရအောင်ချန်ဖို့ရာ ရှင်းစရာရှိတဲ့အလုပ်ကိစ္စတွေကို ရှင်းနေရတာကြောင့်သူ့မှာအချိန်ဇယားတွေကို ပြည့်နေတာပဲ။
လိပ်ပြာရဲ့မိသားစုကလည်း နားလည်ပေးသလို သူငယ်ချင်းတွေကလည်း လိပ်ပြာတို့နှစ်ယောက်ရဲ့ ကိစ္စအ၀၀ကို အူမမှခြေဖျားအထိ သိကြတာကြောင့် လိပ်ပြာအားမငယ်စေရန် နေရာတိုင်းမှာထောင့်စေ့အောင် ကူညီပေးနေကြခြင်းပင်။
ဒီနေ့လည်း အစည်းအဝေးရှိနေလို့ဟုဆိုကာ မင်္ဂလာ၀တ်စုံရွေးတဲ့ဆိုင်ကို အရောက်နောက်ကျပါမယ်တဲ့။
သတို့သားမပါပဲ မင်္ဂလာ၀တ်စုံလာရွေးရတဲ့ သတို့သမီးရဲ့အဖြစ်က သနားစရာကောင်းနေနိုင်ပေမဲ့ လိပ်ပြာကတော့ကိုကိုနဲ့ပတ်သတ်ရင်
အစောင့်စားနိုင်ဆုံးအမျိုးသမီးလို့ သတ်မှတ်ကြလည်းပဲ ကျေနပ်နိုင်ပါတယ်။
"ဟဲ့နင်တို့ ဒီမှာပဲကြည့်ပြီးထိုင်ငြင်းမနေကြနဲ့ ဟိုဘက်မှာ ဒီဆိုင်ရဲ့နာမည်အကြီးဆုံးဒီဇိုင်နာ ရိုစီဆိုလား သူ့ရဲ့အကန့်အသတ်နဲ့ထုတ်ထားတဲ့ ၀တ်စုံကိုငါတွေ့ခဲ့တာ အရမ်းလှတာပဲ.."
"ဟဲ့ကြည်ပြာ...တကယ်လား..."
"အော်...တကယ်ပေါ့ဟယ်...လာသွားကြည့်ကြမယ်..."
ကြည်ပြာကအတင်းလက်ကိုဆွဲပြီးလာခေါ်တာကြောင့် လိပ်ပြာတို့အဖွဲ့မှာ သီးသန့်အခန်းထဲသို့၀င်လိုက်ကြရသည်။အခန်းကြီးကတော်တော်လေးကို ကျယ်ပြီး အခန်းရဲ့အလယ်တည့်တည့်မှာတော့ လေတောင်တိုး၍မရအောင် စတုရန်းပုံ
သဏ္ဍန်မှန်ဘောင်ကြီး ကာရန်ထားလေသည်။အံ့ဩစရာကောင်းတာက ထိုမှန်ဘောင်ထဲမှာရှိတဲ့
ဆီလီကွန်အရုပ်ကြီးနှစ်ရုပ်အပေါ်မှ သတို့သား၊သတို့သမီး၀တ်စုံတွေပါပဲ။
သတို့သမီး၀တ်စုံလေးဟာ လည်ပင်းအဟိုက်၊ဂျိုင်းပြတ်ဖြစ်ပေမဲ့ အမြင်မရိုင်းစေပဲ ရိုးရှင်းပြီး ရှုမ၀နိုင်လောက်အောင်တင့်တယ်လှပနေသည်။
ဂါ၀တ်က ထီးဂါ၀န်ပုံစံအောက်ကားပေမဲ့
ကိုးလက်မခြားဆီလောက်မှာ ဇာအပွင့်လေးတွေဖော်ထားတာကြောင့် လမ်းလျှောက်လိုက်တိုင်း သိပ်ကိုလှနေမှာ သေချာပါတယ်။သတို့သမီးဂါ၀န်တစ်ခုလုံးကို စိန်ပွင့်အဖြူလေးတွေနဲ့ ပုလဲလုံးလေးတွေကိုရောပြီး စီခြယ်ထားပေမဲ့ ခါးအသိမ်နေရာလေးကို တစ်လက်မစာဖဲသား ဗြောင်လေးကို တပ်ထားတာကြောင့် လိုက်ရင်
ခါးလေးသိမ်နေစေမှာသေချာတယ်။လိပ်ပြာရဲ့အမြင်အာရုံကို ဆွဲဆောင်နေတဲ့၀တ်စုံလေးကို လိပ်ပြာ၀တ်ကြည့်ချင်နေပေမဲ့ အကန့်အသတ်နဲ့တစ်ထည်ပဲထုတ်ထားတာဆိုတော့ ဈေးကအော်ကွဲနေမှာသေချာတယ်။ဘေးမှာရပ်နေတဲ့ ၀န်ထမ်းလေးက"အစ်မ၀တ်ကြည့်မလားလို့မေးတော့.."ဈေးကဘယ်လောက်လဲလို့ မေးလိုက်မိတယ်။
"သိန်းတစ်ရာပါ..."
"ဘယ်...ဘယ်လို..သိန်း...သိန်းတစ်ရာ..."
သိန်းတစ်ရာတဲ့ အမလေး ဈေးကလည်း ဟုတ်ရောဟုတ်ရဲ့လားမသိပါဘူး။တော်သေးတာပေါ့ စမ်းမ၀တ်ကြည့်မိခင်ဈေးမေးမိလို့ မဟုတ်ရင် ဖင်ကိုကျားကိုက်တာထက်ဆိုးမယ်။
ဒီလို၀တ်စုံတွေဆိုတာ ၀တ်ကြည့်ပြီးရင် သေချာပေါက်ကို ယူရမှာပဲ။
"သူငယ်ချင်းတို့ ငါ့တို့ဟိုဘက်မှာပဲ အဆင်ပြေတာလေး သွားရွေးရအောင်ဟယ်..."
"နိုး..နိုး..နိုး..လိပ်ပြာ...နင်ဒါပဲယူရမယ်..."
"ဟမ်...."
"ဟုတ်တယ်လိပ်ပြာ...ငါတို့လည်းထောက်ခံတယ်.."
ခုဏကစိတ်သဘောထားကွဲလွဲပြီး တစ်ယောက်နဲ့တစ်ယောက်ဇွတ်ငြင်းနေကြတဲ့သုံးယောက်က အခုတော့ တစ်လေသံထဲကိုဖြစ်လို့ ။အေးလေ ပိုက်ဆံကသူတို့ကုန်တာမှမဟုတ်တာ။
လိပ်ပြာကိုချိုင်းကနေအတင်းဆွဲပြီးကို ၀တ်ခိုင်းနေကြတော့တာပဲ။
"နင်တို့ကလည်းဟယ်...သိန်းတစ်ရာကြီးတောင်
နှမျောစရာကြီး..."
"လိပ်ပြာနင်ဟာလေ တော်တော်နုံတာပဲသိလား..."
"နုံတာမဟုတ်ဘူးဟ...တော်ကြာကိုကိုက အသုံးအဖြုန်းကြီးတယ်လို့ ထင်မှာဆိုးလို့ပါဟယ်.."
"ထင်ပါစေပေါ့ဟယ်...သိန်းတစ်ရာလေးသုံးတာ သူ့အတွက်ဘာပဲ့ပါသွားတာမှတ်လို့...."
"အေးအေးပြောတာကို ငါလက်ခံတယ်လိပ်ပြာ...နင်စဉ်းစားကြည့်လေ..ယောက်ျားက.."
"ဟယ်...ငါ့ယောက်ျားမဟုတ်သေးပါဘူးနော်..."
ယူတောင်မယူရသေးဘူး မိန်းမတွေကဇွတ်ကျားခိုင်းနေတော့ လိပ်ပြာအဖို့ကြက်သီးတောင်ထသွားတယ်။တကယ်ပါ သူတို့ရဲ့ဩဝါဒခြွေမဲ့ လေတွေပိအုံးတော့မှာပေါ့။ သူဇာရှိစဉ်တုန်းကဆို လေးယောက်သား ဝိုင်းပြီးတော့ လိပ်ပြာကိုဆုံးမလိုက်ကြတာများ..."ယောက်ျားတွေဆိုတာ လွယ်လွယ်ရလေ..တန်ဖိုးထားတတ်မှုနည်းလေပဲ
...ကိုယ့်ဘက်ကချစ်တယ်၊ချစ်တယ် ခဏ၊ခဏပြောပြီး ဂရုစိုက်လွန်းပြန်ရင်လည်း အဲ့ဒီ့ယောက်ျားတွေက လွယ်လွယ်ရနေတဲ့ချစ်ခြင်းကိုပေါလွန်းတယ်လို့ထင်ကြပြီး..ဖောက်ပြန်ခြင်းတွေဖြစ်တတ်ကြတယ်တဲ့...ကိုယ့်ဘက်ကတင်းမာလွန်းပြန်ရင်လည်း အဲ့အချစ်ရေးကတည်မြဲနိုင်မှာ မဟုတ်ဘူး"ဆိုပြီး ဆရာကြီးတွေလုပ်ကြတာကြောင့် လိပ်ပြာမှာတင်းရမလား၊ပျော့ရမလားကို ခေါင်းကျိန်းလောက်အောင်တွေးခဲ့ရသေးတယ်။
အခုလည်း ဘာတွေဘယ်လို ပြောကြအုံးမှာပါလိမ့်။
"ဒီမှာ လိပ်ပြာ...နင့်ချစ်သူက...ဘယ်သူလဲ
...ထုတ်ကုန်ပစ္စည်းပေါင်းများစွာနဲ့ လက်တွဲထားတဲ့ UDCလိုကုမ္ပဏီကြီးကို ဦးစီးနေတာနော်...အဲ့ဒါတင်မကဘူး...ဟော်တယ်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတဲ့ လူဟဲ့..."
"ဟဲ့...အဲ့တာတွေက သူပိုင်တာတွေလေဟယ်.. ငါက ဘာလုပ်ရမှာလည်း..."
"ဟင်...အဲ့တာကြောင့်မို့ နင့်ကိုတုံးတယ်လို့ပြောတာ...ငတုံးမရဲ့..."
အကုန်လုံးပေါင်းပြီး လိပ်ပြာရဲ့နားထင်ကို လက်ညှိုးနဲ့ ဝိုင်းထိုးလာကြသည်။
"လိပ်ပြာရယ်...အရိပ်ပြရင်အကောင်မြင်စမ်းပါ.. ဒီလောက်အထိပိုက်ဆံတွေ ထားစရာနေရာမရှိအောင် ဖြစ်နေတာကို သူ့မိန်းမဖြစ်မဲ့နင်က
သုံးပေးရမှာလေဟယ်...နင်မှမသုံးရင် သူ့တစ်ယောက်ထဲအတွက်ဆို ဘာအဓိပ္ပာယ်ရှိတော့မှာလဲ...မဟုတ်ဘူးလား..."
"ဟုတ်တော့...ဟုတ်ပါတယ်ကြည်ပြာရယ်
...ဒါပေမဲ့..."
"ဒါပေမဲ့မနေနဲ့ ဒီမှာနင့်ယောက်ျားက သီးသန့်ဘဏ်ကဒ်နင့်ကို ပေးထားတယ်လေ...ငါATMစက်မှာ သွားစစ်ကြည့်ပြီးသွားပြီ သိန်းငါးထောင်တောင်ထည့်ထားပေးတယ်ဟ..."
"ဒါပေမဲ့..."
"လာပြန်ပြီဒါပေမဲ့..."
