🦋 အခန်း ၄၇ (ဇာတ်သိမ်းခန်း) 🦋

  


ချစ်လိပ်ပြာလေး တဝဲလည်လည်

                အခန်း ၄၇ (ဇာတ်သိမ်းခန်း) 

                             

အချိန်ကာလတွေဟာ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့တာကြောင့် ရွက်ဝါဝေ၊ရွက်ဟောင်းကြွေကာ သဘာ၀တရားကြီးက သူ့အလှည့်နဲ့သူ အမြဲမပြတ်တစ်ပုံစံထဲလှုပ်ရှားနေပေမဲ့ လှုနေမှုပုံစံနဲ့ ခောတ်ရဲ့အတွေးအမြင်တွေကတော့ ကြီးမားကျယ်ပြန့်လာခဲ့ပါပြီ။
စိတ်ထဲမှာမပျော်ရွှင်ပေမဲ့လည်း လူ့လောကနဲ့အံ၀င်ခွင်ကျဖြစ်အောင် ပြုံးနေခဲ့ရသလို၊ငိုချင်ပေမဲ့လည်း အံကျိတ်ကာတောင့်ခံတတ်ခဲ့ပါပြီ။
လရာသီတွေဘယ်လိုပဲပြောင်းပြောင်း ခေတ်ကာလရဲ့အသွင်ဟာဘယ်လိုပဲဆန်းသစ်နေပါစေ လိပ်ပြာကတော့အတိတ်ရဲ့နွံထဲမှာနစ်နေမိတုန်း၊ကြည်နူးစရာ..နာကျင်စရာတွေပြည့်နေတဲ့အချိန်စက်ဝိုင်းထဲမှာ ရုန်းထွက်လို့မရအောင် လည်ပြီးရင်း လည်နေတုန်းပါပဲ။

မိုးရွာတဲ့အချိန်တွေမှာ  လမ်းမကြီးထက်ကနေကုန်းအောက်ကိုလျှောဆင်းချလာပြီး လိပ်ပြာကိုပုခုံးကနေကြင်နာစွာ မထူပေးကာစိုးရိမ်တကြီးရှိခဲ့တဲ့ကိုကို့ရဲ့ပုံရိပ်လေးတွေကို ပြန်မြင်ယောင်မိသလို၊ ဆောင်းရာသီရောက်ချိန်တိုင်းမှာလည်း ကြမ်းပြင်ပေါ်မှာဒူးထောက်ရင်း အမြတ်တနိုးလက်ထပ်ခွင့်တောင်းခဲ့တဲ့ကိုကို့ရဲ့ ကြည်နူးမှုပြည့်နေတဲ့မျက်နှာလေး..အို...အရာရာတိုင်းဟာ လွမ်းစရာပါပဲ။

ကိုကိုသာ အခုနေလိပ်ပြာရဲ့အရှေ့ကိုရောက်လာခဲ့ရင် လိပ်ပြာဆူဖို့လည်းကြိုးစားမိမှာမဟုတ်သလို၊ထုရိုက်ပစ်ဖို့လည်း ကြိုးစားမိမှာမဟုတ်ပါဘူး။လိပ်ပြာက ကိုကို့ကိုသိပ်ချစ်တာလေ။ဒါကြောင့် "ကိုကိုရယ် နောက်တစ်ခါလိပ်ပြာကိုဘယ်တော့မှမထားခဲ့ပါနဲ့လို့.."အကျယ်ကြီးအော်ပြောပြီး တင်းကျပ်စွာဖက်ထားမိမှာပဲ။

သို့ပေမဲ့လည်း ဘ၀ရှင်သန်နေထိုင်ရေးနဲ့ ကိုယ်ရပ်တည်နေတဲ့ပတ်၀န်းကျင်က တိုက်တွန်းလိုက်၊နှိုးဆော်လိုက်လုပ်ပေးနေကြတာကြောင့် ရပ်တန့်နေတဲ့လိပ်ပြာရဲ့နှလုံးသွေးတွေဟာလည်း အချိန်ရဲ့ကုစားပေးမှုနဲ့အတူပြန်လည်ရှင်သန်စီးဆင်းနိုင်ခဲ့ပါပြီ။

"‌ဆရာမရေ..ခဏလေးစောင့်ပေးပါဗျာ..
ကျွန်တော်လွမ်းသူ့ပန်းခွေလေး..သွားထားပြီးရင်ပြန်လာခဲ့ပါ့မယ်..."

"ဟို..ကျွန်မလည်းလိုက်ခဲ့ပါရစေ..."

"ဟာ..ရတာပေါ့...လိုက်ခဲ့ပါ..."

လိပ်ပြာတို့အခုရောက်နေတာက စင်္ကာပူနိုင်ငံရဲ့သင်္ချိုင်းတစ်ခုကိုပါ။စာပေဟောပြောပွဲအတွက် စာရေးဆရာတွေစုပြီးရောက်လာကြခြင်းဖြစ်ပြီး လိပ်ပြာတို့အဖွဲ့ထဲမှ ဆရာကိုတင်မောင်ဟာ ဒီသင်္ချိုင်းမှသူ့မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ရဲ့အုပ်ဂူထပ်မှာ လွမ်းသူ့ပန်းခွေလေးထားခဲ့ချင်လို့ဆိုကာ ရောက်လာခဲ့ခြင်းပင်။

"ကဲ..ဆရာမရေ..ကျွန်တော်ပန်းခွေတော့ထားခဲ့ပြီးပြီ..ကျွန်တော်တို့သွားကြရအောင်..."

"ဟုတ်ကဲ့..."

အုတ်ဂူလေးတွေ တစ်ခုပြီးတစ်ခုကိုကျော်ဖြတ်အပြီးမှာတော့ ရုတ်တရက်လိပ်ပြာရဲ့ခြေထောက်တွေဟာ တုန့်ဆိုင်းသွားသလိုဖြစ်နေပြီး တစ်ခုသောအုပ်ဂူလေးအရှေ့မှာ ရှေ့ဆက်လျှောက်လို့မရတော့သလို၊တစ်ယောက်ယောက်ကတားဆီးထားသလိုမျိုးဖြစ်နေသည်။စိတ်ထဲမှာ ၀မ်းနည်းသလိုလို၊လေးလံလာသလို ခံစားလိုက်ရတာကြောင့် အုပ်ဂူလေးထပ်မှာ ထွင်းထားတဲ့စာသားနဲ့ ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေးကိုကြည့်လိုက်မိတော့...