ဘယ်လိုပဲ မ၀တ်ဘူးပြောပါစေ နောက်ဆုံးမှာတော့ အ၀တ်လဲအခန်းထဲကို တွန်းပို့ခံလိုက်ရတာပါပဲ။အ၀တ်လဲတဲ့နေရာက လိုက်ကာတစ်ခုချထားရုံသာဖြစ်ပြီး လိုက်ကာရဲ့အပြင်ဘက်မှာတော့ သူငယ်ချင်းတွေအားလုံးက ဆိုဖာပေါ်မှာထိုင်ရင်းစောင့်နေကြလေသည်။
"ညီမလေးနဲ့ ဒီ၀တ်စုံလေးနဲ့ သိပ်လိုက်တာပဲ...
ကွက်တိချုပ်ပေးထားသလားတောင်ထင်ရတယ်..."
ကူ၀တ်ပေးတဲ့ ၀န်ထမ်းအစ်မရဲ့စကားကြောင့် လိပ်ပြာ မှန်ထဲကိုကြည့်လိုက်မိတော့ တကယ်ကိုမင်သက်သွားမိတယ်။ လိပ်ပြာရဲ့ ၀တ်စုံလေးဟာ ပုလဲတွေစီခြယ်ထားပြီး ကျောက်အဖြူလေးတွေကြောင့် တစ်ဖြတ်ဖြတ်လင်းလက်နေတဲ့ ၀တ်စုံလေးဖြစ်တဲ့အပြင် ၀တ်ထားရတဲ့လိပ်ပြာတောင် အရောင်အဝါတွေ ပိုတောက်ပလာသလို ခံစားနေတယ်။
"လိပ်ပြာရေ...ပြီးပြီလား..."
"ပြီးပြီ...ပြီးပြီ..."
"ဗြီ!!???"
ရုတ်တရက် လိုက်ကာဇစ်ကို ဆွဲလိုက်တဲ့အသံကြောင့် မှန်ထဲကနေကြည့်လိုက်မိတော့...
"ကိုကို...."
"ရှူး......"
ကိုကိုက သူ့နှုတ်ခမ်းထက်မှာ လက်ညှိုးလေးကိုကပ်ပြီး တိတ်တိတ်လေးနေရန် လုပ်ပြပြီးနောက် ၀န်းထမ်းကောင်မလေးတွေကို အပြင်ထွက်ဖို့ လက်ဟန်အမူအရာပြလိုက်လေသည်။
ပြီးနောက် လိုက်ကာဇစ်ကိုပြန်ဆွဲပိတ်ကာ မှန်ထဲမှ လိပ်ပြာရဲ့မျက်နှာလေးကို ပြုံးပြုံးကြီးကြည့်လာလေသည်။ကိုကို့အပြုံးတွေက နဲနဲတော့ကြောက်ဖို့ကောင်းတယ်။
"ကိုကို ဘယ်တုန်းကရောက်နေတာလဲ...အသံလေးဘာလေးမပေးဘူး...၀တ်စုံတောင်လဲ၀တ်ထားလိုက်သေးတယ်..."
"ကိုကို...အစည်းအဝေးပြီးပြီးချင်းပဲ တန်းပြေးလာတာလေ...မိန်းမကို လွမ်းလွန်းလို့..."
ရှက်သွေးဖြာသွားတဲ့ သူမရဲ့နဖူးလေးမှ ဆံစလေးတွေကို သပ်တင်ပေးရင်း ပြောလိုက်တော့ သူမလေးကပါးချိုင့်လေးတွေပေါ်အောင် ရယ်ပြလာသည်။ဘာကြောင့်ရယ်မသိဘူး။ဒီပါးချိုင့်လေးတွေကို မြင်ရင် အသဲယားပြီး ချစ်ခြင်းဓာတ်တွေမစီးဆင်းပဲကို မနေနိုင်တာပါ။
ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်မိတယ်။ သူဟာအရမ်းကို ချစ်စရာကောင်းပြီး သူ့အပေါ်ကို နားလည်ပေးနိုင်တဲ့ ချစ်သူလေးကို ရထားတာဟာ တကယ်ကိုကံကောင်းခြင်း အဖြာဖြာပါပဲလို့ပေါ့။
"လိပ်ပြာ...ကိုကိုတို့ ဒီနေ့ပဲလက်ထပ်ကြရအောင်လား..."
"ပေါက်ကရာတွေ မပြောစမ်းပါနဲ့ကိုကိုရာ..."
"အေးဟေ့...ပေါက်ကရတွေ မပြောကြပါနဲ့...ငါတို့က မကြားချင်မှအဆုံးပဲနော်..."
အပြင်ဘက်က အလိုက်မသိတဲ့သူငယ်ချင်းမတွေကြောင့် လိပ်ပြာနဲ့ကိုကို တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီး ရယ်လိုက်မိသည်။
ထိုနေ့မနက်ခင်းလေးမှာကတော့ လိပ်ပြာအတွက် အတော်လေးကို ပြီးပြည့်စုံတယ်လို့ဆိုရပါမယ်။အကြောင်းကတော့ လိပ်ပြာရဲ့ဘေးနားလေးမှာ အဖြူရောင်သတို့သား၀တ်စုံလေးကို ခန့်ညားသေသပ်စွာ၀တ်ဆင်ထားတဲ့ သတို့သားလေးကရှိနေလေတော့ နေပူထဲရောက်နေပေမဲ့ အရိပ်ရနေတဲ့လူတစ်ယောက်လို သိပ်ကိုအေးချမ်းနေတာပဲ။
လိပ်ပြာဘက်ကသာ ကိုကိုကုန်မှာဆိုးလို့ သိန်းတစ်ရာလေးကို မသုံးရက်ဖြစ်ခဲ့ပေမဲ့ ကိုကိုကတော့ လိပ်ပြာ၀တ်တဲ့ သတို့သမီးဂါ၀န်တစ်ခုလုံးကို ပုလဲအစစ်တွေ သုံးပေးပါမယ်တဲ့။
အဲ့စကားလည်းကြားရောလိပ်ပြာဖြင့် နားထင်ကိုတောင် သွေးတက်စောင့်ရတဲ့အထိပဲ။
"ကိုကိုရယ် မလိုအပ်တာတွေမလုပ်ပါနဲ့ဆိုတော့" ကိုကိုက ဘာပြန် ပြောတယ်မှတ်လဲ
"လိပ်ပြာအတွက် တစ်သက်မှာတစ်ခါပဲဆောင်ရမဲ့မင်္ဂလာကို အခမ်းနားဆုံး ပုံဖော်ပေးချင်ပါတယ်"တဲ့ ဘေးနားကမြှောက်စိန်မတွေကလည်း "လုပ်လုပ်"ဆိုပြီး မြှောက်ပေးလိုက်ကြတာ ပြောမနေပါနဲ့။
သူငယ်ချင်းတွေကလည်း မင်္ဂလာတောင်မဆောင်ရသေးဘူး ဓာတ်ပုံတွေ တစ်ဖြတ်ဖြတ်ရိုက်ပြီး လိပ်ပြာရဲ့ကိုယ်စားကြည်နူးပီတိဝေနေကြတာ မျက်ရည်ကျတဲ့လူတောင် ရှိတယ်။
🦋🦋🦋🦋🦋🦋🦋🦋
"ဒေါက်...ဒေါက်...ဒေါက်..."
"၀င်ခဲ့ပါ..."
လိပ်ပြာမင်္ဂလာကိစ္စအတွက် တွက်ချက်ရလွန်းလို့ခေါင်းတွေရှုပ်နေတဲ့ အချိန်မှာ သံပရာဖျော်ရည်တစ်ခွက်ကို ကိုင်ပြီး အမေကအိပ်ခန်းထဲသို့၀င်လာသည်။
အမေက "ငါ့သမီးလေး စိတ်ရှုပ်နေမှာဆိုးလို့
အမေဖျော်ခဲ့တာဟု"ဆိုတာ သံပုရာဖျော်ရည်ခွက်ကို ခုံပေါ်တင်ပေးလေသည်။ပြီးနောက် ယွန်းဘူးခပ်သေးသေးလေးကို ဖွင့်ပြီး
"သမီးအတွက်ဟု"ဆိုကာ လိပ်ပြာရဲ့လက်ထဲကို ထည့်လာပေးလေတော့ လိပ်ပြာမှာအံ့ဩလို့ကို
မဆုံးနိုင်ဘူး။ယွန်းဗူးလေးထဲမှာ မေမေနဲ့ဖေဖေ မင်္ဂလာဆောင်ခဲ့တုန်းက အဖိုး၊အဖွားတွေ အမှတ်တရလက်ဖွဲ့ခဲ့တဲ့ စိန်ဘယက်ကလေးဟာနှစ်တွေကြာနေပေမဲ့ အရောင်တစ်လက်လက်တောက်ကာ သစ်လွင်နေတုန်းပင်။
ဒီဘယက်ကလေးကို အမေကသိပ်အလေးထားတာကို လိပ်ပြာအသိဆုံးပါပဲ။
တကယ်ဆိုရင် ဒီလိုအရာမျိုးက အငယ်ဆုံးဖြစ်တဲ့ မင်းမင်းကိုပေးသင့်တာလို့ ထင်မိတယ်။
"အမေရယ်...အမေတို့မင်္ဂလာဦးပစ္စည်းလေးကို အမေပဲသိမ်းထားလိုက်ပါနော်..."
"သမီး...မောင်ဘုန်းမြတ်က သမီးလေးကို လိုလေးသေးမရှိအောင်ထားပေးမဲ့လူဖြစ်ပေမဲ့..
အမေတို့ဘက်ကနေလည်း တစ်ခုခုတော့ လက်ဖွဲ့ချင်တယ် သမီးရယ်...သမီးရဲ့အစ်ကိုတွေ ၊မောင်တွေ အကုန်လုံးကလည်း သူတို့အတွက်မလိုအပ်ဘူး..ညီမလေးကိုသာပေးလိုက်ပါတဲ့လေ..."
"ဒါပေမဲ့ အမေရယ်..."
"မပြောနဲ့တော့ သမီး..အမေပေးတာကို လက်ခံပါ..ငါ့သမီးလေးက ရှေးကုသိုလ်ကံတွေကောင်းခဲ့တာကြောင့် လင်ကောင်း၊သားကောင်ရတာကိုပဲ အမေ့မှာ၀မ်းသာလို့မဆုံးပါဘူး...ဒါပေမဲ့ မောင်ဘုန်းမြတ်က သမီးကိုအရမ်းချစ်ပေး၊ဂရုစိုက်ပေးတိုင်းလည်း သမီးဘက်ကနေ မယား၀တ်တရားတွေကို ပျက်ကွက်ဖို့ ၊ပေါ့ပေါ့တန်တန်မတွေးမိစေနဲ့နော်...သူ့အသိုင်းအ၀န်းက အရမ်းကြီးတဲ့အခါကျတော့ သမီးဘက်ကလည်း ယူရမဲ့တာ၀န်ကပိုကြီးတယ်.. တစ်ခုခုအမှားအယွင်းဖြစ်သွားတာနဲ့
အပစ်တင်ရှုံ့ချမဲ့လူတွေက တန်းစီနေမှာသမီးရဲ့...