"ဦးဘုန်းမြတ်သူရ..အသက်(၂၅)နှစ်..ကွယ်လွန်ချိန်၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့..."

လိပ်ပြာရဲ့ခေါင်းတွေချာချာလည်ထွက်သွားသလို ခံစားလိုက်ရပြီး တိုတောင်းလွန်းလှတဲ့ထိုစာတန်းလေးကိုပဲ အထပ်ထပ်အခါခါဖတ်နေမိတယ်။

"ကိုတင်မောင်..ဒီ..ဒီနာမည်ကိုလာဖတ်ပေးစမ်းပါ.."

လိပ်ပြာရဲ့တောင်းဆိုချက်ကြောင့် ကိုတင်မောင်ကအုပ်ဂူလေးကို အနီးကပ်ငုံ့ကြည့်ပြီး ပြောလာသည်က "ဦးဘုန်းမြတ်သူရတဲ့လိပ်ပြာ..အသက်က(၂၅)နှစ်နဲ့ဆုံးသွားတာ..သနားပါတယ်..လိပ်ပြာသူ့ကိုသိလို့လား..ကျွန်တော် ဒီနာမည်ကို ကြားဖူးသလိုတော့ရှိတယ်..."

မဟုတ်ဘူး။မဖြစ်နိုင်ဘူး။ကိုကိုကဘာလို့ဒီလိုကြီးဖြစ်သွားရမှာလဲ။လုံး၀မဖြစ်နိုင်ဘူး။

လိပ်ပြာအုတ်ဂူလေးမှာ ဘောင်သွင်းထားတဲ့ဓာတ်ပုံလေးကို သေချာကြည့်လိုက်မိတော့..
"ကိုကို့..မဟုတ်ဘူး..ကိုကိုမဟုတ်ရဘူး..
ကိုကိုမသေရဘူး..‌ကိုကိုပြောတော့လိပ်ပြာကိုသိပ်ချစ်တာဆို..ဒီမှာကိုကိုပေးထားတဲ့လက်စွပ်ကလေးကိုတောင်..လိပ်ပြာအခုထိ၀တ်ထားတုန်းပဲ..ကိုကိုလိပ်ပြာကိုဂတိတွေအများကြီးပေးထားခဲ့တယ်လေ..လိပ်ပြာရဲ့အကြောင်းကိုတွေးလိုက်တိုင်း စိတ်ပျော်ရွှင်ရတယ်ဆို.. လိပ်ပြာကကိုကို့အတွက် အရမ်းကိုတန်ဖိုးကြီးတယ်ဆို..ဒါဆိုရင်လိပ်ပြာကို ..ဘာလို့ထားခဲ့နိုင်ရတာလဲ..."

"ဆရာမ..ဆရာမဘာဖြစ်လို့လဲ..ဒီလူကဆရာမရဲ့ချစ်သူလား..သတိထားပါဗျာ..အခြားသူတွေကားထဲမှာ စောင့်နေကြတယ်..."

ကိုတင်‌မောင်ရဲ့စကားတွေကိုလည်း လိပ်ပြာဂရုမထားနိုင်တော့သလို..အုတ်ဂူလေးရဲ့အရှေ့မှာ
ကွေးညွှတ်ကျနေပြီဖြစ်တဲ့ ဒူးတွေဟာလှုပ်လို့ပင်မရအောင် လေးလံနေသည်။မျက်၀န်းအိမ်မှ မျက်ရည်တွေဟာလည်း ကြေကွဲဆို့နင့်မှုအတိနှင့် ကျင်းဆင်းလာသည် ။ လိပ်ပြာငိုနေတာဟာ
၀မ်းနည်းလို့ဆိုတာထက် နာကျင်လွန်းလို့ပါ။
အသဲနှလုံးထဲမှာ နင့်နေအောင်ကို နာကျင်နေမိပြီ။
ဘာကြောင့်လဲ??။လိပ်ပြာတို့နှစ်‌ယောက်ရဲ့အဆုံးသတ်က ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ။

အရင်ကဆိုရင် ကိုကိုဟာဒီကမ္ဘာလောကကြီးရဲ့ တစ်နေရာရာမှာ ရှိနေမှာပဲဆိုတဲ့အသိလေးနဲ့ ဖြေသိမ့်နိုင်ခဲ့ပါသေးတယ်။
အခုတော့ လိပ်ပြာဆီကိုထာ၀ရပြန်မလာနိုင်တော့ဘူးတဲ့လား။ကိုကိုထွက်သွားတဲ့နေ့က လိပ်ပြာနှုတ်ဆက်ခွင့်တောင် မရခဲ့လိုက်သလို၊ကိုကို့ရဲ့နောက်ဆုံးအချိန်မှာလည်း လိပ်ပြာရှိနေခွင့်လေးတောင်မရခဲ့ဘူး။
အနည်းဆုံးတော့ ကိုကို့ရဲ့ဘေးနားမှာ လိပ်ပြာကိုတစ်၀ကြီး ငိုခွင့်ပေးခဲ့သင့်ပါတယ်။

ကံကြမ္မာရယ် ကိုကိုမရှိတော့ဘူးဆိုတဲ့ လျှို့ဝှက်ချက်လေးကို ကျွန်မကိုပေးမသိလို့ရပါလျှက်နဲ့ ဘာကြောင့်ရက်စက်ရတာလဲ။

"ကိုကို..လိပ်ပြာတောင်းပန်ပါတယ်..လိပ်ပြာဆီကိုပြန်လာခဲ့ပါနော်..ကိုကို့..လိပ်ပြာပြောနေတယ်လေ
..လိပ်ပြာဆီကိုပြန်လာခဲ့ပါလို့..."