အမေကလိပ်ပြာကို ခေါင်းလေးပုတ်ပြီး ဆုံးမတာကြောင့် လိပ်ပြာလည်း အမေ့ရဲ့ပေါင်ပေါ်မှာ ခေါင်းတင်ပြီး အမေ့ရဲ့မျက်နှာကို အောက်ခြေမှ ပင့်၍ကြည့်နေမိသည်။
အမေဟာ သူ့ခောတ်အခါက ရွာ့ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်ခဲ့ဖူးတယ်။
အသားဖွေးဖွေး၊ခါးသိမ်သိမ်နဲ့ ၀မ်းဆက်တွေ
အမြဲ၀တ်လေ့ရှိတာကြောင့် အမေတို့နေခဲ့တဲ့ရွာမှာဆိုရင် မ၀မ်းဆက်ဆိုပြီးတော့တောင် အမည်တွင်ခဲ့ပါသတဲ့။
အဖေကတော့ အမေတို့ရွာရဲ့ပထမဦးဆုံး ကျောင်းဆရာဖြစ်ခဲ့တယ်။အဖေကလည်း ငယ်စဉ်က အနေအေးတဲ့လူရိုး၊လူဖြောင့် တစ်ယောက်ပေါ့။ အမေ့ရဲ့အဒေါ်ဖြစ်တဲ့ လိပ်ပြာရဲ့အဖွား၀မ်းကွဲက အောင်သွယ်ပေးခဲ့တာကြောင့် ချစ်ကြိုက်ပြီး ညားခဲ့ကြတယ်။အဲ့ဒီ့ခောတ်အခါက
မြတ်မြတ်နိုးနိုးနဲ့ အိမ်တစ်ဆောင်၊မီးတစ်ပြောင် တင်အတောင်းခံရတဲ့ မိန်းမတစ်ယောက်အဖို့ အင်မတန်ဂုဏ်ယူစရာကောင်းကြတယ်လို့ အမေကတော့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် လိပ်ပြာအလှည့်ရောက်တဲ့အခါမှာ ဆင်းရဲ၊ချမ်းသာဆိုတာထက် ခိုးရာ၊လိုက်ပြေးတာတို့ ဘာတို့လုပ်သွားမှာကို မေမေကလုံး၀ကို မလိုလားခဲ့ဘူး။လိပ်ပြာကို မတော်တရော်သူတွေနဲ့လည်း တွေ့သွားမှာ သိပ်ဆိုးတဲ့မေမေက အခုဆိုရင် လိပ်ပြာကြောင့် ရပ်ကွက်ထဲမှာလည်း မျက်နှာပန်းလှရပြီလေ။ ရပ်ကွက်ဘုန်းကြီးကျောင်းမှာလည်း
သိမ်ကျောင်းဆောက်ဖို့ ကိုကိုနဲ့လိပ်ပြာတို့မိသားစုတွေ ပူးပေါင်းလှူထားတာကြောင့် မျက်နှာကြီးရာ ဟင်းဖက်ပါကြတဲ့ အမျိုးတွေဟာလည်း "ဒေါ်မြဖြူ..ဒေါ်မြဖြူ"နဲ့ တစ်ဖြူတည်းကို ဖြူနေကြတော့တာပါပဲ။
လိပ်ပြာအိပ်ယာမ၀င်ခင်မှာ မျက်နှာသစ်သွားတိုက်ဖို့ ရေချိုးခန်းဘက်ကိုကူးလာပြန်တော့ ထမင်းစားခန်းထဲမှာ ထမင်းစားနေကြတဲ့ အစ်ကိုလေးနှင့် အစ်ကိုကြီးကိုတွေ့ရလေသည်။
"ညီမလေး...ခဏနေအုံး..."
"ဘာဖြစ်လို့လဲ..."
"ခဏ...နေစမ်းပါဟာ..."
အစ်ကိုလေးက ထမင်းစားနေရင်းတန်းလန်းမှ လက်ကိုအမြန်ထဆေးပြီး သူ့အိပ်ခန်းထဲသို့အတင်းပြေးလေသည်။လိပ်ပြာလည်း နားမလည်နိုင်စွာ အစ်ကိုကြီးကို ကြည့်လိုက်တော့ အစ်ကိုကြီးက ပုခုံးတွန့်ပြီး ရယ်ပြလာသည်။
"ဟော...ဟိုမှာလာပြီ..."
အိပ်ခန်းထဲမှ ပြန်ပြေးထွက်လာတဲ့အစ်ကိုလေးရဲ့လက်ထဲမှာလည်း သော့တွဲတစ်ခုနှင့် ဖိုင်လ်တွေပါလာတာ ဘာလုပ်မလို့ပါလိမ့်။
"ရော့..."
"ဒါကဘာလုပ်ဖို့လဲ အစ်ကိုလေးရဲ့..."
"ယူမှာသာ..ယူစမ်းပါဟာ..."
လက်ထဲကို အတင်းလာထိုးထည့်ပေးတဲ့ သော့တွဲနဲ့ဖိုင်လ်ကို ခပ်ကြောက်ကြောက်နဲ့ပဲယူလိုက်ရတယ်။အစ်ကိုလေးရဲ့ရုပ်ကြီးက ခပ်တည်တည်ကြီးနဲ့ဆိုတော့ မယူရင် အရိုက်ခံရမှာလည်းဆိုးတယ်။
ယောက်ျားတောင်ရတော့မယ်ဆိုပေမဲ့ လိပ်ပြာဟာ အစ်ကိုတွေကိုတော့ ကြောက်နေရတုန်းပါပဲ။
လိပ်ပြာဖိုင်လ်ကို ဖွင့်ကြည့်လိုက်တော့ တိုက်ခန်းပိုင်ဆိုင်ခွင့်စာချုပ်ပဲ။ပြီးတော့ လိပ်ပြာနာမည်နဲ့။ဒါဆိုရင် ဒီတိုက်ခန်းက လိပ်ပြာအတွက်ရည်ရွယ်ပြီး ပေးတာပေါ့။
လိပ်ပြာ စဉ်းစားခန်းဖွင့်နေတုန်းမှာပဲ ပုခုံးပေါ်ကိုရောက်လာတဲ့ အစ်ကိုလေးရဲ့ လက်တစ်ဖက်နဲ့ ဦးခေါင်းထက်ကို ခပ်ဖွဖွပုတ်ပေးလာတဲ့ အစ်ကိုကြီးရဲ့ နွေးထွေးတဲ့လက်တစ်စုံက လိပ်ပြာကို မေးခွန်းတွေအများကြီးထုတ်ချင်လာစေတယ်။
"ညီမလေး...ဒီတိုက်ခန်းက ညီမလေးအတွက် ကိုလေးတို့ညီအစ်ကိုနှစ်ယောက် လက်ဖွဲ့တာ
...တကယ်လို့ တစ်ချိန်ချိန်မှာ ညီမလေးရဲ့
ယောက်ျားက အနိုင်ကျင့်လာခဲ့ရင်ပဲ ဖြစ်ဖြစ်.. သူနဲ့နေရတာ စိတ်မချမ်းသာတော့ရင်ပဲ ဖြစ်ဖြစ် ကိုကြီးတို့ဆီကို ပြန်သာလာခဲ့နော်...ငါ့ညီမလေးအတွက် ကိုကြီးတို့ကအမြဲတမ်း အိမ်တံခါးကို အဆင်သင့်ဖွင့်ထားတယ်..."
"ကိုကြီးတို့က အဲ့လိုပြောတော့ လိပ်ပြာကငိုချင်တာပေါ့လို့..."
လိပ်ပြာမှာ မျက်ရေတွေတစ်လှိမ့်လှိမ့်ကျဆင်းလာတာကိုလည်း တားဆီးမနေတော့ပဲ အစ်ကိုတွေ့ရှေ့မှာ ကလေးတစ်ယောက်လိုငိုပစ်လိုက်မိတယ်။အစ်ကိုနှစ်ယောက်စလုံးကလည်း လိပ်ပြာကို ကလေးလေးလို ဟိုဘက်တစ်ယောက်၊ဒီဘက်တစ်ယောက်ချော့မြူနေကြတဲ့မြင်ကွင်းအားဖေဖေ၊မေမေနဲ့ မင်းမင်းတို့သုံးယောက်ဟာ အကွယ်ကနေ ချောင်းကြည့်ပြီး ကျေနပ်ပီတိဖြစ်နေကြလေသည်။
ထိနေ့ညမှာ လိပ်ပြာတို့အိမ်ကိုထမင်းလာစားတဲ့ ကိုကို့အားလိပ်ပြာရတဲ့ လက်ဖွဲ့အကြောင်းတွေကို ပြောပြလိုက်တော့ ကိုကိုက သွားတက်တွေပေါ်အောင် ပြုံးပြလာပြီး..."လိပ်ပြာဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုးသမီးလေးပါပဲ.."ဆိုပြီး ချီးကျူးစကားဆိုလာတယ်။ဟုတ်ပါတယ်။လိပ်ပြာက သိပ်ကိုကံကောင်းလွန်းပါတယ်။ဒီလိုကံကောင်းမှုလေးကလည်း အမြဲတမ်းအဒွန့်ရှည်တည်တံ့ပါစေလို့ လိပ်ပြာဆုတောင်းနေမိတယ်။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋
လိပ်ပြာရေမလိုချင်ရင် ဒီကိုတစ်ခုလောက်ပစ်စမ်းပါ😁
=========================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၅
ညရဲ့တိတ်ဆိတ်နေမှုကြောင့်ပဲလား၊ကွန်ဒိုတစ်ခုလုံးမှာ တစ်ယောက်ထဲရှိနေ၍ဆိုတဲ့ အခြေအနေအမျိုးမျိုးကြောင့် ဘုန်းမြတ်ရဲ့နားခိုရာ နေရာဟာ ကြောက်တတ်တဲ့သူအဖို့ဆိုရင် ခြောက်ချားဖွယ် ကောင်းနေမှာသေချာပါတယ်။
ရေချိုးခန်းထဲသို့ ၀င်လိုက်ပြီး ရေပန်းခလုတ်ကိုဖွင့်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်ပေါ်သို့ကျဆင်းလာတဲ့ ရေရဲ့အေးစိမ့်တဲ့အရသာကို ခံစားရင်း တစ်နေ့တာလုံးဖြတ်သန်းကူးခက်ခဲ့ရတဲ့ အလုပ်ဖိအားတွေကို လျှော့ချပစ်လိုက်မိတယ်။
ဘုန်းမြတ်အတွက်ကတော့ အနားယူချိန်ဆိုတာ
သာမာန်ကောင်လေးတွေလို တစ်နေ့ကိုနှစ်နာရီ၊သုံးနာရီလောက် ဂိမ်းကစားတာတို့၊သွားချင်တိုင်းသွား၊လည်ပတ်ချင်တိုင်းလည်ပတ်တာတို့အတွက် အချိန်ပေးဖို့မပြောပါနဲ့ လက်ထပ်ခါနီးဇနီးလောင်းလေးအတွက်တောင် အချိန်ကိုမနည်းရှာကြံပြီး ပေးနေရတယ်။
ဒယ်ဒီကလည်း ဆေးရုံမှာလှဲနေရတဲ့အချိန်ဆိုတော့ လုပ်ငန်းတွေကို သူတစ်ယောက်ထဲကသာ တာ၀န်များများယူနေရတာကြောင့် တစ်နေ့တစ်နေ့ သူ့ပုခုံးအပေါ်မှာထမ်းထားရတဲ့ ဖိအားတွေက အသက်
နှစ်ဆယ့်ငါးနှစ်ဆိုတဲ့အရွယ်မှာ ဒဏ်မခံနိုင်တဲ့ကောင်လေးတစ်ယောက်သာဆိုရင် စိတ်ဖိစီးလွန်းပြီး ရူးတောင်သွားအုံးမယ်။
ထုံးစံအတိုင်း ညဆယ့်တစ်နာရီမထိုးသေးမချင်း သူ့အလုပ်တာ၀န်က ကုတင်ပေါ်မှာခဏထိုင်ပြီး အလုပ်ကိစ္စတွေကို မနားတမ်းလုပ်နေရတော့တာပါပဲ။
"တီ...တီ...တီ...တီ..."
ဘုန်းမြည်သံကြား၍ ကြည့်လိုက်တော့ လိပ်ပြာရဲ့ဖုန်းနံပါတ်ဖြစ်နေသည်။ ကိုးနာရီထိုးခါနီးအချိန်ကြီးမှာ လိပ်ပြာကဖုန်းဆက်တတ်တဲ့အကျင့်မရှိပါဘူး။
"ဟယ်လို...လိပ်ပြာ..."