"ဆရာမ..ဆရာမလိပ်ပြာ..ကျွန်တော်တို့သွားကြရအောင်လား.."

ကိုမြတင့်ရဲ့စကားတွေဟာ လိပ်ပြာရဲ့နားထဲမှာပဲ့တင်ထပ်နေသလို ကြားနေရပြီး အတင်းဆွဲခေါ်ခံလာရတာကြောင့် တဖြည်းဖြည်းဝေးကွာသွားတဲ့ မှိန်ဖျဖျအုတ်ဂူလေး..လိပ်ပြာရဲ့စိတ်ထဲကနေ အကြိမ်ကြိမ်အခါအခါ အော်ပြောနေမိတဲ့စကားတွေက "လိပ်ပြာကိုကို့ကို မထားခဲ့နိုင်ဘူး..
..လိပ်ပြာကိုကို့အနားမှာပဲနေမယ်.."

"အား!!!!...ကိုကို့!!!!!!!"

ချွေး‌သီးချွေးပေါက်တွေကျပြီး မျက်ရည်လည်ရွှဲနဲ့ အိပ်ရာမှ လိပ်ပြာလန့်နိုးသွားသည်။နာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီထိုးနေပြီ။အပြင်မှာလည်း မှောင်နေတုန်းပင်။အခန်းပတ်ပတ်လည်ကိုကြည့်လိုက်တော့ "ဒါလိပ်ပြာတို့ရဲ့မိသားစုအိမ်..လိပ်ပြာရဲ့အခန်းပါပဲ.." ဖုန်းကိုထုတ်ကြည့်လိုက်တော့ ၂၀၂၀ခုနှစ်ပဲရှိပါသေးတယ်။

"ဒါဆို..ငါအိပ်မက်မက်နေခဲ့တာပေါ့...ကိုကိုတကယ်မသေဘူးပေါ့..."

လိပ်ပြာပျော်လွန်းလို့ မျက်ရည်ကျမိသလို ၊အိပ်မက်ထဲကလို အပြင်မှာကြုံရရင်ဆိုတဲ့ အတွေးတွေပေါ်လာတာကြောင့် ဘုရားစာတွေကိုသာ အကြိမ်ကြိမ်ရွတ်နေမိတယ်။
ကိုကိုဘေးမသိရန်မခစွာ ရှိနေနိုင်ဖို့ မေတ္တာအထပ်ထပ်ပို့နေမိရင်း လိပ်ပြာအိပ်လို့တော်တော်နဲ့မရခဲ့ဘူး။
ဦးနှောက်တစ်ခုလုံးမှာလည်း အိပ်မက်ဆိုးအကြောင်းကသာ ပတ်ချာလည်ရိုက်နေတယ်။
မနက်ငါးနာရီ‌ထိုးလောက်မှသာ လိပ်ပြာတစ်မှေးအိပ်ပျော်သွားတော့တယ်။

🦋🦋🦋🦋🦋🦋🦋🦋

"ကျွီ..ကျွီ..ကျွီ..."

မနက်ခင်းအလင်းရောင်နှင့်အတူ ကျေးငှက်တို့ရဲ့သာယာတဲ့အသံလေးက လိပ်ပြာရဲ့နားထဲကို တိုး၀င်လာသည်။
မျက်လုံးတွေကို ဖြေးညှင်းစွာဖွင့်လိုက်ပြီး မျက်နှာကျက်ကိုကြည့်မိသည်။
ပြီးနောက် လိပ်ပြာရဲ့ဗိုက်ကလေးကို စမ်းသပ်ကြည့်မိသည်။

"ကလေးလေး...မင်းအဖေကိုသတိရနေသလား..
အင်း..မေမေလည်းသတိရနေပြီကွယ်..."

အိပ်ယာပေါ်မှဖြေးညှင်းစွာထလိုက်ပြီးနောက် စောင်တွေကိုခေါက်လိုက်သည်။
ဆံပင်တွေကိုလည်း ဖီးသင်ချင်စိတ်မရှိတော့တာကြောင့် ဒီအတိုင်းပဲထားပစ်လိုက်တယ်။
နာရီကို ကြည့်လိုက်တော့ နံနက်ကိုးနာရီထိုးနေပြီ။

"ဟုတ်ပါရဲ့နေတောင်ထွက်နေပြီပဲ.."

ည၀တ်ဂါ၀န်ဖားဖားကြီးနဲ့ပဲ အိပ်ခန်းထဲကထွက်လာလိုက်တယ်။အောက်ထပ်ကိုဆင်းလာပြီး ရေချိုးခန်းထဲသို့၀င်ကာ မျက်နှာသစ်သွားတိုက်လုပ်ပြီးနောက် အပေါ်ပြန်တက်ရန် လှေကားပေါ်ကိုခြေထောက်တစ်ဖက်ကလှမ်းလိုက်တဲ့အချိန်မှာ ဧည့်ခန်းထဲမှအမေက လှမ်း‌ခေါ်လေသည်။

"သမီး...ဒီကိုလာခဲ့ပါအုံး..."

အမေခေါ်တာဆိုတော့ လိပ်ပြာလည်း ချက်ချင်းပဲဧည့်ခန်းဆီသို့ လျှောက်လာလိုက်တယ်။
ဧည့်ခန်းထဲကိုရောက်တော့ မင်းမင်းက လွန်ခဲ့တဲ့တစ်ပတ်ကမှ အသစ်၀ယ်ထားတဲ့ဆိုဖာပေါ်မှာ ပက်လက်လှန်ရင်း အကျအနကိုဂိမ်းဆော့နေပါလား။
မင်းမင်းလက်ထဲမှာကိုင်ထားတာကလည်း Apple ကထွက်ထားတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့အိုင်ဖုန်းကြီးဖြစ်နေသည်။

"အမေ့...ဒါ..ဒါတွေကဘာတွေလည်း..."