"ကိုဘုန်းမြတ်...ကျွန်မလိပ်ပြာမဟုတ်ဘူး...
ကြည်ပြာပါ...လိပ်ပြာရဲ့သူငယ်ချင်းလေ..."
"အော်...ဟုတ်ကဲ့...ဒါနဲ့လိပ်ပြာကရော.."
"လိပ်ပြာ...လိပ်ပြာမူးနေလို့ ရှင်လာခေါ်ပေးလို့ရမလား..."
"ဘာ...ဟာ...ခင်ဗျားတို့ကမတားကြဘူးလား..."
"ဟိုလေ..ဒါကဂိမ်းကစားကြတာပါ...ရှုံးတဲ့လူကသောက်ရတာ...သူကနဲနဲ့လေးပဲသောက်ပြီးကို မူးသွားတာပဲ...အဲ့ဒါ ကိုဘုန်းမြတ်လာခေါ်ပေးလို့
ရမလား...သဲနုနဲ့အေးအေးကအစောတည်းကပြန်သွားကြပြီ...ကျွန်မကတော့ ကိုဘုန်းမြတ်လာခေါ်ပေးပြီးရင် အိမ်ကကားကို လာကြိုခိုင်းတော့မှာ..."
"ဟုတ်ပြီ...ဟုတ်ပြီ...ကျွန်တော့်ကိုတည်နေရာ
မက်ဆေ့ခ်ျပို့လိုက် အခုချက်ချင်းလာခဲ့မယ်..."
လုပ်လက်စအလုပ်တွေကို အကုန်ပစ်ချထားခဲ့လိုက်ပြီး ညဘက်မှာရာသီဥတုက နည်းနည်းအေးနေတာကြောင့် ကုဒ်အင်္ကျီနဲ့ ကားသော့ကိုယူကာ ကားပါကင်ဆီသို့သွားလိုက်သည်။
ကားမောင်းနေစဉ်တစ်လျှောက်လုံးမှာလည်း လိပ်ပြာတစ်ခုခုဖြစ်မှာဆိုးလို့ ပူပန်နေရတာ မီးဟုန်းဟုန်းတောက်တော့မတတ်ပဲ။ ညနေကသူ့ကို ဖုန်းဆက်အကြောင်းကြားတော့
"လိပ်ပြာရဲ့ကျောင်းတုန်းက သူငယ်ချင်းတွေကစုပြီး ဂုဏ်ပြုပေးတာ သွားချင်လို့...ကိုကိုလိုက်ခဲ့ဖို့အားလား.."ဆိုပြီးသူ့ကို အဖော်လာစပ်ပေမဲ့ သူလည်း "လိပ်ပြာတစ်ယောက်ထဲသွားလိုက်လို့မရဘူးလား"ဆိုပြီး ပြောလိုက်မိတယ်။
အဲ့ဒါကိုပဲ မကျေနပ်လို့ ဒီလိုလုပ်တာများလား။လိပ်ပြာဟာထန်းရည်တစ်ခွက်လောက်သောက်ရုံနဲ့တင် လမ်းလျှောက်တာက အိုးနင်း၊ခွက်နင်းဖြစ်နေရတဲ့ ကြားထဲ အခုဆိုရင်ဘယ်လိုများဖြစ်နေမလဲ။
သူမက မူးရင်ပြောချင်တာတွေပြောတတ်ပြီး၊ပေါက်ကရတွေလည်း လျှောက်လုပ်တတ်တာ တော်ကြာ ကာရာအိုကေမှာဆိုတော့ မဟုတ်၊မဟက်လူတွေနဲ့ တွေ့နေမှ ဒုက္ခပါပဲ။
အဓိကတရားခံကတော့ သူပါပဲ။လိပ်ပြာဟာ နောက်ထပ်နှစ်လလောက်ဆိုရင်ပဲ သူ့အမျိုးသမီးဖြစ်တော့မှာကို လိပ်ပြာကိုသူပစ်ထားလိုက်မိသလိုဖြစ်သွားတယ်။
"ကျွီ...."
ကားကို ကာရာအိုကေဆိုင်ရှေ့မှာ ပါကင်ထိုးရပ်လိုက်ပြီးနောက် ဆိုင်ထဲကိုချင်ချင်းပဲပြေး၀င်လိုက်တယ်။ကြည်ပြာဆိုတဲ့တစ်ယောက် မက်ဆေ့ခ်ျပို့ထားတဲ့ အခန်းထဲသို့၀င်လိုက်ချိန်မှာတော့ လူတွေတော်တော်များများကပြန်ကုန်ကြပြီး အခန်းထဲမှာ လိပ်ပြာအပါအ၀င်လူသုံး၊လေးယောက်ပဲ ရှိပါတော့တယ်။
"လိပ်ပြာ...ကိုကိုနဲ့လိုက်ခဲ့...လာ..."
"ဟင်...ဘယ်ကကိုကိုလဲ...ကြည်ပြာ..ဟဲ့...ဒီကောင်လေးကချောတယ်နော်..."
ကိုယ်ယူမဲ့ယောက်ျားကိုတောင် မမှတ်မိတဲ့သူမကြောင့် ဘုန်းမြတ်မှာကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်မိတော့တယ်။
သူ့မှာဘယ်လိုပဲ ချော့မြှူပြီးခေါ်ပေမဲ့ သူမကအကြောက်အကန်ကိုငြင်းပြီး
"ရဲတိုင်မယ်တို့...အစ်ကိုလေးတို့ကို ခေါ်လိုက်မှာနော်..."ဆိုပြီး အမျိုးမျိုးကို ရန်ရှာနေတော့တာပဲ။ဘယ်လိုမှခေါ်မရတဲ့အဆုံးမှာတော့ အကြမ်းနည်းသုံးကာ ပွေ့ချီပြီး ကားပေါ်ကိုအတင်းခေါ်လာခဲ့လိုက်ရတယ်။သူမကို ပွေ့ချီလာတဲ့ လမ်းတစ်လျှောက်လုံးမှာလဲ "ကယ်ကြပါအုံး..ကျွန်မကိုလာဖမ်းနေလို့ပါ..."ဆိုပြီး အော်ဟေ့ရုန်းကန်တော့ လူတွေကဝိုင်းကြည့်လာကြပြန်ရော။
"ကျွန်တော့်မိန်းမမူးနေလို့ပါ"ဆိုတဲ့ ဆင်ခြေနဲ့ပဲ စူးစမ်းသလို ကြည့်လာတဲ့လူတိုင်းအား မချိသွားဖြဲလေးနဲ့ ဖြေခဲ့ရပြီး သူ့ကွန်ဒိုသို့သာ ကားကိုအပြင်းနှင်ခဲ့ရသည်။
"အေ့...အေ့..."
"လိပ်ပြာ...အန်ချင်လို့လား...လာလာ...ဒီဘက်ကိုလာ..."
သူမကို လက်ဆွဲပြီး သန့်စင်ခန်းသို့ခေါ်လာကာ အန်ခိုင်းရလေသည်။ဆံပင်ကြီးတွေက အရှည်ကြီးတွေကို စည်းမထားတဲ့သူမကြောင့် ဆံပင်ကိုလည်း လက်တစ်ဖက်ကကိုင်မြှောက်ထားပေးရင်း ကျန်လက်တစ်ဖက်ကတော့ နေသာ၊ထိုင်သာရှိအောင် ကျောကုန်းကိုအသာပုတ်ပေးလိုက်သည်။
"ရတယ်...ကိုယ့်ဘာသာသွားမယ်...ဟွန့်..."
အန်ပြီးတော့လည်း အငြိမ်မနေပဲ အိမ်ထဲမှာဦးတည်ရာမရှိလျှောက်ပတ်သွားနေတာကြောင့်
တွဲပေးမယ်ဆိုတော့လည်း အတွဲမခံဘူး။
ဒီကောင်မလေး ဘာတွေကိုဒီလောက်ကောက်နေတာပါလိမ့်။
အမူးပြေအောင် ပျားရည်နဲ့သံပုရာရည်လေးကိုဖျော်လိုက်ပြီး ဧည့်ခန်းထဲမှာ ထိုင်နေတဲ့သူမဆီသို့ သွားကာ ဖျော်ရည်တိုက်ရန်ပြင်ရသည် ။
"လိပ်ပြာ...ဒီမှာကိုကိုလိပ်ပြာအတွက်ဖျော်ထားတာ...ချိုချိုလေး သောက်လိုက်အုံးနော်..."
"ဒီမှာ ဦးသူရဘုန်းမြတ်..."
"ဘုန်းမြတ်သူရပါကွာ..."
"ကျွန်မဘာသာ..ကျွန်မဘယ်လိုခေါ်ခေါ်ပေါ့...ရှင့်အပူတစ်ပြားမှာကို မပါဘူး..."
"ဟုတ်ပါပြီကွာ...ခေါ်ချင်သလိုသာ ခေါ်ပါတော့ ရော့ဒါလေးတော့ သောက်လိုက်နော်...အမူးပြေအောင်လို့..."
"အောင်မာ သူများကို မူးသလေးဘာလေးနဲ့...ဒီမှာ
အရက်ကလေးတစ်ငုံလောက်ပဲသောက်လိုက်တာ ဘာကိုမူးတာလဲ...အတောင်ပံလေး နဲနဲလေးနေလို့ မပြန်နိုင်သေးတာပဲ ရှိတာ...မူးနေတာကရှင်..."
"ဘယ်လို ကိုယ်ကမူးနေတယ်..."
သူကရယ်ကျဲကျဲပြောလိုက်ပေမဲ့ သူမမျက်နှာလေးကတော့မဲ့ကျလာသည်။
"ဟုတ်တယ်လေ...ရှင်မူးမူးပြီး ချောင်မှာသွားအိပ်နေလို့ လိပ်ပြာနဲ့လာမတွေ့နိုင်တာပေါ့...အီဟီး...
ပြောတော့ ချစ်တယ်၊ချစ်တယ်တဲ့...ဘာချစ်တာလဲ...အလကား...သူ့အလုပ်တွေလောက်တောင် လိပ်ပြာကိုမချစ်ဘူး..."
"ဟာ...မငိုပါနဲ့ကွာ...လိမ္မာတယ်နော်...မငိုနဲ့နော်.."
သူမနဲ့မျက်နှာချင်းဆိုင်မှာ၀င်ထိုင်ပြီး ပါးပြင်ပေါ်မှမျက်ရည်ဥလေးတွေကို သုတ်ပေးတော့ သူမကနှုတ်ခမ်းလေးကို မဲ့ပြီးသူ့ကိုကြည့်လာသည်။
သူ့စိတ်ထဲမှာလည်း အတော်စိတ်မကောင်းဖြစ်နေမိတယ်။ဒီရက်ပိုင်းအတွင်းမှာ ပစ်ထားမိတဲ့လူက သူဖြစ်နေခဲ့တာကို။
"ကိုကို ဘာလုပ်ပေးရမလဲ...လိပ်ပြာခိုင်းတာမှန်သမျှ ကိုကိုလုပ်ပေးမယ်..."
"တကယ်လား...လိပ်ပြာခိုင်းသမျှ..အကုန်လုံးလုပ်ပေးမှာသေချာတယ်နော်..."
"တကယ်မဟုတ်ဘူး...နှစ်ကယ်..သုံးကယ်
..အကယ်တစ်ရာကွာ..."
"အင်း...ဒါဆိုရင်..စဉ်းစားလိုက်အုံးမယ်..."
သူမကမျက်လုံးလေးတွေကလယ်ကလယ်နဲ့ တစ်ခုခုကို စဉ်းစားနေဟန်လုပ်နေပြီးမှ ချက်ချင်းထပြုံးကာ ဘုန်းမြတ်ရဲ့ကိုယ်လုံးကို သူမရဲ့လက်အပြည့်ဖက်ထားလေသည်။
သူမရဲ့ အပြစ်ပေးတဲ့နည်းလမ်းက ဒါလား။
"ကိုကို့ကို ဒီတစ်ညလုံးလိပ်ပြာဖက်ထားမှာနော်
...မဟုတ်ရင်ကိုကိုကထွက်ထွက်ပြေးတတ်လို့..."
ကလေးတစ်ယောက်လို ချွဲနွဲ့ပြီးပြောလာလေတော့ ဘုန်းမြတ်လည်း ပြုံးလိုက်မိသည်။
"ဟုတ်ပါပြီကွာ...ဒါဆိုလည်း မနက်ကျမှထပ်ပြီးတော့ ဖက်နော်..အခုကဆယ်နာရီထိုးခါနီးနေပြီ...လိပ်ပြာအိပ်တော့နော်...မဟုတ်ရင် မနက်ရောက်လို့မျက်ကွင်းလေးတွေ ညိုနေရင်ရုပ်ဆိုးမှာပေါ့..."
"ဟင်...တကယ်လား..."
သူမရဲ့ပါးလေးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ပြန်ညှစ်ပြီး မျက်ကွင်းညိုမှာစိုးရိမ်နေတဲ့ကောင်မလေးကြောင့် သူပြုံးမိပြန်ပါပြီ။မစူပုပ်လေးကို လက်ဆွဲပြီးအိပ်ခန်းထဲသို့ ခေါ်ခဲ့ကာ ကုတင်ပေါ်မှာမနဲလှဲအိပ်ခိုင်းလိုက်ရသည်။ပြီးနောက်စောင်ခြုံပေးမယ်လုပ်တော့....
"ကိုကိုလည်း လိပ်ပြာနဲ့အတူတူလာအိပ်လေ
...လိပ်ပြာကကိုကို့ကိုဖက်ပြီးအိပ်မှာ..."
"လိပ်ပြာ...ကိုကိုတို့ကလက်မထပ်ရသေးဘူးလေ..လက်မထပ်ရသေးရင်.. အာ့..."
သူ့စကားတောင်မဆုံးလိုက်ပေ။အမူးသမား
လေးက လက်ကိုအတင်းဆောင့်ဆွဲလိုက်တာကြောင့် ကုတင်ပေါ်သို့ ပစ်ကျသွားရသည်။
ပြီးနောက်သူ့ကို အတင်းဖက်ကာ ရင်ခွင်ထဲသို့ ကြောင်ပေါက်လေးလို တိုးခွေ့၀င်လာလေသည်။
ဘုန်းမြတ်အဖို့စိတ်ကိုမနည်းထိန်းချုပ်နေရတဲ့ကြားထဲ သူမရဲ့လက်က သူ့ချိုင်းကြားထဲကို ရောက်လာလေတော့ ချိုင်းယားတာရော စိတ်ကဘယ်လိုမှမနေတတ်မထိုင်တတ်ဖြစ်လာတဲ့ခံစားချက်ကြီးက ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာသူ့ကိုယ်သူသာအသိဆုံးပင်။
ရင်ခွင်ထဲမှာ မျက်လုံးလေးတွေမှိတ်ထားတဲ့ သူမအားသူလှုပ်နှိုးလိုက်မိသည်။
"လိပ်ပြာ...လိပ်ပြာ...အိပ်နေပြီလား..."
"ဟင်...အိပ်မလို့လေ...ကိုကိုရဲ့...ဘာဖြစ်လို့လဲ..."
"မနက်ရောက်လို့ ကိုကိုလိပ်ပြာကို ထူးဆန်းတာတွေ ပြုမူမိတယ်ဆိုရင် လိပ်ပြာစိတ်ဆိုးမှာလား..."
သူမရဲ့ပါးပြင်လေးကို ယုယစွာကိုင်တွယ်ရင် မေးလိုက်တဲ့သူ့စကားအား သူမက လေးလေးနက်နက်တွေးနေဟန်လုပ်ပြီးမှ ခေါင်းခါပြလာသည်။
"ဟင့်အင်း...စိတ်မဆိုးပါဘူး..."
ဘုန်းမြတ်ကျေနပ်စွာ တစ်ချက်ပြုံးလိုက်သည်။ထိုအပြုံးတွေထဲမှာ မကြာခင်တောက်လောင်တော့မဲ့ မီးစာတွေအပြည့်ထည့်ထားတယ်ဆိုတာကိုတော့ သူမလေးမသိရှာဘူးပေါ့။
ညဆယ်နာရီ "ဒေါင်"ဆိုတဲ့အချိန်မှာတော့ ကုတင်ပေါ်မှ လွှင့်စင်လာတဲ့အ၀တ်တွေဟာ ကုတင်အောက်ခြေသို့ ပစ်စလက်ခက်ကျရောက်လာပါတော့တယ်။မြန်မာနိုင်ငံရဲ့ဆောင်းဥတုဟာ ညတာတိုတယ်လို့ဆိုကြပေမဲ့ အချစ်ငှက်နှစ်ကောင်အတွက်တော့ ချစ်တေးသံစဥ်ချိုချိုလေးတွေကို
သီကြူးလို့မဆုံးနိုင်တဲ့ ညချမ်းအချိန်အခါလေးဖြစ်နေပါတော့တယ်။
🦋🦋🦋🦋🦋🦋🦋🦋
မနက်ခင်းရဲ့ နေမင်းကပြူးတင်းတံခါးကိုဖြတ်၍လိပ်ပြာရဲ့မျက်နှာကို လာရောက်ရန်တွေ့ကျီစယ်နေသလို ဖြစ်တာကြောင့် မျက်နှာတစ်ပြင်လုံး ပူသလိုဖြစ်လာပြီး လန့်နိုးသွားသည်။
"အား...ခေါင်းတွေ မူးလိုက်တာ...ကျွတ်..ကျွတ်.."
"ဟင်...ဒါ..ဘယ်သူ့အခန်းလဲ..."
လိပ်ပြာ အခန်းထဲကိုဝေ့၀ဲကြည့်လိုက်ပြီး ကုတင်တစ်ဖက်ခြမ်းကို ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်က လိပ်ပြာကိုကျောပေးပြီးအိပ်နေသည်။နောက်ပြီး ဒီအခန်းက ကိုကို့ရဲ့အခန်းပဲ။ပြီးတော့ အိပ်နေတဲ့လူကလည်း ကိုကိုပဲ ။ စောင်ခြုံထားတဲ့ ကိုကို့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဘာအင်္ကျီမှလည်းမရှိဘူး။
"ဟင်...ငါ...ငါ့မှာလည်း မရှိဘူး..."
အခုမှလိပ်ပြာကိုယ့်ခန္ဓာကိုယ်ကို သတိထားမိပြီး စောင်နဲ့သေချာလုံအောင် ကွယ်ထားလိုက်မိသည်။အ၀တ်အစားတွေကို လိုက်ရှာမိတော့ ကုတင်အောက်မှာ ကိုကို့အ၀တ်တွေနဲ့လုံးပြီးပြုတ်ကျနေတယ်။
"ဒါဆို...ကိုကိုနဲ့ငါ...အား!!!!!!!!!"
"ဟင်...ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲ...သူခိုးကပ်လို့လား...ဓားပြ၀င်လို့လား..."
ဘုန်းမြတ်မှာ အိပ်နေရင်းနဲ့လန့်ပြီး ထခုန်မိတဲ့အထိဖြစ်ကုန်သည်။စောင်ခြုံထဲမှ မတ်တပ်ထရပ်လိုက်တဲ့ ဖုန်းမြတ်ရဲ့အလုံးစုံအားတွေ့လိုက်ရတဲ့ လိပ်ပြာမှာ....
"အား!!!!!!!ကိုကို...လူယုတ်မာကြီး...သွား...
အခုချက်ချင်းထွက်သွား..."
"ဟာ...လိပ်ပြာရယ်...ကိုကိုဘောင်းဘီ၀တ်ထားပါတယ်ကွာ..."
"ဘာ၀တ်ထားထား...သွား!!!အီဟီး...သွားလို့ဆိုနေ..."
ငိုယိုပြီး ခေါင်းအုံးတွေနဲ့ပိတ်ပေါက်လိုက် ဖက်လုံးတွေနဲ့လှမ်းပစ်လိုက်လုပ်နေတဲ့ သူမကြောင့်
ဘုန်းမြတ်လည်း ကွန်ဖူးသိုင်းကွက်အသစ်တွေနဲ့ မနဲရှောင်ရှားပြီး အခန်းအပြင်သို့ အသက်လုကာထွက်ပြေးလာရသည်။
မတတ်နိုင်ဘူး ကိုယ့်အပစ်နဲ့ကိုယ်ပဲ။
ထိုနေ့မနက်တွင် သူမစိတ်အေးလောက်တဲ့အချိန်ကြမှပဲ ဧည့်ခန်းထဲမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေးခန့်ဖွင့်ရတော့သည်။
သူမကတော့ မျက်နှာကြီးကို ဆူပုပ်လို့ပေါ့။
"တကယ်တော့ ကိုယ်တို့ညက..."
"ကိုကို့..အဲ့ဒီ့ညကကိစ္စကြီးကို လာမပြောနဲ့လို့ဆို ဒီမှာအသဲတွေယားပြီး လူသတ်ချင်နေတယ်နော်..."
"မဟုတ်ဘူး...ညတုန်းက ကိုကိုတို့ဘာဆိုဘာမှ မဘာလိုက်ရဘူးလို့ ပြောမလို့ပါကွာ..."
"မဖြစ်နိုင်တာ...ဒါဆိုမနက်ကျတော့ အ၀တ်အစားတွေက ဘာလို့ကိုယ်ပေါ်မှာ မရှိတော့တာလဲ..."
"အဲ့ဒါက ဒီလိုကွာ...အ၀တ်အစားတွေချွတ်ပြီးတော့မှ လိပ်ပြာကအိပ်ချင်တယ်ဆိုပြီး ထငိုတော့
ကိုကိုလည်း အိပ်ခိုင်းလိုက်တာ..."
"သေချာတယ်နော်..."
"သေချာတယ်..."
"ဟူး..."
အခုမှ စိတ်သက်သာရာရသွားတဲ့ လိပ်ပြာဟာ လေတွေကို တစ်လုံးပြီးတစ်လုံးမှုတ်ထုတ်ပစ်လိုက်သည်။
နောက်တစ်ခါ မူးရစ်သေရည်ကို မူးလို့တောင်ထပ်မရှူမိအောင် နေတော့မယ်လို့လည်း စိတ်ထဲကနေ
နေကျိန်ဆိုလိုက်တယ်။
🦋🦋🦋🦋🦋🦋🦋
"ဒီစကန်ဖတ်တဲ့ AIက သိပ်ကိုသွက်ပြီး...မှန်ကန်
တိကျမှုလည်း အပြည့်ရှိပါတယ်...လူတွေရဲ့မတိကျတဲ့အရာတွေကို သူကတိကျမှန်ကန်အောင်လုပ်ပေးနိုင်တာကြောင့်...အချိန်ကုန်သက်သာစေမှာပါ..."
"တောင်..."
စွန့်ဦးတီထွင်တဲ့ လူငယ်အဖွဲ့မှာ မျက်နှာစကန်ဖတ်တဲ့ AIအကြောင်းကို အစည်းအဝေးခန်းထဲမှာနားထောင်နေတုန်း အီးမေးလ်ပို့သံကြား၍ ဖုန်းကိုကြည့်လိုက်မိတော့ စင်္ကာပူမှ အဒေါ် နှင်းကလျှာရဲ့ အီးမေးလ်ဖြစ်နေသည်။
အီးမေးလ်ထဲမှာရေးထားတာက..