ဧည့်ခန်းစားပွဲပေါ်မှာတင်ထားတဲ့ အထုပ်တွေကလည်းမ‌နည်းမနောပါလား။
လိပ်ပြာရဲ့အမေးကြောင့် အမေကပြုံးပြလာသည်။ထိုအပြုံးတွေက အရမ်းကိုကျေနပ်ပီတိဖြစ်နေတာမျိုး..လိပ်ပြာရဲ့ကိစ္စကြောင့် မေမေရော
တစ်မိသားစုလုံးပါ မျက်နှာမှာအပြုံးရိပ်မထင်ကြတာကြာပြီ။

"မမ..ဟောဒီဖုန်းကဘယ်သူလက်ဆောင်ပေးတယ်ထင်လည်း ခန့်မှန်းကြည့်စမ်း..."

မင်းမင်းက သူ့ဖုန်းလေးကို ခါခါ..ခါခါနဲ့လှုပ်ပြီး လာကြွားတော့ နဂိုကမှစိတ်မကြည်ရတဲ့ကြားထဲ
တမင်မျက်စောင်းထိုးပစ်လိုက်တယ်။

"ငါကဘယ်လိုလုပ်သိမှာလည်း...ဘာလည်း အစ်ကိုလေးတို့၀ယ်ပေးတာလား...နင့်ဘာသာဆိုရင် ဒီလောက်ကြီးကို၀ယ်နိုင်မှာမဟုတ်ဘူး..."

"ဟာဗျာ.. ဒီကပ်စေးကုပ်ကြီးတွေလား ၀ယ်ပေးမှာ..မသိရင်မှတ်ထား..ယောက်ဖလက်ဆောင်ပေးတာ..."

"ယောက်ဖ!!!...နင်ဘယ်သူ့ကိုပြောနေတာလဲ.."

"ဘုန်းမြတ်ကိုလေ သမီးရဲ့..."

"...အမေဘာပြောလိုက်တယ်..."

အမေကအားရနှစ်သက်စွာပြုံးကာ လိပ်ပြာရဲ့ပုခုံးကိုလာပုတ်ရင်း ပြောလိုက်သည်က..

"မောင်ဘုန်းမြတ်ရောက်နေပြီ...သမီးအိပ်ယာမနိုးသေးလို့...ခဏပြန်သွားတယ်..."

"ကိုကို..ကိုကို ဘယ်ကိုပြန်သွားတာလဲအမေ..."

"သမီးတို့မင်္ဂလာဆောင်ပြီးရင်နေဖို့ဆောက်ထားတဲ့...ဟဲ့..ဟဲ့...လိပ်ပြာဖြူ...ဒီကောင်မလေး..
မပေါ့မပါးကြီးနဲ့ကို..အတင်းပြေးတာပဲ..."

"အမေ့..မပေါ့မပါးနဲ့ဆိုတာ ဘာကိုပြောတာလဲ.."
မင်းမင်းရဲ့အမေးကြောင့် ဒေါ်မြဖြူလည်း မျက်လုံးပြူးသွားသည်။

"ဟို...ဘာ...ဘာမှမဟုတ်ပါဘူးသားရယ်...
မပေါ့မပါးဆိုတာ..ဟို..မပေါ့လည်းမပေါ့..မပါးလည်းမပါးတာကို ပြောတာပေါ့...နင်ဟာလေ စပ်စပ်စုစု သိပ်နိုင်တာပဲ..."ဆိုကာ အိမ်ရှေ့ထွက်သွားတဲ့ ဒေါ်မြဖြူပုံစံကိုကြည့်ပြီး မင်းမင်းမှာခေါင်းကိုသာ ပြန်ကုတ်မိသည်။

"ဘာတွေပြောသွားမှန်းမသိဘူး...မြန်မာစကားကို မြန်မာလူမျိုးနားလည်အောင်တောင် မပြောနိုင်ဘူး...အော်ငါ့အမေကြီး သနားပါတယ်"

တစ်ဖက်တွင်တော့ လိပ်ပြာဖြူဟာ မဖီးသင်ထားရသေးတာကြောင့် ရှုပ်ပွနေတဲ့ ဆံပင်ကိုဖားလျားချထားပြီး အ၀တ်အစားဆိုလည်း ညအိပ်၀တ်စုံဂါ၀န်အပွ ဖားဖားကြီးကို ၀တ်ထားကာ အိမ်ရှေ့မှဖြတ်သွားတဲ့ သုံးဘီးဆိုင်ကယ်လ်အားအတင်းတားလေသည်။

"သုံးဘီး...သုံးဘီး..."

"ကျွီ!!!"

"ဟဲ့...လိပ်ပြာ..နင့်ပုံစံကလည်း အရူးမကြီးအိမ်လည်ထွက်လာသလိုပဲ... ငါ့ကိုတရားခံဖြစ်အောင်မလုပ်ပါနဲ့ဟာ..."

"ဟာ...ဦးလူပျိုကြီးရယ်...ရှင့်ဆီကပိုက်ဆံပေးပြီးစီးမှာပါ...မောင်းတော့..."

မောင်းဆိုတော့လည်း သုံးဘီးသမား ဦးလူပျိုမှာမောင်းရပါသည်။

"ဟဲ့...ညည်းမောင်းဆိုလို့သာ..မောင်းရတာ
..ဘယ်ကိုသွားမှာတုန်းဟ..."

"ဟာ..ကျွန်မကွေ့ရမယ့်နေရာရောက်ရင် ပြောမယ်ရှင်..စကားတွေကလည်းများလိုက်တာ..ဒါကြောင့်မို့လို့...အခုထိမိန်းမ မရသေးတာ.."

ဦးလူပျိုကြီးမှာ သူ့ရဲ့ချက်ကောင်းကို ကိုင်ပြီးအပြောခံလိုက်ရတာကြောင့် ကိုယ့်ပါးစပ်ပေါက်ကိုပိတ်ပြီးသာ သုံးဘီးမောင်းနေလိုက်တော့သည်။

"ရပြီ..ရပြီ...ဒီမှာရပ်တော့..."

"ဟဲ့..ဟဲ့..ပိုက်ဆံပေးခဲ့အုံးလေ..."

"ဟာ..အမေ့ဆီကသာပြန်တောင်းလိုက်ရှင်..."

နောက်မှာ ဘယ်လိုပဲဖြစ်ကျန်နေခဲ့ပါစေ လိပ်ပြာဂရုစိုက်တာ ကိုကို့တစ်ယောက်ပဲရှိတာကြောင့် ခြံထဲသို့ချက်ချင်းပြေး၀င်လိုက်တယ်။

"ကိုကို့..ကိုကို..."

အိမ်ကြီးဆီသို့ ပြေးသွားနေတဲ့လမ်းတစ်လျှောက်မှာလည်း "ကိုကို"လို့သာ တကြော်ကြော် အော်ခေါ် နေမိတယ်။

"ကိုကို့...ကိုကို့..."

အိမ်ကြီးထဲကို ရောက်တဲ့အထိ ကိုကိုဟာထွက်မလာသေးပေ။လိပ်ပြာရဲ့စိတ်ထဲမှာ ကိုကိုပြန်ရောက်တယ်ဆိုတာကို သံသယတောင်၀င်ချင်လာပြီ။
ကိုကို တကယ်ရောပြန်လာတာ ဟုတ်ရဲ့လား??။
မေမေပြောတာကို လိပ်ပြာနားကြားလွဲသွားတာများလား။

"ဦးဘုန်းမြတ်...ရှင်ပုန်းမနေနဲ့နော်..အီဟီး
...ကျွန်မ..ကျွန်မအော်ငိုပစ်လိုက်မှာနော်...
ဦးဘုန်းမြတ်..ရှင်ထွက်လာခဲ့ပါတော့...မဟုတ်ရင်
..ကျွန်မနောက်တစ်ယောက်ကို ရှာယူပစ်လိုက်မှာနော်..ဦးဘုန်းမြတ်...ရှင့်ကိုထွက်လာခဲ့လို့ ပြောနေတယ်လေ..အဟင့်..ဟင့်..ကိုကိုရယ် လိပ်ပြာဆီကိုလာခဲ့ပါနော်..."

‌လိပ်ပြာမျက်လုံးတွေကို မှိချလိုက်ပြီး ရှိုက်ကြီးတငင်ငိုချပစ်လိုက်သည်။
ကိုကို ပြန်လာပြီဆိုလို့ လိပ်ပြာအရမ်းပျော်သွားခဲ့တာ အခုတော့ဒီပျော်ရွှင်မှုတွေအတွက် ရလတ်ကတော့...

"အမယ်လေး!!!!!!ဟင်...ကိုကို့..."

"ဟုတ်ပါတယ်ဗျာ...လိပ်ပြာရဲ့ ကိုကိုပါ..."

လိပ်ပြာ ပျော်လွန်းလို့ ကိုယ့်ပါးစပ်ကို လက်နဲ့ပြန်အုပ်ပြီး မျက်ရည်တွေပါကျလာသည်။လိပ်ပြာကို ပွေ့ချီထားတဲ့ ကိုကို့ရဲ့လည်ပင်းကို အားနဲ့ပြန်သိုင်းဖက်ပစ်လိုက်တော့ ကိုကို့ခန္ဓာကိုယ်က နောက်သီု့ယိုင်ထိုးသွားပြီး...

"...ဘုန်း...အာ့..."

"အမယ်လေး...ကိုကို့...ကိုကိုဘာဖြစ်သွားသေးလဲ..."

ဆေးရုံက ဆင်းထားတာသိပ်မကြာသေးတာကြောင့် ဘုန်းမြတ်ရဲ့ခြေထောက်တွေဟာ ချစ်သူရဲ့ခန္ဓာကိုယ်သေးသေးလေးကိုတောင် မပွေ့နိုင်တော့ဘူး ထင်ပါရဲ့ ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်
လျှက်လဲကျသွားသည်။
သူ့ခန္ဓာကိုယ်ပေါ်ကနေ ချက်ချင်းဆင်းပြီး ထိခိုက်သွားမှာဆိုးလို့ စိတ်ပူနေတဲ့ လိပ်ပြာရဲ့မျက်နှာလေးကို တစ်၀ကြီး ကြည့်ပစ်ကာ သူ့မရဲ့နဖူးလေးကို နမ်းလိုက်မိသည်။
သူနမ်းလိုက်လို့ ပြန်ကြည့်လာတဲ့ ဒီမျက်၀န်းဝိုင်းလေးတွေ၊ ရှက်သွေးဖြာပြီး ပန်းနုရောင်သန်းသွားတဲ့ ဒီမျက်နှာလှလှလေးနဲ့ သူ့ရဲ့ရင်အုံပေါ်မှာ ဖွဖွလေးလာတင်ထားတဲ့ လက်ဖဝါးတော်နုနုလေးတွေဟာ သူသတိရလာတဲ့အချိန်မှာ ပထမဆုံးတမ်းတမိခဲ့တဲ့ မြတ်နိုးရာလေးပါပဲ။

"လိပ်ပြာ...ကိုကို့ကို ဟိုမှာထောင်ထားတဲ့ ချိုင်းထောက်လေး ယူပေးပါလား..."

"ချိုင်းထောက်..."

နံရံမှာထောင်ထားတဲ့ ချိုင်းထောက်ကိုတစ်လှည့်
ကိုကို့ကို တစ်လှည့်ကြည့်မိတော့ လိပ်ပြာရဲ့ရင်ထဲမှာ အရမ်းစိုးရိမ်သွားတယ်။

"ကိုကို...ဒီနှစ်လအတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ.."