"သားဘုန်းမြတ်...ဒီစာကို မြင်ရင်မင်းအရမ်းထိတ်လန့်မသွားပါနဲ့နော် လူ့လောကမှာဒါတွေက ဖြစ်မြဲတရားတွေပဲသား...မင်းဒယ်ဒီရဲ့နောက်ဆုံးအချိန်ကို မှီချင်ရင် စလုံးကိုအမြန်လာခဲ့ပါ...
မင်းမလာချင်ရင်လည်း.ဒေါ်ဒေါ်တို့ပဲကြည့်စီစဉ်
လိုက်ပါ့မယ်.."
"ဝုန်း!!!!!"
သူ့စိတ်ထဲမှာ ၀မ်းနည်းကျေကွဲခြင်း အစိုင်အခဲတွေဟာ ချက်ချက်ပေါက်ဖွားလာတာကြောင့် ဘယ်သူ့ကိုမှဂရုဆိုက်မနေတော့ပဲ သူ့ရုံးခန်းဆီသို့သာ သူသွားလိုက်မိသည်။
ပြီးနောက် မြန်မာ..စင်္ကာပူပုဂ္ဂလိကပိုင်လေကြောင်းတစ်ခုသို့ ဖုန်းဆက်လိုက်သည်။ထိုလေကြောင်းလိုင်းက ဒယ်ဒီရှယ်ရာ၀င်ထားတဲ့ လေကြောင်းလိုင်းဆိုတော့ စင်္ကာပူကိုအမြန်ဆုံးသွားရနိုင်ဖို့ ကူညီပေးမှာသေချာတယ်။
🦋"ဟယ်လို...ကိုကျော်ခေါင်လား..."
"ကျွန်တော့်အတွက် ဒီညနေဖလိုက်နဲ့စင်္ကာပူကို သွားနိုင်ဖို့ လက်မှတ်စီစဉ်ပေးပါ...ဟုတ်တယ်..အလည်ဗီဇာနဲ့ပဲ...ကောင်းပြီ..ကျေးဇူးတင်ပါတယ်..."
အချိန်တွေ တစ်ရစ်ရစ်ကုန်သွားပြီးနောက် နေ့လည် တစ်နာရီဆိုတဲ့အချိန်ကိုရောက်လာလေသည်။ ရုံးခန်းတံခါးကို သော့ခတ်ကာ မနက်ဆယ်နာရီလောက်ကတည်းက မလှုပ်မယှက်ထိုင်နေမိတဲ့ ဘုန်းမြတ်ဟာ အလုပ်စားပွဲအပေါ်မှာ ခေါင်းမှောက်ကာ
ငိုကြွေးနေရတာ ပင်ပန်းလာတာကြောင့် သူထရပ်လိုက်သည်။သူဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးနောက် ကားသော့ကို ယူကာ ကားပါကင်ဆီသို့ ဆင်းလာလိုက်သည်။အခုချိန် သူ့မျက်လုံးထဲမှာ ဘယ်သူ့ကိုမှလည်း မမြင်နိုင်သလို သူ့ရဲ့စိတ်တွေကလည်း အရမ်းကိုမွန်းကျပ်လာတယ်။
ကားလေးကို လိပ်ပြာတို့ရဲ့အိမ်ရှေ့မှာ ထိုးရပ်လိုက်ပြီးနောက် အိမ်ထဲသို့ပြေး၀င်လိုက်သည်။
"လိပ်ပြာ...လိပ်ပြာ...လိပ်ပြာ..."
"ဟဲ့.. သားလေး...ဘာဖြစ်လာတာတုန်း...လိပ်ပြာက သူ့သူငယ်ချင်းတွေနဲ့ ဖိတ်စာတွေသွားရွေးနေတယ်လေ..."
"ကျွန်တော် ဖုန်းဆက်တာလဲမကိုင်ဘူး..."
"အော်...သူ့ဖုန်းကအိမ်မှာကျန်ခဲ့တာလေ...ဒီကောင်မလေး နမော်နမဲ့သိပ်နိုင်တာပါကွယ်..."
သူ့ရဲ့ကိစ္စကလည်း အရမ်းလောနေတော့ ဒီနေ့
စင်္ကာပူကို သွားရမှကိုဖြစ်မှာပါ။မတတ်နိုင်ဘူး ခဏတာလေး ခွဲရတာပဲဥစ္စာ ။
"မေမြ...ကျွန်တော့်ဒယ်ဒီ...စင်္ကာပူမှာကျန်းမာရေးက တော်တော်လေးကို ခက်ခဲနေတဲ့အချိန်မို့လို့
...ကျွန်တော် ခဏလိုက်သွားရမယ်...ဒီညနေဖလိုက်နဲ့ပဲ သွားမှာမို့ လိပ်ပြာကိုပြောဖို့အချိန်မရဘူးဖြစ်နေတယ်...အန်တီမြပဲ လိပ်ပြာကိုပြောပေးပါနော်...ကျွန်တော် သိပ်မကြာဘူး...ပြန်လာခဲ့ပါ့မယ်လို့....မေမြကိုလည်း ကျွန်တော်ကန်တော့ခဲ့ပါတယ်..."
"အေးပါကွယ်...ငါ့သားလေးရဲ့အဖေ..ကံကောင်းထောက်မလို့ ဘာမှမဖြစ်ပါစေနဲ့ သားလေးလည်း သွားရေး၊လာရေး...ဂရုစိုက်နော်..."
"ဟုတ်ကဲ့..."
ဒေါ်မြဖြူလည်း သူမကို ကန်တော့်ခဲ့တဲ့အပြင် အိမ်ရှေ့လျှပ်စစ်ဆိုင်မှာရှိတဲ့ သားကြီးနဲ့သားလတ်ကိုပါ ၀င်နှုတ်ဆက်နေတဲ့ ဘုန်းမြတ်ကိုကြည့်ရင်း သက်ပြင်းမောကြီးချလိုက်မိသည်။
ဒီလောက်သိတတ်လိမ္မာတဲ့ကလေးမှာမှ ကံကြမ္မာဆိုးတွေက ကြံကြံဖန်ဖန်ကြုံလာရတယ်လို့ တကယ်ကို ဆိုးရွားတာပါလား။
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋
ဆယ်နာရီ ဒေါင်ဆိုတာနဲ့ ဘာဖြစ်တယ်😁
=========================================================================
ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၆
နှစ်လခန့်ကြာပြီးနောက်🍁🍂🍂🍁
လိပ်ပြာရဲ့အဝေးတစ်နေရာကို ကိုကိုထွက်သွားခဲ့တာ နှစ်လတောင်ပြည့်ပါတော့မယ်။ထွက်သွားသူထက်မျှော်ပြီး ကျန်ခဲ့ရသူက ပိုရင်မောရ၊ပိုလွမ်းရတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သိပ်ကိုမှန်ပါတယ်။
ကိုကိုစင်္ကာပူကို ထွက်သွားတဲ့နေ့က လိပ်ပြာအိမ်မှာမရှိခဲ့တာကြောင့် နှုတ်ဆက်စကားလေးတောင်ပြောခွင့် မရလိုက်တာသိပ်ကို၀မ်းနည်းဖို့ကောင်းတာပဲ။ကိုကိုရယ် အခုချိန်န်မှာဘယ်နေရာကိုများသွားနေမလဲ၊ဘာတွေများလုပ်နေမလဲဆိုတာ လိပ်ပြာသိချင်စမ်းပါရဲ့။ဒါပေမဲ့ လိပ်ပြာကိုကိုနဲ့အဆက်အသွယ် မရတာလည်း နှစ်လတင်းတင်းပြည့်ပါတော့မယ်။
သတ်မှတ်ထားတဲ့ မင်္ဂလာဆောင်ရက်က မနက်ဖြန်ဆိုရင်ပဲ ရောက်တော့မယ် သတို့သားလောင်းက အခုထိအရိပ်အရောင်တောင်မမြင်ရသေးတာကြောင့် ရပ်ကွက်ထဲက လူတွေကလည်း အရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး ဝေဖန်ကဲ့ရဲ့နေကြပြီ။
လိပ်ပြာ အိမ်အပြင်ကိုထွက်လိုက်တိုင်း သူများအတင်းကိုပြောတဲ့နေရာမှာ ထမင်းစား၊ရေသောက်သလိုဖြစ်နေကြတဲ့ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် လက်တို့ပြီးတီးတိုးဝေဖန်ကြလေသည်။
"ဟဲ့...ဟိုကောင်မလေးက...ဒေါ်မြဖြူ သမီး
မလား..."
"အေးလေ...နင်ကလည်း သူ့ကိုယူမဲ့ယောက်ျားကပစ်သွားတာတဲ့အေ့...မင်္ဂလာဆောင်ဖို့ကို ဖိတ်စာတစ်ခြမ်းကရိုက်ပြီးသွားပြီး ဟိုကနိုင်ငံခြားကို
..ထွက်သွားတာတဲ့အေ...ပြန်ကိုမလာတော့ဘူး..ဟိုကကျိကျိတက်ချမ်းသာတဲ့ သူဌေးတဲ့.."
"ဟယ်...ဒါကြောင့်မို့လို့လဲ ပစ်သွားတာနေမှာပေါ့ဟယ်...လူဆိုတာ သူ့အိုးနဲ့သူ့ဆန် တန်ရုံပဲရွေးတတ်ရမှာပေါ့...၀မရှိပဲဝိလုပ်ပြီး အမြင့်ကိုတတ်ချင်ရင်တော့ ပြန်ကျတဲ့အခါ အကျနာမှာထုံးစံပါပဲအေ..."
"အေးလေဟယ်..."
လူတွေဟာ ကိုယ့်အလုပ်ကိုပဲ စိတ်၀င်စားတတ်ကြရင် သေချာပေါက်တိုးတတ်မှာပဲ ။လိပ်ပြာရဲ့အရှေ့မှာတောင် ကဲ့ရဲ့တတ်ကြတဲ့လူတွေကို သိပ်ကိုရွံမုန်းတာပဲ။
အသဲထဲကနေလည်း တဆစ်ဆစ်နာတယ်။
တစ်ချို့လူတွေက အပြစ်မြင်ပြီးဝေဖန်ကြသလို တစ်ချို့လူတွေကြတော့ သနားဂရုဏာသက်ဟန်ဆောင်ပြီး ကွေ့၀ိုက်သောနည်းနဲ့ ကဲ့ရဲ့ကြပြန်ရော။
"ဒီကလေးမလေး သနားပါတယ်ဟယ်
...စာရေးဆရာမဖြစ်နေရက်နဲ့ ယူမဲ့ယောက်ျားကပစ်သွားခဲ့ရတယ်လို့..."
"ဟုတ်ရော..ဟုတ်ရဲ့လားဟယ်...ရုပ်ကလေးကသနားကမားနဲ့ဟာကို..."
"ဟယ်...ဟုတ်သမ သိပ်ဟုတ်တော်...ဒေါ်မြဖြူကိုယ်တိုင် သူ့သမီးမင်္ဂလာဆောင်ကျရင်
ကော့သောင်းကို လိုက်ခဲ့ပါဆိုပြီး ဖိတ်ထားတာ
...ကျုပ်ကတော့ ၀မ်းသာလို့ပေါ့တော်...ပြီးလည်းပြီးရော
ကောင်လေးမိဘတွေဘက်က သဘောမတူလို့နေမှာပေါ့အေ...ဒါမှမဟုတ်...သတို့သားကဖောက်ပြန်သလားမှမသိတာ...အရင်ကဆို ကားအကောင်းစားကြီးစီးပြီး သူတို့အိမ်ကို ချောင်းပေါက်မတတ်လာနေတာများ တစ်ရပ်ကွက်လုံးသိတယ်တော်ရေ့...နင်ကသာအခုမှပြောင်းလာလို့မသိတာ..."
"အေးဟယ်...ဒီလိုဆိုပြန်တော့လည်း ကလေးမလေးက သနားစရာလေးပါလား..."
အကြောင်းအရာတစ်ခုကို သေချာမသိပဲဝေဖန်ကြတာလောက် လိပ်ပြာမုန်းတာမရှိဘူး။အမြင်ကပ်လို့ ဝေဖန်တာပဲဖြစ်ဖြစ်၊သနားလို့ဝေဖန်တာပဲဖြစ်ဖြစ် လိပ်ပြာကတော့ အခုချိန်မှာဘယ်လိုစကားလုံးမျိုးကိုမှ မကြားချင်ဘူး။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်..."
"ဘုန်း!!!!!..."
ဒါကကိုကိုနဲ့မတွေ့ရတော့တဲ့နေ့ရက်တိုင်းမှာ လိပ်ပြာလုပ်နေကြအလုပ်တစ်ခုပါ။
နေ့တိုင်းကိုကို့ဆီကို ဖုန်းဆက်မိတယ်။
ကိုကိုလာမကိုင်မှန်းလည်း သိသလို လိပ်ပြာရဲ့ဆင်းကဒ်က နိုင်ငံခြားကို ဖုန်းခေါ်လို့မရဘူးဆိုတာလည်း သိတယ်။ဒါပေမဲ့ မျှော်လင့်ချက်နည်းနည်းလေးပဲဆိုရင်တောင် ကိုကိုများလာကိုင်မလားလို့ လိပ်ပြာခေါ်မိတာပါ။
ဖုန်းခေါ်လို့မရတာကြောင့် အီးမေးလ်ပို့ပြန်တော့လည်း နှစ်လနီးပါးလောက် လိပ်ပြာပို့ခဲ့တဲ့ စာတွေသာရှိနေပြီး ကိုကို့ဆီက ပြန်စာရောက်မလာခဲ့ဘူး။
"အဟင့်..ကိုကိုရယ် လုပ်ရပ်လိုက်တာ.."
ကုတင်ပေါ်မှာသာ ခေါင်းကို မှောက်ပြီး ငိုပစ်လိုက်မိပါတယ်။ နာကျင်မှုတွေက ပြင်းထန်လွန်းနေတော့ လိပ်ပြာအတွက် ကုသဖို့စကားလုံးတောင့် ရှာမတွေ့တော့ပါဘူးကိုကိုရယ်။အဝေးကိုထွက်သွားတဲ့ကိုကိုကတော့ အခုချိန်မှာဘယ်လိုများနေမလဲ မသိပေမဲ့ လိပ်ပြာမှာတော့ အသဲနှလုံးတွေကြွေကျရပါတော့မယ်။
အခန်းထဲမှာ ထောင်ပြီးချိတ်ဆွဲထားတဲ့
သိန်းထောင်လောက်နီးပါးကုန်ကျထားတဲ့ မင်္ဂလာ၀တ်စုံကြီးကိုကြည့်လိုက်မိတိုင်းလည်း လိပ်ပြာရဲ့စိတ်ကူးအိပ်မက်လေးတွေ တစ်စဆီကွဲပျက်သွားတာကို ၀မ်းနည်းလို့မဆုံးဘူး။
ဒီ၀တ်စုံ...ဒီသတို့သမီး၀တ်စုံကို၀တ်ပြီးသတို့သားမရှိတဲ့မင်္ဂလာပွဲကို လိပ်ပြာကတက်ရမှာလား။
ဒီလိုတန်ဖိုးကြီး၀တ်စုံကြီးရှိနေတော့ရော ဘာကျေနပ်စရာရှိလို့လဲ။လိပ်ပြာရဲ့အချစ်ဆုံးသူကမှ အနားမှာရှိမနေတာ ဘာတွေကအဓိပ္ပာယ်ရှိတော့မှာလဲ။
"ဒေါက်..ဒေါက်...ဒေါက်..."
"သမီး...ထမင်းလေးထွက်စားလိုက်ပါလားကွယ် သမီးကြိုက်တတ်တဲ့ ချဉ်ဟင်းလေးနဲ့ ပုစွန်ဆီပြန်လေး ချက်ထားတယ်လေ..."
"သမီးဗိုက်ဆာရင် ထွက်စားလိုက်မယ်အမေ..."
"အေး..အေး..သမီးလေးစားဖြစ်အောင် ထွက်စားနော်..."
အမှန်တော့လိပ်ပြာဖြူရဲ့အိပ်ခန်း၀မှာရပ်နေတဲ့လူတွေဟာ ဒေါ်မြဖြူတစ်ယောက်ထဲမဟုတ်ပဲ့ တစ်မိသားစုလုံး ရပ်နေခြင်းဖြစ်သည်။
အလတ်ကောင်က လေသံတိုးတိုးနဲ့"အမေ..ဘယ်လိုလုပ်ကြမလဲ" ဟုပြောလိုက်ရာ ဒေါ်မြဖြူကစိတ်မကောင်းစွာ ခေါင်းခါလိုက်ရသည်။
သမီးလေးဟာ အခုရက်ပိုင်းမှာတစ်မှိုင်မှိုင်ဖြစ်နေပြီး အခန်းတွင်းပဲအောင်းနေကာ ဘာကိုမှလည်း ဟုတ်တိပက်တိမစားတာကြောင့် ပါးဖောင်းဖောင်းလေးတွေကလည်း ချိုင့်လာပြီး မျက်တွင်းတွေလည်း ကျလာသည်။
အချစ်ကြောင့်ဖြစ်တဲ့ရောဂါဆိုတော့ ကုသဖို့နည်းလမ်းက စိတ်ချမ်းသာအောင်လုပ်ပေးဖို့တစ်နည်းပဲရှိတယ်။စိတ်ချမ်းသာအောင် လုပ်ပေးဖို့ရာလည်း မောင်ဘုန်းမြတ်ကိုဘယ်မှာသွားရှာရမှန်းမသိတော့ ခက်နေလေသည်။
🦋🦋🦋🦋🦋🦋
"ကို၀န်က တစ်လကျော်ရှိနေပါပြီ.."
"ဘယ်လို!!!!..."
ဆရာ၀န်မရဲ့စကားကြောင့် လိပ်ပြာအထိတ်တလန့်ဖြစ်သွားတဲ့နည်းတူ မေမေ့ကလည်း အာမေဋိတ်သံထွက်သွားလောက်တဲ့အထိ အလန့်တကြားဖြစ်သွားသည်။
"ဆရာမရယ်...ပြန်..ပြန်စစ်ဆေးကြည့်ပေးလို့မရဘူးလား...ဟိုအကျိတ်တို့..သွေးလုံးတည်တာတို့ ဘာတို့လည်းဖြစ်နိုင်တယ်..မဟုတ်လားရှင်..ဒီ..ဒီ
ကိုယ်၀န်ရှိနေတာတော့ မဖြစ်နိုင်ဘူးထင်တယ်..အဟင်း.."
မေမေကရယ်ပြီးပြောနေရပေမဲ့ မျက်နှာကြီးကတအား စိတ်မောသွားပုံပေါ်သလို ဆရာ၀န်မကြီးကလည်း သူ့ကိုမယုံသင်္ကာလုပ်တယ်လို့ထင်သွားပုံရတယ်။
"..အန်တီ..ကျွန်မသေချာစမ်းသပ်ပြီးပါပြီ..ဒီညီမလေးကတကယ်ပဲ ကိုယ်၀န်ရှိနေတာပါ..ဒီကိစ္စမျိုးကို ကျွန်မရဲ့သက်တမ်းတစ်လျှောက်လုံးမှာ ဘယ်သူ့ကိုမှ ရှိတာကိုမရှိလုပ်ပြီးမပြောခဲ့သလို..မရှိတာကိုလည်း အရှိလုပ်ပြီး လိမ်ညာမပေးခဲ့ပါဘူး..."
ဆရာမကြီးက သူ့ခုံမှာသူပြန်ထိုင်ပြီး ဆေးစာအုပ်မှာ ဆေးစာတွေရေးနေသည်။
လိပ်ပြာမှာတော့ ကိုယ့်ဗိုက်ကိုယ်ပြန်ကြည့်ပြီး တွေးနေမိတာက ကလေးအဖေအကြောင်း။ဒီကလေးက ဘယ်သူနဲ့ရတာလဲဆိုတာကို ကိုယ့်ဘာသာတောင် မတွေးတတ်တော့ဘူး။
ကိုကိုနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ညက အတူတူအိပ်ခဲ့တာကြောင့်လားလို့ တွေးပြန်တော့လည်း ကိုကိုကလိပ်ပြာငိုလို့ ဘာမှမဖြစ်ခဲ့ပါဘူးတဲ့။ ဒါဆိုရင် ဒီကိုယ်၀န်က ဘယ်သူနဲ့ရတာလဲ။လိပ်ပြာကိုကို့ကို သစ္စာဖောက်မိသလိုများ ဖြစ်သွားပြီလား။လိပ်ပြာဘာဆက်လုပ်ရမလဲ။
"လူနာ...မလိပ်ပြာဖြူ..ဟေ့..."
"ဘယ်သူ့ကြောင့်လဲ...မသိဘူး!!!......"
"ဟင်..သမီး..ညည်းဘာကိုပြောနေတာလဲ.."
"ရှင်..အမေတို့ကရော ဘာကိုမေးနေတာလဲ..."
"ဟောတော်...ကလေးအမေပဲဖြစ်တော့မယ်
..ရင့်ကျက်မှပေါ့ရှင်...ဒီမှာမလိပ်ပြာဖြူက ကိုယ်၀န်ကြောင့် မအီမသာဖြစ်တာပါ..ကိုယ်ခံအားလည်းနည်းနေတော့ပိုဆိုးတာပေါ့...ကိုယ်ခံအားကောင်းအောင် အမျှင်ဓာတ်ပါတာတွေစားပေးပါနော်...ပြီးတော့စားအသောက်နဲ့၊အအိပ်မှန်ပါစေ..ကလေးကိုမိန်းကလေးလား၊ယောက်ျားလေးလား သိချင်ရင်တော့ ကိုယ်၀န်ငါးလ၊ဒါမှမဟုတ် ခုနှစ်လလောက်နေရင် Ultrasound
( အာထရာဆောင်း )လာရိုက်ကြည့်လို့ရပါတယ်။OGကိုလည်း...ဒီဆေးရုံကOGဆရာမနဲ့လည်း ပြလို့ရပါတယ်..."
ဆရာမရဲ့မှာတမ်းခြွေတဲ့စကားတွေနားထောင်အပြီးမှာတော့ မေမေကငှားလာတဲ့သုံးဘီး
ဆိုင်ကယ်လ်နဲ့ အိမ်ကိုပြန်ခေါ်လာသည်။
အိမ်ထဲကို ၀င်၀င်ချင်း ဧည့်ခန်းမှာထိုင်နေတဲ့ဖေဖေက "သမီးလေး..ဘာဖြစ်တယ်လို့..ဆရာ၀န်ကပြောလိုက်သလဲ.."ဆိုပြီးမေးတော့.."သာမာန်အစာအိမ်နာတာပါလို့ပဲ.."မေမေက လိမ်လိုက်ကာ လိပ်ပြာရဲ့အိပ်ခန်းဆီသို့ အတင်းဆွဲခေါ်ပြီး အိပ်ခန်းတံခါးကိုပိတ်လိုက်သည်။ထို့နောက်...
"ပြောစမ်း...ဒီကိုယ်၀န်ကမောင်ဘုန်းမြတ်နဲ့ရတာလား...ဟမ်..."