"ကိုကို...ဒယ်ဒီ့ရဲ့ အသုဘအခမ်းအနားပြီးတော့ စိတ်ညစ်ပြီး အရက်တွေဖိသောက်မိခဲ့ရင်းနဲ့
...လှေကားပေါ်ကနေပြုတ်ကျတာ...အာရုံကြောကို ထိပြီး ကိုမာ၀င်သလို တစ်လကျော်လောက် သတိမေ့နေခဲ့တယ်...ပြန်သတိရလာတော့...‌အိပ်ရာပေါ်မှာပဲ တစ်လကျော်လောက်လှဲနေခဲ့ရတဲ့ဒဏ်ကြောင့်...ခြေထောက်တွေက အကျောတွေဆိုင်းပြီး လှုပ်ရှုားလို့ သိပ်မကောင်းဘူး...ဆေးရုံမှာဆရာ၀န်ရဲ့ညွှန်ကြားမှုနဲ့ လေ့ကျင့်ခန်းကိုတစ်ပတ်ကျော်လောက်လုပ်‌နေပေမဲ့...ကိုယ့်ဖုန်းကိုဖွင့်လိုက်တော့ လိပ်ပြာရဲ့မက်ဆေ့ခ်ျတွေကိုတွေ့ပြီး ကိုယ်အားတင်းပြီး ပြန်လာခဲ့တာ..."

"ဒါဆိုရင်...သတိရတော့ လိပ်ပြာဆီကို ဘာလို့အကြောင်းမကြားတာလဲ...လိပ်ပြာမှာတော့ လွမ်းလို့သေတော့မယ်..သိရဲ့လား...အဟင့်..."

"ဟာ...မငိုပါနဲ့ကွာ..."

ကိုကိုဟာထိုင်လျှက်ကနေပဲ လိပ်ပြာရဲ့မျက်ရည်တွေကို သုတ်ပေးပြီးချော့ရှာသည်။
ပြီးတော့ လိပ်ပြာကို သူ့ရင်ခွင်ထဲသို့ အတင်းဆွဲသွင်းလိုက်တာကြောင့်  လိပ်ပြာလည်း ကိုကို့လည်ပင်းသွယ်သွယ်လေးကိုတင်းနေအောင် ဖက်
ထားလိုက်တယ်။

"သတိရတာပေါ့..လိပ်ပြာရယ်...ကိုကို့ဘ၀မှာ လိပ်ပြာတစ်ယောက်ထဲပဲ ရှိတော့တာလေ..ကိုကို သတိရရချင်း...လိပ်ပြာဆီကို ဖုန်းဆက်မိရင်
ဟောဒီလိုငိုနေတဲ့မျက်နှာလေးကို ကိုကိုမမြင်ရက်ခဲ့ဘူး..လိပ်ပြာကို ကိုကို့ကြောင့် မပူဆွေးစေချင်ဘူး..ဒါကြောင့် ချိုင်းထောက်နဲ့လျှောက်နိုင်တော့မှ ကိုကိုလိပ်ပြာကိုဆက်သွယ်ဖို့ အီးမေးလ်ကိုဖွင့်ကြည့်လိုက်တာ...လိပ်ပြာရဲ့စာတွေကိုမြင်တာနဲ့ ဒေါ်ဒေါ်တို့ တားနေတဲ့ကြားက ကိုကိုအမြန်ဆုံးပြန်လာခဲ့တာ..သိရဲ့ဟားဟင်...."

ကိုကို့ရဲ့ စကားအဆုံးမှာ ကိုကို့လည်ပင်းကိုဖက်ထားတဲ့လက်တွေအား ဖြေလျှော့ပစ်လိုက်သည်။
ကိုကို့မျက်နှာကို သေချာကြည့်မိတော့..ဟုတ်ပါရဲ့..
မျက်နှာလေးက အရင်လိုပြည့်ပြည့်လေး ဖြစ်မနေပဲ နည်းနည်းပိန်သွားတယ် ။ဒါပေမဲ့ ‌ကိုကိုဟာ ချောမောခန့်ညှားနေတုန်းပါပဲ။

အပေါ်နှုတ်ခမ်းအထက်နဲ့ မေးစေ့တွေမှာလည်း မှုတ်ဆိတ်မွှေးတွေ ထိုးထိုးထောင်ထောင်နဲ့ပေမဲ့ အမြင်
မရိုင်းပဲ ပိုလို့တောင် ယောက်ျားပီသနေသေးတယ်။
နှုတ်ခမ်းမွှေးဆူးရင်ဆူးပါစေတော့ ကိုကို့ရဲ့‌ မေးစေ့၊နဖူး၊ပါးပြင်၊ခြောက်သွေ့နေတဲ့နှုတ်ခမ်းတစ်စုံနဲ့ ဖြောင့်စင်းနေတဲ့ နှာတံလေးပါ မကျန်လိပ်ပြာ မျက်နှာအနံ့အနမ်းတွေခြွေပစ်လိုက်တယ်။

"ဒီတစ်ခါ..ကိုကိုဘယ်နေရာသွားသွား..လိပ်ပြာကိုပါတစ်ခါတည်းခေါ်သွားပါ...ကြားတယ်နော်..."

သူ့မျက်နှာကို လက်ညှိုးနဲ့ထိုးပြီး အမိန့်ပေးနေတဲ့ ချစ်စရာကောင်မလေးအား သူခေါင်းငြိမ့်ပြလိုက်သည်။သူမထင်ခဲ့မိဘူး။သူ့ကိုမြင်ရရင်သူမ၀မ်းနည်းမယ်လို့ ထင်ခဲ့မိတာ..တကယ်တော့ သူ့ကိုမမြင်ရမှသာ သူမကပို၀မ်း‌နည်းနေတာပေါ့။

"လာ...လိပ်ပြာထူပေးမယ်..."

လိပ်ပြာကိုကို့ကို ထူပေးပြီး ဧည့်ခန်းကဆိုဖာမှာထိုင်းခိုင်းလိုက်တော့ ကိုကိုက လိပ်ပြာကိုမလွှတ်တမ်းဖက်ထားပြန်သည်။လိပ်ပြာရဲ့ခါးကိုသိုင်းဖက်ထားရင်းနဲ့မှ ဗိုက်ပေါ်မှာ ဟိုစမ်းဒီစမ်းနဲ့ ရွေ့ရှားလာတဲ့ ကိုကို့လက်တွေ...

"ကိုကို့ ဘာလုပ်နေတာလည်း..."

"ဟို...လိပ်ပြာ၀လာတာလား...မျက်နှာလေးကချောင်ပြီး ကိုယ်လုံးက၀လာသလိုပဲ..ဗိုက်ကလေးတောင် ပူလာတယ်..."