"သမီး..သမီးမသိဘူးမေမေ.."ဆိုတဲ့ဖြေသံနဲ့အတူ မျက်ရည်တွေက အလိုလိုတစ်ပေါက်ပြီးတစ်ပေါက်ကျဆင်းလာသည်။အခုချိန်မှာ လိပ်ပြာသိတာက အရမ်းငိုချင်နေတယ်ဆိုတာပဲ။
"လိပ်ပြာဖြူ..ညည်း..."ဒေါ်မြဖြူလေသံကိုတင်းမာဖို့ပြင်ပြီးမှ အစောတည်းကစိတ်ဆင်းရဲနေရတဲ့ ကလေးမို့ စိတ်ပြန်လျှော့လိုက်ပြီး...
"သမီးရယ်...မေမေမှာချစ်လွန်းလို့..ညည်းအစ်ကိုတွေနဲ့အမြဲအတိုက်အခံလုပ်ပြီး...လွတ်လပ်ခွင့်ပေးထားမိခဲ့တာ..အမေမှားများသွားပြီလားကွယ်..မေမေမှာသွားပြီလား..."ပြောရင်နှင့် ဒေါ်မြဖြူလည်း ငိုလေသည်။ဘယ်မိဘမဆို ကိုယ့်သမီးလေး ကိုယ်ကျိုးနဲရတဲ့ကိစ္စကို ရင်မနာတဲ့လူရှိပါ့မလား။အသံအကျယ်ကြီးပြောဆိုမိရင်လည်း အိမ်ကညီအစ်ကိုမောင်ပွားတွေသိပြီး ပြဿနာတွေက ဧရာမလောက်ကြီးထွားနိုင်တာကြောင့် သားအမိနှစ်ယောက် ကြိတ်ပြီးတော့သာ ငိုကြွေးနေရသည်။
"မေမေကလေ...ငါ့သမီးလေးကိုသတ္တိရှိတဲ့..
အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်အပေါ်ကိုယ် ရပ်တည်နိုင်စေချင်လို့ လွတ်လပ်ခွင့်ပေးထားတာသမီးလေးရဲ့..အခုတော့..."
"လိပ်ပြာ..လိပ်ပြာတောင်းပန်ပါတယ်မေမေ...
လိပ်ပြာအနေအထိုင်မတတ်တာပါ...အီဟီး..."
မေမေမျက်ရည်ကျတော့ လိပ်ပြာမှာသမီးမိုက်ဖြစ်ရခြင်းကိုတွေးမိပြီး ၀မ်းနည်းစိတ်ကပိုတိုးလာသည်။ထို့ကြောင့် မျက်လုံးတွေကျိန်းစက်လောက်အောင် ငိုမိပါသည်။
"ပြောစမ်း...မေမေ့ကိုပြောစမ်းပါ...ဒါဘုန်းမြတ်နဲ့ရတဲ့ကိုယ်၀န်လား..."
မသေချာပေမဲ့ ဒီတစ်နည်းပဲရှိတာမို့လိပ်ပြာခေါင်းညိမ့်ပြလိုက်သည်။
"သမီးရယ်...မိုက်လိုက်တာကွယ်..."
"အဲ့ဒီ့ညက ကြည်ပြာတို့နဲ့ဂိမ်းကစားရင် ဂိမ်းရှုံးတဲ့လူက သောက်ကြေးဆိုလို့ မူးသွားတာမှာ ကိုကိုကလာကြိုခဲ့တာပါ...မထင်မှတ်ပဲဒီလိုဖြစ်သွားတာပါ
အဟင့်..."
"ဒီမှာ..အမေပြောပြမယ်..ယောက်ျားဆိုတာ ကျားနဲ့အတူတူပဲကွဲ့....သူစားရမဲ့အသားကိုတော့
တုန့်ဆိုင်းမနေပဲ စားစရာရှိတာစားမှာပဲ...ကိုယ့်ဘက်ကသာ ကိုယ့်စည်းကိုယ်လုံအောင် ကာထားနိုင်ရမယ်..သမီးလေးရဲ့...မိန်းကလေးဆိုတာ ပန်းကလေးလိုပဲကွယ့်..ကိုယ့်ကိုကိုယ်သိမ်းတတ်ရတယ်...
ကိုယ့်ဘ၀ကို ကိုယ်တိုင်က တန်ဖိုးထားနိုင်မှ သူများကလည်း တန်ဖိုးထားပေးရကောင်းမှန်းသိမှာပေါ့...မေမေ...ဘာလို့သမီးကိုအရင်က မိုးစက်နဲ့အိမ်ထောင်ချပေးချင်ခဲ့လည်း သိလား..သမီး..."
"လိပ်ပြာမူးပြီး ဖြစ်သွားခဲ့ရတာကြောင့်ပါအမေရယ်...ပုံမှန်အချိန်ဆိုရင် ဒီလိုဘယ်တော့မှ အဖြစ်မခံပါဘူးလို့..."ပြောချင်ပေမဲ့ မှားတာကမှားခဲ့ပြီးပြီပဲလေ။ဒါကြောင့် အမေပြောသမျှကို လိပ်ပြာငြိမ်ပြီးနားထောင်နေလိုက်တယ်။
"အမေကလေ..မိုးစက်နဲ့မို့လို့ကို သဘောတူခဲ့တာမဟုတ်ဘူး။အမေ့သမီးလေးကို မဟုတ်မဟက်လူတွေနဲ့ ခိုးရာလိုက်ပြေးမှာတို့၊အခုလိုကိစ္စတွေနဲ့
ကြုံတွေ့လာရမှာဆိုးလို့ ..သမီးရဲ့...
တန်ဖိုးထားပြီး တင်အတောင်းခံရတဲ့ မိန်းမနဲ့..
ခိုးရာလိုက်သွားတဲ့မိန်းမမှာတောင်...
ယောက်ျားတစ်ယောက်ရသွားတာချင်းတူပေမဲ့
...ခိုးရာလိုက်သွားတဲ့လူဟာ တန်ဖိုးတထစ်လျှော့ကို လျှော့သွားတယ်...ဒီအမျိုးသားနဲ့တစ်ညတာအတူနေပြီးတာကြောင့်...ဘယ်သူကမှကိုယ့်ကို အပျိုလို့ထင်ကြမှာမဟုတ်သလို...သတို့သားမိဘဘက်ကနေ ကွမ်းတစ်ရာ၊ဆေးတစ်လိပ်နဲ့တန်ဖိုးမဲ့စွာလာတင်တောင်းလည်း...မိဘတွေမှာ ရင်နာနာနဲ့ထည့်လိုက်ရမှာပဲကွဲ့...သိရဲ့လား...အခုငါ့သမီးလေးက တန်ဖိုးထားပြီးတော့အတောင်းခံရပါရဲ့...ဒါပေမဲ့ကောင်လေးက ဘယ်ရောက်နေမှန်းမသိတော့..ရှေ့ဆက်ပြီးဘယ်လိုလုပ်ကြမလဲ
...မေမေတို့ပတ်၀န်းကျင်မှာမေမေတို့...."
"ဖြတ်ချလိုက်မယ်..သမီးဖြတ်ချလိုက်မယ်..."
"တိတ်စမ်းသမီး...ဒီစကားကိုဘယ်တော့မှ မပြောမိစေနဲ့...ကိုယ့်၀မ်းမှာလာသန္ဓေတည်ကတည်းက ဒီလူသားလေးကလည်း လူ့လောကထဲကိုရောက်လာချင်လို့ပဲ ဒါကိုကလေးဖြတ်ချတဲ့နည်းလမ်း သုံးပြီးဖြေရှင်းတာက လူသတ်မှုကိုကျူးလွန်လိုက်တာနဲ့ အတူတူပဲ...မိန်းမတစ်ယောက်ဖြစ်လာပြီဆိုတည်းက ဒီလိုကိစ္စမျိုးကို ကြောက်ရွံ့နေလို့မရဘူး..မိန်းမတိုင်းကြုံရမှာဓမ္မတာပဲ...အမေကိုယ်တိုင်သားသမီးလေးယောက်လုံးကို ဘယ်လိုမွေးခဲ့၊ဘယ်လိုပြုစုပျိုးထောင်ခဲ့ရသလဲ...ကိုယ့်၀မ်းမှာသန္ဓေတည်လာရင်တော့...ချစ်ပေးဖို့၊အကောင်းဆုံးပြုစုပျိုးထောင်ပေးဖို့စဉ်းစားပါ... မောင်ဘုန်းမြတ်ပြန်လာရင်တော့...ချက်ချင်းကိုလက်ထပ်ပေးမယ်....ပြန်မလာရင်တော့...ဒီကိစ္စကို အမေ့တာ၀န်သာထားပါ...အမေသမီးကိုကာကွယ်ပေးမယ်..."
"ကဲ...သမီးလည်းနားတော့..."
လိပ်ပြာကိုခေါင်းလေးအသာပုတ်ပေးပြီး အခန်းတံခါးကိုညှင်သာစွာပိတ်ပေးထားခဲ့တဲ့မေမေ...သိပ်ကိုမိခင်တာ၀န်ကျေပွန်လွန်းပါတယ်။
ဒါဆိုလိပ်ပြာကရော..ကိုယ့်ဗိုက်ကိုယ်ပြန်စမ်းမိတော့..ဟုတ်ပါရဲ့လိပ်ပြာကမစား၊မသောက်ပဲနဲ့ကို နဲနဲ၀လာတယ်ထင်ခဲ့မိတာ..တကယ်တော့ကိုယ်၀န်ရှိလာတာပဲ။
ကိုကိုကလည်း သူနဲ့ဘာမှမဖြစ်ခဲ့ဘူးလို့ငြင်းထားခဲ့တော့ ဒီကိုယ်၀န်ကကိုကိုနဲ့ ရတာဟုတ်မဟုတ်..လိပ်ပြာလည်းမတွေးတတ်တော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်..မိခင်တစ်ယောက်ရဲ့တာ၀န်က ကိုယ့်သားသမီးကို ချစ်ပေးဖို့ပဲမဟုတ်လား။
ဒါပေမဲ့ လိပ်ပြာကြောင့်မိသားစုတစ်ခုလုံး အရှက်တကွဲဖြစ်ရမှာကို လိပ်ပြာသိပ်ကြောက်တယ်။
သတို့သားကပစ်သွားတယ်ဆိုပြီး ဝေဖန်နေကြတဲ့လူတွေဟာ မိန်းကလေးဘက်ကမဆင်ခြင်လို့ ဗိုက်တစ်လုံးနဲ့အပစ်ခံရပါတယ်ဆိုပြီး ဝေဖန်မှုတစ်ခုထပ်တိုးလာအုံးမှာသေချာတယ်။
လိပ်ပြာဘယ်လိုလုပ်ရမှာလဲ။တစ်ခါတစ်လေမှာ ကိုယ့်ကိုကိုယ် သက်သေချင်စိတ်တွေတောင် ပေါ်လာတယ်။
ဘယ်လိုမှ တားဆီးမရတော့ပဲ လိပ်ပြာငိုမိပြန်ပါပြီ။
"ကိုကိုရယ်...လိပ်ပြာဆီကိုပြန်လာခဲ့ပါတော့...လိပ်ပြာတောင်းပန်ပါတယ်...လိပ်ပြာကိုဘယ်လိုအခြေအနေအထိ ပစ်ထားအုံးမှာလဲ
..ကိုကိုရယ်..
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
လိပ်ပြာလေးကို သနားလိုက်တာ
ဒီအခန်းမှာ သင်ခန်းစာသေးသေးလေးပေးထားတယ်...
အခန်း၄၇ ဇာတ်သိမ်းပိုင်းဆက်ရန်......

No comments:
Post a Comment