ကိုယ်၀န်ရှိနေလို့ ဗိုက်ပူနေတာကို ၀နေတယ်ထင်နေလေတော့ လိပ်ပြာရယ်ချင်ချင်ဖြစ်လာသည်။

"ကိုကို့ကို..လိပ်ပြာတစ်ခုမေးမယ်နော်..."

"မေးစေဗျာ.."

"လိပ်ပြာနဲ့ကိုကို..နောက်ဆုံးတွေ့ခဲ့တဲ့ညက တကယ်ပဲ ဘာဆိုဘာမှမဖြစ်ခဲ့ဘူးလား.."

ရုတ်တရက်ကြီး မထင်မှတ်ထားတဲ့မေးခွန်းကိုမေးချလိုက်တော့ ဘုန်းမြတ်လန့်သွားသည်။
တကယ်တော့ ထိုညကသူစိတ်မထိန်းနိုင်ပဲ သူမအပေါ်ကို အပစ်လုပ်လိုက်မိတယ်။နှစ်‌လလောက်နေတော့မှ ဒီကောင်မလေးဘာစိတ်ပေါက်ပြီး လာမေးနေတာပါလိမ့်။မဖြစ်ဘူး။တွေ့တွေ့ချင်း စောက်နဲ့အထွင်းခံရမဲ့ ကိစ္စကိုတော့ရှောင်ရမှာပဲ။

"ဟို...မဖြစ်ခဲ့ဘူးလို့ထင်တာပဲ..."

"ဘာ!!!!ဘာမှမဖြစ်ခဲ့ရင် လိပ်ပြာကဘာလို့
ဗိုက်ကြီးနေရတာလဲ..."

"ဗိုက်..လိပ်ပြာရဲ့ဗိုက်ထဲမှာ ကလေးလေးရှိနေတယ်လို့ ပြောချင်တာလား..."

"ဟုတ်တယ်လေ...အဲ့ဒီ့အကောင်လေး ဗိုက်ထဲမှာပေါက်လာတဲ့ ကိစ္စကြောင့်ပဲ စိတ်ညစ်နေရတာ
သိရဲ့လား...အခုကိုကို့လက်ချက်မဟုတ်ဘူးဆိုတော့...လိပ်ပြာက ဘယ်သူ့ကိုတရားခံရှာရမှာတုန်း...အီဟီး..."

ရှိုက်ကြီးတငင် ငိုချလိုက်တဲ့သူမကြောင့် ရယ်ချင်လာတဲ့ သူ့ပါးစပ်တွေဟာ တားမရအောင်ကို ယားကျိကျိဖြစ်လာသည်။

"အဟက်...ဟား..ဟား...ဟား..ဟား..."

"ဟင်...ကျွန်မကစိတ်ညစ်လို့ငိုနေတာကို ရှင်ကရယ်နိုင်တယ်ပေါ့..."

"အဟွန်း...ဘာမှစိတ်မညစ်နဲ့လိပ်ပြာ...
တရားခံကကိုယ်ပဲ..."

"ဘာ!!!!!ဘာပြောလိုက်တယ်..."

သူမဒေါသထွက်လို့ ခြေထောက်တွေကို ထပ်ပြီးရိုက်ချိုးမယ်ဆိုလည်းမတတ်နိုင်ဘူး...ပြောရတော့မှာပဲ။မဟုတ်ရင်..ကလေးအဖေဖြစ်ချင်တဲ့လူတွေက ဝိုင်းဝိုင်းလည်နေပြီသားမဟုတ်လား။

"ကိုကိုတို့...အဲ့ဒီ့ညက..ဟိုဒင်း..ဟိုဟာ...ဟိုဥစ္စာဖြစ်ခဲ့တယ်...လိပ်ပြာစိတ်ဆိုးမှာဆိုးလို့ ကိုကိုအမှန်အတိုင်းမပြောလိုက်မိတာပါ..."

"အော်..ဒါဆိုရှင်ကြီးက ကျွန်မမူးနေတာကို အခွင့်ကောင်းယူခဲ့တာပေါ့လေ...ကျွန်မမှာတော့ အိပ်မက်မက်တယ်လို့ပဲထင်ခဲ့တာ...လတ်စသတ်တော့ ရှင်မွှေခဲ့တာကို...ကျွန်မကိုစိတ်ဒုက္ခပေးတဲ့လူ...နေခဲ့..ဒီမှာပဲရှင်နေခဲ့တော့..."

စိတ်ဆိုးမာန်ဆိုးနဲ့ အတင်းထပြေးသွားတဲ့ သူမနောက်သို့ ချိုင်းထောက်ကိုတောင် မဆွဲအားပဲ ထော့နဲ့၊ထော့နဲ့ပုံစံအတိုင်း ပြေးလိုက်နေမိတာကြောင့် သူ့ခြေထောက်တွေဟာ ဘယ်လိုမှမခံနိုင်တဲ့အဆုံးလဲကျလုနီးပါးဖြစ်သွားသည်။

"လိပ်ပြာ....အား!!!!...."

"ဟင်...."

လိပ်ပြာကိုကို့အော်သံကြားလို့ ပြန်လှည့်ကြည့်လိုက်တော့ မြက်ခင်းပြင်ပေါ်မှာ မှောက်လျှက်လဲကျနေတဲ့ကိုကို...စိတ်ဆိုးနေပေမဲ့ ကိုကိုတစ်ခုခုဖြစ်သွားမှာကို မလိုလားတဲ့စိတ်က တွန်းအားပေးလိုက်တယ်ထင်ပါရဲ့...ကိုကိုလဲနေတဲ့နေရာသို့ ချက်ချင်းရောက်ချသွား‌ ရော။

"ကိုကိုရယ်...ကိုယ့်အနာလည်း..ကိုယ်သိရဲ့သားနဲ့
..ဘာလိုပြေးလိုက်ရတာလဲ..."

"အော်..ခင်များလေးကပြေးတာကိုဗျ...ကျွန်တော်ကပြေးလိုက်ရတော့တာပေါ့..."

မှောက်လျှက်လဲနေရာမှ ပြန်ရုန်းထရင်း မြက်‌ခင်းပေါ်မှာထိုင်ချလိုက်တဲ့ကိုကိုဟာ လိပ်ပြာရဲ့လက်ကိုပါဆွဲလိုက်တာကြောင့် ဟန်ချက်ပျက်ပြီး ထောင်ထားတဲ့ ကိုကို့ဒူးပေါ်သို့ လိပ်ပြာရဲ့ဦးခေါင်းက အော်တိုရောက်သွားသည်။
မခေတဲ့ဘုန်းမြတ်ကလည်း မဗိုက်ကို
မလွှတ်တမ်းဖက်ထားလိုက်သည်။

"ကိုကို့...ဘာလုပ်တာလဲ...အခုချက်ချင်းလွှတ်နော်.."

"အလွှတ်ဘူး...လွှတ်လိုက်လို့လိပ်ပြာထွက်ပြေးသွားရင်...ကိုကိုလည်းမှီအောင်လိုက်နိုင်မှာမဟုတ်ဘူး...တော်ကြာ‌..ကလေးအဖေဖြစ်ခွင့်ရမဲ့အခွင့်အရေးကြီးပါ လက်လွှတ်သွားမှဖြင့်..."

"အဟွန်း...ကိုကိုဟာလေ..."

ဒီတစ်ခါတော့ လိပ်ပြာရယ်မိပြီး ကိုကို့ရင်ဘတ်ကို ရိုက်ပစ်လိုက်သည်။

"ဒီမှာ..လိပ်ပြာက...အခြားသူကို ကလေးအဖေ
ခန့်စရာလား...ဟော့ဒီကနှုတ်ခမ်းမွှေးကားကားနဲ့..လူဆိုးကြီးကိုပဲ...ကလေးရဲ့အဖေတော်ပစ်လိုက်မှာရှင့်..."

"ဟောဒီက လူဆိုးကြီးကလည်း...ကလေးအဖေရာထူးမတိုးပေးရင်.. ကလေးကိုရော...
ကလေးအမေကိုရော..လာခိုးမှာဗျ..."

"ဟမ်...ကလေးအမေကိုခိုးတာတော့ဟုတ်ပါပြီ...
ကလေးကိုကြတော့ ဘယ်လိုခိုးမှာလဲ...မွေးတောင်မမွေးရသေးပဲနဲ့..."

"လွယ်ပါတယ်..ဟော့ဒီလိုကလေးအမေကိုပါ ခေါ်သွားရင်..ကလေးကအော်တိုပါလာပြီးသား‌ပဲ‌လေ.."

"ဟင်...ကိုကို့ခြေထောက်..."

ရုတ်တရက် လိပ်ပြာကိုပွေ့ချီပြီးတောင့်တောင့် ဖြောင့်ဖြောင့်ထရပ်လိုက်တဲ့ ကိုကို့ကြောင့် လိပ်ပြာရင်ကိုထိတ်သွားတာပဲ။

"ကိုကို...လိပ်ပြာကိုအောက်ချပေးပါ...
ခြေထောက်က ဒဏ်ဖြစ်သွားမယ်နော်..."

"ဘာဒဏ်မှမဖြစ်ဘူး...ကိုကို့ခြေထောက်က လျှောက်ရတာလေးနေသေးတာပဲရှိတာ...လိပ်ပြာကိုစချင်လို့ ချိုင်းထောက်ကြီးပါ စင်္ကာပူကနေ မြန်မာနိုင်ငံအထိသယ်လာတာ.."

နောက်ဆုံးတော့ လိပ်ပြာအရှုံးပေးလိုက်ပါပြီ။
သေမင်းလက်ထဲကနေ လွှတ်မြောက်လာတော့မှ
အရွှင်းဖောက်တတ်လာတဲ့ ကိုကိုရယ်ပါ။
ဒါပေမဲ့ ဒီလိုပျော်ပျော်နေတတ်တဲ့ ကိုကို့ရဲ့ပုံစံကိုလိပ်ပြာပိုနှစ်သက်တယ်။
လိပ်ပြာတို့ရဲ့ကလေးလေးကိုလည်း နွေးထွေးစွာ ပြုစုပျိုးထောင်ပေးနိုင်မဲ့ ဖခင်တစ်ယောက်ရဲ့လက်ထဲမှာပဲ ကြီးပြင်းစေချင်တယ်။

ပြုံးပျော်နေတဲ့ မျက်နှာနဲ့ လိပ်ပြာကို ပွေ့ချီပြီးအိမ်ကြီးဆီကို လျှောက်လှမ်းနေတဲ့ကိုကို့ရဲ့ရင်ခွင်ထဲမှာ လိပ်ပြာလည်းခေါင်းလေးကို အသာမှီပြီး မျက်လုံးတွေကိုလည်းမှိတ်ထားလိုက်မိတယ်။
ထိုအချိန်မှာ တရှဲရှဲမြည်နေတဲ့ သစ်ရွက်လေတိုးသံ၊လမ်းတစ်လျှောက်မှာ ကြွေကျနေတဲ့ ပန်းတို့ရဲ့သင်းရနံ့နဲ့အတူ ကိုကို့ရဲ့နှလုံးခုန်သံလေး...အို..ချစ်သူရဲ့ရင်ခွင်ထဲမှာဆိုရင်...အရာရာဟာ ချစ်တေးသံတွေပျံ့လွှင့်နေသလိုပါပဲ။
ကျွန်မကိုယ်တိုင်ကတော့ ချစ်သူရဲ့နှလုံးသားထဲမှာ ဝဲပျံနေတဲ့ လိပ်ပြာငယ်လေးပေါ့။


                                                                ပြီးပါပြီ........

No comments:

🦋အခန်း ၁ မှ အခန်း ၃ 🦋

   အခန်း၁     .         ချစ်လိပ်ပြာလေး တဝဲလည်လည် လွန်ခဲ့သော ၉နှစ်က🦋🦋 သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့န...